Thursday, August 30, 2007

တစ်ထောင့်တစ်ညချစ်သူများအကြောင်း... (၂)


၉ တန်းနှစ်မှာ ကျွန်တော် မမ တစ်ယောက်နဲ့ စတင်ဆုံဆည်းခဲ့ရပါတယ်. သူ့နာမည်ကိုတော့ မြတ်နိုးမေလို့ပဲ ခေါ်လိုက်ကြရအောင်ဗျာ..

အဲဒီ့မမနဲ့ စတွေ့ပုံကလည်း ရင်ခုန်စရာပါ. သူက အဲဒီ့မြို့လေးထဲမှာ အချောဆုံးစာရင်းဝင်သူ တစ်ယောက်ပေါ့. ဒါကြောင့်သူကလည်း ယောင်္ကျားလေးတစ်ယောက်ကို တွေ့တာနဲ့ အရမ်းသတိထားပြီး ဆက်ဆံတတ်တယ်. အဲဒီ့နေ့ကပေါ့ဗျာ…

အဲဒီ့နေ့က မိုးမရွာခဲ့ပါဘူး. လျှပ်စီးတွေလည်း မလက်ခဲ့ပါဘူး…

ကျွန်တော်စက်ဘီးဝယ်နိုင်ခဲ့ပါပြီ. အစ်မနဲ့ အမေစုဝယ်ပေးတဲ့ စက်ဘီးအနီရောင်လေးကို စီးလို့ အဖွားနေတဲ့ မြို့ထဲဖက်ကို ထွက်ခဲ့ပါတယ်. တောင်ကြီးက ကျွန်တော့်ရဲ့ ညီမ၀မ်းကွဲတွေ ရောက်နေတယ်ဆိုလို့ သွားလည်တာပါ.

အိမ်ထဲကိုဝင်တော့ သူတို့က ဘုရားသွားမလို့ လုပ်နေကြတယ်ဗျ. ရွှေမြင်တင်ဘုရားဆိုတာ မိတ္ထီလာမှာ ရှိသပေါ့ဗျာ. ဖြစ်ချင်တော့ မမမြတ်နိုးနဲ့ ကျွန်တော့်ညီမ၀မ်းကွဲတွေနဲ့က အိမ်ချင်းကပ်ရက်ဖြစ်နေတယ်. သူ့ကိုပါခေါ်ခဲ့မယ်ဆိုတော့ ကျွန်တော်လည်း ကောင်းသားပဲပေါ့

စက်ဘီးက ၃ စီးပါ. ကျွန်တော်တစ်စီး၊ ညီမ၀မ်းကွဲနှစ်ယောက်က တစ်စီး၊ မမမြတ်နိုးက တစ်စီးပေါ့ဗျာ. ဩော်. ပြောဖို့မေ့သွားတယ်. မမမြတ်နိုးရဲ့ပုံစံကိုပါ..
သူက ကျွန်တော့်ထက် ၂ နှစ်ကြီးတယ်. ကျွန်တော် ၉ တန်း၊ သူက ၁၀ တန်းပါ. သူက ကျောင်းတက်တာ တစ်နှစ်နောက်ကျသွားတယ်လို့ ပြောတယ်ဗျ. အဲဒါကြောင့် ၂ နှစ်ကြီးသွားတာပေါ့လေ. မမမြတ်နိုးက ဆံပင်အရှည်လေးကို သပ်သပ်ရပ်ရပ်လေး စည်းနှောင်ထားတတ်တယ်. သနပ်ခါးကို ခုံခုံမင်မင် လိမ်းတတ်တယ်. အလှသိပ်မပြင်ဘူး. ဒါပေမယ့် သူ့မျက်နှာလေးက တော်တော်လေးကို ရှင်းသန့်ပါတယ်. အရှက်ကြီးတယ်. အိနြေ္ဒကျက်သရေ တော်တော်လေးရှိတယ်ဗျ. ဒါကြောင့်လည်း လိုက်တဲ့အစ်ကိုကြီးတွေ အများကြီးပဲ. သူ့ကြောင့်ရန်ပွဲတွေလည်း ဖြစ်တတ်ကြတယ်. အဲလောက်ဆို သူ့အလှကို မြင်ပြီပေါ့နော်.

ညီမလေးက မိတ်ဆက်ပေးပါတယ်. ညီမလေးနာမည်က သဲသဲပါ. ဒါပေမယ့် သူက ကျွန်တော့်ကို နာမည်ရင်းပဲခေါ်ပါတယ်. အစ်ကိုတွေဘာတွေ မလုပ်ပါဘူး.

ရန်အောင်… ဒါမမြတ်နိုးတဲ့… မမ. ဒါက သဲသဲတို့ရဲ့ အစ်ကိုဝမ်းကွဲလေ. ရန်အောင်တဲ့..

ကျွန်တော်က ပုဆိုးခပ်တိုတိုဝတ်တတ်တယ်. ရှပ်အကျီင်္ကို စွဲစွဲမြဲမြဲဝတ်တတ်တယ်ဗျ. ဆံပင်ကိုလည်း ကြော့နေအောင်ဖီးထားတတ်တယ်. မျက်နှာကတော့ တင်းတယ်. ဒါကြောင့် မမမြတ်နိုး ကျွန်တော့်ကို ပြုံးပြတော့ ကျွန်တော်ခပ်တည်တည်ပဲ ခေါင်းညိတ်ပြီး

ဟုတ်. အစ်မ လို့ပဲ ပြောခဲ့တယ်.
(သူက နောက်ပိုင်း ပြန်ပြောပြတယ်. အဲဒီ့တုန်းက ကျွန်တော့်ကို အရမ်းအမြင်ကတ်တာပဲတဲ့. ဟတ်ဟတ်ဟတ်. အဲလိုအဲလို…)

ဒါနဲ့ပဲ ဘုရားသွားကြတာပေါ့ဗျာ.

ဘုရားမှာတော့ ထုံးစံအတိုင်း ပန်းလှူ၊ ရေသပ္ပါယ်၊ ဆီမီးထွန်းပေါ့. ပြီးတော့ သူတို့က ဗောဓိညောင်ထောက်ကြပါသေးတယ်. ကျွန်တော်ကလည်း စကားသိပ်မပြော၊ မမကလည်း စကားခပ်နည်းနည်းနဲ့ဆိုတော့ အူကြောင်ကြောင်ကြီးပေါ့ဗျာ. ဒါပေမယ့် မမတကယ်ကိုလှပါတယ်ဗျာ….

ကျွန်တော်တို့ စက်ဘီးစီးပြီး ပြန်လာတော့ ဆိုင်ကယ်နဲ့ အစ်ကိုကြီးတစ်ချို့ နောက်ပိုင်း ခပ်ခွာခွာက လိုက်လာကြပါတယ်. ကျွန်တော့်ကိုလည်း ဘုရှိုးတွေ ရှိုးနေတာပေါ့.

ကျွန်တော်ဆိုတဲ့ကောင်ကလည်း ရွဲ့တတ်တယ်ဗျ. အဲဒီ့မှာပဲ မမနားကို စက်ဘီးကပ်စီးပြီး စကားမရှိစကားရှာ ပြောတော့တာပဲ. သိတယ်မလား… မောင်နှမဘယ်နှစ်ယောက်လဲ.. ဘယ်အခန်းမှာလဲ. ၁၀ တန်းရောက်ရင် ဘယ်ကျူရှင်တွေတက်ရမလဲ ဘာညာကွိကွပေါ့ဗျာ…
ချွေးစေးတွေတော့ ပြန်နေခဲ့တယ်ဗျ. ပြောရရင် ကျွန်တော်အရမ်းရှက်တတ်တယ်ဗျ. မယုံလည်းနေပေါ့. ပြောပြတာပါ…

မြို့ထဲရောက်တော့ အဏ္ဏ၀ါအအေးဆိုင်မှာ ထိုင်ကြပါတယ်. ကျွန်တော်နဲ့ မမလည်း စကားတေပြောရင်း နည်းနည်း ရင်းနှီးသွားကြပါပြီ. နောက်ပိုင်း အိမ်ပြန်တယ်ပေါ့ဗျာ. မေ့မေ့ပျောက်ပျောက်ပါပဲ..

အဟမ်း…

နောက် ၂ ပတ်လောက်နေတော့ ကျွန်တော်ကျောင်းကိုအသွား တံတားပေါ်ကအဖြတ်၊ လမ်းဘေးမှာ စာအုပ်လေးပိုက်လို့ မမမြတ်နိုး ကျောင်းသွားနေတာ တွေ့လိုက်ပါတယ်. အဲဒါနဲ့ပဲ စက်ဘီးကို အရှိန်လေးလျှော့ပြီး ဘီးလှိမ့်ရုံလေးစီးပြီး ရုပ်ရှင်စရိုက်တာပေါ့ဗျာ… စကားပြောလေးနဲ့ပဲ ပြောသွားတော့မယ်နော်..

အစ်မ..

ဟင်.. ရန်အောင်.. ကျောင်းသွားမလို့လား..

ဟုတ်တယ် အစ်မ. အစ်မဘာလို့ စက်ဘီးမစီးတာလဲ..

စက်ဘီးက ချိန်းကြိုးပြတ်သွားလို့ စက်ဘီးပြင်ဆိုင်ပို့ထားတယ်.

ဒါဆိုလမ်းပဲလျှောက်မှာပေါ့

အင်းပေါ့. နီးနီးလေးပဲကို
(ငါနဲ့လိုက်ခဲ့လို့ ခေါ်ရင်ကောင်းမလား.. တော်ကြာငါ့ကို တစ်မျိုးထင်မှာလည်းစိုးတယ်. ဒီတိုင်းပဲကောင်းပါတယ်လေ)

နေ့ခင်း ထမင်းစားဆင်းတော့ရော လမ်းလျှောက်ပြန်မှာလား

မဟုတ်ဘူး. ဒီနေ့ ကျောင်းမှာပဲစားမှာ. ပြန်ဖို့ အဆင်မပြေဘူးလေ

ညနေပြန်တော့ရော ဘယ်လိုပြန်မှာလဲ

မောင်လေးဆိုင်ကယ်နဲ့လာကြိုလိမ့်မယ်

ဩော်..

မင်းသွားရင်သွားတော့လေ. တော်ကြာ ကျောင်းနောက်ကျနေဦးမယ်..

ရတယ် အစ်မ. အစ်မတစ်ယောက်ထဲ လမ်းလျှောက်နေတာ မကောင်းဘူးထင်လို့ပါ. ကျောင်းတက်ချိန်က အတူတူပဲကို အစ်မကလည်း

(အဲဒီ့အချိန်မှာ ကျွန်တော်က ဟတ်ခနဲရယ်၊ မမကလည်း ရယ်ပါတယ်. ရယ်မောခြင်းမှာ နီးစပ်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့တာ အဲဒီ့တုန်းကသာ သိခဲ့ရင် မမကို မရယ်ရယ်အောင် လိုက်စနေခဲ့ပါတယ်ဗျာ….)

ဒီလိုနဲ့ ဟိုပြောဒီပြောနဲ့ ကျောင်းရောက်သွားခဲ့ပါတယ်. နောက်ပိုင်းမတွေ့တော့ပြန်ပါဘူး.


တစ်ရက်မှာပြန်တွေ့ပါတယ်.

....

ပြန်မတွေ့ခင် ဇာတ်လမ်းလေးတစ်ပုဒ် ပြောထားဦးမှ နားလည်မယ်ဗျ.

ကျွန်တော်က ၉ တန်းဆောင်ဖက်မှာ နေပါတယ်. တိုက်တိုက်ဆိုင်ဆိုင်ဗျာ. အတန်းပိုင်ဆရာမ နာမည်ကလည်း ဒေါ်မာမာအေးတဲ့. ဟတ်ဟတ်. တစ်ရက် မမ ကျွန်တော့်အခန်းရှေ့ကို ရောက်လာပါတယ်. အရမ်းအရမ်းကို အံ့အားသင့်သွားခဲ့တယ်ဗျာ.

ပြီးတော့မှ ဘယ်ဟုတ်မလဲ. ကျွန်တော့်အခန်းထဲက သူ့သူငယ်ချင်းကို လာရှာတာ. မထင်မှတ်ဘဲ ကျွန်တော်က သူ့သူငယ်ချင်းအခန်းနဲ့ တူနေတာကို သိသွားတယ်လေ. သူငယ်ချင်းဆိုတာ သူ့သူငယ်ချင်းရဲ့ ညီမပေါ့ဗျာ. ထားလိုက်ပါလေ.

အဲဒါနဲ့ ကျွန်တော်နဲ့ပါ ရပ်စကားပြောဖြစ်ခဲ့တယ်. ကျွန်တော်လည်း အရမ်းကို ပျော်နေခဲ့တာဗျ. မမကနာမည်ကြီးကိုး.. ကျွန်တော်ကရော…. အင်း.. ကျွန်တော်ကတော့ နည်းနည်းလေးတော့ နာမည်ရှိပါတယ်. ဒါထက်မပိုပါဘူး. မှတ်မှတ်ရရ မမပြန်သွားတဲ့နေ့က ကျွန်တော့်ကို သူငယ်ချင်းတွေက အတင်းဝိုင်းမေးကြပါတယ်. ကျွန်တော်ကလည်း မသိဘူးချည်းပဲ ဘူးခံတာပေါ့. ဘာလို့မိတ်ဆက်ပေးရမှာလဲနော်. သိချင်ရင်ကိုယ့်ဖာသာလိုက်ပေါ့. ဟတ်ဟတ်

နောက်ပိုင်း ကျွန်တော်လည်း ရဲစပြုလာပါတယ်. ကျောင်းသွားကျောင်းပြန် မမနဲ့တွေ့ရင် သူနဲ့ စက်ဘီးချင်းယှဉ်စီးပြီး ပြန်ပါတယ်. ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ပါဘူး. ဘာလို့ဂရုစိုက်ရမှာလဲလေ. မမတစ်ယောက်လုံးကိုယ့်ဖက်ရှိနေတာပဲကို…

မမလည်း ကျွန်တော့်အခန်းကို ခဏခဏလာလည်ပါတယ်. တစ်ရက်မှာ ကျွန်တော့်ပါးစပ်က အမှားတစ်ခုကျူးလွန်မိခဲ့ပါတယ်. ဘာလဲဆိုတော့ မမပြန်သွားပြီးနောက် သူငယ်ချင်းတွေက ထုံးစံအတိုင်း ၀ိုင်းစချိန်မှာ ကျွန်တော်က တစ်ခွန်းပြောမိသွားပါတယ်. တကယ်တော့နောက်မိတာပါ. သူငယ်ချင်းတွေက မေးတယ်လေ. ကျွန်တော်ကရော ၁၀ တန်းဆောင်ဖက်သွားမလည်ဘူးလားတဲ့. အဲဒါနဲ့ ကျွန်တော်က

ယောင်္ကျားကြိုက်တော့ မျှော်လိုက်တာ၊ မိန်းမကြိုက်တော့ စိုက်စိုက်လာ ဆိုပြီး ပြန်နောက်လိုက်မိပါတယ်.

ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ပဲပေါ့.

နောက် နှစ်ရက်လောက်အကြာ ညနေခင်း ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို မမရောက်လာခဲ့ပါတယ်. တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး. နှစ်ယောက်ပါ. သူရယ်၊ နောက်ထပ် အစ်မကြီးတစ်ယောက်ရယ်ပါ. ကျူရှင်ကအပြန်လှည့်ဝင်လာခဲ့တာတဲ့…

မျက်နှာက တင်းနေတော့ ကျွန်တော်အရမ်းလန့်သွားခဲ့တယ်. စကားပြောနဲ့ပဲ ပြောသွားတော့မယ်နော်.

ဟာ. အစ်မ. ဘယ်ကလှည့်လာတာလဲ..

မင်းဆီကိုတမင်လာတာ. မေးစရာရှိလို့

ဟုတ်. မေးပါ. ဘာဖြစ်လို့လဲ အစ်မ

ဟိုတစ်နေ့က တို့ပြန်သွားတော့ နောက်ပိုင်းမှာ မင်းက ယောင်္ကျားကြိုက်တော့ မျှော်လိုက်တာ၊ မိန်းမကြိုက်တော့ စိုက်စိုက်လာ ဆိုပြီးပြောနေတယ်ဆို..

ဗျာ. အစ်မကို ဘယ်သူပြောလို့လဲ

ဘယ်သူပြောလဲမမေးနဲ့. မင်းပြောလားမပြောလား တို့သိချင်တယ်.

(ကျွန်တော်ဘာပြန်ပြောရမလဲ. ဟုတ်တယ်ပြောလိုက်ရင်တော့ သွားပြီ. ကျွန်တော်နဲ့ မမနဲ့ လုံးဝကို ပြန်ဆက်လို့ မရတော့တာ သေချာသွားပြီ. အဲလိုအဖြစ်မခံနိုင်ဘူးဗျာ)

မဟုတ်ဘူးအစ်မ. ကျွန်တော်အဲဒီ့စကားပြောတာ ဟုတ်တယ်. ဒါပေမယ့် အစ်မကို ပြောတာ မဟုတ်ဘူး.

(အဲဒီ့အချိန်မှာ မမသူငယ်ချင်းက ပြောပါတယ်.)

မြတ်နိုး.. ပြန်ရအောင်ဟာ. ထားလိုက်ပါ..

(မမက မကြားချင်ယောင်ဆောင်ပြီး ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေပါတယ်. အဲဒီ့လောက်ထိ စိတ်တိုနေတာ တစ်ခါမှ မမြင်ဖူးခဲ့ဘူးဗျာ)

ကျွန်တော်လည်း ဇွတ်ဘူးခံပြီး ငြင်းတာပေါ့

အစ်မကို ပြောတာမဟုတ်ပါဘူးဗျာ. ကျွန်တော်တို့ သူငယ်ချင်းတွေ အချင်းချင်း နောက်နေကြတာပါ. တိုက်ဆိုင်သွားတာပါဗျာ

ကျွန်တော့်ကို ခပ်တင်းတင်းတစ်ချက်စိုက်ကြည့်ရင်း…

မင်းကို တို့က မောင်လေးတစ်ယောက်လို ခင်လို့ လာလည်တာနော်. မင်းကအဲလိုမျိုး သဘောထားရင် နောက်ဘယ်တော့မှ မလာတော့ဘူး

ကျွန်တော်လည်း ခေါင်းကို ငိုက်ထားပြီး မရဲတရဲနဲ့ မျက်လုံးလှန်ကြည့်ပြီးတော့

ဟုတ်. အစ်မ. ကျွန်တော်နောက် သတိထားပါ့မယ် အစ်မ

လို့ လေသံခပ်တိုးတိုးလေးနဲ့ ပြန်ပြောခဲ့ပါတယ်.

…….

နောက်ပိုင်း မမတကယ်ကို မလာခဲ့တော့ပါဘူး. ကျွန်တော်သိပ်ကို ၀မ်းနည်းသွားခဲ့တယ်ဗျာ. သူမလာတော့မှ သူ့ကို ကျွန်တော်သံယောဇဉ် အရမ်းရှိနေခဲ့ပြီ ဆိုတာကို သိလိုက်ရတယ်. သူ့ရဲ့ဖုန်းနံပါတ်ကို ကြိုးစားရှာတယ်. ခေါ်တယ်. သူနဲ့မတွေ့ဘူး. သူ့အိမ်ရှေ့ကို မယောင်မလည်သွားတယ်. တစ်ခါတစ်လေ သူ့အရိပ်လေးကို မြင်တယ်. ဒါပေမယ့် သူကျွန်တော့်ကို မတွေ့ဘူး. ခံစားခဲ့လိုက်ရတာဗျာ.

ညဖက် ကျွန်တော့်ကျူရှင်က ၈ ခွဲမှာ ဆင်းပါတယ်. ပြီးရင် အိမ်မပြန်ဘဲနဲ့ သူ့အိမ်ဖက်ကို စက်ဘီးပတ်စီးပါတယ်. ဘဲလ်ကို ကလင်ကလင်လို့ တမင်တကာအသံပေးတီးခဲ့ပေမယ့် သူကတော့ မသိနိုင်ခဲ့ပါဘူး…

ဆက်ရန်…..

3 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျို့ ... ဒါလေးသဘောကျတယ် ... " ယောင်္ကျားကြိုက်တော့ မျှော်လိုက်တာ၊ မိန်းမကြိုက်တော့ စိုက်စိုက်လာ " :P

မေငြိမ်း said...

ဟိ..နည်းသေးတယ်..ဒါ ပြောစရာလား.. ဟိုက ခေါင်းခေါက်မသွားတာ ကံကောင်း...:P

Layma said...

ဟုတ်ပ…အန်တီငြိမ်းပြောသလို … ခေါင်းခေါက်မသွားတာဘဲ ကျေးဇူးတင်သင့်တယ်….ဟိ….
မနဲ့  မောင်လေး ဘာတွေဆက်ဖြစ်ကြလဲ ….ဆက်ပါဗျို့ …..။ အချစ်ငတ်ခဲ့တဲ့ ကိုရန်အောင် အခုတော့လဲ ၀ိုင်းဝိုင်းကိုလည်လို့ ပါလား…( EOT စာရင်းပေးတဲ့သူတွေ)