Friday, February 24, 2012

ကြယ်တွေစီးတဲ့မြစ်...




ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
… … … …
… … … …။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး
(၁၉၉၉)

ကျွန်တော် ငယ်ငယ်တုန်းကလည်း အဖေ့မျက်ဝန်းတွေထဲမှာ ကျွန်တော့်နာမည်ကို ရှာတွေ့ခဲ့ဖူးတယ်.

“ဒါ.. ကျွန်တော့်သားလေ. ဒီကောင် သိပ်ဥာဏ်ကောင်းတာ. ကျောင်းမှာ ဒီကောင့်ကို ဆရာမတွေ သိပ်ချစ်တာ….”

အဖေ့မိတ်ဆွေတွေက မကောင်းတတ်လို့ဘဲဖြစ်ဖြစ်၊ လှိုက်လှိုက်လှဲလှဲ ရှိခဲ့လို့ပဲဖြစ်ဖြစ် ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြုံးကြည့်နေတဲ့ အကြည့်တွေထဲမှာ ကျွန်တော် သာယာမိန်းမူးခဲ့ဖူးတယ်

အဖေ့မျက်ဝန်းတွေထဲမှာ တွေ့နေရတဲ့ ယုံကြည်မှုတွေက ကျွန်တော့်သွေးတွေထဲကို သံရည်ခဲတွေ လောင်းခဲ့လိုက်သလိုပဲ. ရဲခနဲ.. ရှဲခနဲ…

တကယ်တော့လည်းအဖေရယ်… ငယ်ရွယ်သူအတွက် အိပ်မက်တွေဆိုတာ အသင်္ချေ အနန္တများပြားလွန်းလှလို့ ကောင်းကင်ကြီးကတောင် မထမ်းပိုးနိုင်ခဲ့ဘူး မဟုတ်လား.

အဖေနဲ့သား ပြောပြဖြစ်ခဲ့တဲ့ အကြောင်းတရားတွေထဲမှာ ကြယ်နာမည်ပေါင်းများစွာလည်း တလက်လက်နဲ့ စီးဆင်းနေခဲ့တာပေါ့.

“ငါ့သား… မင်းဘာပဲလုပ်လုပ် အောင်မြင်ရမယ်ဆိုတဲ့ စိတ်ကိုထား. မင်းကို အဖေယုံကြည်တယ်.”

ခုတော့လည်း ကျွန်တော့်ကို အိမ်အပြန် ပုခုံးပေါ်ထမ်းလို့ ခေါ်လာခဲ့မယ့် အဖေ ကြယ်ကြွေတွေနေတဲ့ နိုင်ငံကို ခရီးထွက်သွားခဲ့ပြီ.



ကျွန်တော်ကတော့ အဖေပြခဲ့ဖူးတဲ့ မြစ်ကမ်းပါးဘေးနား သွားထိုင်ဖြစ်တုန်းပဲ အဖေရဲ့.

မြစ်ရေက တည်ငြိမ်နေရင် ကြယ်တွေကို ငုံ့ကြည့်လို့ ကောင်းပေမယ့် မတည်ငြိမ် ဘောင်ဘင်ခတ်နေရင်တော့ ဘယ်ကြယ်ကိုမှ ကြည့်လို့မကောင်းတော့ဘူး.

ဒီတော့လည်း အလွယ်သား.

နောက်က မြက်ခင်းစိမ်းပေါ် ပက်လက်လှန်လှဲချလိုက်လို့ ကောင်းကင်ပြင်ကို အပြည့်အ၀ ကျွန်တော်သိမ်းပိုက်လိုက်တော့တာပေါ့.

လွမ်းလိုက်တာ အဖေရယ်.

ကြယ်တစ်ပွင့်ဖြစ်ဖို့ ခရီးစဉ်မှာ အဖေမပြောပြဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ကျွန်တော် တဖြည်းဖြည်း သိလာခဲ့ရတယ်.

တစ်ချို့ကြယ်တွေ စောစီးစွာ လင်းလက်တောက်ပခွင့် ရကြပေမယ့် တစ်ချို့ကြယ်တွေကတော့ ကံမကောင်းရှာဘူး အဖေရယ်. 

တစ်ချို့ကြယ်တွေ ကြာရှည်စွာ တောက်ပထွန်းလင်းခွင့် ရကြပေမယ့် တစ်ချို့ကြယ်တွေကတော့ ဟုတ်ခနဲ.. ဖြုတ်ခနဲ..

တစ်ချို့ကတော့ လင်းလက်ခွင့်လေးတောင် မရလိုက်ဘဲ စကြ၀ဠာကြီးထဲ စုန်းစုန်းနစ်မြုပ်သွားကြလေရဲ့.

အဖေက ကြယ်တွေ လင်းလက်တာ၊ တောက်ပတာ၊ နာမည်ရှိတာကိုပဲ ပြောပြခဲ့တာ. 

ကြယ်တွေကြောင့် ပျက်စီးသွားတဲ့ တစ်ခြားကြယ်တွေ၊ ဂြိုဟ်ကမ္ဘာတွေအကြောင်းတော့ မပြောခဲ့ဘူးနော်. 

အဲဒီ့ကြယ်တွေလည်း နာမည်ရှိတာပဲ အဖေရဲ့.

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော် ကြယ်တစ်ပွင့် ဖြစ်လာခဲ့ရင် ရိုးရှင်းစွာပဲ တောက်ပခွင့် ရချင်ပါတယ် အဖေ. ကျွန်တော်ဆိုတဲ့ ကြယ်နာမည်တစ်ခုရဖို့ အတွက်ကြောင့် တစ်ခြားကြယ်တွေ ကြွေလွင့်တိမ်းပါးသွားမှာမျိုး မဖြစ်စေလိုပါဘူး.

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော် ကြယ်တစ်ပွင့် ဖြစ်လာခဲ့ရင် ငြိမ်းချမ်းစွာပဲ ကြယ်ဘ၀ကို နေသွားချင်ပါတယ်. တောက်ပမှုတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး မလောင်ကျွမ်းချင်ပါဘူး.

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော် ကြယ်တစ်ပွင့် ဖြစ်လာခဲ့ရင် ကြယ်ပီသတဲ့ကြယ်ပဲ ဖြစ်ချင်ပါတယ်. ကြယ်တစ်ပွင့်အဖြစ်ကနေ ကြွေလွင့်ခဲ့ရရင်လည်း ကျွန်တော် သက်ပြင်းမောတွေနဲ့ အဆုံးမသတ်ချင်ပါဘူး. ပြည့်စုံပြီးမြောက်ခြင်းတွေနဲ့ လွင့်ကြွေချင်ပါတယ်.

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော့်သားကို ကျွန်တော်ထမ်းလို့ မြစ်ကမ်းဘေးကနေ ဖြတ်ပြန်လာဖြစ်ခဲ့ရင် အဖေ့နာမည်ပါတဲ့ ကြယ်တစ်ပွင့်အကြောင်း စီကာပတ်ကုံး တစ်လမ်းလုံး ကျွန်တော် ပြောပြနေဖြစ်ခဲ့လိမ့်မယ်.

အဲဒီ့အချိန်ကျရင် အဖေတစ်ယောက် ကျွန်တော်နဲ့ ကျွန်တော့်သားလေးကို ကောင်းကင်ပြင်ကျယ်ထဲကနေ ပြုံးပြီးငုံ့ကြည့်နေမလား..

ဒါမှမဟုတ် ကျွန်တော်နဲ့ အဖေ့မြေးလေးက ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်လို့ ကြယ်ကြွေတွေ အိပ်မောကျနေတဲ့ နိုင်ငံထဲမှာ အေးချမ်းကြည်လင်စွာ မှေးစက်နေတဲ့ အဖေ့ကို တွေ့လိုတွေ့ငြား ရှာကြည့်နေမိမလား...

မြစ်ကမ်းပါးကြီးကသာ ကျွန်တော့်ကို မထမ်းပိုးတော့တာပါ. 

ခေတ်ကတော့ အချိန်မှန်မှန် စီးဆင်းနေတုန်း..

နာမည်တွေကလည်း နရီမှန်မှန် စီးဆင်းနေတုန်း…


(ရေခဲငှက်)

8 comments:

သဒ္ဓါလှိုင်း said...

''တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော် ကြယ်တစ်ပွင့် ဖြစ်လာခဲ့ရင် ရိုးရှင်းစွာပဲ တောက်ပခွင့် ရချင်ပါတယ် အဖေ. ကျွန်တော်ဆိုတဲ့ ကြယ်နာမည်တစ်ခုရဖို့ အတွက်ကြောင့် တစ်ခြားကြယ်တွေ ကြွေလွင့်တိမ်းပါးသွားမှာမျိုး မဖြစ်စေလိုပါဘူး.''
ကြယ်လေးတွေ အကြောင်းဖတ်ရင်း ကောင်းကင်ပြင်ကြီးကို ငေးကြည့်နေမိတယ်။
ခင်မင်လျက်
သဒ္ဓါ

အမ်တီအန် said...

ကြယ်ပွင့်လေးတွေ တဖျတ်ဖျတ်နဲ့ ကောင်းကင်ယံမှာ လင်းလက်နေလိုက်ကြတာ..။ လူတိုင်းမှာ အားကျစရာ ကြယ်ပွင့်တစ်ပွင့်စီ အနည်းဆုံးရှိနေကြမှာ...။ ကြယ်ပွင့်တွေကို အားကျရင်း ကိုယ်တိုင် တောက်ပတဲ့ ကြယ်တပွင့်ဖြစ်ဖို့ အားထုတ်ဖို့ လိုတာပေါ့နော်...။ ကြယ်ပွင့်တိုင်း ဘေးအန္တရာယ် ကင်းစွာ လင်းလက်တောက်ပခွင့် ရစေချင်မိတယ်။

mysterysnow said...

ဒီပို့စ်လေးဖတ်ပြီး ကြယ်အကြီးကြီးတစ်လုံးကို အရမ်းလွမ်းသွားတယ်....

နှင်းနဲ့မာယာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်တော်ဆိုတဲ့ ကြယ်နာမည်တစ်ခုရဖို့ အတွက်ကြောင့် တစ်ခြားကြယ်တွေ ကြွေလွင့်တိမ်းပါးသွားမှာမျိုး မဖြစ်စေလိုပါဘူး. တဲ့လား
ကောင်းလိုက်တာ ကိုရန်အောင်ရေ
ကြယ်ကလေးတွေတိုင်း ဒီလို စိတ်မျိုး ထားနိုင်ရင် သိပ်ကောင်းမှာနော်
ဒါဆိုရင် အရောင်စုံလှတဲ့ ကောင်းကင်ကြီးပေါ်မှာ
ကြယ်တွေအားလုံး လင်းလက်တောက်ပနေမယ် ထင်ပါရဲ့
ဒီစာလေးဖတ်ပြီး မြစ်ကမ်းဘေးမှာထိုင်နေတဲ့ အဖေနဲ့ သားတို့ကို မျက်စိထဲ မြင်ယောင်မိတော့တယ်။

မြစ်ကျိုးအင်း said...

ကိုယ်လည်း ကြယ်ဖြစ်ဖို့ လိုသလို နောက်ထပ် ကြယ် အသစ်အသစ်တွေ ထပ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။

chhacho said...

ဒီစာကို တင်ပေးလို့ကျေးဇူးအထူးတင်ပါတယ်။ ဒီပို့စ်လေး ကို လူငယ်တွေ ဆီ များများရောက်ဖို့ ၇န်အတွက် ပြန်လည်မျှဝေခွင့်ပေးစေချင်ပါတယ်။ လေးစားလျက်............

chhacho said...

ကျေးဇူးတင်ပါတယ်ဗျာ ပညာတော်တော်ရပါတယ်
ပြန်လည်မျှဝေခွင့်ပြုစေလိုပါတယ် ခင်ဗျာ.......

သတိုး said...

ကိုရန်အောင်ခင်ဗျာ...
ကြယ်တွေကို လေးစားနှစ်လိုစွာ ငေးသွားခဲ့ပါကြောင်း ။
ခင်မင်သော သတိုး