Wednesday, August 08, 2007

ဘ၀သက်တန့်



အိပ်မက်ဆိုးတစ်ခုက ဖျတ်ခနဲ လန့်နိုး
ဝိုးတ၀ါးပုံရိပ်တွေကြားထဲမှာ
အပြင်းဖျားနေတဲ့ ငါ့နှလုံးသားတစ်စုံ
လုံခြုံစိတ်ကင်းမဲ့စွာ လမ်းလျှောက်နေခဲ့တယ်
ချောက်ချားစရာ အဖြစ်ဆိုးထဲမှာ
တ၀ဲလည်လည် ရှိနေတုန်းပဲလား
စုန်းစုန်းမြှုပ်ခဲ့တဲ့ ဘ၀ကျောက်ဆစ်ရုပ်တုတစ်ခုမှာ
ပြုမိမှားခဲ့တဲ့ ကျိန်စာအပြစ်တွေ သင့်နေခဲ့ပြီ
ချင့်ချိန်ပြီးမှ ချစ်တတ်ဖို့ ငါသင်ယူရဦးမယ်
ရင်ဘတ်ထဲမှာတော့ ဥပါဒန်တွေက အပြစ်တင်နေလေရဲ့
အချစ်မှာ warranty မရှိဘူးတဲ့…

ငါသိပါတယ်
တွယ်ရာမဲ့ အချစ်ပင်လယ်ထဲမှာ
ခံစားချက် ၀ဲဂယက်တွေလည်း ရှိစမြဲပေါ့
သူနိုင်ကိုယ်နိုင်ကြဲကြတဲ့ ဘ၀တိုက်ပွဲတစ်ခုနဲ့ ပတ်သက်လာရင်
မမြင်ရတဲ့ ၀ှက်ဖဲတစ်ချို့ကို ပင်လယ်ကြီးက လှစ်ဟပြတတ်တယ်
ခံစားချက်တွေနဲ့ ဆွံ့အနေခဲ့လည်း
လက်တွေ့ဘ၀မှာ မင်းဖြစ်မင်းခံပဲ
တင်းခံထားတဲ့ အချစ်ဇွဲတွေရှိနေလား
သွားစမ်းပါ..
လက်တွေ့ဘ၀မှာ မဏိမေခလာပေါ်မလာဘူး
အချစ်ရူးတစ်ယောက်ပဲ ဖြစ်သွားမယ်..



ကယ်ဆယ်သူကို မျှော်လင့်ပြီး အချစ်ကို ငါမကိုးကွယ်ခဲ့တာအမှန်
နုံအစွာ ကျန်ရစ်ခဲ့တဲ့ ငါ့ရဲ့ ကျဆုံးမှုတွေအောက်မှာ
အခါခါပစ်လဲကျနေလည်း
စွဲလန်းမှုနဲ့ ခံစားမှုတွေ တိုက်ရိုက်အချိုးကျနေသမျှ
တမ်းတခဲ့တဲ့ နေ့ရက်များဟာ
အမှတ်တရကလွဲလို့ ဘာမှအကျိုးမရှိစေနိုင်ဘူး..

ငါရှုံးနိမ့်သွားခဲ့လား
အားလုံးက ငါ့ကို ချိုးနှိမ်လည်း
ငါကိုယ်တိုင် ဦးမကျိုးသရွေ့
ငါ့ရဲ့မိုးကောင်းကင်မှာ ကြယ်စင်တွေ လင်းလက်နေဦးမှာပဲ
အလွဲအမှားဆိုတာ မကင်းစကောင်းပါဘူး
တစ်နေ့မှာ ဟောင်းနွမ်းသွားမယ့် အတ္တအမှိုက်ပုံအောက်မှာ
ကြောက်ရွံ့နေတဲ့ မင်းရဲ့ ဘ၀အာမခံချက်တွေကို နှစ်သိမ့်လိုက်ပါဦး
ချိမ့်ချိမ့်သဲ မင်းရဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်လာရင်
ငါပြုံးလျက်ပဲ ကြည့်နေမယ်
မိုးစဲနေမှာ ငြိမ်းချမ်းခြင်းနဲ့ အားမာန်တွေ ရှိနေတတ်တယ်



တင်းခံထားတဲ့ မာနတွေနဲ့တော့ ငါမင်းရဲ့ မျက်နှာလေးကို တစ်ခါမှ မကြည့်ခဲ့ဖူးဘူး
ရှင်းလင်းစွာနဲ့ပဲ ငါ့ရဲ့ ခံစားချက်တွေကို ချေဖျက်ခဲ့ပါတယ်
မင်းစေညွှန်ရာ ငါမသွားခဲ့သလို
မင်းမှားတယ်လို့လည်း ငါမစွပ်စွဲပါဘူး
ဘယ်တော့မှ မခွဲဘူးဆိုတဲ့ စကားတွေကိုပဲ အားနာနေမိတာပါ
အချိန်က သမားတော်ဆိုတော့လည်း
ပြိုပျက်သွားတဲ့ အချစ်စံအိမ်တော်မှာ
ရထားတစ်စင်း ဆိုက်လာဦးမှာပါ…



မင်းသာမင်းရွေးချယ်သွားတဲ့ ရထားပေါ်မှာ တွေဝေစိတ်မရှိဘဲ
စိန်ခေါ်မှုတွေကို အလဲထိုးသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်
ယုယခဲ့တဲ့ နေ့ရက်များနဲ့ တုပခဲ့တဲ့ ငါတို့ရဲ့ မာနတွေက
ငါ့ဘ၀တစ်သက်စာအတွက် ကုန်ကြမ်းတွေဖြစ်ခဲ့လေရဲ့
ဝမ်းနည်းရက်စွဲများကို ငါချိတ်ပိတ်လိုက်ပြီ
စိတ်ချစွာ အိပ်စက်ပါတော့
လျော့ရဲသွားတဲ့ သံယောဇဉ်ကြိုးလည်း ဆွေးမြည့်လို့ပြတ်
ဖြတ်ထုတ်စရာလည်း မလိုတော့ပါဘူး
ပြိုကျလာတဲ့ မိုးရေစက်တွေထဲမှာ
ဒီတစ်ခါငါလဲကျလည်း တွဲထူစရာလူမလိုတော့ပါဘူး
ဘာနဲ့မှ မတူတဲ့ ဘ၀အားမာန်တွေ
ထိုက်တန်စွာ ငါရရှိခဲ့ပြီလေ



လွဲချော်ခဲ့တဲ့ အမှန်တရားကို ကျေအေးလို့ ပြုံး
မပြီးဆုံးသေးတဲ့ ငါ့ဘ၀သက်တန့်ပန်းချီကားကြီးမှာ
တစ်ခါမှ မရှိခဲ့ဖူးတဲ့ အရောင်တစ်ချို့ထပ်ဖြည့်ဖို့အတွက်
ဆေးတွေငါစပ်လိုက်ဦးမယ်…


(ရေခဲငှက်)


1 comment:

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုရေခဲညှပ်.. အဲလေ.. ကိုရေခဲချစ်.. အိုမဟုတ်သေးပါဘူး.. ကိုရေခဲမီးကင်ထောပတ်သုတ်ရေ….
ဒီကဗျာ အရမ်းနက်ရှိုင်းပါသည်။
ပင်လယ်ပြင်မှာ ကူးနေရသလိုပဲ
လှိုင်းစီးနေရသလိုပါပဲ။..
မူးပြီး ပြန်သွားပြီ..

ကိုရန်.. တစ်ကယ်ကောင်းပါတယ်..
5 stars