Wednesday, July 02, 2008

အလွမ်းမော်ကွန်း



အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တယ်.
မင်းကို ဆီးကြိုဖို့အတွက်ပါ.
သံသယတွေ အခန်းထဲကို ပစ်ထည့်ဖို့မဟုတ်ဘူး
ထည့်ချင်လည်းထည့်ပေါ့
ယုံကြည်မှုနဲ့ ရှင်းလို့ရပါတယ်.
အစွဲတစ်ခုနဲ့ ငြင်းနေရင်တော့ ငါလည်း မတတ်နိုင်ဘူး

ငါ့နှလုံးသားကို ဖွင့်ထားခဲ့တယ်.
မောပန်းလာတဲ့မင်း ခိုနားနိုင်ဖို့ပါ
မျက်ရည်တွေ သွန်ချပစ်ခဲ့လို့ရတယ်.
နာကြည်းချက်တွေကို ဖောက်ထုတ်ပစ်ခဲ့လို့ရတယ်.
အပြစ်မယူပါဘူး
မငြူစူပါဘူး.
တစ်ခုပဲ ငါကြောက်နေမိတာ…
သံသယ ဓားချက်တွေ ငါ့နှလုံးအိမ်ကို မွှမ်းခံရမှာကိုပဲ…

တကယ်ဆိုငါဟာ
မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.
မပွင့်ခင်ကတည်းက ညှိုးနွမ်းခဲ့ရတဲ့
ငါ့အချစ်ပန်းတွေကို
မင်းရဲ့ သံသယအက်ဆစ်တွေနဲ့ အပြီးတိုင် မသတ်လိုက်ပါနဲ့တော့နော်
မင်းကို ငါဆက်ချစ်နေချင်သေးတယ်.
ကတိလည်းပေးပါတယ်.
မင်းနဲ့ငါ မခွဲဘူး…
ငါနဲ့မင်း မခွဲဘူး
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
မင်းကို ငါစောင့်နေမယ်
နောက်နောင် ဘ၀များစွာအထိပေါ့
ငါ့ရဲ့ အသံတွေလည်း တိုးလျအားလျော့ချင်နေပါပြီ.
ဒါပေမယ့် ငါမင်းကို ဆက်ပြောမယ်
မင်းကိုငါ မခွဲဘူး
မင်းလည်း ငါ့ကို မခွဲပါနဲ့ဦးနော်…
ဖြူစင်တဲ့ မေတ္တာတွေနဲ့
နွေမှာ အေးမြ၊ မိုးမှာ လုံခြုံ၊ ဆောင်းမှာ နွေးထွေးစေ့ပါမယ်…
ငါမင်းကို သိပ်ချစ်တယ် ချစ်သူ………


ရေခဲငှက်

2 comments:

Angel Eyes said...

ခံစားချက်တွေကိုလှပတဲ့ကဗျာအဖြစ်ဖန်တီးနိုင်စွမ်းရှိခြင်းကိုအားကျမိပါတယ်....ပျော်ရွှင်အဆင်ပြေပါစေ....

Layma said...

မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.

အဲဒီတော့ .. အဲဒီတော့ စောင့်နေမယ်လို့  ပြောနေဦးမှာလား... ဦင်္းရေခဲငှက်ရဲ့...။