Monday, October 20, 2008

ပျံလေတော့ ရွှေဟသာင်္....

မနေ့က အလုပ်အပြီးမှာ လူတစ်ယောက်အတွက် အမှတ်တရ ရည်ရွယ်ပြုလုပ်တဲ့ ရှိုးပွဲလေးတစ်ခုကို ရောက်ဖြစ်ခဲ့ပါတယ်.

တရုတ်တန်းနားမှာ ပထမတော့ ယောင်လည်လည်နဲ့ လိပ်စာကို ရုတ်တရက် ရှာမရ ဖြစ်နေခဲ့သေးတယ်. နောက်ကျတော့မှ ပေးထားတဲ့ လမ်းညွှန်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီး တက်စီသမားတစ်ယောက် အနားလာတာနဲ့ လမ်းမေးလိုက်ပါတယ်.

ဩော်. ပေးထားတဲ့ လမ်းညွှန်နဲ့ ကျွန်တော်သွားနေတဲ့ လမ်းက တစ်ခြားစီဖြစ်နေတာကိုး..

ဖီလော်တစ်ခုတောင် ခေါင်းထဲ လက်ခနဲ ထွက်သွားလိုက်သေးတယ်.

လမ်းက မှန်နေပေမယ့် လိုက်တဲ့သူက လွဲနေရင် လမ်းပြသူက အပြစ်မဟုတ်. ကိုယ့်အပြစ်ပါပဲလားလို့ရယ်လေ…


တစ်ဖက်က ပြန်လှည့်တွေးလိုက်တော့လည်း လမ်းပြသူက ရှင်းအောင်မှ မပြတာကိုး. အခုကျတော့ လမ်းသိတဲ့ တက်စီသမားကလည်း ပြရော တစ်ချက်တည်းနဲ့ တွေ့သွားတယ်.

နောက်ဆုံးကျတော့လည်း ကွန်ကလူးရှင်းကို မျှမျှတတလေးပဲ ဆွဲလိုက်ပါတယ်.

လမ်းလည်းပြတတ်ဦးမှ. လိုက်လည်းလိုက်တတ်ဦးမှလို့ရယ်လေ..

ဟတ်ဟတ်. လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး. ဆောရီး..

ရှိုးပွဲလုပ်တဲ့နေရာက ဟိုက်စကူးကျောင်းတစ်ကျောင်းမှာပါ. ဘေးနားမှာ Williamsburg တံတားကြီးလည်း ရှိတယ်. ၀ါသနာပါရင် တံတားပေါ်ကနေ ဟက်ဒ်ဆင်မြစ်ရှုခင်းတွေကို ငေးမောတွေးတောလို့ ရသေးတယ်. ကျွန်တော်ကတော့ အချိန်နည်းနည်းနောက်ကျနေတာနဲ့ ကျောင်းဖက်ကိုပဲ အရင်ရောက်အောင် လာခဲ့လိုက်တယ်.

ကျောင်းအပေါက်ဝနားရောက်တော့ ကျွန်တော်နဲ့ သိပ်ရင်းနှီးနေတဲ့ မျက်နှာပေါက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်.

တော်တော်ကိုရင်းနှီးနေတာပါ. အဖြူရောင် Dress လေးပေါ်မှာ အနက်ရောင် အကျီင်္လေးနဲ့ တော်တော်လေးကို ချစ်စရာကောင်းပါတယ်.

အနားနားရောက်တော့ သူက ကျွန်တော့်ဖက်ကို တစ်ချက်လှည့်ကြည့်ပါတယ်.

ကျွန်တော်ကပဲ အရင်ပြုံးပြလိုက်ပါတယ်.

“နေကောင်းလား အစ်မ” ဆိုပြီး ခေါင်းတစ်ချက်ဆတ်ရင်း နှုတ်ဆက်လိုက်ပါတယ်.

သူမကလည်း ပြန်ပြီး ပြုံးပြပါတယ်. သူမဘေးနားက ပါလာတဲ့ အမျိုးသမီးနှစ်ယောက်ကလည်း ဖော်ရွေရင်းနှီးစွာနဲ့ ပြန်ပြုံးပြပါတယ်..

ဩော်. ဘယ်သူလဲ ဟုတ်လား…

မီမီဝင်းဖေပါ..

ဟတ်ဟတ်ဟတ်..

ကျောင်းအပေါက်ဝနားရောက်တော့ ဒီပွဲကိုလာဖို့ ခေါ်ထားတဲ့ ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံကို လှမ်းဖုန်းဆက်ဖြစ်ပါတယ်. သူတို့က ထွက်လာနေပြီတဲ့. ကားတွေကြပ်နေလို့ ဆိုတာနဲ့ ကျွန်တော်လည်း တံခါးဝနား ခဏရပ်ရင်း လေညှင်းခံနေလိုက်ပါတယ်.

ပြိုးပြိုးပျက်ပျက် လင်းလက်တဲ့ အရောင်တွေနဲ့ အစိမ်းရောင် Dress လေးဝတ်လို့ ဆံပင်ရှည်လေးတစ်ယောက် ၀င်လာပါတယ်.

ဒီတစ်ခါတော့ ပြုံးပြီး ခေါင်းတစ်ချက်ဆတ်လို့ နှုတ်ဆက်လိုက်ပါတယ်. သူမကလည်း ပြန်ပြုံးပြရင်း အခန်းထဲကို ၀ံ့ကြွားလှပစွာနဲ့ ဆံရှည်လေးတရမ်းရမ်းလုပ်ကာ ၀င်သွားပါတယ်.

ရတနာဦးပါ...

အထဲကို ၀င်သွားလိုက်တော့ လက်မှတ်ကောင်တာနားမှာ ကျွန်တော့်အသိတွေ အများကြီး တွေ့လိုက်ရပါတယ်.

“ကိုရန်အောင် တစ်ယောက်တည်းလား” ဆိုတော့..

“ဟီးးးးးး” လို့တော့ ရယ်မပြလိုက်ပါဘူး..

ခပ်တည်တည်ပဲ နေရတာပေါ့ဗျာ…

ပြောရင်းနဲ့တောင် ငိုချင်လာပြီ. ..

“ဟုတ်. တစ်ယောက်တည်းပါပဲ. အလုပ်ကအပြန် လှည့်ဝင်လာတာမို့ပါ.”

ဒီလိုပဲ ပြောရတာပဲလေ. အလုပ်က မလာဘဲ အိမ်ကနေ ထွက်လာရရင်လည်း တစ်ယောက်တည်းက တစ်ယောက်တည်းပါပဲဗျာ.

“၀ါးးးးးးးးးးး”

ငိုတာမဟုတ်ပါဘူးးးးး

လူတစ်ယောက်ပုံလေးကို အမှတ်တရ ရေးထိုးထားတဲ့ တီရှပ်အကျီင်္နက်လေးနဲ့ အရမ်းလှနေတဲ့ အစ်မကြီးတစ်ယောက် အထဲကို ၀င်လာလို့ပါ..

“ဟာ. အစ်မ. လှပနေပါလား” ဆိုတော့..

“သိုင်းကျူး မောင်လေး” ဆိုပြီး တက်ကြွလန်းဆန်းစွာနဲ့ အထဲကို ၀င်လာသူကတော့ …

မေဆွိပါ…

…..

အဆိုတော်တွေ အထဲကို ၀င်သွားတော့ ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေတွေကို စောင့်ရင်း လက်မှတ်ကောင်တာနားမှာ စားပွဲလေးခင်းပြီး ရောင်းနေတဲ့ စီဒီခွေလေးတွေကို လိုက်ကြည့်နေမိပါတယ်.

ဘေးနားမှာ ချထားတဲ့ လက်ကမ်းစာစောင်လေးကို အမှတ်တရအနေနဲ့ တစ်စောင်ယူလိုက်ပါတယ်.

မျက်နှာဖုံးမှာ ရေးထားတာကတော့..

A Benefit For Burma
Musical Evening 2008
“ရင်ထဲက စိုင်းထီးဆိုင်”



ဩော်. လွမ်းစရာပါပဲလား ဦးထီးရယ်..




မျက်နှာဖုံးနောက်ကျောမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်မိတော့ ပိုပြီး လွမ်းစရာလေးတွေ ဖြစ်သွားခဲ့တယ်.

ဒီဗွီဘီ၊ ၁၀ မတ် ၂၀၀၈

နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) ဒီမနက်ကွယ်လွန်ပါတယ်..


.

“အရမ်းဝမ်းနည်းတာပေါ့ဗျာ။ မြန်မာ့အနုပညာ ရေစီးကြောင်းမှာ တအားလျော့သွားတဲ့ သဘော ရှိသွားပါတယ်။ ဗိုလ်ထီးတို့ဆိုတာ ခိုင်မာစွာ ရပ်တည်လာတဲ့ အဆိုတော်တွေပါ။ သူ့သီချင်းတွေက အမြဲတမ်း ရိုးမသွားမယ့် သီချင်းမျိုးတွေပါလေ။ ခိုင်တဲ့သီချင်းတွေပေါ့။ အဲဒါကြောင့် သူ့သီချင်းတွေအပေါ်မှာ ကျွန်တော် အမြဲတမ်း သတိရနေမှာပါ..”

ကိုခင်မောင်တိုးရဲ့ ၀မ်းနည်းစကားကို ဖတ်ကြည့်မိပြီး ကျွန်တော့်ရင်ထဲမှာလည်း ပဲ့တင်ထပ်နေခဲ့တယ်.

“ဟုတ်တယ်. ဦးထီး… ကျွန်တော်တို့ ခင်ဗျားကို အမြဲတမ်း သတိရလွမ်းဆွတ်နေမှာပါ…”

…..

အရောင်ဆိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ မတတ်သာလို့ အရောင်တွေ ခြယ်ခဲ့ရတဲ့ ဦးထီးရဲ့ ဘ၀နှောင်းပိုင်းတွေမှာ အရင်ကလောက် ပရိသတ်ရဲ့ တခဲနက် ကြည်ညိုအားပေးမှုကို မရတော့ပေမယ့် ဦးထီးကို ကျွန်တော် အနုပညာသမားတစ်ယောက်အနေနဲ့ပဲ အကဲဖြတ်လေးစားမိပါတယ်.

ကျွန်တော်ငယ်စဉ်ကတည်းက ဦးထီးရဲ့ သီချင်းတွေနဲ့ ရင်းနှီးကြီးပြင်းလာခဲ့တာပါ.
လေညာအရပ်ကအချစ်၊ မေမြို့မိုး၊ အချစ်ထောင်၊ မောင့်လပြည့်ဝန်း၊ အချစ်ကိုဦးစားပေးခဲ့သူ၊ မန္တလေးရောက် ရှမ်းတစ်ယောက်၊ ခွဲစိတ်ခန်းက ဆရာမလေးသို့၊ ခြင်္သေ့လည်ပြန်၊ ဘီးနံပါတ် OK 0122 L၊ သဘာဝရဲ့ ရင်သွေးငယ်တွေ……

အများကြီးမှ အများကြီးပါ..

ဒီလိုမျိုး သီချင်းအများကြီးဆိုနိုင်သလို ဆိုတဲ့ သီချင်းတော်တော်များများကလည်း နာမည်ကြီးပေါက်မြောက်ခဲ့တဲ့ အဆိုတော်မျိုး ရှားပါတယ်.

အခုနေ ဂစ်တာကို ကောက်ကိုင်လို့…

“မင်းပြောတဲ့ စကားများ. နားကြားများ လွဲသလား.
လေသံက တစိမ်းဆန်နေပြီ..
ကြင်နာတာ နာကြင်တာ နေရာလဲခဲ့…”

ဆိုညည်းကြည့်..

သံစဉ်တွေ လန်းဆန်းနေမြဲ. စကားလုံးတွေ အားကောင်းခိုင်မာနေမြဲပါ..

ဒါ ကိုယ်ပိုင်သံစဉ်ရဲ့ အနှစ်သာရ. အစမ်းသပ်ခံနိုင်တဲ့ သဘာဝ. အချိန်ကာလရွေ့လျောပေမယ့် မပြောင်းလဲတဲ့ ရင်ခုန်သံတွေပါပဲ..

ကျွန်တော် ဦးထီးရဲ့ သီချင်းတွေ၊ ဆရာ စိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေကို အရမ်းလေးစားမိတယ်. ဘ၀အတွေးအခေါ်တွေ အများကြီးပါသလို သံစဉ်လေးတွေကလည်း လှပငြိမ့်ညောင်းလွန်းပါတယ်…

အိမ်ကို တကူးတကလှမ်းမှာထားတဲ့ စိုင်းထီးဆိုင် တေးပေါင်းချုပ် စာအုပ်လေးကို ကျွန်တော် ခဏခဏ ဖွင့်ဖတ်ဖြစ်ပါတယ်. ဂစ်တာတီးတိုင်း ဖွင့်ကြည့်မိသလို ဂစ်တာမတီးပေမယ့်လည်း သီချင်းတွေကို ကဗျာတစ်ပုဒ်အနေနဲ့ ခံစားဖတ်ရှုတဲ့အခါတွေလည်း ရှိပါတယ်.

“နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.
ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ.
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တရံတခါ..”

“ပျံသန်းတဲ့ ငှက်ကို သူတို့မို့ ဖမ်းချင်တာ.
ရွှေလှောင်အိမ်မှာ ပျော်လို့ မရပါ.
ချစ်တဲ့ ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ..”

“ဘာသာမတူ လူမျိုးမခွဲဘဲချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ ဂရုမစိုက်နိုင်ပါ.
ချစ်ပြီးမှတော့ကွာ..”

“ဆုံနိုင်မဆုံနိုင်မှန်း မသိဘဲ ချစ်တာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား.
ဘယ်သူတွေတားတား ကိုယ်ကတော့ နောက်မဆုတ်နိုင်ပါ.
ဆက်ပြီးတော့ ချစ်မှာ…”

ဆိုတဲ့ အချစ်ကဗျာလှလှလေးတွေကို ကျွန်တော်ခံစားနားထောင်မိခဲ့သလို..

“လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်.
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်.
လောကကြီးရဲ့ မတရားပုံလား လောကသားရဲ့ မှားပုံလား
နှစ်ခုစလုံးများလား မပြောတတ်တယ်.
ငါမမူးသေးဘူး ငါမမူးသေးဘူး
မန္တလေးကျုံးရေ မခမ်းသမျှတော့…”

“ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်းနေပြီ
ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရချင်သေးတယ်…”

“လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ
လိုချင်လို့တော့ မရဘူးရယ်.
ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်.
အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်
ဘယ်ဘုရားကမှ မစွမ်းနိုင်ဘူး
နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း
မင်းအသိပါပဲ…”

ဆိုတဲ့ ဘ၀အတွေးအခေါ်လေးတွေပါတဲ့ သီချင်းကဗျာလေးတွေကိုလည်း ကျွန်တော်ခံစားမိတတ်ခဲ့တယ်.

ဦးထီးရဲ့ သီချင်းတွေ အမှတ်တရ စုစည်းထားတဲ့ Mp3 စီဒီခွေလေးတစ်ချပ် ကျွန်တော် ၀ယ်ဖြစ်ခဲ့တယ်. စီဒီခွေလေးကို လက်ထဲပိုက်ထားတဲ့ ကျွန်တော့်နားထဲမှာ လေညာအရပ်ကအချစ်တွေ စီးဆင်းလာသလို မောင့်လပြည့်ဝန်းဟာလည်း ထက်ကောင်းကင်မှာ သာမြဲသာနေခဲ့တယ်…

ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံနဲ့ အတူတူ ခန်းမထဲကို ၀င်လာခဲ့လိုက်တော့ မျှော်လင့်ထားသလို ပရိသတ် အများကြီး မတွေ့ရပါဘူး.




အင်း. မျိုးဆက်တွေလည်း ပြတ်ခဲ့ပြီပဲလေ. ကျွန်တော်ကတော့ ကြားမျိုးဆက်လို့ ပြောရမလား မသိ. ဒါမှမဟုတ်. ကျွန်တော်ကိုယ်တိုင်ကပဲ အရင်ခေတ်က သီချင်းတွေကို တန်ဖိုးထားနားထောင်တတ်လို့ ရယ်ပဲလားမသိ. ကျွန်တော့်မှာ သီချင်းကြီးတွေ စုထားတာ ရှိသလို ခေတ်ပေါ်သီချင်းတွေလည်း ရှိပါတယ်. ဦးထီးရဲ့ သီချင်းတွေကို လူငယ်တွေ နားထောင်စေချင်၊ ခံစားစေချင်ပေမယ့်လည်း ခေတ်က ပြောင်းခဲ့ပြီကိုး..

ပရိသတ်ရဲ့ အရွယ်တွေကလည်း လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်းတွေ များပါတယ်.

အဆင်ပြေတဲ့ တစ်နေရာမှာ ၀င်ထိုင်လိုက်ရင်း စင်မြင့်ပေါ်ကို ကြည့်လိုက်တော့ မီမီဝင်းဖေက အဖွင့်သီချင်းဆိုနေပါပြီ..

ဦးထီးရဲ့ The Wild One အဖွဲ့ထဲက လိဒ်ဂစ်တာတီးသူ ကိုဗုံဗုံကိုလည်း စင်မြင့်ပေါ်မှာ တွေ့ရပါတယ်. ပြီးတော့ ဆရာဦးစောဘွဲ့မှူးရဲ့သား Blade တီးဝိုင်းက လိဒ်တီးတဲ့ ကိုဘွဲ့ကိုလည်း တွေ့ရပါတယ်. ဒရမ်မာကတော့ ကိုညီပု၊ ဘေ့စ် ကိုအောင်အောင်၊ ကီးဘုတ်ဒ် ကိုချစ်ခိုင်နဲ့ ပါကပ်ရှင်း ကိုတင်ကိုလတ်တို့ လက်စွမ်းပြတီးခတ်နေကြပါတယ်.

မီမီဝင်းဖေရဲ့ အေးဆေးငြိမ့်ညောင်းတဲ့ အသံလေးတွေကြားမှာ ဆရာစိုင်းခမ်းလိတ်ရဲ့ စကားလုံးတွေ လှပစွာ ကခုန်နေကြသလို ဦးထီးရဲ့ ဆိုဟန်အငွေ့အသက်တွေလည်း လွှမ်းမိုးစီးမျောနေကြတယ်.

အဲဒီ့အချိန်မှာ ကျွန်တော် အရမ်းတမ်းတနေတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုလိုက်ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်ဆန္ဒပြုနေမိခဲ့တယ်.

မီမီဝင်းဖေက ဒီသီချင်းလေးကို ဆိုပါရစေလို့လည်း ခွင့်တောင်းကြေညာလိုက်ရော. ကျွန်တော့်ပါးစပ်က “၀ို့” ခနဲတောင် လွှတ်ခနဲ ထွက်သွားမိပါတယ်.

“ရာသီပြောင်းချိန်မှာ အဖော်ကွာလို့
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင်..
ရယ်သံတိတ်ဆိတ်လို့ သက်မဲ့တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် စိတ်ဖြေသာပြီ..”

အဲဒီ့သီချင်းလေးကို VCD အနေနဲ့ ကြည့်ဖူးခဲ့တာပါ. ခုလိုမျိုး အဆိုတော်ကိုယ်တိုင်က ဆိုပြနေတာတွေ့ရတော့ ကျွန်တော့်ရင်ထဲ ပီတိတွေ ဖြစ်နေမိခဲ့တယ်..

သီချင်းစာသားလေးတွေကို ကျွန်တော့်ပါးစပ်ကလည်း ခပ်တိုးတိုးလေး လိုက်ညည်းနေခဲ့မိတာပေါ့ဗျာ...

နောက်တော့ ဘေးကလူတွေကို အားနာလာတာနဲ့ ထိုင်ရာကထပြီး ဟိုးနောက်ဆုံးတန်းကို ကျွန်တော် ပြောင်းထိုင်လိုက်ပါတယ်. ဘေးနား ခပ်လှမ်းလှမ်းမှာတော့ ကျွန်တော်နဲ့ စိတ်ကူးတူတဲ့ အစ်ကိုကြီးတစ်ချို့လည်း ထိုင်နေကြတာ တွေ့လိုက်ရပါတယ်.




တင်းမာနေတဲ့ ကြွက်သားတွေကိုလျှော့၊ ဘ၀အမောတွေကို ခေတ္တမေ့ဖျောက်ထားလိုက်ပြီး ဦးထီးရဲ့ သီချင်းတွေကို အားရပါးရ လိုက်ဆိုနေချိန်မှာ ကျွန်တော့်မျက်ဝန်းတွေ စိုစွတ်နေခဲ့လေရဲ့…

အဲဒီ့အချိန်မှာပဲ မေဆွိက မောင့်လပြည့်ဝန်း သီချင်းလေးကို စဆိုလိုက်ပါတယ်.

ပရိသတ်က “ဟေး” ခနဲ အြော်ပီး လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြပါတယ်.

ကျွန်တော့်ပါးစပ်ကလည်း “မိုက်တယ်ကွာ.” ဆိုပြီး လွှတ်ခနဲ ထွက်သွားပြန်ပါတယ်.




ဟုတ်တယ်. ကျွန်တော် အရာရာကို မေ့လျော့သွားခဲ့ပြီ.

ကျွန်တော် အဲ့ဒီအချိန်မှာ တစ်ခုပဲ သိတယ်.

ကျွန်တော် ဦးထီးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ စိတ်လွတ်ကိုယ်လွတ် ဆိုချင်နေခဲ့တယ်..

“ချစ်၍ စွန့်သွားတဲ့ မင်းကို
ဩော်. စွန့်၍ ချစ်သွားမယ်လေ…”

“မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ
ဒီဘ၀ကို အရှုံးမပေးတော့ဘူးလို့…”

“မျက်လုံးကလေး မှိတ်ပြီးရင် ခေါင်းလေးမော့ထားပါ
နောက်ဆုံးအနမ်းလေးတစ်ချက်တော့ ယူသွားပါရစေ..”

ကျွန်တော် အနုပညာကို ဒီလောက်တောင် စွဲစွဲလမ်းလမ်း ခံစားနှစ်သက်မိနေတတ်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့မိဘူး.

ဟုတ်တယ်. ကျွန်တော်သိတာက ကျွန်တော်ဟာ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို စိတ်ဝင်စားတဲ့ လူတစ်ယောက်၊ လက်တွေ့သမားတစ်ယောက်လို့ ထင်ထားခဲ့တာ.

တကယ်တော့ ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာမှာ အနုပညာကို ချစ်မြတ်နိုးစိတ်တွေ၊ ကိုယ်တိုင်ဖန်တီးခံစားချင်စိတ်တွေ အများကြီး ရှိနေခဲ့တာပဲ..

နောက်ဆုံးခုံတန်းမှာ ထိုင်ရင်း သီချင်းတွေကို စင်မြင့်ပေါ်က အဆိုတော်တွေနဲ့အတူတူ လိုက်ဆိုနေခဲ့တဲ့ ကျွန်တော် မနေ့ညက သိပ်ကို ပျော်ပါးလွတ်လပ်နေခဲ့တယ်…




တီးဝိုင်းသိမ်းချိန် အပြင်ဖက်ထွက်လာတော့ ကျွန်တော့်ခေါင်းထဲမှာရော ရင်ထဲမှာရော ရှင်းနေသလိုပဲ.

မွန်းကြပ်နေတဲ့ ခံစားချက်တွေကို စိတ်လွတ်လက်လွတ် ဖောက်ခွဲသီဆိုလိုက်ရလို့လားတော့ မသိ…

တံတားကြီးပေါ်ကနေ ကားလေး တရိပ်ရိပ်ပြေးနေတဲ့အချိန်မှာ ညာဖက်ကို ခေါင်းငဲ့ကြည့်မိတော့ လမင်းကြီးက ရွှန်းရွှန်းပပ သာနေခဲ့တယ်.

“ဒီတစ်ညမှာ
မြင်ရခဲတဲ့..
မောင့်လပြည့်ဝန်း…”

ဦးထီး ကောင်းရာသုဂတိလားပါစေ….


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

8 comments:

MGLUAYE said...

ထပ်တူပါပဲဗျာ ...

ခုနောက်ပိုင်း လူငယ်ထုကတော့ ဟစ်ဟော့၊ ပန့်ခ်တွေ ဖြစ်ကုန်တော့ ဦးထီးတို့ သီချင်းတွေက ခေတ်ဟောင်းတေးတွေ ဖြစ်ကုန်ကြပြီလေ...

ကိုရန်အောင်ပြောသလိုပဲ... ဘယ်အချိန်ထတီး... ထတီး... ဘယ်အချိန် ထရွတ် ထရွတ် ရိုးမသွားတာ စိုင်းထီးဆိုင် သီချင်းတွေပဲ...

သူ့သီချင်းထဲက တစ်ပုဒ်တောင် လေးဖြူက ယူဆိုလိုက်သေးတယ်လေဗျာ... သားကောင်ခွေရဲ့ နောက်ဆုံးအပုဒ်ထင်တယ်....

ဝေမျှတာ ကျေးဇူးဗျို့...

မသက်ဇင် said...

တင်းမာနေတဲ့ ကြွက်သားတွေကိုလျှော့၊ ဘ၀အမောတွေကို ခေတ္တမေ့ဖျောက်ထားလိုက်ပြီး ဦးထီးရဲ့ သီချင်းတွေကို အားရပါးရ လိုက်ဆိုနေချိန်မှာ ကျွန်တော့်မျက်ဝန်းတွေ စိုစွတ်နေခဲ့လေရဲ့…


ကိုရန်အောင်---ရဲ့
မျက်ဝန်းတွေမှာ စိုစွတ်နေခဲ့သလို---
စာဖတ်လိုက်ရတဲ့ ကျမမျက်ဝန်းတွေမှာလည်း
စိုစွတ်နေခဲ့ပါတယ်---
အလွန်နက်ရှိုင်းစွာ ခံစားမိသော---
အကြိုက်ဆုံးသီချင်းလို့ ကျမကို မေးလာရင်
မောင့်လပြည့်ဝန်းလို့ ဖြေမိမှာပါ---
သီချင်းနဲ့အတူ ကိုထီးကို တွဲလျက် မြင်ယောင်လာတယ်--
နှမြောတယ်--ကိုရန်အောင်ရယ်---ကိုထီးရဲ့ ဂရုဏာသံလေးကိုလည်း တမ်းတတယ်---
အခုလို--ဝေငှပေးတာကျေးဇူးတင်လို့မဆုံးပါဘူးရှင်---
ခံစားမှုတွေ--နားလည်နေကြတဲ့---ကျမ တို့တတွေ လေ---ကိုထီး ဆိုခဲ့တဲ့----
လပြည့်ဝန်း ကြီး ပြည့်ပြည့်
ဝဝ သာမဲ့နေ့ ကို အတူတကွ ကြည့်နိုင်ကြပါလိမ့်မယ်---
ခင်မင်လျက်

ကိုရင်နော်ခင်လေးငယ် said...

ငယ်စဉ်က.. ကလေးတို့ ဘဝမှာ
..........................
...................................
..........................................။

သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့....
သွားချင်ရာကိုမသွားနိုင်..
လုပ်ချင်ရာ ကိုမလုပ်နိုင်...

အပူအပင်ကင်းတဲ့ ကလေးလေးကို
တစ်ခါပြန်ပြီး ရချင်သေးတယ်.....
.........................
....................................
.............................................။

ငိုချင်လာပြီ... ကိုရန်အောင်ကြီးရေ့
ဟင့်...ဟင့်

ခင်မိတဲ့...
ကိုရင်၊ ခင်လေး၊ ကလေးလေး

WWKM said...

ကိုရန်အောင်ရေ..
ကျမလည်း ဦးထီးရဲ့ သီချင်းလေးတွေ အားလုံးလို
လိုကြိုက်ပါတယ်။ ငယ်ငယ်တုန်က အဆောင်မှာနေပြီး
ကျောင်းတက်ချိန်တုန်းက မောင့်လပြည့်ဝန်း သီချင်း
လေးက ခေတ်အစားဆုံး နဲ့ ကျမကြိုက်နှစ်သက်ခဲ့ဆုံး
သီချင်းလေးတစ်ပုဒ်ပါပဲ။ အဆောင်မှာဂီတာလာတီး
ကြတဲ့သူတွေကို မောင့်လပြည့်ဝန်း သီချင်းလေးဆို
ပေးဖို့တောင် တောင်းဆိုခဲ့ဘူးတယ်။

“နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.
ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ.
အဆင်ပြေ လေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တရံတခါ..”

ဒီသီချင်းလေးကိုလည်း အရမ်းကြိုက်တာပဲ..
နာမည်က..ပျောက်ဆုံးသွားတဲ့ နိဗာန်ဘုံ ထင်ပါရဲ့..
မသေခြာတော့ဘူး။။။ သိပ်မမှတ်မိတော့ဘူး ။
****************************
ကဲ..သီတင်းလည်းကျွတ်ပြီမို့ ကိုရန်အောင်လည်း
လူပျိုကြီးဘ၀က မြန်မြန်ကျွတ်နိုင်ပါစေ လို့ ဆုတောင်း
ပေးရင်းနဲ့...
လေးစားခင်မင်လျှက်
မ၀ါ

khin oo may said...

ဘာမှတော.မဆိုင်ပါဘူး။ ကျွန်မတို့ ငယ်ငယ်က စိုင်းထီးဆိုင် သီချင်းဆိုရင် မျက်စိ ကို မှေးမှေးလေးထားပြီး ကြည့်ရတယ်။ သူ က ရုပ်သိတ်မလှဘဲ အသံ က အရမ်းကောင်းနေတော့ ပိုခံစားလို့ကောင်းအောင်လို့ပါ။

khin oo may said...

တကယ် ကားချင်း ယှဉ်ဖိုက်ခဲ့ဘူးတယ်။ ဟိုဘက်ကား ကို လှမ်းကြည့်လိုက်တော့ စိုင်းထီးဆိုင် ဖြစ် နေတယ်။ အလျှော့ပေးလိုက်တယ်။ သူ ကတော့ဘာ မှ သိ မှာ မဟုတ်ဘုးူ .ကိုယ် ကတော့ ကျေနပ်သွားတယ်။ ကျေးဇူး ဆပ် လိုက် ရသလိုဘဲ။

JulyDream said...

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံတစ်ခုပေါ့ဗျာ။ ပျောက်ဆုံးနေတာ မဟုတ်ဘူးနော်။ အဲဒီလေးက ပျောက်ဆုံးသွားပါပြီ။ နှောင်းလူတွေတော့ ဒီခံစားချက် ရှိချင်မှ ရှိမှာပါ။ ဦးလေးတွေနဲ့ အတူနေခဲ့တဲ့ ကျွန်တော့်အဖို့ စိုင်းထီးဆိုင် သီချင်းတွေနဲ့အတူ မနက်အိပ်ရာ နှိုးထခဲ့ရတာပါ။

Layma said...

လေးမ ငယ်ငယ်က ဦးထီး သီချင်းမကြိုက်ဘူး..။ ကျောင်းပြီးမှ ကြိုက်သွားတာ...။ သူက ဦးထီးသီချင်းတွေချည်း ဆိုပြတာကိုး..။ ဟီး.. ကြွားတယ်မထင်နဲ့ နော်...။ ခုတော့ ဦးထီး သီချင်းတွေ အကြိုက်ဆုံး..။