Monday, October 13, 2008

အရည်ပျော်နေတဲ့ နံနက်ခင်း...



အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
ဘယ်အရာအတွက် အလျင်လိုနေခဲ့တာလဲ?...

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်
ငါတိုက်ယူနေခဲ့တာ ဘာလဲ.
ဘ၀ဆိုတာ ရုန်းကန်ခြင်းဆိုရင်
ငါ ဘာအတွက် ရုန်းကန်နေခဲ့တာလဲ..

မျှော်လင့်ခြင်းပေါင်းများစွာ
ငါ့အတ္တကို ခိုင်းစေခဲ့ဖူးပြီ.
သက်မဲ့ကိန်းဂဏန်းတွေဟာလည်း
ဖြူစင်ခြင်းတွေကို ရေငုံနှုတ်ပိတ်စေခဲ့ပြီ..

ဟိုးအရှေ့ကို မျှော်ကြည့်လိုက်တော့
အလင်းရောင်မှိန်ပျပျအောက်မှာ
ထုံးဖြူတစ်စက် တောက်ပနေခဲ့တယ်.
ဒါတောင် သစ်ကိုင်းတွေကြားထဲကနေ
မနည်းအားယူကြည့်ရပေလို့သာပေါ့..

ငါနဲ့အနီးဆုံးမှာတော့
ခေါင်းတမော့မော့ လည်တိုင်ကြော့နဲ့
ပွဲခင်းရှိရာဆီ ပြေးလွှားနေကြတဲ့
နဖားကြိုးနဲ့ လူတွေတွေ့ရတယ်.
ဒီလမ်းမကြီးကတော့ မီးတွေ ထိန်လင်းလို့ပါလား

ပိုးဟပ်တစ်ကောင်ရဲ့ ဦးမှင်တွေလို
ဆင်တစ်ကောင်ရဲ့ နှာမောင်းတွေလို
ခြေကုပ်ရှာနေတဲ့ ပိုးကောင်တစ်ကောင်ရဲ့ ခြေလှမ်းတွေလို
စမ်းတမ်းစမ်းတမ်း
မှန်းတန်းရမ်းတန်းနဲ့
လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ငါ
ပင့်သက်လှိုင်းကမ္ဘာထဲမှာ အိပ်မောကျနေခဲ့ပြီလား..

တချက်ချက်မြည်နေတဲ့ စက်သံနဲ့
အရည်ပျော်ကျနေတဲ့ နာရီတစ်လုံးကတော့
မျှော်လင့်ခြင်းတွေနဲ့ ငါ့ကို ပြုံးကြည့်နေလေရဲ့…

အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
တစ်စုံတစ်ရာအတွက်တော့ အလျင်လိုနေခဲ့တယ်…

(ရေခဲငှက်)

No comments: