Thursday, September 13, 2007

ယုံကြည်ချက်



အပူဒဏ်လွန်ကဲလို့ စမ်းချောင်းငယ်လေးထဲက ရေတွေ ခမ်းခြောက်ကုန်တာပေါ့. ဒါနဲ့သူလည်း ကြံရာမရဖြစ်ပြီး မြစ်ဆီကိုသွားပြီး ရေနည်းနည်းတောင်းပါတယ်.
မြစ်က ပင်လယ်ဆီကိုသွားတောင်းခိုင်းပါတယ်.ပင်လယ်က သမုဒ္ဒရာဆီကိုသွားတောင်းခိုင်းပြန်ပါတယ်.

သမုဒ္ဒရာက ပြန်ပြောပါတယ်.

“ငါ့ရဲ့ ရေအရင်းအမြစ်က မြစ်တွေ၊ ပင်လယ်တွေကွ. ဒီကောင်တွေဆီက ရေတွေကို ငါရနေတာ. ဒီကောင်တွေဆီ သွားတောင်းတာတောင် မပေးတော့ ငါက ဘယ်လိုပေးရမှာလဲ.”

“ကျွန်တော်လည်း တောင်းတာပဲဗျာ. သူတို့က ကိုသမုဒ္ဒရာဆီကို အဆင့်ဆင့်လမ်းညွှန်လိုက်တာဗျ. လုပ်ပါဗျာ. ခင်ဗျားမှာ ရေတွေ ဒီလောက်ပေါများနေတာကို နည်းနည်းလောက် မျှဝေလည်း ဘာမှမဖြစ်သွားပါဘူး”

“မင်းပြောတော့လွယ်တယ်. မင်းမသိဘူးလား. ရေဆိုတာ မြင့်ရာကနိမ့်ရာကိုစီးတယ်လေ. ငါကရေများများလိုချင်လို့ အနိမ့်ဆုံးမှာ နေတယ်. မင်းတို့က အမြင့်မှာနေဖို့ကြိုးစားရင်း ရေခမ်းခြောက်သွားတဲ့အချိန်မှာ ငါကတော့ အနိမ့်မှာနေရင်း ရေတွေ ကြွယ်ဝနေတယ်. မင်းမှတ်ထား. နေတတ်ရတယ်ကွ. ငါကတော့ ရေတွေ ပြောင်းပြန် ပြန်စီးအောင်မတတ်နိုင်ဘူး. မိုးနတ်သားကိုသွားအကူအညီတောင်းကွာ…”

ဒါနဲ့ စမ်းချောင်းလေးလည်း မိုးနတ်သားကို အကူအညီတောင်းရတော့တာပေါ့. မိုးနတ်သားက ပြောတယ်.

“ငါ့မှာ တကယ်တော့ ဘာမှ မပိုင်ဆိုင်ပါဘူးကွာ. နေမင်းကြီးက အပူဓာတ်တွေလွှတ်ပေးပြီး မြစ်တွေ၊ ပင်လယ်တွေ၊ သမုဒ္ဒရာတွေဆီက ရေတွေငါ့ဆီကို အငွေ့ပြန်လာတာကို တိမ်တွေကိုဖမ်းခိုင်းပြီး ငါက ပြန်အန်ချနေရတာပါ. ငါက လက်ဝေခံပါကွာ. အထင်မကြီးပါနဲ့. တစ်ခုတော့ ရှိတယ်. ငါကဖမ်းယူတတ်တယ်ကွ. မင်းကဖမ်းမှ မယူတတ်တာ. မင်းမှတ်ထား. လောကကြီးမှာ နေတတ်ရတယ်ကွ. ရေများများရချင်ရင် နေများများပူခိုင်းကွာ. နေနတ်သားဆီကိုသွား…”

ဒါနဲ့ စမ်းချောင်းလေးလည်း နေနတ်သားဆီကို ရောက်ခဲ့ပြန်ရော. နေနတ်သားက ပြောတယ်.

“ငါကတော့ တသမတ်တည်း ပူပေးနေတာပဲ. မင်းတို့ဖာသာ တစ်ချို့က ရေတွေအများကြီးရပြီး တစ်ချို့က ရေတွေ ခမ်းနေတာ ငါ့အပူမဟုတ်ဘူး. တစ်ခုခုဖြစ်ရင် မင်းတို့က ငါ့ကိုပဲ မတရားဘူးဆိုပြီး အပြစ်ဖို့နေကြတာ. မင်းတို့တွေကိုက အထိန်းအသိမ်းမှ မတတ်ဘဲကွ. မင်းမှတ်ထား. လောကကြီးမှာ နေတတ်ရတယ်. ငါကတော့ အပူချိန်မပြောင်းလဲပေးနိုင်ဘူး. ”

စမ်းချောင်းလေးလည်း စိတ်ဓာတ်တွေကျပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့တာ တစ်နေရာရောက်တော့ ရေတွေဖွေးနေတာကို တွေ့လိုက်ရတာပေါ့. ဒါနဲ့ ဘယ်သူလဲ စုံစမ်းကြည့်လိုက်တော့ ကန်ကြီးတစ်ခုဖြစ်နေတာ တွေ့လိုက်ရရော. ကန်ကြီးမှာ ဘာလို့ရေတွေ များနေရတာလဲ ဆိုပြီး သူ့ရဲ့ လျှို့ဝှက်ချက်ကို မေးတော့ ကန်ကြီးက ပြန်ဖြေပါတယ်.

“ငါကယူပဲယူတာ မပေးဘူးကွ.”

................


စမ်းချောင်းလေးလည်း ဘာကိုယုံကြည်ရမှန်းမသိတော့ဘဲ သူနေတဲ့နေရာကိုသာ ပြန်လာခဲ့ပါတော့တယ်.

သူ့ရဲ့ လျော့နည်းနေတဲ့ ရေလေးတွေကြားထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ ငါးလေးတွေ၊ ပုစွန်လေးတွေ၊ ရေသောက်ဖို့ဆင်းလာတဲ့ သမင်လေးတွေ၊ ရေလာခပ်တဲ့ ရွာနီးချုပ်စပ်က မိန်းမပျိုလေးတွေကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေတော့တာပေါ့.

သူကရှိသမျှပေးခဲ့တယ်. နည်းနည်းရှိ နည်းနည်းပေး၊ များများရှိများများပေးခဲ့ရုံသာမက စမ်းရေစီးသံလွင်လွင်လေးတွေကိုပါ ဖန်တီးပေးခဲ့သူပါ. ခုတော့ အရာရာအားလုံး ဆိတ်သုဉ်းအကျည်းတန်နေခဲ့ရပြီလေ…

သူ့အတွက်ရေတွေ အပူတပြင်းလိုအပ်နေပေမယ့်လည်း မတရားတဲ့နည်းနဲ့လည်း မရယူချင်ဘူး. မိခင်စမ်းချောင်းမကြီး ပြောခဲ့တာတွေကို သူမှတ်သားနာခံခဲ့တယ်လေ.

“ငါ့သား… တစ်ချိန်ချိန်မှာ ငါ့သားမှာ ရေတွေ အများကြီးရှိလာနိုင်သလို တစ်ချိန်ချိန်မှာတော့ ရေတွေလုံးဝခန်းခြောက်သွားတဲ့ အထိဖြစ်သွားတတ်တယ်. ဒါတွေကို ငါ့သားသတိပြုပြီး ဆင်ခြင်တုံတရား ထားတတ်ရမယ်. မတရားတဲ့နည်းနဲ့တော့ ရေတွေကို မယူလေနဲ့. လောကကောင်းကျိုးကို သယ်ပိုးရမယ်နော် ငါ့သား. ဒီလိုလုပ်ရင် ငါ့သားလေး ခမ်းခြောက်သေဆုံးသွားခဲ့ရင်တောင်မှ အားလုံးက ငါ့သားလေးရဲ့ အကျိုးကျေးဇူးကို အောက်မေ့ သတိရနေကြလိမ့်မယ်…”

စမ်းချောင်းလေးကတော့ စီးဆင်းနေမြဲပါပဲ. ဒါပေမယ့် သူ့ရဲ့ ရယ်မောသံလေးတွေ တဖြည်းဖြည်းတိုးညှင်းသွားခဲ့တယ်. နေ့စဉ်လိုလိုပဲ တောအုပ်ထဲက သတ္တ၀ါငယ်လေးတွေ အကုန်လုံး စုရုံးပြီး စမ်းချောင်းလေးဘေးနားမှာ လာထိုင်ကြတယ်. အားပေးကြတယ်. စမ်းချောင်းလေးဟာ ရှင်သန်ခဲ့သမျှကာလပတ်လုံး သူတို့ကို ဘယ်လိုဘယ်ပုံ အကျိုးပြုခဲ့တယ်ပေါ့. စိတ်မကောင်းမဖြစ်ပါနဲ့ပေါ့…

တစ်ရက်မှာတော့ တောအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေတယ်.

စမ်းချောင်းလေးသေဆုံးသွားခဲ့ပါပြီ…

သူသေဆုံးသွားတဲ့သတင်းကိုလည်း ကြားရော တောအုပ်ထဲက သတ္တ၀ါတွေ အကုန်လုံး လာပြီး စုရုံးကြ ငိုကြွေးကြတာပေါ့…

သူတို့ရဲ့ မျက်ရည်တွေဟာ စမ်းချောင်းလေးရဲ့ ရင်ခွင်ထဲကို စီးဆင်းသွားကြတယ်. အိပ်မောကျနေတဲ့ ကျောက်စရစ်ခဲလေးတွေကို တိုးဝှေ့ပြီး အားလုံးက မျှော်လင့်တောင့်တနေခဲ့တဲ့ စမ်းချောင်းလေးရဲ့ ရယ်သံကို နောက်တစ်ကြိမ်ကြားလိုက်ရတယ်.

အဲဒီ့နေ့ကစပြီး သတ္တ၀ါတွေဟာ စမ်းချောင်းလေးဘေးနားမှာ အလှည့်ကျ လာငိုကြတယ်တဲ့.

သူတို့ငိုတိုင်း စမ်းချောင်းလေးက ရယ်သတဲ့.

မယုံရင် စာဖတ်သူငိုကြည့်ပါ. ကမ္ဘာလောကကြီးရဲ့ တစ်နေရာရာမှာ ရှိနေတဲ့ စမ်းချောင်းလေးက ချိုလွင်စွာ ရယ်မောပြပါလိမ့်မယ်.

................




(သျှင်နေမင်း)

4 comments:

Anonymous said...

စမ်းချောင်းလေး ရယ်မောဖို့ သတ္တ၀ါလေးတွေ ငိုရတဲ့သဘောလား။
“သူတည်းတစ်ယောက် ကောင်းဖို့ရောက်ရာ
သူတစ်ယောက်မှာ ပျက်လွင့်ကာသာ
ဓမ္မတာတည်း…….”
ဆိုတာကို သွားသတိရလိုက်မိတယ်…

ဒါပေမယ့် ငိုလို့ စမ်းချောင်းလေး ရယ်မယ်ဆို..
သတ္တ၀ါတေလေးတွေက စမ်းချောင်းလေး ရယ်မောဘို့ ကျေနပ်စွာ ငိုကြလိမ့်မယ်ထင်ပါတယ်..။

thamudayanwe said...

ဟားဟား
idea ကမိုက်တယ်..ဒါပေမဲ့..
သူများမျက်ရည်နဲ့ပျော်တဲ့သူဖြစ်မနေဘူးလား

နှင်းပွင့်ဖြူ said...

စမ်းချောင်းလေးက နာကျင်စွာရယ်မောနေတာ .....
သူ့ ရယ်မောသံမှာ စိတ်မကောင်းခြင်းတွေ၊ ကိုယ်ချင်းစာခြင်းတွေပြည့်နေတာ မတွေ့ဘူးလား ?
တကယ်တော့စမ်းချောင်းလေးက မငိုဘဲ အားတင်းထားတာ
စမ်းချောင်းလေးသာငိုရင်..ဒီရေတက်လာပြီး ငါးကလေးတွေ၊ ပုဇွန်ဆိတ်တွေ... ခရုလေးတွေ ရေစီးနဲ့ အတူ မျောပါပြီး စမ်းချောင်းလေးကို ခွဲသွားတော့မှာ

pandora said...

ကလောင်နာမည် ဘယ်နှစ်မျိုးရှိလဲး)

မျက်ရည်က ငိုမှ ထွက်တာမဟုတ်ပါဘူး ရယ်လွန်းရင်လည်းထွက်တာပဲ ဒါကြောင့် လာရယ်သွားတယ် . စမ်းချောင်းလေးလည်းရယ် ကိုယ်လည်းရယ်.. :D :D