Sunday, March 11, 2007

ကဗျာအလှ စာအလှ

Myanmar Blogger Forum မှာ ကျွန်တော်တာဝန်ယူ ၀င်ရောက်ရေးသားနေတဲ့ Poem Corner ထဲမှာ ကျွန်တော်နဲ့ Member တစ်ချို့ (ကိုဇင်ကိုလတ်၊ ညလေး၊ ကိုဝေယံလင်း) တို့နဲ့ ကဗျာပြိုင်ရေးခဲ့ကြတာတွေကို အမှတ်တရအနေနဲ့ စုစည်းတင်ပြလိုက်ရပါတယ်ခင်ဗျာ…

(ကိုဇင်ကိုလတ် -> ကျွန်တော်)

ဖိုရမ်ကိုလာရေးခိုင်း
အတွေးလိုင်းတွေနဲ့ ကိုရန်အောင်
အက်ဒမင်က နောက်ပြောင်တတ်ပါလို့
ဒီအကောင်ဒီမှာ ပျော်ဖို့အရေး
ဒါ(ကျွန်တော့်ရဲ့) ပထမဆုံးပိုစ့်ကလေး . . . ။

(ကျွန်တော် -> ကိုဇင်ကိုလတ်)


ကိုဇင်ကိုလတ်ရဲ့ ကဗျာကိုမြင်
ဆင်ခြင်မိအတွေး
ကျေးဇူးတွေခါခါတင်လို့ရယ်နဲ့
ဟောဒီ့မှာဗျာ
အမှာစာပြန်ပေး...

ဟန်ရေးတော့မပြချင်ပါဘု
တုပခြင်းအလျင်းမရှိတာ
ကျွန်တော်တို့ရဲ့ poem corner
လာသာလာ
ရေးပေးပါတတ်နိုင်သလောက်
အမယ်မင်း...
Blogger တွေဂုဏ်မောက်...


(ညလေး -> ကျွန်တော်)


ကိုရန်အောင့် ကဗျာမြင်မှ
ရေးချင်မိ လက်ကိုယား...
နှစ်ကြောင်းလောက်ရယ်
ဘာမှမဖြစ်လောက်ပါဘု
ရေးလိုက်မယ်တစ်ခါလောက်...
မော်ဒရေတာသစ်
တကယ်ဂုဏ်မောက်....


(ကျွန်တော် -> ညလေး)


ညလေးက စာပြန်လာ
မရေးရင် မနေနိုင်လို့ပါတဲ့ဗျ
သူ့စတိုင်ပိုင်ပိုင် ထုတ်ကာ
ဒီ corner မြိုင်ဆိုင်သွားအောင်
ကြိုးစား၍အားဖြည့်ရှာ..

သူရေးတဲ့ သူ့ကဗျာ
ဖတ်ရာမှာ ကာရန်မညီပေမင့်
သူ့စေတနာ ရာတန်ဖိုးထိုက်တာကြောင့်
စာတိုကိုစီကာကုံးလျက်က
ဖတ်သူများ ပြုံးပျော်ကြစေကြောင်းကို
ဟောဒီက မော်ဒရေတာလောင်းလေးက
တောင်းဆုတွေတောင်း...

စောင်းမြောင်းခြင်းမရှိပါ
ကိုယ့်ကဗျာကိုယ်တိုင် ရေးသီနိုင်ကြတာမို့
ဒီ corner လာသူတိုင်းရယ်က
ဆိုင်းတွခြင်းအလျင်းမရှိပါဘဲ
အားဖြည့်ကာ ကူညီကြပါစေကြောင်း
နောက်ထပ်တစ်ခါဆုတောင်း...

(ကိုဇင်ကိုလတ် -> ကျွန်တော်)

တယ်ဆိုတဲ့ စာပါလား
တကယ်ကိုချဲ့ကာစာသား။

အမယ်အမယ် . .
ကိုရန်အောင်လက်သံက
တကယ်ပေါင်
အမှန်ပြောင်လို့
ဒီအမောင် အရှုံးပေးပါပြီဟု
အခုမကြာ ၀န်ခံရရင်တော့
သြော် . . .ခက်လှချည့်သေး။

(ကျွန်တော် -> ကိုဇင်ကိုလတ်)


အပိုမပါ
ရိုသေစွာ ပြန်စာပါးရရင်ဖြင့်
Member တွေဝင်ကာနွှဲလာတဲ့
ဒီ corner ကဗျာယှဉ်ပြိုင်ပွဲမှာတော့
စိန်ခေါ်ရာ ချိန်နေရာရွေးပါဘဲ
တွေးနေလျှင် ပညာနည်းမှာစိုး
ကိုကြီးဇင်ရေ.
ရေးစမ်းပါ နောက်တစ်မျိုး....

(ညလေး -> ကျွန်တော်)

လက်သံတကယ်ကိုပြောင်
နံမည်ကိုက ကိုရန်အောင်....

ညလေးကဗျာစပ်သောခါဝယ်..
ကာရံမညီ စာမပီ ပဲ
ကာရံမကျ စာမလှ ဖြင့်
ကာရံမပိုင် စာမနိုင် သော
ငါ၏ကဗျာ ထွက်လာသောခါ
ငါသာ ဖတ်၍ကောင်းပါ၏...


(ကျွန်တော် -> ညလေး)

ညလေးကဗျာ၊ ကာရန်မညီ
စာမပီဟု၊ အပြုသဘော
ဝေဖန်ပြောစဉ်၊ သူ့ရင်လှုပ်ရှား
မခံစားနိုင်၊ ဖတ်သူငိုင်အောင်
ပြန်ခါလှောင်သည်...
ကာရန်လည်းကျ
စာလည်းလှ...
ကာရန်လည်းပိုင်
စာလည်းနိုင်...
ကာရန်မတုံး
ဖတ်သူပြုံး...

(ကိုဝေယံလင်း -> ကျွန်တော်)


ဒီချိန်ဒီခါ ၊ poem corner မှာ
လာလာဖတ်ကြည့် ၊ စပ်စုမိသည်
ပီတိများလည်းဖြစ်မိ၏။

အများသူငှာ ၊ ရေးစပ်လာသော
ကဗျာများမှာ ၊ ကိုယ့်ထက်သာကြောင်း
အချိန်မနှောင်းမီ ၊ သိလိုက်ရပြီ
ဒီမောင်စိတ်ညစ်စမ်းပါဘိ။

ကျွန်တော်မောင်မင်း ၊ မောင်ငပျင်းသည်
အလျင်းပညာ ၊ နည်းရှာသည်မို့
သူတို့ကဗျာ ၊ ဖတ်ကာမှိုင်သည်
ဘယ်မှာပြိုင်ဝံ့တော့အံ့နည်း။

(ကျွန်တော် - ကိုဝေယံလင်း)

ကိုဝေယံလင်း၊ သိစေခြင်းဖို့
အတို့ကျွန်မှ၊ စာပြန်ရပြီ
ဒီ Corner ကား၊ မတားမည်သူ
ငြူစူအတင်း၊ မရှိလျင်း၍
မပျင်းမရိ၊ ရေးလာဘိလော့
ပညာဟူကား၊ ပြိုင်များပါမှ
တတ်အားပိုမို၊ ခွန်းတုံ့လိုသည်
ကြိုဆိုပါ၏၊ ကြိုပါ၏...


ဝါသနာပါသူများ Forum ကို ကြွရောက်အားပေးတော်မူကြပါကုန်…

ဒါက သူတို့ရဲ့ Blog Address လေးတွေပါ. လည်လည်သွားကြည့်ကြပါဦး…
ညလေးကတော့ Blog မလုပ်သေးဘူးဗျ။ အခြေအနေကို စောင့်ကြည့်နေတယ်တဲ့…

http://zincolatt.blogspot.com/

http://waiyanlinn.blogspot.com/

No comments: