Wednesday, October 15, 2008

ဝါလကင်းလွတ် သီတင်းကျွတ်...

မနေ့က သီတင်းကျွတ်လပြည့်နေ့ပေါ့ဗျာ.

အစကတော့ ပို့စ်လေးဘာလေး ရေးမလား အားခဲထားတာ အိမ်ပြန်ရောက်တော့ စောစောစီးစီးပဲ ဖလက်ပြသွားတယ်. ထမင်းစားနေရင်းနဲ့ကို ထမင်းစေ့တွေ တစ်စေ့ကနေ နှစ်စေ့၊ နှစ်စေ့ကနေ လေးစေ့ ဖြစ်ကုန်တာ. အဲဒါနဲ့ အစောကြီး အိပ်ပျော်သွားတယ်

ဒီညကျတော့ မရေးတော့ဘူးလုပ်နေတာ. ဒါပေမယ့် အလုပ်ကနေ အိမ်အပြန် သစ်ပင်ရိပ်လေးတွေထဲကနေ ရုတ်တရက်လှမ်းတွေ့လိုက်ရတဲ့ လမင်းကြီးကို ငေးကြည့်မိပြီး အတွေးတွေက တဖွားဖွား၊ လက်တွေက တယားယား ဖြစ်လာတာနဲ့ ဒီပို့စ်လေးကို အန်ချလိုက်တယ်ဗျာ….

……

သီတင်းကျွတ်ဆိုတာကို အရင်ဦးဆုံး ရင်းနှီးမိတာကတော့ ကျောင်းပိတ်ရက်တွေနဲ့ ပတ်သက်ပြီးတော့ပါပဲ…

သီတင်းကျွတ်မှာ ကျောင်းတစ်ပတ်ပိတ်တာကို စွဲစွဲမြဲမြဲ မှတ်မိနေသေးတယ်. ပြီးတော့ သက်ကြီးရွယ်အို လူကြီးသူမတွေကို ကန်တော့တာ၊ မုန့်ဖိုးပြန်ပေးတာ၊ ဘုရားတွေမှာ ဓမ္မစကြာရွတ်တာ၊ အအေးတိုက်တာ၊ ဩော်… ကျန်သေးတယ်… ဘာမှတ်လဲ… ခင်ဗျားတို့သိပါတယ်ဗျာ…

သီတင်းကျွတ်ဆိုတာ ဘယ်ကစခဲ့တာလဲ အနက်အဓိပ္ပါယ်လေးနဲ့တကွ ပြောရရင်တော့

မြန်မာနှစ်ရဲ့ (၇)လမြောက် သန်တူ (သီတင်းကျွတ်)ဟာ စက်တင်ဘာလ - အောက်တိုဘာလမှာ ကျရောက် ပါတယ်။ `သန်´က စပါးပင်ကို ရည်ညွှန်းတယ်။ `တူ´ဟာ ထူဖြစ်ပြီး စပါးပင်များ ထူထူ ထောင်ထောင် ပေါက်ရောက်လျှက်ရှိပြီလို့ ဆိုလိုတယ်။ အဲ့ဒီလို အပင်တွေ အောင်မြင်လို့မို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အခု သီတင်းကျွတ် ခေါ်တာဟာ ရဟန်းသံဃာတွေ ၀ါဆိုကြရာက ပြီးဆုံးပြီလို့ အဓိပ္ပာယ် ရပါတယ်။ ဒီလရဲ့ အထိမ်းအမှတ်က ကြာဖြူ (Nymphaea lotus) ဖြစ်ပါတယ်။

(မြန်မာသမိုင်းပုံ၊ ခေတ်ဦး မြန်မာ ပြက္ခဒိန်) (တောင်ကြီးချယ်ရီမြေမှာ တင်ထားတဲ့ ဒီပို့စ်လေးကို ကိုးကားပါတယ်.)

ကျွန်တော်တို့ ဗုဒ္ဓဘာသာ အစဉ်အလာအရ ပြောရရင်တော့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဓမ္မစကြာ အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ကြွမြန်းလာခဲ့ခြင်း ဖြစ်ပါတယ်. အဲဒါကို ကြိုဆိုဖူးမြော်တဲ့အနေနဲ့ လူ့ပြည်က လူသားတွေက ဆီမီးထိန်ထိန်ထွန်းညှိကာ ဆီးကြိုပူဇော်ကြခြင်းပဲ ဖြစ်ပါတယ်.

(အမှားပြင်ဆင်ချက်. ဓမ္မစကြာတရားတော်မြတ်နေရာတွင် အဘိဓမ္မာတရားတော်မြတ်ဟု ပြင်ဆင်ဖတ်ရှုပါရန်. ကော်မန့်တွင် အမှားပြင်ဆင်ပေးသော မဗေဒါရီကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ..)

ဘုရားတွေမှာဆိုရင်တော့ ဓမ္မစကြာဝတ်ရွတ်အသင်းတွေ အသုတ်လိုက် ရွတ်ကြတာရှိပါတယ်. ဒါ့အပြင် ညဖက်ဆိုရင်တော့ ဆီမီးကိုးထောင် ပူဇော်ပွဲ၊ ဆီမီးငါးထောင်ပူဇော်ပွဲ စသည်ဖြင့် ဆီမီးခွက်လေးတွေကို ဘုရားရင်ပြင်တော်ပေါ်မှာ ပုံဖော်ထွန်းညှိလေ့ရှိပါတယ်. အအေးလည်းတိုက်ပါတယ်. ကျွန်တော်တို့ ကလေးတွေဘ၀ကတော့ ဘာပျော်သလဲမမေးနဲ့ဗျာ.

ကျွန်တော် သုံးလေးတန်း အရွယ်လောက်တုန်းက ဆူးလေဘုရားလမ်းနားမှာ နေခဲ့ဖူးတယ်. သီတင်းကျွတ်မရောက်ခင် တစ်ရက်ကတည်းက အမေက အိမ်ရှေ့ဝရန်တာမှာ ဖယောင်းတိုင်တွေ ထွန်းပါတယ်. ကျွန်တော်ကလည်း ၀ိုင်းကူထွန်းတာပေါ့. ဖယောင်းတိုင်ကို အထွန်းခံအောင်လို့ သီတင်းကျွတ်မတိုင်ခင်ကတည်းက ရေစိမ်ထားပါသေးတယ်. :)

အဲဒီ့ဖယောင်းတိုင် ရေစက်လက်လေးတွေကို အောက်ဖက်ကို မီးနဲ့ တစ်ချက်တို့ပြီး ၀ရန်တာပေါ်မှာ ညနေစောင်းကတည်းက စီရီနေအောင် လိုက်ထောင်ပါတယ်. ညနေမှောင်ရီပျိုးတာနဲ့ အမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်တို့ မောင်နှမတွေရယ် ဖယောင်းတိုင်လေးတွေကို မီးလိုက်ညှိပါတယ်. ဆုတွေကလည်း တောင်းရတာ အမော. အတန်းတင်စာမေးပွဲကြီးမှာ ပထမဆုရပါစေ. အစ်မတွေကလည်း ဘာသာစုံဂုဏ်ထူးပါပါစေ. ဘလာဘလာဘလာပေါ့…

အဲ. အပြင်မှာ ထွန်းပြီးရုံနဲ့ မပြီးသေးဘူးဗျ. အမေက အထဲကိုပါဆက်ခေါ်သွားပါတယ်. ရေချိုးခန်းထဲမှာ ထွန်းပါတယ်. အိမ်သာပေါ်မှာ ထွန်းပါတယ်. ကျောက်ပြင်ပေါ်မှာ ထွန်းပါတယ်.

ဘာလို့ အဲလိုထွန်းတာလဲဆိုတော့ အိမ်စောင့်နတ်၊ ကျောက်ပြင်စောင့်နတ်တွေကို ပူဇော်တာတဲ့.

အိမ်သာရေချိုးခန်းကျတော့ရောလို့..

အိမ်သာစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်တွေကို ပူဇော်တာပေါ့တဲ့..

မြေကြီးပေါ်မှာ ထွန်းတာကရောလို့..

မြေစောင့်နတ်ကို ပူဇော်တာပေါ့ သားရယ်တဲ့…

ကျွန်တော်လည်း ရွှေဥာဏ်တော်စူးရောက်မိလိုက်ပါသေးတယ်.

“ဟာဗျာ. ဒါဆိုရင် သားတို့ အိမ်သာတက်နေရင် နတ်ကြီးက ကြည့်နေတာပေါ့. ရှက်စရာကြီး” လို့လေ … ဟတ်ဟတ်ဟတ်..

ပြီးလည်းပြီးရော. အိမ်အောက်ကိုဆင်းကြပါတယ်. မိသားစုအလိုက် ဘုရားဖူးသွားရတာ ပျော်စရာပါ. ဘုရားမှာ ဆီမီးတွေ ထွန်းထားတာတွေကို လိုက်ကြည့်၊ အမှတ်တရ ဓာတ်ပုံရိုက်နဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေဟာ ခုတော့လည်း လွမ်းမောစရာတွေပါပဲဗျာ…

ဆီမီးတွေ ငြိမ်းနေတာတွေ့ရင်လည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လိုက်ပြီး ပြန်ညှိပေးပါသေးတယ်. အိမ်လည်းပြန်ရောက်ရော ကျွန်တော်တို့တွေ ပွဲကြမ်းတော့တာပါပဲ.

အိမ်အောက်ကို ပြေးဆင်း. ရပ်ကွက်ထဲက ဘော်ဒါတွေစုပြီးတော့ မီးပုံးကားလေးတွေဆွဲ၊ မီးရှုးတွေလွှတ်၊ ဗျောက်အိုးတွေဖောက်ကြတော့တာပဲ..

မီးပုံးကားလေးတွေဆိုတာက ဘီးတပ်ထားတဲ့ ယုန်ရုပ်လေးတွေ၊ ငှက်ရုပ်လေးတွေထဲမှာ ဖယောင်းတိုင်လေးထွန်းလို့ တွန်းပြီး လှည့်ပတ်ဆော့ကစားကြတာလေးတွေကို ပြောတာပါ. သိတဲ့သူတွေ သိကြမလားပဲ. တစ်ချို့တတ်နိုင်သူတွေကျတော့ ကားရုပ်အကြီးကြီးတွေနဲ့ပေါ့.

ကျွန်တော်တို့တွေ ဘယ်လောက်ဆိုးလဲဆိုရင်လေ မိန်းကလေးတွေမြင်ရင် စကတ်အောက် ထမီအောက်ထဲကို ဗျောက်အိုးတွဲတွေကို ပစ်ထည့်တာဗျ. ပြီးတော့ ထွက်ပြေးကြတာ. မိန်းကလေးတွေအောက်မှာ ဗျောက်အိုးတွေ ထပေါက်တော့ ကောင်မလေးတွေက ထခုန်၊ တစ်ချို့က ရှက်လို့ စိတ်တို၊ တစ်ချို့ကတော့ ငို၊ တစ်ချို့ကတော့ ထမီကျွတ်ကျ.. ဟဟဟ.. (ရက်ပ်နေတာ မဟုတ်ဘူးနော်. :) )

အဲ. ကိုယ့်အစ်မတွေကို အဲလိုလုပ်တဲ့ကောင်ကျတော့ ကျွန်တော် လက်သီးနဲ့ လိုက်ထိုးတာ မှတ်မိသေးတယ်. အဲဒါပဲဗျာ. သဘာဝတရားကြီးက ပြောပြတဲ့ Justice ဆိုတာ. ဟတ်ဟတ်ဟတ်.

ကျွန်တော်က ငယ်ငယ်ကတည်းက လောကကြီးကို စူးစမ်းလေ့လာခဲ့တယ် ဆိုပါတော့. အက်ဒီဆင်အကြောင်း စာအုပ်ထဲမှာ သင်ခဲ့ရကတည်းက ငါကြီးလာရင် အက်ဒီဆင်လို ဖြစ်အောင်ကြိုးစားမယ် ဆိုပြီး ဘာပဲလုပ်လုပ် စူးစမ်းကြည့်တယ်. ကလိကြည့်တယ်.

ဟော. ကြည့်ဗျာ.

ဗျောက်အိုးကို ဒီတိုင်း မဖောက်ဘဲ မီးညှိပြီး အပေါ်ကနေ နို့ဆီခွက်နဲ့ အုပ်လိုက်တယ်.

“ဖုံး” ဆို ဗျောက်အိုးလည်းပေါက် နို့ဆီခွက်လည်း မြောက်တက်သွားတာပေါ့. အဲဒီ့မှာ နို့ဆီခွက် ဘယ်လောက်မြောက်တက်သွားလဲ ဆိုတာကို ကြည့်ပြီး ဘယ်တံဆိပ် ဗျောက်အိုးက ယမ်းအားပိုကောင်းတယ်လို့ ကျွန်တော်တို့က ဆုံးဖြတ်တာ. ဟတ်ဟတ်ဟတ်.

ပြီးတော့လည်း မီးရှုးတွေလွှတ်ကြပါသေးတယ်. မီးပန်းနဲ့ မီးရှူးမတူဘူးနော်. မီးပန်းဆိုတာကျတော့ အခဲလေးတွေကို အခိုင်လိုက် ချည်ထားတာလေးတွေကို ကျွန်တော်တို့ ၀ယ်ရပါတယ်. အစည်းလေးကို ဖြည်ချပြီးတော့ တစ်ခုချင်းကို မီးနဲ့ မြှိုက်ရပါတယ်. အချိန်ကြာကြာလေး မြှိုက်ပြီးတဲ့အခါမှာ မီးပန်းလေးက မီးပွားလေးတွေ တဖွားဖွားတဖောင်းဖောင်းနဲ့ ဖြစ်လာပါတယ်. အဲဒီ့အခါကျမှ မီးပန်းလေးကို လက်ကကိုင်ပြီး လှည့်ပြီး ပတ်ပြေးတာပါ. အရမ်းးးးးးလှပါတယ်.

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ မီးပန်းလှည့်ရင်းကနေ ကိုယ်ပေါ်ကို ကျလို့ မီးလောင်ပြီး ဆေးရုံရောက်သွားပါသေးတယ်. ဒါကြောင့် အဖေက ကျွန်တော်တို့ကို မီးရှူးနဲ့ ဗျောက်အိုးပဲ ဖောက်ခိုင်းပါတယ်. မီးပန်းမဆော့ခိုင်းပါဘူး.

အဲ. ပြီးတော့ လူကြီးတွေကို ကန်တော့တာပေါ့. တစ်ချို့အိမ်တွေကဆိုရင် အပေါ်ကနေ ပိုက်ဆံတွေဘာတွေ ကြဲချပါသေးတယ်.

မှတ်မှတ်ရရ မိတ္ထီလာမှာ သီတင်းကျွတ်တော့ ပထမလမ်းမတော်မှာ ရှိတဲ့ သူဋ္ဌေးအိမ်တွေက တံခါးတွေလုံအောင်ပိတ်ပြီး အပေါ်ထပ်ကနေ ဖလားအကြီးကြီးတွေကိုင်လို့ ပိုက်ဆံတွေ ကြဲတာပါပဲ. အိမ်ရှေ့မှာ လူတွေလူတွေဆိုတာ ခဲနေတာပဲ.

သီတင်းကျွတ်မှာ ရင်ခုန်ကြတာကတော့ အပျိုကြီး လူပျိုကြီးတွေပါပဲ.

နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေ အပျိုကြီးတွေအတွက်တော့ သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့ဗျာ.

မတွေ့လိုက်နဲ့. တွေ့လိုက်တာနဲ့. “ဘယ်တော့ စားရတော့မှာလဲ..” လို့မေးတာက မေးသူမရှက်ပေမယ့် ဖြေရသူခမြာမှာတော့ ရှိရင်ကောင်းသား မရှိရင်တော့ ရှက်ပြုံးလေး ပြုံးရင်းနဲ့ “ဟင်းဟင်းဟင်း... ဟိုဟာပေါ့နော်. ဘယ်လိုပြောရမလဲပေါ့နော်. အင်းပေါ့လေ.. အဲဒါပေါ့.. နောက်နှစ်မှ....ဟင်းဟင်းဟင်း. ”

ကျွန်တော် ဆယ်တန်းတုန်းက စာကျက်နေတုန်း သီတင်းကျွတ်ပြီး နောက်တစ်ရက်ထင်ပါတယ်. အိမ်ရှေ့ကို ဘောက်ဆတ်ဘောက်ဆတ်နဲ့ အစ်မကြီးတစ်ယောက် ရောက်လာပါတယ်.

ဟိုး.. ဆုံးအောင်ဖတ်နော်.

ကျွန်တော့် အစ်မသူငယ်ချင်းပါ..

“ဟယ်... ဘယ်ကလှည့်လာတာလဲ..”

“ဒီကိုပဲ လာတာ.”

“စားရတော့မှာလား”

“ဟင်းဟင်း. ဟုတ်တယ်. အဲဒါ. ဖိတ်စာလာပေးတာ.”

“သတို့သားရော. သူနဲ့ပဲလား”

“ဟင့်အင်း. ဟုတ်ဘူး.”

ကျွန်တော် ဖတ်လက်စ ရေသည်ပြဇာတ်စာအုပ် ဘုတ်ခနဲ လွတ်ကျသွားတယ်. အပြင်ဖက်ကို ရေသောက်သလိုထွက်ရင်း နည်းနည်းပါးပါး ရှိုးကြည့်တာပေါ့ဗျာ.

ခဏနေတော့ သူ့ရဲ့ သတို့သားလောင်း နောက်ကနေ လိုက်လာပါတယ်. ပြီးတော့ အထဲမှာ ၀င်ထိုင်ကြတာပေါ့ဗျာ.

သူနဲ့အတူတူထိုင်နေတဲ့ လူကြီးရုပ်က နာလိုက်တာဗျာ. အစ်မကြီးက လှရက်သားနဲ့. အဲ. သတို့သားမှာ ကားတော့ပါတယ်ဗျ. :)

တစ်ခုတော့ရှိတယ်. အဲဒီ့အစ်ကိုကြီးက ပိုက်ဆံရှိပြီး အေးမယ့်ပုံပဲ. အစ်မကြီးကတော့. နာမည်ကြီးပေါ့ဗျာ. ဟတ်ဟတ်ဟတ်.

အစ်မကလည်း ဆက်မမေးတော့ပါဘူး. ကျွန်တော်လည်း အခန်းထဲ ပြန်ဝင်ဖို့ အလှည့်မှာ..

“ဟယ်. အဲဒါနင့်မောင်လေးလား.. ကြီးလာလိုက်တာ ကြည့်စမ်း.”

ဗုဒ္ဓေါ!!!

လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်အနှောင့်မှာ ချွေးစေးတွေ ချက်ချင်း ကပ်သွားသလို ခံစားလိုက်ရတယ်.

ပြန်လှည့်ရယ်ပြလိုက်ရင်း..

“ဟာ. အစ်မ. ဘယ်တုန်းက ရောက်တာလဲ..”

“ခုပဲ ရောက်တာ မောင်လေးရဲ့. ဘယ်လိုလဲ. စာတွေပိုင်နေပြီလား. All D လား. ကြိုးစားနော် မောင်လေး.”

ရွှန်းရွှန်းဝေအောင် ပြောသွားတဲ့ သူ့စကားနောက် ကျွန်တော်မလိုက်နိုင်တော့ပါဘူး. ခေါင်းသာ တွင်တွင်ငြိမ့်ပြနေလိုက်မိပါတော့တယ်. တော်သေးတာပေါ့. ဆယ်တန်းပဲ ရှိသေးလို့.

သူနဲ့အတူတူထိုင်နေတဲ့ အစ်ကိုကြီးကလည်း ခေါင်းတွေငြိမ့် ခေါင်းတွေငြိမ့်...

အစ်မကလည်း ခေါင်းတွေငြိမ့် ခေါင်းတွေငြိမ့်...

ဟတ်ဟတ်ဟတ်..

အဲဒီ့ကတည်းက ကျွန်တော် မိန်းမတွေကို စိတ်နာသွားလိုက်တာ ရည်းစားရတဲ့အထိပဲ ဆိုပါတော့ဗျာ. ဟတ်ဟတ်..

ဩော်. ဘုရားဖူးကြတယ်လို့ ပြောတာပါ. လိပ်ဥကတော့ Ketchup လေးနဲ့ တို့စားတာပေါ့.

ကျန်သေးတယ်. “ဆားနဲ့ပါ ဘုရား”

ဟတ်ဟတ်..

ညနေစောင်းတော့ အင်းလျားကန်စောင်းမှာ ထိုင်ရင်း ထက်ကောင်းကင်မှာ သာနေတဲ့ တက္ကသိုလ်က ငွေလမင်းကြီးကို ငေးမောကြည့်လို့… အချစ်အကြောင်းကို လေ့လာသင်ယူခဲ့တာ ခုဆို ခုဆို… နှစ်ပေါင်း လေးဆယ်တောင် ကြာခဲ့ပြီ…

(အဲ. ဘွာတေးဗျာ. ဟေမာနေ၀င်းရဲ့ ပေါ်လစီသီချင်းတစ်ပုဒ်နဲ့ ရောသွားတယ်.)

ဒါနဲ့. ကျွန်တော် ဘာပြောနေတာလဲဟင်..

ဩော်. ၀ါလကင်းလွတ်သီတင်းကျွတ် အကြောင်းပါနော်.

ဟတ်ဟတ်ဟတ်.. စတာပါဗျာ.

ခုတော့လည်း ဟိုး ရေခြားမြေခြားမှာ ကြုံသလို ကျင်လည်လှုပ်ရှားရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေခဲ့ရပြီလေ…

အေးချမ်းဆိတ်ငြိမ်လှတဲ့ ညချိန်ခါမှာ ပြတင်းတံခါးကနေ အပြင်ဖက်ကို မျှော်ကြည့်ရင်း ကောင်းကင်ထက်မှာ တုနှိုင်းမဲ့စွာ သာချင်တိုင်းသာနေတဲ့ လမင်းကြီးကို ငေးကြည့်နေခိုက် ကျွန်တော် တစ်စုံတစ်ရာကို ကြားယောင်နေမိတယ်… တမ်းတမှန်းဆနေမိတယ်ဆိုရင် ပိုမှန်မလားပဲ…


“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိဂေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု.. စက္ခုံ ဥဒပါဒိ ဥာဏံဥဒပါဒိ၊ ပညာဥဒပါဒိ၊ ၀ိဇ္ဇာဥဒပါဒိ အာလောကော ဥဒပါဒိ……..”


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

10 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုရန်အောင်ကြီး ရေးထားတာများ.. စုံနေတာပဲ.. ဖတ်ရင်းပြုံးမိတယ်.. :)

Dream said...

ဦးယောင်အံက တော်တော်ရေးတတ်တာပါ..
တခါထဲစာဖတ်သူကို ဆွဲခေါ်သွားလိုက်တာ.. ဖတ်ရင်းနဲ့တော် လိပ်ဥ
စားချင်သွားတယ်... ဟီးဟီး :P :P :P

အားပေးနေပါတယ်... :P :P

ဒါနဲ့ ဦဥိး ယောင်အံ က ဘယ်တော့ကျွတ်မှာလဲ.. မက်မက်တို့လဲ မုန့် လာချားမှာ
နော်.. ဟိဟိဟိ.. :P :P

WWKM said...

သီတင်းကျွတ်မှာ ရင်ခုန်ကြတာကတော့ အပျိုကြီး လူပျိုကြီးတွေပါပဲ... တဲ့ ကိုရန်အောင်ကရော လူပျိုကြီး
ပဲ မဟုတ်ပါလား။ :P
မြန်မာပြည်ကိုလွမ်းနေတာ ကိုရန်အောင်ရဲ့ပို့စ်ဖတ်ပြီး
မျက်စိထဲမှာသီတင်းကျွတ်ကို ကွင်းကွင်းကွက်ကွက်
ပေါ်လာပြီး ပိုလွမ်းသွားပါတယ်။ ဟတ်ဟတ်

ခင်မင်လေးစားလျှက်
မ၀ါ

ဗေဒါရီ said...

ကိုရန်အောင်ရှင့် ...
စိတ်တော့ မရှိပါနဲ့ .. လွဲနေတာလေး တွေ့လို့ နည်းနည်းလောက်ပြောပါရစေ။

မြတ်စွာဘုရားက ၀ါတွင်း ၃-လ ပတ်လုံး မယ်တော်မိနတ်သားကို အမှူးထားပြီး စကြာဝဠာတိုက်တသောင်းက နတ်ဗြဟ္မာ အပေါင်းကို အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တာပါ။
သက်တော် ၄၂ နှစ်အရွယ် ဘုရားဖြစ်ပြီး ၆-၀ါ အလွန် ၇-၀ါ မြောက် အချိန်မှာ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဟောကြားခဲ့တာ ဖြစ်ပါတယ်။

ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့တာက မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့မှာ အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားပြီး ဟောကြားခဲ့တာ ဖြစ်ပါတယ်။ ဘုရားဖြစ်ပြီး ပထမဆုံး ဟောခဲ့တဲ့ တရားမို့ တရားဦး ဓမ္မစကြာလို့လည်း ခေါ်ဆိုကြပါတယ်။

လေးစားအားပေးလျက်

Yan said...

>ကိုရင်နော်နဲ့ မခင်လေးငယ်... ကလေးလေး မပါဘူးလား ဒီတစ်ခေါက်... သီတင်းကျွတ်မှာ ကလေးလေးကို အိမ်မှာ ထားခဲ့ပြီး လိုက်ကဲနေတယ်ဟုတ်.း)

>Dream... မကြာခင် စားရမှာပေါ့ဗျာ. ဟတ်ဟတ်.

>မ၀ါရေ... သီတင်းကျွတ်ကျမှပဲ မြန်မာပြည်ကို လွမ်းဖော်ရတော့တယ်ပေါ့ဗျာ.း)

>မဗေဒါရီ...

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ. ဟုတ်တယ်. ကျွန်တော်လွဲသွားတာ ၀န်ခံပါတယ်. စိတ်မရှိပါဘူးဗျာ. ဘလော့ဂ်မောင်နှမတွေပဲ. ဟုတ်ဖူးလား.း)

ပြန်ပြင်လိုက်ပါမယ်.

သီတင်းကျွတ်ပြီးရင် တန်ဆောင်တိုင်လာတော့မယ်ဗျ. နော့. :D

Chaos said...

အစ်ကို
လကို တမ်းတပြီး ပြောလိုက်တာ
ကြားလိုက်တယ်။
ကြေငြာလိုက်ရမလား ဘလော့မှာ
စတာပါ

Anonymous said...

အင်း ကိုရန်အောင် ကိုရန်အောင်
ဒီနှစ်လည်း တစ်နှစ်သွားပြန်ပြီ
အဲလေ ယောင်လို့

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

မသက်ဇင် said...

သီတင်းကျွတ်အကြောင်းလေးတွေလာဖတ်ပါတယ်
ကိုရန်အောင်ရေ----
ဟိုတုံးက --ကိုရန်အောင်ဆီ ကျမအမြဲရောက်ပါတယ်----
ကိုရန်အောင်ရေးတဲ့ နည်းပညာအချို့ကိုလည်း
လေ့လာမှတ်သား အသုံးပြုခဲ့ပါတယ်----

နောက်ပိုင်း ကိုရန်အောင် ဘလောဂ့်ရေးတာ
ရပ်သွားသလိုပဲ---
နောက်ပိုင်း အလုပ်မအားတာနဲ့ ကျမလည်း ဘယ်မှ မလည်ဖြစ်တော့ဘူး--
ကိုယ့်ဆီ လာလည်သူတွေ ထံ ပဲ လေးစားမှုနဲ့
သွားလည်ဖြစ်တော့တယ်---
ရွှင်လန်းချမ်းမြေ့ပါစေရှင်----

khin oo may said...

http://www.yanaung.net/2008/09/blog-post_11.html

Thursday, September 11, 2008
(ကိုယ့်ရဲ့ အချစ်ဆုံးသူက - စည်းတစ်ဖက်ကနေ မျှော်လင့်ခြင်းမျက်ဝန်းအစုံနဲ့ ကိုယ်နဲ့ ဆုံတွေ့နိုင်ခွင့်ကို မျှော်လင့်စောင့်စားနေတဲ့သူ…)
(ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက - အခက်အခဲတွေ၊ အတားအဆီးတွေကြားထဲကမှ ကိုယ့်ကို မရရအောင် ဆက်သွယ်ပြီး သံယောဇဉ် ရှိနေမြဲ၊ ချစ်နေမြဲ၊ ခွင့်လွှတ်နားလည်ပေးနေနိုင်မြဲ ဖြစ်တဲ့ သူမ….
(အထင်ကြီးအောင် ပြောထည့်လိုက်ပြီ. လူပျိုကြီး၊ အလွမ်းမင်းသားကြီးလို့ ခေါ်သူတွေ နာပြီသာမှတ်တော့. ကဗျာရေးကောင်းအောင် လွမ်းပြနေရတာကိုများ ဘယ်လိုထင်နေကြလဲမသိပါဘူး. ဟတ်ဟတ်))

မှာ နဲနဲ အမြင်ကပ်သွားတာနဲ့.။
(မိန်း ကလေး တွေ ကို အထင် သေးတယ် ဆိုပြီး ) ။ (ဒါတ် ပုံ က မင်းသားလို ချော နေတော့လဲ မနာ လိုတာ လည်း ပါ မှာပေါ့လေ.)
အခုလို စိတ်လျှော့တော.လည်း ကြေအေးလိုက် ရတာပေါ့။
(yan aung ကတော့ ဘာ မှ သိလိုက် မှာ မဟုတ် ပါဘူး။ ကိုယ့်ဘာ သာ ကို စိတ် ဆိုးနေ တာပါ)။
လေးစားစွာဖြင့်။
ုkom

khin oo may said...

စိတ်လျှော့ပြီး နှူတ်ဆက်တဲ့ သူ ကို စိတ်မကောင်း ဖြစ်အောင် များလုပ် မိလေရော့ သလား။ တောင်းပန်ပါသည်။
kom