Monday, September 03, 2007

အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်ဖို့...


(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)

August 31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။ နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့ မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့ စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။ အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။ နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက် အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ် ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊ ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။ ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့ လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊ ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊ လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင် ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့ မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။ ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့ ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့ လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။ မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။ ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့. နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။ ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး. ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ် မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်… ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်. အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ. အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ. ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ. အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်


အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.

သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွားတာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.

ဟုတ်တယ်. အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား. ခဏနေရင်ရှင်းသွားပါလိမ့်မယ်)

ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့ အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့ ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁) နဲပြည့်စုံအောင် ခင်ဗျားကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ် ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေးတဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင် အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို ဦးစားပေးဖတ်ပါတယ်ခင်ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့ မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေလည်းလှ ဆိုရင်တော့ ပြောစရာမရှိပေါ့ဗျာ…

အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေတတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင် ၀မ်းနည်းနေတတ်တယ်..

ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ. ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်. သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ်ပါတယ်. ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေနဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင် Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက် လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ မရေးနိုင်ဘဲ ဒီတိုင်းထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင် ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်. (မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါဘူး. ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်. ခင်မင်ရင်းနှီးကြပါတယ်.)

ကဲဗျာ. လာလည်ကြပြီနော်. ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉ ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression ပေးသွားပါလိမ့်မယ်. သူကဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့ ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက်မယ်၊ အားပေးမယ်. ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့ ခံစားချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့ သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.

ဒီတော့ ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်. ဘာရေးမလဲ. ပို့စ်ကောင်းတယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာလား၊ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို ပို့စ်ကောင်းတယ် ခေါ်တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက် ချပြထားပြီး ကိုယ်ဘယ်လောက်တတ်ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို ပို့စ်ကောင်းတယ် ခေါ်တာလား….

တစ်ခုမှမဟုတ်ပါဘူး..

ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..

လမ်းထဲမှာ ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ. ခင်ဗျားပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်. ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့် ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)

ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…

Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..

ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊ ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ် ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့ သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး. သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်. ဒါပါပဲ.

အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင် ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ ၀င်ရေးသွားတတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.

ခံစားရသူဖက်ကကြည့်ပါ. သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက် ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့ စာဖတ်တတ်ဖို့လိုမယ်.

လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့ ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက်နဲ့တော်တိုင်း ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး. ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့်မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင် ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက်မဖြစ်သေးဘူး. အဲဒါကို နားလည်သဘောပေါက်မိဖို့ လိုတယ်.

အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး. မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်. မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.

ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..

ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့
အကြောင်းပြချက်တွေ ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်. တိုက်ပွဲတွေပြင်းထန်လာတယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.

တစ်ခါတစ်လေမှာ ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.

ခင်ဗျားမပြောတတ်သေးလို့. တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို ခင်ဗျားနားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.

ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေးနည်းပညာတွေ ဖြစ်လာပြီ. ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး

ဒီတော့ ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့် သဘောတရားတွေကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…

၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.

ဘာတွေလဲ ဆိုတော့

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း

(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)

နံပါတ် (၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော်ကို ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင် ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.

တကယ်တော့ How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင် တတ်ပါတယ်.

နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့ တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုးပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်. ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.

ခွေးပိန်လေးတစ်ကောင်ကို ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင် ရိုက်တဲ့သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.

ဒီလိုပါပဲ. ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့ သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.

ခေါင်းဆောင်ကောင်း၊ မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.

အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.

လူတစ်ယောက်ကို ပြောင်းလဲလာစေချင်ရင်လည်း ဒီသဘောပဲ. ပြောင်းလဲသင့်တဲ့ အချက်တွေကို ပြောပြရမယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင် ရှင်းပြရမယ်. ကိုယ့်အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်. ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကားအလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.

ဒီတိုင်းသွားပြီး

ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့မို့မသိတာ ငါသိပ်အံ့ဩတယ်.

ဒါမျိုးသွားပြောကြည့်. ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ ပြောဆိုပုံမှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.

နိုင်ငံခြားကလာတဲ့ ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ. အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ. ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်. အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ်ရင်တော့ ခင်ဗျား ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့. ကျွန်တော်အပိုမပြောဘူး.

မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောတာ ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်. ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.

အဲလိုမကျင့်သုံးဘဲ ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊ ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာပါလိမ့်မယ်.

ပြဿနာတစ်ခုဖြစ်တဲ့ အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့ ကြည့်တတ်ရပါတယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့ စကားဟောင်းတစ်ခုကိုပဲ ပြန်သုံးလိုက်ပါရစေ..

ဒါကြောင့် အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမက ကော်မန့်လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို ရေးရမယ့် အချိန်အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့ ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.

အဲလိုပြောလို့ လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်. လူတိုင်းရဲ့ စိတ်ဆန္ဒကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး. ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုးစီးပွားကိုမျှ မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့. လူကြည်ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး မနေပါနဲ့. လုပ်သင့်တာ ရေးသင့်တာ ပြောသင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူတစ်ယောက်ပါ ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ. ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.

ဒီလိုပါပဲ. ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး. ဘလော့ဂ်လောကမှာလည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့ ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူလာလေ ဖြစ်နေတယ်ဆိုတာ ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.

တစ်ချိုးတစ်ကွေ့မှာ ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ်ပီသစွာ ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက ခင်ဗျားကို အမြင်မတူတာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ. အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ. ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိလာပါလိမ့်မယ်.

ဒါကြောင့် မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး စကားတင်းဆိုလာခဲ့ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊ ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျားကို ရန်သူကတောင် လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို အသုံးချနိုင်ပါတယ်.

ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာလျှင် အယ်ဒီတာပါ. ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ. ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့ ပုံစံမပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း မလုပ်သင့်ပါဘူး.

ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့ လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး. (လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး. ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ မြင်နိုင်ပါတယ်ခင်ဗျာ)

ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင် နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံးသိအောင် လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင် တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့် လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုးမလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက် ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ်ဆိုရင် ဒါကို နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့ မချေပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့ Gentleman ပီသဖို့လိုပါတယ်. မကျေနပ်ရင် အပြင်မှာ ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊ ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်. ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွားမှာ သေချာပါတယ်. ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ. ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး. လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.

တစ်ချိန်တည်းမှာပဲ ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း ပို့စ်မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ်ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ. မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ. တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခုလုံးကြီး ပြောင်းရတာက တကယ်ကို လိုအပ်မှပဲ
လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက် အချိန်အတော်ကြာမှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်. ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်.

ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါ
လေ့လာဆည်းပူးခဲ့တာတွေကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ.
မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင် လုပ်ပါ
ကိုယ်ရေးကိုယ်တာခံစားချက်ကို ထိန်းသိမ်းပါ
စာဖတ်သူကို လေးစားပါ

ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူး
ခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..

ခင်မင်လေးစားလျက်

ရန်အောင်

60 comments:

Anonymous said...

ကိုရန်ရေးတဲ့ပိုစ်ထဲမှာတော့ ဒီပိုစ်ကိုအကြိုက်ဆုံးလို့ ပြောလို့ရပါတယ်။
လေးစားပါတယ်ရှင်။

MELODYMAUNG said...

ရန်ရန်ရေ ဂွတ်တယ်ကွာ ခေါင်းထဲမှာ ရှင်းနေတာပဲ ဘယ်လိုဆိုရင် အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေတယ်ဆိုတာကိုလေ

မျှားပြာ said...

ကောင်းလိုက်တဲ့ အရေးအသား..။

Anonymous said...

အရမ်းကောင်းတဲ့ အကြောင်းအရာနဲ့ အရေးအသား တွေပါကိုရန်အောင်…။ Blogger အားလုံးသာမက လူသားတိုင်းကို သိစေချင်ပါတယ်။ ဒါကြောင့် အမဘလော့လေးမှာ ဖော်ပြခွင့်ပြုဖို့ တောင်းဆိုပါတယ်။

လေးစားလျက်
မဇင် (မွန်းသက်ပန်)

kay said...

ရန်အောင်ရေ..တကယ်ကောင်းတဲ့..သင့်လျော်တဲ့..အချက်တွေပါပဲ..( အခု..အဲဒီစာထဲကအကြံပေးတဲ့အတိုင်း..ကွန်မန့်ပေးထားတယ်နော်..)

နှင်းပွင့်ဖြူ said...

ကိုရန်အောင် အခုလိုလမ်းညွှန်ပေးတာအရမ်းကိုကျေးဇူးတင်ပါတယ်။
ကိုယ့်စာလုံးပေါင်းမှားတာကြည့်ပြီး..နောက်ဆိုသတိထားပါမယ်။
မှားတာရှိရင်းလည်း လမ်းညွှန်ပေးပါဦး :-)

ခင်မင်းဇော် said...

သိပ်ကောင်း၊ တကယ်ကောင်းတဲ့ပို့စ်ပါပဲ မောင်ရန်ရေ..
(ဖတ်ပြီးသမျှ လက်တွေ့ အကောင်အထည်ဖော်ပါသည်)

MgThaJan said...

အရမ်းကောင်းတာပဲ ကိုရန်အောင်။ လမ်းညွှန်မှုအတွက် ကျေးဇူးပါ။

freeburma said...

ဖတ်နေရင်း ဖတ်နေရင်းနဲ့ကို ကိုရန်ရဲ့ ဘလော့အသိုင်းအ၀ိုင်းကို တန်ဖိုးထားတဲ့ စေတနာလေးတွေကို တွေ့မြင်လိုက်ရတော့ စာကို ဆုံးအောင်တောင် မဖတ်ရက်တော့ပါ။ တပိုဒ်လောက်ဖတ်ပြီးရင် ခဏနား ....... စဉ်းစား ....... တပိုဒ်လောက် ပြန်ဖတ် ....... ။ ကိုရန်ရေ ... ကျနော်နဲ့ သဘောညီမျတဲ့ အားလုံးရဲ့ကိုယ်စား လေးစားပါတယ်လို့ ဒီနေရာက ပြောလိုက်ပါတယ်။

(ကိုရန်ဘလော့ဂ်မှာ တင်ထားတဲ့ Zawgyi-One Web Text ကို ကျနော့်ဘလော့ဂ်မှာလည်း တင်ခွင့်ပြုပါ။)

စိုးထက် - Soe Htet ! said...

ျောင်းနဲ့ရှုပ်နေလို့ အခုမှဖတ်ရတယ် ... တော်တော်ပြည့်စုံပါတယ် ... ကျေးဇူး ... :D

thamudayanwe said...

ကိုရန်အောင်..
သ်သင့်သိထိုက်တာ..တွေအမြဲမကြတ်ရေးလေ့ရှိတဲ့အတွက်ကျေးဇူးပါ
ဟုတ်တယ်နော်တချို့ဘလေယ့တွေမှာလိုက်ဖိုက်နေတာ..
ကျတော်ကအဲဒါတွေကိုကြောက်လို့ ဖိုရမ်တောင်မ၀င်ဘူးဘူး..
ကောင်းတယ်..အဲလိုအနှစ်သာရရှိတာလေးတွေများများရေးပေး
ဖတ်တဲ့သူတွေအကျိုးရှိတယ်

s_potato said...

ကိုရန်အောင်ရေ ဘလော့အတွက်ရော ဘ၀ အတွက်ပါ တန်ဖိုးကြီးတဲ့ စကားတွေကို ကျဲချပေးထားလို့ ကျေးဇူးပါ အားပါးတရ ၀ိုင်းကောက်နေတယ်

nu-san said...

ကိုရန်အောင်..
တကယ်ကောင်းတဲ့ပို့စ်ဖြစ်တဲ့အပြင် Blogger တွေအကြား ဆောင်ရန်ရှောင်ရန် နဲ့ သိသင့်တာတွေကို အသေးစိတ် ပြောပြပေးတာ ကျေးဇူးပါ။

ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးတဲ့အနေနဲ့ comment ရေးလိုက်ပါပြီ။ :)

Htoo Myat said...

ဘလော်ဂါကျမ်း လို့ခေါ်ရင်တောင် ခေါ်လို့ရတယ်ဗျာ... လမ်းညွှန်ချက်တွေအတွက် ကျေးဇူးပါ။ ကျနော်တို့လို သက်သရမ်းတဲ့ ဘလော်ဂါငယ်တွေ တန်းပလိတ် ခဏခဏမပြောင်းသင့်တာတွေ အခုမှ သဘောပေါက်တယ်။

Anonymous said...

ကိုရန်ရေ.. တအားကောင်းတယ်ဗျာ..

Anonymous said...

ခုလို ဒီမို့ကို ဘလော့ဂ်မရေးပေးမဲ့လည်း ဘလော့ဂ်ဂါ မိသားစုဝင် တစ်ယောက် အဖြစ်သတ်မှတ်ပြီး ခင်မင်ရင်းနှီးတာ ၀မ်းသာရပါတယ်..
မယုံရင် ဒီမိုကစ်တိုကို ကြည့်ပါဆိုပဲ.. ဘယ်လို ကြည့်မှာတုန်း ကိုရန်ကြီးရဲ့ .. =)

Yaw Han Aung said...

ကိုရန်အောင်ခင်ဗျား။
ဒီပို့စ်ကို အချိန်ယူရေးထားမှန်းသိပါတယ်။ တန်ဖိုးလည်း ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

ယောဟန်အောင်

Anonymous said...

တိုက်ဆိုင်တယ်ဗျာ။ ကျွန်တော် ဒီနေ့ပဲ Blog လေးစရေးဖြစ်တာပါ။ ကိုရန်အောင် Post ကိုဖတ်လိုက်ရတော့
ကျွန်တော့်အတွက် အလွန်အဆင်သင့်သွားတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေကိုသတိထားမိစေတယ် ။
ကျွန်တော့် Blog လေးမှာလည်း Link ချိတ်ခွင့်တစ်ခါတည်းတောင်းပါတယ် ။

ခင်မင်သော
နေသွေးညို

Ye-Mon said...

ကိုရန်အောင်ရေ
ဒီပို့စ်လေးက တကယ့် “အကျိုးပြု” ပို့စ်လေးပဲ။ ဘလောက်ဂါစာအုပ်မှာတောင် ထည့်သင့်တယ်။

ဘလောက်ဂါစာအုပ် စီစဉ်ရေးနှင့် သက်ဆိုင်သူများခင်ဗျား
ကိုရန်အောင်၏ “အောင်မြင်တဲ့ဘလောက်ဂါတစ်ယောက်ဖြစ်ဖို့” ဆိုတဲ့ပို့စ်ကို ဘလောက်ဂါစာအုပ်မှာ ထည့်သွင်းသင့်ကြောင်း အဆိုတင်သွင်းပါသည်။

ကလိုစေးထူး said...

ဆရာလေး မောင်ရန်…။ (ဆရာတင်ချင်လို့ ခေါ်တာနော် အဟဲ) လေးစားမှတ်သား ဖတ်ရှုနာယူသွားပါ၏။ တခုတော့ ရှိတယ် မောင်ရန်ရေးထားသလို ရမ်းသရူး ဖတ်တာ မဟုတ်နော်…။ တလုံးမကျန် နှစ်ခေါက်ကြီးများတောင် ဖတ်သွားတာ။ ဒါကြောင့်လဲ မောင်ရန်တို့ အောင်မြင်တဲ့ ဘလော့ဂါ ဖြစ်နေတာကိုး။ အဟတ်ဟတ်။ (မောင်ရန်စတိုင်လ်ရယ်တာပေါ့ကွာ)

မေငြိမ်း said...

အင်းးး
တကယ်တော့ မောင်ရန်ရေးသွားတာတွေက လူတိုင်း လက်ခံသင့်တဲ့ စည်းကမ်းလေးတွေပဲ။ ဒါကို လူတိုင်းသာ လက်ခံနိုငရင် တို့ ဘလော့ဂါလောကကြီး ဒီမိုကရေစီ တိုင်းပြည် တပြည် တည်လို့ရပြီ။ ဒီတကြိမ်ပါနဲ့ဆို အမ ဒီပို့စ်ကို ဖတ်တာ.. ၃ခါရှိပြီ (ရှည်လို့) :D
ဂုဏ်ယူပါတယ်ခဗျားးးး

Layma said...

ကိုရန်ရေ …. brother ကို အဲဒါကြောင့် “အဝေးတမြေက သားကောင်း” လို့  လေးမက ပြောတာပေါ့ …. တန်ဖိုးရှိတယ်….ကျေးဇူးပါပဲ … ။
ဒါနဲ့  brother ရေ ….လေးမ စိတ်ထဲမှာ blogger တစ်ယောက်ကြောင့် မခံချိမခံသာဖြစ်နေတယ်… ဘာမှလဲ ဆက်မရေးချင်ဘူး …. လေးမ ဘယ်လို လုပ်ရမလဲ … အဲဒီအကြောင်းကို ပို့ စ်တစ်ပုဒ်တော့ရေးထားတယ် …. နာမည်တော့မသုံးထားပါဘူး … စွာလဲမစွာထားပါဘူး…..ဒါပေမယ့်တင်ရမှာလဲ အားနာတယ်…. ဘာမှ မတုံ့ ပြန်ရတော့လဲ လူက….နေလို့ မရဘူး …. ခုလောလောဆယ်တော့ စာမရေးဘူး…. လျှောက်လည်နေတယ်…. ဒီမိုနဲ့  မမသမုဒယကလဲ အသစ်တင်ပါတဲ့…. လေးမ ရေးလို့ လဲ မရဘူး …. စိတ်မကောင်းဖြစ်နေတယ်…. ဘယ်လိုလုပ်ရမလဲ …. အကြံပေးပါဦး….။ လော၂ဆယ်တော့ brother ရေးထားတဲ့ (ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊) ဆိုတဲ့အချက်ကို နှလုံးသွင်းနေပါတယ်…။
ခင်မင်လျက်
လေးမ

Chit Lay Pyay said...

ကိုရန်ရေ အလ္ဗန် လျော် ကန် သင့်မြတ်လှ ကြောင်းပါ။ တန်ဖိုး ရှိ တ့  ပို့  စ်လေးပါ။ ကျေးဇူးတင်ပါ တယ်။

Sophie said...

Thanks Brother.I like very much.Have a peaceful life!

Moesat said...

ကိုရန်ရေ...good တောင် ရိုးရိုး good မဟုတ်ဘူး။ ဂွတ်ရှယ်၊ ဂွတ်ရှယ်...

သန့်ဇော်မင်း said...

ကိုရန်အောင်ရေ.. တကယ့်ကို လေးစားပါတယ်ဗျာ..
သေသေချာချာကို ၂ ခေါက်တိတိဖတ်သွားပါတယ်..
ကျေးဇူးပါပဲဗျာ....

Hlaing Htun said...

ဒီနေ့ စိတ်ရှည်ရှည်နဲ့ ဟိုဒီလျှောက်ကြည့်ရင်း ဒီ Link ကိုရောက်လာတာ။ Blog လောကမှာတော့ မွေးကင်းစပေါ့။ ဒါပေမဲ့ အစောပိုင်းကတည်းက ကိုရန်အောင်တို့ အကူအညီတွေနဲ့ Template ပြင်ခဲ့ဘူးတယ်။ အရေးအသားကတော့ ဒါပထမဆုံး ကြုံဘူးတာ။ ကောင်းပါတယ်။ ဒီလောကရဲ့ နောင်တော်ကြီး ပီသစွာပဲ မှတ်သားစရာတွေနဲ့။ ကောင်းလွန်းတယ်ဆိုရင် ပိုပြည့်စုံတဲ့ စကားဖြစ်မယ်ထင်လို့ ကောင်းလွန်းတဲ့ Post လို့ ပြောပါရစေ။ မအောင်မြင်ရင်နေပါ ဘလော့ဂါကောင်းတစ်ယောက် ဖြစ်ချင်သူပါ။ အလည်လာပြီး အမြင်မတော်တာတွေ comment ပေးသွားပါအုံး။

Nwai Hninn said...

Thanks a lot for your advice.

Regards,

Nwai Hninn

hnin said...

ကိုရန်ရေ...
ဘလော့ဂါတွေအများကြီးထဲမှာ အသက်ငယ်ငယ်နဲ့ ရန်အောင်ရယ်လို့ နာမည်တစ်လုံးရနေတာ ဒီလိုအရေးအသားက သက်သေပြနေတာပါပဲ။ အချိန်ပေးဖတ်ရပေမဲ့ ကိုယ့်အတွက် အများကြီးအကျိုးရှိသွားတယ်။ ဘလော့တစ်ခုတည်းအတွက်တင်မဟုတ်ဘဲ သိုးလေးတို့ရှင်သန်နေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာလည်း ကိုရန်ပြောတဲ့အချက်တွေအတိင်း ကျင့်သုံးသွားရင် လူပီသတဲ့ လူတစ်ယောက် ဖြစ်လာမှာ မလွဲဘူးပေါ့နော်။ ကိုရဲမွန်နည်းတူပဲ ဘလော့စာအုပ်မှာ ထည့်သင့်တယ်လို့ အကြံပေးပါတယ်။ ဒါမှ တစ်ခဏမဟုတ်ဘဲ စိတ်ရှိတိုင်း ပြန်ပြန်ဖတ်ချင်တဲ့အခါ ဖတ်ရတာ အဆင်ပြေတာပေါ့။

Anonymous said...

c box ထဲမှာလဲ msg ချန်သွားတယ်
အစ်ကိုဘလော့ကိုဖတ်ပြီး အားရတယ်
ကြိုးစားချင်စိတ်လဲ တဖွားဖွားပဲ
အခုမှ အသစ်ဆိုတော့ ယောင်ချာချာဖြစ်နေတာ
အစ်ကို့ဘလော့ ဖတ်လိုက်ရတာ
ကိုယ်ရဲ့ aim ကိုသေချာမြင်လိုက်ရသလိုပဲ
အခုမှ တစ်ခုပဲတင်ရသေးတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ်
နင်တစ်ယောက်ထဲဆို မနိုင်ဘူးတဲ့
ဒါပေမဲ့အခု my view is clear now
it is no more cloudy
i hope i can do it
့ကဗျာဝါသနာရှင်တစ်ဦးပါ
အစ်ကိုလဲ comment ၀င်ပေးမယ်ဆို ကျေးဇူး
သိပ်တင်တယ်

Anonymous said...

မြန်မာ ဘလော့ဂ်လောက အတွက် အကျိုးပြု စာကောင်းတစ်ပုဒ်ဖြစ်ပေသည်။

4eVeR fRiEnD said...

sharingtofrds.blogspot.com ကတစ်ဆင့်ဝင်လာတာ
ကြားဖူးတာတောါကြာပါပြီ၊ တစ်ချို့ဒီက ကိုးကားထားတာတွေကို တွေ့မြင်တုန်းကပါ။ အခုတော့ စေတနာတွေပါ မြင်ရပါတယ်၊ ကျေးဇူးပါပဲအားလုံးကိုယ်စား

အောင်သူ said...

ဆရာရန်ရေ အရမ်းgoodတယ်ဗျာ။

အောင်ကြည်မင်း said...

tomorrowplan; ရွေဝါရောင်တော်လှန်ရေးစကတည်းက က္ဏျန်တော် Blog တိုင်းလိုလိုလိုက်လည်ဖြစ်ပါတယ်။ တစ်ခါမှကါန်မန့်ဝင်မရေး ခဲ့ပါဘူး ကိုရန်အောင်Blog ဆိုရင်အခုန့် ဆိုရင်အခေါက်ပေါင်းကို မရည်တွက်နိုင်ပါဘူး။ ဆီဗုံးမှာလည်း မရေးဘူးပါဘူး။ ကျေးဇူးတင်ပါတယ်၊ ဒီ post ကိုဖတ်မိတာ ကျွန်တော့်အတွက် အများကြီးအကျိုးရှိပါတယ်။ ကျွန်တော့် ထံကိုလည်းအလည်လာပြီးအကြံ ပေးပါအုံး

Anonymous said...

အစ်ကိုရန်အောင်မမွန်းသက်ပန်ဆီကနေlink ပေးလို့လာလည်ပါတယ်ဘလော့ခ်ရေးဖို့ပြင်ဆင်နေသူတစ်ယောက်အနေဲ့
အရေးအသားနဲ့ရှင်းလင်းညွှန်ကြားချက်လေးတွေကိုကြိုက်တယ်ဗျာဆက်လက်ပြီးအောင်မြင်ပါစေဗျာ
နောက်လဲလာပါဦါ်မယ်ဗျာ

Nar Koe Yar said...

ကိုရန်အောင် blog ရေးချင်စိတ်ဖြစ်နေတာ
ဒီပိုစ် ဖတ်လိုက်ရမှ ဘာလုပ်ရမယ်ဆိုတာရှင်းသွားတယ်
အရမ်းကောင်းတဲ့ ပို့ပဲ
blog အကြောင်းနကန်းတစ်လုံးမှ မသိသေးပါဘူး
လေ့လာဖို့ ကြိုးစားဆဲ ကျွန်တော့်အတွက် အရမ်းအားတက်မိပါတယ်
ရေးဖြစ်သွားအောင်လည်းကြိုးစားပါဦးမယ်
အစဉ်လေးစားလျှက်
နောက်လည်းလာလည်ပါဦးမယ်

Nar Koe Yar said...

ကိုရန်အောင် blog လုပ်ချင်နေတဲ့ကျွန်တော့အတွက်
အရမ်းတန်ဖိုးရှိတဲ့စာစုပဲဗျာ
ကျေးဇူးပါပဲဗှာ

Unknown said...

ဘလော့အကြောင်းပါမက...လူ့လောကကြီးတခုလုံးကြောင်းပါ ပါသွားတယ်....ချီးကျူးပါတယ်.....ပထမဆုံးအကြိမ်လာလည်တာပါ... ^^

Unknown said...

အရင်အခေါက်တွေတုန်းက နည်းပညာပိုင်းကို လိုချင်လို့ 
အစ်ကို့ ဆီကိုလာလည်ဖြစ်တယ်....အခုတစ်ခေါက်လည်း
ဒီလိုပါပဲ....
ဒါပေမဲ့ ...ဒီပို့ စ်လေးကိုဖတ်လိုက်ရတာ..တော်တော်
အဆင်ပြေသွားတယ်...အစ်ကိုပြောသလိုပါပဲ...
အသစ်တစ်ယောက်ဖြစ်တော့ ကိုယ့်ဆီကို သူများတွေကို
လာလည်စေချင်တယ်..ကိုယ်ကျတော့သူများဆီရောက်တော့
ရောက်တယ်.. comment မပေးဖြစ်ဘူး cbox မှာအော်ရုံလောက်ပဲ လုပ်ခဲ့တာ...သူများကိုလေးစားမှ ကိုယ့်ကို သူများကလေးစားမယ်ဆိုတာ အစ်ကိုပြောမှပဲ ပြန်သုံးသပ်မိတယ်...စိတ်တွေက သိပ်မှမကောင်းချင်တော့တာ:D
အရင်က ကူးယူသွားတဲ့နည်းပညာပိုင်းဆိုင်ရာများအတွက်ကော
ဒီပို့ စ်အတွက်ပါ ကျေးဇူး....

သုဏော်စိုင်း

မောင်ဥက္ကာငယ် said...

ကြိုက်တယ်အစ်ကို..ဘလော့လေးတစ်ခု..ဖြစ်လာနိုးနိုးကြိုးစားရုန်းကန်စိတ်ကုန်အချိန်ကုန်နေရင်း
အစ်ကို့ဆီဝင်လည်တာ..တန်သွားတယ်..။ဖြစ်နိုင်ရင်ကျွန်တော့်ဘလော့လေးဆီအစ်ကို့ဆောင်းပါးတင်ထားလိုက်ချင်တယ်..အလှူလက်ဖက်နှင့်မျက်နှာလုပ်ဖို့မဟုတ်ပါဘူး..ကျွန်တော်ကိုယ်တိုင်အကြိမ်ကြိမ်ဖတ်မိရအောင်ပါ..။ကျွန်တော်လောလောဆယ်..ဘလော့လေးကိုဖွင့်လိုက်တိုင်းကျွန်တော်ကြိုက်တဲ့သံစဉ်ဆွေးလေးတွေထွက်လာအောင်ကြိုးစားနေတာရွာလည်နေတယ်..အစ်ကို့ပိုစ့်တွေရှာဖတ်လိုက်ပါဦးမယ်နော်..။ဘာတဲ့...
အမှန်တကယ်စိတ်ဝင်စားရမယ်..။(ကျွန်တော့်ကိုကျွန်တော်မေးလိုက်ဦးမယ်)..သင့်တော်တဲ့အချိန်တစ်ခုပေးနိုင်ရမယ်..(ဟုတ်တာပေါ့..)
ကျေးဇူးတင်ပါတယ်အစ်ကို

thadarhline said...

ကိုရန်အောင်....
ပိုစ့်လေးဖတ်ပြီး တကယ့်ကိုအသိတရားလေးရအောင်.
ဘလော့လောကမှာ နေထိုင်တတ်အောင်. လမ်းညွှန်ပြသ
ပေးထားတယ်လို့ ယုံကြည်ပါတယ်။ သဒ္ဓါ့အတွက်တော့
ပညာပေးပိုစ့်လေးတခုပါ..။
ခင်မင်စွာ
သဒ္ဓါ

Joseph Khai said...

ပြန်လည်ဖော်ပြဖို့တောင်းဆိုလိုပါတယ်.. အရမ်းကြိုက်တယ်

လင်းထက် said...

ဒီပိုစ့်လေးကို အခုမှ ဖတ်မိတယ် မှတ်သားသွားပါတယ်..

akhayar said...

ကောင်းပါတယ်...ဒီပိုဒ်လေးအတိုင်းလေ့လာဆဲ ကြီူးစားဆဲပါ..

တောက်ပကြယ်စင် said...

ကိုယ်ရေးတဲ့စာကို အစဉ်အမြဲ ခမန့်လာပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို အခွင့်ကောင်းယူပြီး သူ့ကို အမှားပြန်ပြင်ပေးလိုက်တယ် အမှားဆိုတာ သူ့ဘလောဂ့်မှာပေါ့နော် ဥပုသ်နေ့ကို ဥပုဒ်နေ့လို့ ရေးထားတာကိုး ပါဠိစကား ဥပေါသထကနေ ဥပုသ်နေ့ဆိုပြီး မြန်မာမှုပြုထားတာကြောင့် ပြင်ပေးလိုက်မိတယ် စိတ်ဆိုးသွားတယ်ထင်တယ် နောက်တစ်ခါမှ မလာတော့ဘူး။ နှမြောလိုက်တာ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်

snow said...

thank u so much too!

joejoe said...

verygood .....ကိုရန်အောင်

chhacho said...

ကိုရန်အောင်ရေ.... ကျွန်တော်တော့တော်တော်ကြိုက်တယ်ဗျာ....
ကျွန်တော်က လွန်ခဲ့တဲ့တစ်ပတ်ကမှ စပီးဘလော့အကောင့်လုပ်ထားတာပါ...
ကျွန်တော့်ကိုကူညီသောအားဖြင့် အကို့လိုမျိုး flash template 3 collum ပါတဲ့ template လေး သနားပါလားလို့ အကူအညီတောင်းချင်ပါတယ်....
ကူညီမယ်မဟုတ်လားဟင်...........

လေးစားလျက်..... chankyone

သူရဇော်(မှတ်စု) said...

လာလည္သြားပါတယ္ဗ်ာ။ သဘောကျလွန်းလို့ ရာဇာနေ၀င်းစတိုင်နဲ့တောင် ရီလိုက်ချင်တယ်။ ဟား ဟား ဟား ဟား....:D (ကိုရန်အောင်စတိုင်နဲ့တော့ မရီတော့ပါဘူး)
ကျွန်တော်ဘလော့စလုပ်တုန်းကလည်း အစ်ကိုတို့အဖွဲ့ရေးသားချက်တွေကိုပဲ အားကိုးခဲ့ရတာပါ။
အရာရာအားလုံးအတွက် ကျေးဇူးပါဗျာ။ လူကိုယ်တိုင် အနီးကပ် တပည့်မခံဘူးပေမယ့် ကိုရန်အောင်တို့ရေးထားတာတွေဖတ်ပြီး အရင်ကထက်ပိုသိလာတဲ့အတွက် ကျွန်တော့်အနေနဲ့ ဆရာလို့ပဲ သတ်မှတ်မိပါတယ်။ ဒီထက်အောင်မြင်ပါစေဗျာ။

မိစံ said...

ရှင်းတယ်.သိတယ်.မြင်တယ်..
သဘောပေါက်သွားတယ်အစ်ကို
တော်တော်ကောင်းတဲ့အရေးအသားပါ။
ကိုယ်ပြောချင်တဲ့စကားတစ်ခွန်းကို
လူအများ.နားလည်အောင်ပြောရတာ
တကယ်မလွယ်ပါဘူး။
အစ်ကိုလည်း
စာဖတ်နာသူတစ်ဦးပဲနေမယ်နော်။း)
အစ်ကိုရေးတဲ့ဒီပို့စ်က..
(မူကြို)ဘလောဂါလေးတွေအတွက်
(အထက်တန်းကျောင်းသား)
ဘလော့ဂါ.အစ်ကိုကြီးရဲ့
လမ်းညွှန်ဆုံးမစကားတွေလိုပါပဲ။
မှတ်သားနာယူသွားပါတယ်အစ်ကို
(မူကြိုကျောင်း.တက်ခါနီးမို့ပါ :P)

ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

mg kyant said...

အစ်ကို..Blog အကြောင်း ဆောင်ရန် ရှောင်ရန်လေးတွေရေးထားတာ ဖတ်လို့တော်တော်ကောင်းပါတယ်...ဗဟုသုတအများကြီးရပါတယ်...ကျွန်တော်က Blog မရေးတတ်သေးပါဘူး..ရေးချင်ပါတယ်...ဖြစ်နိုင်ရင် အစ်ကို Blog ရေးနည်းလေး တင်ပေးပါလား...နောက်တစ်ခေါက်ပြန်လာခဲ့ပါ့မယ်....

ကိုအောင် said...

အင်းအကိုရေးတဲ့အရေးအသားတွေနဲ့သုံးနုန်းသွားတဲ့အသုံးအနုန်းလေးတွေကို သဘောကျတယ်
တော်တယ်ပေါ့ဗျာ.လောကမှာကျွှန်တော့အတွက်ကျောချစရာ ရှာနေရလို့အားရင်နောက်တစ်ခေါက်ထက်ဖက်ဦးမယ် ဟန်မဆောင်တဲ့ ရန်အောင် (လေးစားပါတယ်ရဲဘော်)နောက်တာနော်

ကိုအောင် said...

အင်းကိုရန်အောင်ဆိုတာ မနေ့ကမှ မျက်စိလည်လမ်းမှားပြီးရောက်သွားတဲ့ဆိုက်ပါ..ကိုရန်အောင်ဆိုက်ကိုနောက်တခါရောက်ရှိလာတာကတော့ (အပြောမဟုတ်အလုပ်နဲ့သတ်သေပြသွားတဲ့ )ကိုရန်အောင် ကျွှန်တော်blog လေးကို ဖွင့်ကြည့်လိုက်လို့သိလိုက်ရတယ် လိုအပ်တာလေးတွေကို ပြောပြ၇င် ကျွှန်တော်စိတ်မဆိုးပါ အကို နောက်လဲအကိုဆိုက်လေးကိုလာမယ်ဗျာ..

Anonymous said...

ကိုရန်အောင်ခင်ဗျား

ဒီပို့စ်ကို ဖတ်လိုက်ရတာ ကျွန်တော့်အဖို့် အသိအမြင် ၊ ဗဟုသုတတွေ ဒလပုံကြီးကို ရလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီထဲက အချက်တွေနဲ့ ချိန်ညှိ ကြည့်မိလာတယ်။ ရှေ့ဆက်လျှောက်လှမ်းဖို့အတွက်လည်း နည်းလမ်း၊ ခွန်အားတွေ ရရှိခဲ့ပ်ါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ကြည်မြန်မာ said...

ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်. သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း ပွားများအောင် လုပ်တာပါပဲ.

ကိုရန်အောင်ရေ..။ ကိုရန်အောင်အကြံပြုထားသလို ကျွန်တော်လည်း ဘလော့တွေသွားဖတ်..၊ ထင်မြင်ချက်တွေရေးနဲ့ လုပ်ဖြစ်လိုက်ပါတယ်..။ တကယ်လည်း ဖတ်ရတာ ၀ါသနာပါပါတယ်..။ ကိုယ့်အမြင်လေးတွေ ပြန်ရေးခဲ့တာပေါ့..။ အဲဒါ ခင်တဲ့အစ်ကိုတစ်ယောက်ဆီက ကြားရတယ်..။ သူနဲ့စကားပြောဖြစ်တဲ့ကောင်မလေးတစ်ယောက်က မစံပယ်ဆိုတာ သတိထားလို့ ပြောတယ်တဲ့..။ အွန်လိုင်းစတားလို့ပြောတယ်တဲ့..။ ကျွန်တော့်ကိုအပြင်မှာလူချင်းသိပြီး ပုဂ္ဂိုလ်ရေးမကြည်လင်သူတစ်ယောက်က ပြောတယ်လို့ယူဆမိတာပဲခင်ဗျာ..။ ကျွန်တော်ဖြင့် ဘယ်မှာမှ မစတားမိဘူးလို့ ထင်တာပါပဲ..။ ကိုရန်အောင်အကြံပြုချက်တွေက အလုံးစုံကောင်းပါတယ်..။ ကျွန်တော့်မှာသာ ဘေးထွက်ဆိုးကျိုးနဲ့ ကြုံတွေ့နေရတာ..။ တိန်..။

သိ င်္ဂါ ရ said...

Post တွေ ရေးရတာ ... ၊ blog ကို တာဝန်ယူရတာတွေ နဲ့ ပတ်သက်ပြီး အတွေးတွေ ဖြစ်စေပါတယ် ကိုရန်အောင် ... ။ ရှင်းလင်းတဲ့ ရေးသားပုံတွေ ... စေတနာပါတဲ့ အမြင်တွေအတွက် လေးစားမိပါတယ် ခင်ဗျာ ...

Devamitra said...

ကိုရန်အောင် ရေတကယ်အနှစ်သာရရှိတဲ့ပိုစ်လေးပါဗျာ ကျွန်တော်ဆိုဒ်မှာကူးယူဖော်ပြမယ်နော် ..ကျေးဇူးတင်ပါတယ်ဗျာ

Devamitra said...
This comment has been removed by the author.
လရိပ်အိမ် said...

ဒုတိယအကြိမ် လာဖတ်ဖြစ်တာပါ ၊ လွန်ခဲ့တဲ့ လေးနှစ်ကဖတ်တာနဲ့မတူပြန်ဘူး။

myintzaw said...

Blog ကိုအခြေခံပြီးတော့စီးပွားရေး၊လူမှူရေး၊မိသားစုနှင့်ပတ်သက်သောblogတွေရေးလို့ရတယ်။