Thursday, August 28, 2008

ချစ်သူ့ခြေသံ




နေခြည်ပျောက်ဆုံးလို့
ထက်ကောင်းကင်တစ်ခွင်လုံး
မိုးတွေအုံ့မှိုင်းနေခဲ့တဲ့ တစ်ခုသောနေ့မှာ
ပန်းနေကြာဟာ ဦးတည်ရာ ပျောက်ဆုံးနေခဲ့တယ်…

ပန်းကလေးရေ…
အမြဲတမ်းတော့ နေခြည်ဘယ်သာနိုင်ပါ့မလဲနော်
တစ်စုံတစ်ရာကို စွဲလမ်းတမ်းတနေရင်း
ဘ၀တစ်ခုရဲ့ ဦးတည်ရာကို မင်းသတ်မှတ်နေမှာလား
မင်းဘ၀ မင်းခံစားချက် မင်းဖာသာမင်း ကန့်သတ်ထားသင့်တာပေါ့.

ပန်းကလေးက ပြန်ပြောတယ်.
ငါက နေခြည်အလာမှာ လန်းစွင့်ပွင့်လန်းရတဲ့
နေကြာပန်းဖြစ်နေလို့ပါကွာ တဲ့….



တအုံးအုံးတဒိုင်းဒိုင်း
ဒုန်းစိုင်းကြဲနေတဲ့
လသာညရဲ့ လျှပ်စီးလက်တဲ့ ကောင်းကင်အောက်မှာတော့
ညမွှေးပန်းတစ်ချို့ ငိုရှိုက်နေခဲ့လေရဲ့..

ပန်းကလေးရေ…
အဆင်မပြေတာတွေနဲ့တွေ့တိုင်း ငိုနေမှာလားကွာ..
ကောင်းကင်တစ်ခုမှာ နေခြည်ဖြာနိုင်သလို
လေပြည်လည်း လာနိုင်တာပဲ.
ဘ၀ဆိုတာလည်း ဒီလိုပဲပေါ့
လသာညတွေရှိသလို မိုးသည်းညတွေလည်း ရှိမှာပဲလေ..
မင်းယုံကြည်ချက် မင်း အရည်အချင်းနဲ့ မင်းရပ်တည်ဝံ့ကြွားသင့်တာပေါ့.

ပန်းကလေးကပြန်ပြောတယ်.
ငါက ညလူခြေတိတ်လို့ မှေးမှိတ်အိပ်စက်မှ
မွှေးထုံလန်းဆန်းခွင့်ရတဲ့
ညမွှေးပန်းဖြစ်နေလို့ပါကွာ တဲ့…



တိမ်ညိုညိုတွေ ကောင်းကင်ပေါ်က ပြိုကျလာနေတဲ့
လသာညတစ်ညမှာ
လမ်းအဆုံးကို မျှော်ကြည့်ရင်း
ချဉ်းနင်းဝင်ရောက်လာမယ့် ချစ်သူ့ခြေသံကို
ဝေဒနာပြတင်းပေါက်ကနေ ငေးကြည့်နေခဲ့တာကတော့
ကဗျာဆရာတစ်ယောက်ရယ်ပေါ့…



မျှော်လင့်ချက်တွေကုန်ခန်းလို့
လူပုံပန်းတောင် မပေါက်ချင်တော့တဲ့
ကဗျာဆရာကို ဘ၀ကြီးက ဒီလိုဆုံးမတယ်.
ကောင်လေးရေ..
အချစ်တစ်ခုကို မပိုင်ဆိုင်နိုင်ရုံလေးနဲ့
ယိုင်တိုင်တိုင်အတွေးအခေါ်တွေကို မွေးမြူပြီး
အဆွေးလူသားတစ်ယောက်အဖြစ်
မင်းကိုယ့်ကိုယ်ကို နှစ်ပစ်တော့မှာလား.
အချစ်ဆိုတာ ရင်ထဲမှာ တစ်ခါသာ ဖြစ်နိုင်သလို
တစ်ခါထက်လည်း ပိုဖြစ်နိုင်ပါတယ်.
ဒါပေမယ့်
ဘ၀ဆိုတာကတော့ ရေနှစ်ခါပြန်ချိုးခွင့်ပြုထားတဲ့
မြစ်တစ်စင်းမဟုတ်ခဲ့ဘူးလေ.
ဒီတော့ အရူးတစ်ပိုင်းလို မီးဝိုင်းနေတဲ့
အချစ်စိတ်ရိုင်းတွေကို ချိုးသတ်လို့
မင်းဘ၀တိုးတက်ရေးအတွက် မျှော်လင့်ခြင်းတွေမှာ
အတောင်ပံ ပြန်လည်အပ်နှင်းလှည့်ပါ….



ကဗျာဆရာက ပြန်ပြောတယ်.
ကျွန်တော့်မျှော်လင့်ခြင်းတွေဟာ
အချစ်နဲ့အတူ လမ်းလျှောက်တယ်.
အချစ်နဲ့အတူ ပျံသန်းတယ်.
အချစ်နဲ့အတူ တွေးခေါ်တယ်.
အချစ်နဲ့အတူ မှေးစက်တယ်.
အချစ်နဲ့အတူ ရင်ခုန်တယ်.
အချစ်နဲ့အတူ သေဆုံးတယ်.

အချစ်ဆိုတာ မရှိတဲ့နောက်
ကဗျာဆရာနှုလုံးသားလည်း ယောက်ယက်ခတ်လို့
မျှော်လင့်ခြင်း အတောင်ပံတွေ ပျက်သုဉ်းခဲ့ပြီ.
ယုံကြည်ခြင်း ခြေနင်းတွေ ပျောက်ဆုံးခဲ့ပြီ.
ပျော်ရွှင်ခြင်း သံစဉ်တွေ နရီလွဲခဲ့ရပြီ.
ရှင်သန်ခြင်း ကဗျာတွေလည်း ကျိန်စာသင့်ခဲ့ရပြီ…

အချစ်အတွက် အသက်ကိုပင် အပ်နှင်းခဲ့ကြဖူးတဲ့
ရိုမီယိုနဲ့ ဂျူးလီးယက်လို
တိုက်တန်းနစ်ရုပ်ရှင်ထဲက ရို့စ်နဲ့ ဂျက်ခ်လို
ပိုပိုသာသာ မချစ်ပြတတ်ပေမယ့်
ဒီကဗျာဆရာရဲ့ ရင်ဘတ်ထဲကအလွမ်းတွေကတော့
ပေါင်မုန့်တစ်ချပ်နဲ့ ၀ိုင်တစ်ခွက်ကိုတောင် သစ္စာဖောက်ပြီး
ညည်းပြတတ်နေလေရဲ့…

သက်ပြင်းတစ်ချက်ကို ဟင်းခနဲချရင်း
ကဗျာဆရာက ပြန်ပြောတယ်.
ပန်းတွေအများကြီးရှိပေမယ့်
နေကြာပန်းတစ်ခုတည်းပဲ နေကိုမျှော်ပြီး တစ်နေ့တာကို ကုန်ဆုံးတယ်.
နေမရှိရင် နေကြာပန်းဆိုတာလည်း မရှိနိုင်တော့ဘူး.
ပန်းတွေအများကြီးမွှေးပျံ့တတ်ကြပေမယ့်
ညမွှေးပန်းတစ်ခုတည်းပဲ ယဉ်ကျေးစွာ ညမှာမွှေးတယ်.
ဆိတ်ဖလူးပန်းလိုတောင် အနံ့မရိုင်းတတ်သေးဘူး
ငရဲခန်းကျနေတဲ့ ညများမှာတော့
ညမွှေးပန်းဟာ တိတ်ဆိတ်စွာ ငိုကြွေးနေရတတ်တယ်.

ပင့်သက်ခပ်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရင်း
ကဗျာဆရာက သူ့ချစ်ခြင်းများကို ဦးညွှတ်လိုက်တယ်.
ဒီလိုပါပဲ ဘ၀ကြီးရေ..
ကျွန်တော့်အချစ်တွေဟာလည်း
နေကိုမျှော်တဲ့ နေကြာပန်းလို
ဒီချစ်သူတစ်ယောက်တည်းအတွက်ပဲ လန်းဆန်းပွင့်လန်းတယ်.
ညမှာမွှေးတဲ့ ညမွှေးပန်းလို
ဒီချစ်သူတစ်ယောက်တည်းအတွက်ပဲ တိတ်ဆိတ်စွာ မွှေးပျံ့တယ်.



တကယ်တော့ ကျွန်တော်ဟာ
ချစ်သူပျော်ရွှင်စေဖို့
မရေရာတဲ့ ကိုယ်ပိုင်ဆန္ဒတွေကို
ရင်ခွင်ပလ္လင်ပေါ် ယဇ်ပူဇော်ထားတဲ့
အညတရကဗျာဆရာ တစ်ယောက်သာဖြစ်ပါတယ်လေ…

ဟော.
ပန်းတွေပွင့်သွားကြပြီ.
တစစနဲ့ နီးကပ်လာနေတဲ့
ချစ်သူ့ခြေသံဟာ
အလွမ်းသံစဉ်တွေကို
မိန်းမောတွေဝေစေခဲ့တယ်..
မျှော်လင့်မျက်ဝန်းတွေကို
တောက်ပြောင်စေခဲ့တယ်.
စိုးရွံ့ရင်ခုန်သံတွေကို
ချွေးသိပ်မှေးမှိတ်စေခဲ့တယ်.

ဝေဒနာပြတင်းပေါက်ထက်မှာ
အားငယ်စွာ မှီထိုင်နေတဲ့
ကဗျာဆရာရဲ့ နှလုံးသားက
ခပ်တိုးတိုးလေးပြောတယ်.

“လွမ်းလိုက်ရတာ ချစ်သူရယ်...”


(ရေခဲငှက်)

4 comments:

flowerworld said...

ကဗျာလေးကအရမ်းကောင်းတာပဲ ဒါပေမယ့် မိုးကြိုးပုံကြီးတော့ကြောက်တယ်

chaos said...

ဝေဒနာပြတင်းပေါက်ထက်မှာ
အားငယ်စွာ မှီထိုင်နေတဲ့
ကဗျာဆရာရဲ့ နှလုံးသားက
ခပ်တိုးတိုးလေးပြောတယ်.

“လွမ်းလိုက်ရတာ ချစ်သူရယ်...”


အလွမ်းမင်းသားရဲ့ ချစ်သူလေး ကြားနိုင်ပါစေရှင်။

Yu Wa Yi said...

ရှက်...ရှက်..ရှက်...အဟဲ ကဗျာဆရာကို ညကြီးမင်းကြီး လာနောက်တာ။ ဒါနဲ့“ပေါင်မုန့်တစ်ချပ်နဲ့ ၀ိုင်တစ်ခွက်ကိုတောင် သစ္စာဖောက်ပြီး” ဆိုတော့ ကာ ညမွေးပန်းတွေ နေကြာပန်းတွေကိုသိတဲ့ အဆိုပါကဗျာဆရာဟာ ပေါင်မုန့် တွေဝိုင်တွေကိုလည်း သစ္စာတွေတိုင်တည်ထားခဲ့ပြီပေါ့လေ။ အရင်လို ဘဲဥချဉ်ဟင်းလေး ဘာလေးလုပ်ပါဦးဗျို့ ...။

may said...

good good !!!!!so good writing poem!I wish -- ur sweet-heart can hear n feel ur love!