Saturday, August 20, 2016

သဏ္ဍာန်မဲ့ တိမ်တိုက်များ

တိမ်တွေ လွင့်မျောနေကြတယ်…

အနှိုင်းမဲ့ ကျယ်ပြောတဲ့ ကောင်းကင်ပြာကြီးထဲ အိပ်မောကျခွင့်မရတာ အတော်ကြာခဲ့ပြီပဲ…

စီးထားတဲ့ ဖိနပ်ကိုချွတ်၊ ခြေအိတ်ကို အပေါ်ပစ်တင်ပြီး လည်ပင်းစေ့အောင် တပ်ထားတဲ့ အပေါ်ဆုံး အင်္ကျီကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တယ်.

ခုံတန်းလေးပေါ်ကို လှဲချလိုက်ပြီး ခေါင်းအောက်မှာ လက်နှစ်ဖက်ကို ယှက်လို့ သစ်ရွက်လေးတွေကြားထဲက နေခြည်ကို မက်မက်မောမောနဲ့ ငေးကြည့်နေချိန်မှာ ပုံရိပ်တွေက လှစ်ခနဲ လှပ်ခနဲ…

တစ်ခါတလေ မစဉ်းစားချင်ဘဲနဲ့လည်း အတွေးတွေက ခေါင်းထဲကို ရောက်ရောက်လာတတ်သလို နက်နက်နဲနဲ တွေးတောချင်ပေမယ့် ဘယ်ကစလို့ စဉ်းစားရမှန်း မသိတာမျိုးတွေလည်း ဖြစ်တတ်တယ်.

လူပဲလေ. စက်ရုပ်မှ မဟုတ်တာ” ဆိုတဲ့ ဖြေသိမ့်မှုလေးတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်လို့ အတွေးစဉ်တွေ စိတ်ပြန်လည်လာမယ့် အချိန်ကို စိတ်ရှည်လက်ရှည် ပြန်စောင့်နေလိုက်တော့တယ်.

မလောချင်တော့ပါဘူး. နှစ် ၃၀ ကျော်ကြာအောင် လောခဲ့ပြီပဲ…

…..

စာတွေ ပြန်ရေးဖြစ်သေးလား သား”

Viber ကနေ တစ်ခုတ်တရ လှမ်းမေးတဲ့ အမေ့မျက်နှာကို ပြန်ကြည့်ပြီး မချိပြုံးတစ်ချက် ပြန်ပြုံးပြမိခဲ့တယ်…

အလုပ်တွေ နည်းနည်းပါးတဲ့ တစ်နေ့တော့ ပြန်ရေးဖြစ်မှာပါ.. အခုတော့ သိပ်မလွယ်သေးပါဘူးဗျာ”

သည်လိုနဲ့ပဲ ပျိုမျစ်မှုတွေ ပါးလျားသွားခဲ့တာ အတော်ကြာပေါ့. အချိန်တွေ ကြာလာတော့လည်း နုပျိုမှုတွေ ဆုံးရှုံးသွားတယ်လို့ မမြင်မိတော့ဘဲ ရင့်ကျက်မှုတွေကို သိမ်းပိုက်ဖို့ ပိုနီးစပ်လာတယ်လို့ပဲ ကိုယ့်ကိုယ်ကို ပြန်အားပေးဖြစ်တော့တယ်.

အဝေးမှာ ပျံသန်းနေတဲ့ လေယာဉ်ပျံကြီးတွေကို ငေးကြည့်ရင်း မိသားစုနဲ့ အဝေးမှာ ဘာကြောင့်များ (၁၂) နှစ်ကြာအောင် နေခဲ့ရတာလဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပြန်တယ်.

နှင်းတွေကျနေတဲ့ မနက်ခင်းထဲ တိုးဝင်လို့ ကျောင်းချိန်မီအောင် ပြေးခဲ့ရတာတွေ၊ ကျောင်းစရိတ်မရှိလို့ ရရာ အလုပ်တွေလုပ်ရင်း မာနတွေကို မျိုသိပ်ခဲ့ရတာတွေ၊ နေ့တဓူဝ ဆက်ဆံတွေ့ကြုံခဲ့ရင်းက အရောင်မတူညီတဲ့ ပန်းချီကားချပ်တွေပေါ်မှာ ကိုယ်ရေးတဲ့ ဆေးရုပ်တွေ စည်းအပြင်ဖက်ရောက်ခဲ့ရတာတွေကို ပြန်တွေးမိတော့လည်း (၁၂) နှစ်ဆိုတာတောင် မလောက်ချင်သေးသလိုလို…

စိတ်မှာ အသားမာတွေ သိပ်များနေပြီပဲ…


ဘာသာရေးဆိုတာ တံဆိပ်ခတ်နှိပ်ခြင်း တစ်မျိုးတဲ့.

သည်လိုနဲ့ပဲ ငါ့တံဆိပ်က အမှန်၊ သူ့တံဆိပ်က အမှားဆိုတာတွေ ဖြစ်လာသလို၊ ငါ့မှာ ဘာတံဆိပ်မှ မရှိဘူးဆိုတာကို ပြချင်တဲ့ အတ္တတွေကလည်း ပိုကြီးလာကြတယ်.

တော်ပြီပေါ့. တံဆိပ်တွေက အရေးမကြီးပါဘူး. ကျင့်သုံးမယ့် နှလုံးသားကပဲ အရေးကြီးတာ.

ကြာလာတော့လည်း တိုင်းတစ်ပါးသား လူမျိုးခြားတွေ ရေးတဲ့ ကိုယ့်ဘာသာအကြောင်းကို ဖတ်ရတာမှ ပိုပြီး စိတ်ထဲရှင်းသန့်သလို ခံစားလာရတော့တယ်.

အမှန်တရားဆိုတာ သူ့အတိုင်းလေးပဲ ကောင်းတယ်. မှန်ပါတယ် ဆိုတာကို အပိုဆာဒါးတွေ သိပ်ထည့်လွန်းရင် ပြင်ဆင်လွန်းလို့ ပင်ကိုယ်အလှ ပျောက်သွားတဲ့ မိန်းမပျိုလေး တစ်ယောက်လိုပဲ အရောင်တွေ စွန်းထင်းလွန်းအားကြီးသွားတတ်တယ်.

ရိုးရိုးလေးက ရှင်းပါတယ်…

မနက်တိုင်း အိပ်ယာမထခင် ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်လို့ စကားတစ်ခွန်း အမြဲပြောဖြစ်တယ်.

သည်နေ့ အသက်ရှင်သန်ခွင့် ရနေသေးလို့ ကျေးဇူးတင်ပါတယ်…”

ညဖက် အိပ်ယာဝင်ခါနီးတိုင်း ကိုယ့်အသက်ရှုသံကို ဖြည်းဖြည်းချင်း နားထောင်လို့ ခပ်တိုးတိုးလေး အမြဲပြောဖြစ်တယ်.

သည်နေ့ အကောင်းဆုံး နေထိုင်ခဲ့ပါတယ်….”

နေဝင်ချိန်တွေကို စိတ်လွတ်ကိုယ်လွတ် ငေးမောကြည့်နိုင်မယ့် တစ်နေ့တော့ ရောက်လာဦးမှာပါလေ…

….


အတ္တတွေနဲ့ ထွန်းညှိတဲ့ စစ်မီးလျှံတွေကြားထဲ မိသားစုတွေ ဆုံးရှုံး၊ မျက်နှာတစ်ခြမ်းလုံး သွေးသံရဲရဲ ဖြစ်နေတဲ့ ကလေးငယ်လေး လူနာတင်ကားထဲမှာ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတာကို ကြည့်ရင်း သတင်းကြေငြာသူခမျာမှာလည်း ဆို့နင့်၊ ကိုယ်ကိုယ်တိုင်ကလည်း ရင်ထဲမှာ စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်.

John Lennon ရဲ့ Imagine သီချင်းလေးထဲကအတိုင်း ဖြစ်ရင်သိပ်ကောင်းမှာပဲလို့လည်း မချင့်မရဲ ဖြစ်မိပြန်ရဲ့.

Imagine there’s no countries
It isn’t hard to do,
Nothing to kill or die for,
No religion too,
Imagine all the people
Living life in peace…

မဖြစ်နိုင်ပါဘူးလေ… မမွေးခင်ကတည်းကလည်း စစ်ပွဲပေါင်းများစွာ ဖြစ်ခဲ့ပြီးပြီ. အခုထိလည်း ဖြစ်နေတုန်း. နောက်နှစ်ပေါင်းများစွာမှာလည်း မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ စစ်မီးလျှံတွေကို ဆက်လက်ထွန်းညှိကြဦးမှာပဲ….

မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်မှန်းသိပြီး အရှိကို အရှိအတိုင်း လက်ခံနားလည်လိုက်ရတာကို ရင့်ကျက်မှု လို့ တွေးခေါ်ပညာရှင် တစ်ယောက်က ပြောသွားခဲ့ဖူးတာကိုပဲ ကြေကွဲစွာ လက်ခံရတော့မယ်. လူတွေအားလုံးကို မပြောင်းလဲနိုင်မယ့်အတူတူ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ.

စိတ်မကောင်းပါဘူး ကလေးရေ…

ဒါပေမယ့် အနည်းဆုံးတော့ မင်းအသက်ရှင်နေသေးတယ်လေ.

သည်ခံစားချက်တွေကို အရင်းပြုလို့ အနာဂတ်မှာ မင်းနိုင်ငံရဲ့ စစ်ပွဲတွေကို ရပ်တန့်နိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ပါစေလို့ ဆန္ဒပြုပေးပါတယ် ကလေးငယ်…

….

လမ်းမီးတိုင်လေးတွေ တဖျောက်ဖျောက်နဲ့ လင်းလက်လာကြပြီ..

အိပ်တန်းတက်ဖို့ စိုးစီစိုးစီ ပြင်ဆင်နေတဲ့ ငှက်ကလေးတွေ၊ အမွှေးပွ ခွေးလေးကို ထိန်းကျောင်းရင်း လမ်းလျှောက်နေကြတဲ့ အဘိုးကြီးနဲ့ အဘွားကြီးစုံတွဲ၊ သမီးငယ်လေးကို စက်ဘီးစီးသင်ပေးနေရင်းက လက်လွှတ်ပေးလိုက်ရင်း “You can do it, Honey” လို့ အော်ပြောနေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာပြည့်လျှမ်းနေတဲ့ အသံ၊ ရေပန်းလေးတွေအောက်မှာ ခုန်ပေါက်ရင်း တစ်ယောက်နဲ့တစ်ယောက် ရေသေနတ်လေးတွေနဲ့ လိုက်ပစ်နေတဲ့ ကလေးအုပ်စု၊ ပန်းခြံထောင့်၊ လမ်းထောင့်လေးတွေမှာ စုရပ်လို့ အကောင်ဖမ်းနေတဲ့ ပိုကီမွန်ဂိမ်မာတွေ၊ တီးလုံးတစ်ခုတည်းကိုပဲ ပြန်ပြန်ကျော့နေတဲ့ ရေခဲမုန့်ရောင်းတဲ့ ကားကြီး၊ ဟိုဟိုသည်သည် လမ်းသလားနေတဲ့ မြီးကောင်ပေါက်မလေးတွေ၊ စကိတ်လေးတွေ စီးရင်း ဟန်ရေးပြနေတဲ့ ချာတိတ်လေးတွေ၊ ခါးပတ်ပေါ် လက်တင်ရင်း မြင်မြင်သမျှလူတွေကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေတဲ့ ပန်းခြံထဲ ကင်းလှည့်နေသူ ရဲသားကြီး….

ကမ္ဘာကြီးရဲ့ တစ်နေရာမှာ စစ်ပွဲတွေ ဖြစ်နေကြတယ်။

ကမ္ဘာကြီးရဲ့ တစ်နေရာမှာတော့ ငှက်ကလေးတွေ တေးဆိုနေကြတယ်….

ကမ္ဘာကြီးရဲ့ တစ်နေရာမှာ အလုပ်ကို အလောတကြီး ပြေးလွှားနေကြတယ်…

ကမ္ဘာကြီးရဲ့ တစ်နေရာမှာတော့ ညနေခင်းကို စိတ်လိုလက်ရ ဖြတ်သန်းနေကြတယ်…

…..                                  


ဖိနပ်နဲ့ ခြေအိတ်ကို စုကိုင်လို့ မြက်ခင်းပြင်ကျယ်ကြီးအတိုင်း ခြေဗလာနဲ့ လျှပ်တိုက်လျှောက်လာခဲ့ချိန်မှာ အသက်များစွာ ပြန်ငယ်သွားသူ တစ်ယောက်လို ခံစားလိုက်ရတယ်…

ဆံပင်တွေကို အားရပါးရ ခါပစ်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်တယ်…

တိမ်တွေ လွင့်မျောနေကြတယ်…

အနှိုင်းမဲ့ ကျယ်ပြောတဲ့ ကောင်းကင်ပြာကြီးထဲ အိပ်မောကျခွင့်မရတာ အတော်ကြာခဲ့ပြီပဲ…

 ~ ရေခဲငှက် ~

သြဂုတ် (၂၀) ရက်၊ ၂၀၁၆ ခုနှစ်။ ။

4 comments:

မေဓာဝီ said...

စာမရေးတာ ကြာပြီနော်
ရေခဲငှက်ရဲ့ တိမ်တိုက်တွေထဲမှာ မျောပါသွားတယ်။
သတိရလို့ ကြည့်လိုက်တော့ ကောင်းကင်ပြာကြီး အောက်မှာ တယောက်ထဲ အိပ်မောကျလို့ … …

Yan said...

ဟုတ် မမေ. Summer School က သောကြာနေ့က ပြီးတယ်. အခု စနေမှာ ပို့စ်တက်လာပြီလေ.. :)
သတိတရနဲ့ ဘလော့ဂ်လေးမှာ ကော်မန့်လာရေးလို့ ကျေးဇူး..

Y.

ဟနစံ said...

touching ~~~

عبده العمراوى said...



شركة الرها لمكافحة الحشرات بالقطيف