ဇန်န၀ါရီဆောင်း၏ ပင့်သက်က ညင်သာလွန်းလှသည်။ ဒီရက်ပိုင်းအတွင်း အအေးဓာတ် အနည်းငယ်လျော့ကျသွားခဲ့သည်။ သူသိပ်ကြိုက်သော ဆွယ်တာအ၀ါရောင်လေးကို ၀တ်လျက် ခြေဆန့်လက်ဆန့် လုပ်ရန် ခြံထဲသို့ ဆင်းလာခဲ့သည်။ ယခင်ရက်များက မရှင်းလင်းဘဲ ထားခဲ့သော ခြံထဲမှ အမှိုက်များကို လှည်းကျင်းနေရင်း ဒန်းလေးပေါ်တွင် တစ်စုံတစ်ရာကို သူတွေ့လိုက်ရသည်။
“အင်း… ကျန်ခဲ့ပြန်ပြီ. ” ဟု ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ချက် လင်းလက်သွားခဲ့သည်။
ဒန်းစင်လေးပေါ်တွင် သူမ ကျန်ရစ်ခဲ့သော ထိုပစ္စည်းလေးကို ကိုင်တွယ်ကြည့်ရင်း သူမကို သူ လွမ်းဆွတ်တမ်းတလာခဲ့မိသည်။
ဆွယ်တာဘေးအိတ်လေးထဲမှ ဖုန်းကို ထုတ်ရင်း သူမနံပါတ်ကို အလျင်အမြန်နှိပ်လိုက်မိသည်။
“တီ……………..
တီ……………….
တီ……………….
တီ..
Hi. This is … I’m not available to take your call…..”
သူမ၏ Voice Mail လေးအား နားထောင်ရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားခဲ့ပြန်သည်။ သူမ ဖုန်းပိတ်ထားခဲ့ပြန်ပြီလေ...
SMS Message လေးတစ်ခု လျင်မြန်စွာ ရိုက်လိုက်မိခဲ့သည်။
“Where r u? U 4got ur secret here! Get back 2 me asap.”
တံမြက်စည်း ဆက်လှည်းနေသော်လည်း စိတ်သိပ်မပါတော့သည်မို့ ခြံထောင့်တွင် တံမြက်စည်းကို ပြန်သိမ်းပြီး အိမ်ပေါ်တက်လာခဲ့သည်။
“ဘယ်ရောက်နေခဲ့တာလဲကွာ…” ဟု မကျေမချမ်း ရေရွတ်ရင်း ဖုန်းကို ထုတ်ကြည့်မိပြန်သည်။ ဘာ မက်ဆေ့ခ်ျမှ ပြန်မလာသေးပါ။
စာကြည့်စားပွဲကို ဟိုရှင်းဒီရှင်း လုပ်နေရင်း သူ့စိတ်က တစ်စုံတစ်ရာကို ဖျတ်ခနဲ သတိရလိုက်သည်။
ဖိနပ်ကို အမြန်ကောက်စီး၊ ဂျက်ကက်တစ်ထည်ကို ကမန်းကတန်း ချိတ်မှ ဆွဲဖြုတ်လျက် အိမ်အောက်သို့ အပြေးပြန်ဆင်းလာခဲ့သည်။
………….
ကမ်းစပ်သို့ တ၀ုန်းဝုန်းရိုက်ခတ်နေသော လှိုင်းသံများနှင့် နီးလာလေလေ သူ့စိတ်တွေ ပိုပြီး အစိုးမရ ဖြစ်လာလေ ဖြစ်နေသည်ကို သူသတိထားမိခဲ့သည်။
တကယ်လို့များ သူမ ထိုနေရာမှာ ရှိမနေခဲ့လျှင်ကော…
ရှိနေမှာပါလေ…
ဟုတ်တယ်. သူမ အဲဒီ့နေရာမှာ ရှိနေလိမ့်မယ်. သေချာတယ်..
ကိုယ့်ကိုယ်ကို ပြန်အားတင်းရင်း ကားကို အရှိန်မြှင့်မောင်းခဲ့သည်။
ငြိမ်းချမ်းမှုများဖြင့် ပြည့်စုံနေသော၊ ပူပင်သောကများမှ ကင်းဝေးနေသော၊ ငှက်ကျေးသာရကာတို့၏ ဘာသာဘာဝ တေးသီချင်းသံလေးများဖြင့် အလှဆင်နေသော၊ ရှဉ့်ငယ်လေးများ ပြေးလွှားဆော့ကစားနေသော၊ လူသူတိတ်ဆိတ်ကင်းမဲ့လှသော …. ထိုနေရာလေးသို့ သူ့ကားကို ချိုးကွေ့လိုက်ခဲ့သည်…
လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင်မတော့ သူသိပ်မြတ်နိုးသော မေပယ်လ်ပင်လေးများက သူ့ကို ဆီးကြိုနှုတ်ဆက်နေကြလေသည်။
….
မြက်ခင်းပြင်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေသော သူမကို သူ လှမ်းတွေ့လိုက်ရသည်။
လေအဝှေ့တွင် သူမ၏ ဆံနွယ်များ နူးညံ့ပျော့ပျောင်းစွာ ဝေ့၀ဲနေကြသည်။
ကားကို သစ်ပင်အောက်တွင် ညင်သာစွာ ထိုးရပ်လိုက်ခဲ့ပြီး ဘေးခုံတွင် တင်ထားသော ဂျက်ကက်အင်္ကျီကို ပွေ့ပိုက်လျက် သူမရပ်နေသော နေရာလေးဆီသို့ တိတ်ဆိတ်စွာ သူ လမ်းလျှောက်လာခဲ့မိသည်။
သူမ ငိုနေမှာလား…
သို့မဟုတ် ငြိမ်သက်စွာ ဆုတောင်းနေမှာလား…
သို့မဟုတ် မျက်စိမှိတ်လျက် အတိတ်ကမ္ဘာထဲ လွင့်မျောနေမှာလား…
သို့မဟုတ်..
…
…
တစ်စုံတစ်ရာကို မြင်တွေ့ခွင့်ရဖို့ စိတ်ရှည်စွာ စောင့်ဆိုင်းနေမှာလား…
ဒွိဟအတွေးများဖြင့် သူမ နောက်ကျောဖက်ဆီသို့ ညင်သာစွာ သူချဉ်းကပ်ခဲ့သည်။
သူမပုခုံးကို အသာအယာ ထိလိုက်ခဲ့ရင်း…
“ရောက်နေတာကြာပြီလား…”
သူမခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားခဲ့သည်။ အိပ်မက်မှ လန့်နိုးလာသူတစ်ယောက်လို သူ့ကို ကြောင်စီစီဖြင့် ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
အို…
သူမမျက်ဝန်းမှ မျက်ရည်စတွေ တွဲခိုနေပါလား…
….
ဖြေသိမ့်စရာ စကားချက်ချင်း ရှာမရလောက်အောင် သူဝမ်းနည်းသွားခဲ့သည်။
ဒီနေရာလေးကို သူ မကြာခဏလာခဲ့ဖူးပါသည်။ လာတိုင်း သူ့လက်ထဲတွင် လက်ဆောင်တစ်စုံတစ်ခု ပါလာစမြဲဖြစ်သည်။ သူမနှင့်အတူ လာခဲ့သော အခါတွင်မတော့ လက်ဆောင်များမှာ ပိုများတတ်သည်။ သူမပါဘဲ တစ်ယောက်တည်း မလာဖို့ သူမကို အတန်တန်မှာထားခဲ့သည်။ သို့သော် သူမပါဘဲ အခေါက်ပေါင်းများစွာ သူမ ဒီနေရာလေးမှာ လာလာထိုင်နေတတ်သည်ကိုလည်း သူ သိနေခဲ့သည်။
စိတ်မဆိုးရက်ပါ။ သူသာ သူမနေရာမှာ ဆိုလျှင်လည်း သူမကဲ့သို့ပင် ပြုမူမိမှာ သေချာပါသည်။
လက်ထဲတွင်ကိုင်လာသော ဂျက်ကက်အင်္ကျီလေးကို အသာဖြန့်လျက် သူမပုခုံးပေါ်ခြုံပေးလိုက်သည်။
“အပြင်သွားရင် အနွေးထည်လေး ဘာလေး ၀တ်သွားမှပေါ့. နည်းနည်းအေးသေးတယ်လေ.”
သူမ ခေါင်းကို အသာအယာငြိမ့်လိုက်စဉ် မျက်ဝန်းမှ မျက်ရည်စတစ်ချို့ ကြွေလွင့်သွားခဲ့သည်။
“၀တ်လိုက်နော်. အသားတွေလည်း အေးစက်နေပြီ. အအေးမိနေဦးမယ်.”
အပြစ်ရှိသူတစ်ယောက်လို သူ့ကို မော့မကြည့်ဘဲ ခေါင်းကိုတွင်တွင်သာ ငုံ့ထားရင်း ဂျက်ကက်အင်္ကျီလေးကို ၀တ်နေသော သူမကို သူ သနားသွားခဲ့ပြန်သည်။
“ဆူတာမဟုတ်ပါဘူး. စိုးရိမ်လို့ပြောတာပါ. စိတ်မကောင်းမဖြစ်နဲ့နော်.”
သူပြန်နှစ်သိမ့်လိုက်မှ သူမ ခေါင်းမော့လာခဲ့သည်။
ဘာစကားမှ ပြန်မပြောဘဲ သူ့ကို ငေးစိုက်ကြည့်နေခဲ့သည်။
သူမမျက်ဝန်းထဲတွင်မတော့ ပုလဲသွယ်များ စီရရီတွဲခိုနေကြလေသည်။
ရှိုက်သံမပါအောင် အားယူလျက် သူမက စကားတစ်ခွန်း ဆိုလေသည်။
“ကျေးဇူးပါ အောင်…”
….
သူမမျက်ဝန်းစိုစိုများကို လွမ်းမောခြင်းများစွာဖြင့် သူခေတ္တစိုက်ကြည့်နေခဲ့မိသည်။
“သွားရအောင်နော်” ဟု သူခပ်တိုးတိုးဆိုတော့ သူမ ခေါင်းကို တစ်ချက်ဆတ်ပြသည်။
“ကားဘယ်မှာ ရပ်ထားလဲ. ကိုယ်ဝင်လာတော့ မတွေ့ခဲ့ဘူး.”
“ကားမပါဘူးအောင်. လမ်းထိပ်ကနေ Taxi ငှားပြီး လာခဲ့တာ. ကားယူလာရင် အိမ်ကလူတွေ သိကုန်မှာစိုးလို့...”
ဟတ်ခနဲ သူတစ်ချက်ရယ်ရင်း ခေါင်းကိုယမ်းလိုက်တော့ သူမ မလုံမလဲ ပြုံးပြသည်။
လှစ်ခနဲ လှမ်းမြင်လိုက်ရသော သူမ၏ သွားတက်ကလေးကို မက်မောစွာ သူငေးကြည့်နေခဲ့ရင်း သူ့ရင်ဘတ်ထဲတွင် ခံစားချက်တစ်ချို့ ဖြစ်ထွန်းသွားခဲ့ရသည်…
“ပြုံးစမ်းပါ ချစ်သူရယ်… ပြုံးလိုက်စမ်းပါ.
ဟော ဟိုက ကြယ်တာရာလေးတွေ ရှက်ရွံ့စိုးထိတ်သွားအောင်
ကိုယ့်ရင်ခုန်သံတွေ တဒိတ်ဒိတ်မြည်သွားအောင်
ခန်းခြောက်နေတဲ့ ကိုယ့်နှလုံးသားမှာ
မြတ်နိုးမှု သံစဉ်လေးတွေ နေရာယူသွားအောင်
အလှဆုံး မင်းပြုံးပြလိုက်စမ်းပါ…
….
ကားတံခါးကို အသာဆွဲဖွင့်ပေးပြီး သူမ ၀င်ရန် ဘေးသို့ဖယ်ပေးလိုက်တော့ သူမ အားတုံ့အားနာဟန်ဖြင့် ၀င်ထိုင်သည်။
ကားစက်နှိုးပြီး ချက်ချင်းမထွက်သေးဘဲ စတီယာရင်ပေါ် သူ့လက်ကို ခဏတင်ထားမိသည်။ သူမကလည်း စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
အတန်ကြာအောင် ထိုင်နေပြီးမှ သူမက ခပ်တိုးတိုးဆိုသည်။
“ဘာလုပ်နေတာလဲ. မသွားသေးဘူးလား.”
သူ့မျက်နှာကို ခပ်တည်တည်ဖြစ်အောင် ကြိုးစားထိန်းလျက်…
“ခါးပတ်ပတ်လေ. စောင့်နေတာ. ဒီနိုင်ငံက စည်းကမ်းကြီးတယ်ဆိုတာ မသိဘူးလား.”
သူမ ပါးစပ်ကို အုပ်လျက် ခန္ဓာကိုယ်လေး လှုပ်ခါသွားအောင် ရယ်တော့မှ သူလည်း ရယ်မောရင်း ကားကို အသာမောင်းထွက်ခဲ့သည်။
သူမအိမ်နားရောက်တော့ မည်သူမျှ မတွေ့နိုင်စေရန် ကားကို ခပ်လှမ်းလှမ်းတွင် ရပ်ပေးလိုက်သည်။
ကားပေါ်မှ ဆင်းခါနီးတွင် သူမက ခပ်တိုးတိုးဖြင့် နှုတ်ဆက်သည်။
“အမြဲပျော်အောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ အောင်. ကောင်းသောညလေး ဖြစ်ပါစေနော်…”
“အိုကေ သျှား… ဂွတ်ညပါ.”
သူမ ဆံနွယ်လေးများကို လေထဲတွင် တစ်ချက်ခါ၍ ပေါ့ပါးစွာ ရယ်မောလိုက်ရင်း…
“You are so funny! သွားတော့မယ်နော်. ဘိုင်…”
…..
အိမ်ရှေ့လှေကားခြေရင်းတွင် ဖိနပ်ချွတ်တော့မှ သူတစ်စုံတစ်ရာကို သတိရသွားခဲ့မိသည်။
ဖုန်းဆက်ရကောင်းနိုး၊ မကောင်းနိုး စဉ်းစားလျက် ချီတုံချတုံ ဖြစ်နေရာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သည်။ ဖိနပ်ကို အသေအချာ ပြန်စီလျက် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။
စာကြည့်စားပွဲပေါ်သို့ ကားသော့ကို ပစ်တင်လျက် အိပ်ယာပေါ်သို့ အရုပ်ကြိုးပြတ် လှဲချလိုက်ခဲ့သည်။
မျက်နှာကြက်မှ မီးချောင်းကို အကြောင်းမဲ့ စိုက်ကြည့်နေခဲ့ရင်း သူ့လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲမှ ဖုန်းကို လှမ်းစမ်းမိသည်။
အလွတ်ရနေသော နံပါတ်တစ်ခုကို တစ်ချက်ချင်း နှိပ်လိုက်ရင်း တစ်ဖက်မှ ပြန်ထူးသံကို စောင့်နေခဲ့သည်။
“ပြော…”
“အာ. ဟဲလိုလေးဘာလေးတော့ လုပ်ပါဦးဗျာ. ဘာမှန်းလဲမသိဘူး. ဖုန်းကိုင်လို့ ကိုင်သွားမှန်းတောင် မသိဘူး.”
သူက ထိုသို့ပြောတော့ သူမက ဟက်ဟက်ပက်ပက် ရယ်လေသည်။
“ဘာဖြစ်လဲ. ဒါ လန့်စရာလား. ဒီလူနဲ့ ဒီလူ သိနေတာပဲကို. မပြောဘူးကွာ. ဘာဖြစ်လဲ.”
ကြည့်. ခုတော့လည်း သူမ မဟုတ်သလိုပင်.
အိပ်ယာဘေးသို့ စောင်း၍ လှဲလိုက်ရင်း အသံကို နှိမ့်လျက်…
“ပြောစရာရှိတယ်….”
“ဘာလို့ နေရင်းထိုင်ရင်း အသံက တိုးသွားရပြန်တာလဲ. ဘေးမှာ လူရှိလို့လား.”
“ရှိပါဘူး. စိတ်လှုပ်ရှားသွားမလားလို့ ပြောကြည့်တာ. လှုပ်ရှားသွားလားဟင်.. ဟတ်ဟတ်ဟတ်”
“တော်ပြီ. နောက်မနေနဲ့. ဘာပြောမှာလဲ ပြော. ခဏနေအိပ်တော့မှာ. မနက် အစောထရမယ်.”
“ဟုတ်ပါပြီဗျာ. တစ်ခါတည်း ဘာမှတောင်မပြောရသေးဘူး. ပြန်မယ်ဆိုတာချည်းပဲ.”
“မဟုတ်ပါဘူး. လုပ်နေတာ စိတ်မရှည်လို့.”
“အိုကေ အိုကေ. ဟိုဟာလေ…. ဟိုဒင်း. သိလား. ဟို… သော့လေ သော့… အင်း. သော့ကျန်ခဲ့တယ်. U forgot your key! U know what I’m saying?. ဟင်းဟင်းဟင်း”
“အိုးမိုင်ဂေါ့ဒ်. ဟုတ်တယ်. သတိတောင်မရဘူး. ကျေးဇူးပဲ. နက်ဖြန်ပြန်ပေးလေ. သိမ်းထားပေးနော်. မပျောက်စေနဲ့.”
“ဟုတ်. အသက်နဲ့ရင်းပြီး ကတိပေးတယ်.”
“အမယ်လေး. ဒါလေးကိုတောင် အသက်နဲ့ရင်းပြီး ကတိပေးရတယ်လို့ပဲ. တော်တော်စိတ်ချရမယ့် ယောင်္ကျားပဲနော်. ဟွန်း မပြောလိုက်ချင်ဘူး.”
“ပြောပါဗျာ. ခုနကတော့ တရွှတ်ရွှတ်နဲ့ ငိုနေပြီးတော့ ခုတော့လည်း သူမဟုတ်သလိုပဲ. ပြောပါ. ဖုန်းမချနဲ့ဦး. ပလီးစ်”
…
…
…
ထိုညက သူမနှင့် တော်တော်ကြာကြာ ဖုန်းပြောဖြစ်ခဲ့လိုက်သည်။
ထိုညက သူ သီချင်းတစ်ပုဒ်ကိုလည်း အကြိမ်ပေါင်းများစွာ နားထောင်ခဲ့မိသည်။
“ခွင့်ပြုပါ ချစ်သူ…
မူမာယာတွေ မပါသော
အကြင်နာတို့ဖြင့် ထုံမွှမ်းအပ်သော
မြတ်နိုးမှုတို့ဖြင့် စီခြယ်အပ်သော
ချစ်ခြင်းသံစဉ်များ ကခုန်အပ်သော
ထိုညတစ်ညကို
ရံဖန်ရံခါတွင်တော့
ပိုင်ဆိုင်ခွင့်ပြုပါ…”
ဆက်ရန်...
No comments:
Post a Comment