Monday, July 30, 2007

အချိန်နဲ့ဒီရေကိုစောင့်နေသူ…





ရေလှိုင်းသံတ၀ုန်းဝုန်းနဲ့
ညနေပေါင်းများစွာကို ငါဆုံးရှုံးခဲ့ရဖူးပြီ
ဒီရေက လူကိုမစောင့်ပေမယ့်
ငါကတော့ အချိန်တစ်ခုကို စောင့်နေခဲ့တယ်
တောင့်တမိခဲ့တဲ့ ဆန္ဒတစ်စုံကို
လုံခြုံစွာ ချွေးသိပ်စေရင်း
မင်းအတွက် ငါ..
ကဗျာတွေ ရေးနေဆဲပဲ…

အဝေးတစ်နေရာက ချိုးငှက်ငယ်တစ်ကောင်ရဲ့
ချွဲ့နွဲ့တဲ့ လွမ်းဖွယ့်ရှိုက်ညည်းသံများကို
ကြားတစ်ချက်မကြားတစ်ချက်
အားစိုက်နားထောင်ရင်း
ငါဘာတွေ မှားခဲ့မိလဲ ပြန်ဆန်းစစ်ကြည့်တော့
မေ့လျော့ခံထားရတဲ့ ငါ့နှလုံးသားက
အလူးအလဲပြန်ဖြေတယ်
သိပ်စွဲလန်းခဲ့တာကိုး… တဲ့



တကယ်တော့လည်း
ဒီညွှန်အိုင်ကြီးထဲက ငါရုန်းထွက်ချင်လှပါပြီလေ
မင်းရဲ့အမုန်းတွေအောက်က
ပြုံးလျက်ပဲ ငါထွက်ခွာသွားချင်တယ်
တီတီတာတာ မင်းစကားသံတွေနဲ့ ဝေးကွာခဲ့ပေမယ့်
ငါ့နှလုံးသားထဲမှာတော့
စိတြအတွေးတွေ ဘောင်ဘင်ခတ်နေဆဲပဲ.
တစ်ပါးသူမမြင်သာအောင် ခံစားချက်တွေကို
အမှောင်ထဲမှာ အိပ်စက်စေခဲ့ပေမယ့်
ချစ်သူ့ခြေရာဆိုတာ ဖျောက်ဖျက်ဖို့မှ မလွယ်ကူခဲ့တာ
အပူအလောင်တွေကို ငါဆက်မခံစားလိုတော့ဘူး



မှားသူမှန်သူဆိုတာ
တကယ်တော့ အတ္တပြိုင်ပွဲတစ်ခုပါပဲလေ
မင်းရဲ့အတ္တနတ်ဘုရားအတွက်
ငါ့နှလုံးသားကို ယစ်ပူဇော်ခဲ့လည်း
နှစ်ပေါင်းများစွာ တည်ဆောက်ထိန်းသိမ်းခဲ့တဲ့
ငါ့မာနနဲ့ငါ့ဘ၀မာန်ကိုတော့ မင်းစိန်မခေါ်နိုင်ပါဘူး..


ဒီတစ်ခါ ရေလှိုင်းသံကြားရင် ကမ်းစပ်ကိုပြေးဆင်းမယ်
အတွယ်အတာဒိုက်မှော်တွေကို ဖြုတ်ဖျက်လျက်
အရှုပ်အယှက်တွေကို ရေထဲပစ်ချလိုက်ဖို့ပေါ့
အနှစ်နှစ်အလလက သိမ်းဆည်းထားတဲ့ နှစ်ချို့အလွမ်းများကိုလည်း
ဒီရေအပြန်မှာ ယူဆောင်သွားပါ.
ငါကတော့ ဒီရေတက်လာမယ့်အချိန်ကို စောင့်နေဆဲပဲ…



ဟော..
ဟိုမှာ ရေလှိုင်းတစ်လုံး ၀ုန်းခနဲ ချဉ်းကပ်လာခဲ့ပြီ
လင်းအရုဏ်ရဲ အားမာန်တွေနဲ့ အတူလေ
လူဆိုတာ လဲကျတိုင်းပြန်ထနိုင်ရမယ် မဟုတ်လား…
ဝိုးတ၀ါးမြင်နေရတဲ့ လမ်းစကို ယုံကြည်စွာပဲ နင်းဖြတ်ခဲ့တယ်
ငါ…
ရှေ့ဆက်ရဦးမယ်…




(ရေခဲငှက်)

No comments: