Monday, December 17, 2007

Blogger အတွက် Wordpress Themes


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ခုတလော ကိုသင်္ကြန်တို့၊ ကို Thinker တို့၊ ကိုမှော်ဆရာတို့က Wordpress Template တွေအကြောင်း တော်တော်လေး ဆွေးနွေးနေကြတာကို တွေ့ရပါတယ်. ကျွန်တော်တောင် စိတ်ပါလာတယ်.(ဩော်. Wordpress ဖက်ပြောင်းဖို့ကို ပြောတာပါ. ဟတ်ဟတ်.)

ကဲ. Wordpress ဖက်ကို မသွားချင်သေးဘူး. Blogger မှာပဲ Wordpress Themes လေးတွေနဲ့ စမ်းသပ်ကြည့်ချင်သေးတယ် ဆိုရင်တော့ ဒီဆိုဒ်လေးကို သွားကြည့်လိုက်ပါခင်ဗျာ.

http://thaslayer.com/category/templates/

ဘယ်လိုပုံစံလေး နေမလဲသိချင်ရင်တော့ ဟောဒီ့ အင်္ဂလိပ်ဘလော့ဂ် လေးကို အစမ်းသဘောအနေနဲ့ ကြည့်နိုင်ပါတယ် ခင်ဗျာ.

အားလုံးပဲ အဆင်ပြေကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်

ရတုချနည်းများ အကြောင်း...


ရတုချနည်း ၂၈ ပါး ရှိတယ်လို့ မှတ်သားဖူးပါတယ်. ဘာတွေလဲဆိုတော့

(၁) ထူးဆန်းထွေလာ
(၂) အညွန့်မဲ့ (၀ါ) မီးထင်းစ
(၃) ကက္ကုဆူးချီ ကက္ကုဆူးချ
(၄) စာကျိုး
(၅) စာတုံး
(၆) ဘီလူးရယ်
(၇) ညွန့ှ်ရှင်
(၈) စာဆန်း
(၉) ပေါက်ပြ
(၁၀) ငုံဖူး
(၁၁) ပုလဲသွယ်
(၁၂) လည်ကုပ်ချီ
(၁၃) အဖျားကောက်
(၁၄) စမ္ပယ်ချီ စမ္ပယ်ချ
(၁၅) မြင်းဆက်ခွ
(၁၆) ရွှေလောင်းပြန်
(၁၇) သော်တာရောင်
(၁၈) နေရောင်ခြည်ပေး (၀ါ) ညွန့်လန်း
(၁၉) ဖျောက်ဆိပ်လလယ်
(၂၀) ညွန့်ဟုံ
(၂၁) ခိုင်ညွတ်ဖြာ
(၂၂) မဏိဆံကျင်
(၂၃) အာသာဝတီဝတ်ဆံ
(၂၄) မဏိဦးပြည်း
(၂၅) ဇော်တစ်ခိုင်လုံး
(၂၆) မပြတ်ကေသာ
(၂၇) ဇမ္ဗူ့သပြေသီး
(၂၈) ချိန်ခွင်လျှာ

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒါတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်ကြိုးစားရှာဖွေ မှတ်သားချင်ပေမယ့် ဘယ်လိုမှ မတွေ့နိုင်ဖြစ်နေပါတယ်.

ကူညီပေးနိုင်မယ့် စာဆိုပညာရှင်များကို သိရှိလျှင် တစ်ဆင့် မေးမြန်းပြန်ကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ.

ဦးဝမ်ထိန် ပြုစုရေးသားတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေ၀လင်္ကာသစ်ကြီး စာအုပ်ထဲမှာတော့ ရတုချနည်း တစ်ချို့ကို ဆွေးနွေးထားတာ ၀မ်းသာအားရ ဖတ်ရပါတယ်. ဒါပေမယ့် ကျန်တဲ့ ရတုချနည်းလေးတွေကို ဆည်းပူးလေ့လာချင်လို့ သိတတ်ကျွမ်းတဲ့ မည်သူမဆို ဆွေးနွေးပို့ချပေးဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ.

ဒါကတော့ ရတုချနည်းတစ်ချို့ကို ဦးဝမ်ထိန်က ဆွေးနွေးထားတာပါ.

(၁) … နတ်စောင်းလကာင်္၊ ဤကျမ်းစာသည်။ ။ ကြားနာမ၀၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့် အကျိုးတည်း။
(၁၅ လုံးချ မဏိဥပြည်းချနည်း)

(၂) … နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ် အကျဉ်းတည်း။
(၁၁ လုံးချ အာသာဝတီဝတ်ဆံချနည်း)

(၃) … လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီ တကား။
(ကား နှင့်ချသော နေရောင်ခြည်ပြေး ချနည်း)

(၄) … ပူဆာလွန်ကဲ၊ တရဲရဲသည်။ ။ လောင်စွဲတချေချေနှင့်သာ တမုံ့။
(၉ လုံးချ မဏိဆံကျင်ချနည်း)

(၅) … ဝေးကွာတစေစေနှင့်သာ တမုံ့။ … ချောက်ချားတမွှေမွှေနှင်သာ တမုံ့။ … ဆင်းရဲတပေပေနှင့်သာ တမုံ့။
(“နှင့်သာတမုံ့” ဟူ၍ သတ်တူသံတူ ကာရန်ချပြီး စပ်ဆိုသော သော်တာရောင်ခြည်ချနည်း)

(၆) … ကွင်း၍ သေရတတ်ဘိမူ။ … ကင်း၍ကွေရ တတ်ဘိမူ။ … ရှင်း၍နေရ တတ်ဘိမူ။
(“ရတတ်ဘိမူ” ဟူ၍ သတ်တူသံတူ ကာရန်ချပြီး စပ်ဆိုသော ရွှေလောင်းပြန်ချနည်း)

(၇) … ဘယ်ရွေ့နေရမည်မသိ။ … ဘယ်နေ့ သေရမည် မသိ။
(“ရမည်မသိ” ဟူ၍ ချသော သော်တာရောင် ချနည်း။ အသတ်မဲ့သောကြောင့် “ပေါက်ပြဲချနည်း” ဟုလည်း ခေါ်သည်။ “ဖျောက်ဆိပ်လလယ်ချနည်း” ဟုလည်း ခေါ်သည်။ ၂ ပိုဒ်စလုံး ပိုဒ်ရေ ၈၀ စီညီ၍ “ထူးဆန်းထွေလာချနည်း” ဟုလည်း ခေါ်၏။x

(၈) … ကျမ်းညီဖြောင့်တန်းစေပြီး၍။ …. ခန္ဓာခိုင်ကျမ်းစေပြီး၍။ … လိုရာရည်မှန်းစေပြီး၍။ … နှလုံးရွှင်လန်းစေပြီး၍။
(ဤလေးပိုဒ်ကား “၍” နှင့်ချည်း ချသဖြင့် “ပုလဲသွယ်ချနည်း” ဟုခေါ်၏။)

(၉)
… လောကီကိုးရာ … ဦးထက်ဆင်ရသည်ဘုရား။
… ဗောဓိမျိုးလျာ … ဗိုလ်ပေါင်းရွှင်ပျသည်ဘုရား။
… မောဠိစိုးကာ .. မတ်များတင်ကြသည်ဘုရား။
(ဤသုံးပိုဒ်ကား ပထမပဒလုံးပိုဒ်စုံ၊ ၈၇ ပိုဒ်စီ ပါသဖြင့် “ထူးဆန်းထွေလာချနည်း” ဟု ခေါ်ဆို၏။)

(၁၀)
… တော်ဒူးစနည်း … သေတွင်း ငုတ်ငုတ်ဝင်တကား။
… ပေါက်ထီးမုန်ပြောင် … သေခြင်း ပြုတ်ပြုတ်စင်တကား။
… ရှစ်ဆယ်သံတောင် .. သေမင်း ဖြုတ်ဖြုတ်ငင်တကား။
(ဤသုံးပိုဒ်သည် ကိုယ်လုံးပြည့်ချ၊ နေရောင်ခြည်ပြေးချ၊ ညွန့်လန်းချနည်းများ ဖြစ်၏။)

(၁၁) … မဟုတ်လောဟု၊ သဘောအလို … ပါယ်တွင်နစ်သည် မဟုတ်လော။
(ဤကဲ့သို့သော ချနည်းကို စမ္ပယ်ရှေ့ချီနောက်ချနည်း ဟုခေါ်သည်။)

(၁၂) မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။ ။
(ဤချနည်းမှာ ၃၅ လုံးပါသောကြောင့် ဇမ္ဗူ့သပြေသီးချနည်း ဟုခေါ်တွင်သည်။)

…


ကဲ. အဲဒါပါပဲဗျာ.

ဟိုစပ်စပ် ဒီစပ်စပ်လေးတွေတော့ တွေ့ရပါတယ်. ဒါပေမယ့် အသေးစိတ်ကို ဆွေးနွေးထားတာလေးတွေ လေ့လာချင်လို့ပါ.

မိမိနဲ့နီးစပ်ရာ စာပေပညာရှိတွေကို မေးမြန်းပြန်ကြားပေးနိုင်ရင်၊ မိမိကိုယ်တိုင် မသိခဲ့ရင်တောင် ဘယ်လိုစာအုပ်မျိုးတွေ လေ့လာဖတ်ရှုသင့်တယ်လှို့ အကြံပြု ဆွေးနွေးပေးနိုင်ရင် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Sunday, December 16, 2007

မြန်မာစကားထဲက နံပါတ်လေးများ...


ဘာရယ်မဟုတ်ဘူးဗျာ.

လူမျိုးခြား ဘာသာစကားကို လေ့လာနေရင်း ကိုယ့်မြန်မာစကားရဲ့ နက်နဲဆန်းကြယ်မှုလေးတွေကိုလည်း အမှတ်တရ သတိထားနေမိခဲ့တယ်.

အဲဒီ့ထဲက ထူးဆန်းတာလေးတွေ ပြောပြဆွေးနွေးချင်လို့ပါ.

နံပါတ်တွေနဲ့ ပတ်သက်တာပေါ့လေ.


အရိပ်သုံးပါးဆိုတာ ဘာလဲ

တောသုံးတောင် ဆိုတာကရော ဘာတောတွေလဲ.

ထွေရာလေးပါး ဆိုတာကရော ဘယ်လိုဖြစ်လာရတာလဲ.

ခြောက်တီးခြောက်ချက် ပြောတယ်လို့ ဆိုပြန်တယ်ဗျာ

သူ့မိန်းမအကြောင်းမပြောနဲ့. ရှစ်စပ်က ဂျင်လည်တဲ့ မိန်းမမျိုး…

သူ့ဗလကြီးက ကျားကိုးစီးစားလို့တောင် မကုန်နိုင်ဘူး.

အလောသုံးဆယ် မလုပ်နဲ့ မှားတတ်တယ်တဲ့

ဟာ ဘာတွေလဲကွာ. ပေါက်ကရလေးဆယ်တွေ လာပြောနေတယ်.

အဲဒီ့လူက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ယောင်ခြောက်ဆယ်လုပ်နေတာပါကွာ ဆိုပြန်ရော

ဒါပဲပြောနေတာ ဖန်တစ်ရာတေနေပြီ. တော်ပါတော့

ရှိဦးမှာပါလေ.

မိတ်ဆွေတို့က သိရင်လည်း နည်းနည်းလေးလောက် မျှဝေဆွေးနွေးပေးပါဦး. ဘာဆိုလိုတာလဲ. ဘာကြောင့်လဲဆိုတာပါ ရှင်းပြပေးနိုင်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပါပဲဗျာ.

ကျေးဇူးကမ္ဘာပါ.

Zawgyi Converter Box လေး လိုချင်သူများအတွက်


ဒီဘောက်စ်လေးက မြန်မာလို ဖတ်လို့ရအောင် ပြောင်းပေးတဲ့ Converter box လေးပါ.





ကျွန်တော့်ရဲ့ ဘလော့ဂ်က ဆီဘောက်စ်အောက်နားလေးမှာ Zawgyi Converter ဆိုပြီး Text Box လေးတစ်ခု ထားထားတာ သတိပြုမိကြမှာပါ. အဲဒါလေးက အရေးပေါ် စာဖတ်လို့ရအောင် လုပ်ထားတာပါ.

ရုံးတို့ ကျောင်းတို့မှာ ဖောင့်ထည့်ခွင့်မပေးတဲ့ ကွန်ပြူတာကို သုံးရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်တဲ့စာလေးတွေကို ကော်ပီကူးယူခဲ့ပြီး အဲဒီ့ Text Box လေးထဲကို paste လုပ်လိုက်တာနဲ့ ဇော်ဂျီဖောင့်လေးတွေ ပေါ်လာအောင် လုပ်ထားတာပါ.

Textarea ဆိုတာကတော့ စာရိုက်လို့ရအောင် လုပ်ထားတဲ့ coding လေးတစ်ခုပါပဲ. Rows ကို နံပါတ်တိုးပေးရင် box လေးရဲ့ အနံပိုကြီးလာပါလိမ့်မယ်. Width ကို အတိုးအလျှော့ လုပ်ကြည့်ရင်တော့ အလျားကျဉ်းတာကျယ်တာ ဖြစ်လာပါလိမ့်မယ်.

စမ်းကြည့်ပါခင်ဗျာ.

<textarea rows="6" lang="my" style="font-size: 10pt; font-family: Zawgyi-One; font-weight: normal; width:300px" wrap="VIRTUAL"></textarea>

ဒီ coding လေးတွေကို ပထမဦးဆုံး မသဉ္ဇာရဲ့ ဘလော့ဂ်ကနေ ကူးယူလာခဲ့တာပါ.

ဘာပဲဖြစ်ဖြစ်. ကျွန်တော်ကတော့ ပြန်ပြီး မျှဝေလိုက်ပါပြီ. အားလုံးပဲ ဥာဏ်ရှိသလို သုံးစွဲနိုင်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

အဟိံသ၏ နောက်ကွယ်၌….


တစ်ခါတုန်းကပေါ့…

လေနတ်သားနဲ့ နေနတ်သားတို့ ကောင်းကင်တစ်နေရာမှာ တွေ့ဆုံကြပါလေရော…

လေနတ်သား။ ။ ငါက မင်းထက် အင်အားကြီးမားတယ်. ဘယ်အရာမဆို၊ ဘယ်လို အတားအဆီးမျိုးကို မဆို ဖြိုခွဲဖျက်ဆီးနိုင်စွမ်းရှိတယ်. မင်းကတော့ နေပူရုံပဲ ပူတတ်တာ. ဒီကြားထဲ မိုးတိမ်တွေအုံ့ဆိုင်းသွားရင် မင်းရဲ့ အလင်းရောင် ပျောက်ကွယ်သွားနိုင်သေးတယ်. ဒါကြောင့် ငါဟာ မင်းထက် အင်အားကြီးမားသာလွန်တယ်ဆိုတာ မင်းလက်ခံရမယ်.

နေနတ်သား။ ။ အဲလောက်လည်း အပြောမကြီးနဲ့လေ. ဘယ်သူမဆို သူ့အထွာနဲ့သူ့အတိုင်းတော့ ရှိကြတာချည်းပဲ. ငါရှိနေလို့ ဒီကမ္ဘာလောကကြီးထဲမှာ သတ္တ၀ါတွေ အသက်ရှင်နေထိုင်နိုင်ကြတာ. သစ်ပင်တွေ၊ ရေမြေတောတောင်တွေ စိမ်းလန်းစိုပြည်နိုင်ကြတာ. ရှည်ရှည်ဝေးဝေးမကြည့်နဲ့ကွာ. ငါ့ရဲ့အလင်းရောင်ကို မရတဲ့ သတ္တ၀ါတွေ၊ အပင်တွေ ဘာဖြစ်ကုန်သလဲ. အကုန်လုံးညှိုးနွမ်း အားလျော့ပြီး ပျက်စီးကုန်ကြရတယ်. ဒါကြောင့် ငါဟာ သတ္တ၀ါတွေအားလုံးရဲ့ ကိုးကွယ်အားထားရာ အားတစ်ခုဖြစ်တယ်. ဒါကို မင်းနားလည်ထားသင့်တယ်.

ဒီလိုနဲ့ စကားအချေအတင် ပြောဆို ငြင်းခုန်နေကြဆဲမှာပဲ ခရီးသွားတစ်ယောက်ဟာ ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းလို့၊ ကုတ်အင်္ကျီထူထူထဲထဲကြီးကို ၀တ်ဆင်လို့ ဟိုးခပ်လှမ်းလှမ်းကနေ လမ်းလျှောက်လာခဲ့ပါတယ်.

လေနတ်သားက စပြောပါတယ်.

လေနတ်သား။ ။ ကဲ . နေနတ်သားရေ… ငါတို့နှစ်ယောက်ရဲ့ ခွန်အားတွေကို စမ်းသပ်ဖို့ အရာတစ်ခုတော့ တွေ့ပြီ. ဟိုးမှာ လူတစ်ယောက် ဒီဖက်ကို လမ်းလျှောက်လာနေတာ တွေ့လား.

နေနတ်သား။ ။ အေး. တွေ့တယ်.

လေနတ်သား။ ။ ဒီတော့. သူဝတ်လာတဲ့ ဦးထုပ်နဲ့ အင်္ကျီကို သူ့ကိုယ်ပေါ်ကနေ ကွာကျသွားအောင် လုပ်နိုင်တဲ့သူသာလျှင် အမှန်တကယ် အင်အားကြီးမားသူ ဖြစ်လိမ့်မယ်. ဘယ်လိုလဲ. မင်းစိန်ခေါ်ရဲလား..

နေနတ်သား။ ။ လုပ်လိုက်လေ. ကြာသလားလို့. မင်းပဲ အရင်စလုပ်ပါဦး.

လေနတ်သား။ ။ ကောင်းပြီ.

မထီတရီပြုံးလျက် လေနတ်သားဟာ သူ့မှာ ရှိသမျှ ခွန်အားတွေကို စုစည်းလိုက်ပါတယ်.

ပြီးတာနဲ့ လေနတ်သားဟာ သူ့ရဲ့ အင်အားတွေ အကုန်လုံးကို ခရီးသွားဆီကို ဦးတည်လို့ အရှိန်အဟုန်ပြင်းစွာ လေတွေ တိုက်ခတ်ပစ်လိုက်ပါတော့တယ်.

ဒီလို လေပြင်းရုတ်တရက် တိုက်ခတ်လာတာကိုလည်း တွေ့ရော ခရီးသွားဟာ သူဆောင်းလာတဲ့ ဦးထုပ်ကို လေနဲ့ လွင့်ပါမသွားအောင် လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အောက်ကို ငိုက်ချလိုက်ပါတယ်. ကုတ်အင်္ကျီကိုလည်း ကြယ်သီးတွေ စေ့နေအောင် တပ်ပြီး ကိုယ်ကို ယို့ထားလို့ လွင့်ပါမသွားအောင် ညှပ်ထားလိုက်ပါတော့တယ်.

လေနတ်သားလည်း ဘယ်လိုမှ မတတ်နိုင်တော့လို့ နောက်ဆုံးမှာ လက်လျှော့လိုက်ရတော့တာပေါ့…

ကဲ. နေနတ်သားအလှည့်ရောက်ပြီနော်.

နေနတ်သားဟာ လေနတ်သားရဲ့ ကျရှုံးမှုကို နှစ်ခြိုက်စွာ ခံစားလို့ သူ့ရဲ့ ခွန်အားတွေကို စုစည်းလိုက်ပါတော့တယ်.

ပြီးနောက် တိမ်လွှာတွေကြားထဲကနေ ထိုးဖောက်ပြီး ကောင်းကင်တစ်ခွင်လုံးကို လင်းဖြာစေလိုက်ပါတော့တယ်.

ဒီလို ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် ခရီးသွားဟာ ပျော်ရွှင်သွားပြီး ကောင်းကင်ကို မော့ကြည့်လို့ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ကြည်သာစွာ ခံယူလိုက်ပါတယ်.

ဒီ့နောက်မှာတော့ သူဟာ ၀တ်လာတဲ့ ကုတ်အင်္ကျီကို ချွတ်လို့၊ ဆောင်းလာတဲ့ ဦးထုပ်လေးကို အသာအယာ လက်ထဲမှာ ပွေ့ပိုက်လို့ ရွှင်ပျအေးချမ်းစွာ ခရီးဆက်သွားပါတော့သတဲ့.

နေနတ်သားက ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ လေနတ်သားကို ကြည့်လို့ ပြောလိုက်ပါတော့တယ်.

လောကကြီးမှာ ခွန်အားသုံးတိုင်း မအောင်နိုင်ဘူး. တစ်ဖက်သားရဲ့ လိုအပ်ချက်ကို သိမြင်မှ၊ အဲဒီ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှ ကိုယ်လိုချင်တဲ့ ရလဒ်ကို မျှော်လင့်နိုင်မယ်. ပျော့ပျောင်းငြင်သာမှုမှာ အင်မတန်မှ ကြီးမားတဲ့ ခွန်အားတစ်ရပ်ရှိတယ်ဆိုတာ မင်းသိထားသင့်တယ်…

ကဲ…. ပုံပြင်လေးကတော့ ဒါပါပဲလေ…

ဒီလိုပါပဲ… ကျွန်တော်တို့ရဲ့ အရေးတော်ပုံဟာလည်း လက်ရုံးရည်သာမက နှလုံးရည်ပါ ပါဝင်နေတာမို့ ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုတယ်. အခက်အခဲတွေကို သည်းခံနိုင်ဖို့ လိုတယ်. ကဲ့ရဲ့ရှုတ်ချ စကားတင်းဆိုမှုတွေကို တည်ကြည်ခိုင်မာစွာ ပြုံးပြနိုင်ဖို့ လိုတယ်.

ဒီတော့….

ကျွန်တော်တို့တွေ ကိုယ့်ရဲ့ ယုံကြည်ချက်မီးရှူးတိုင်ကြီးကို နောင်အနာဂတ်လူငယ်မျိုးဆက်သစ်တွေ အတွက် ခိုင်မာမြဲမြံစွာ ဆက်လက်ထွန်းညှိသွားကြတာပေါ့ဗျာ.

ကျွန်တော့်ရဲ့ မြန်မာစာဆရာ၊ ကဗျာဆရာ ဦးအေးငွေရဲ့ ရုန်းရင်းကန်ရင်း ကဗျာလေးကို လက်ဆောင်စကားလေး ပါးလိုက်ပါရစေ..

ရုန်းရင်းကန်ရင်း

လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျဆုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့်
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
ချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာ။

လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား…။

.....ဆရာဦးအေးငွေ.....

အားလုံးပဲ အသိပညာတွေ တိုးပွားလို့ ဘ၀တိုက်ပွဲအတွက် အားမာန်သစ်တွေ ရရှိနိုင်ကြပါစေဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

စကားကြွင်း။

အဟိံသ ဆိုတာကတော့ အကြမ်းမဖက် အနုနည်းလမ်းစဉ်ကို ဆိုလိုပါတယ် ခင်ဗျာ…

Tuesday, December 11, 2007

ဘ၀တစ်ခု နေ၀င်ချိန်....



တစ်နေ့ ငါသေရမှာပါ…

ငါမရှိတော့တဲ့ အချိန်ကျရင် ကမ္ဘာလောကကြီးက ဘယ်လိုငိုကြွေးနေမလဲ…

ငါဟာ အရေးပါအရာရောက်တဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေနိုင်ခဲ့သလို ဘာမှအလေးမထားလောက်တဲ့ ပရမာအဏုမြူတမျှ သေးငယ်သိမ်နုပ်ကောင်း သိမ်နုပ်နေနိုင်ပါတယ်.

ဘာပဲဖြစ်ဖြစ်လေ.

ဒီလောကကြီးထဲမှာ ငါ နေခဲ့ဖူးတယ်…

….

ဆိုကြပါစို့…

ငါ အသက်(၈၀) မှာ သေရမယ်…

ငါ့ရဲ့ အသားအရည်တွေ ရွတ်တွလို့…

အရောင်အဆင်းတွေ မှေးမှိန်လို့…

ခြေတွေလက်တွေ တုန်ချိလို့…

အသက်ကို အနိုင်နိုင်ရှူလို့…

ငါ အသက်ငင်နေချိန်မှာ ငါ့ဘေးနားမှာ ငါသိပ်ချစ်ခဲ့တဲ့ ဘ၀လက်တွဲဖော်ရယ်၊ သားမြေးမြစ်တွေရယ် တရုံးရုံးနဲ့….

သူတို့ငိုနေကြမလား…

ဒါမှမဟုတ် သူတို့လေးတွေရဲ့ စိတ်ထဲမှာ ဒီအဘိုးကြီးတော့ ၀ဋ်ကျွတ်သွားရှာလေပြီလို့ ဖြေတွေးနေမလား…

ဒါမှမဟုတ် ဒီအဘိုးကြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူ့ကို လွှဲပေးခဲ့မလဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ငါ့ရဲ့ ရင်ဘတ်အနားမှာ တိုးဝှေ့နေကြမလား…

ငါ့ရဲ့ ဘ၀လက်တွဲဖော်ရော အဲဒီ့အချိန်မှာ ငါ့ဘေးနားမှာ ထိုင်ပြီး ငါ့လက်ကို ကိုင်လို့ ငိုကြွေးနေမလား….

ဒါမှမဟုတ် သူကပဲ ငါ့အရင် နှုတ်ဆက်ထွက်ခွာသွားလေမလား…

ငါမှန်းဆမြင်ယောင်ကြည့်နေမိခဲ့တယ်…

ငါ့ရဲ့ အသုဘကိုပေါ့…

….

ဘုရားကျောင်း ရဟန်း ဒါယိကာကြီး
ဦးရန်အောင်
အသက် (၈၀)
… … … နေ့တွင် ကွယ်လွန်သည်

ကောင်းရာသုဂတိလားစေသော်ဝ်…

……

အို… ဒါ ငါ့ရဲ့ အုတ်ဂူပေါ်မှာ ရေးထိုးထားမယ့် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေလား…

ငါ့ရဲ့ အုတ်ဂူတံခါးကို အသာတိုးဝင်လို့ အထဲကို လှမ်းကြည့်လိုက်တော့…

ပုပ်အက်အက် အနံ့တစ်ချို့..

အသားတွေ ခန်းခြောက်နေတဲ့ အရိုးစုတစ်ခု…

ရိရွဲကြွေကျနေတဲ့ ဆံပင်မွေးညှင်းတွေ…

အော့အန်ချင်တဲ့ ငါ့ရဲ့ စိတ်တွေကို မနည်းထိန်းချုပ်လို့ အုတ်ဂူအပြင်ဖက်ကို ငါပြန်လည်လွင့်မျောခဲ့မိတယ်..

ကျေးဇူးပြု၍ အကျွန်ုပ်အား တည်ငြိမ်အေးချမ်းခြင်းကို ပေးသနားတော်မူပါ ဘုရားသခင်…

အပြင်မှာလည်း ငါ့လိုလွင့်မျောနေတဲ့ တိမ်တိုက်ဖြူတွေ အများကြီးပါလား…

….

ဒီအချိန်မှာပဲ မိုးစက်လေးတွေ တဖြောက်ဖြောက်ကြွေကျလာခဲ့တယ်…

ငါ့အုတ်ဂူပေါ်က ငါ့ဓာတ်ပုံပေါ်ကို မိုးစက်တွေ
အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လာချိန်မှာ ဘယ်သူမှ လာပြီး မကာကွယ်ပေးနိုင်ကြတော့ဘူးနော်…

အေးပေါ့လေ…

အသက် (၈၀) ဆိုတာ နေပျော်တဲ့ အရွယ်ပဲကို…

မိုးစက်တွေနဲ့ ငါ့မျက်ရည်စတွေ ရောထွေးလို့ ပထ၀ီမြေကြီးပေါ် သက်ဆင်းကုန်ကြတယ်.

ငါ တကယ်ပဲ သေဆုံးခဲ့တာလားဟင်….

….

လေပြင်းတစ်ချက်အဝှေ့မှာ ခေါင်ရမ်းပွင့်လေးတစ်ပွင့် ငါ့အုတ်ဂူပေါ် ကြွေကျလာခဲ့တယ်.

လှလိုက်တာ…

အနည်းဆုံး ဒီပန်းပွင့်လေးက ငါ့အုတ်ဂူပေါ်ကို ရွေးပြီး ကြွေကျပေးသေးတယ်.

ငါမင်းကို သိပ်ချစ်တယ်ကွယ်..

အို… မင်းလည်း ငါ့ရင်ခွင်ထဲမှာ ကြာကြာမနေနိုင်ရှာဘူးနော်..

လေပြင်းတစ်ချက် ရိုက်အခတ်မှာ မင်းမလိုလားတဲ့ နေရာလေးတစ်ခုဆီကို လွင့်မျောသွားရရှာတယ်.

အေးပေါ့လေ. ကိုယ့်ဘ၀ရဲ့ ဦးတည်ချက်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်သရွေ့ ပတ်ဝန်းကျင်ရဲ့ သယ်ဆောင်ရာကို ခံရမှာ ဓမ္မတာပါပဲ…

ငါသက်ပြင်းရှည်တစ်ချက် ရှိုက်လိုက်မိတယ်…

ငါလက်ခံလိုက်ပါပြီ…

ငါတကယ်ပဲ သေဆုံးသွားခဲ့ပြီ…

….

မိုးရေတွေ စိုရွှဲနေတဲ့ င့ါအုတ်ဂူဖြူဖြူလေးပေါ်မှာ တစ်ယောက်တည်း ထိုင်နေခဲ့ရင်း ငါဖြတ်သန်းလာခဲ့တဲ့ ဘ၀အကြောင်း ပြန်လည် စဉ်းစားနေခဲ့မိတယ်.

ဟိုးခပ်လှမ်းလှမ်းမှာ မီးအိမ်ရှင်တစ်ယောက် သုဿန်ထဲကို လှမ်းဝင်လာနေတာ သတိထားမိတယ်…

ဒီအချိန်မှာ ငါဘာကိုမှ မစဉ်းစားချင်တော့ဘူး..

ငါ့ရဲ့ ရှင်သန်ခဲ့မှု ဖြစ်စဉ်ကို ပြန်တွေးကြည့်ရင်း ငါ့ရဲ့ တန်ဖိုးကို တွက်ချက်ကြည့်ချင်တာပဲ ငါသိတယ်.

ငါရှက်နေမိတယ် သိလား

ဘာလို့လဲဆိုတော့ ငါမရှိရင် ဒီလောကကြီး တစ်စုံတစ်ခု ဖြစ်သွားတော့မှာပဲလို့ ငါထင်နေခဲ့မိတာလေ…

လောကကြီးကတော့ ဆက်လက်လှုပ်ရှား ရွေ့လျားနေဆဲပါပဲ…

လောကကြီးက ခပ်ပြုံးပြုံးနဲ့ ငါ့ကို ပြောတယ်...

Men may come and men may go
But I go on forever...

တဲ့...

ငါသာ…

ငါသာ…

…….

ငါဟာ ရည်မှန်းချက်သိပ်ကြီးတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်.

ငါ့ဘ၀မှာ မဖြစ်ဘူးဆိုတာ မရှိစေရဘူးလို့လည်း ယတိပြတ်ဆုံးဖြတ်ချက်ခိုင်မာခဲ့သူလည်း ဖြစ်ခဲ့တယ်.

ငါ့ဘ၀မှာ မပြည့်စုံမှုတွေနဲ့ ပြည့်လျှမ်းနေခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ငါလိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ငါလှမ်းခဲ့သူလည်း ဖြစ်တယ်.

အို… ငါ့ရဲ့ အောင်မြင်မှုတွေအတွက် ငါဂုဏ်ယူတယ်.

ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်းအတွက်သာမက ငါ့ရဲ့ တိုင်းပြည်အတွက်ပါ ငါတတ်တဲ့ ပညာအစွမ်းနဲ့ အကျိုးများစေခဲ့တယ်…

တစ်နေ့ကျရင် ငါ့ဘ၀ရဲ့ လွတ်မြောက်ရာကို တစ်ယောက်တည်း ရှာဖွေမယ်လို့ ငယ်ငယ်လေးကတည်းက စဉ်းစားစိတ်ကူးနေခဲ့ဖူးတယ်.

ဒါပေမယ့် ငါသေဆုံးခဲ့တဲ့ အချိန်ထိ အဲဒီ့ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး..

ဘ၀ရဲ့အမောတွေထဲမှာ ငါလွင့်မျောနေခဲ့ရင်း၊ ငါ့အတ္တကို ငါလိုက်ဖမ်းနေခဲ့ရင်း ငါ့ဘ၀တစ်ခုကို အချည်းနှီးဖြုန်းတီးခဲ့မိတယ်.

တကယ်တော့ ငါယူဆောင်ပေးခဲ့တဲ့ အနှီအရာတွေဟာ တကယ်ပဲ လောကကြီးကို အကျိုးပြုခဲ့လေသလား…

ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ၊ အတောမသတ်နိုင်တဲ့ လောဘတွေ၊ အတ္တတွေကိုပဲ မီးထိုးလောင်မြိုက်ပေးခဲ့သလို ဖြစ်ခဲ့လေသလား…

ငါ့ကိုယ်ငါ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ ငါတစ်ချက် ရှိုက်လိုက်မိတာ ခံစားမိလိုက်တယ်.

အို.

ငါငိုနေပါရော့လား…



ခေါင်းလောင်းသံချိုချို တစ်ချက်လွင့်မျောလာခဲ့တယ်.

ဟိုတောင်စွယ်မှာလည်း နေကွယ်တော့မယ်လေ…

အို မီးအိမ်ရှင်…

အသင်၏ လာခြင်းသည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ…

ငါ့အုတ်ဂူဖြူလေးကို နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်မိတယ်…

နေရစ်ခဲ့တော့ ရန်အောင်ဆိုတဲ့ ဘ၀တစ်ခုရေ...

Monday, December 10, 2007

တို့ရေးမယ့် သမိုင်းထဲက ရက်စွဲများ အကြောင်း….


ကဲ. ဘလော့ဂါမောင်မယ်တို့ရေ…

ဒီတစ်ခါတော့ သမိုင်းထဲက ရက်စွဲများ ဘလော့ဂ်လေး အကြောင်း ဆွေးနွေးချင်တယ်ဗျာ.

အဲဒီ့ဘလော့ဂ်လေးကို ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ စတင်အကောင်အထည်ဖော်ခဲ့တာပါ. ပါဝင်ရေးသားနေတဲ့ တော်လှန်ရေး ဘလော့ဂါအင်အားကလည်း မနည်းပါဘူး.

အဲဒီ့ဘလော့ဂ်လေးအတွက် Admin နောက်တစ်ယောက် ထားထားပါသေးတယ်. ဒါပေမယ့် ကျွန်တော်ရော အဲဒီ့ Admin ပါ အလုပ်တွေများနေခဲ့တာနဲ့ လှည့်မကြည့်ဖြစ်ခဲ့တော့ပါဘူး.

အထိန်းသိမ်းမဲ့သွားလို့ ဘလော့ဂ်လေးလည်း up to date မဖြစ်တော့ပါဘူး.

ကဲ. မဖြစ်တော့တာတွေ ပြန်တွေးပြီး စိတ်မကောင်း မဖြစ်တော့ပါဘူးဗျာ. ဖြစ်အောင် ဘာတွေ ဆက်လုပ်မလဲ. ဘာတွေ ပြုပြင်သင့်သလဲ. ပိုပြီးကောင်းမွန်အောင် ဘာတွေလုပ်သင့်လဲ ဆိုတာလေးတွေကို အကြံပြုဆွေးနွေးစေလိုပါတယ်.

ပါဝင်ရေးသားဆွေးနွေးလိုသူများကိုလည်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

ရည်ရွယ်ချက်ကတော့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ အရေးပါတဲ့ နေ့စွဲများ အကြောင်းကို လူငယ်မျိုးဆက်သစ်လေးများကို လက်ဆင့်ကမ်း ပြောကြားပေးဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးဖလှယ်ဖို့ပါပဲ.

ဒီလောက်ဆိုရင် ဘလော့ဂါမောင်မယ်တို့အနေနဲ့ ဘယ်လိုမျိုး ပါဝင်ပံ့ပိုးပေးနိုင်ပြီလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်.

ကျွန်တော်ကိုယ်တိုင်လည်း ၀င်ရောက်ရေးသားသွားမှာပါ.

ကျွန်တော်တို့အားလုံးဟာ ပြုန်းတီးသွားတဲ့ ကန္တာရကြီး ပြန်လည်စိမ်းလန်းစိုပြည်လာစေဖို့ သစ်တစ်ပင်စီ စိုက်ပျိုးနေကြတာပါ.

ကျွန်တော့်ရဲ့ သစ်ပင်ကို ကျွန်တော်ယူလာခဲ့ပါမယ်.

မိတ်ဆွေတို့ကလည်း ကိုယ်ပိုင်ဆိုင်တဲ့ သစ်တစ်ပင်စီ ယူလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Blogspot အားလုံးအတွက် EOT လာပြီ...



This is my 400th Blog Post!

ခုတလော ဘလော့ဂ်လောကကြီးထဲမှာ EOT ပြဿနာတက်နေတယ်လို့ သတင်းသိုးသိုးသန့်သန့်လေး ကြားရတယ်ဗျ. ဘာတဲ့ Peekaboo ကြီးလည်း မဘူးတော့ပြန်ဘူး ဆိုလားပဲ..

ဒီတော့လည်း ချောင်ထဲမှာ ခေါက်သိမ်းထားခဲ့တဲ့ ကျွန်တော့်ရဲ့ Helpdesk ၀တ်စုံယူနီဖောင်းလေးကို ခေါက်ရိုးမကျိုးအောင် သပ်သပ်ရပ်ရပ်လေး မီးပူတိုက်ဝတ်ဆင်ပြီး ဘလော့ဂ်လောကကြီးထဲကို လာခဲ့ပါတော့သဗျား…

(impression ကောင်းအောင် မီးပူတိုက်ဝတ်တာပါ. ပုံမှန်အချိန်မှာဆိုရင်တော့ ဟဲဟဲ. သိတယ်မလား… အိမ်နေရင်း Banana Republic လောက်ပဲ ၀တ်တာပါ)

ကဲဗျာ. EOT ဘာကြောင့် ကွိုင်ရတာလဲ သိလား..

ဘာကြောင့်လဲဆိုတော့ ဘလော့ဂါမောင်မယ်တို့အတွက် ကျွန်တော်လုပ်ပေးထားတဲ့ EOT ကြီးက အလုပ်မလုပ်တော့တာ ကြာနေပြီလေ..

ဟတ်ဟတ်ဟတ်..

သေချာတယ်. မေတ္တာတွေ ပို့နေကြပြီ..

ဘယ်သူတွေများ ဘာပြောမလဲလို့ ကျွန်တော်လည်း စောင့်ကြည့်နေတာ. ဘယ်သူမှ လာမပြောတော့ အိုကေနေတယ်ထင်ပြီး ကျွန်တော်လည်း ဘာမှဆက်မပြောတော့တာဗျ.

အားလုံးကို ပြန်လုပ်ပေးနေရရင် ကျွန်တော်လည်း လျှာထွက်လိမ့်မယ်. EOT ကော်မန့်မှာ သွားကြည့်လိုက်ရင် ကော်မန့်တွေက အောက်ထစ် ၆၀ ကျော်လောက် ရှိတယ်. ကဲ. ဒီတော့ တာကောကြီး ဦးမောင်လှရဲ့ EOT လုပ်နည်းလေးကို ကျွန်တော့်ရဲ့ အွိရှိအရှ နည်းလေးတွေနဲ့ ရွှိုင်းပေးပြီး အားလုံးအတွက် EOT လုပ်ပေးလိုက်ပါမယ်…

ဘယ်သူမဆို သုံးနိုင်ပါတယ်. အသားအရောင်၊ Blog အရောင် ခွဲခြားခြင်း မရှိပါဘူး. Wordpress Platform အတွက်တော့ မရဘူးဗျ. ကျွန်တော်က Blogspot ကိုပဲ အရင်လုပ်ပေးမှာ. ဟိုဖက်ကို မသွားဖူးသေးတော့ မလုပ်ပေးရဲသေးဘူး. ဒါမျိုးကျတော့ ကိုသင်္ကြန်တို့၊ ကိုမှော်ဆရာတို့၊ ကို Thinker တို့ လုပ်ပေးလိမ့်မယ်. ဟုတ်တယ်မလား ဘရားသားကြီးတို့ရေ…

ကဲဗျာ. စမယ်.

ဒါလေးကို EOT Coding နေရာလေးမှာ ထည့်ပေးလိုက်ပါ.

(၁) Classic Template သုံးတဲ့သူများကတော့ <STYLE TYPE="text/css">
ဆိုတာလေးကို တွေ့အောင်ရှာပြီး အဲဒီ့စာကြောင်းလေးအောက်မှာ ကျွန်တော်ခုရေးပေးလိုက်မယ့် Coding လေးတွေကို ထည့်ပေးပါ.

(၂) New Blogger Template သုံးတဲ့သူများကတော့ <STYLE TYPE="text/css"> ဆိုတဲ့ စာကြောင်းလေးကို ရှာလို့တွေ့မှာ မဟုတ်ပါဘူး. Helpdesk က EOT ပို့စ်လေးမှာ ဘလော့ဂါလေးတွေ ပြဿနာတက်နေကြတာ အဲဒီ့ script လေးကို လိုက်ရှာနေကြလို့ပါ.

အဲဒီ့ Script လေးကို ကိုယ့်ဖာသာပဲ ထည့်ပေးရပါမယ်. ဒါကြောင့် New Blogger သမားများ (အများစုက New Blogger သုံးနေကြပါတယ်.) ကတော့ ကျွန်တော်ရေးပေးလိုက်တဲ့ Coding လေးတွေကို တိုက်ရိုက်ပဲ ကူးထည့်လိုက်ပါ. အကောင်းဆုံးကူးထည့်သင့်တဲ့ နေရာကတော့

<Variable name="postTitleTxtColor" description="Post Title Text Color"
type="color" default="#000000">

*/

ဆိုတဲ့ စာကြောင်းလေး ဆုံးတဲ့နောက်မှာ

/* My EOT
-------------------------------------- */

ဆိုပြီး နေရာလေးပေးလို့ ခုရေးပေးလိုက်တဲ့ စာကြောင်းလေးတွေကို ကူးထည့်လိုက်မယ်ဆိုရင် လိုအပ်လို့ ပြန်ရှာရင်လည်း အလွယ်တကူတွေ့နိုင်မှာ ဖြစ်ပါတယ်. စနစ်လည်း ကျမှာ ဖြစ်ပါတယ်.

ကဲ. Coding လေးပေးပြီနော်.


<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi1.eot);
}


ဒါဆိုရင် EOT ပြီးပါပြီ..

ပြီးပြီလား..

ပြီးပြီပေါ့နော်..

အဲလိုမျိုး မလုပ်ချလိုက်ပါနဲ့..

မကြာခင်မှာပဲ ပြဿနာထပ်တက်ပါလိမ့်မယ်..

ဘာလို့လဲသိလား

ကျွန်တော့်ရဲ့ EOT ဖိုင်လေးတွေကို Hosting လုပ်ထားတဲ့ Fileden.com က Free Hosting Site ပါ. ပေးထားတဲ့ Bandwidth က နည်းနည်းလေးရယ်ပါ. ကျွန်တော့်အကောင့်ကို ဘလော့ဂါတွေ အများကြီးက ၀ိုင်းသုံးကြတာ များရင် Bandwidth နိုင်မှာ မဟုတ်တော့ပါဘူး. ဒေါင်းသွားပါလိမ့်မယ် ခင်ဗျာ.

ဒီတော့ ဘာလုပ်ရမလဲ..

အခုပေးလိုက်တဲ့ ဖိုင်လေးဖိုင်ကို Download ချလိုက်ပါ. ပြီးတော့ ကိုယ့်ရဲ့ Hosting Site တစ်ခုခုမှာ ကိုယ့်ဖာသာတင်ပါ. ပြီးတော့မှ လင့်ခ်လေးကို ပြန်ကူးယူပြီး ကိုယ့်ရဲ့ EOT ကုဒ်လေးတွေထဲကို ပြန်အစားသွင်းပါ.

ရှုပ်သွားလား.. မရှုပ်ပါနဲ့ဗျာ. ပြန်ရှင်းပြပါမယ်.

File Hosting လုပ်တာကို မသိသေးတဲ့သူများ ဒီပို့စ်လေးကို သွားဖတ်ပါ. File Hosting လုပ်နည်းလေးတွေကို ရှင်းပြထားတာပါ.

ပြီးမှ ဆက်ဖတ်ပါ.

ကဲ. ဖိုင်လေးဖိုင်ပေးပြီနော်. ယူပါတော့

(၁) EOT_Zawgyi1.eot
(၂) EOT_Zawgyi2.eot
(၃) EOT_Zawgyi3.eot
(၄) EOT_Zawgyi4.eot

ရပြီလား

ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ရဲ့ Googlepages မှာပဲဖြစ်ဖြစ်၊ Fileden.com၊ Ripway.com စသည်တို့မှာပဲ ဖြစ်ဖြစ် ဒီဖိုင်လေးတွေကို ပြန်တင်လိုက်ပါ. ပြီးရင် လင့်ခ်ကို ယူပါ.

ရပြီဆိုရင် အဲဒီ့လင့်ခ်လေးတွေကို ကျွန်တော်အထက်မှာ ရေးပြခဲ့တဲ့ EOT Coding လေးတွေနေရာမှာ ပြန်အစားသွင်းပါ.

ဥပမာ..

<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi1.eot);
}


ဆိုတဲ့နေရာမှာ အားလုံးတူပါတယ်. တစ်နေရာပဲ ပြင်ပေးရမှာပါ.

src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);

ဆိုတဲ့နေရာမှာ

src: url(Your_Zawgyi4_File.eot);


လို့ပြင်ပေးရပါမယ်.

File Hosting Site ကပေးတဲ့ လင့်ခ်ကို ယူရမှာနော်. ကျွန်တော်ရိုက်ပြပေးထားတဲ့ နာမည်အတိုင်း ရိုက်မိလို့ကတော့ တိုင်ပတ်သွားလိမ့်မယ်... တိုင်ကြီးကို ပတ်သွားတာလေ... ဟတ်ဟတ်..

အလားတူပဲ

src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);

will be

src: url(Your_Zawgyi3_File.eot);

သဘောပေါက်ပါပြီနော်..

အဲလိုလေးပြင်ပေးလိုက်ရင် သင်ကိုယ်တိုင်ပိုင်ဆိုင်တဲ့ EOT Coding လေးတွေကို ရလာပါလိမ့်မယ်ခင်ဗျာ.

တစ်ခုတော့ သတိထားပါနော်. ဖိုင်နာမည်တွေ မရောပါစေနဲ့. Zawgyi1 နေရာမှာ Zawgyi1 file ဖြစ်နေပါစေ. Zawgyi4 ဆိုရင်လည်း ကျွန်တော်ပေးထားတဲ့ Zawgyi4 File ပဲ ဖြစ်နေပါစေ..

ကဲ. ဒီလောက်ပါပဲ. အားလုံး အဆင်ပြေကြပါစေဗျာ.

(စကားမစပ်.. ဒီပို့စ်လေးက ကျွန်တော့်ရဲ့ ၄၀၀ မြောက် ဘလော့ဂ်ပို့စ်လေးပါ.)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်