Sunday, August 24, 2008

အိပ်မက်နတ်သမီး (၂)




ရေချိုးခန်းထဲမှ ထွက်လာပြီး ဖုန်းကို လှမ်းကြည့်မိတော့ missed call တစ်ခုတွေ့သည်။

ဩော်. သူမ ခေါ်ထားသည်ပဲ. New Message လည်းတွေ့သည်မို့ ဖွင့်ကြည့်လိုက်တော့…

“Ait Pote… Noe Thay Buu Lar? Call me back!”

သူ့နှုတ်ခမ်းထောင့်လေး ကွေးသွားအောင် ပြုံးလိုက်ရင်း သူမဆီ ဖုန်းဆက်လိုက်သည်။

“မောနင်း. အောင်. နိုးပြီလား.”

“နိုးပြီ. သျှား. ခေါ်ထားတာတွေ့လို့. ဘာကိတ်”

“ဩော်. သတိရတယ်လို့ ပြောမလို့ပါ.”

“ဟားဟားဟား. လုပ်မနေနဲ့. ထူးထူးဆန်းဆန်း. ဘာလုပ်ခိုင်းဦးမလို့လဲ.”

“မယုံလည်းနေပေါ့. သော့ကျန်ခဲ့တာကို သတိရတယ်လို့ ပြောမလို့ဟာကို. ကိုယ့်ကိုယ့်ကို သိပ်အထင်ကြီးမနေနဲ့. မပြောလိုက်ချင်ဘူး.”

“ပြီးရော. သိပါတယ်. ဘယ်တော့လာယူမှာလဲ. ညနေမှလား.”

“အင်း. ညနေယူမယ်. သော့ထည့်ခဲ့ဖို့ မမေ့နဲ့လို့ ပြောမလို့.”

“ဘယ်လိုယူမှာလဲ သျှားရဲ့. ဘယ်လိုတွေ့ကြမှာလဲ.”

“ရုံးကအပြန်ဝင်ခဲ့လိုက်မယ်. အိမ်ကပဲစောင့်နေလိုက်လေ.”

“Okay then! See ya!”

“Have a nice day, Aung!”

“You too!”

“Bye”

“Bye”



ဒီနေ့ တနင်္လာနေ့ ဖြစ်၍ ထင်သည်။ ကားအသွားအလာ အနည်းငယ် ကြပ်နေခဲ့သည်။ ယာဉ်ကြော ရှင်းအောင်စောင့်၍ နေရင်း သူ့စိတ်အစဉ်တို့က အတိတ်ကမ္ဘာသို့ လွင့်မျောနေခဲ့လေသည်။

သူမနှင့် စတင်တွေ့ဆုံခဲ့ပုံကလည်း တွေးမိလိုက်တိုင်း နှစ်သိမ့်ကြည်နူးဖွယ် အတိဖြစ်ခဲ့ရသည်။ ဒီဇာတ်လမ်းကို အစပျိုးပေးခဲ့သူက တစ်ခြားသူမဟုတ်. သူ့သူငယ်ချင်း ညီဇော်.

တစ်ရက်တွင် သူ့ဖုန်းထဲသို့ မက်ဆေ့ခ်ျထည့်သွားခဲ့သည်။ နားထောင်ကြည့်လိုက်တော့ ဒီတစ်ပတ် တနင်္ဂနွေ ရခိုင်ရိုးရာ သင်္ကြန်ပွဲ ရှိသည်တဲ့.

သင်္ကြန်ဆိုသည့်ပွဲမှာ တစ်နှစ်တစ်ခါ ကြုံတောင့်ကြုံခဲပွဲပင် မဟုတ်ပါလား။ ဒီရောက်ကတည်းက ကျောင်းတက်၊ အလုပ်ရှာ၊ အလုပ်ရပြန်တော့ နေ့စဉ် ရုံးဆင်းရုံးတက်၊ ပိုက်ဆံစု၊ တစ်ချို့တစ်ဝက် အိမ်ပြန်ပို့၊ ချေးငွေများ ပြန်ဆပ်ဖြင့် သူ့စိတ်မှာ တရံတလပ်မှ အနားမရခဲ့သေးပါ. ထို့ကြောင့် ဒီနှစ်သင်္ကြန်ပွဲကိုတော့ သွားလိုက်ဦးမည်ဟု အားခဲထားခဲ့သည်။ သူကိုယ်တိုင်လည်း စိတ်အပန်းဖြေချင်သေးသည်လေ.

ထိုနေ့က သူပုံမှန်ပင် ၀တ်သွားခဲ့သည်။ သင်္ကြန်ဆိုတော့ သပ်သပ်ရပ်ရပ် ၀တ်စုံတွေ ၀တ်သွားရန်လည်း မလိုသည်မို့ ခပ်ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီ လက်တို အစိမ်းရောင်နှင့် ဂျင်းဘောင်းဘီ အပြာဖျော့ဖျော့ကိုသာ ၀တ်သွားခဲ့သည်။ စိတ်ထဲတွင်မတော့ ရပ်ဝေးမြေခြားရှိ မြန်မာလူမျိုးများနှင့် တွေ့ဆုံခွင့်ရမည်မို့ ပျော်ရွှင်လန်းဆန်းနေခဲ့သည်။

ညီဇော်က ဒီမြို့တွင် ရောက်နေသည်မှာ ကြာပြီမို့ လူတော်တော်များများနှင့် သိကျွမ်းသည်။ သူ့ကို တစ်ဦးပြီးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ သို့သော် သူတို့ထဲမှ တစ်ယောက်ကတော့ဖြင့် ထူးခြားနေခဲ့သည်။

“ဟေ့ကောင်. ငါမင်းကို မိတ်ဆက်ပေးမလို့. ဒါငါနဲ့ ဒီမှာ တစ်ကျောင်းတည်း အတူတက်သွားခဲ့တဲ့ Classmate ကွ.”

“ဟုတ်. တွေ့ရတာ ၀မ်းသာပါတယ်.”

နှုတ်ဆက်ရင်း ညီဇော့်ကို မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းကြည့်တော့ ညီဇော်က မချိုမချဉ်ပြုံးလျက် မသိချင်ယောင်ဆောင်နေခဲ့လေသည်။

ကြည့်. နာမည်လည်း မပြော. ဒီတိုင်း မိတ်ဆက်ပေးသွားသော ညီဇော့်ကို ထိုအချိန်က လက်သီးဖြင့် ပြေးထိုးချင်စိတ် တဖွားဖွားဖြစ်နေခဲ့သည်။

သူမက ပြုံးလျက်

“ကိုဇော်ကတော့ ခုချိန်ထိ မပြောင်းလဲသေးဘူးနော်. စတတ်နောက်တတ်တုန်းပဲ. ဒါကြောင့်လည်း နုနေတာနဲ့တူတယ်.”

“ဟားဟား. မဟုတ်ပါဘူးဗျာ. ဒီကောင်ကြီးက မိန်းကလေးတွေနဲ့ တွေ့ရင် အိုးတို့အန်းတန်း ဖြစ်ဖြစ်နေတတ်လို့ သူ့ကို သင်ပေးနေတာပါ.”

“မင်း..”

သူအော်လိုက်တော့ ညီဇော်တစ်ယောက် တဟားဟားဖြင့် သူ့ဗိုက်ကြီးကို ပွတ်လျက် အော်ရယ်နေပြန်လေသည်။

သူမကို လှမ်းကြည့်လိုက်တော့ အားနာနေဟန်တူသည်။ မထူးတော့ပြီမို့ သူ့ညာဖက်လက်ကို ရှေ့ကမ်းပေးရင်း…

“တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျာ. ကျွန်တော် အောင်စည်ပါ.”

သူမကလည်း လက်ဆွဲပြန်နှုတ်ဆက်ကာ တည်ငြိမ်သောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

“ဟုတ်ကဲ့.. တွေ့ရတာ ၀မ်းသာပါတယ်ရှင်. ကျွန်မ သျှားအိနြေ္ဒဦး ပါ”

ညီဇော့်ကို လှမ်းကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို ပြုံးစိစိဖြင့် လှမ်းကြည့်နေခဲ့လေသည်။




ထိုနေ့က သူမ ၀တ်ဆင်ထားပုံလေးကို သူ့မျက်စိထဲ မြင်ယောင်နေဆဲပင် ဖြစ်သည်။ လက်မောင်းထိလု ဆံနွယ်၊ ဖြောင့်စင်းသောနှာတံ၊ ပါးလွှာသော နှုတ်ခမ်းပါး၊ ကြည်လင်တောက်ပသော မျက်လုံး၊ ရှင်းသန့်သော အသားအရည်ပေါ်တွင် အစိမ်းနုရောင် ၀မ်းဆက်လေးဖြင့် မြန်မာဆန်စွာ လှပသိမ်မွေ့နေခဲ့သည်။

“ရခိုင်သင်္ကြန် ရောက်ဖူးလား. မသျှားအိနြေ္ဒဦး”

“ဟုတ်. ရောက်ဖူးပါတယ်. ကျွန်မကို သျှားလို့ပဲ ခေါ်နိုင်ပါတယ်ရှင်.”

“ဟုတ်. သျှား..”

မရဲတရဲခေါ်ရင်း သူ့အောက်နှုတ်ခမ်းကို အကြောင်းမဲ့ ဖိကိုက်နေမိခဲ့သည်။

သူမက တစ်ချက်ပြုံးလိုက်ခဲ့ရင်း..

“ကိုအောင်စည်က နာမည်အပြည့်အစုံပဲလား. နောက်မှာ ဘာပါသေးလဲ.”

“ဟုတ်. အောင်စည်ပါပဲ. ကျွန်တော့်အဖေပြောပြတာတော့ ဗေဒင်ဆရာက အောင်စည်ဟိန်းလို့ မှည့်တယ်တဲ့. အဖေက ယောင်္ကျားလေး နာမည်ဆိုရင် ခပ်ပြတ်ပြတ်နဲ့ အားပါရမယ်. အက္ခရာ နှစ်လုံးလောက်ပဲ ပါတဲ့ နာမည်ကို ပိုသဘောကျတယ် ဆိုပြီး အောင်စည်လို့ မှည့်ထားတာ.”

“ဩော်. ကောင်းပါတယ်. မှတ်ရတာလည်း လွယ်တာပေါ့ရှင်.”

သူ၏ ရှည်လျားသော ရှင်းလင်းချက်ကို သူမ နားလည်မလည်တော့ မသိပါ. သူတို့၏ စကားဝိုင်းလေးက ခေတ္တ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

သူကပင် စတင်၍.

“ရခိုင်သင်္ကြန် ရောက်ဖူးတယ်ဆိုလို့ ဘယ်တုန်းက ရောက်ဖူးတာလဲ. နှစ်တိုင်းပဲလား”

သူမက လှပသော နှုတ်ခမ်းအစုံကို အသာကွေး၍ ပြုံးပြကာ သူ့ဖက်သို့ ခေါင်းငဲ့ကြည့်ရင်း…

“ကျွန်မ ရခိုင်မှာ ၅ နှစ်လောက် နေခဲ့ဖူးတယ်ရှင့်.”

သူက ၀မ်းသာအားရဟန်ဖြင့်..

“ဟုတ်လား. ဘယ်မှာနေခဲ့တာလဲ. စစ်တွေမှာပဲလား.”

“ဟုတ်တယ်. စစ်တွေမှာပဲ. ဖေဖေက ၀န်ထမ်းဆိုတော့ နေရာအနှံ့ ပြောင်းနေရတာပေါ့ရှင်.”

“ကျွန်တော်လည်း နေခဲ့ဖူးတယ်ဗျ. စစ်တွေမှာပဲ. ကျွန်တော့်ဖေဖေလည်း ၀န်ထမ်းပဲလေ. စကားမစပ်. သျှားဖေဖေက ဘယ်ဌာနကလဲ.”

“…. ကပါ”

“ဩော်. ကျွန်တော်သိတယ်. အဲဒီ့ဖက်ကို မနက်ခင်းတွေဆိုရင် ကျွန်တော်တို့ သားအဖတွေ လမ်းလျှောက်ထွက်တတ်ကြတယ်ဗျ.”

“ကိုအောင်စည့်ဖေဖေကရော ဘယ်ကလဲ.”

“… ကပါ. မေယုဈေးကြီးနားမှာလေ. သိတယ်ဟုတ်.”

“အင်း. သိတယ်. အဲဒီ့ကို ဈေးလာလာဝယ်ဖူးတယ်.”





ထိုနေ့က ရောက်တတ်ရာရာ စကားများ ပြောဆိုကြရင်း သူမနှင့်သူ ရင်းနှီးမှု ရသွားခဲ့ကြသည်။

သူလည်း အနည်းငယ်ရဲတင်းလာကာ..

“ရေမပက်ရသေးဘူးမလား. သွားပက်ရအောင်လေ. ဟိုမှာ နောက်တစ်သုတ် တန်းစီနေကြပြီ. သွားရအောင်.”

“ကျွန်မ တစ်ခေါက်တော့ ပက်ပြီးပြီရှင့်. ရပါတယ်. နောက်တစ်ခေါက်ထပ်ပက်တာပေါ့”

သူမ၏ တစ်ဖက်သားအပေါ် အလိုက်သိတတ်မှု၊ လိုက်လျောညီထွေနေတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ကို သူ အသိအမှတ်မပြုဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

"ငါမင်းကို ချစ်တယ်
ငါ့ရင်ခုန်သံတွေမှာ အသက်ရှူသံသဲ့သဲ့တစ်ချို့က
မင်းကိုတွေ့ရဖို့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ချင်တယ်တဲ့..
မင်းရဲ့ ရယ်သံတွေကြားမှာ ငါကျဆုံးခဲ့တဲ့ အချိန်တိုင်း
ငါ့ခန္ဒာကိုယ်တစ်ခုလုံးမှာ ကြက်သီးမွေးညှင်းတွေ ထနေခဲ့တယ်
အဲဒါ မင်းကိုချစ်လို့တဲ့…"


ရခိုင်သင်္ကြန်ကို စစ်တွေမှာ နေခဲ့စဉ်ကတည်းက သူကြုံခဲ့ဖူးပါသည်။

ရှည်လျားလှသော လောင်းလှေကြီးထဲတွင် ရေဖြည့်လျက် ယောင်္ကျားလေးတစ်ဖက်၊ မိန်းကလေး တစ်ဖက် ရပ်ကာ အချက်ပြသည်နှင့် မနားတမ်း ခပ်၍ပက်ကြသော ရိုးရာ ရေကစားနည်း တစ်မျိုးဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ရေပက်ကစားခြင်း ဖြစ်သကဲ့သို့ အလှည့်ကျ ပက်နိုင်ခြင်း၊ ကြီးကြပ်သူလူကြီးများ ရှိခြင်း၊ ယောင်္ကျားလေးနှင့် မိန်းကလေး တစ်စုံစီ ရေပက်နိုင်အောင် ဖန်တီးပေးထားခြင်းတို့ကြောင့် အငြင်းပွားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း မရှိသော ချစ်စဖွယ် ရေကစားနည်းစနစ် တစ်မျိုးလည်း ဖြစ်ပေသည်။

သူတို့အလှည့်ရောက်လာတော့ တစ်ဖက်တစ်ချက် ရပ်ကာ နေရာယူလိုက်ကြသည်။

လောင်းလှေကြီးရှိသည့် မဏ္ဍပ်ကို ပန်းခက်ပန်းလက်များဖြင့် တန်ဆာဆင်ထားသေးသည်။ လှေထဲသို့ ရေဖြည့်နေသည်ကို စောင့်နေရင်း သူမကို သူ ပြုံးပြလိုက်တော့ သူမ မသိမသာ မျက်နှာလွှဲသွားခဲ့သည်။

ရှက်နေတာလား သျှားရယ်…

….

ရခိုင်ပုဆိုး ၀တ်ထားသည့် လူကြီးတစ်ဦးက အသံချဲ့စက်ကိုင်လျက် အော်ပြောသည်။

“အိုကေ. စမယ်… စည်းမျဉ်းစည်းကမ်းတွေ သိအောင်ပြောပြမယ်. တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ညီအစ်ကို မောင်နှမတွေလို ရေကစားကြပါ. တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် မပက်ပါနဲ့. အချင်းချင်း လေးစားမှု ရှိကြပါ. အချက်ပြမှ ပက်ပါ. ရပြီနော်. စည်းကမ်းတွေကတော့ ဒီလောက်ပါပဲ. အဆင်သင့်ဖြစ်ရင် စမယ်.”

သူက ဒိုင်လူကြီးလုပ်သူကို လက်ခဏထောင်ပြလျက် သူ့ဘောင်းဘီနောက်ကို နှိုက်ကာ ဘော်ဒီစပရေးဗူးကို ထုတ်လိုက်တော့ သူမက သူလုပ်သမျှကို လိုက်ကြည့်နေခဲ့သည်။

လောင်းလှေထဲသို့ ဘော်ဒီစပရေး ဖျန်းလိုက်တော့ ဘေးတွင်ရပ်နေသည့်လူတစ်ချို့က ပြုံးစိစိဖြင့် လှမ်းအော်ကြသည်။

“မွှေးမွှေးလေးပက်မယ်. မွှေးမွှေးလေး..”

“ဟေ့ကောင်. ရခိုင်လို ပြောစမ်းပါကွ. မင်းကလဲ. ကဲကဲ. မွှီးမွှီးလေး ပက်ကတ်မယ်. မွှီးမွှီးလေး. အဘုရှည်တို့ ရယ်ဒီ…. ဟားဟားဟားဟား..”

ပြောလည်းပြော ရယ်လည်းရယ်နေသည့် သူတို့နောက်မှ လူအုပ်စုကြောင့် သူမလည်း အရှက်ပြေ ရယ်နေခဲ့သည်ကို သူ ခိုးကြည့်ဖြစ်ခဲ့သည်။

“စမယ်…. ရွှီ….”

ဝီစီမှုတ်လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်နှင့်တစ်ဖက် အပြိုင်ရေပက်ကြပါတော့သည်။

သူမက မျက်နှာကို အောက်ကိုငုံ့ထားလျက် သူ့ကိုမကြည့်ဘဲ ဆက်တိုက်ပက်သည်။ သူကလည်း သူမပက်နေသည့် ရေမှုန်များကြားထဲမှ သူမမျက်နှာလေးကို မြင်အောင်ကြည့်ကာ တ၀ုန်းဝုန်းဖြင့် အဆက်မပြတ်ပက်နေခဲ့သည်။

သူမ၏ရယ်သံလွင်လွင်လေးများကြားတွင် ရခိုင်သင်္ကြန်သည် အစွမ်းကုန် လှပနေခဲ့သည်။




"ဖြောင့်စင်းတဲ့နှာတံ
ဟန်ပါတဲ့ အပြုံး
ကြည်လင်တဲ့ မျက်လုံးလေးနဲ့
ပျော့နွဲ့တဲ့ ကေသာ
ရွှေဝါရောင် အသားအရည်မှာ
ချစ်စရာ နှုတ်ခမ်းပါးလေးတွေ နေရာယူထားကြတယ်…
အို. ပရဒိသုခဘုံက နတ်သမီးလေးလားကွယ်….

ငါလုံးဝ မထင်ထားခဲ့မိဘူး.
မင်းကိုတစ်နေ့ ဒီလိုချစ်ခွင့်ရနေမယ်လို့ပေါ့
ငါဟာ ဝေးရာကိုပြေးထွက်ဖို့ ကြိုးစားရင်း
မင်းရဲ့ ရင်ခွင်ထဲကို လဲပြိုကျနေသူပါ.
ကျေးဇူးပြုပြီး ငါ့ကိုဖက်ထားပေးပါနော်
မင်းရင်ခွင်မှာ ငါအိပ်စက်ခွင့်ရတာ ကံဆိုးမိုးမှောင်ကျခဲ့ဖူးတဲ့
ငါ့ရဲ့ အချစ်များအတွက်
ပျော်ရွှင်စရာ တိတ်တခိုး အိပ်မက်တစ်ခုပါ…"





ဆက်ရန်...

9 comments:

ထွန်း said...
This comment has been removed by the author.
ထွန်း said...

သိပ်မြူးမနေနဲ့ ဗျ..

ခင်များ ကျနော့်အိမ်လခမပေးဘဲ လစ်ပြီး မြူးနေတာ များပြီး။ အခုမိပြီး ပေးတော့ ပေးတော့
ပြီးမှ ခင်များ ဇတ်လမ်းဆက်တော့..

ပေးပေးပေး ခုပေး
ဟတ် ဟတ် ဟတ်
http://joyful4all.blogspot.com/2008/08/funny-landlord_24.html
မကြေနပ်ရင် လိုက်ခဲ့

MrDBA said...

ကိုရန်အောင်က ရခိုင်ဇာတိလား .. ရခိုင်မှာ ဇာတ်တည်တာ ဆိုတော့ :P

ထွန်း said...

ဗျို့ ကိုရန်ကြီး ဆက်စမ်းပါအုန်းဗျ ခင်များရဲ့ အချစ်ဇတ်လမ်း နုနုရွရွလေး..
ကျွန်တော့်ဆီမှာ ဘယ်နေရာ သွားရမယ် ဆိုတာ လမ်းညွှန်ရှိတယ်.. လာချောင်းမလား

http://joyful4all.blogspot.com/2008/08/not-so-funny-titanic.html

Layma said...

ရီဒါကြီး ဒီတစ်ခါတော့ တစ်ပိုင်းတစ်စနဲ့  ပစ်မထားလိုက်နဲ့ နော်...။

puluque said...

နောက်တစ်ပိုင်း မြန်မြန်တင်ပါဗျို့။ စောင့်ဖတ်နေပါတယ်။ ထမောင်းစားပြီးရာလား

GreenGirl said...

မြန်မြန်လေး ဆက်ရေးပါနော် ကိုရန်အောင်..စွဲသွားလို့ :)
သီချင်းလည်း ဒေါင်းသွားပါတယ်။ ကျေးဇူး

စန္ဒီမိုးမြင့် said...

ဦးရန်အောင်က အနုအရွဇာတ်လမ်းတွေလဲ ဖြစ်တာ ဘဲ လား ? အရေးအသားလေးတွေက အရမ်းမိုက်တယ်
ဒါပေမယ့် ကောင်မလေးက အောင် လို့ ခေါ်လို့ တော်သေးတာ ပေါ့
အစ်ကိုအောင် လို့ တော့ အခေါ်မခံနဲ့နော့(အစ်ကိုအောင် အကောင်အို)
:P
အားပေးနေမယ်

puluque said...

ဘရားသားရန်.
ဆက်ရေးလေဗျာ. ကျတော်နောက်တပိုင်းကို မျှော်နေတာ ကြာလှပေါ့. ဖီးလ်မ၀င်ဘူးလား ဆက်ရေးဖို့
ဒီကွန်မန့်ကို ပေးဖို့ ကြံနေတာတင် တစ်ပတ်မကတော့ဘူး..လုပ်ပါဗျာ.. မျှော်နေမယ်