Monday, September 10, 2007

နှစ်ချို့ဝိုင်



မလိုချင်တဲ့ ဘ၀တစ်ခုနဲ့
လိုချင်တဲ့ ရပ်တည်မှုတစ်ခု
ဒီနှစ်ခု ငြင်းခုန်မှုတွေဖြစ်
ငါ့စိတ်တွေညစ်လို့
ဝိုင်တွေလည်းနှစ်ချို့ကုန်ပြီ
ငါမရီဖြစ်တာတောင်ကြာပေါ့
ဆန္ဒတွေကိုချော့မော့ချွေးသိပ်လည်း
မျက်စိမှိတ်လိုက်တိုင်း
ငါရပ်ခဲ့ဖူးတဲ့ လမ်းဆုံကို အိပ်မက်တယ်...



အတိတ်ကတောက်ပမှုတစ်ချို့ လွင့်ပျောက်ကုန်ပြီလေ
အဟောင်းတွေကို ပြန်မကောက်ပါရစေနဲ့တော့
မဲ့ပြုံးတွေကို ခံနိုင်ရည်ရှိဖို့
မယိုင်လဲတဲ့စိတ်ဓာတ်တစ်ခု ငါမွေးမြူထားတယ်
သွေးပျက်ချင်နေတဲ့ အတွေးစဉ်တွေကို မထီတရီပြန်ပြုံး
ရေခဲတုံးလေးတွေ ပစ်ထည့်လို့
နှစ်ချို့ဝိုင်တစ်ခွက်ကို
တပ်မက်စွာ မော့လိုက်ဦးမယ်…
စိတ်ဓာတ်မသေသရွေ့
ဘ၀မသေသေးပါဘူးလေ…


ဆန္ဒ၀တော ကိံနာမ ကမ္မံ န သိဇ္ဈတိ။


ဆန္ဒ၀တော = ပြင်းပြသော အလိုဆန္ဒရှိသူအား၊ ကိံနာမ = အဘယ်မည်သော၊ ကမ္မံ = အမှုကိစ္စဟူသမျှသည်၊ နသိဇ္ဈတိ = မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း။ သိဇ္ဈတိ ဧ၀ = မုချအမှန် ဧကန် ပြီးစီးအောင်မြင်ရမည်သာတည်း…



(ရေခဲငှက်)


1 comment:

hnin said...

ကိုရန်အောင်ရေ... ရေးချင်တာလေးတွေ လျှောက်ရေးဦးမယ်။ လူတွေမှာ တပ်မက်မှုဆိုတာ တစ်ခုမဟုတ် တစ်ခု ရှိကြတာပဲလေ။ အောင်မြင်ချင်တဲ့လူရှိတယ်၊ ဘ၀ကို သက်သောင့်သက်သာ ဖြတ်သန်းချင်တဲ့လူရှိတယ်၊ အမျိုးမျိုးပေါ့။ ကိုရန်အောင့်စာတွေ တော်တော်များများက ဖြတ်သန်းခဲ့တဲ့ဘ၀ကို နှစ်သက်တယ်၊ ဒါပေမဲ့ မရောင့်ရဲဘူး၊ ဒီတော့ ရှေ့ဆက်တယ်၊ အားတင်းရင်းနဲ့ပေါ့။ နောင်တလည်း မရချင်ဘူး။ မရလည်း မရဘူး။ စိတ်ဓာတ်မသေသရွေ့ ဘ၀မသေဘူး။ ဟုတ်တာပေါ့။ ကိုယ်မှန်တယ်ထင်လို့ လျှောက်တဲ့လမ်း ဆူးရှိလည်း ကျော်ဖြတ်နိုင်ရမယ်လေ။ ဘယ်လိုပဲပြောပြော ကိုရန်အောင့်စာတွေက စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဒါကြောင့် အားပေးပါတယ်။ အေးချမ်းသူက မအေးမချမ်း ဝေဖန်တယ်လို့ မထင်ပါနဲ့။