Sunday, October 12, 2008

ဝတရှိနော ဗရုတ်သုတ်ခ ဒေး



“ချစ်သူရေ…
လွမ်းတယ်ဆိုတိုင်းသာ
မျက်ရည်ကျရမယ်ဆိုရင်
ကိုယ် ဒီတစ်သက် မျက်ကပ်မှန် မတပ်တော့ဘူး…”


ခွီးးးးးး

ကိုယ့်ကဗျာ ကိုယ်ပဲ ပြန်ရယ်လိုက်တော့တယ်ဗျာ…

မ၀ါဝါခိုင်မင်း နဲ့ မီးလေးဇာ တို့က ကျွန်တော့်ရဲ့ ဗရုတ်သုတ်ခ အကျဆုံးနေ့ကို သိချင်တယ်တဲ့လေ..

ဒီတော့လည်း ရေးမလို့ အားခဲနေတဲ့ ရတနာပုံနေပြည်တော်အကြောင်းကို ခေတ္တ ပို့စ်စပုန်း (postpone) လုပ်ပြီးသကာလ ဗရုတ်သုတ်ခအကျဆုံးနေ့လေးအကြောင်း ပြန်ပြောင်းတွေးတော ရေးမိပါသကောဗျာ….

ကျွန်တော်ဆိုတဲ့ကောင်ကလည်းလေ ငယ်ငယ်တုန်းက သိပ်ကိုအေးတာဗျ. (အခုမှ ရွတယ်လို့မပြောနဲ့နော်. တည်ငြိမ်လာတာ. ဟတ်ဟတ်ဟတ်. ပြောရင်းနဲ့ ထရယ်တော့မှပဲ အတည်ပြောသမျှ ဟာသဖြစ်တော့မှာပဲ..)

ဒီလိုရှိတယ်ဗျာ. ကျွန်တော်က ငယ်ငယ်တုန်းက လူတွေနဲ့ သိပ်မပေါင်းဘူး. (သတ္တ၀ါတွေနဲ့ သွားပေါင်းတာလားလို့ မတွေးနဲ့ဦး. ခက်တော့တာပဲလေ. စကားကို အကောင်း မပြောရတော့ဘူး)

လူတွေနဲ့ သိပ်ပြီး hang out မလုပ်ခဲ့တော့ social ပိုင်းဆိုင်ရာမှာ ကမောက်ကမဖြစ်တာလေးတွေ၊ အဆင်မပြေတာလေးတွေ ဖြစ်ခဲ့ဖူးတယ်ဗျ. တော်တော်လည်း များပါတယ်. ဒါကြောင့် ဗရုတ်သုတ်ခ အဖြစ်ဆုံး ဖြစ်ရပ်လေးရွေးပြပါဆိုတော့ ဘာကိုရွေးရမှန်း မသိတော့ဘူး. များလွန်းလို့လေ. အဲဒါနဲ့ပဲ ကျွန်တော်နဲ့ သူမအကြောင်းကို ရေးဖြစ်သွားတယ်…
(LOL… ဘာဆိုင်လို့လဲ မတွေးနဲ့ဗျာ. စကားကတော့ ပလ္လင်ခံလိုက်တာပဲ. ဒါပေမယ့် မဆီလျော်ဘူးဖြစ်နေတယ်. ပြောချင်လွန်းလို့. ဟတ်ဟတ်ဟတ်)

ကဲ. စမယ်ဗျာ. ဇာတ်လမ်းလေးနဲ့ပဲ ပြောသွားတော့မယ်နော်. ကျွန်တော့်ချစ်သူက မိန်းကလေးမို့လို့ “မ” လို့ပဲ ခေါ်လိုက်တော့မယ်နော်. ကဗျာတွေရေးတာတောင် “မ-၁”၊ “မ-၂” လို့ Series လိုက် ရေးနေတာသာ ကြည့်တော့. လာဦးမယ်. “မ-၁၀၀၁”. ဟတ်ဟတ်ဟတ်.


….

“ချစ်သူရေ..
ပုခက်လွှဲသောလက်ဟာ ကမ္ဘာကို ပိုင်စိုးတယ်တဲ့.
မင်းရဲ့ ရင်ခွင် ပုခက်ထဲမှာ ကို ထာဝရ အိပ်စက်ပါရစေ
ချစ်ခြင်းအားဖြင့် လွှဲတော်မူပါနော်…”

အဲဒီ့နေ့က မှတ်မှတ်ရရ အာဇာနည်နေ့..

ဇူလိုင် (၁၉) မှာ ဥဩသံတွေ မကြားရတော့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အလုပ်တွေ ပိလို့ ပင်ပန်းနွမ်းလျနေခဲ့တဲ့ သူမအတွက်တော့ ကျွန်တော် အဲဒီ့နေ့က ဥဩဆွဲဖြစ်ခဲ့တယ်. ချစ်ခြင်းတရားနဲ့ သီကြွေးအပ်သော ဥဩပေါ့…

ကျွန်တော် အဲဒီ့နေ့က Guide သင်တာတွေ နားပစ်လိုက်တယ်၊ သူမကလည်း ရုံးပိတ်တယ်ဆိုတော့ ရွှေတိဂုံဘုရားသွားမယ်၊ ပြီးတော့ အပန်းဖြေ ရုပ်ရှင်သွားကြည့်ဖို့ အစီအစဉ်ဆွဲပါတယ်.

အဲဒီ့နေ့က ကျွန်တော် ဆိတ်ခွန်ပုဆိုး အပြာရောင်လေးနဲ့ ရှပ်အကျီင်္အဖြူရောင်လေးကို ၀တ်ဖြစ်ပါတယ်. ဖြူစင်ခြင်းနဲ့ အေးချမ်းခြင်းကို ကိုယ်စားပြုတာပေါ့. တကယ်ဖြူစင်လား အေးချမ်းလားတော့ ကျွန်တော်မသိဘူး. အဲဒီ့ညက အိမ်ပြန်လာတော့ ကျွန်တော့်အင်္ကျီနဲ့ ပုဆိုးမှာ အင်းလျားကန်ဘောင်က မြက်တွေ ကပ်ပါလာတယ်. (ဟတ်ဟတ်ဟတ်)

ဒဂုံစင်တာရှေ့ (၃) ကားဂိတ်မှာ မနက် (၈) နာရီလောက်ကတည်းက ကျွန်တော် ရောက်နေခဲ့ပါတယ်.

မနက်ခင်းနေက တဖြည်းဖြည်းနဲ့ အရှိန်ရလာပါတယ်. ကျွန်တော်လည်း အရိပ်ရမယ့်နေရာလေးတွေ လိုက်ရှာရင်း သူမစီးလာမယ့် ကားကိုမျှော်နေခဲ့ပါတယ်. လှည်းတန်းဖက်က ကားတွေ တ၀ီးဝီးနဲ့ ပြည်လမ်းမပေါ်ကို လိမ့်ဆင်းလာကြတယ်. မီးပွိုင့်တစ်ခါလွှတ်တိုင်း သူမ ပါလာပြီလားလို့ လည်တဆံ့ဆံ့နဲ့ မျှော်နေခဲ့ရတဲ့နေ့မှာ ကျွန်တော် ချွေးစေးတွေ စပြန်လာခဲ့ရပါတော့တယ်.

၈ နာရီ ၅ မိနစ်…

အင်း. ဒီလောက်တော့ နောက်ကျမှာပေါ့.

၈ နာရီ ၁၀ မိနစ်..

ဟော. ဟို မီးပွိုင့်မှာ ရပ်နေတဲ့ (၄၅) ကားပေါ်မှာ သူမ ပါလာကောင်းရဲ့..

ဝူး……..

(၅၀) ကားကြီးက မီးပွိုင့်မှာ ကွေ့ပြီး ဒဂုံစင်တာရှေ့ဖက်ကို လှိမ့်ခါလှိမ့်ခါနဲ့ လိမ့်ဆင်းလာတယ်. (ဦးလှဝင်း ဘောလုံးသတင်း ကြေငြာနေတယ်လို့ မထင်နဲ့နော်.)

အလှဆုံး မိန်းကလေးမြင်တိုင်း သူမလားလို့ လိုက်ကြည့်ရတာလည်း အမော. (ဟတ်ဟတ်)

၈ နာရီ ၂၅ ဗျာ…

ချွေးတွေပြန်လိုက်တာ.. ခပ်လှမ်းလှမ်းမှာ တင်ထားတဲ့ ဂျာနယ်ဆိုင်က ဂျာနယ်တွေကို မသိမသာ ခိုးဖတ်နေမိတယ်.

“ပြည်သူ့ အကျိုးပြု ဆောင်းပါးများကို ဦီးစားပေး ဖော်ပြသွားမည့် ရွှေမောင်းသံ ဂျာနယ်” တဲ့..

ခွီးးးးးးးး

ချောင်းသီးလိုက်တာ..

အချစ်ဂျာနယ်ဆိုပါလား…

မော်ဒယ်လ်ဂဲလ်အသစ်လေးတွေ ကော့ကန်ကားပြနေလိုက်တာ. ဘာတွေမှန်းကိုမသိဘူး. မျက်စိနောက်တယ်.. (အိမ်ကျမှပဲ အေးဆေးဖတ်တော့မယ်လေ. ဟတ်ဟတ်)

ဟာ….

၈ နာရီ ၃၅ ……….

ပိုက်ထားတဲ့ လက်က ပိုပြီး ကျစ်လျစ်မာကျောလာသလိုပဲ…

ဘာလဲကွာ. အချိန်ကို မလေးစားဘူး. နောက်ကျမယ်ဆိုလည်း ဖုန်းလေးဘာလေး ဆက်ပါလား..

၈ နာရီ ၄၅…

မြေနီကုန်း ပန်းခြံရေပန်းလေးဘေးနားကနေ ကွေ့ပတ်လျှောက်လာတဲ့ သူမကို ခပ်တည်တည်နဲ့ ကျွန်တော် စိုက်ကြည့်ပစ်လိုက်တယ်…

သူမမျက်နှာကလည်း ဇီးရွက်သာသာလောက်ပဲ ရှိပါတော့တယ်. ဒါတောင် ဇီးရွက်ထက်သေးတဲ့ အရွက် ရှာမတွေ့လို့.

ကျွန်တော်စိတ်တိုနေမှန်းသိလို့ သူမလည်းမျက်နှာ အကြီးအကျယ် ပျက်နေတယ်…

“ကားတွေ မရလို့ မောင်ရယ်..” တဲ့.

(ပို့စ်ဖတ်နေတဲ့သူတွေ အသည်းတွေ ယားသွားတာ ကျွန်တော်ခံစားမိလိုက်တယ်. ဟတ်ဟတ်)

ကျွန်တော့်ရဲ့ တုတ်ခဲပြီး ယောင်္ကျားပီသလှတဲ့ လက်မောင်းအိုးကြီးကို အသာကိုင်ပြီး ခေါင်းမော့ရင်း အသနားခံသလို ပြောလာတဲ့ သူမကို ကြည့်ပြီးတော့ ကျွန်တော်လည်း သနားသွားတယ်. ဟုတ်တယ်ဗျာ. ကိုးတောင်ဝတ် ယောင်္ကျားမဟုတ်လား..

(အဲ. တစ်ခုခုတော့ လွဲနေပြီဗျ. ကိုးတောင်ဝတ်လား. အတောင်နှစ်ဆယ်ဝတ်လား. ကိုးတောင်ဝတ်နဲ့ ကိုးတောင်ကျားနဲ့များ ကျွန်တော်လွဲပြောနေမိပြီလားမသိ. ခင်ဗျားတို့ဖာသာ ပြင်ဖတ်လိုက်ကြတော့ဗျာ. လောလောဆယ် ကျွန်တော်ကတော့ ကိုးတောင်ပဲ. ဟတ်ဟတ်)

“စောစောထွက်ပါလား…”

“ထွက်တာပဲ. လှည်းတန်းမီးပွိုင့်မှာ အကြာကြီးရပ်နေရတယ်. ပြီးတော့ စိုက်ပျိုးရေး မှတ်တိုင်ထိ တောက်လျှောက် ကားတွေကြပ်နေတာ…”

ကျွန်တော်လည်း ဘာမှ ဆက်မမေးချင်တော့ဘူး. သူမမှာ ဆင်ခြေတွေသာမက ဆင်လက်၊ ဆင်ဦးနှောက်၊ ဆင်နှာမောင်း၊ ဆင်နားရွက်တွေပါ အဆင်သင့်သယ်လာတာကိုးဗျ.

ဒါနဲ့ပဲ သက်ပြင်းရှည်တစ်ချက်ကို “အင်းးးးးးးးး” ခနဲ ချလိုက်ပြီး…

“ဘာစားပြီးခဲ့ပြီလဲ…”

“အဆောင်အောက်က လက်ဖက်ရည်နဲ့ အီကြာကွေး မှာစားလိုက်တယ်.”

“ထီးပါခဲ့လား. ဒီနေ့ မိုးရွာနိုင်တယ်နော်. ဇူလိုင် (၁၉) က အမြဲတမ်း မိုးရွာတတ်တယ်.”

“ပါပါတယ် မောင်ရဲ့. မောင့်အတွက် ရေဗူးနဲ့ အာလူးကြော်တောင် ၀ယ်လာခဲ့သေးတယ်.”

ကဲ. ကျွန်တော် ဘာဆက်ပြောရဦးမှာလဲဗျာ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့…

သူမရဲ့ နဖူးလေးကို မနာအောင် ခပ်ဖွဖွ လှမ်းထိုးလိုက်ပါတယ်. သူမကလည်း ကျွန်တော့်ကို ပြန်တွန်းထိုးပြီး ဗိုက်ကြောကို ဆွဲလိမ်ပါတယ်.

“အ”

အသံတောင်ထွက်သွားတယ်လို့ ပြောတာပါ..း)

……………

(၃) ကားတစ်စီး ဆိုက်လာပါတယ်. (၃) ကားက အ၀ါနဲ့ အစိမ်းရှိတယ်. ခင်ဗျားတို့ ရန်ကုန်ကလူတွေ သိမှာပေါ့. (၃) အ၀ါက ကြည့်မြင်တိုင် ညဈေးဖက်ကလာတာ၊ (၃) အစိမ်းက အလုံဖက်က လာတာ. နှစ်စီးလုံးကတော့ ရွှေတိဂုံကိုရောက်တယ်လေ. မြို့ထဲကျမှ ဂိတ်ထိုးတဲ့နေရာ ကွဲသွားတာမဟုတ်လား..

(၃) အ၀ါတစ်စီး ဆိုက်လာပါတယ်. စပယ်ယာက အတွဲမြင်ရင် သိတယ်မဟုတ်လား..

“ရှေ့ခန်းရမယ်. ရှေ့ခန်းရမယ်”

သူမက ကျွန်တော့်လက်ကို ဆွဲထားပါတယ်.

“နေပါစေမောင်. မသွားနဲ့. စီးရမှာက ခဏလေးရယ်. ရှေ့ခန်းက ဈေးကြီးတယ်.”

“နောက်မှာ နေရာမှ မရှိတော့တာ..”

“ပိုက်ဆံကုန်ပါတယ် မောင်ရယ်. မုန့်ဝယ်စားမှာပေါ့. ရွှေတိဂုံနဲ့ မြေနီကုန်း လမ်းတောင်လျှောက်လို့ ရသေး..”

အင်း. သူမ ပြောတာလည်း ဟုတ်သား..

ပုံမှန် (၂၀) ပဲ ပေးရတဲ့ လိုင်းကားတွေ အာဇာနည်နေ့မှာ ဆီမရလို့ဆိုပြီး (၅၀) တောင်းပါတယ်. ရှေ့ခန်းက နှစ်ဆဆိုတော့ (၁၀၀) ပေါ့. နှစ်ယောက်ဆိုတော့ (၂၀၀). ဒါတောင် ကားသမားတွေက ခရီးတိုသမားတွေကိုပဲ ရှေ့ခန်းမှာ တင်ချင်တာ. အလုံကနေ လိုက်လာမယ်ဆိုရင် မြေနီကုန်းထိပဲ တင်ချင်တယ်. ဒါမှ မြေနီကုန်းကနေ ဘုရားထိ ရှေ့ခန်းမှာ လူထပ်တင်လို့ ရမှာကိုး. ပြီးတော့ ဘုရားကနေ ဂိတ်ဆုံးထိ လူထပ်တင်မယ်လေ. အတွဲတွေက ဘုရားသွားတာများတော့ သူတို့က အတွဲတွေမြင်ရင် ရှေ့ခန်းမှာ သိပ်တင်ချင်တာ. ပြီးတော့ ကောင်လေးတွေကလည်း ကောင်မလေးတွေအတွက်ဆို ပိုက်ဆံအကုန်ခံပြီးသားလေ. ခင်ဗျားတို့သိပါတယ်.

ကျွန်တော့်ရဲ့ သူမကတော့ ကျွန်တော့်ကို ညှာပါတယ်. မလိုအပ်ဘဲ ပိုက်ဆံအကုန်မခိုင်းပါဘူး. ဒါကြောင့်လည်း သူမကို ကျွန်တော်က……

ခုနက ကျွန်တော်ဘာပြောနေတာလဲ မသိဘူးနော်…း)

ဩော်… အင်း.. သတိရပြီ…

း)))))))

အဲဒါနဲ့ပဲ (၃) ကားအ၀ါနားပြေးကပ်သွားလိုက်ပါတယ်. ကားပေါ်က ဆင်းလာမယ့်သူတွေတောင် အောက်မရောက်သေးဘူး. လူအုပ်ကြီးက ကားပေါ်ကို တိုးဝှေ့တက်နေကြပါပြီ…

“ဟဲ့. သောက်ခွေး… ဆင်းပါရစေဦး. တကတည်း ဘယ်လိုဖြစ်နေကြတာလဲ…”

အပေါက်ဆိုးမယ့်ပုံရတဲ့ အဖွားကြီးတစ်ယောက်က ဗျစ်တောက်ဗျစ်တောက်ပြောရင်း ကားပေါ်က ဆင်းလာပါတယ်.

ပြီးတော့ ကောင်မလေးတစ်ယောက် ဆံပင်တွေ အကြေကောက်ကောက်ထားသလား ထင်ရတယ်. ပိုသီပတ်သီနဲ့ ကားပေါ်က ဆင်းချလာတယ်. အံမယ်. အောက်ဖက်ကိုရောက်တော့ စလင်းဘတ်အိတ်ထဲက ခေါင်းဖြီးကို ထုတ်ပြီး လူရှေ့သူရှေ့ မရှက်ဘဲ ဖြီးနေလေရဲ့.. ကျွန်တော်နဲ့ သူမလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်. ဘယ်လိုလဲပေါ့..ရှေ့ခန်းကို လှမ်းကြည့်လိုက်တော့ လူရသွားပြီ.

အခြေအနေမဟန်တာနဲ့ နောက်ကိုဆုတ်လိုက်ကြတယ်. နောက်တစ်စီးစောင့်မှာပေါ့.

(၃) အစိမ်း…

ပြီးတော့ (၃) အ၀ါ…

ပြီးတော့ (၃) အစိမ်း..

ကားသုံးစီးလောက်ထိ နေရာမရတော့ ကျွန်တော်လည်း စိတ်မရှည်ချင်တော့ဘူး. ဒီနားဟိုနားလေးသွားဖို့ အဲလောက်တောင် စောင့်နေရတာမဟုတ်တော့ဘူးဗျာ. (၉) နာရီတောင် ခွဲတော့မယ်.

“လမ်းလျှောက်သွားမလား မောင်..”

“ခဏစောင့်ပါဦး.. မ ပင်ပန်းနေမှာစိုးလို့” (တစ်မှတ်)

သူမက ကျွန်တော့်လက်မောင်းကို သူမနှုတ်ခမ်းလေးတွေနဲ့ အသာဖိကပ်ထားပြီး (၃)ကားလာမယ့် ဖက်ကို မျှော်နေပါတယ်. သူမ အားကိုးတကြီးနဲ့ ဖိကပ်ထားလွန်းလို့ ကျွန်တော့်လက်မောင်းတောင် အဲဒီ့နေ့က အိမ်ပြန်လာတော့ နည်းနည်းပိန်သွားသလိုပဲ…

လာပါပြီ…

ဒီတစ်ခါတော့ နှစ်ယောက်သား ခပ်သုတ်သုတ်နဲ့ ကားနားပြေးကပ်သွားလိုက်ကြတယ်.

လူတွေဆင်း. လူတွေတက်နဲ့ သူမကို အထဲမရောက်ရောက်အောင် တွန်းထည့်လိုက်တယ်. အထဲရောက်တော့ နေရာမရပါဘူး. အလယ်ခုံမှာ လူတွေပြည့်နေပြီ. ပြန်ဆင်းဖို့လည်း အဆင်မပြေတော့ဘူး. ကျွန်တော်က ယောင်္ကျားလေးဆိုတော့ တွယ်စီးရတာ ပြဿနာ မဟုတ်ပေမယ့် သူမကျတော့ အထဲမှာ ကုန်းကုန်းကွကွနဲ့ ဘယ်ကြည့်ကောင်းမှာလဲ…

ကားကဘီးစလှိမ့်ပါပြီ. ကျွန်တော်လည်း နောက်ကလက်တန်းကို မီအောင်လှမ်းတွယ်စီးလိုက်ပါတယ်. သူမကတော့ ကျွန်တော့်ရှေ့နားမှာ အသာလေး ထိုင်ချလိုက်ပါတယ်. ထိုင်ခုံရှိလို့မဟုတ်ဘူးနော်. ဆောင့်ကြောင့်ထိုင်ချလိုက်ရတာ. (သနားပါတယ်.)

ကယ်တင်ရှင်ပေါ်လာပါတယ်. နေရာကနေ ထပေးတာကို ပြောတာမဟုတ်ဘူးနော်.

“သမီး. ဒီပေါ်ထိုင်ပါလား”

ကြည့်လိုက်တော့ နွားနို့ရောင်းတဲ့ ကုလားမကြီး…

တကယ်ပြောတာ. မနောက်ဘူး. နွားနို့ပုံးကြီးကို ပေါင်ကြားထဲမှာ ညှပ်ထားပြီး အလယ်ခုံမှာ ထိုင်နေတဲ့ ကုလားမကြီးရယ်ပေါ့. နဖူးမှာတောင် အနီစက်လေးတို့ထားလိုက်သေးတယ်. နှာခေါင်းမှာလည်း ကွင်းတွေနဲ့. (အမလေး.. အသည်းယားလိုက်တာဗျာ…)

သူမလည်း ရှက်သွားတယ်. ကျွန်တော်လည်း အာစေးမိထားသလို ဘာပြောရမယ်မသိ..

“လာပါ. ခဏနေဆင်းရတော့မှာပဲ. ဒီတိုင်းကြီးထိုင်နေတာ ကြည့်မကောင်းပါဘူး.”

ပြောပြောဆိုဆိုနဲ့ နို့ပုံးကြီးကို ဘေးဖက်ကို အသာတွန်းရင်း သူမပေါင်ပေါ်ကို လာထိုင်ဖို့ ဖိတ်ခေါ်နေပါတယ်.

သူမက ကျွန်တော့်ကိုလှမ်းကြည့်ပါတယ်. ဘယ်လိုလဲပေါ့.

ကျွန်တော်လည်း ရယ်နေရင်းက ခေါင်းတစ်ချက်ဆတ်ပြလိုက်ပါတယ်.
(မိန်းမဆိုတာ အဲလိုထိန်းတတ်ရတယ်ဗျ. ဟတ်ဟတ်ဟတ်)

ကုလားမကြီးပေါင်ပေါ် တက်ထိုင်နေတဲ့သူမ ကားတစ်ချက်ခုန်လိုက်တိုင်း ခေါင်းမဆောင့်အောင် ခေါင်းငုံ့ထားရင်း၊ ကျွန်တော်ကလည်း သူမ မယိုင်သွားအောင် သူမလက်ကလေးကို ထိန်းကိုင်ထားရင်း၊ ဘေးလူတွေက ပြုံးစိပြုံးစိကြည့်နေကြရင်းနဲ့ ရွှေတိဂုံတောင်ဖက်မုခ်မှာ ကျွန်တော်တို့ ဆင်းလိုက်ကြပါတယ်.

……….

“ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ် အေးမြလို့..
တူနှစ်ကိုယ် တောင်ဖက်မုခ်က လှေကားထစ်တွေ
တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့…”

လှေကားကတက်ရင်ညောင်းလို့ အဲဒီ့နေ့က ဓာတ်လှေကားနဲ့ပဲ ဘုရားပေါ် တက်ဖြစ်ခဲ့ကြတယ်ဗျာ.

ဘုရားပေါ်မှာ ၀တ်ပြု၊ ရေသပ္ပါယ်၊ အလှူငွေထည့်၊ ပုတီးစိပ်၊ လက်ယာရစ်တစ်ပတ်ပတ်ပြီး အရှေ့မုခ်ကနေ ကားပြန်စီးပါတယ်.

အရှေ့မုခ်ကနေ သမ္မတ ရုပ်ရှင်ရုံဖက်ကို စီးလာခဲ့ကြတာပေါ့. ဒီတစ်ခါကျတော့ ဘုရားမှာ ဆင်းတဲ့သူတွေ များလို့လားမသိဘူး. နေရာရတယ်ဗျ. ဘုရားကနေ ကားစီးရင် စမတ်ကျကျ စီးတတ်ဖို့လိုတယ်. တော်တော်များများက တောင်ဖက်မုခ်ကနေ ကားစောင့်ကြတယ်. နေရာမရတတ်ကြဘူး. လူများတာကိုး.. ၀ိဇယ ဘုရားဖက်က လူတွေဆင်းလာမယ်. Happy World ဖက်က လူတွေထွက်လာမယ်. ဘုန်းကြီးကျောင်းဖက်က လူတွေ လာတာရှိမယ်. ဈေးသည်တွေ ရှိမယ်. နေရာရဖို့ ခဲယဉ်းတယ်. ဒါကြောင့် ဘုရားဖက်ကနေ မြို့ထဲကိုသွားချင်ရင် အရှေ့မုခ်မှာ စီးတာ အကောင်းဆုံးပဲ. (Tips တွေပေးနေတာနော်. ဟတ်ဟတ်ဟတ်)

ဆောက်လုပ်ရေးမှတ်တိုင်မှာ ဆင်းတယ်. ယောက်လမ်းဖက်ကို လမ်းလျှောက်လာခဲ့ကြတယ်. သမ္မတရုံရှေ့ ရောက်ပါပြီ…

ကားကတော့ ကောင်းပါတယ်.

လွင်မိုး၊ ဒွေးနဲ့ ထွန်းအိန္ဒြာဗို..

“မောင့်မူပိုင်ရှင်” တဲ့..

မကောင်းတာက ကျွန်တော့်မှာ ကြိုတင်လက်မှတ်မရှိဘူး..း(

ဝယ်တာပဲ. မရတာလည်းပါတယ်လေ… သိတယ်မဟုတ်လား. အားလပ်ရက်လည်းဖြစ်တယ်၊ ရုပ်ရှင်ကလည်းကောင်းတယ်ဆိုတော့ မှောင်ခိုသမားတွေက ရုပ်ရှင်လက်မှတ် အရောင်းသမားတွေနဲ့ ညှိပြီး လက်မှတ်တွေ အကုန်ဖြတ်ဝယ်ထားတာ. (မယုံမရှိနဲ့နော်. လက်မှတ်စာရေးကိုယ်တိုင် ပြောပြတာ. သူတို့လည်း ကော်မရှင်ရတာကိုး)

ပုံမှန် ၁၅၀ တန်းကို ဘယ်လောက်ခေါ်တယ်မှတ်လဲ…

၄၅၀ တဲ့ဗျာ…

ထပ်သရီး… စိတ်တိုလိုက်တာ..

အပေါ်ထပ် ဒီစီဆိုရင်တော့ ပြောမနေနဲ့တော့. ထောင်ကျော်ပြီ…

ကျွန်တော်ကတော့ မကြည့်ချင်တော့ဘူး. ဟုတ်တယ်ဗျာ. ဒီလောက်တောင် ဈေးတင်လွန်းတယ်. အဓိပ္ပါယ်ကို မရှိဘူး.

ညနေပွဲကြည့်မယ်ဆိုပြီး လက်မှတ်ကောင်တာကို သွားမေးတော့လည်း ကုန်ပြီတဲ့..

နောက်နေ့မှ ကြည့်မလား သွေးတိုးစမ်းကြည့်တော့ သူမ မျက်နှာ ညှိုးသွားပြန်တယ်.

ပိုက်ဆံကတော့ ပါပါတယ်. မလိုအပ်ဘဲ မတန်ဘဲ မပေးချင်လို့ပေါ့ဗျာ. Guide လစာက ထုတ်ထားတာ မကြာသေးဘူးလေ.

ရုံအပြင်ဖက်မှာ ယောာင်လည်လည်ရပ်နေရင်း ၁၂ နာရီလည်း ခွဲခါနီးပါပြီ.

မှောင်ခိုလက်မှတ်သမားတွေတောင် ရောင်းလို့ကုန်သွားလို့ အလျှိုအလျှို ထွက်သွားကြပြီး ထောင့်လေးတွေမှာ ပိုက်ဆံတွေ ထုတ်ရေနေကြတာကို စိတ်တိုစရာကောင်းလောက်အောင် တွေ့နေရပါတယ်.

ခုနက ကျွန်တော်တို့ကို လက်မှတ်လာရောင်းတဲ့သူကလည်း ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့.

သူ့ဆီကို လာဝယ်တဲ့သူတွေ ရှိပါတယ်. ဒါပေမယ့် ၃ ယောက် ၄ ယောက်သမားတွေ ဖြစ်နေတယ်. သူ့မှာက နှစ်စောင်ပဲ ကျန်တော့တာလေ. သူကလည်း ကျွန်တော်တို့ကိုပဲ ရောင်းချင်နေတယ်.

“ညီလေး. စတော့မှာနော်..”

“နေရာကောင်းတယ်နော်. ညီမလေး..”

“နောက်ပွဲအတွက်လည်း လက်မှတ်တွေ ကုန်နေပြီ. နေရာကောင်းတွေမို့ ပေးနေတာ.”

“မ၀ယ်တော့ဘူးဆိုရင်လည်း ဟိုဖက်က အုပ်စုကိုပဲ ရောင်းလိုက်တော့မယ်နော်.”

ချော့ခါတစ်မျိုး၊ ခြောက်ခါတစ်လှည့်နဲ့ နောက်ဆုံးမှာ ကျွန်တော့်ရဲ့ ပိုက်ဆံ (၈၀၀) ကို သူအောင်မြင်စွာ ပိုက်သွားခဲ့ပါတယ်.

သူမလက်ကို ဆွဲလို့ ရုပ်ရှင်ရုံထဲ ၀င်လာခဲ့တဲ့ ကျွန်တော်ရယ်လေ နပိုလီယံဘုရင်မင်းမြတ် စစ်အောင်တာထက်တောင် ပိုပြီး ၀င့်ကြွားနေသလိုပဲ…

ရုံထဲကိုရောက်တော့ အထဲက ၀န်ထမ်းက လက်မှတ်ကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး “လာ. ဒီဖက်” ဆိုပြီး ခေါ်သွားပါတယ်.

သွားပါတယ်… သွားပါတယ်..

ဆက်သွားပါတယ်. ဆက်သွားပါတယ်.

သွားနေတုန်းပါပဲ. သွားနေတုန်းပါပဲ..

ရောက်ပါပြီခင်ဗျာ.

မှောင်ခိုသမားပြောတဲ့ နေရာကောင်းလေးကို..

ဟိုးးးးးး အရှေ့ဆုံးက ခုံနှစ်ခုံပါ.

တကယ်ပါ. ရှေ့မှာ စင်မြင့်ပဲ ရှိတော့တယ်.

အားးးးးး

စိတ်တိုလိုက်တာ..

ထိုင်ချလိုက်တော့ ကြော်ငြာတွေတောင် စပြနေပါပြီ..

ဖင်ပူအောင်တောင် မထိုင်ရသေးပါဘူး. နိုင်ငံတော်အလံလွှင့်ပါတယ်. အဲဒါနဲ့ ပြန်ထ အလေးပြု..

ပြန်ထိုင်…

ပိတ်ကားကြီးကို အနီးကပ်မော့ကြည့်ရတာလောက် ဖီးလ်ငုပ်တာ မရှိခဲ့ဖူးဘူး..

လူရုပ်ကြီးတွေက ပိုပြီး ကြီးနေသလိုလို၊ နှာခေါင်းကြီးတွေက ပိုပြီးတော့ ရှေ့ကို ရောက်နေသလိုလို၊ မိန်းမဆိုရင်လည်း ကိုယ်လုံးကြီးတွေက ဘေးဖက်ကို ကားထွက်နေသလိုလိုနဲ့ ဆယ့်ငါးမိနစ်လောက် ကိုယ့်မျက်စိကို ကိုယ်ပြန်ပြီး Adjust လုပ်ယူရပါတယ်.

“နေရာလေးက ကောင်းလိုက်တာနော်” လို့ ပြောတော့ သူမက ရယ်ပါတယ်.

ဒီလိုလေးလေ…

“ခစ်ခစ်ခစ်… မောင်ကလည်းလေ….” တဲ့…

အဲဒီ့နေ့က ရုပ်ရှင် ဘယ်လိုဘယ်ပုံ ပြီးသွားတယ်တောင် မသိလိုက်ပါဘူး..

ဟိုးထား ဆရာ… တစ်မျိုးမတွေးနဲ့…

ခေါင်းတွေမူးလာလို့ ရုပ်ရှင်ကြည့်ရတာ စိတ်ကို မရှည်ဘူးဖြစ်လာတာကို ပြောတာပါဗျာ. ခင်ဗျားတို့ကလည်းလေ….

ရည်းစားနဲ့ ရုပ်ရှင်ကြည့်ပါတယ်ဆိုမှ ဘာမှတ်နေတာလဲ..

အင်းလေ… ရုပ်ရှင်ကြည့်တာပေါ့လို့…

“ချစ်သူရေ…
နီးစပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတွေကို
အဝေးဆုံးကို ရောက်သွားကြတော့မှ ပြန်တမ်းတနေမိတာ
ရုပ်ရှင်တစ်ကားကို ရှေ့ဆုံးက ထိုင်ကြည့်နေရသလိုပါပဲ.
ရင်ထဲမှာ သိပ်မူးတယ်…

……..

ကဲ. ပို့စ်လည်း တော်တော်လေးရှည်သွားပြီဗျာ. လက်တွေ့တာနဲ့ စွတ်စပ် ရေးပစ်လိုက်တာ. လက်မတွေ့ရင်လည်း စာတစ်ကြောင်းတောင် ရေးချလို့ မရဘူး..

ပြန်တက်ဂ်မယ်ဗျာ.နော်.

ဒီပို့စ်လေးကို ဖတ်ပြီး “ကိုရန်ကြီးက အရမ်းရယ်ရတာပဲ” လို့ စိတ်ထဲတွေးနေမိသူတွေ အားလုံးကို တက်ဂ်တယ်.

ဒီပို့စ်လေးကို ဖတ်ပြီး “ပေါရဲလိုက်တာ” လို့ တွေးမိသူတွေကတော့ ရေးကိုရေးရမယ်.

ဒီပို့စ်လေးကို ဖတ်ပြီး “ဩော်… သူက ဒီလိုကိုး” လို့ တွေးပြီး ၀မ်းနည်းပက်လက်ဖြစ်သွားသူတွေ အားလုံးကိုတော့ ……
….


..
.

အာဘွားးးးးးး

ဟတ်ဟတ်ဟတ်…

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

9 comments:

ဝါ၀ါခိုင်မင်း said...

ခွီး ခွီး ခွီး ခွီး... ဟတ်ဟတ်ဟတ်ဟတ်
အဲလိုပဲ အစုံရယ်လိုက်တော့မယ်... ကိုရန်အောင်ရေ.
ဟီးဟီးဟီး
အကောင်းဆုံး နဲ့ အမြန်ဆုံး ရေးပေးတာ ကျေးဇူးပါ
နော်။
ဒါနဲ့ အဲဒီတစ်ယောက်က အခု အရမ်းလွမ်းနေတဲ့" မ"
လား။
စာကြောင်းတိုင်း တကယ်ရယ်ရပါတယ် ကိုရန်အောင် ရေ...။
စာရေးကောင်းတဲ့သူပဲ ဒီလောက်တော့ အေးဆေးပေါ့
နော်။
ကျေးဇူး..ကျေးဇူး။ အရိဂတို ။ ရှဲ ရှဲ ။ :P

chaos said...

အဆုံးထိပြီးအောင်ဖတ်ပြီးမှ ပြုံးသွားတယ်။
အစ်ကိုရဲ့မ ကို သိပ်ချစ်ပုံပဲနော်။
အဲ့မျိုး ရုပ်ရှင်တူတူကြည့်ဖူးသေးဘူးဗျ
အားကျလယ်

Achit said...

ရယ်လိုက်ရတာ ဖတ်ဖတ်မော
ကျောနောက ရင်ဘတ်
အဟတ်ဟတ်
အကောင်းပြောတာ နောက်တာဟုတ်ဘူး ..
အဟုတ် ရယ်ရတယ် .. အကြည်တော်လို ဟာသ၀တ်ထု ရေးရင် အောင်မြင်မှာပဲ ..
အနောက်တော် လို့ ရေးပါလား။ ဟဲး)

ကိုရန်ကြီးက တိပ်ရယ်ရတာဘဲ ...
ကိုရန်ကြီးက ပေါရဲလိုက်တာနော် ...
သြော် ... ကိုရန်ကြီးက ဂလိုကိုး ...

တခါက ..


(အဲ .. တခါက ခင်ခဲ့ဖူးတဲ့လို့ ပြောတာနော် ;)

ကိုရင်နော်ခင်လေးငယ် said...

ကိုးတောင်ကျားကြီး.. အဲ့.. ဟုတ်ဘူး..
နပိုလီယံကြီး.. အဲ့.. ဟုတ်သေးဘူး...
မောင့်မူးပိုင်ရှင်ကြီး... ဟီးးးး....
ကောင်းလယ်ကောင်းလယ်... ဖတ်လို့ ကောင်းလယ်.. ရယ်ရတယ်..
“ရင်ထဲမှာ သိပ်မူးတယ်…” ဆိုတာ ခုန်ဆွ..ခုန်ဆွ နဲ့မို့ ရင်ထဲမှာတော့ မသိဘူး.. ခေါင်းတော့ တကယ်မူးသွားတယ်.. အဟီးးးး....

လင်းထက် said...

ကိုရန်အောင် ကို နည်းပညာ တွေ ပဲ ရေးတယ် လို့ ထင်နေတာ ဒီလို ပိုစ့် လေး ကို ဖတ်လိုက် ရတော့.............

ဟား ဟား ဟား ဟားးးးးး

စိတ်ထဲ အတော်လေး ပေါ့ပေါ့ ပါးပါး ဖြစ်သွားတယ် ကျေးဇူး..။

flowerworld said...

ဦးဦးရန်ကြီးရေကျေးဇူးပဲနော်...
“ချစ်သူရေ…
နီးစပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတွေကို
အဝေးဆုံးကို ရောက်သွားကြတော့မှ ပြန်တမ်းတနေမိတာ
ရုပ်ရှင်တစ်ကားကို ရှေ့ဆုံးက ထိုင်ကြည့်နေရသလိုပါပဲ.
ရင်ထဲမှာ သိပ်မူးတယ်…”
အဲ့ဒီအပိုဒ်လေးကိုသဘောကျတယ်
ပျော်ရွင်ပါစေနော်

kiim said...

မရောက်တာကြာလို့ လာလည်တာ..ကို၇န်အောင့်အကြောင်းလေးဖတ်လိုက်ရ
တာ..တကယ်ကောင်းတယ်ရှင့်..ဖတ်လို့ ..
စာဖတ်နေရင်းနဲ့ တယောက်ထဲရီနေတာမသိတဲ့ သူတွေက
တော့အရူးမလေးထင်ကုန်တော့မယ်..ဟီးဟီး..
ဂယ်ကြီးကိုရီရတယ်.."မ" တယောက်တော့ကံကောင်းပါတယ်.. :P :P

Layma said...

မင်းလူတို့ .. နီကိုရဲ တို့  ဖတ်ရတာကျနေတာပဲ..
ဖတ်လို့ ကောင်းလိုက်တာ...
သဘောကျပါ့...။အဟုတ်ပြောတာ...။

ခွန်မြလှိုင် said...

ဇီးရွက်ထက် သေးတဲ့ အရွက်တွေ လောကမှာ အများကြီးရယ်.. ကိုရန်အောင်ရဲ့... မန်ကျည်းရွက်၊ ကင်ပွန်းရွက်၊ ဆူးပုပ်ရွက်.. ပြီးတော့ ... ကိုရန်အောင်ရဲ့ 'မ' က ဆင်ဖြူမရှင် ထင်တယ်။ ဆင်ခြေဆင်လက် ဆင်နားရွက် bla bla Bla ဆိုလို့လေ...