Saturday, July 21, 2007

Cbox ထဲက ပြဿနာများ


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ. ပြောစရာလေး နည်းနည်းရှိလာလို့ ဒီပို့စ်ကို ရေးဖြစ်သွားတယ်ဗျ. အားလုံးအတွက်လည်း ရည်ရွယ်ပါတယ်. ဘာလဲဆိုတော့ Cbox ထဲမှာ ပေါက်ကရ လာပြောသွားသူတွေနဲ့ စပ်လျဉ်းပြီး ကိုယ့်အချင်းချင်းပါ အထင်အမြင်လွဲစရာလေးတွေ ဖြစ်လာတာ တွေ့နေရလို့ပါ.

ဒီပြဿနာက အဆန်းတော့ မဟုတ်ပါဘူး. Cbox တပ်ထားတယ်. ဘယ်သူမဆို ၀င်ရေးလို့ ရတယ်ဆိုမှတော့ ရေးချင်တဲ့သူတွေက ရေးချင်တာတွေကို ရေးပြီပဲပေါ့ဗျာ. အလကားနေရင်း ကိုယ့်ကို ၀င်ပြီး မေတ္တာပို့သွားသူတွေ၊ ဒါမလုပ်သင့်ဘူး၊ ဒါလုပ်သင့်တယ် ဆိုပြီးတော့ ဩ၀ါဒ ခြွေသွားတတ်သူတွေလည်း ရှိတတ်တာပဲ.

ပုံမှန်အရဆိုရင် ကျွန်တော်တို့ သိပ်ပြီး ခေါင်းခြောက်ခံမနေပါဘူး. အဲဒီ့ IP ကိုကြည့်တယ်. ဘယ်ကလာလဲပေါ့. ပြီးရင် msg ကို ဖျက်ပစ်လိုက်တယ်. ဒီလောက်ပါပဲ. Cbox တပ်ရင် ဒီလိုပြဿနာလေးတွေ တွဲပါလာတတ်တယ် ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံထားပြီးသားပါ.

ဒါပေမယ့် မနေ့ကတော့ အဖြစ်အပျက်တစ်ခု ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့တယ်ဗျ. ကျွန်တော့်နဲ့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ချို့ရဲ့ ဘလော့ဂ်တွေမှာ နာမည်ရင်းကိုမဖော်ဘဲ လူတစ်ယောက် စာဝင်ရေးသွားတယ်.

abcdefghijklmnopqrstuvwxy: v+shifd+; y+shifj ကို zawgyi လက်ကွက် ဖြင့်ကြည့်

အဲဒါပါပဲ.

ပုံမှန်အရဆိုရင်တော့ ကိုယ့်ဘလော့ဂ်ကို တစ်ယောက်ယောက်က မဟုတ်ကဟုတ်က လာရေးတယ်. ဖျက်ပစ်မယ်. ဒီလောက်ပါပဲ. ခုဟာကတော့ ကျွန်တော်သိတဲ့ ဘလော့ဂါ ၅ ယောက်လောက်ကို (ကျွန်တော်အပါအ၀င်ပေါ့) အချိန်အားဖြင့် သိပ်မကွာဘဲ ၀င်ရေးသွားတာ.

ဒါကြောင့် ဒီကိစ္စဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ၀င်လုပ်သွားတာဆိုတာ ထင်ရှားနေပါတယ်.

အဲဒီ့ msg ကို ကျွန်တော် အလုပ်မသွားခင်လေးမှာ ဖတ်လိုက်ရတာ. စိတ်ထဲ ထောင်းခနဲ ဖြစ်သွားပြီးတော့ ချက်ချင်းပဲ အဲဒီ့ user IP ကို ဘယ်ကလာလဲဆိုတာတောင် ကြည့်မနေတော့ဘဲ Ban လုပ်ပစ်လိုက်တယ်. Msg ကိုလည်း ဖျက်ပစ်လိုက်တယ်. ညဖက် ပြန်လာမှပဲ ဒီကိစ္စကို ဆက်ရှင်းမယ်ဆိုပြီး တေးသွားလိုက်တယ်.

ပြန်ရောက်တော့ Gtalk မှာ ကျွန်တော့်သူငယ်ချင်းတွေနဲ့ chat လုပ်ဖြစ်တယ်. သူတို့က အဲဒီ့ IP ကို Track လိုက်ကြည့်ပြီးသွားပြီလေ. အားလုံးတိုက်ကြည့်တော့ IP က တစ်ခုတည်း ဖြစ်နေတယ်. ဒါအံ့ဩစရာလား.

မဟုတ်ပါဘူး..

ဒါပေမယ့် အံ့ဩစရာတစ်ခု ဖြစ်သွားခဲ့တယ်ဗျ.

အဲဒီ့ IP က ကျွန်တော်တို့နဲ့ သိပ်ကိုရင်းနှီးတဲ့ ဘလော့ဂါသူငယ်ချင်း တစ်ယောက်ရဲ့ IP ဖြစ်နေတယ်.

What the hell?

ဒါလုံးဝ မဖြစ်နိုင်ဘူး. ဖြစ်လည်း မဖြစ်သင့်ဘူး. ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး…


စိတ်ထဲမှာ စိတ်လည်းတိုတယ်. ပြီးတော့ မယုံကြည်နိုင်စရာတွေလည်း ဖြစ်နေတယ်. တစ်ယောက်ယောက်ဝင်ရှုပ်သွားတာ သေချာတယ်ဆိုပြီးတော့လည်း ခံပြင်းနေကြတယ်. အဲဒီ့သူငယ်ချင်းရဲ့ ဘလော့ဂ်ကို သွားကြည့်တော့လည်း သူက ဘလော့ဂ်ရေးတာကို နားလိုက်ပြီတဲ့.

အားလုံးကို ဆက်စပ်ကြည့်လိုက်တော့ အဖြေတစ်ခုရတယ်.

သူ့ကို အားလုံးက ၀ိုင်းမေးကြလိမ့်မယ်. ဒါတောင် ကျွန်တော်တို့ မသိလိုက်တဲ့ တစ်ခြားဘလော့ဂါတွေရဲ့ Cbox တွေ ရှိနိုင်ဦးမယ်လေ. ဒါကြောင့် သူ့ခမျာ စိတ်ရှုပ်ပြီး ဘလော့ဂ်လောကကို နှုတ်ဆက်သွားတာ ဖြစ်ရမယ်ပေါ့. သူ့အကြောင်း ကျွန်တော်တို့ ကောင်းကောင်းသိတယ်. သူက သိပ်ကူညီတတ်တဲ့သူဗျ. စာအုပ်ကိစ္စအတွက် ဒီဇိုင်းတွေ ဆွဲပေးလား ဆွဲပေးရဲ့. ဘလော့ဂါအစည်းအဝေး ဆိုရင်လည်း တက်တက်ရောက်ရောက် ဆွေးနွေးလား ဆွေးနွေးရဲ့. ဘလော့ဂါတွေအတွက် အကျိုးပြု ပို့စ်လေးတွေလည်း ရေးလားရေးရဲ့. အဲလိုလူစားမျိုးဗျ

ဒီလို အောက်တန်းကျ ယုတ်မာတဲ့ အလုပ်မျိုးကို ဘယ်တော့မှ သူမလုပ်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်နေတယ်လေ. (မင်းကို ငါတို့ အားလုံး ယုံကြည်ပါတယ် သူငယ်ချင်း. စိတ်ဓာတ်မကျပါနဲ့…)

ဘလော့ဂ်ရေးတာကိုလည်း သူအရမ်းခင်တွယ်တာ. သူ့ဘလော့ဂ်ရဲ့ တန်းပလိတ်ဆိုရင်လည်း ပိုပြီးတော့ ကောင်းအောင် ခဏခဏ ပြုပြင်နေတာ. ပြောရရင် ဘလော့ဂ်ရေးတာကို သိပ်ခင်တွယ်တဲ့သူဗျ. ခုတော့ သူ့လို လူစားမျိုးက ဘလော့ဂ်ရေးတာကို နှုတ်ဆက်ထွက်ခွာတဲ့ အထိ ဖြစ်သွားရပြီဆိုတော့ ဒီကိစ္စကို ပြီးပြီးရော လျစ်လျူမရှုသင့်တော့ဘူးလို့ ကျွန်တော်မြင်လာမိတယ်. ဒါကြောင့်မို့ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်

ကဲ. လိုရင်းကိုပဲ ဆက်စဉ်းစားလိုက်ရအောင်. ကျန်တဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများလည်း တစ်ချိန်ချိန်မှာ ဒီပြဿနာမျိုး ကြုံတွေ့လာရနိုင်တဲ့အတွက် အချင်းချင်း အထင်အမြင် လွဲမှားမှုတွေ မဖြစ်ရအောင် သေသေချာချာလေး ဖတ်ကြည့်ပေးကြပါ ခင်ဗျာ.

IP Address ဆိုတာဘာလဲ.

An IP address (Internet Protocol address) is a unique address that certain electronic devices use in order to identify and communicate with each other on a computer network utilizing the Internet Protocol standard (IP)—in simpler terms, a computer address. Any participating network device—including routers, computers, time-servers, printers, Internet fax machines, and some telephones—can have their own unique address.

ရှင်းရှင်းပြောရရင်တော့ လူမှာ မှတ်ပုံတင်နံပါတ်နဲ့ တစ်ဦးချင်းကို သတ်မှတ်ခွဲခြား ထားသလိုပဲ ကွန်ပြူတာကိုလည်း စက်ရုံကထုတ်ကတည်းက သူ့ရဲ့ အိုင်ပီလိပ်စာကို သတ်မှတ်ပေးလိုက်ပါတယ်.

ဒါပေမယ့် IP Address ကို ပြောင်းယူလို့ ရတာလည်း ရှိပါသေးတယ်. ဒါကြောင့် IP Address ကို ယုံကြည်လို့ မရပါဘူး.

ဒါကတော့ မြန်မာဘလော့ဂါဖိုရမ်မှာ Cbox Abuse နဲ့ ပတ်သက်ပြီး ကိုမြတ်မင်းဟန်က မှတ်ချက်ပေးခဲ့ဖူးတာပါ.

Internet လောကကြီးမှာ လူတစ်ယောက်ရဲ့ Identity ကို အမြဲပုံသေယူမရတော့လည်း ခက်တာပဲ။ အခုကိစ္စကို ကြည့်ရင် ဒီလူရဲ့ Identity က သူ့ရဲ့ IP. ဒါပေမယ့် အဲ့ဒီ့ IP ကို သူကိုယ်တိုင်က ပြောင်းလို့ရနေတော့ ဘယ်နှဲ့လုပ်မလဲ။ သူမဟုတ်တာလာရေးလို့ ဖျက်ပစ်ရုံကလွဲပြီး မတတ်နိုင်ပါဘူး။

IP ကို ban တာကတော့ မကောင်းပါဘူး။ မတော်လို့ အဲ့ဒီ့ မြင်ရတဲ့ IP က abuse လုပ်သွားသူရဲ့ IP မဟုတ်ပဲ သူ့ ISP (internet service provider) ရဲ့ proxy IP ဖြစ်နေခဲ့ရင် အဲ့ဒီ့ Proxy အောက်မှာရှိနေတဲ့လူမှန်သမျှ ထိသွားပါလိမ့်မယ်။ ကျွန်တော်တို့ Singapore မှာ File Sharing Site တွေသွားတိုင်း "Sorry, You've reached your daily download limit" ဆိုတဲ့ message မျိုးဟာ အဲ့ဒါမျိုးကြောင့်ပါ။


အဲဒီ့ထဲက ISP ရဲ့ IP အကြောင်းကို ဆက်ပြောလိုပါတယ်.

IP addresses can appear to be shared by multiple client devices either because they are part of a shared hosting web server environment or because a network address translator (NAT) or proxy server acts as an intermediary agent on behalf of its customers, in which case the real originating IP addresses might be hidden from the server receiving a request. A common practice is to have a NAT hide a large number of IP addresses, in the private address space defined by RFC 1918, an address block that cannot be routed on the public Internet. Only the "outside" interface(s) of the NAT need to have Internet-routable addresses.

အသေးစိတ်ကိုတော့ မပြောတော့ပါဘူး. လိုရင်းကိုပြောရရင်တော့ ISP (Internet Service Provider) က သူ့ Network ထဲမှာ ရှိနေတဲ့ client computer တွေရဲ့ IP တွေအားလုံးကို ထိန်းချုပ်ထားပါတယ်.

မြန်မာနိုင်ငံရဲ့ Cyber Café တွေကို လေ့လာကြည့်လိုက်ကြရအောင်. Computer ၁၀ လုံးရှိလို့ အိုင်ပီ ၁၀ ခုရှိမယ်ဆိုပါတော့. ဒါပေမယ့် Cyber Café ရဲ့ Network IP Address ကတော့ တစ်ခုတည်းပါ. ဒါကြောင့် User ၁၀ ယောက်က သုံးပေမယ့်လည်း IP တစ်ခုတည်းအနေနဲ့ပဲ လာပေါ်နေတတ်ပါတယ်.

ဒါက Cyber Café နဲ့ ပတ်သက်ပြီး ပြောပြတာပါ. နောက်တစ်ခုကတော့ အိမ်ကနေ Inernet သုံးနေတဲ့ User နဲ့ တစ်ခြားတစ်နေရာကနေ သုံးနေတဲ့ User ရဲ့ IP လည်း Conflict ဖြစ်နိုင်ပါတယ်. ဘာလို့လဲဆိုတော့ BaganNet က မြန်မာနိုင်ငံရဲ့ ISP မို့ပါ. သူ့ရဲ့ IP အောက်မှာ Client Server တွေကို IP အမျိုးမျိုး ချပေးထားပါတယ်. ဒါပေမယ့် ထွက်လာတဲ့ IP ကျတော့ တူချင်တူနေတတ်ပါတယ်. (ဒီကိစ္စကို အသေးစိတ်ကျကျတော့ ကျွန်တော်မသိပါဘူး. Logic အရပဲ တွေးကြည့်မိတာပါ. အဲဒါဝန်ခံပါတယ် ခင်ဗျာ.)

Conclusion ဆွဲရရင်တော့ IP လိပ်စာတစ်ခုတည်း ကြည့်ရုံနဲ့ ဒီလူဖြစ်တယ်လို့ မသတ်မှတ်နိုင်ပါဘူး. ပြီးတော့ အဲဒီ့လိုမျိုး မဟုတ်တရုတ်တွေ ရေးလာတတ်တဲ့ IP ကိုလည်း Ban တာမျိုး မလုပ်သင့်ပါဘူး. အဲဒီ့ IP က ISP ရဲ့ IP ဖြစ်နေရင် အဲဒီ့ဆိုင်မှာ လာသုံးတဲ့ User တွေ အားလုံးကို Ban လိုက်သလိုမျိုး ဖြစ်သွားပါတယ်. မကြိုက်ရင် Msg ကို ဖျက်ပစ်လိုက်ပါ. အဲဒီ့လောက်ပဲ လုပ်သင့်ပါတယ်.

ဒီလောက်ဆိုရင် Cbox Abuse အကြောင်း နည်းနည်းလောက် စောင်းပါးရိပ်ခြည် သိလောက်ပြီလို့ မျှော်လင့်ပါတယ် ခင်ဗျာ…

သူငယ်ချင်းအကြောင်း ဆက်ပြောမယ်ဗျာ.

သူကတော့ တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်တယ်. မနက်ခင်း ၅ နာရီထိုးခါနီးလောက်ထိကို ပို့စ်တွေ ဆက်တိုက်တင်ပေးခဲ့ပြီး နှုတ်ဆက်ထွက်ခွာ သွားခဲ့တယ်. အင်းပေါ့လေ. သူလည်း တစ်ဦးချင်းကို ဘယ်ပြန်ဖြေရှင်းပေးနိုင် တော့မှာလဲ. တစ်ဦးချင်းစီကလည်း ထူပူနေတော့ ဒီလောက်ထိ ဘယ်စဉ်းစားနေမိ တော့မှာလဲ. သူ့ကိုပဲ ၀ိုင်းပြီးမေးကြတော့တာပေါ့ဗျာ.

ဘာပဲဖြစ်ဖြစ်ပါလေ. ခုဆိုရင်တော့ အားလုံး သံသယတွေ ကင်းရှင်းလောက်ပြီလို့ ယုံကြည်ပါတယ်.

ဒါကြောင့် မြန်မာဘလော့ဂါတွေကို တတ်အားသမျှ ကူညီပေးနေတဲ့၊ ဖော်ရွေခင်မင်ဖွယ်ကောင်းတဲ့၊ ဘလော့ဂ်ရေးသားခြင်းကို သိပ်မြတ်နိုးတဲ့ ကျွန်တော်တို့ရဲ့ ဘလော့ဂါသူငယ်ချင်းရဲ့ ဘလော့ဂ်လေးကို သွားလည်ပြီးတော့ ဘလော့ဂ်ပြန်ရေးဖို့ တိုက်တွန်းအားပေးကြပါလို့ ဒီပို့စ်လေးရေးသားပြီး မေတ္တာရပ်ခံလိုက်ပါတယ် ခင်ဗျာ.

အားလုံးအတွက် စကားလက်ဆောင်မွန်

လောကကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့ ဗြဟ္မ၀ိဟာရ တရားလေးပါး ရှိပါတယ်. အဲဒါတွေကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ပဲ ဖြစ်ပါတယ်. အဲဒီ့ ဗြဟ္မစိုရ်တရားပါးကို ကျင့်သုံးနိုင်သမျှ မိမိကိုယ်စိတ် ချမ်းသာပြည့်စုံခြင်းကို ရရှိနိုင်ပါတယ်.

ဒီတရားလေးပါးကို ကျွန်တော်တို့ ခုဖြစ်သွားတဲ့ ကိစ္စလေးမှာ သုံးကြည့်လိုက်ရ အောင်လား…

ကိုယ့်ကို အမနာပ လာပြောတဲ့သူကို မေတ္တာပွားပေးလိုက်ပါ. သူဒီလိုလုပ်လိုက်ရလို့ ဘာမှလည်း ရသွားတာမဟုတ်ဘူး. သူ့စိတ်ချမ်းသာမှုလေးတစ်ခု အတွက်နဲ့ တစ်ခြားသူတွေကို စိတ်ဆင်းရဲစေခဲ့တယ်. ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အတ္တက ကိုယ့်ရဲ့ ဖြူစင်တဲ့ နှလုံးသားကို အရိပ်မထိုးမိပါစေနဲ့လေ.

သူဟာ ဒီလိုမျိုး တစ်ခြားသူတွေကို နှိမ့်ချပြီး လက်လွတ်စပယ် ပြောပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုကို ရှာနေရသူပဲလို့ ဖြေတွေးပြီး ကရုဏာပွားပေး လိုက်ပါလေ.

သူဖျက်ပေမယ့် ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေက တစ်ဦးကိုတစ်ဦး ဆက်လက်ရိုင်းပင်း ချစ်ခင်မြဲ ချစ်ခင်သွားမှာပါပဲ. သူ့ကြောင့် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေရဲ့ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကို ထိတွေ့ခံစားခွင့်ရလိုက်တယ်လို့ တွေးပြီး မုဒိတာပွားများပြီး ၀မ်းမြောက်လိုက်ပါ လေ.

ဒီလောကကြီးမှာ သုံးလောကထွတ်ခေါင် ရှင်တော်မြတ်ဘုရားတောင်မှ မချွတ်နိုင်ခဲ့တဲ့ ဆိုးသွမ်းတဲ့ နတ်လူသတ္တ၀ါတွေ အများကြီး ရှိခဲ့တယ်. သူတို့ကို ဘုရားရှင်ကိုယ်တော်တိုင် ပေယျာလကံထားပြီး ဥပေက္ခာပြုတော်မူခဲ့ရတယ်. (ဒေ၀ဒတ်လည်း ရှု)

ဒါကြောင့် ကျွန်တော်တို့အနေနဲလည်း အရာရာကို စိတ်ထဲမှာ ထည့်မထားဘဲ ကိုယ့်ရဲ့ ပကတိကြည်လင်နေတဲ့ စိတ်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး တရားဖျက်သူကို ဥပေက္ခာပြုပြီး အောင်မြင်နိုင်ကြပါစေလေ..


ရေမပြည့်သား၊ အိုး၏ပမာ၊ သွက်သွက်ခါရှင့်၊ နှုတ်လျှာရွှင်ရွှင်၊ မိုးဖျင်ဖျင်သို့၊ ဖြင်ဖြင်စကား၊ တဘွားဘွားနှင့်၊ လူကြွားပြောတန်၊ လူသန်မကြွား၊ မောင်မှတ်သားလော့၊ မြင်ကြားသုတ၊ ဥာဏအရာ၊ အလိမ္မာနှင့်၊ ပညာသိမြော်၊ ရှိပါသော်လည်း၊ တော်မှန်ဖြောင့်ခဲ၊ ၀မ်းထဲသစ္စာ၊ တော်ဖြောင့်ပါလည်း၊ လိမ္မာနည်းပါး၊ ဥာဏ်မြင်ရှားခဲ့၊ ရှည်လျားရောယှက်၊ လူ့ထဲနက်ကို၊ ပေါင်းဖက်သမှု၊ သိအောင်ပြုလော့. (စာ - ၂၉၃)

ဗြဟ္မစိုရ်လေးဆူ၊ တရားဟူသည့်၊ နတ်လူချစ်ဆေး၊ ရှူတိုင်းမွှေးကို၊ မြတ်လေးဆောင်လွယ်၊ ကင်းမပယ်နှင့်၊ ၀မ်းဝယ်မပြတ်၊ ထားစေတတ်လော့…
(စာ - ၃၁၈)

မန်လည်ဆရာတော်ဘုရားကြီး
မဃဒေ၀လင်္ကာသစ်




ဒါကတော့ သူငယ်ချင်းရဲ့ ဘလော့ဂ် ပါ. သွားရောက်အားပေးပြီး လက်တွဲခေါ်ယူကြ ဖို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ.

ကိုယ့်ဘလော့ဂ်မှာ ပေါက်ကရလာရေးတတ်သူတွေရဲ့ အိုင်ပီများကိုလည်း မြန်မာနိုင်ငံက ဆိုရင် Ban မလုပ်ကြပါနဲ့လို့ တစ်ခါတည်း တောင်းဆိုလိုက်ပါရစေ ခင်ဗျာ.


အားလုံးပဲ ဆက်လက်ရိုင်းပင်းကူညီနိုင်ကြပါစေ.
ကိုယ့်တရားကို ဆက်လက်စောင့်ရှောက်နိုင်ကြပါစေ ခင်ဗျာ.

အပ္ပမာဒေန သမ္မာဒေထ…


4 comments:

Anonymous said...

မောင်ရန်.. ခုလိုလေးရေးပေးတာ ကျေးဇူးကွာ ။ တို့တောင် ကိုဖြိုးအိုင်ပီမှန်းမသိဘဲ ဒီအတိုင်းပဲ ဘန်းလိုက်တာ ။ ဘာပဲဖြစ်ဖြစ် ကိုဖြိုးဘယ်တော့မှ အဲလိုမလုပ်ဖူးဆိုတာ တို့တတွေအားလုံး လုံးဝ ယုံကြည်ပြီးသားပဲ ။

hnin said...

ကိုဖြိုးနဲ့ အပြင်မှာ စကားတစ်ခါကြီးများတောင် ပြောဖူးပေမဲ့ ဒီလိုလုပ်မယ့်လူမဟုတ်မှန်း မြင်တာနဲ့ သိပါတယ်။ ပြီးတော့ အိုင်ပီ အကြောင်းတွေ ရှင်းပြပေးထားတာလည်း ကျေးဇူးပါ။

ကလိုစေးထူး said...

မောင်ရန့် ပို့စ်ဖတ်ပြီး ကိုဖြိုးဆီမှာပဲကွန်မန့် ပေးလိုက်တယ်။ :)

Hteink Min said...

တော်ပါသေးရဲ့ဗျာ. ကျွန်တော်လည်း ပါတယ်ဗျ.. အဲလို အပြောခံရတဲ့ထဲမှာ. ဒါပေမဲ့ အိုင်ပီ မဘန်းလိုက်ဘူး.. ဖြစ်တတ်တယ်လေဗျ.. ဘာပြောပြောပေါ့. ကိုယ်တွေစည်းရုံးနေဖို့ လိုတယ်လေ..