Wednesday, June 03, 2009

တဒင်္ဂအလွမ်းများ



ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

ပြည့်နှက်နေတဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်ထဲ တိုးတိတ်စွာ စီးဝင်ကွယ်ပျောက်ပါစေ…
ချစ်သူမြင်ရင် ရင်နာမှာစိုးလို့ပါ.
နှောင်ကြိုးမဲ့စွာ ပျံသန်းတော့လေ…

တင်းကြပ်နေတဲ့ ဒီ ခံစားချက်တွေ
ဒီကဗျာသံစဉ်လေးထဲ အဆီးအတားမဲ့စွာ ဖြေလျော့နိုင်ပါစေ
ချစ်သူကြားရင် ထွေပြားမှာစိုးလို့ပါ
ပိုင်နိုင်စွာ ထားရစ်ခဲ့တော့လေ…

နွမ်းလျနေတဲ့ ဒီ မျှော်လင့်ခြင်းတွေလည်း
စည်းတစ်ဖက်မှာ တိုးလျှိုးလို့ ပုန်းကွယ်နိုင်ပါစေ
ချစ်သူသိရင် တွယ်ငြိမှာစိုးလို့ပါ
ပြတ်သားစွာ နှုတ်ဆက်ခဲ့တော့လေ…

မကြင်သာသည် ကွယ်ရာမှပဲ လွမ်းတော့မည်လို့ပဲ ဆိုဆို
မမြင်သာသည် တွယ်တာသမျှပဲ ကျွမ်းတော့မည်လို့ပဲ ပိုပို
နာနာကြင်ကြင် လွမ်းဆွတ်နေမိဆဲပါ ချစ်သူရယ်…
ကိုယ် မခံစားနိုင်ဘူး…
ဒီအချိန်မှာ သာမန်စကားလုံးတွေကိုလည်း
ကိုယ့်ဦးနှောက်ထဲမှာ ခနဲ့သံတွေလို့ပဲ မြင်နေမိတယ်.
ထားရစ်ခဲ့ဝံ့မှတော့ အသည်းမာတတ်ရတော့မှာပေါ့..



ကိုယ်မျှော်နေမိပါတယ်.
ဒါပေမယ့်
မလာပါနဲ့တော့…
မွတ်သိပ်စွာ တောင့်တနေမိပါတယ်.
ဒါပေမယ့်
မနမ်းပါနဲ့တော့…

ချစ်သူနဲ့အတူတူ မြစ်ကမ်းဘေးမှာ
ကဗျာတွေ စပ်ချင်သေးတယ်.
လွမ်းလည်းလွမ်းတယ်
မောလည်းမောတယ်.
လွမ်းမောဖွယ် ကိုယ်တို့ဇာတ်လမ်းတစ်ပုဒ်ပါပဲ ချစ်သူရယ်..
တဆတ်ဆတ်တုန်ခါနေတဲ့ ဒီနှလုံးသားမှာ
ဒဏ်ရာတွေဆိုတာလည်း တင်းကြမ်းပြည့်နေလေရဲ့..

တစ်ခုတော့ တောင့်တမိတယ်...
ချစ်သူဝင်လာခဲ့တဲ့ ဒီနှလုံးသားတံခါးပေါက်လေးကို
နှုတ်ဆက်တေးလေးတစ်ပုဒ်နဲ့တော့ ချွေးသိပ်ပေးခဲ့ပါ
မဆုံဖြစ်တော့တဲ့ ဒီအိမ်ငယ်လေးထဲမှာ
ချစ်သူ့လက်ဆောင်တေးသွားလေးကို ညတိုင်းဆိုနေချင်လို့…
လသာညတွေမှာ လွမ်းမယ်.
လမဲ့ညတွေမှာလည်း လွမ်းနေမယ်.
ချစ်သူမရှိတော့တဲ့ ကိုယ့်ဘ၀အတွက်
အချိန်အခါတွေ၊ နေရာဒေသတွေဆိုတာ
အစွဲအလမ်းသက်သက်ထက် မပိုတော့ပါဘူး.

ကြိုတင် သိနှင့်ပြီးသား
ဇာတ်သိမ်းခန်းတစ်ခုကို
မျှော်လင့်ချက် ၀ိုးတ၀ါးနဲ့ ကြိုးစားကပြခဲ့သူအတွက်
တအိအိနဲ့ ကျဆင်းလာတဲ့ ကန့်လန့်ကာကြီးက ပြောတယ်.
“တစ်ချို့မျှော်လင့်ခြင်းတွေက ဖိနပ်ပါပေမယ့် လမ်းမလျှောက်နိုင်ကြဘူး” တဲ့…



ကြားနေကြ အသံလေးတွေ
ကွယ်ပျောက်တိုးလျသွားတဲ့ ဒီညနေခင်းကို
ခွန်အားမဲ့စွာနဲ့ ကိုယ်ငေးကြည့်နေမိတယ်…
ကြယ်စင်တွေ အလျှိုလျှိုနဲ့ ကောင်းကင်ထက်မှာ
လင်းလက်လာခဲ့ကြတယ်.
ကိုယ်ကတော့ ၀င်သွားတဲ့ ချစ်သူနေမင်းကြီးကို
တမ်းတရင်း ငိုကြွေးနေတုန်းပဲ…

အို… သခင်..
ရက်စက်စွာ ပြုံးတတ်သော..
ညင်သာစွာ နာကျင်စေတတ်သော…
လှည့်ကွက်များဖြင့် ဆက်လက်ပြုစားတော်မူပါ
သွေးစက်ယိုစီးနေသော ကျွန်ုပ်၏
နှလုံးသားစင်မြင့်ပေါ်တွင်
ပျော်ရွှင်စွာ ကခုန်လှည့်ပါလင့်….

ဒီအလွမ်းမျက်ဝန်းတွေကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ
တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.

~ရေခဲငှက်~

Photo Credit

10 comments:

Unknown said...

No .1 !

Kan yo !
ta kal ko kg par tal...

WWKM said...

သြော်..မွ..မွ..မွ... အဲ.. မှားလို့ မ..မ ..မး)))

Unknown said...

တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ.
မိုက်၏ . .မိုက်၏ ;P

Rita said...

ကိုရန်အောင်
Idea ကောင်းလိုက်တာ

seinn kaung myat zaw said...

ကိုရန်အောင်

ကျနော် ကိုရန်အောင်ရဲ့ ကဗျာတွေထဲက တချို့စာသားလေးတွေ ကြိုက်လို့ ကျနော် ချစ်တဲ့ သူဆီ ကူးပြီး ပို့ပို့မိတယ်။ ဒါပေမဲ့ ကျနော် ချစ်တဲ့ သူကတော့ မခံစားတတ်ဘူး။ ကျနော် ကတော့ ကိုရန်အောင် ကဗျာတွေ ဖတ်ပြီး ငိုဘဲငိုချင် နေမိတာ ။

မသက်ဇင် said...

ကိုရန်အောင်ရေ
ကဗျာလေး ခံစားပြီးလာဖတ်ပါတယ်
ခင်မင်လျက်

MANORHARY said...

ထာဝရဆိုတာ အစက ဖိနပ်ဆိုင် ထင်တာ
ခုမှပဲ အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးတွေမှန်း
သိတော့တယ် .. ရေခဲငှက်က ရေခဲတွေကြားမှာသာ နေတာ ကဗျာတွေကျတော့ အလွမ်းတွေနဲ့ တငွေ့ငွေ့ပဲ သနားပါတယ်..း)း)
(မာလာကာပင်လာစိုက်တဲ့သူကို မာလကာသီး ပြန်လာပေးသွားတာ .. :P )

ကဗျာဦး said...

ငိုချင်လာပြီ
အရမ်းကောင်းတယ်

ဒူကဘာ said...

ငိုချင်တယ် ကိုးနတ်ရှင် အဆက်မပြတ် ဖြစ်ပျက် နေတာကြောင့်လို့ မာပြည်က ယူဆာ တွေလည်း မှတ်ထင်ကြဦးမယ်။

thandar kyaw said...

ကဗျာကို တစ်လုံးချင်းဖတ်ပြီး တစိမ့်စိမ့် ခံစားသွားပါတယ် .... စာသားတိုင်းမှာ ရင်ထဲကစကားတွေ မြင်နေရပါတယ်..မွတ်သိပ်စွာ ခံစားရတဲ့ဆန္ဒတွေ ပြန်လည်ရယူနိုင်ပါစေ။ ကဗျာဆရာရဲ့ ခံစားချက်အတိမ်အနက်ကို စာသားလေးတွေက ဖြည့်ဆည်းဖော်ပြသွားပုံလေးက တကယ်ကို လွမ်းမောဖွယ်ကောင်းပါတယ် ။ ပျော်ရွှင်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေရှင်.....။