တဆိတ်လောက်မင်းရဲ့တံခါးကိုဖွင့်ပေးပါ
အဝေးကြီးကလာခဲ့ရသူမောလှပြီ
ရောချလိုက်တဲ့ အတွေးအခေါ်တွေရဲ့
မျက်မှန်လည်းကွဲကြေတော့မယ်
ငါ့အစွဲတွေကို ပြက်ရယ်မပြုပါနဲ့နော်
ယူတိုးပီးယားကို မက်မောလို့တော့ မဟုတ်ပါဘူး
အောက်ကျို့တာလူမပိပေမယ့် မာနထိတယ်
ရိသဲ့သဲ့မင်းအပြုံးတွေကို မဖုံးကွယ်ပါနဲ့
ဆုံးရှုံးတိုင်း ငိုကြွေးခဲ့ရရင်
မျက်ရည်ကြယ်စင်တွေ ခန်းခြောက်တာကြာပေါ့
လောကမာယာကို အကုန်မတတ်သေးပေမယ့်
တစ်ပွဲတိုးဆေးတွေကိုတော့ ငါမမှီဝဲသေးဘူး
ပျိုးပင်တွေတောင် အားယူနေကြပြီ
ဒီရာသီအမှီငါမတ်တပ်ရပ်ရဦးမယ်လေ
လက်ဖျစ်ကိုတစ်ချက်အခတ်မှာ
ငါ့ရဲ့ရက်စွဲတွေလက်ခနဲဖြစ်သွားတယ်….
ရက်စက်စွာမှောင်မိုက်နေပေမယ့်
ဒီတောင်စွယ်အလွန်မှာ လရောင်ရေးရေးလေးရှိသေးတယ်
ဘ၀ကယုံကြည်စွာပေးအပ်ခဲ့တဲ့ ငါ့ရဲ့လှေငယ်ကို
အပိုအလိုမရှိ ပဲ့ပြင်ရင်း ရှေ့ကိုမျှော်
တက်နေရာမှာ ငါလက်ထိုးလှော်မယ်
မိုးသားတွေထပ်မတက်ခင်
ဒီသောင်ပြင်ကို ငါစွန့်ခွာခဲ့တာ
ကြယ်တာရာတွေ ခူးဆွတ်ချင်လို့ပေါ့……
လရောင်ရေ...
ကြင်နာစွာလမ်းပြပါနော်...
ယူတိုးပီးယား = Utopia = An Ideal Society
(ရေခဲငှက်)
4 comments:
လရောင်ဟာ လူသားတိုင်းကို ထာဝရကြင်နာပါတယ် အစ်ကိုရေ...
မကြင်နာလို့ ရက်စက်တာကတော့ လူသားတွေပါ...။
“တဆိတ်လောက်မင်းရဲ့တံခါးကိုဖွင့်ပေးပါ
အဝေးကြီးကလာခဲ့ရသူမောလှပြီ”
…….ဘယ်လိုစဉ်းစားမိပါလိမ့်….ရိုး၂လေးနဲ့  အသက်ပါလိုက်တာ…..။
“ရက်စက်စွာမှောင်မိုက်နေပေမယ့်
ဒီတောင်စွယ်အလွန်မှာ လရောင်ရေးရေးလေးရှိသေးတယ်”
…..လုံးဝမရှိတာထက်စာရင် ရေးရေးလေးဆိုတော့ မစိုးဘူးပေါ့နော်….။
ခင်မင်လျက်
လေးမ
နင်လာရင် အပန်းပြေစေဖို့
တမင်တကာ စေ့ကာထားတဲ့
တဖက်ပွင့်တံခါးဆိုတာ
တကယ်ကို မသိလေရော့သလား …
အကြင်နာလက်နဲ့ တွန်းလှည့်ရင်
ဝင်သာအောင် သူပွင့်ပြပါလိမ့်မယ်
ဒါပေမယ့် ပြန်ထွက်ဖို့ခက်တယ်နော်…
`မာနထိတဲ့ အောက်ကျို့ခြင်းတဲ့´
ငါ့မှာလည်း ဘာမှမသိတတ်တဲ့ စိတ်တချို့ရှိပါရဲ့
အလွမ်းကိုကွယ်တဲ့ အပြုံးတချို့ကို
ရိသဲ့သဲ့လို့ နင်ထင်ရက်ခဲ့ရင်
အကျွမ်းတ၀င်ရှိခဲ့တဲ့ရက်တွေကို
ငါ….. မေ့ပစ်ရတော့မှာလား…။
`ကြယ်တာရာကိုခူးဆွတ်ချင်လို့
ဒီသောင်ပြင်ကို နင်စွန့်ခွာတာတဲ့´
မိုးသားတက်ရုံမက
အဆိုးတရားတွေ ငါ့ကိုလာရိုက်ခတ်လည်း
မရွေ့နိုင်တဲ့ သံယောဇဉ်တချို့နဲ့
မမြင်ကွယ်ရာမှာ တိတ်တိတ်လေး ရွတ်ဆိုလှဲ့မယ်
ဖွင့်စေခိုင်းတဲ့ ဒီတခါးက
နင်လာရင် အပန်းပြေစေဖို့
(နင်မလာခင် သူများဝင်မှာစိုးလို့)
တမင်တကာစေ့ရုံလေး စေ့ထားခဲ့တာလေ…
ကဗျာရေးသူဟာ လွတ်လပ်စွာရေးခွင့်ရှိသလို ခံစားသူကလည်း လွတ်လပ်စွာခံစားခွင့်ရှိပါတယ်။ လရောင်လမ်းပြဆိုတဲ့ ကဗျာလေးကို အမှတ်တမဲ့နဲ့ ခပ်မြန်မြန်ဖတ်လိုက်မိရင် ဒီလိုနောက်ဆက်တွဲကဗျာလေး တပုဒ် ပေါ်လာစရာရှိပါတယ်။ ဒါပေမယ့် အသေအချာ ခံစားလိုက်တဲ့ အခါ ဒီအကြောင်းအရာနဲ့ ဘယ်လိုမှ မပတ်သတ်တဲ့ topic တခုကို ပါးပါးနပ်နပ်နဲ့ ရေးထားသလိုခံစား ရပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် တယောက်တည်း ရေးနေရတာ ပျင်းမှာစိုးလို့ ခပ်လွဲလွဲ ကဗျာလေးနဲ့ပဲ ၀င်နှောက်ယှက်လိုက်ပါတယ် ကိုရန်အောင်ရေ.. ခွိခွိ
လေးစားလျက်
မဇင် (မွန်းသက်ပန်)
Post a Comment