Monday, July 09, 2007

ဝေဒနာပြတင်းပေါက်



တကယ်ဆိုရင်
ငါဟာမင်းအတွက် နောက်ဆုံးလူပါကွာ

နောက်ဆုံးလူဖြစ်ခဲ့ရင်တောင်မှ
မင်းရဲ့ နှလုံးသားထဲက လက်ကျန်အချစ်တွေကို
နောက်ဆုံးသိမ်းဆည်းခွင့်ရချင်ပါတယ်
မင်းရဲ့ အကြင်နာလက်ဖ၀ါးနုနုလေးကို
နောက်ဆုံးနမ်းရှိုက်ခွင့်ရချင်ပါတယ်
မင်းရဲ့ ချစ်ရည်ရွှမ်းနေတဲ့ မျက်ဝန်းညိုညိုလေးတွေကို
နောက်ဆုံးငေးမောခွင့် ရချင်ပါတယ်
မင်းမြတ်နိုးတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းချိုချိုလေးတွေကို
နောက်ဆုံးဆိုပြခွင့် ရချင်ပါတယ်




ခုတော့မင်းက
ငါဝင်လာမှာစိုးလို့တဲ့
နှလုံးသားကို မြဲမြံနေအောင် သော့ခတ်ထားတယ်
ငါနမ်းရှိုက်မှာစိုးလို့တဲ့
လက်ဖ၀ါးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်
ငါစိုက်ကြည့်မှာစိုးလို့တဲ့
စက္ခုအစုံကို တင်းတင်းပိတ်ထားတယ်
ငါ့သံစဉ်တွေကို ရင်မခုန်ချင်တော့လို့တဲ့
နားအစုံကို ပိတ်လှောင်ထားခဲ့တယ်…



ငါကတော့
မင်းပြန်လာမယ့်နေ့ကို ကဗျာချိုလေးတွေရေးပြီးမျှော်နေဆဲပဲ
မင်းဝင်လာနိုင်ဖို့ ငါ့ရဲ့နှလုံးသားပြတင်းပေါက်ကို ဖွင့်လို့
မင်းကိုကြိုဆိုဖို့ ငါ့လက်အစုံကို ဆန့်တန်းလို့
မင်းလာမယ့်လမ်းကို မမှိတ်မသုန် ငေးကြည့်လို့
ချစ်သူလို့ မင်းခေါ်လိုက်မယ့်အသံကို နားစွင့်ထားလို့


တကယ်ဆိုရင်
ငါဟာမင်းအတွက် နောက်ဆုံးလူပါကွာ…




(ရေခဲငှက်)


2 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကော်ပီရိုက်ညိနေတယ် ထင်တယ်
:)

MELODYMAUNG said...

ကိုယ်ပိုင်သံစဉ်သီချင်းချိုချို ရယ် ကဗျာချိုလေးတွေ ရယ်
နာကတော့ အချိုကြိုက်သား(ဒီကဗျာလေးလဲကြိုက်သား)
ဒါပေသိ ရေခဲငှက်ရဲ့ မျက်ဝန်းညိုပိုင်ရှင်က အချိုမကြိုက်ဘူးနဲ့ တူတယ်
ဒါကြောင့် ဝေဒနာပြတင်းပေါက်လေးဖွင့် လို့ နှလုံသားအချိုလေးလဲ ပုရွက်ဆိတ်တက်လို့
ငှဲငှဲငှဲ ဒီလိုနဲ့ ရေခဲငှက်လဲ အဘိုးကြီးဖြစ်လာ
ကျွတ်..ကျွတ်..ကျွတ် အချိန်တွေလဲ နှမြောစရာ