Saturday, July 21, 2007

ဝင်ကစွပ်တစ်ကောင်ရဲ့ အတ္တ



ငါဟာ ၀င်ကစွပ်တစ်ကောင်ပါ.
အငှားရထားတဲ့ ငါ့အခွံရဲ့အောက်မှာ
ငါ့ရဲ့အတ္တတွေနဲ့ အတွေးအခေါ်တွေကို ပြုစုပျိုးထောင်နေခဲ့တယ်လေ
တစ်နေ့တော့ ဒီအခွံကို ငါစွန့်ခွာသွားရမှာပါ
ငါကြီးထွားလာလို့ ဒီအခွံနဲ့ မသင့်တော်တော့တာလည်း ဖြစ်ချင်လည်း ဖြစ်မယ်
ရန်သူတွေကို ငါကိုယ်တိုင်ရင်ဆိုင်လာနိုင်လို့လည်း ဖြစ်ချင်ဖြစ်မယ်
နောက်ထပ်အခွံသစ်တစ်ခုကို ငါလိုချင်လို့လည်း ဖြစ်ချင်ဖြစ်မယ်.
ငါကိုယ်တိုင်က ဒီအခွံကို စွန့်ခွာသွားချင်လို့လည်း ဖြစ်ချင်ဖြစ်မယ်.
ဘာပဲဖြစ်ဖြစ်ပါလေ
တစ်နေ့တော့ ငါဒီအခွံကို ထားရစ်ခဲ့မှာပဲ.

လက်ရှိမှာတော့ ငါရထားတဲ့အခွံလေးကို
အကောင်းဆုံးနဲ့ ပြိုင်ဖက်အကင်းဆုံးဖြစ်အောင် လုပ်သွားချင်တယ်
ဒီအခွံကို ငါတစ်နေ့ထားရစ်ခဲ့မှာပဲ
ဒါပေမယ့် ခိုလှုံဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့တော့
ဒီအခွံကို ငါရှာခဲ့တာမဟုတ်ဘူး
ငါ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့
ဒီအခွံကို ငါရယူခဲ့တာ…



တစ်နေ့ဒါတွေအားလုံး ပြီးဆုံးသွားမှာပဲလေဆိုပြီးတော့
တွေ့တဲ့ အခွံထဲကို ငါမ၀င်ချင်ဘူး
ရထားတဲ့ အခွံကိုလည်း ဖြစ်သလို ပစ်မထားချင်ဘူး

ငါဟာဝင်ကစွပ်တစ်ကောင်ပါ
ဘယ်အခွံထဲကိုပဲ ရောက်ရောက်
ငါ့ကို လွှမ်းခြုံထားတဲ့ အခွံဟာ
တစ်ခြားဝင်ကစွပ်ကောင်တွေရဲ့ အခွံတွေထက်တော့
တစ်စုံတစ်ရာမှာ ထူးခြားသာလွန်နေစေရမယ်….


7 comments:

Anonymous said...

ဒါလေးကို ခံစားသွားတယ် ။

hnin said...

အခုရော ကိုရန်မျှော်မှန်းထားသလို တစ်စုံတစ်ခု သာလွန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွေးထင်သလား

Anonymous said...

ကိုရန်ရေ
အရမ်းကြိုက်တယ်ဗျာ ၀င်ကစွပ်ကဗျာကို
ကိုဖြိုးအတွက် ရှင်းပြပေးတာမျိုးလေးကိုရော
တကယ်လေးစားပါတယ်
မြန်မာဆိုတာ ဘယ်ကိုရောက်ရောက် ဒီလိုဖြစ်နေရမယ်လို့ ကိုရန်ကဟစ်ကြွေးနေသလိုပဲ

Anonymous said...

ကဗျာလေးက ကောင်းပါတယ်ကိုရန်
အခွံ = ?
လို့.. တွေးစရာဖြစ်စေတဲ့ ကဗျာလေး တပုဒ်ပါပဲ။
နောက်ဆုံးက “သာလွန်” ဆိုတဲ့ စာလုံးကိုတော့ တော်တော်ကြာကြာ စိုက်ကြည့်နေမိတယ်။

imaginary clouds no 2 said...

ကျနော် ကြိုက်တယ်ဗျာ ။

Anonymous said...

What an artpiece!
I like that.
Cheers!

Anonymous said...

ဝင်ကစွပ်ကောင်ရဲ့ Nature ကို တော့သိပ်မသိပါဘူး .....ဒါပေမဲ့ ကဗျာမှာ အဓိပ္ပါယ်တွေ အမျိုးမျိုးပါနေတယ်.....ကြိုက်ပါတယ်၊စာဖတ်သူကို လွတ်လပ်စွာတွေးခွင့်ပေးတဲ့ အရေးအသားတွေကို သဘောကျတာပါ။