ဒီအချိန်တွေရောက်တိုင်း
ပျောက်ဆုံးလေသူတစ်ယောက်ပြန်ပေါ်လာလေမလား
ရင်မှာအားငယ်စိတ်နဲ့
မိုးစက်တွေကြားထဲကို
တထိတ်ထိတ်ငေးမျှော်ကြည့်နေဆဲပဲ
အဖြူအ၀ါမကွဲပြား
ခံစားချက်တွေတလိပ်လိပ်တက်လို့
ငါဘယ်သူ့ကိုလွမ်းရမလဲဟင်…
ဩော်..
မိုးတွေကတော့ ရွာနေပြီပေါ့နော်…
မိုး….
ရာသီဥတု သုံးခုထဲမှာမှ မိုးနဲ့ပတ်သက်လာရင် ကျွန်တော့်ဘ၀မှာ မှတ်မှတ်ရရ ဖြစ်စရာတွေက ပိုများနေတတ်သည်။ မိုးစက်လေးများ ကောင်းကင်ပြင်ပေါ်က သက်ဆင်းကြွေကျနေသည်ကို မြင်တိုင်းရင်ထဲမှာ အမျိုးအမည်မသိသော ဝေဒနာတစ်ချို့ကို ခံစားမိသည်။
ငယ်စဉ်ကလေးဘ၀မှာတုန်းကတော့ မိုးရွာရင် အရမ်းပျော်ခဲ့သည်ကိုသာ မှတ်မိသည်။ မိုးရွာလျှင် အမေက လှမ်းထားသော အ၀တ်တွေကို ကပျာကယာ ရုပ်သိမ်းပြီး အိမ်ထဲကို ၀င်ပြေးသည်။ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုကတော့ အင်္ကျီချွတ်ပြီး ဘောလုံးကိုလက်ထဲပွေ့ပိုက်ကာ မိုးရွာထဲ အပြေးထွက်သည်။ မိုးပိုသည်းလေ ကျွန်တော်တို့ ပိုပျော်လေဖြစ်ခဲ့ရသည်။
အဖေက ၀န်ထမ်းဆိုတော့ ကျွန်တော်တို့ မိသားစုအတွက် သိပ်ပြည့်စုံအောင် မဖန်တီးပေးနိုင်ခဲ့။ ဒါပေမယ့် အဖေက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို ရှိတာလေးနဲ့ ပျော်တတ်အောင် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးခဲ့သည်။ သူများတကာသူဋ္ဌေးသားတွေ မှော်ဘီစက်ရုံက ထုတ်သည့် သားရေဘောလုံး အကောင်းစားကြီးကို အိမ်ထဲတွင်၊ ခြံဝင်းထဲတွင် ကန်နေသည့်အချိန်တွင် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကတော့ အဖေ၀ယ်ပေးထားသည့် ကော်ဘောလုံးလေးကို ဖိနပ်မပါဘဲ လမ်းမများပေါ်တွင် ကန်ခဲ့ကြသည်။
အိမ်အပြင်ဘက်တွင် မိုးရေတစ်ဝချိုးပြီး ပြန်လာသော သားနှစ်ယောက်ကို အိမ်ထဲဝင်ဝင်ချင်း ရေချိုးခန်းထဲ ဆွဲခေါ်သွားပြီး ရေချိုးစေခဲ့သော အမေက ကျွန်တော်တို့ ရေချိုးပြီးချိန်တွင် အချမ်းပြေ အဆာပြေသောက်ရန် ကော်ဖီ ကြမ်းလေး နှစ်ခွက်နှင့် ရွှေကျီးမုန့်ကြွပ်လေး နှစ်ချပ်ကို စားပွဲပေါ်တွင် အဆင်သင့် တင်ထားပြီးသား.
မိုးအရမ်းသည်းလာလျှင် ကျွန်တော်တို့ နေသောအိမ်ရှေ့တွင် ရေမြောင်းများ ပိတ်ဆို့ကုန်တတ်သည်။ ရေများလျှံတက်လာလျှင် ထိုရေများထဲတွင် ထိုင်ချပြီး ကိုယ့်ကိုယ်ကို ကိုယ်ဖော့ကြည့်ရတာ ကျွန်တော့်အတွက် အတွေ့အကြုံ အသစ်အဆန်းလေးများ ဖြစ်ခဲ့သည်။
ဒါကို အမေမြင်လျှင် မိုးရွာထဲ သူ့အသံကိုမြှင့်အော်ပြီး လှမ်းဆူတတ်သည်။
`ဟဲ့ကောင်တွေ. နင်တို့တွေ အဲဒီ့ဗွက်ရေတွေထဲ ဆော့မနေနဲ့. ၀ဲပေါက်လိမ့်မယ် သိလား. လာခဲ့ ခုချက်ချင်း ပြန်တက်ခဲ့..´
အမေ့အသံလေးတွေ၊ အမေ့ရဲ့ ကရုဏာဒေါသောနဲ့ ပြောနေတဲ့ မျက်နှာလေးကို ကျွန်တော် ခုပြန်တွေးပြီး လွမ်းနေမိတယ် သိလား အမေ.
ကျောင်းသွားကျောင်းပြန်မှာ မိုးရွာလျှင်တော့ ကျွန်တော်စိတ်ညစ်သည်။ လွယ်အိတ်ထဲမှ စာအုပ်တွေ မိုးရေမစိုအောင် အမေက ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပေးလိုက်တတ်သည်။ ကျောင်းရောက်လျှင် စာအုပ်များကို ခုံပေါ်တွင် သေချာပြန်ဖြန့်ကြည့်ရသေးသည်။ အင်္ကျီဘောင်းဘီများတွင်လည်း ရွှံ့စက်တို့က အပြည့်။ ခြေထောက်များကလည်း စိုစိစိုစိနဲ့ တစ်နေကုန် ကျောင်းခန်းထဲတွင် နေရတော့သည်။ ဆရာမ အော်သည့် စာများကို ပဲကြီးခွံလိုက်နေသော လက်ချောင်းလေးများဖြင့် လိုက်ရေးရသည်မှာလည်း နာလိုက်သည်ဖြစ်ခြင်း…
ကျောင်းဆင်းချိန်တွင် မိုးအုံ့နေပါက ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို အိမ်ကိုသာ အမြန်ဆုံးပြန်ရောက်ချင်နေမိသည်။ ဗိုလ်တထောင် (၆) ကျောင်းတံခါးဝကြီး ဖွင့်လိုက်သည်နှင့် အိမ်ကို သုတ်ခြေတင် အပြေးတစ်ပိုင်း လမ်းလျှောက်ကြ တော့သည်။ ကျွန်တော့်အစ်ကိုက ကျွန်တော်နဲ့ ကျောင်းခန်းချင်း မတူသဖြင့် ကျောင်းဆင်းချိန်ရောက်လျှင် ကျောင်းဝင်းတံခါးအပြင်နားက အရုပ်ဆိုင်တွေနားမှာ ကျွန်တော့်ကိုစောင့်နေတတ်သည်။ မိုးရာသီတွင်သာ လာရောင်းတတ်သော ဘောင်ဘောင်သီးသည်ကြီးရှေ့တွင် ကျောင်းသားများ ပြုံနေတတ်သည်မှာလည်း ကျွန်တော့်ငယ်စဉ်ဘ၀ မိုးရာသီပုံရိပ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ ဘောင်ဘောင် သေနတ်လေးများ ၀ယ်ပြီး ဘောင်ဘောင်သီးများ ထည့်ကာ တစ်ယောက်နှင့် တစ်ယောက် လိုက်ပစ်ကြသည်မှာလည်း ပျော်စရာကောင်းလှသည်။ ကျွန်တော့်အတွက် အစ်ကိုက ဘောင်ဘောင်သေနတ်လေး ၀ယ်ထားပေးပြီး `ဟေ့ကောင်. ဒါမင်းအတွက်´ လို့ ပြောလိုက်တဲ့ အချိန်တုန်းက ကျွန်တော့်အစ်ကိုကို ကျေးဇူးတင်ဖို့ သတိမရမိခဲ့ဘူး. သူ့လက်ထဲက ဘောင်ဘောင်သီးခိုင်ကြီးကို ဆွဲလုပြီး သေနတ်ထဲကိုသာ ထိုးထည့်နေမိခဲ့တယ်. ပြီးတော့ အတံလေးကို ထိုးထည့်ပြီး ခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ဖင်ကို ချိန်ပြီး ပစ်ချလိုက်တယ်..
ဖောင်း..
ဟိုကောင်သူ့ဖင်ကို ပွတ်နေတာကို တဟားဟားနဲ့ အော်ရီပြီး ညီအစ်ကိုနှစ်ယောက် ပြေးထွက်ခဲ့ကြတယ်. ကိုယ်ပစ်တော့ သူခံလိုက်ရတာကို ကြည့်ပြီး ကိုယ်ရီပေမယ့် ကိုယ်အပစ်ခံရတဲ့ အခါကျတော့လည်း စိတ်ဆိုးတာ တအားပဲဗျ. ဟတ်ဟတ်ဟတ်…
မိုးကလေးညိုလာရင် လွမ်းစိတ်ရယ်လေးပို
ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်..
ခုတော့ ဘယ်ဆီများ ပြေးပုန်းနေလဲကွယ်
မိုးမင်းကြီးရယ် ရှာဖွေကာ ပြောပေးပါလားကွယ်…
မေဆွိရဲ့ မိုးအကြောင်းသီချင်းလေးကို ကြားဖူးကာစက ဘာရယ်မှန်း သိပ်မသိခဲ့ပေမယ့် မိုးရွာရင် တစ်ယောက်ယောက်ကို သတိရလွမ်းဆွတ်တတ် ကြသည်ကိုတော့ သိနေခဲ့မိသည်။ အဲဒီ့အချိန်တုန်းက လွှမ်းမိုးရဲ့ မိုးစက်တင်လေ သီချင်းကလည်း တီဗွီမှာ ခဏခဏ လာနေသည်။ မိုးရွာထဲတွင် ရပ်နေသော လွှမ်းမိုးကို ထီးလေးလာဆောင်းပေးသော ကောင်မလေးကို ကြည့်နေရင်း ကိုယ်လည်း အဲလို ထီးဆောင်းခံချင်ခဲ့သည်ကိုတော့ မှတ်မိနေခဲ့မိသည်။ သို့သော် ခပ်ကြာကြာတော့ မတွေးခဲ့မိပါ. ကာတွန်းကားအလာတွင်တော့ လွှမ်းမိုးလည်း မခံနိုင်တော့ပါ. မစ်ကီမောက်စ်၏ ခုန်ပျံကျော်လွှားများထဲတွင် အိမ်စာများကို ကျွန်တော် မေ့သွားခဲ့ပါသည်။
မိုးရာသီသည် ကျွန်တော့်အတွက် ပျော်ရွှင်ကြည်နူးစရာ အတိတ်ပုံရိပ်လေးများကို ကျန်ရစ်စေခဲ့သည်…
၁၉၈၈ တွင် တစ်နိုင်ငံလုံး နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေခဲ့သည်။ ကျွန်တော့်အဖေလည်း နိုင်ငံရေးလုပ်သောကြောင့် နယ်ဝေးကို ပြောင်းရွှေ့ခံ ခဲ့ရသည်။ အခြေအနေများ မငြိမ်သက်သေးသောကြောင့် ကျွန်တော်တို့ မိသားစုကို ရွာတွင်ခဏနေစေခဲ့ပြီး အဖေက သူတာဝန်ကျရာမြို့ကို အရင်ထွက်ခွာခဲ့သည်။ အဖေ့ကိုမွေးခဲ့သောရွာ၊ အဖေနေခဲ့သော အိမ်တွင် အဖွား၊ အဒေါ်၊ ဦးလေး၊ ညီအစ်ကိုဝမ်းကွဲ၊ မောင်နှမများနှင့် အတူနေခဲ့ကြသည်။
ရွာတွင် မိုးခေါင်ပါသည်။ မိုးရွာလျှင်လည်း ရန်ကုန်လို မိုးရေထွက်ချိုးလို့ မကောင်းပါ. အပူရှပ်နိုင်ပါသည်။ ထို့ကြောင့် မိုးရွာလျှင် အဖွားချက်သော ပဲဟင်းနဲ့ ထမင်းစားရင်း သက်ကယ်ရွက်များပေါ်သို့ ကျနေသော မိုးသံစဉ်များကိုသာ နားထောင်နေခဲ့မိသည်။ ရွာတွင် အင်တာနက်သာရှိခဲ့လျှင်၊ ကျွန်တော်သာ ဘလော့ဂ်ရေးနေခဲ့လျှင်တော့ ပျင်းစရာကောင်းလိမ့်မည် မထင်ခဲ့ပါ. သို့သော် ထိုအချိန်က ဘာဆိုဘာမှ မရှိခဲ့ပါ. အဒေါ်က သမ၀ါယမဆိုင်တွင် အလုပ်လုပ်သည်။ သူပြန်လာလျှင် ကျွန်တော်တို့အတွက် မြေပဲယိုလေးများ၊ လိပ်ရွှေရွှေ ဇီးထုပ်လေးများ၊ ဂျစ်တူးဇီးပြားလေးများ ယူယူလာတတ်သည်။ လိပ်ရွှေရွှေ ဇီးထုပ်ကို ကျွန်တော် အရမ်းကြိုက်သည်။ ဂျစ်တူးဇီးပြားလေးများ ကိုတော့ ဇီးပြားထက် အထဲတွင်ပါသော ကာတွန်းစာအုပ်လေးများကို ပိုနှစ်သက်ခဲ့မိသည်။ ကျွန်တော့်တွင် စုဆောင်းထားသော ဂျစ်တူးကာတွန်း စာအုပ်လေးများ အများကြီးရှိခဲ့သည်။ ကျွန်တော်မှတ်မိနေဆဲ ကာတွန်းစာကြောင်းလေး တစ်ကြောင်းမှာ `အု.အား. ပြားချပ်ချပ်.. အု..အား.. ပြားချပ်ချပ်.´ ဆိုတာပဲ ဖြစ်ပါသည်…
ရွာတွင် မိုးရွာလျှင် သိပ်မပျော်ရပါ. အပြင်မထွက်ရသောကြောင့် ဖြစ်ပါသည်။ ညဘက်မိုးရွာလျှင်တော့ အရမ်းကောင်းပါသည်။ အပူရှိန်ကျပြီး အေးစိမ့်စိမ့်လေး အိပ်ရသောကြောင့်ပင်. နို့မဟုတ်လျှင်ကား အမေ့ကို သနားသည်။ အမေက ကျွန်တော်တို့ အိပ်သည်ထိ သူ့ဘက်မှ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ဘက်ကို ယပ်တောင်လေးဖြင့် လှမ်းပြီး ယပ်ခပ်ပေးနေတတ်သည်။
ရွာတွင် နေရသည်မှာ သိပ်တော့ မချောင်လှ။ ရေချိုးလျှင် ရေချွေတာရသည်။ ဘုန်းကြီးကျောင်းတွင်လည်း စာလိုက်တက်ရမည်ဟု အဖေက အမေ့ကို ညွှန်ကြားထားခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ပရိတ်ကြီး ၁၁ သုတ်နှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသည်။ ဘုန်းကြီးကျောင်းတွင် ညအိပ်ဖြစ်သည့်အခါများလည်း မနည်းပါ. အမေ့ကိုတော့ ပြန်ပြောရသည်။
သို့သော် ဘုန်းကြီးကျောင်းတွင် ညအိပ်သည်မှာ အယောင်ပြပင်ဖြစ်ပါသည်။ ညဘက်တွင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၊ ကိုရင်ကြီးများ၊ ဘုန်းကြီးကျောင်းသား အချို့နှင့် အတူတူ ဖားရိုက်ထွက်ကြပါသည်။ သူတို့ရိုက်သည်ကို ကျွန်တော်တို့က အဖော်လိုက်ပေးခြင်းပင် ဖြစ်ပါသည်။ တော်တော်ကို ပျော်စရာကောင်းခဲ့ပါသည်။ ကိုရင်ကြီးများကလည်း သင်္ကန်းကို ခါးတောင်းကျိုက်ပြီး ဖားရိုက်ထွက်ကြပါသည်။ ညဘက် ထမင်းခိုးစားကြပါသည်။ မနက်ခင်းတွင်တော့ စာချကိုယ်တော်ရှေ့တွင် အာပတ်ဖြေနေကြသည်ကို တွေ့ရပါသည်။
ကပ္ပိယကြီးကလည်း ညဘက်တွင် ပုံပြောပြတတ်ပါသည်။ သို့သော်သူပြောပြသော ပုံများမှာ အ၀တ်ဖြူဝတ်ထားသောလူကြီး အကြောင်း၊ ညောင်ပင်ပေါ်မှ အထုတ်ကြီး ပြုတ်ကျပြီး ရွာထဲသို့ ပြေးသွားသည့်အကြောင်း၊ ရွာထိပ်ရေကန်ဘက်တွင် ညနေစောင်း မှောင်ရီပျိုးပျအချိန်ရောက်လျှင် မိန်းမတစ်ယောက် ဆံပင်ဖားလျားချ၍ လမ်းလျှောက်ထွက်ပြီး ချုံပုတ်အကွယ်တွင် ပျောက်ပျောက်သွား တတ်သည့်အကြောင်း၊ ဘုန်းကြီးကျောင်းမြောက်ဘက်မှ တောင်ပုလုကန်ထဲတွင် ဘုန်းကြီးမွေးထားသော သရဲများ ရှိသည့်အကြောင်း တို့ပင် ဖြစ်ပါသည်…
သေချာသည်ကတော့ သူပြောသည်များ ဟုတ်ဟုတ်မဟုတ်ဟုတ် မီးခွက်မှိတ်တုတ် အောက်တွင် ကျွန်တော်တို့ ကျောင်းသားငယ်များ ပြားပြားဝပ်ပြီး နားထောင် နေခဲ့ကြသည်ပင်… ထို့နောက်တွင်တော့ အပြင်သို့ တစ်စုတစ်စည်းတည်း ထွက်ပြီး အပေါ့အပါးသွားကြလေသည်။ ဘေးဘီကို ယောင်လို့တောင် မကြည့်ရဲပါ. ကိုယ့်ကိစ္စ မြန်မြန်ပြီးသည်နှင့် ဇရပ်ပေါ်သို့ မြန်မြန်သာ ပြေးတက်ခဲ့ကြသည် ချည်းပင်.
ကိုရင်ကြီးကလည်း ညဘက်ရောက်လျှင် သူဆွမ်းခံထွက်သည့်အိမ်မှ ဒကာမလေး ပေးလိုက်သည့် စာများကို ထုတ်ဖတ်တတ်သည်။ မိုးရွာသည့်ညများတွင် ကျောင်းထိုင်ဘုန်းဘုန်း အပြင်ထွက်လေ့မရှိပါ။ ထိုအချိန်များတွင် ကျွန်တော်တို့ အားလုံး လွတ်လပ်ရေးရကြပါသည်။ ကပ္ပိယကြီးနေ့ခင်းက ဖွက်ထားသည့် ဟင်းများထမင်းများကို အားလုံး ၀ိုင်းစားကြသည်။ ရေနွေးကြမ်းများ တစ်ခွက်ပြီးတစ်ခွက် သောက်ကြသည်။
မှတ်မှတ်ရရ ရွာတွင် ကျွန်တော်ကိုရင် ၀တ်ခဲ့ရသေးသည်။ သုံးလခန့် ဖြစ်မည်ထင်သည်။ ပါဠိပါဌ်ဆင့်များ ဖတ်တတ်ခဲ့သည်မှာ ရွာတွင် ကိုရင်ဝတ်ဖြင့် ဘုန်းကြီးစာသင်အံကျက်မှတ်ခဲ့ရသော အကျိုးကျေးဇူးပင် ဖြစ်တော့၏…
ရွာတွင်နေခဲ့ရသော ကျွန်တော့်ဘ၀ ပုံရိပ်များတွင်လည်း မိုးရာသီ၏ အငွေ့အသက်များက မကင်းခဲ့ပါချေ…
အဖေဆုံးပါးပြီးနောက် ကျွန်တော်တို့ မိသားစု တော်တော်ဒုက္ခရောက်ခဲ့ရသည်။ ရေကြည်ရာမြက်နုရာ နေရာအနှံ့ရွှေ့ပြောင်းရင်း အထက်တန်းပညာရေး ပြီးဆုံးသည်ထိ ဖြစ်သလိုပင် သင်ယူခဲ့ရသည်။ မကူညီသည့်အပြင် အပေါ်စီးမှ ဆက်ဆံတတ်သည့် ဆွေမျိုးတစ်ချို့၏ မျက်နှာများအောက်၊ ဘာမှ မရှိပေမယ့် သားသမီးများကို အောက်ကျနောက်ကျ မဖြစ်အောင် ကျွေးမွေး စောင့်ရှောက်ခဲ့သည့် အမေ့၏ မေတ္တာရိပ်အောက်တွင် ကျွန်တော်တစ်ယောက် မာနများ၊ မဟုတ်မခံစိတ်များ၊ အမြင့်သို့ တက်လှမ်းလိုစိတ်များ၊ ယုံကြည်ပြင်းပြမှုများကို ပိုင်ဆိုင်လာခဲ့ရသည်။
ထိုအချိန်များတွင် ကျွန်တော့်အတွက် မိုးရာသီလည်း ရင်ခုန်စရာ မကောင်းခဲ့တော့ပါ. မိုးရွာလျှင် ကျွန်တော် ပုဆိုးတိုတိုဝတ်ပြီး ကျောင်းသွားသည်။ လေတဟူးဟူး တိုက်နေသော မိုးသည်းနေ့များတွင်တော့ တော်တော်ဒုက္ခ ရောက်သည်။ ထီးတစ်ဖက်နှင့် စက်ဘီးစီးပြီး ကျောင်းသွားရန် ဘယ်လိုမှ မဖြစ်နိုင်. သို့သော် ကျွန်တော်ဘာမှ မညည်းညူခဲ့ပါ. စက်ဘီးစီးရန် လုံးဝမဖြစ်တော့လျှင် လမ်းဆင်းလျှောက်ပါသည်။ လက်ဖက်ရည်ဆိုင်တွင် မိုးရိပ်ခိုနေသော သူငယ်ချင်းများက လှမ်းခေါ်ပေမယ့် ကျွန်တော်လက်ဖက်ရည်ဆိုင် မထိုင်ခဲ့ပါ။ အမေ့တွင် ပိုက်ဆံမပေါသည်ကို ကျွန်တော်လုံးဝ သိနေခဲ့သောကြောင့် ကျူရှင်များကိုပင် မယူဘဲ အမှတ်ကောင်းအောင် ကြိုးစားခဲ့သည်။ အမေ၀ယ်ပေးခဲ့သည့် ဇာမဏီထီးမည်းလေးကို ခေါက်ထီးလှလှလေးများထက် ပိုပြီးမြတ်နိုးတန်ဖိုးထားခဲ့သည်။ တစ်နေ့တွင်တော့ အဖေမရှိတော့သော မိုးရာသီနှင့်ပတ်သက်၍ ကျွန်တော် ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရဖူးပါသည်။ ထိုနေ့က အဖေ့ပင်စင်လစာထဲမှ ကျွန်တော့်အတွက် မိုးကာအင်္ကျီတစ်ထည် အမေ ၀ယ်လာခဲ့သည်…
မိုးရာသီသည် ကျွန်တော့်အတွက် မာနနှင့် ခွန်အားသစ်တစ်ချို့ကို ဆောင်ကြဉ်း ပေးခဲ့ဖူးသည်…
ရန်ကုန် ဗြိတိသျှသံရုံး စာကြည့်တိုက်တွင် ကံကောင်းထောက်မစွာဖြင့် Bursary Scholarship အကျိုးကျေးဇူးကြောင့် သင်တန်းများ အားလုံး Free တက်ခွင့်ရခဲ့သည်။ ဇွန်လ၏ ဒုတိယပတ်တွင် ကျွန်တော်သင်တန်းစတက်ခဲ့ရသည်။ ထိုနေ့က မှတ်မှတ်ရရ မိုးတော်တော်ရွာခဲ့သည်။ ဘတ်စ်ကားမမီသောကြောင့် အတန်းထဲသို့ ကျွန်တော်နောက်ကျပြီးမှ ၀င်ခဲ့ရသည်။ ဆရာမကို အားတုံ့အားနာနှင့်ကြည့်ပြီး နီးရာခုံတွင် မိုးစိုနေသော လုံချည်ဖြင့် ၀င်ထိုင်လိုက်ခဲ့မိသည်။
ခပ်ရို့ရို့ဝင်ထိုင်လိုက်သော ကျွန်တော့်ကို မျက်လုံးလှန်ကြည့်လိုက်သော သူမနှင့် ကျွန်တော် အကြည့်ချင်းဆုံခဲ့ရသည်။ ကျွန်တော်သူမနားလာထိုင်သည်ကို မနှစ်မြို့ဟန်က အထင်းသားပေါ်နေသည်။ ထိုနေ့က ဆရာမ ဘာတွေသင်ခဲ့သည်ကို မသိပါ. သေချာသည်ကတော့ သူမရဲ့ လက်ချောင်းဖြူဖြူလေးများနှင့် ကိုယ်သင်းရနံ့လေးအောက်တွင် ကျွန်တော် မိန်းမောနေခဲ့မိသည်။ ထိုနေ့က မိုးရွာနေခဲ့ပါသည်..
မိန်းကလေးတစ်ယောက်နှင့် ရင်းနှီးသွားရလောက်အောင် နေပေးဖို့ အချိန်သိပ်မပေးနိုင်ခဲ့သော ကျွန်တော်နှင့် သူမ မနီးစပ်ခဲ့ပါ. ပိုဆိုးသည်ကား စာသင်ခန်းထဲတွင် သူမနှင့် ကျွန်တော် မကြာခဏ ထိပ်တိုက်ငြင်းခုန်မိကြခြင်းပင်. လမ်းတွင်တွေ့လျှင်လည်း သူမကို ပြုံးပြနှုတ်ဆက်ဖို့ ကြိုးစားသော ကျွန်တော့်အပြုံးများ အပြင်မရောက်ခင် အလန့်တကြား ပြန်သိမ်းဆည်း လိုက်ရသည်ချည်းပင်..
နောက်တက်သည့်သင်တန်းများတွင် သူမ မပါလာခဲ့တော့သော်လည်း တစ်ပတ် ၃ ခါခန့်တော့ စာကြည့်တိုက်တွင် မကြာခဏဆုံဖြစ်ခဲ့ကြသည်။ ဘ၀ရည်မှန်းချက် ကြီးမားလွန်းသော သူမနှင့် နှလုံးသားခံစားချက်များကို ချိုးနှိမ်ထားခဲ့သော ကျွန်တော့်အတွက် တွေ့ဆုံပြုံးပြအဆင့်ထက် ဘာမှ မပိုခဲ့ပါ.
၂၅၀၀ တန် ရှပ်အင်္ကျီနှင့် ချည်ပုဆိုးကိုသာ စွဲစွဲမြဲမြဲဝတ်လေ့ရှိသော ကျွန်တော်သည် သူမအတွက် ရင်ခုန်စရာ ပုံရိပ်မဟုတ်ခဲ့သည်ကို ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ပါ. သို့သော် ကျွန်တော်တစ်ခုတော့ သိခဲ့သည်. သူမနှင့်တွေ့လျှင် ကျွန်တော်ကြည်နူးမိသည်ကိုပင်..
တစ်ခါတစ်ရံတွင် မာနဖြင့် အစပြုသော အချစ်သည် မာနပြိုပျက်သွားသောအခါ အလွန်ပင် တိမ်းမူးဖွယ်ကောင်းနေတတ်၏။
ထိုနေ့က မိုးမရွာခဲ့ပါ. ရာသီဥတု ကြည်လင်သာယာနေခဲ့ပါသည်. သို့သော်ထိုနေ့က သူမစကားတစ်ခွန်း ပြောလာခဲ့သည်.
Visa ၀င်တာနဲ့ပတ်သက်ပြီး နည်းနည်းလောက် သိသလောက်လေး ပြောပြပေးပါလား
ကျွန်တော်သူမကို အလန့်တကြားမော့ကြည့်မိသည်.
တကယ်ပြောနေတာလားဗျာ..
သူမက စာကြည့်မျက်မှန်အောက်မှ တောက်ပသော မျက်လုံးများဖြင့် ကျွန်တော့်ကို ပြုံးပြပြီး ခေါင်းတစ်ချက်ဆတ်ခနဲ ငြိမ့်ပြခဲ့သည်။
ကျွန်တော် Visa တစ်ခါမှ မ၀င်ခဲ့ဖူးပါ. သို့သော် ထိုနေ့က သူမနှင့်ကျွန်တော် Visa ကိစ္စအတွက် စကားအများကြီး ပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်သိထား ကြားဖူးထားသမျှကို ဆွေးနွေးအကြံပေးခဲ့သည်. ထို့နောက်တွင်တော့ သူမရယ်၊ သူမ၏ သူငယ်ချင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ဆိပ်ကမ်းသာလမ်းထဲမှ လက်ဖက်ရည်ဆိုင်တွင် မကြာခဏ ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည်..
မိုးတွေရွာခဲ့သည့်နေ့တွေ ရှိခဲ့သလို မရွာခဲ့သည့်နေ့တွေလည်း ရှိခဲ့ပါသည်..
သို့သော်သေချာသည်ကတော့ သူမလေယာဉ်ကွင်းသို့ ထွက်ခွာခဲ့သော၊ ကျွန်တော် လိုက်ပို့ရန်မဖြစ်နိုင်ခဲ့သော၊ သူမနှင့်ကျွန်တော် နောက်ဆုံး တွေ့ဖြစ်ခဲ့ကြသော ထိုနေ့က မိုးတွေ ရွာနေခဲ့သည်…
မိုးကြိုးပင် တစ်ချက်ပစ်လိုက်သေးသည်..
ဒီအချိန်တွေရောက်တိုင်း
ပျောက်ဆုံးလေသူတစ်ယောက်ပြန်ပေါ်လာလေမလား
ရင်မှာအားငယ်စိတ်နဲ့
မိုးစက်တွေကြားထဲကို
တထိတ်ထိတ်ငေးမျှော်ကြည့်နေဆဲပဲ
အဖြူအ၀ါမကွဲပြား
ခံစားချက်တွေတလိပ်လိပ်တက်လို့
ငါဘယ်သူ့ကိုလွမ်းရမလဲဟင်…
ဩော်..
မိုးတွေကတော့ ရွာနေပြီပေါ့နော်…
(ရေခဲငှက်)
ကဲ.. ကိုဖိုးချမ်းနဲ့ ကိုသက်မောင်မောင် တို့ရေ. ကျွန်တော်ကတော့ အရှုပ်ထုပ်ကို နည်းနည်းလေး ဖွင့်ချပြီး မိုးရွာထဲမှာ ငိုချင်းချပြလိုက်ပြီ. ကျေနပ်တော့နော်.
ကျွန်တော်ဆက်ပြီး Tag လုပ်ချင်တဲ့သူများကတော့ …
မျက်ခုံးများသာ လှုပ်ထားကြပေတော့ဗျို့…
(၁)မမေဓာဝီ
(၂)မအိမ့်ချမ်းမြေ့
(၃)လေးမ
(၄)ကိုမျက်လုံး
(၅)ကိုနေဘုန်းလတ်
(၆)ကိုဇင်ကိုလတ်
(၇)ကိုစိုးဇေယျ
(၈)ကိုမင်းမင်း
တို့ပဲ ဖြစ်ပါတယ်..
တစ်ချို့ကို တစ်ချို့က တက်ပြီးသွားတာကို ကျွန်တော်မျက်စိသျှမ်းပြီး မသိလိုက်ခဲ့ဘူး. ဒါပေမယ့် နောက်တစ်မိုးထပ်ရွာနိုင်ဖို့ အင်အားရှိရင် ရွာပေးကြပါလို့…..
မှတ်ချက်။
ဒီပို့စ်ရေးနေချိန်မှာ အပြင်ဘက်ကိုလှမ်းကြည့်မိတော့ အမှန်တကယ်ပဲ မိုးတွေ ရွာနေခဲ့တယ်ဗျာ..
14 comments:
brotherရေ….“လေးမ” မိုးက ဇွန်လတုန်းကရွာပြီးသွားပြီ…..နောက်တမိုးထပ်ရွာဖို့  အားမရှိတော့ဘူး အစ်ကိုရဲ့…..အစ်ကိုရွာတဲ့မိုးကတော့ တော်တော်ကို စိုပါပေတယ်….လေးစားတယ်…..အစ်ကိုရေ……။ “လေးမ” ရေးတဲ့ “ အဝေးတမြေမှ သားကောင်းများထဲမှာ” အစ်ကို့ ကို စာရင်းသွင်းလိုက်ပြီ….။ P.s. Blog ၀ါကြီးလို့  အစ်ကိုလို့ ဘဲ ခေါ်လိုက်တယ်…..။
မိုးတွေထဲက ရန်ရန်ရေခဲညှပ်၏ ဘ၀ တစိတ်တပိုင်းကို လာရောက်ဖတ်ရှုသွားကြောင်း ဘောင်း ဘောင်း ဖောင်း
ပြီးတော့ ဘောင်ဘောင်သီးကို သေနတ်ထဲထည့် အတံလေးကို ထိုးထည့်ပြီး ခုမြင်ရတဲ့ ရန်ရန်ရဲ့ ဖင်ကို ချိန်ပြီး ပစ်ချလိုက်တယ်..ကဲ မှတ်ကရော ဘောင်း ဘောင်း ဖေါင်း
မောင်ရန်ရဲ့ မိုးက ရောင်စုံခြယ်တဲ့မိုးပဲ။ နည်းနည်းကြာသွားပေမယ့် မိုးမနှောင်းသေးပါဘူး.
ဘ၀ရောင်စုံ မိုးရောင်စုံ။
"တစ်ခါတစ်ရံတွင် မာနဖြင့် အစပြုသော အချစ်သည် မာနပြိုပျက်သွားသောအခါ အလွန်ပင် တိမ်းမူးဖွယ်ကောင်းနေတတ်၏။"
စိတ်ဝင်စားစရာပဲ။
ကိုရန်ရေ အခက်အခဲတွေကြားထဲက ဒီအခြေအနေတစ်ခုထိရောက်လာအောင် ကြိုးစားခဲ့တဲ့စိတ်ဓာတ်ကိုတော့မချီးကျူးပဲ မနေနိုင်ဘူး၊ လေးစားပါတယ်၊ မိုးရေထဲမှာ ကိုရန်ချစ်တဲ့ကောင်မလေး က ထီးကလေး လာမိုးပေးတဲ့ နေ့လေးကို အမြန်ဆုံးရောက် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊
မောင်ရန်ကလေး..
မရေးမရေးနဲ့ ရေးမယ့်ရေးတော့ ငိုချင်စရာလေး..
ကောင်မလေးကို လိပ်စာ မပေးလိုက်ဘူးလားလို့။
စိတ်ညစ်တာပဲ..နော်။
ဒီကလေး တယ် နှေးသကိုးး
Warm rain, cold rain, freezing rain, acidic rain, monsoon rain, lowland rain, highland rain…………
My favorite part is seeing a rainbow after the rain falls…
Your post makes me miss my old days.
ဟုတ်ပါ့ဗျာ. .ကိုရန်ကြီးတော့ လုပ်တော့မယ်။ စာဖတ်ရင်း ငိုရမလိုလို ရယ်ရမလိုလို.. တော်တော် နောက်တဲ့ လူပဲ .. ဆရာမ ပြောသလိုပဲ .. တော်တော်လက်နှေးတဲ့ လူပဲဗျာ.. ကျွန်တော်သာဆို အမ ဘယ်နိုင်ငံသွားမှာလဲ . ကျွန်တော်နှင့် တူတူသွားရအောင်လေ ဆို လုပ်မိမှာ.. ဟားဟား ကိုရန်လိုပဲ ကျွန်တော်လည်း ထီးစောင်းပေးမဲ့ ကောင်းမလေးကို စောင့်နေတာပဲ . ဘယ်နေ့များ လာစောင်းပေးမလဲ သိပါဘူးဗျာ . ကြေညာဝင်ခြင်းဖြစ်ပါသည် . မိုးက ရွာပြီးပြီ ဗျ.. ထပ်ရွာကြည့်ဦးမယ်လေ .. ဒီကြားထဲ ရာသီဥတု မကောင်းရင် . `အု.အား. ပြားချပ်ချပ်.. အု..အား.. ပြားချပ်ချပ်.´ ဟားဟား ရယ်နေရတယ်ဗျို့
ကိုရန်ရေး မိုးကတော်တော်ကောင်းတာဘဲဗျာ .. ဘ၀ရဲ့အတိတ်ပုံရိပ်တွေကို ရင်ဖွင့်လိုက်တာပေါ့ဟုတ်လား ... သူကိုကော ပြန်တွေ့လိမ့်မယ်လို့ .. မမျှော်လင့်ဘူးလား .... ဒီစာကိုဖတ်နေတဲ့အချိန်မှာ အပြင်မှာ တောင်မိုးရွာနေတယ်ဗျာ ...
ကဲ . . . ကိုရန်အောင်ရေ ကျွန်တော်တော့ နောက်တစ်ခေါက် ထပ်ရေးပေးလိုက်တယ်နော်။
ဒါလေး ဖတ်ရတာ လွမ်းစရာလေး မောင်ရန်ရေ...
ကောင်မလေးနဲ့ နောက်တစ်ကြိမ်တော့ တွေ့ချင်ရှာမှာပဲနော်..တွေ့မှာပါ ကိုရန်အောင်..
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးလေ.. ခံစားပေးနိုင်ပါဒယ်..:)))
brother ကရွာခိုင်းတော့လဲ မရွာနိုင်တော့ဘူးဆိုပြီး…… ထပ်ရွာလိုက်ပြီ……MTU .မှာမိုးဘယ်လိုရွာခဲ့လဲ….သိလား
Post a Comment