Thursday, July 09, 2009

ဝိဇာတ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ...




အလုပ်က အပြန် အီးမေးလ်ဝင်စစ်တော့ မ၀ါက နောက်ထပ် အလှူရှင်တစ်ဦး ပေါ်လာတဲ့အကြောင်း၊ ဒေါ်လာ ၁၀၀ ထပ်ထည့်မယ် ဆိုတဲ့ အကြောင်း ၀မ်းသာအားရ မေးလ်ပို့ထားတယ်. အဲဒါနဲ့ သူ့ဘလော့ဂ်ကို ဆက်သွားကြည့်တော့ ဒီဖိတ်စာလေးကိုပါ တွေ့လိုက်ရတယ်. ရင်ထဲမှာ တော်တော်လေးကို ကြည်နူးဝမ်းသာမိသွားတယ်ဗျာ. ပြီးမှပဲ အပြည့်အစုံ ထပ်ရေးတော့မယ်. လောလောဆယ် ဒီပို့စ်လေးကို ဖတ်လိုက်ရပြီး အလှူကို သွားချင်စိတ်လေးများ ပေါက်လာရင် သွားနိုင်ကြအောင်လို့ အချိန်မီ တင်ပေးလိုက်တာ.



Wednesday, July 08, 2009

စက်ဘီးစီးခြင်း အက်ဆေး (၃)



စစ်တွေမှာ အဖေဆုံးပြီးနောက် ကျွန်တော်တို့ မိသားစု ရန်ကုန်ဖက်ကို ပြောင်းလာခဲ့ကြပါတယ်. မောင်ဗမာစက်ဘီးကြီးကို အသာပွတ်လို့ ထာဝရတွက်တာ နှုတ်ဆက်ခွဲခွာခဲ့ရပါတော့တယ်.. အဖေ့ ဒေါ်ကြီးတွေ ရှိတဲ့ မိတ္ထီလာမြို့ကို ပြောင်းလာခဲ့ပြီး အ.လ.က (၁) ခြင်္သေ့ကြီးနှစ်ကောင် ကျောင်းမှာ ရှစ်တန်း စတက်ခဲ့ပါတယ်.

ကျောင်းနဲ့ အိမ်နဲ့က ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပါတယ်. မိတ္ထီလာကန်တော်ကြီးဘေးကနေ ဖြတ်လျှောက်၊ လေကောင်းလေသန့်ကို တ၀ကြီးရှူပြီးတော့ ခြင်္သေ့ကြီးနှစ်ကောင် ဘုရားနားလည်းရောက်ရော ကျွန်တော်တို့ ကျောင်းလည်း ရောက်တာပါပဲ… ကျွန်တော်တက်ခဲ့ရတဲ့ ကျောင်းက သာသနာပိုင်မြေပေါ်မှာ ဆောက်ထားတာ ဆိုတော့ ကျောင်းဝင်းထဲဝင်ရင် ဖိနပ်ချွတ်ဝင်ရပါတယ်. အ.ထ.က (၁) ကျောင်းက ကျောင်းသားတွေက ကျွန်တော်တို့ ခြင်္သေ့ကြီးနှစ်ကောင် ကျောင်းသားတွေကို ဘုန်းကြီးကျောင်းသားတွေရယ်လို့ ခေါ်ဝေါ် ပြောင်လှောင်တတ်ကြတာမျိုးလည်း ရှိရဲ့…

ရှစ်တန်းနှစ်မှာ ကျွန်တော် ကျူရှင်တစ်ခုပဲ ယူဖြစ်ခဲ့ပါတယ်. ကျန်တဲ့ဘာသာတွေကိုတော့ ကိုယ့်ဖာသာကိုယ်ပဲ ကြည့်ရှင်းပေါ့. အင်္ဂလိပ်ကျူရှင်ကို ဆုတောင်းပြည့်ဘုရားနားက ဒေါ်ခင်စန်းဝင်းမှာ တက်ဖြစ်ခဲ့တယ်. အဲဒီ့တုန်းက ကျွန်တော်နဲ့ အိမ်ချင်းကပ်လျက်က ကြည်ကြည်အေးတို့၊ မာန်အောင်မြင် ရပ်ကွက်ထဲက ဖြိုးမွန်တို့နဲ့ ကျွန်တော်တို့ အတူတူ ကျူရှင်ကို လမ်းလျှောက်သွားဖြစ်ခဲ့ကြတယ်. သူငယ်ချင်းသုံးယောက်ပေါ့. ခုတော့ သူတို့တွေလည်း ဘယ်တွေဆီရောက်နေကြပြီမသိ…

ရှစ်တန်းနှစ်တစ်နှစ်လုံး ဘယ်သွားသွား လမ်းပဲလျှောက်ခဲ့ရတာပါ. သူများတွေ စက်ဘီးလေးတွေ၊ ဆိုင်ကယ်လေးတွေ တ၀ီဝီနဲ့သွားနေတာ မြင်ရရင် အားကျတယ်. စက်ဘီးလေးတစ်စီးတောင် မ၀ယ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်ခဲ့မိတယ်. အမေ့ကိုလည်း အပူမကပ်ချင်ခဲ့ပါဘူး. အမေ့အပူတွေကို ကျွန်တော်အသိဆုံးမို့ ကျွန်တော့်အပူတွေကို အမေ့ကို ထပ်မပေးရက်တော့ပါဘူးလေ. နောက်ပိုင်းကျတော့လည်း လမ်းလျှောက်တာ အသားကျသွားပြီး အမေနဲ့ ဈေးသွားလည်း လမ်းတွေလျှောက်၊ မြို့ထဲက အဘွားအိမ်သွားလည်း လမ်းတွေလျှောက်၊ ဘုရားသွားလည်း လမ်းတွေလျှောက်နဲ့ မိတ္ထီလာမြို့ထဲ အနှံ့ ကျွန်တော်လျှောက်သွားနေခဲ့ဖူးပါတယ်.

ကိုးတန်းနှစ်မှာ ကျွန်တော် အ.လ.က (၁) ကနေ အ.ထ.က (၁) ကို ပြောင်းရပါတယ်. အဲဒီ့မှာ ကျောင်းက နည်းနည်းဝေးသွားပြီဆိုတော့ လမ်းလျှောက်ရတာ သိပ်အဆင်မပြေတော့ဘူးလေ. ကျောင်းမဖွင့်ခင် နှစ်ပတ်လောက်အလိုမှာထင်တယ်. အစ်မက ကျွန်တော့်ကို ပြောတယ်.

‘နင့်အတွက် စက်ဘီးသွားဝယ်မယ် လိုက်ခဲ့’ တဲ့…

ပျော်လိုက်တာ ဆိုတော ပြောမနေပါနဲ့တော့… မိတ္ထီလာဈေးကြီးနားက စက်ဘီးဆိုင်လေးမှာ ကျွန်တော့်အတွက် စက်ဘီးလေးတစ်စီး အဲဒီ့နေ့က ၀ယ်ဖြစ်ခဲ့တယ်. ကျွန်တော်ကြိုက်တဲ့ စက်ဘီးလေးက အနီရောင် မိန်းမစီး စက်ဘီးလေးပါ. ဆိတ်ငါးကောင်တံဆိပ်ပေါ့… တရုတ်လို ရေးထားတာကတော့ Wu Yang တဲ့. Wu ဆိုတာ ငါး၊ Yang ဆိုတာ ဆိတ်ဖြစ်မယ်ထင်တယ်. ကျွန်တော့်စိတ်ထင် ၇၀၀၀ လားမသိဘူး ပေးလိုက်ရတယ်. အပြန်မှာ အစ်မကို စက်ဘီးပေါ်တင်ပြီး နင်းလာခဲ့ရင်း အိမ်ခြံဝင်းထဲအ၀င် ကျွန်တော့်ခြေလှမ်းတွေ သိပ်ကို ပေါ့ပါးသွက်လက်နေခဲ့တယ်.

မိတ္ထီလာမြို့ရဲ့ လမ်းတွေက အတက်အဆင်းများတယ်. ဆင်းပြီဟေ့ဆိုရင်လည်း တကယ့် ကုန်းဆင်းကြီးပါ… အဲ… ဟိုဖက်မှာ ပြန်တက်သွားပြန်ပြီဆိုရင်လည်း နင်းပေတော့… ဒါကြောင့် မိတ္ထီလာမှာ ဆိုက်ကားတွေ အလုပ်မဖြစ်ပါဘူး… မြင်းလှည်းပဲ ရှိပါတယ်. ခုနောက်ပိုင်းကျမှ လေးဘီးတက်စီတွေ၊ ဆိုင်ကယ်တက်စီတွေ ပေါများလာတာ. အဲဒီ့တုန်းက မြင်းလှည်းပဲ အားပြုစီးရတယ်.

ကုန်းတက်ဆိုရင် ဒီဖက်က ကုန်းဆင်းမှာကတည်းက အရှိန်ကို အပြည့်ယူသွားတာ. ဆင်းပြီးမတွန်းချင်လို့လေ… ဟိုဖက်ကို စလည်းတက်ရော အသားကုန်နင်းတော့တာပဲ… ကံကောင်းရင် တစ်ခါတည်း ဟိုးဖက် အတက်ထိ နင်းသွားနိုင်ပေမယ့် တစ်ခါတစ်လေကျရင်တော့ ဘယ်လိုမှကို ဆက်ပြီး မနင်းနိုင်လောက်အောင် ခြေကုန်လက်ပမ်းကျသွားတာမျိုးလည်း ဖြစ်တတ်သေးရဲ့… အဲဒီ့အခါကျရင်တော့ ယောင်္ကျားလေးဘာညာ နားမလည်နိုင်တော့ဘူး… ဆင်းတွန်းရတော့တာပဲ… ဟတ်ဟတ်.

စက်ဘီးရသွားပြီးနောက်ပိုင်း အမေ့ကို ကျောင်းပိတ်ရက်တွေမှာ ဈေးလိုက်ပို့ပေးတဲ့ ၀တ္တရားတစ်ခုလည်း ကျွန်တော်ယူလာရပါတယ်. အမေက တကူးတကတော့ မပြောပါဘူး. ဒါပေမယ့် ဈေးခြင်းတောင်းကြီးတစ်ဖက်နဲ့ မနက်ခင်း နေပူကျဲတောက်တောက်ကြီးမှာ ဈေးသွားသွားဝယ်နေရတဲ့ အမေ့ကို သနားတာပေါ့. ရေခဲသေတ္တာတို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတဲ့ ကျွန်တော်တို့ မိသားစုလေးမှာ တစ်နေ့စာအတွက် တစ်နေ့ ဈေးဝယ်ထွက်ရပါတယ်. မနက်ခင်းအစောဆိုရင် အမေက ထွက်သွားပြီ.. ကျွန်တော် အိပ်ယာနိုးချိန်မှာ စားဖို့သောက်ဖို့ အဆင်သင့်၊ ထမင်းဘူးတော့ မထည့်ပါဘူး. ကျွန်တော်က နေ့ခင်း ပြန်စားတယ်လေ. ကျွန်တော်ကျောင်းချိန်အမှီ အားလုံးအဆင်သင့်ဖြစ်ဖို့ အမေ့ခမြာ မနက်ခင်း ၄ နာရီခွဲကတည်းက ထပြီး ချက်ပြုတ်ပြင်ဆင်ရပါတယ်. အမေဘုရားရှိခိုး အမျှဝေနေသံကို အိပ်ယာထဲကနေ နားစွင့်ရင်း ‘သား… ထတော့’ လို့ ပြောလာမယ့်အသံကို တမင်သက်သက် စောင့်နေမိခဲ့တာလည်း ကျွန်တော့်ရဲ့ အကျင့်တစ်ခုပါ.

အမေက သိပ်ချစ်ဖို့ကောင်းတယ်ဗျ. ကျွန်တော်ကြိုက်တဲ့ ကောက်ညှင်းပေါင်းတို့၊ ကောက်ညှင်းငချိတ်တို့၊ ရွှေထမင်းတို့၊ မုန့်စိမ်းပေါင်းတို့၊ မုန့်ကျွဲသဲတို့ကို ဈေးက အပြန် ၀ယ်ဝယ်လာခဲ့တယ်. ချက်နို့ဆီလေး နှစ်ဇွန်းလောက်နဲ့ သကြားလေး သုံးဇွန်းလောက်ကို ကော်ဖီမှုန့်လေး နည်းနည်းထည့်ပြီး ဖျော်ပေးထားတဲ့ ကော်ဖီကြမ်းလေးတစ်ခွက်နဲ့ ဈေးက အမေ၀ယ်လာခဲ့တဲ့ မုန့်လေးစားလိုက်ရတဲ့ မနက်ခင်းတွေကို ကျွန်တော်သိပ်ကို လွမ်းဆွတ်မိပါသေးရဲ့..

မိတ္ထီလာမြို့လေးက ကျွန်တော် ဒီနေ့မှာ ဒီလိုလူစားမျိုးဖြစ်လာအောင် ပုံသွင်းပေးလိုက်တဲ့ မြို့လေးဆိုရင်လည်း မမှားပါဘူး. အဲဒီ့မြို့လေးမှာပဲ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး ခြေလှမ်းသစ်တွေ စလှမ်းနိုင်ခဲ့တယ်. စိတ်ဓာတ်တွေ နိုးကြားထကြွခဲ့တယ် ဘ၀မာန်တွေ ပြင်းပြခဲ့တယ်. အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင် ဆွေးနွေးနိုင်မယ့် မိတ်ဆွေကောင်းတွေ ရရှိခဲ့တယ်.

ကိုးတန်းနှစ်မှာလည်း ကျွန်တော် အင်္ဂလိပ်စာကျူရှင်ကို ဒေါ်ခင်စန်းဝင်းမှာပဲ ဆက်တက်ဖြစ်ခဲ့တယ်. အဲဒီ့နှစ်ကျတော့ ဖြိုးမွန်တို့ ကြည်ကြည်အေးတို့နဲ့ အတူတူမသွားဖြစ်တော့ဘူး. သူတို့လည်း အရွယ်လေးတွေရောက်လာ၊ ကျွန်တော်လည်း လူပျိုဖော်ဝင်စပြုလာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အိုးတို့အန်းတန်းလေးတွေ ဖြစ်လာကြရာက နောက်ပိုင်းအတူတူ မသွားလာဖြစ်ကြတော့ဘူး. မဟုတ်ရင် သူငယ်ချင်းတွေကလည်း သို့လောသို့လောနဲ့ စကြတယ်လေ.. နောက်ပိုင်းတော့ ကျွန်တော်တစ်ကိုယ်တော်ပဲ စက်ဘီးတစ်စီးနဲ့ နေရာအနှံ့ လျှောက်သွားနေဖြစ်ခဲ့တယ်.

အဲဒီ့နှစ်မှာပဲ မန္တလေးမှာ အလုပ်လုပ်နေတဲ့ အစ်မကြီး မိတ္ထီလာကို transfer လုပ်လာတယ်. အစ်မကြီးရဲ့ စက်ဘီးကလည်း ဆိတ်ငါးကောင်ပဲ. ဒါပေမယ့် ကျွန်တော့်စက်ဘီးထက် ပိုကြီးတာပေါ့. ကျွန်တော့်စက်ဘီးက အလတ်စားလေးလေ. အဲဒီ့မှာတင် နှစ်ဘီးလုံး ကျွန်တော်တက်စီးတော့တာပဲ. အစ်မကြီး အလုပ်လုပ်ရတဲ့ အာမခံရုံးက တော်တော်လေးဝေးတယ်. ရုံးပြန်ချိန်တွေမှာ အစ်မကြီးနောက် လိုက်လိုက်လာတတ်တဲ့ လူစိမ်းတစ်ချို့ကြောင့် ကျွန်တော် ညနေခင်းတွေမှာ အစ်မကြီးရုံးကို သွားသွားကြိုပေးရတဲ့ ၀တ္တရားတစ်ခုပါ ပိုလာခဲ့ပါတော့တယ်.

မိတ္ထီလာကောလိပ်ရဲ့ ဟိုးဖက်ကို ထွက်သွားပြီး ကျောက်ပန်းတောင်းအထွက်ဖက်ထိ သွားဖူးသလို၊ မန္တလေးဖက်အထွက် ပြည်တော်သာ ကွက်သစ် ၀မ်းတော်ပြည့်ဘုရားဖက်ထိလည်း ကျွန်တော်စက်ဘီးနဲ့သွားဖူးခဲ့တယ်. မြောက်ဖက်ဆိုရင်လည်း တောင်ကြီးဖက်အထွက် ရွှေမြင်တင်ဘုရား၊ (၉၉) တပ်မဂိတ်ဖက်အထိ စီးဖူးသလို တောင်ဖက်ဆိုရင်လည်း အ.မ.တ (အမြောက်တပ်ရင်း) ထိလည်း တစ်ယောက်တည်း သွားခဲ့ဖူးတယ်. နန်းတော်ကုန်းရပ်ကွက်၊ ပေါက်ချောင်း၊ မာန်အောင်မြင် အစုံသွားသလို ရေလယ်ဘုရား၊ ဖောင်တော်ဦးဘုရား၊ ဖောင်တော်ထိပ်ဘုရား၊ ဆုတောင်းပြည့်၊ ရွှေကျီးမြင်၊ ရွှေမြင်တင်၊ နဂါးရုံ စသည်ဖြင့် ဘုရားစုံကိုလည်း စက်ဘီးတစ်စီးနဲ့ ကျွန်တော် ဘုရားသွားဖူးတတ်ပါသေးတယ်. ညနေခင်းတွေ တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိလို့ ပျင်းနေတာမျိုးရှိရင်လည်း မိတ္ထီလာကန်တော်ကြီးဘေးနားမှာ စက်ဘီးလေး ဒေါက်ထောက်ပြီး သွားသွားထိုင်ရင်း ထန်းပင်လေးတွေ အုံဆိုင်းမိုးကျနေတတ်တဲ့ တစ်ဖက်ကမ်းက ရေလယ်ကျွန်းဆွယ်လေးနောက်ကို ထိုးဝင်သွားတဲ့ နေမင်းကြီးကို သွားထိုင်ငေးကြည့်တတ်ပါသေးတယ်.

ကျွန်တော်က အလွမ်းဓာတ်ခံရှိတတ်တာလည်း ပါမယ်ထင်တယ်. အဲဒီ့အချိန်ကတည်းက ကျွန်တော် ကဗျာတိုလေးတွေ ရေးနေခဲ့ပြီ. ဘာရယ်မဟုတ်ဘူး. တစ်စုံတစ်ခုကို လွမ်းလွမ်းနေတဲ့ ခံစားချက်ကြီးပေါ့… အဲဒီ့တုန်းက ကျွန်တော့်စိတ်ကူးမှာ နေရာသစ်ကို ရောက်တိုင်း ဘာတွေးမိခဲ့လဲဆိုတော့ ဒီနေရာမှာ အဖေ ငါ့လိုမျိုး လျှောက်သွားခဲ့ဖူးမှာပဲ… ဒီနေရာမှာတော့ အဖေ ထိုင်ကောင်းထိုင်ခဲ့ဖူးမှာပဲ… ဒီရထားသံလမ်းကြီးတွေကို ငါအခု ကျော်သွားသလို အဖေလည်း ကျော်ဖြတ်ခဲ့ဖူးမှာပဲလို့ ခဏခဏ တွေးထင်စိတ်ကူးကြည့်ခဲ့ဖူးတယ်. ကျွန်တော်အဖေ့ကို တော်တော်လေး လွမ်းခဲ့ဖူးပါတယ်.

ကိုးတန်းနှစ်မှာ ကျွန်တော်နဲ့ စာပြိုင်ဖက် တစ်ယောက်တွေ့လာပါတယ်. ဒီကောင့်ကို ကျွန်တော် တော်တော်ကို အမြင်ကတ်ပါတယ်. :) ကျွန်တော် ကိုးတန်းနှစ်မှာ အ.ထ.က (၁)ကို ပြောင်းသွားတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာမြင့်က ကိုးတန်းကျောင်းသားတွေကို မြက်ခင်းပေါ် စုထိုင်ခိုင်းပြီး ဘာတွေမလုပ်ရဘူး.. ဘာတွေလုပ်ရမယ် ဘာညာကွိကွနဲ့ ဩ၀ါဒကထာ အရှည်ကြီး မြွက်ကြားပါတော့တယ်. အဲဒါနဲ့ မပြီးသေးဘူးဗျ. သူက ဘာပြောသေးလဲဆိုတော့ ‘ဒီကျောင်းမှာ သူ့လိုတော်အောင် ကြိုးစားရမယ်. သူက ဒီကျောင်းရဲ့ စံပြကျောင်းသား…’ ဆိုပြီး တစ်ယောက်ကို မတ်တပ်ထရပ်ခိုင်းလိုက်တော့ ကျွန်တော်လည်း လှမ်းကြည့်မိလိုက်ပါတယ်.

ပင်နီတိုက်ပုံလေးနဲ့ နှုတ်ခမ်းမွှေးစစနဲ့ ပိန်ညှောင်ညှောင်ကျောင်းသားတစ်ယောက် မတ်တပ်ထရပ်ပြီး ဆီလီဘရစ်တီ ပုံစံမျိုးနဲ့ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်. အမြင်ကတ်လိုက်တာဗျာ. ပြောမနေပါနဲ့တော့… ဘာကောင်ကြီးမှန်းကို မသိဘူးဆိုပြီး ကျွန်တော်တို့ ကျောင်းပြောင်းလာတဲ့ သူငယ်ချင်းတွေ အချင်းချင်း လက်တို့ပြီး ခပ်အုပ်အုပ်ပြောလို့ ရယ်နေခဲ့ကြတယ်. ဟတ်ဟတ်ဟတ်…

အဲ… သူနဲ့ ကျွန်တော်နဲ့က ဒေါ်ခင်စန်းဝင်း ကျူရှင်မှာလည်း အတူတူ တက်ဖြစ်ခဲ့ကြတယ်လေ… ကျွန်တော်ကလည်း အ.လ.က(၁)ကနေ နာမည်တစ်လုံးနဲ့ ကျောင်းပြောင်းလာတဲ့ကောင်၊ ဟိုကောင်ကလည်း အ.ထ.က(၁)မှာ ငယ်ငယ်လေးကတည်းက နှစ်စဉ် ပထမဆု ဆက်တိုက်ရလာခဲ့တဲ့ ပညာရည်ချွန်ကျောင်းသား… တွေ့ကြတာပေါ့ဗျာ…

ဆရာမက တစ်ခုမမေးလိုက်နဲ့. ဖြေလိုက်ကြတာ အလုအယက်.. ပြီးတော့ တစ်ယောက်က အရင်ဖြေသွားနိုင်ရင် ချောင်းလေးတဟန့်ဟန့်နဲ့ တစ်ဖက်လူကို မခံချင်အောင် လုပ်တတ်သေးတာလည်း မှတ်မိသေးရဲ့…. ဆရာမ ဒေါ်ခင်စန်းဝင်းကဆို ကျွန်တော်တို့နှစ်ယောက်ကို အမြဲ Challenge လုပ်တယ်.

ဆရာမက ကျွန်တော်တို့ ကျောင်းသား ၆ ယောက်ကို သီးသန့်ဝိုင်းဖွဲ့ပြီး သင်ပေးတယ်. ညဖက်ပေါ့. ၈ နာရီလောက်မှ ဆင်းတယ်. Regular တန်းလည်း တက်ရသလို လက်ရွေးစင်ဝိုင်းအနေနဲ့လည်း သူ့စိတ်ကြိုက် ကျောင်းသား ၆ ယောက်ကို ၀ိုင်းပေးထားတာပေါ့. ကျူရှင်ဖိုး ထပ်ပေးစရာမလိုပါဘူး. ဆရာမရဲ့ တူမရယ်၊ ဖြိုးမွန်ရယ်၊ ကြည်ကြည်အေးရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း ကျော်သူဆိုတာရယ်၊ ပြီးတော့ ခုနကကောင်ရယ်ပေါ့.

တစ်ရက်မှာ ကျူရှင်ဆင်းခါနီး သူနဲ့ ဆရာမနဲ့ စကားပြောနေတာကို ကျွန်တော် ကြားလိုက်ပါတယ်. ဆရာမက သူ့ကို မေးနေတာပါ. ‘ဒါဆို မင်းလမ်းလျှောက်ပြန်မှာပေါ့ ဟုတ်လား’ တဲ့…

ပြီးတော့ သူဆင်းသွားတယ်. ကျွန်တော်လည်း ဆရာမဆီမှာ စာအုပ်ဝင်ထပ်ရင်း မေးလိုက်ပါတယ်. ဘာဖြစ်လို့လဲပေါ့… အဲဒီ့မှာ ဆရာမက ပြန်ပြောပါတယ်. သူ့စက်ဘီးပျက်လို့ ဆိုင်ပို့ထားရတယ်. အဲဒါ ပေါက်ချောင်းထိ လမ်းလျှောက်ပြန်ရမှာတဲ့… ပြောရင်းနဲ့ ဆရာမက ကျွန်တော့်ကို ပြုံးကြည့်နေပါတယ်.

ကျွန်တော်နဲ့ ကျော်သူ အောက်ကို ဆင်းလာတော့ အပြင်မှာ တော်တော်မှောင်နေပါပြီ. မီးတွေကလည်း ပျက်နေတယ်လေ. စက်ဘီးနည်းနည်းလှိမ့်လာပြီးတော့ ကျွန်တော် စိတ်သိပ်မဖြောင့်ဘူးဖြစ်နေတယ်. အဲဒါနဲ့ ကျော်သူ့ကို တိုင်ပင်လိုက်တယ်.

‘ငါတို့ ငြိမ်းသူကို လိုက်ပို့လိုက်ရင်ကောင်းမလား. ဒီကောင် စက်ဘီး မပါဘူး.’

ကျော်သူက ကျွန်တော့်ကို မာနထားစေချင်ပါတယ်.

‘ဘာလို့ လိုက်ပို့မှာလဲ. မင်းနဲ့လည်း ခင်တာမဟုတ်ဘူး’ တဲ့…

ကျွန်တော်လည်း နှုတ်ဆိတ်ပြီး စက်ဘီးကို ဆက်နင်းသွားခဲ့ပါတယ်. ဒါပေမယ့် တအောင့်လောက်နေတော့ ကျော်သူ့ကို ပြန်ပြောလိုက်တယ်.

‘ငါ ဒီကောင့်ကို လိုက်ပို့လိုက်မယ်ကွာ.. မင်းမလိုက်ချင်နေတော့…’

ဆတ်ခနဲ လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်း ကျော်သူက တော်တော် စိတ်ဆိုးသွားခဲ့တယ်လို့ နောက်ပိုင်းကျတော့ ပြန်ပြောပြပါတယ်. စက်ဘီးကို ကုန်းဆင်းအတိုင်း ခပ်မြန်မြန်နင်းပြီး ပေါက်ချောင်းဖက်နင်းလာလိုက်တော့ တံတားကြီးရဲ့ တစ်ဖက် တင်းနစ်ကွင်းနား မရောက်တရောက်မှာ သူ့ကို တွေ့လိုက်ရပါတယ်.

စက်ဘီးကို ကျွီခနဲ သူ့နား ထိုးရပ်ပြီး သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်းနောက်မှာ ကျွန်တော်တို့ကြားက ကန့်လန့်ကာကြီး ကွယ်ပျောက်သွားခဲ့ပါတယ်.

“ငြိမ်းသူ… မင်းစက်ဘီးမပါဘူးမဟုတ်လား. ငါလိုက်ပို့ပေးမယ်.”

သူ အရမ်းကို ကြောင်သွားခဲ့တယ်. ဟုတ်တယ်လေ. သိပ်မတည့်တဲ့ ပြိုင်ဖက်နှစ်ယောက်ကြားမှာ ခုလိုမျိုး ဗြုန်းစားကြီး offer လာလုပ်တာ သူ ဘယ်မျှော်လင့်ထားမှာလဲ…

သူလည်း ငြင်းတာပေါ့… ဒါပေမယ့် ကျွန်တော်ကလည်း ‘တက်ပါကွာ. မင်းကို လိုက်ပို့ဖို့ ငါ တမင် ပြန်လှည့်လာတာ..’ ဆိုပြီး ဇွတ်ပြန်ပြောတာပေါ့.

သူ့ကို စက်ဘီးပေါ်တင်ပြီး ဘဏ်ကြီးနားကဖြတ်၊ မှောင်ရိပ်သန်းနေတဲ့ ထောင်ကြီးနားက ဖြတ်၊ ဘောလုံးကွင်းကြီးနားက ဖြတ်လို့ သူနေတဲ့ ပေါက်ချောင်းရပ်ကွက်လေးထဲကို နင်းသွားခဲ့တယ်. လမ်းထိပ်မှာပဲ သူ့ကို ချပေးဖို့ ပြောတော့ ကျွန်တော်လည်း စက်ဘီးကို အသာထိုးရပ်လို့ သူ့ကို ချပေးလိုက်တယ်.

‘မင်း.. ဒီမှာနေတာလား’ ဆိုပြီး စကားရှာမေးတဲ့ ကျွန်တော့်ကို သူက အားနာတဲ့ အကြည့်နဲ့ ကြည့်ပြီး ကျေးဇူးတင်တဲ့ အကြောင်းပြောပါတယ်. အဲဒီ့နေ့က ကျွန်တော်ပြန်ခါနီး သူနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်..

‘မနက်ဖြန်တွေ့မယ် သူငယ်ချင်း..’ လို့ ပြောရင်း နောက်လှည့်ပြန်ခဲ့တဲ့ ကျွန်တော် အဲဒီ့နေ့က အရမ်းပျော်နေခဲ့တယ်. လူတစ်ယောက်ကို ကူညီလိုက်ရလို့တင်မကဘူး. သိပ်ကို ခင်စရာကောင်းတဲ့၊ တော်တော်လည်း သောက်မြင်ကတ်စရာကောင်းတဲ့ ဘ၀တူ သူငယ်ချင်းကောင်းတစ်ယောက်ကို ရလိုက်လို့ပဲ… ခုဆို ဒီကောင် ကျွန်တော့်ပို့စ်ကို ပြုံးဖြီးဖြီးကြီးနဲ့ ဖတ်နေလောက်ပြီ… (ဟေ့ကောင်.. ငါသာမကယ်ရင် မင်းအဲဒီ့နေ့က ပေါက်ချောင်းထောင်ကြီးနားမှာ အရိုက်ခံရလောက်ပြီကွ သိရဲ့လား.. )

ဆယ်တန်းနှစ်မှာတော့ ကျွန်တော်နဲ့ ငြိမ်းသူအေးဆိုတာ ခွဲခြားမရတဲ့ သူငယ်ချင်းနှစ်ယောက်အဖြစ် အားလုံးက လက်ခံလိုက်ကြပါတယ်. ဘယ်လောက်ထိ စိတ်တူကိုယ်တုဖြစ်လဲဆိုရင် ကျွန်တော်စိတ်ဝင်စားတဲ့ ကောင်မလေးမတွေ့လိုက်နဲ့ သူက စာပေးပြီးပြီ… ကျွန်တော်က သူငယ်ချင်းတွေနဲ့ ပြိုင်ပြီး မိန်းမ နောက်မပိုးချင်ဘူး. နောက်ဆုတ်ပေးလိုက်တာချည်းပါပဲ… ဆယ်တန်းနှစ်က ကျွန်တော် နောက်ဆုတ်လိုက်ရတာ သုံးခါလောက်ရှိတယ်. ဟတ်ဟတ်ဟတ်.

ပြီးတော့လည်း အဲဒီ့ကောင် ဘယ်သူ့ကိုမှ အတည်မကြံဘူး. ကျွန်တော် အသည်းကွဲတတ်အောင် ဒီကောင်လေ့ကျင့်ပေးလိုက်တာဆိုရင်လည်း မမှားလောက်ဘူးဗျ.
ခုတော့လည်း ဒီကောင် စင်ကာပူမှာ ကြီးပွားတိုးတက်နေလေရဲ့…

ကျွန်တော်နောက်နှစ်ကျရင်တော့ ဒီကောင့်ကို လည်ပင်းလာညှစ်ဦးမယ်လို့ ကြိမ်းထားတယ်. ခုတောင် ဒီပို့စ်ဖတ်နေရင်း ထိုင်ခုံပေါ်က ပြုတ်ကျနေပြီလား မသိ. ဟတ်ဟတ်.

အင်း… စက်ဘီးလေးကို အကြောင်းပြုပြီး ရလိုက်တဲ့သူငယ်ချင်းကောင်း တစ်ယောက် အကြောင်းကို စက်ဘီးစီးခြင်းအက်ဆေးလေးထဲမှာ ထည့်ရေးလိုက်ရတာ ရင်ထဲမှာ တော်တော်လေး ပျော်သွားတယ်.

ဆယ်တန်းဖြေပြီးတော့ ဖြေပြီးပြီးချင်းညမှာပဲ ကျွန်တော်တို့ မိသားစု မန္တလေးကို ပြောင်းလာခဲ့ကြပါတော့တယ်. စက်ဘီးနှစ်စီးကိုလည်း ကုန်တင်ကားကြီးပေါ် တင်ခဲ့ကြတာပေါ့ဗျာ..

(ဆက်ပါဦးမည်)

ခင်မင်လေးစားလျက်

ရန်အောင်

Tuesday, July 07, 2009

စစ်ကိုင်း ပညာဒါနသင်တန်းများအတွက် အလှူငွေ စာရင်း (Updates)

09-211-0202 နံပါတ်နဲ့ ဦးဇင်း ဦးကောဝိဒကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်လို့ရပါပြီ။

ဒီစာရင်းက ဇူလိုင် (၆) ရက်နေ့အထိ ဦးဇင်းဆီက လက်ခံရရှိသမျှပါ. စာရင်း အပြည့်အစုံကိုတော့ မ၀ါဝါခိုင်မင်းဘလော့ဂ်မှာ ဒီလိုဖော်ပြပေးထားပါတယ်.

အမေရိကားဖက်က အလှူရှင်တွေကတော့

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... မြန်မာငွေ ကျပ်တစ်သိန်း

တို့ပဲ ဖြစ်ပါတယ်. ကျွန်တော့်အိမ်ကို ဦးကောဝိဒဆီ တိုက်ရိုက်ဆက်သွယ်ပြီး ငွေလွှဲဖို့ကိစ္စ စီစဉ်ပေးဖို့ ပြောခိုင်းထားပါတယ်. ဒီနေ့ (သို့) မနက်ဖြန် နောက်ဆုံးထားပြီး လွှဲပေးသွားမှာ ဖြစ်ပါတယ်. ဦးဇင်းဖက်က အလှူငွေရပြီးရင်လည်း ပို့စ်မှာ update တင်ပေးသွားမှာ ဖြစ်ပါတယ်.

ဒီအလှူငွေကောက်ခံရေး ကိစ္စကို အားတက်သရော ဆောင်ရွက်ကြိုးပမ်းသွားကြတဲ့ မ၀ါဝါခိုင်မင်းကိုဂျေဂျူဝိုင်ရွာသားလေး YTU အစရှိသူတို့ အပြင် တစ်ခြားကူညီပံ့ပိုးပေးသူများ၊ အဆက်အသွယ်များကို ကြိုးစားရှာဖွေပေးသူများနှင့် အလှူရှင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲ တင်ရှိမိပါတယ်ခင်ဗျာ...

ဒီအလှူငွေကိစ္စက တကယ်တော့ ဦးဇင်းရဲ့ ဇူလိုင် (၉) ရက်မွေးနေ့ပွဲအမှီ လှူဒါန်းချင်လို့ ကျွန်တော်တို့ ဘလော့ဂါညီအစ်ကို မောင်နှမတွေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်. ဒီမွေးနေ့ပွဲပြီးတာနဲ့ အရာရာအားလုံးဟာ ပြီးပြည့်စုံသွားမယ်လို့ မမှတ်ယူစေချင်ပါ. ပုံမှန်စောင့်ကြည့် ဆက်သွယ်ပြီး လိုအပ်သမျှကို ဖြည့်ဆည်းပေးသွားဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်.

ဒီတစ်ခေါက် မမှီလိုက်လို့ နောက်တစ်ခေါက်ကျမှ သီးသီးသန့်သန့် လှူဒါန်းချင်သူများအတွက်လည်း ကျွန်တော်တို့ ဆက်လက်စီစဉ်ပေးသွားပါမယ်.

ဆိုလိုတာက တစ်ချို့က ပစ္စည်းတစ်ခုကို သီးသန့် မိမိတို့ နာမည်ထိုးပြီး လှူဒါန်းချင်တာမျိုး ရှိတတ်ပါတယ်. အဲဒါမျိုးကို အဆင်ပြေအောင် ကျွန်တော်တို့ ဦးဇင်းနဲ့ဆက်သွယ်ပြီး update မှန်မှန်ပေးသွားပါမယ်. ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်သလို ဦးဇင်းရဲ့ ဖုန်းကို တိုက်ရိုက်ဆက်ပြီးတော့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်.

ဒါကြောင့် ရှေ့လျှောက် မိမိတို့ကိုယ်တိုင်သော်ဖြစ်စေ၊ စိတ်ဝင်စားသူ စေတနာရှင်များကို ဖြစ်စေ ဆက်သွယ်ပေးသွားဖို့ တပါတည်း မေတ္တာရပ်ခံလိုက်ပါတယ် ခင်ဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်..

စက်ဘီးစီးခြင်း အက်ဆေး (၂)



ရွာမှာ သုံးလလောက် ကိုရင်ဝတ်နဲ့ တစ်ဝါဆိုပြီးနောက် လူထွက်ခဲ့ကြပါတယ်. ပြီးတော့ အဖေတာဝန်ကျရာ စစ်တွေကို ကျွန်တော်တို့ မိသားစု လိုက်သွားခဲ့ကြတယ်. စစ်တွေမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တက်တဲ့ ကျောင်းက အ.ထ.က (၄) ပါ. အိမ်နဲ့ ကျောင်းက သိပ်မနီးမဝေးဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးနဲ့ပဲ နှစ်ပါးသွားခဲ့ရပြန်ပါတယ်..

အဲဒီ့အချိန်ထိ ကျွန်တော် စက်ဘီးကောင်းကောင်း မစီးတတ်ခဲ့သေးပါဘူး. အဖေ့အတွက် ဌာနက ချပေးတဲ့ မောင်ဗမာ စက်ဘီးတစ်စီးရလာတော့ ကျွန်တော် စက်ဘီးစီး သင်ဖြစ်ခဲ့ပါတယ်.

စစချင်းကတော့ ထုံးစံအတိုင်း ဂျောက်ဂျက်စီးနည်းပေါ့ဗျာ. စက်ဘီးမှာ ယောင်္ကျားစီးနဲ့ မိန်းမစီးဆိုပြီး ရှိတယ်ဆိုတာ သိပြီးကြမှာပါ. မောင်ဗမာ စက်ဘီးကတော့ ဘားတန်းနဲ့ဆိုတော့ ယောင်္ကျားစီးပေါ့. ဘားတန်းကို ကျော်ပြီး စီးရအောင်လည်း ကိုယ်က ငါးတန်းအရွယ် အရပ်က မမီသေးဘူးလေ. အဲဒီ့တော့ ဘားတန်းနဲ့ အောက်က ခြေနင်းခုံကြားကို ညာဖက် ခြေထောက်တစ်ဖက် ထိုးသွင်းပြီး ဘယ်ဖက်ခြေထောက်နဲ့ အောက်ကိုတစ်ချက် ဂျောက်ခနဲ နင်းချလိုက်. ညာဖက်ခြေထောက်နဲ့ ဟိုဖက် ခြေနင်းကို ဂျက်ခနဲ တစ်ချက် ပြန်ဆွဲတင်လိုက်နဲ့ ဂျောက်ဂျက်စီးနည်းကို စသင်ခဲ့ပါတယ်.

မောင်ဗမာ စက်ဘီးကို မျက်စိထဲမြင်အောင် နည်းနည်းပုံထပ်ဖော်လိုက်ဦးမယ်ဗျ. ဘားတန်းကြီးနဲ့ အမြင့်ကြီးပေါ့ဗျာ. ယောင်္ကျားကြီးတွေ စီးတဲ့ စက်ဘီးမျိုး. အရှေ့မှာ မီးသီးကြီးပါတယ်. ပြီးတော့ ကြိုးနဲ့ နောက်ဘီးကို သွယ်သွားပြီး နောက်ဘီး ကယ်ရီယာအောက်နားလေးမှာ ဒိုင်နမိုတစ်ခုပါတယ်. အလယ်က တန်းအောက်မှာ လေထိုးတံချိတ်ဖို့ ချိတ်နှစ်ခုပါတယ်. အပေါ်တစ်ခုနဲ့ အောက်တစ်ခုပေါ့. အဲဒီ့ကြားထဲမှာမှ ငွေရောင် လေထိုးတံကို တပ်ထားရတယ်. အခုခေတ် ပြိုင်ဘီးတွေမှာတော့ အဲဒီ့နေရာမှာ ရေဘူးလေးတွေ တပ်ထားတတ်ကြတယ်လေ. မျက်စိထဲ မြင်အောင်ပြောတာပါ.

ဘာလို့အဲလောက် အသေးစိတ်ပြောနေရလဲဆိုတော့ အကြောင်းရှိလို့ပါ.

ရေကူးသင်ခါစလူတစ်ယောက် ရေနစ်ဖူးမှ ရေကူးတတ်သလို စက်ဘီးစီးသင်ခါစ လူတစ်ယောက်အတွက်လည်း စက်ဘီးစီးသင်ရင်း ထိခိုက်ဒဏ်ရာရဖူးမှ တတ်တယ်လေ.
ကျွန်တော်စက်ဘီးစီးသင်တော့ ကျွန်တော့်ကို လိုက်ထိန်းပေးတာက ကျွန်တော့်အစ်ကိုမဟုတ်ခဲ့ပါဘူး. ကျွန်တော်တို့ မီးသတ်ဌာနကြီးရဲ့ ဟိုဖက်ခြမ်းက စက်မှုလက်မှုသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအကြီးဆုံးပါ. ကျွန်တော်တို့ မီးသတ်ခြံဝင်းကြီးထဲမှာ စက်ဘီးစီးသင်တော့ သူက နောက်က လိုက်ပြီး ထိန်းပေးပါတယ်. ဂျောက်ဂျက်စီးလိုက်. နည်းနည်းလေးယိုင်သွားရင် သူကလိုက်ထိန်းပေးလိုက်နဲ့ တော်တော်လေး ဟုတ်လာတော့ သူလည်း ကျွန်တော့်ကို လွှတ်လိုက်ပါတယ်.

လွှတ်လိုက်ခါစက နည်းနည်းလေး မတ်နေပေမယ့် ရှေ့ဖက်ကို အရှိန်လွန်လာလေလေ ကိုယ့်ဟန်ချက်ကို ကိုယ်မထိန်းနိုင်လေဖြစ်ပြီးတော့ ကျွန်တော်တစ်ယောက် ခြေထောက်က ဘားတန်းနဲ့ ခြေနင်းခုံကြားတန်းလန်းဖြစ်လျက် ပစ်လဲပါတော့တယ်. ပစ်လဲတာမှ တော်ရုံလဲတာမဟုတ်ဘူးလေ. ခုနက လေထိုးတံတပ်တဲ့ ငုတ်လေးနဲ့ ကျွန်တော့်ဒူးခေါင်းနဲ့ ငြိပြီး ဟက်တက်ကို ကွဲထွက်သွားတာပါ.

လူဆိုတာ မျက်ခနဲ ဒူးခေါင်းမှာ တစ်ချက်နာလိုက်တာပဲသိတယ်. ပြီးတော့ အသားဖြူဖြူကြီးတွေကို မြင်လိုက်ရတယ်. ပြီးလည်းပြီးရော သွေးတွေများ ဖြာခနဲ ထွက်ကျလာလိုက်တာ ခြေထောက်အောက်ပိုင်းတစ်ခုလုံး သွေးတွေကို ရဲသွားတော့တာပဲ. အသံပြဲကြီးနဲ့ အော်တော့ အမေတို့လည်း အိမ်ပေါ်ကနေဆင်းလာ. ပြာယာတွေခတ်ပြီး ချက်ချင်းပဲ အဖေ့ရဲ့ ရုံးကားကိုထုတ် ဆေးရုံကို ပြေးရပါတယ်.

ဟုတ်ကဲ့. သုံးချက်ချုပ်လိုက်ရပါတယ်. ညာဖက်ဒူးခေါင်းမှာ အဲဒီ့အမာရွတ်လေး ခုထိ ရှိနေသေးတယ်. အခုဒီစာရေးနေရင်တောင် လှမ်းစမ်းမိလိုက်သေးရဲ့. အဲဒီ့နောက်ပိုင်း အမေတို့ကလည်း ကျွန်တော့်ကို စက်ဘီးပေးမစီးတော့ပါဘူး. ကျောင်းကနေလည်း ခွင့်ယူလိုက်ရပါတယ်. တကယ့်ကို မှတ်မှတ်ရရဖြစ်စေခဲ့တဲ့ စက်ဘီးစီးသင်ခန်းစာ တစ်ခုပဲပေါ့ဗျာ.

နည်းနည်လေး နာလန်ပြန်ထူလာတော့ ကျွန်တော် အဖေတို့ အလစ်မှာ စက်ဘီးပြန်စီးပါတယ်. ဒီတစ်ခေါက်ကျတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လေထိုးတံတပ်တဲ့ငုတ်လေးမှာ လေထိုးတံကို တပ်ထားလိုက်ပါတယ်. မသကာ ထပ်လဲနေရင် ထပ်ကွဲနေမှာစိုးလို့လေ.

စီးလိုက် လဲလိုက်. ပြန်ထလိုက်. ထပ်ကြိုးစားလိုက်နဲ့ နောက်တစ်ပတ်လောက်နေတော့ ကျွန်တော် ဂျောက်ဂျက်ကို ကောင်းကောင်းစီးတတ်သွားပါတယ်. (အဆိုတော် ဂျောက်ဂျက်ကို လည်ပင်းခွစီးနေတာလို့ သွားမမြင်လိုက်နဲ့နော်. ဟတ်ဟတ်..)

စက်ဘီးစီးတတ်ခါစလူတိုင်းဖြစ်တတ်တာက စက်ဘီးကို အချိန်ပြည့် စီးချင်နေတာပါပဲ… ကျောင်းကနေ ပြန်ရောက်တာနဲ့ အ၀တ်အစားလဲ. ဗိုက်နည်းနည်းဖြည့်.. ပြီးလည်းပြီးရော မီးသတ်ဝင်းကြီးထဲမှာ ကျွန်တော် စက်ဘီးပတ်စီးတော့တာပါပဲ… ပြောက်ကျားဘောင်းဘီတိုလေးဝတ်ပြီး စွပ်ကျယ်အဖြူလေးနဲ့ ဂျောက်..ဂျက်… ဂျောက်… ဂျက်ဆိုပြီး မီးသတ်တစ်ဝင်းလုံး အနှံ့ စက်ဘီးပတ်စီးနေခဲ့တဲ့ ကျွန်တော့်ပုံစံလေးကို အခု ပြန်မြင်ယောင်လာမိတယ်. မမေ့နိုင်တဲ့ ငယ်ဘ၀လေးတွေပါပဲဗျာ….

ကျွန်တော့်အဖေနဲ့ အဖေ့ရဲ့ သူငယ်ချင်းက တစ်မြို့ထဲ တာဝန်ကျတယ်ဗျ. သူက စကားပြောတာ ဟောဟောဒိုင်းဒိုင်းနဲ့မို့ ရာထူးတက်တာ တစ်ဆင့်ကျန်ခဲ့တယ်. ၁၉၈၈ မှာ အဖေရော သူရော ရှေ့ဆုံးကနေ တို့အရေးလုပ်မိလို့ နှစ်ယောက်လုံးပဲ မဲဇာအပို့ခံလိုက်ရတယ်လေ. စစ်တွေကိုပေါ့. အဖေက ပြည်နယ်မှူး၊ သူက မြို့နယ်မှူးအနေနဲ့ တစ်ပြိုင်တည်းပို့ထည့်လိုက်တယ်. အဖေနဲ့ သူ့သူငယ်ချင်းနဲ့က မတည့်အတူနေ တစ်ကျက်ကျက်နဲ့… သူတို့ တည့်ရင် ကျွန်တော်တို့ သားသမီးတွေ အချင်းချင်းလည်း တည့်လိုက်ကြ၊ ပစ်ကနစ်တွေဘာတွေ အတူတူထွက်လိုက်ကြနဲ့ပေါ့… သူတို့အချင်းချင်း စကားမပြောကြတော့ရင် ကျွန်တော်တို့ သားသမီးတွေလည်း မပြောကြတော့ပြန်ဘူး. ဖြစ်ပုံက အဲဒီ့လို…

တစ်ရက်ကျတော့ ကျောင်းကအပြန် ကျွန်တော်က ဂျောက်ဂျက်စီး… အဖေ့သူငယ်ချင်းသားကလည်း စက်ဘီးပတ်စီးပေါ့… သူတို့လည်း မောင်ဗမာ စက်ဘီးတစ်စီးရထားတယ်လေ. သူ့နာမည်က အောင်အောင်တဲ့… အောင်အောင်က ကျွန်တော့်ထက် ကြီးလည်းကြီးတယ်. အရပ်လည်းရှည်တယ်. အဲဒီ့တုန်းက သူက လူကြီးတစ်ယောက်လို စက်ဘီးကို ခွစီးနိုင်နေပြီ. ကျွန်တော်ကတော့ ခြေထောက်လေးထိုးပြီး ဂျောက်ဂျက်ပဲပေါ့. ဒီလိုပဲ ညနေခင်းတွေမှာ စက်ဘီးပတ်စီးနေကြရင်းနဲ့ တစ်နေရာအရောက်မှာ လမ်းကျဉ်းလေးနဲ့ ဆုံပါလေရော… သူကလည်း မလျှော့ဘူး. ကျွန်တော်ကလည်း မလျှော့ဘူး.. အိမ်နှစ်အိမ်ကြားက လမ်းကျဉ်းလေးထဲမှာ သူနဲ့ ကျွန်တော်ပြိုင်တိုက်ကြပါလေရောဗျာ… Mission Impossible 2 ထဲက တွမ်ခရုစ်နဲ့ လူကြမ်းမင်းသား ဆိုင်ကယ်ပြိုင်တိုက်သလိုမျိုးပေါ့. ဟတ်ဟတ်..

တကယ်တမ်းပစ်လဲတော့ ကျွန်တော်လဲတာပေါ့. သူက အရပ်ရှည်တော့ ခြေထောက်နဲ့ လှမ်းထောက်ထားလိုက်တယ်လေ. ကျွန်တော်လည်း ရှက်ရှက်နဲ့ သူ့စက်ဘီးကို ခြေထောက်နဲ့ကန်ပြီး ထွက်သွားလိုက်တယ်. ကျွန်တော်ထွက်သွားတော့ အောင်အောင်က လှမ်းပြောလိုက်ပါသေးတယ်. ‘မင်း… အရင်ဝင်တိုက်တာနော်…’ တဲ့…
ဟတ်ဟတ်ဟတ်… ခုတော့လည်း အောင်အောင်တစ်ယောက် ဘယ်ရောက်နေတယ် မသိတော့ပါဘူးဗျာ… အင်း… ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်စားမြုံ့ပြန်ရတာ အရသာတော့ ရှိသား…

ဂျောက်ဂျက်စီးရတာ နည်းနည်းကြာလာတော့ ကျွန်တော် ငြီးငွေ့လာပြန်ပါတယ်. အဲဒါနဲ့ ဘားတန်းကို ခွပြီး စီးတတ်ဖို့ ကြိုးစားလာပါတယ်. အရပ်မမှီဘဲနဲ့ ဘားတန်းကို ဘယ်လိုခွမလဲ ဟုတ်လား…

Where there’s a will, there’s a way.. တဲ့ဗျ… ဟတ်ဟတ်… လေကြီးပြီလို့ ပြောနေကြပြီထင်တယ်.

ဒီလိုဗျ. စက်ဘီးကို စပြီးစီးတော့မယ့်အခါမှာ ခြေနင်းကို အပေါ်ဖက်ထိ ရစ်ပြီး တင်ထားလိုက်တယ်. ပြီးလည်းပြီးရော အဲဒီ့ခြေနင်းပေါ်ကို ကျွန်တော့် ဘယ်ဖက်ခြေထောက်နဲ့ တက်အနင်းမှာပဲ ညာဖက်ခြေထောက်က ဘားတန်းကို ကျော်ခွလိုက်ပြီး ထိုင်ခုံပေါ်လှမ်းထိုင်လိုက်တယ်. ပြီးလည်းပြီးရော ခုနက ဘယ်ဖက် ခြေနင်းကို အရှိန်နဲ့ နင်းချလိုက်တယ်. ခြေနင်းက အောက်ကို ဆင်းသွားတယ်. အဲဒီ့အချိန်မှာ ညာဖက်ခြေနင်းက အပေါ်ကို တက်လာတယ်. ညာဖက်ခြေထောက်နဲ့ နင်းချလိုက်တယ်. ဟိုးအောက်ထိ မမှီဘူးနော်. မျက်စိထဲ မြင်လားတော့မသိဘူး. ခြေနင်းကို အပေါ်ကနေ အားနဲ့ နင်းချလိုက်တာ. ခြေနင်းက သူ့ဖာသာသူ အောက်ကို ဆက်ပြီး အရှိန်နဲ့ကျသွားတာ. တစ်ဖက်က ပြန်တက်လာတဲ့ ခြေနင်းကို လှမ်းခတ်ပြီး ထပ်နင်းချတာ. အဲဒီ့လိုနဲ့ ခြေနင်းလေး ဟာတာဟာတာနဲ့ ကျွန်တော် ဘားတန်းအပေါ်ကနေ လောကကြီးကို စီးမြင်.. အဲလေ. စက်ဘီးစီးတတ်လာခဲ့ပါတော့တယ်.

လွယ်တယ်လို့တော့ မထင်နဲ့ကိုယ့်လူ… အဲလိုစီးတတ်နိုင်ဖို့ စက်ဘီးချိန်းကြိုး ကောင်းကောင်းရစ်ဖို့လိုတယ်. မဟုတ်ရင် ဒီဖက်က ခြေနင်းကို နင်းချလိုက်ပေမယ့် ချိန်းကြိုးက မကောင်းတော့ တစ်..တစ်..တစ်..တစ်နဲ့ အောက်ဖက်မှာ အသံသာမြည်ပြီး ဟိုဖက်က ခြေနင်းက တက်မလာဘူး. အဲဒီ့အချိန်မှာ ကွိုင်စားပြီ ဆရာ… လူက အောက်ကိုလည်းမမှီ. ဆက်ပြီး နင်းရအောင်လည်း ခြေနင်းက တက်မလာ… စက်ဘီးလေးက အရှိန်နဲ့လိမ့်ခါလိမ့်ခါ သွားနေချိန်မှာ ဘာလုပ်ရလဲသိလား…

စွန့်ရတယ်ဗျာ… စွန့်ရတယ်. ဟတ်ဟတ်.. မြက်ခင်းထူမယ့်နေရာ၊ သဲဖုတ်ထူမယ့်နေရာဖက်ကို စက်ဘီးကို ဦးတည်ချက်ပြောင်း၊ ပြီးလည်းပြီးရော လူက ခုန်ထွက်ဖို့ ခြေထောက်ကို အသင့်ပြင်ထား… ကိုယ်လှဲချမယ့်ဖက်ကို ရွေး… ဘယ်ဖက်ကို လှဲချမယ်ဆိုရင် ညာဖက်ကို ခုန်ထွက်ဖို့… ညာဖက်ကို လှဲချမယ်ဆိုရင် ဘယ်ဖက်ကို ခုန်ထွက်ဖို့… မျက်စိထဲမှာ ဘီးချမရတဲ့ လေယာဉ်ပျံ မြက်တောထဲထိုးဆင်းခါနီး operate လုပ်နေတဲ့ ပိုင်းလော့တစ်ယောက်လို သဘောထားပြီး…. ရွှီးးးးးးးးးးးးး… အုံး……

မြက်တောလေးထဲ (သို့) သဲဖုတ်ထဲမှာ ပက်လက်လှန်ရင်း ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေတဲ့ ကျွန်တော့်စိတ်ကူးထဲမှာတော့ လေဘာတီမမြရင်ရဲ့ ကကြိုးလေးတစ်ကွက်က ထင်းခနဲ ပေါ်ပေါ်လာတတ်ပါတယ်…

ဘာတဲ့… “ပေတစ်ရာပင် လျှောက်ပါလို့… မြင်သလောက် ပြလိုက်ချင်ပါတယ်…” ဆိုလားပဲ…

ကျွန်တော်ကတော့ ကားတွေ မောင်းနေတဲ့ ပေတစ်ရာလမ်းပေါ်တက်ပြီး ကိုယ်စက်ဘီးစီးတတ်ကြောင်း ပြလိုက်ချင်ပေမယ့် လောလောဆယ်တော့ ဂျောက်ဂျက်ဘ၀နဲ့ပဲ မြက်တောလေးထဲမှာ ပစ်လဲနေခဲ့ရတယ်လေ… ပြောရင်းနဲ့ ငိုချင်လာပြီ… အိ.အိ.အိ….

ဒီလိုနဲ့ ၆ တန်းလောက်ရောက်တော့ ကျွန်တော်နည်းနည်း ရှည်ထွက်လာပါတယ်. အရပ်ပြောတာပါ. အဟတ်ဟတ်… အဲဒီ့အချိန်ကတော့ စက်ဘီးလည်း ကောင်းကောင်းနိုင်လာခဲ့ပြီလေ… တစ်ခါတစ်လေ ကတ္တရာလမ်းပေါ် ထွက်စီးနိုင်လောက်တဲ့ အထိလည်း ရဲလာခဲ့ပြီ. အစ်ကိုက အမေ့ကို စစ်တွေဈေးကြီးထဲ စက်ဘီးနဲ့ လိုက်ပို့ပေးတတ်တယ်. ကျွန်တော်အဲဒီ့နေရာကို အရမ်းယူချင်ခဲ့တာပဲ… အမေ့ကို စက်ဘီးနဲ့ ဈေးလိုက်ပို့ပေးချင်တာပေါ့…

တစ်ကြိမ်မှာတော့ ရှားရှားပါးပါး ဖြစ်ခဲ့ပါတယ်. အဲဒီ့တုန်းက အဖေမအားဘူး. အစ်ကိုကလည်း နေမကောင်းဖြစ်နေတယ်. ၀မ်းပျက်တယ်ဆိုလားပဲ. အမေက ဈေးသွားဖို့လိုနေတယ်. ရဲဘော်တွေကိုလည်း လိုက်ပို့မခိုင်းချင်ဘူး. ကျွန်တော်နဲ့လည်း တစ်ခါမှ မသွားဖူးဘူးလေ. ဒါပေမယ့် ကျွန်တော်ခပ်တင်းတင်းပဲ ပြောလိုက်ပါတယ်.

‘သားလိုက်ပို့ပေးမယ် အမေ’

မီးသတ်ဝင်းကြီးထဲကအထွက် ကတ္တရာလမ်းမပေါ်မှာ စက်ဘီးကို ကိုင်ထားတုန်း အမေက နောက်က ထိုင်ခုံပေါ်ကိုတက်၊ ဈေးခြင်းတောင်းကို ရင်ခွင်ထဲပွေ့ထားချိန်မှာ ကျွန်တော်က စက်ဘီးကို အရှိန်ယူပြီး တစ်လိမ့်နှစ်လိမ့်နဲ့ သုံးလိမ့်မြောက်မှာ ဘားတန်းကို ခွတက်လိုက်ပါတယ်. စက်ဘီးက တစ်ချက်သိမ့်ခနဲဖြစ်သွားပေမယ့် အတွေ့အကြုံက နည်းနည်းစကားပြောလာတော့ ပြန်ထိန်းလိုက်နိုင်ပါတယ်. အမေကတော့ ရင်တဖိုဖိုနဲ့ရယ်ပေါ့…

ကျောင်းကြီးကိုဖြတ်၊ အားကာရုံကြီးကို ဖြတ်၊ မ၀တ ရုံးကြီးကိုဖြတ်၊ ဆေးရုံကြီးကိုဖြတ်ပြီးတော့ ကုလားတန်မြစ် (၀ါ) ကစ္ဆပနဒီမြစ်ကြီးကို လှမ်းမြင်လိုက်ရချိန်မှာ ကျွန်တော်တစ်ယောက် အမေ့ကို တင်လျက် ဈေးလမ်းကြီးအတိုင်း စက်ဘီးနင်းနေခဲ့တာပေါ့…… မြစ်ပြင်ကျယ်ကြီးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးကို ကျွန်တော် တစ်ဝကြီး ရှူရှိုက်လိုက်ချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ဘာပြောနေခဲ့လဲသိလား…

‘ငါကွ!’ တဲ့လေ…

ဟတ်ဟတ်ဟတ်…

(ဆက်ပါဦးမည်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Tuesday, June 30, 2009

စက်ဘီးစီးခြင်း အက်ဆေး...




စက်ဘီးဆိုတဲ့ အရာကို ကျွန်တော်စတင်တွေ့ရှိခံစားဖူးခဲ့တာကတော့ ၁၉၈၇ ပတ်ဝန်းကျင်လောက်ကပါ. အဲဒီ့တုန်းက ကျွန်တော် သုံးတန်းလောက်ပဲ ရှိဦးမယ်. မှတ်မှတ်ရရ သမ္မတရုပ်ရှင်ရုံမှာ BMX ဇာတ်ကားတင်တယ်. အဲဒီ့ကားကို ကျွန်တော် မကြည့်ဖူးခဲ့လိုက်ပါဘူး. အဖေ့ကို လိုက်ပြဖို့ ပူဆာခဲ့ဖူးပေမယ့် အဖေလည်း မအားတာနဲ့ လိုက်မပြဖြစ်ခဲ့ဘူးထင်ပါတယ်. နောက်ပိုင်းကျတော့ ကျွန်တော်တို့လည်း ရုပ်ရှင်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ရုပ်ရှင်ထက် BMX စက်ဘီးကို ပိုစွဲလမ်းသွားခဲ့ကြပါတယ်.

ဟုတ်တယ်ဗျ. အဲဒီ့ရုပ်ရှင်ထဲမှာ စက်ဘီးလေးတွေနဲ့ ပြေးလိုက်၊ လွှားလိုက်၊ စတန့်အမျိုးမျိုး လုပ်ပြလိုက်၊ အန္တရာယ်တွေအမျိုးမျိုးကို အံ့ဩဘနန်းဖြစ်ဖွယ် ရှောင်တိမ်းသွားပြလိုက်နဲ့ အဲဒီ့ခေတ် အဲဒီ့အချိန်က တော်တော့်ကို လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ဖူးပါတယ်. အဲဒီ့အချိန်က ခေတ်ပြိုင်အနေနဲ့ နာမည်ကြီးတဲ့ နိုင်ငံခြား ဇာတ်ကားတွေကတော့ ဆိုင်ကယ်စီးတဲ့ On The Road ဂျပန်ကားတို့၊ ဓာတ်ပုံဆရာနဲ့ ရွှေမင်းသမီးတို့ရဲ့ The Princess and Photographer တို့ပဲပေါ့. စပ်မိလို့ ပြောပြတာပါ. ဒါတွေပြန်ပြောတာနဲ့တင် ကျွန်တော့်ကို အဘိုးကြီးလို့ ထင်ကြတော့မလားမသိ. အဟတ်.

အဲဒီ့ဇာတ်ကားနောက်ပိုင်း ရန်ကုန်မြို့ရဲ့ လမ်းသွယ်လမ်းမ လမ်းကြိုလမ်းကြားမကျန် စက်ဘီးစီးတဲ့ ရောဂါ ထလာကြပါတယ်. ဘယ်လောက်တောင် ခေတ်စားသွားလဲဆိုရင် စက်ဘီးငှားတဲ့ လုပ်ငန်းတွေတောင် နေ့ချင်းညချင်း နေရာအနှံ့ တွေ့လာရတယ်လေ. စက်ဘီးတစ်စီးကို တစ်နာရီ ဘယ်လောက်ဆိုပြီး ငှားတာပေါ့. တစ်ကျပ်လား မသိတော့ဘူး ကောင်းကောင်းတော့ မမှတ်မိတော့ဘူးဗျ.

ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုတို့လို ၀န်ထမ်းသားသမီးတွေအတွက်တော့ စက်ဘီးငှားစီးရဖို့အတွက်ကလည်း ရွှေရောင်အခွင့်အရေးကြီးတစ်ခုပါ. ကိုယ့်ရှေ့မှာ ရှေ့ဘီးလေးထောင်ပြီး စီးသွားလိုက်၊ ရှေ့ဘရိတ်ကို အုပ်ပြီး နောက်ဘီးကိုထောင်ပြလိုက်၊ လက်တန်းပေါ် မတ်တပ်ရပ်ပြီး စီးပြလိုက်၊ ပလက်ဖောင်းပေါ်ကို အလျားလိုက် နှစ်ဘီးလုံး ခုန်တက်ပြလိုက်နဲ့ လုပ်ပြနေတဲ့ ရွယ်တူ ကလေးငယ်တွေကို ငေးကြည့်ရင်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးစီးချင်တာများ တစ်ပိုင်းကိုသေနေတာပဲ.

မုန့်ဖိုးလေးတွေကို ကြိုးစားစုရင်း တစ်ကြိမ်မှာတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးတစ်နာရီ ငှားစီးဖြစ်ခဲ့ကြပါတယ်. သူများတွေ စီးနေတာကို ကြည့်တော့သာ လွယ်တာလေ. ကိုယ်တိုင်က စက်ဘီးမစီးတတ်သေးတော့ ငှားလိုက်ရတဲ့ တစ်နာရီမှာ စတန့်ထွင်ဖို့ နေနေသာသာ၊ စက်ဘီးပြန်အပ်ပြီး ပြန်ထွက်လာတော့ ညီအစ်ကိုနှစ်ယောက် ဒူးခေါင်းမှာ သွေးအလိမ်းလိမ်းနဲ့ရယ်…

ဒါပေမယ့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် သိပ်ကို ပျော်ခဲ့ကြဖူးတယ်. အာသာပြေသွားတဲ့အတွက် နောက်တစ်ခေါက် သူများတွေ စက်ဘီးစီးနေကြတာတွေ့လည်း အရင်ကလောက် သိပ်ပြီး မက်မက်မောမော မရှိတော့ဘူး. ပိုက်ဆံထပ်စုဖို့ကလည်း စိတ်မ၀င်စားတော့ဘူးလေ. နောက်ပိုင်း ပိုက်ဆံစုဖြစ်တော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီး ငှားမစီးတော့ဘူး. ဘောလုံးခုံဝင်ကန်တယ်. ဇယ်တောက်တယ်. (ဇယ်တောက်တာကို အညာမှာတော့ ဘိလပ်ထိုးတယ်လို့ ပြောကြတယ်ဗျ. ဇယ်ခုံကိုလည်း ဘိလပ်ခုံလို့ ခေါ်တတ်ကြသေးတယ်. ဘိလိယက်ခုံ၊ ဘိလိယက်ထိုးကနေ ရွေ့လျားပြောင်းလဲသွားတာပဲလားတော့ မသိဘူး ဒါက စကားချပ်ပါ.) ဇယ်တောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ နှစ်ယောက် ပိုက်ဆံတော်တော်လေး ရှာနိုင်ခဲ့ကြတယ်ဗျ. ဟုတ်တယ်. ကျွန်တော်တို့တွေ လူကြီးဝိုင်းတွေမှာတောင် ၀င်တောက်ပြီး ပိုက်ဆံတွေ နိုင်ခဲ့ကြဖူးတယ်. ဂေါ်လီနံပါတ်နဲ့ တောက်တာပေါ့ဗျာ. နောက်ကျမှ ဇယ်တောက်ခြင်း အက်ဆေးတစ်ပုဒ် သက်သက် ထပ်ရေးဦးမယ်.

လေးတန်းနှစ်မှာ ၁၉၈၈ အရေးတော်ပုံ ဖြစ်တယ်. ကျွန်တော့်အဖေ နယ်ပြောင်းခံရတယ်. စစ်တွေကိုပေါ့. ဒေသဝေးတာကတစ်ကြောင်း၊ အခြေအနေတွေ မငြိမ်သက်သေးတာက တစ်ကြောင်းကြောင့် ကျွန်တော်တို့ကို ရန်ကုန်မှာပဲ နေစေခဲ့တယ်. အမေရယ်၊ အစ်မနှစ်ယောက်ရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပေါ့.

နောက်ပိုင်းကျတော့ ကျောင်းတွေကလည်း ပိတ်ထားမယ့် အတူတူ အဖေ့ရွာကိုပို့ပြီး ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ခိုင်းရင်း စာအံစေခဲ့ပါတယ်. ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ အမေနဲ့ သဲတောဝမ်းတွင်းမြို့နယ်လေး နှစ်ခုကြားက နတ်ကန်ရွာလေးကို ရောက်ခဲ့ကြပါတော့တယ်.

အဲဒီ့မှာ ၀မ်းတွင်းက အဖေ့အသိတွေရဲ့ သားသမီးတွေနဲ့ ကျွန်တော်တို့ ရင်းနှီးသွားခဲ့ကြပါတယ်. နတ်ကန်ရွာလေးနဲ့ ၀မ်းတွင်းမြို့လေးကြားက နှစ်မိုင်ခရီးလောက်ရှိပါတယ်. တောသူတောင်သားတွေက နွားလှည်းနဲ့ မြို့ပေါ် ပစ္စည်းတွေ ဈေးနေ့တွေမှာ တက်ရောင်းကြသလို မြို့ပေါ်က လူတွေကလည်း တောဖက်ကို စက်ဘီးလေးတွေနဲ့ လာတတ်ကြပါတယ်. ရွာထဲကလူတွေကလည်း စက်ဘီးလေးတွေနဲ့ မနက်ဆို မြို့ပေါ်တက်၊ ညနေပြန်လာ အဲလိုမျိုးပေါ့. တစ်ချို့ဆို မနက်ခင်းမှာ တစ်အိမ်တက်ဆင်း “အရီး ဘက်ထရီဖြည့်ဦးမလား ကျုပ် မြို့ပေါ်တက်မလို့… ဒွေးလေး. မြို့ပေါ် ဘာမှာဦးမလဲ….”

အဲဒီ့လိုနဲ့ ဘက်ထရီအိုးတွေ အများကြီး စက်ဘီးတစ်ဖက်တစ်ချက်မှာ ချိတ်လို့ တောလမ်းကျဉ်းကျဉ်းလေးကို ကျင်လည်စွာ စီးရင်း မြို့ပေါ်မှာ ဘက်ထရီအိုး သွားဖြည့်တတ်တဲ့ ရွာသားတစ်ချို့လည်း ရှိတတ်သေးကြတမုံ့.

ရွာဦးကျောင်းက ဦးဇင်း ခင်အောင်ဆိုတာကလည်း ဗေဒင်ယတြာမှာ နာမည်ကြီးလွန်းလို့ မြို့ပေါ်က လူတွေ လာရောက်ကိုးကွယ်ဆည်းကပ်တတ်ကြတယ်. ရွာဦးဘုန်းကြီးကျောင်းဝင်းထဲကို ဆန်နီပစ်ကပ်လို ကားလေးတစ်စီးဝင်လာလိုက်တယ် ဆိုရင်ကိုပဲ နွားကျောင်းသားလေးတွေ၊ ဘုန်းကြီးကျောင်းသားလေးတွေ၊ ကိုရင်ပေါက်စလေးတွေ ကားနောက်ကို ဘာရယ်မဟုတ်ဘူး. ပြေးလိုက်ကြတယ်. ဖုန်တွေ တသောသောနောက်မှာ ကားနောက်ကို ပြေးလိုက်နေကြတဲ့ သူတို့တွေကို အစက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် နားမလည်နိုင်ခဲ့ကြဘူး. တကယ့်တောသားတွေပဲကွာလို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်. အဟတ်… ဟုတ်လည်းဟုတ်တာပဲလေ. တောသားမို့တောသားလို့ ပြောတာ ဘာဆန်းလဲ.

နောက်ပိုင်းကျတော့ နားလည်စပြုလာပါတယ်. ၃ လလောက်နေပြီးနောက်မှ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်တောင် မြို့ပေါ်က ဧည့်သည်တွေ လာရင် မသိမသာ လှမ်းလှမ်းကြည့်တတ်လာပါတယ်. ညဖက်ဆို ဗွီဒီယိုရုံကို သွားသွားကြည့်ချင်လာတတ်ပါတယ်. ရွာမှာနေရတာ နည်းနည်းတောင် အသားကျလာသလို ဖြစ်လာတာပေါ့လေ....

ဆိုလိုချင်တာက နတ်ကန်ရွာလေးနဲ့ ၀မ်းတွင်းမြို့လေးကြားက တောလမ်းလေးက အမြဲတမ်း လူမပြတ်တတ်ဘူးလို့ ပြောချင်တာပါ. ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ရွာကို ခဏခဏ ရောက်ဖြစ်ပါတယ်. ၀မ်းတွင်းမြို့လေးပေါ်မှာ တည်းရင် နတ်ကန်ရွာလေးကို စက်ဘီးနဲ့ မြို့ပေါ်က အစ်ကိုကြီးတွေက လိုက်ပို့ပေးတတ်ကြပါတယ်. အဲဒီ့မှာ နှစ်ည သုံးညလောက် အဖွားတို့ အဒေါ် ဦးလေးတို့နဲ့ နေပြီး မြို့ပေါ်ကို စက်ဘီးနဲ့ ပြန်တက်ကြပြန်ပါတယ်. ကျွန်တော်တို့ စီးဖြစ်ခဲ့တဲ့ စက်ဘီးလေးက မောင်ဗမာ စက်ဘီးပါ. ဘားတန်းပါတယ်. ကျွန်တော်က ငယ်သေးတော့ ဘားတန်းပေါ်မှာ ကိုယ်တစောင်းထိုင်တယ်. ကိုမိုးဆိုတဲ့ အစ်ကိုကြီးက နင်းတယ်. အနောက်က ကယ်ရီယာခုံပေါ်မှာ အစ်ကို (သို့) အမေ ထိုင်တယ်.

ရှေ့မှာထိုင်နေတော့ သွားနေတဲ့ စက်ဘီးရဲ့ ထူးခြားချက်ကို သတိပြုမိလာတယ်. အဲဒါနဲ့ပဲ စက်ဘီးနင်းနေတဲ့ အစ်ကိုကြီးကို တစ်ကြိမ်မှာတော့ မအောင့်နိုင်ဘဲ မေးမိလိုက်တယ်.

“ကိုမိုး. ရှေ့ဘီးက ဘာလို့ တဖြောင့်တည်းမသွားဘဲ ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက် ဖြစ်နေတာလဲ”

ကိုမိုးက တစ်ချက်ရယ်ပြီး ပြန်ဖြေပါတယ်.

“အစ်ကိုက ဘယ်ဖက်ကို နင်းလိုက်ရင် လက်တန်းကို ညာဖက်နည်းနည်းယိမ်းပေးရတယ်. အဲဒီ့လိုပဲ ညာဖက်ကို ဖိနင်းလိုက်ရင်လည်း ဘယ်ဖက်ကို နည်းနည်းယိမ်းပေးရတယ်.”

“ဘာဖြစ်လို့ တဖြောင့်တည်း နင်းလို့မရတာလဲ…”

“ဟန်ချက်ပေါ့ ငါ့ညီရာ…. ဟန်ချက်ပေါ့. ဒါမှ လဲကျမသွားမှာပေါ့.”

သူပြောတဲ့ ဟန်ချက်ဆိုတာကို ကျွန်တော် သိပ်နားမလည်နိုင်ခဲ့သေးပါဘူး. အဲဒီ့တုန်းက ကျွန်တော်မှတ်သားထားလိုက်မိတာကတော့ ဘယ်နင်းရင် ညာယိမ်း၊ ညာနင်းရင် ဘယ်ယိမ်း… ဒါပါပဲ.

ရွာမှာတုန်းကလည်း စက်ဘီးစီးသင်ဖို့ အဲလောက် အခြေအနေမပေးခဲ့ပါဘူး. စိတ်သိပ်မ၀င်စားခဲ့တာလည်း ပါမယ်ထင်တယ်. ဘုန်းကြီးကျောင်းသားဘ၀နဲ့ နေ့ခင်းဆို စာအံလိုက်၊ ညနေခင်းဆို ရေထမ်းလိုက်၊ ဘောလုံးကန်လိုက်၊ ပုရစ်တူးလိုက်၊ ပုစွန်လုံးနှိုက်လိုက်၊ ကျီးသားရိုက်လိုက်၊ ရှဉ့်တွေကို လေးခွနဲ့ ပစ်လိုက်၊ မန်ကျည်းသီးမှည့်တွေကို ခူးစားလိုက်၊ ရွာရိုးကိုးပေါက် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားလိုက်နဲ့ ပါပဲ.

နောက် တစ်လလောက်နေတော့ ကိုရင်ဖြစ်တယ်. ကိုရင်ဘ၀နဲ့ တစ်ဝါဆိုခဲ့တယ်. တစ်ဝါဆိုတယ်ဆိုတာ တစ်နှစ်ပြည့်အောင် ၀တ်ရတာကို ဆိုလိုတာပေါ့. ဒါပေမယ့် ၀ါအ၀င်က စပြီး ကိုရင်ဝတ်တယ်. ပြီးတော့ ၀ါထွက်ချိန်ကျမှ လူပြန်ထွက်ရင်လည်း တစ်ဝါရတယ်လို့ ပြောလို့ရပါတယ်. အဲဒီ့နှစ်က ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တစ်ဝါစီ ရခဲ့ကြတယ်.

ကျွန်တော့်ရဲ့ ကိုရင်ဝတ်တုန်းက ဘွဲ့နာမည်က ၀ါရမိန္ဒပါ…. ခုထိ မှတ်မိနေသေးတယ်. ဘာအဓိပ္ပါယ်လဲ ဘုန်းဘုန်းလို့ ပြန်မေးတော့ ဇွဲကြီးသောသူတဲ့…



ကိုရင်ဘ၀တုန်းမှာလည်း မြို့ပေါ်ကို နွားလှည်းနဲ့ဖြစ်စေ၊ စက်ဘီးနောက်က ထိုင်ပြီးတော့ဖြစ်စေ သွားကြပါသေးတယ်. ကိုရင်တွေ ဖြစ်သွားပြီဆိုတော့ အိမ်မှာ အိပ်လို့ မရတော့ပါဘူး. ကျောင်းတိုက်မှာပဲ အိပ်ရပါတယ်. ညနေ ၆ နာရီလောက်ဆို ဘုရားဝတ်တက်ပြီး ၇ နာရီလောက်မှာ အားလုံး အိပ်ရာဝင်ကြတာ ကျွန်တော်တို့လို မြို့သားတွေအတွက်တော့ အထူးအဆန်းလို ဖြစ်နေပါတယ်. တစ်ကျောင်းလုံးလည်း လျှပ်စစ်မီးမရှိတော့ မှောင်အတိကျလို့ပေါ့. ဘုရားစင်ပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်လေးကို ကြည့်ရင်း အိပ်ပျော်အောင် ကြိုးစားအိပ်ခဲ့ရတာ၊ တစ်ယောက်နဲ့တစ်ယောက် အသံခပ်အုပ်အုပ်လေးနဲ့ စကားတွေ ပြောကြတာ၊ ကိုယ့်ခေါင်းအုံးနဲ့ သူ့ခေါင်းအုံး မှားအုံးမိရင် ဒက်တွေ ကူးမှာစိုးလို့ တဖုတ်ဖုတ်ခါပြီး ပြောင်းပြန်လှန် အုံးကြတာ၊ ကိုရင်ဖိုးတုတ်ဆိုတဲ့ ကိုရင်ကြီးက ‘ကိုရင်တွေ!!!!’ ဆိုပြီး လှမ်းဟန့်လိုက်ရင် ခေါင်းလေးတွေ ပုဝပ်ပြီး သင်္ကန်းစကို ခြုံခါ အိပ်ပျော်ချင်ယောင် ဆောင်ကြရတာလေးတွေဟာ ခု ပြန်တွေးကြည့်ရင် မမေ့နိုင်တဲ့ ငယ်ဘ၀ အဖြစ်အပျက်လေးတွေပါပဲလေ…

မြို့ပေါ်က အဖေ့အသိတွေက ကိုရင်လေးတွေကို ဆွမ်းစားပင့်တယ် ဆိုပြီး လာဖိတ်ရင်လည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရယ်၊ ၀မ်းကွဲအစ်ကိုတွေရယ် မြို့ပေါ်ကို သင်္ကန်းစလေးတွေ လားလားလားလားနဲ့ ကြွမြန်းကြပါသေးတယ်. အဲဒီ့ နတ်ကန်နဲ့ ၀မ်းတွင်းတောလမ်းလေး ကြားထဲမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်. အကြီးကြီးမှ အကြီးကြီးပဲ. အဲဒီ့နားကိုရောက်ရင် ကျွန်တော်တို့အားလုံး စကားပြောနေရင်တောင် တိတ်ဆိတ်သွားပြီး လမ်းမြန်မြန်လျှောက်ဖို့ပဲ အာရုံစိုက်မိကြတယ်.

ပေးထားတဲ့ နာမည်ကိုလည်း ကြည့်ပါဦး

“ဆွဲကြိုးချပင်” တဲ့လေ….

မိန်းမတစ်ယောက် ယောင်္ကျားမရှိဘဲ ဗိုက်ကြီးရာကနေ အရှက်ရပြီး အဲဒီ့သစ်ပင်ပေါ်ကနေ ဆွဲကြိုးချသေလို့ ဆွဲကြိုးချပင်ဆိုပြီး ခေါ်ကြတာတဲ့…. ညနေ နေ၀င်ရီတရောအချိန်တွေမှာဆိုရင် တစ်ခါတစ်လေ ညောင်မြစ်ကြီးပေါ်မှာ မိန်းမတစ်ယောက် ထိုင်ထိုင်နေတတ်တာကို တွေ့ရတတ်သတဲ့… ညဖက် မိုးကြီးချုပ်လို့ အဲဒီ့အောက်က ဖြတ်ပြန်ရင်လည်း နောက်ကနေ တစ်ယောက်ယောက်လိုက်လာသလို ခြေသံတွေ ကြားရတတ်သတဲ့…

ဟုတ်မဟုတ်တော့မသိဘူး. သေချာတာကတော့ အဲဒီ့သစ်ပင်ကြီးနားရောက်ရင် ကျွန်တော်တို့ စက်ဘီးလဲမှာ အရမ်းကြောက်ကြတယ်. ဖြစ်ချင်တော့ အဲဒီ့နားကျမှ သဲကလည်း ၀ပ်လိုက်တာ လွန်ပါလေရောဗျာ…

စက်ဘီးတော့ အလဲမခံနိုင်ဘူး. မြေကိုင်မှာစိုးလို့လေ. (မြေကိုင်တယ်ဆိုတာ အဲဒီ့လို တစ္ဆေသရဲ၊ နာနာဘာဝတွေ ရှိတယ်လို့ နာမည်ကြီးတဲ့နေရာမျိုးမှာ ချော်လဲမိပြီး အပြင်းဖျားတတ်တာ၊ အခန့်မသင့်ရင် ကယောင်ကတမ်းအော်ဟစ်ပြီး အသက်ပါ ပါသွားတတ်တာမျိုး၊ အရပ်သုံးစကားနဲ့ ပြောရရင် အပမှီတာမျိုးပေါ့…)

ကျွန်တော်တို့က မြေကိုင်မှာ၊ အပမှီမှာ ကြောက်ကြတော့ အရဲစွန့်ပြီး စက်ဘီးကို ဇွတ်မနင်းကြဘူး. အဲဒီ့နားရောက်ရင် ဆင်းတွန်းကြတယ်. တစ်ယောက်နဲ့ တစ်ယောက် စကားလေး တပြောပြောနဲ့သာနေတာ ကိုယ်စီရင်ထဲမှာတော့ တစ်စုံတစ်ခုများ ဘွားခနဲ ကိုယ့်ရှေ့က ပေါ်လာမလားဆိုပြီး စိုးရွံ့နေတတ်ကြတာလေ… အဲလိုအချိန်မှာများ နောက်တတ်ပြောင်တတ်တဲ့ တစ်ယောက်ယောက်က “ဟေးးးးးးးးးး” ဆိုပြီး ထအော်လိုက်ရင် အဲဒီ့ကောင်ကို ၀ိုင်းပြီး နာပန်ကျင်းကြတော့တာပဲ… ရယ်တော့လည်း ရယ်ရသား…

(ဆက်ပါဦးမည်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Source:

Pic 1

Pic 2

Monday, June 29, 2009

ပညာနှင့်တူသော အလင်းရောင်သည် မရှိ....

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော် စာမရေးဖြစ်တာ နည်းနည်းကြာသွားတယ်. စိတ်နည်းနည်းရှုပ်နေတာကို ရှင်းထုတ်နေတာနဲ့ အရှင်းလွန်ပြီး ဘလော့ဂ်ရေးမယ့် မုဒ်ကိုပါ ရှင်းမိသွားတယ်ဗျ. :) ကျွန်တော့်ရဲ့ စိတ်ဘက်ထရီလည်း ပြန်အားပြည့်လာပြီမို့ စာပြန်ဆက်ရေးဖြစ်ပါဦးမယ်.

လောလောဆယ် ကျွန်တော့်မှာ တာဝန်တစ်ချို့ ရှိနေတယ်. အဲဒါကို ကျွန်တော် အရင်ရှင်းပါရစေ...

ဒီနေရာမှာ ကိုဂျေဂျူဝိုင် တင်ထားတဲ့ ပို့စ်လေးကို မဖတ်ရသေးရင် ဖတ်ကြည့်ပေးပါ. အကြောင်းအရာကတော့ ဆရာတော် ဦးကောဝိဒရဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အခမဲ့ ကွန်ပြူတာနည်းပညာ သင်တန်းများ အကြောင်းနဲ့ လိုအပ်နေတဲ့ ပစ္စည်းလေးတွေ အကြောင်းပါ.

ဆရာတော် ဦးကောဝိဒကို ကျွန်တော်သိခဲ့တာ၊ ရင်းနှီးခဲ့တာ သိပ်မကြာသေးပါဘူး. အွန်လိုင်းကနေပဲ တဆင့် သိခဲ့တာပါ. သိပ်ကို စေတနာပြည့်ဝကောင်းမွန်တဲ့ ရဟန်းပျိုတစ်ပါးဖြစ်ပါတယ်. လူတစ်ယောက်အကြောင်း (သို့) သံဃာတော်တစ်ပါးအကြောင်းကို ဘယ်လိုဘယ်ပုံ ဖြစ်ပါတယ်ဆိုပြီး အမွှန်းတင် ချီးကျူးပြောဆိုနေတာထက် သူ ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လိုတွေ အဆင်းရဲပင်ပန်းခံခဲ့တယ်၊ ဘယ်လိုတွေ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာနဲ့ပဲ အကဲဖြတ်ရင်ကို လုံလောက်နေပါပြီ.

ဒီပို့စ်လေးကိုလည်း ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်. ဆရာတော်အတွက် လိုအပ်နေတဲ့ ကုဋီ (အိမ်သာ)ကို လှူသွားပေးတဲ့ အလှူရှင် ဆရာတော်တစ်ပါး အကြောင်းဖြစ်ပါတယ်.

ဒါကတော့ နောက်ဆုံးရထားတဲ့ updated လိုအပ်ချက်လေးတွေပါ. စုပေါင်းစပ်ပေါင်းလှူသည်ဖြစ်စေ၊ အထွေထွေန၀ကမ္မအတွက် လှူသည်ဖြစ်စေ၊ လိုအပ်တဲ့ပစ္စည်းတစ်ခုလုံးကို တစ်ယောက်တည်းကပဲ တာဝန်ယူပြီး လှူသည်ဖြစ်စေ မိမိတို့ရဲ့ စေတနာ သဒ္ဒါတရားပြဋ္ဌာန်းသလောက် လှူနိုင်တန်းနိုင်ကြပါတယ်.

လာမယ့် ဇူလိုင် (၉)ရက်နေ့ဟာ ဆရာတော်ဦးကောဝိဒရဲ့ မွေးနေ့ပါ. အဲဒီ့အတွက် အမှီကျွန်တော်တို့ ပြည်တွင်းပြည်ပ ဘလော့ဂါများ၊ စာဖတ်သူများနှင့် စေတနာရှင် မိဘပြည်သူများက တတ်နိုင်သလောက် တစ်ပြားတစ်ချပ် နည်းသည်များသည်မဟူ ကူညီလှူဒါန်းရင်း ပညာဒါန ဖြည့်စွမ်းနိုင်ကြပါစေလို့ အများအကျိုးမျှော်ပြီး နှိုးဆော်လိုက်ရကြောင်းပါ ခင်ဗျား....

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

၁။ ဦးကောဝိဒ (kovida9@gmail.com)
၂။ ပီကေ (pikay@myanmarbloggers.org)
၃။ ညီလင်းဆက် (http://blog.nyilynnseck.com)
၎။ မျက်လုံး (thethtoo@gmail.com)
၅။ မင်းယွန်းသစ် (minnyoonthit@gmail.com)
၆။ အရုပ်ကလေး (idulize@gmail.com)

ဘုန်းဘုန်းဆီ ပြည်တွင်းမှ လွှဲချင်သူများ အနေနဲ့ ဒီကိုလွှဲလို့ရပါတယ် ခင်ဗျာ။

မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917

(ဒီအပေါ်က Contact list ကို ကိုပီကေပို့ပေးတဲ့ Bcc email ကနေတစ်ဆင့် ဖြတ်ညှပ်ယူပြီး ဖော်ပြထားတာ ဖြစ်ပါတယ်.)

လှူဒါန်းနိုင်သည့် လမ်းကြောင်းများ

(၁)ပြည်တွင်းတာဝန်ခံမှတဆင့် ငွေလွှဲခြင်း

နိုင်ငံစုံကနေ လှူဒါန်းကြမှာ ဖြစ်လို့ ပြည်တွင်းက တာဝန်ခံတွေအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်လေးတွေကို ထည့်သွင်းဖော်ပြထားပေးနိုင်မယ်ဆိုရင် ပိုကောင်းပါမယ်. ဒါမှ နယ်သာလန်က အလှူရှင်ကလည်း မိမိတို့ရဲ့ အဆက်အသွယ်နဲ့ ပြည်တွင်းကို ငွေလွှဲ၊ အဲဒီ့အဆက်အသွယ်က ပြည်တွင်းက တာဝန်ခံကို ဆက်သွယ်၊ တာဝန်ခံကနေတဆင့် မန္တလေးကို လွှဲရုံပါပဲ. အဲဒီ့အတွက် ဘယ်သူတာဝန်ခံမလဲဆိုတာ ကျွန်တော် ပြည်တွင်းကို အကူအညီတောင်းထားပါတယ်. သိတာနဲ့ ဖော်ပြပေးပါမယ်.

(၂)မိမိတို့ အိမ်သားများမှတဆင့် တိုက်ရိုက်ငွေလွှဲခြင်း

နိုင်ငံခြားကနေ ကိုယ့်အိမ်ကို ခါတိုင်းငွေလွှဲသလိုပဲ လွှဲပေးပါ. အိမ်က မိသားစုကတဆင့် မန္တလေးကို လွှဲပေးပါ.

အလှူရှင်တွေရဲ့ စာရင်းတွေကို ကိုဂျေဂျူဝိုင်ရဲ့ ဘလော့ဂ်နဲ့ မ၀ါဝါခိုင်မင်းတို့ရဲ့ ဘလော့ဂ်များမှာ ဖော်ပြပေးထားပါတယ်. Update ရလာသမျှကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ.

သီးသန့်မေးမြန်းစုံစမ်းလိုသူများအနေနဲ့ aungyan@gmail.com ကို စာရေးမေးမြန်းနိုင်ပါတယ်. Subject Title ကို Donation FAQ လို့တပ်ပေးပါခင်ဗျာ.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ခင်မင်လေးစားလျက်

ရန်အောင်

Monday, June 08, 2009

ဝိုးတ၀ါး...



အိပ်ချင်ပါတယ်ဆိုခါမှ
ငါ့မျက်ဝန်းတွေ ခိုးယူခံလိုက်ရတယ်.
ဘယ်တော့များမှ ငါ့အိပ်မက်တွေ
အိပ်ရေးဝမလဲတွေးရင်း
မျက်စိမမှိတ်ဘဲအိပ်တတ်အောင်
မျက်စိမပါဘဲ အိပ်နိုင်အောင်
ကြိုးစားနေတဲ့ငါ့ကို
အမြင်မပွင့်လင်းတဲ့သူ တဲ့လေ…

မြတ်နိုးမိပါတယ်ဆိုခါမှ
ငါ့မေတ္တာတွေ ရေစုန်မျောခံလိုက်ရတယ်
ဘယ်တော့များမှ ငါ့ချစ်ခြင်းတွေ
အသိအမှတ်ပြုခံရမလဲ မျှော်လင့်ရင်း
အချစ်မပါဘဲနေတတ်အောင်
အချစ်မရှိဘဲနေနိုင်အောင်
လျစ်လျူရှုကြည့်နေတဲ့ငါ့ကို
နှလုံးသားမရှိတဲ့သူ တဲ့လေ…

နှုတ်ဆက်ချင်ပါတယ်ဆိုမှ
သံယောဇဉ်တွေနဲ့ ငါ့ကို တားမြစ်ထားတယ်.
ဘယ်တော့များမှ ဒီဆင်းရဲတွေ
ကျော်လွန်ဖြတ်သန်းနိုင်မလဲ အဖြေရှာရင်း
ခပ်ဝေးဝေးပျံသန်းနိုင်အောင်
ဘယ်တော့မှ ပြန်မတွေ့နိုင်အောင်
အတောင်ပံတွေဖြန့်သန်းနေတဲ့ငါ့ကို
ရက်စက်တတ်တဲ့သူ တဲ့လေ…

ချစ်သူရေ…
ဒီ အရုဏ်မကူးခင်မှာ
ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့
မဟုတ်ရင် မင်းရဲ့ ဥပေက္ခာအောက်မှာ
ငါ ဒူးထောက်ရင်း သေဆုံးသွားနိုင်လို့ပါ.
အို… မဟုတ်သေးဘူး.
တကယ်တော့ ငါဟာ သေဆုံးနေခဲ့ပြီးပြီပဲ…
ငါ့ရဲ့ ချစ်ခြင်းဝိညာဉ်တွေ
မင်းဘေးနားမှာ ဆက်လက်ခစားနေမြဲဆိုတာ
ငါသိပ်ချစ်ရတဲ့ မင်းတစ်ယောက်
သိမှသိပါလေစ….

ခုတော့လည်းငါ
မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ ဒူးထောက်ခစားတတ်ပြီ..
ကျေနပ်တော့ ချစ်သူရယ်…

အမှတ်မထင် လွင့်ကြွေကျလာမယ့်
မင်းရဲ့ အပြုံးပန်းလေးတစ်ချက်အတွက်နဲ့
သက်မဲ့နေ့ရက်များစွာကို ငါရင်ဆိုင်ဝံ့တယ်...
ငါရင်ဆိုင်နေဆဲပါ ချစ်သူ...

~ရေခဲငှက်~

Photo Credit

Wednesday, June 03, 2009

တဒင်္ဂအလွမ်းများ



ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

ပြည့်နှက်နေတဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်ထဲ တိုးတိတ်စွာ စီးဝင်ကွယ်ပျောက်ပါစေ…
ချစ်သူမြင်ရင် ရင်နာမှာစိုးလို့ပါ.
နှောင်ကြိုးမဲ့စွာ ပျံသန်းတော့လေ…

တင်းကြပ်နေတဲ့ ဒီ ခံစားချက်တွေ
ဒီကဗျာသံစဉ်လေးထဲ အဆီးအတားမဲ့စွာ ဖြေလျော့နိုင်ပါစေ
ချစ်သူကြားရင် ထွေပြားမှာစိုးလို့ပါ
ပိုင်နိုင်စွာ ထားရစ်ခဲ့တော့လေ…

နွမ်းလျနေတဲ့ ဒီ မျှော်လင့်ခြင်းတွေလည်း
စည်းတစ်ဖက်မှာ တိုးလျှိုးလို့ ပုန်းကွယ်နိုင်ပါစေ
ချစ်သူသိရင် တွယ်ငြိမှာစိုးလို့ပါ
ပြတ်သားစွာ နှုတ်ဆက်ခဲ့တော့လေ…

မကြင်သာသည် ကွယ်ရာမှပဲ လွမ်းတော့မည်လို့ပဲ ဆိုဆို
မမြင်သာသည် တွယ်တာသမျှပဲ ကျွမ်းတော့မည်လို့ပဲ ပိုပို
နာနာကြင်ကြင် လွမ်းဆွတ်နေမိဆဲပါ ချစ်သူရယ်…
ကိုယ် မခံစားနိုင်ဘူး…
ဒီအချိန်မှာ သာမန်စကားလုံးတွေကိုလည်း
ကိုယ့်ဦးနှောက်ထဲမှာ ခနဲ့သံတွေလို့ပဲ မြင်နေမိတယ်.
ထားရစ်ခဲ့ဝံ့မှတော့ အသည်းမာတတ်ရတော့မှာပေါ့..



ကိုယ်မျှော်နေမိပါတယ်.
ဒါပေမယ့်
မလာပါနဲ့တော့…
မွတ်သိပ်စွာ တောင့်တနေမိပါတယ်.
ဒါပေမယ့်
မနမ်းပါနဲ့တော့…

ချစ်သူနဲ့အတူတူ မြစ်ကမ်းဘေးမှာ
ကဗျာတွေ စပ်ချင်သေးတယ်.
လွမ်းလည်းလွမ်းတယ်
မောလည်းမောတယ်.
လွမ်းမောဖွယ် ကိုယ်တို့ဇာတ်လမ်းတစ်ပုဒ်ပါပဲ ချစ်သူရယ်..
တဆတ်ဆတ်တုန်ခါနေတဲ့ ဒီနှလုံးသားမှာ
ဒဏ်ရာတွေဆိုတာလည်း တင်းကြမ်းပြည့်နေလေရဲ့..

တစ်ခုတော့ တောင့်တမိတယ်...
ချစ်သူဝင်လာခဲ့တဲ့ ဒီနှလုံးသားတံခါးပေါက်လေးကို
နှုတ်ဆက်တေးလေးတစ်ပုဒ်နဲ့တော့ ချွေးသိပ်ပေးခဲ့ပါ
မဆုံဖြစ်တော့တဲ့ ဒီအိမ်ငယ်လေးထဲမှာ
ချစ်သူ့လက်ဆောင်တေးသွားလေးကို ညတိုင်းဆိုနေချင်လို့…
လသာညတွေမှာ လွမ်းမယ်.
လမဲ့ညတွေမှာလည်း လွမ်းနေမယ်.
ချစ်သူမရှိတော့တဲ့ ကိုယ့်ဘ၀အတွက်
အချိန်အခါတွေ၊ နေရာဒေသတွေဆိုတာ
အစွဲအလမ်းသက်သက်ထက် မပိုတော့ပါဘူး.

ကြိုတင် သိနှင့်ပြီးသား
ဇာတ်သိမ်းခန်းတစ်ခုကို
မျှော်လင့်ချက် ၀ိုးတ၀ါးနဲ့ ကြိုးစားကပြခဲ့သူအတွက်
တအိအိနဲ့ ကျဆင်းလာတဲ့ ကန့်လန့်ကာကြီးက ပြောတယ်.
“တစ်ချို့မျှော်လင့်ခြင်းတွေက ဖိနပ်ပါပေမယ့် လမ်းမလျှောက်နိုင်ကြဘူး” တဲ့…



ကြားနေကြ အသံလေးတွေ
ကွယ်ပျောက်တိုးလျသွားတဲ့ ဒီညနေခင်းကို
ခွန်အားမဲ့စွာနဲ့ ကိုယ်ငေးကြည့်နေမိတယ်…
ကြယ်စင်တွေ အလျှိုလျှိုနဲ့ ကောင်းကင်ထက်မှာ
လင်းလက်လာခဲ့ကြတယ်.
ကိုယ်ကတော့ ၀င်သွားတဲ့ ချစ်သူနေမင်းကြီးကို
တမ်းတရင်း ငိုကြွေးနေတုန်းပဲ…

အို… သခင်..
ရက်စက်စွာ ပြုံးတတ်သော..
ညင်သာစွာ နာကျင်စေတတ်သော…
လှည့်ကွက်များဖြင့် ဆက်လက်ပြုစားတော်မူပါ
သွေးစက်ယိုစီးနေသော ကျွန်ုပ်၏
နှလုံးသားစင်မြင့်ပေါ်တွင်
ပျော်ရွှင်စွာ ကခုန်လှည့်ပါလင့်….

ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

~ရေခဲငှက်~

Photo Credit