Thursday, August 28, 2008

ချစ်သူ့ခြေသံ




နေခြည်ပျောက်ဆုံးလို့
ထက်ကောင်းကင်တစ်ခွင်လုံး
မိုးတွေအုံ့မှိုင်းနေခဲ့တဲ့ တစ်ခုသောနေ့မှာ
ပန်းနေကြာဟာ ဦးတည်ရာ ပျောက်ဆုံးနေခဲ့တယ်…

ပန်းကလေးရေ…
အမြဲတမ်းတော့ နေခြည်ဘယ်သာနိုင်ပါ့မလဲနော်
တစ်စုံတစ်ရာကို စွဲလမ်းတမ်းတနေရင်း
ဘ၀တစ်ခုရဲ့ ဦးတည်ရာကို မင်းသတ်မှတ်နေမှာလား
မင်းဘ၀ မင်းခံစားချက် မင်းဖာသာမင်း ကန့်သတ်ထားသင့်တာပေါ့.

ပန်းကလေးက ပြန်ပြောတယ်.
ငါက နေခြည်အလာမှာ လန်းစွင့်ပွင့်လန်းရတဲ့
နေကြာပန်းဖြစ်နေလို့ပါကွာ တဲ့….



တအုံးအုံးတဒိုင်းဒိုင်း
ဒုန်းစိုင်းကြဲနေတဲ့
လသာညရဲ့ လျှပ်စီးလက်တဲ့ ကောင်းကင်အောက်မှာတော့
ညမွှေးပန်းတစ်ချို့ ငိုရှိုက်နေခဲ့လေရဲ့..

ပန်းကလေးရေ…
အဆင်မပြေတာတွေနဲ့တွေ့တိုင်း ငိုနေမှာလားကွာ..
ကောင်းကင်တစ်ခုမှာ နေခြည်ဖြာနိုင်သလို
လေပြည်လည်း လာနိုင်တာပဲ.
ဘ၀ဆိုတာလည်း ဒီလိုပဲပေါ့
လသာညတွေရှိသလို မိုးသည်းညတွေလည်း ရှိမှာပဲလေ..
မင်းယုံကြည်ချက် မင်း အရည်အချင်းနဲ့ မင်းရပ်တည်ဝံ့ကြွားသင့်တာပေါ့.

ပန်းကလေးကပြန်ပြောတယ်.
ငါက ညလူခြေတိတ်လို့ မှေးမှိတ်အိပ်စက်မှ
မွှေးထုံလန်းဆန်းခွင့်ရတဲ့
ညမွှေးပန်းဖြစ်နေလို့ပါကွာ တဲ့…



တိမ်ညိုညိုတွေ ကောင်းကင်ပေါ်က ပြိုကျလာနေတဲ့
လသာညတစ်ညမှာ
လမ်းအဆုံးကို မျှော်ကြည့်ရင်း
ချဉ်းနင်းဝင်ရောက်လာမယ့် ချစ်သူ့ခြေသံကို
ဝေဒနာပြတင်းပေါက်ကနေ ငေးကြည့်နေခဲ့တာကတော့
ကဗျာဆရာတစ်ယောက်ရယ်ပေါ့…



မျှော်လင့်ချက်တွေကုန်ခန်းလို့
လူပုံပန်းတောင် မပေါက်ချင်တော့တဲ့
ကဗျာဆရာကို ဘ၀ကြီးက ဒီလိုဆုံးမတယ်.
ကောင်လေးရေ..
အချစ်တစ်ခုကို မပိုင်ဆိုင်နိုင်ရုံလေးနဲ့
ယိုင်တိုင်တိုင်အတွေးအခေါ်တွေကို မွေးမြူပြီး
အဆွေးလူသားတစ်ယောက်အဖြစ်
မင်းကိုယ့်ကိုယ်ကို နှစ်ပစ်တော့မှာလား.
အချစ်ဆိုတာ ရင်ထဲမှာ တစ်ခါသာ ဖြစ်နိုင်သလို
တစ်ခါထက်လည်း ပိုဖြစ်နိုင်ပါတယ်.
ဒါပေမယ့်
ဘ၀ဆိုတာကတော့ ရေနှစ်ခါပြန်ချိုးခွင့်ပြုထားတဲ့
မြစ်တစ်စင်းမဟုတ်ခဲ့ဘူးလေ.
ဒီတော့ အရူးတစ်ပိုင်းလို မီးဝိုင်းနေတဲ့
အချစ်စိတ်ရိုင်းတွေကို ချိုးသတ်လို့
မင်းဘ၀တိုးတက်ရေးအတွက် မျှော်လင့်ခြင်းတွေမှာ
အတောင်ပံ ပြန်လည်အပ်နှင်းလှည့်ပါ….



ကဗျာဆရာက ပြန်ပြောတယ်.
ကျွန်တော့်မျှော်လင့်ခြင်းတွေဟာ
အချစ်နဲ့အတူ လမ်းလျှောက်တယ်.
အချစ်နဲ့အတူ ပျံသန်းတယ်.
အချစ်နဲ့အတူ တွေးခေါ်တယ်.
အချစ်နဲ့အတူ မှေးစက်တယ်.
အချစ်နဲ့အတူ ရင်ခုန်တယ်.
အချစ်နဲ့အတူ သေဆုံးတယ်.

အချစ်ဆိုတာ မရှိတဲ့နောက်
ကဗျာဆရာနှုလုံးသားလည်း ယောက်ယက်ခတ်လို့
မျှော်လင့်ခြင်း အတောင်ပံတွေ ပျက်သုဉ်းခဲ့ပြီ.
ယုံကြည်ခြင်း ခြေနင်းတွေ ပျောက်ဆုံးခဲ့ပြီ.
ပျော်ရွှင်ခြင်း သံစဉ်တွေ နရီလွဲခဲ့ရပြီ.
ရှင်သန်ခြင်း ကဗျာတွေလည်း ကျိန်စာသင့်ခဲ့ရပြီ…

အချစ်အတွက် အသက်ကိုပင် အပ်နှင်းခဲ့ကြဖူးတဲ့
ရိုမီယိုနဲ့ ဂျူးလီးယက်လို
တိုက်တန်းနစ်ရုပ်ရှင်ထဲက ရို့စ်နဲ့ ဂျက်ခ်လို
ပိုပိုသာသာ မချစ်ပြတတ်ပေမယ့်
ဒီကဗျာဆရာရဲ့ ရင်ဘတ်ထဲကအလွမ်းတွေကတော့
ပေါင်မုန့်တစ်ချပ်နဲ့ ၀ိုင်တစ်ခွက်ကိုတောင် သစ္စာဖောက်ပြီး
ညည်းပြတတ်နေလေရဲ့…

သက်ပြင်းတစ်ချက်ကို ဟင်းခနဲချရင်း
ကဗျာဆရာက ပြန်ပြောတယ်.
ပန်းတွေအများကြီးရှိပေမယ့်
နေကြာပန်းတစ်ခုတည်းပဲ နေကိုမျှော်ပြီး တစ်နေ့တာကို ကုန်ဆုံးတယ်.
နေမရှိရင် နေကြာပန်းဆိုတာလည်း မရှိနိုင်တော့ဘူး.
ပန်းတွေအများကြီးမွှေးပျံ့တတ်ကြပေမယ့်
ညမွှေးပန်းတစ်ခုတည်းပဲ ယဉ်ကျေးစွာ ညမှာမွှေးတယ်.
ဆိတ်ဖလူးပန်းလိုတောင် အနံ့မရိုင်းတတ်သေးဘူး
ငရဲခန်းကျနေတဲ့ ညများမှာတော့
ညမွှေးပန်းဟာ တိတ်ဆိတ်စွာ ငိုကြွေးနေရတတ်တယ်.

ပင့်သက်ခပ်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရင်း
ကဗျာဆရာက သူ့ချစ်ခြင်းများကို ဦးညွှတ်လိုက်တယ်.
ဒီလိုပါပဲ ဘ၀ကြီးရေ..
ကျွန်တော့်အချစ်တွေဟာလည်း
နေကိုမျှော်တဲ့ နေကြာပန်းလို
ဒီချစ်သူတစ်ယောက်တည်းအတွက်ပဲ လန်းဆန်းပွင့်လန်းတယ်.
ညမှာမွှေးတဲ့ ညမွှေးပန်းလို
ဒီချစ်သူတစ်ယောက်တည်းအတွက်ပဲ တိတ်ဆိတ်စွာ မွှေးပျံ့တယ်.



တကယ်တော့ ကျွန်တော်ဟာ
ချစ်သူပျော်ရွှင်စေဖို့
မရေရာတဲ့ ကိုယ်ပိုင်ဆန္ဒတွေကို
ရင်ခွင်ပလ္လင်ပေါ် ယဇ်ပူဇော်ထားတဲ့
အညတရကဗျာဆရာ တစ်ယောက်သာဖြစ်ပါတယ်လေ…

ဟော.
ပန်းတွေပွင့်သွားကြပြီ.
တစစနဲ့ နီးကပ်လာနေတဲ့
ချစ်သူ့ခြေသံဟာ
အလွမ်းသံစဉ်တွေကို
မိန်းမောတွေဝေစေခဲ့တယ်..
မျှော်လင့်မျက်ဝန်းတွေကို
တောက်ပြောင်စေခဲ့တယ်.
စိုးရွံ့ရင်ခုန်သံတွေကို
ချွေးသိပ်မှေးမှိတ်စေခဲ့တယ်.

ဝေဒနာပြတင်းပေါက်ထက်မှာ
အားငယ်စွာ မှီထိုင်နေတဲ့
ကဗျာဆရာရဲ့ နှလုံးသားက
ခပ်တိုးတိုးလေးပြောတယ်.

“လွမ်းလိုက်ရတာ ချစ်သူရယ်...”


(ရေခဲငှက်)

Sunday, August 24, 2008

အိပ်မက်နတ်သမီး (၂)




ရေချိုးခန်းထဲမှ ထွက်လာပြီး ဖုန်းကို လှမ်းကြည့်မိတော့ missed call တစ်ခုတွေ့သည်။

ဩော်. သူမ ခေါ်ထားသည်ပဲ. New Message လည်းတွေ့သည်မို့ ဖွင့်ကြည့်လိုက်တော့…

“Ait Pote… Noe Thay Buu Lar? Call me back!”

သူ့နှုတ်ခမ်းထောင့်လေး ကွေးသွားအောင် ပြုံးလိုက်ရင်း သူမဆီ ဖုန်းဆက်လိုက်သည်။

“မောနင်း. အောင်. နိုးပြီလား.”

“နိုးပြီ. သျှား. ခေါ်ထားတာတွေ့လို့. ဘာကိတ်”

“ဩော်. သတိရတယ်လို့ ပြောမလို့ပါ.”

“ဟားဟားဟား. လုပ်မနေနဲ့. ထူးထူးဆန်းဆန်း. ဘာလုပ်ခိုင်းဦးမလို့လဲ.”

“မယုံလည်းနေပေါ့. သော့ကျန်ခဲ့တာကို သတိရတယ်လို့ ပြောမလို့ဟာကို. ကိုယ့်ကိုယ့်ကို သိပ်အထင်ကြီးမနေနဲ့. မပြောလိုက်ချင်ဘူး.”

“ပြီးရော. သိပါတယ်. ဘယ်တော့လာယူမှာလဲ. ညနေမှလား.”

“အင်း. ညနေယူမယ်. သော့ထည့်ခဲ့ဖို့ မမေ့နဲ့လို့ ပြောမလို့.”

“ဘယ်လိုယူမှာလဲ သျှားရဲ့. ဘယ်လိုတွေ့ကြမှာလဲ.”

“ရုံးကအပြန်ဝင်ခဲ့လိုက်မယ်. အိမ်ကပဲစောင့်နေလိုက်လေ.”

“Okay then! See ya!”

“Have a nice day, Aung!”

“You too!”

“Bye”

“Bye”



ဒီနေ့ တနင်္လာနေ့ ဖြစ်၍ ထင်သည်။ ကားအသွားအလာ အနည်းငယ် ကြပ်နေခဲ့သည်။ ယာဉ်ကြော ရှင်းအောင်စောင့်၍ နေရင်း သူ့စိတ်အစဉ်တို့က အတိတ်ကမ္ဘာသို့ လွင့်မျောနေခဲ့လေသည်။

သူမနှင့် စတင်တွေ့ဆုံခဲ့ပုံကလည်း တွေးမိလိုက်တိုင်း နှစ်သိမ့်ကြည်နူးဖွယ် အတိဖြစ်ခဲ့ရသည်။ ဒီဇာတ်လမ်းကို အစပျိုးပေးခဲ့သူက တစ်ခြားသူမဟုတ်. သူ့သူငယ်ချင်း ညီဇော်.

တစ်ရက်တွင် သူ့ဖုန်းထဲသို့ မက်ဆေ့ခ်ျထည့်သွားခဲ့သည်။ နားထောင်ကြည့်လိုက်တော့ ဒီတစ်ပတ် တနင်္ဂနွေ ရခိုင်ရိုးရာ သင်္ကြန်ပွဲ ရှိသည်တဲ့.

သင်္ကြန်ဆိုသည့်ပွဲမှာ တစ်နှစ်တစ်ခါ ကြုံတောင့်ကြုံခဲပွဲပင် မဟုတ်ပါလား။ ဒီရောက်ကတည်းက ကျောင်းတက်၊ အလုပ်ရှာ၊ အလုပ်ရပြန်တော့ နေ့စဉ် ရုံးဆင်းရုံးတက်၊ ပိုက်ဆံစု၊ တစ်ချို့တစ်ဝက် အိမ်ပြန်ပို့၊ ချေးငွေများ ပြန်ဆပ်ဖြင့် သူ့စိတ်မှာ တရံတလပ်မှ အနားမရခဲ့သေးပါ. ထို့ကြောင့် ဒီနှစ်သင်္ကြန်ပွဲကိုတော့ သွားလိုက်ဦးမည်ဟု အားခဲထားခဲ့သည်။ သူကိုယ်တိုင်လည်း စိတ်အပန်းဖြေချင်သေးသည်လေ.

ထိုနေ့က သူပုံမှန်ပင် ၀တ်သွားခဲ့သည်။ သင်္ကြန်ဆိုတော့ သပ်သပ်ရပ်ရပ် ၀တ်စုံတွေ ၀တ်သွားရန်လည်း မလိုသည်မို့ ခပ်ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီ လက်တို အစိမ်းရောင်နှင့် ဂျင်းဘောင်းဘီ အပြာဖျော့ဖျော့ကိုသာ ၀တ်သွားခဲ့သည်။ စိတ်ထဲတွင်မတော့ ရပ်ဝေးမြေခြားရှိ မြန်မာလူမျိုးများနှင့် တွေ့ဆုံခွင့်ရမည်မို့ ပျော်ရွှင်လန်းဆန်းနေခဲ့သည်။

ညီဇော်က ဒီမြို့တွင် ရောက်နေသည်မှာ ကြာပြီမို့ လူတော်တော်များများနှင့် သိကျွမ်းသည်။ သူ့ကို တစ်ဦးပြီးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ သို့သော် သူတို့ထဲမှ တစ်ယောက်ကတော့ဖြင့် ထူးခြားနေခဲ့သည်။

“ဟေ့ကောင်. ငါမင်းကို မိတ်ဆက်ပေးမလို့. ဒါငါနဲ့ ဒီမှာ တစ်ကျောင်းတည်း အတူတက်သွားခဲ့တဲ့ Classmate ကွ.”

“ဟုတ်. တွေ့ရတာ ၀မ်းသာပါတယ်.”

နှုတ်ဆက်ရင်း ညီဇော့်ကို မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းကြည့်တော့ ညီဇော်က မချိုမချဉ်ပြုံးလျက် မသိချင်ယောင်ဆောင်နေခဲ့လေသည်။

ကြည့်. နာမည်လည်း မပြော. ဒီတိုင်း မိတ်ဆက်ပေးသွားသော ညီဇော့်ကို ထိုအချိန်က လက်သီးဖြင့် ပြေးထိုးချင်စိတ် တဖွားဖွားဖြစ်နေခဲ့သည်။

သူမက ပြုံးလျက်

“ကိုဇော်ကတော့ ခုချိန်ထိ မပြောင်းလဲသေးဘူးနော်. စတတ်နောက်တတ်တုန်းပဲ. ဒါကြောင့်လည်း နုနေတာနဲ့တူတယ်.”

“ဟားဟား. မဟုတ်ပါဘူးဗျာ. ဒီကောင်ကြီးက မိန်းကလေးတွေနဲ့ တွေ့ရင် အိုးတို့အန်းတန်း ဖြစ်ဖြစ်နေတတ်လို့ သူ့ကို သင်ပေးနေတာပါ.”

“မင်း..”

သူအော်လိုက်တော့ ညီဇော်တစ်ယောက် တဟားဟားဖြင့် သူ့ဗိုက်ကြီးကို ပွတ်လျက် အော်ရယ်နေပြန်လေသည်။

သူမကို လှမ်းကြည့်လိုက်တော့ အားနာနေဟန်တူသည်။ မထူးတော့ပြီမို့ သူ့ညာဖက်လက်ကို ရှေ့ကမ်းပေးရင်း…

“တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျာ. ကျွန်တော် အောင်စည်ပါ.”

သူမကလည်း လက်ဆွဲပြန်နှုတ်ဆက်ကာ တည်ငြိမ်သောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

“ဟုတ်ကဲ့.. တွေ့ရတာ ၀မ်းသာပါတယ်ရှင်. ကျွန်မ သျှားအိနြေ္ဒဦး ပါ”

ညီဇော့်ကို လှမ်းကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို ပြုံးစိစိဖြင့် လှမ်းကြည့်နေခဲ့လေသည်။




ထိုနေ့က သူမ ၀တ်ဆင်ထားပုံလေးကို သူ့မျက်စိထဲ မြင်ယောင်နေဆဲပင် ဖြစ်သည်။ လက်မောင်းထိလု ဆံနွယ်၊ ဖြောင့်စင်းသောနှာတံ၊ ပါးလွှာသော နှုတ်ခမ်းပါး၊ ကြည်လင်တောက်ပသော မျက်လုံး၊ ရှင်းသန့်သော အသားအရည်ပေါ်တွင် အစိမ်းနုရောင် ၀မ်းဆက်လေးဖြင့် မြန်မာဆန်စွာ လှပသိမ်မွေ့နေခဲ့သည်။

“ရခိုင်သင်္ကြန် ရောက်ဖူးလား. မသျှားအိနြေ္ဒဦး”

“ဟုတ်. ရောက်ဖူးပါတယ်. ကျွန်မကို သျှားလို့ပဲ ခေါ်နိုင်ပါတယ်ရှင်.”

“ဟုတ်. သျှား..”

မရဲတရဲခေါ်ရင်း သူ့အောက်နှုတ်ခမ်းကို အကြောင်းမဲ့ ဖိကိုက်နေမိခဲ့သည်။

သူမက တစ်ချက်ပြုံးလိုက်ခဲ့ရင်း..

“ကိုအောင်စည်က နာမည်အပြည့်အစုံပဲလား. နောက်မှာ ဘာပါသေးလဲ.”

“ဟုတ်. အောင်စည်ပါပဲ. ကျွန်တော့်အဖေပြောပြတာတော့ ဗေဒင်ဆရာက အောင်စည်ဟိန်းလို့ မှည့်တယ်တဲ့. အဖေက ယောင်္ကျားလေး နာမည်ဆိုရင် ခပ်ပြတ်ပြတ်နဲ့ အားပါရမယ်. အက္ခရာ နှစ်လုံးလောက်ပဲ ပါတဲ့ နာမည်ကို ပိုသဘောကျတယ် ဆိုပြီး အောင်စည်လို့ မှည့်ထားတာ.”

“ဩော်. ကောင်းပါတယ်. မှတ်ရတာလည်း လွယ်တာပေါ့ရှင်.”

သူ၏ ရှည်လျားသော ရှင်းလင်းချက်ကို သူမ နားလည်မလည်တော့ မသိပါ. သူတို့၏ စကားဝိုင်းလေးက ခေတ္တ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

သူကပင် စတင်၍.

“ရခိုင်သင်္ကြန် ရောက်ဖူးတယ်ဆိုလို့ ဘယ်တုန်းက ရောက်ဖူးတာလဲ. နှစ်တိုင်းပဲလား”

သူမက လှပသော နှုတ်ခမ်းအစုံကို အသာကွေး၍ ပြုံးပြကာ သူ့ဖက်သို့ ခေါင်းငဲ့ကြည့်ရင်း…

“ကျွန်မ ရခိုင်မှာ ၅ နှစ်လောက် နေခဲ့ဖူးတယ်ရှင့်.”

သူက ၀မ်းသာအားရဟန်ဖြင့်..

“ဟုတ်လား. ဘယ်မှာနေခဲ့တာလဲ. စစ်တွေမှာပဲလား.”

“ဟုတ်တယ်. စစ်တွေမှာပဲ. ဖေဖေက ၀န်ထမ်းဆိုတော့ နေရာအနှံ့ ပြောင်းနေရတာပေါ့ရှင်.”

“ကျွန်တော်လည်း နေခဲ့ဖူးတယ်ဗျ. စစ်တွေမှာပဲ. ကျွန်တော့်ဖေဖေလည်း ၀န်ထမ်းပဲလေ. စကားမစပ်. သျှားဖေဖေက ဘယ်ဌာနကလဲ.”

“…. ကပါ”

“ဩော်. ကျွန်တော်သိတယ်. အဲဒီ့ဖက်ကို မနက်ခင်းတွေဆိုရင် ကျွန်တော်တို့ သားအဖတွေ လမ်းလျှောက်ထွက်တတ်ကြတယ်ဗျ.”

“ကိုအောင်စည့်ဖေဖေကရော ဘယ်ကလဲ.”

“… ကပါ. မေယုဈေးကြီးနားမှာလေ. သိတယ်ဟုတ်.”

“အင်း. သိတယ်. အဲဒီ့ကို ဈေးလာလာဝယ်ဖူးတယ်.”





ထိုနေ့က ရောက်တတ်ရာရာ စကားများ ပြောဆိုကြရင်း သူမနှင့်သူ ရင်းနှီးမှု ရသွားခဲ့ကြသည်။

သူလည်း အနည်းငယ်ရဲတင်းလာကာ..

“ရေမပက်ရသေးဘူးမလား. သွားပက်ရအောင်လေ. ဟိုမှာ နောက်တစ်သုတ် တန်းစီနေကြပြီ. သွားရအောင်.”

“ကျွန်မ တစ်ခေါက်တော့ ပက်ပြီးပြီရှင့်. ရပါတယ်. နောက်တစ်ခေါက်ထပ်ပက်တာပေါ့”

သူမ၏ တစ်ဖက်သားအပေါ် အလိုက်သိတတ်မှု၊ လိုက်လျောညီထွေနေတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ကို သူ အသိအမှတ်မပြုဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

"ငါမင်းကို ချစ်တယ်
ငါ့ရင်ခုန်သံတွေမှာ အသက်ရှူသံသဲ့သဲ့တစ်ချို့က
မင်းကိုတွေ့ရဖို့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ချင်တယ်တဲ့..
မင်းရဲ့ ရယ်သံတွေကြားမှာ ငါကျဆုံးခဲ့တဲ့ အချိန်တိုင်း
ငါ့ခန္ဒာကိုယ်တစ်ခုလုံးမှာ ကြက်သီးမွေးညှင်းတွေ ထနေခဲ့တယ်
အဲဒါ မင်းကိုချစ်လို့တဲ့…"


ရခိုင်သင်္ကြန်ကို စစ်တွေမှာ နေခဲ့စဉ်ကတည်းက သူကြုံခဲ့ဖူးပါသည်။

ရှည်လျားလှသော လောင်းလှေကြီးထဲတွင် ရေဖြည့်လျက် ယောင်္ကျားလေးတစ်ဖက်၊ မိန်းကလေး တစ်ဖက် ရပ်ကာ အချက်ပြသည်နှင့် မနားတမ်း ခပ်၍ပက်ကြသော ရိုးရာ ရေကစားနည်း တစ်မျိုးဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ရေပက်ကစားခြင်း ဖြစ်သကဲ့သို့ အလှည့်ကျ ပက်နိုင်ခြင်း၊ ကြီးကြပ်သူလူကြီးများ ရှိခြင်း၊ ယောင်္ကျားလေးနှင့် မိန်းကလေး တစ်စုံစီ ရေပက်နိုင်အောင် ဖန်တီးပေးထားခြင်းတို့ကြောင့် အငြင်းပွားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း မရှိသော ချစ်စဖွယ် ရေကစားနည်းစနစ် တစ်မျိုးလည်း ဖြစ်ပေသည်။

သူတို့အလှည့်ရောက်လာတော့ တစ်ဖက်တစ်ချက် ရပ်ကာ နေရာယူလိုက်ကြသည်။

လောင်းလှေကြီးရှိသည့် မဏ္ဍပ်ကို ပန်းခက်ပန်းလက်များဖြင့် တန်ဆာဆင်ထားသေးသည်။ လှေထဲသို့ ရေဖြည့်နေသည်ကို စောင့်နေရင်း သူမကို သူ ပြုံးပြလိုက်တော့ သူမ မသိမသာ မျက်နှာလွှဲသွားခဲ့သည်။

ရှက်နေတာလား သျှားရယ်…

….

ရခိုင်ပုဆိုး ၀တ်ထားသည့် လူကြီးတစ်ဦးက အသံချဲ့စက်ကိုင်လျက် အော်ပြောသည်။

“အိုကေ. စမယ်… စည်းမျဉ်းစည်းကမ်းတွေ သိအောင်ပြောပြမယ်. တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ညီအစ်ကို မောင်နှမတွေလို ရေကစားကြပါ. တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် မပက်ပါနဲ့. အချင်းချင်း လေးစားမှု ရှိကြပါ. အချက်ပြမှ ပက်ပါ. ရပြီနော်. စည်းကမ်းတွေကတော့ ဒီလောက်ပါပဲ. အဆင်သင့်ဖြစ်ရင် စမယ်.”

သူက ဒိုင်လူကြီးလုပ်သူကို လက်ခဏထောင်ပြလျက် သူ့ဘောင်းဘီနောက်ကို နှိုက်ကာ ဘော်ဒီစပရေးဗူးကို ထုတ်လိုက်တော့ သူမက သူလုပ်သမျှကို လိုက်ကြည့်နေခဲ့သည်။

လောင်းလှေထဲသို့ ဘော်ဒီစပရေး ဖျန်းလိုက်တော့ ဘေးတွင်ရပ်နေသည့်လူတစ်ချို့က ပြုံးစိစိဖြင့် လှမ်းအော်ကြသည်။

“မွှေးမွှေးလေးပက်မယ်. မွှေးမွှေးလေး..”

“ဟေ့ကောင်. ရခိုင်လို ပြောစမ်းပါကွ. မင်းကလဲ. ကဲကဲ. မွှီးမွှီးလေး ပက်ကတ်မယ်. မွှီးမွှီးလေး. အဘုရှည်တို့ ရယ်ဒီ…. ဟားဟားဟားဟား..”

ပြောလည်းပြော ရယ်လည်းရယ်နေသည့် သူတို့နောက်မှ လူအုပ်စုကြောင့် သူမလည်း အရှက်ပြေ ရယ်နေခဲ့သည်ကို သူ ခိုးကြည့်ဖြစ်ခဲ့သည်။

“စမယ်…. ရွှီ….”

ဝီစီမှုတ်လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်နှင့်တစ်ဖက် အပြိုင်ရေပက်ကြပါတော့သည်။

သူမက မျက်နှာကို အောက်ကိုငုံ့ထားလျက် သူ့ကိုမကြည့်ဘဲ ဆက်တိုက်ပက်သည်။ သူကလည်း သူမပက်နေသည့် ရေမှုန်များကြားထဲမှ သူမမျက်နှာလေးကို မြင်အောင်ကြည့်ကာ တ၀ုန်းဝုန်းဖြင့် အဆက်မပြတ်ပက်နေခဲ့သည်။

သူမ၏ရယ်သံလွင်လွင်လေးများကြားတွင် ရခိုင်သင်္ကြန်သည် အစွမ်းကုန် လှပနေခဲ့သည်။




"ဖြောင့်စင်းတဲ့နှာတံ
ဟန်ပါတဲ့ အပြုံး
ကြည်လင်တဲ့ မျက်လုံးလေးနဲ့
ပျော့နွဲ့တဲ့ ကေသာ
ရွှေဝါရောင် အသားအရည်မှာ
ချစ်စရာ နှုတ်ခမ်းပါးလေးတွေ နေရာယူထားကြတယ်…
အို. ပရဒိသုခဘုံက နတ်သမီးလေးလားကွယ်….

ငါလုံးဝ မထင်ထားခဲ့မိဘူး.
မင်းကိုတစ်နေ့ ဒီလိုချစ်ခွင့်ရနေမယ်လို့ပေါ့
ငါဟာ ဝေးရာကိုပြေးထွက်ဖို့ ကြိုးစားရင်း
မင်းရဲ့ ရင်ခွင်ထဲကို လဲပြိုကျနေသူပါ.
ကျေးဇူးပြုပြီး ငါ့ကိုဖက်ထားပေးပါနော်
မင်းရင်ခွင်မှာ ငါအိပ်စက်ခွင့်ရတာ ကံဆိုးမိုးမှောင်ကျခဲ့ဖူးတဲ့
ငါ့ရဲ့ အချစ်များအတွက်
ပျော်ရွှင်စရာ တိတ်တခိုး အိပ်မက်တစ်ခုပါ…"





ဆက်ရန်...

အိပ်မက်နတ်သမီး (၁)

တစ်ချိန်တုန်းက ဒီဇာတ်လမ်းလေးကို အသေအချာခံစားပြီး ရေးဖွဲ့မယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်. အကြောင်းတရား မတိုက်ဆိုင်တာနဲ့ အဆုံးမသတ်ဖြစ်ခဲ့ဘူး. အခု ရေးပြီးခဲ့သမျှကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.




ဇန်န၀ါရီဆောင်း၏ ပင့်သက်က ညင်သာလွန်းလှသည်။ ဒီရက်ပိုင်းအတွင်း အအေးဓာတ် အနည်းငယ်လျော့ကျသွားခဲ့သည်။ သူသိပ်ကြိုက်သော ဆွယ်တာအ၀ါရောင်လေးကို ၀တ်လျက် ခြေဆန့်လက်ဆန့် လုပ်ရန် ခြံထဲသို့ ဆင်းလာခဲ့သည်။ ယခင်ရက်များက မရှင်းလင်းဘဲ ထားခဲ့သော ခြံထဲမှ အမှိုက်များကို လှည်းကျင်းနေရင်း ဒန်းလေးပေါ်တွင် တစ်စုံတစ်ရာကို သူတွေ့လိုက်ရသည်။

“အင်း… ကျန်ခဲ့ပြန်ပြီ. ” ဟု ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ချက် လင်းလက်သွားခဲ့သည်။

ဒန်းစင်လေးပေါ်တွင် သူမ ကျန်ရစ်ခဲ့သော ထိုပစ္စည်းလေးကို ကိုင်တွယ်ကြည့်ရင်း သူမကို သူ လွမ်းဆွတ်တမ်းတလာခဲ့မိသည်။

ဆွယ်တာဘေးအိတ်လေးထဲမှ ဖုန်းကို ထုတ်ရင်း သူမနံပါတ်ကို အလျင်အမြန်နှိပ်လိုက်မိသည်။

“တီ……………..
တီ……………….
တီ……………….
တီ..
Hi. This is … I’m not available to take your call…..”

သူမ၏ Voice Mail လေးအား နားထောင်ရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားခဲ့ပြန်သည်။ သူမ ဖုန်းပိတ်ထားခဲ့ပြန်ပြီလေ...

SMS Message လေးတစ်ခု လျင်မြန်စွာ ရိုက်လိုက်မိခဲ့သည်။

“Where r u? U 4got ur secret here! Get back 2 me asap.”

တံမြက်စည်း ဆက်လှည်းနေသော်လည်း စိတ်သိပ်မပါတော့သည်မို့ ခြံထောင့်တွင် တံမြက်စည်းကို ပြန်သိမ်းပြီး အိမ်ပေါ်တက်လာခဲ့သည်။

“ဘယ်ရောက်နေခဲ့တာလဲကွာ…” ဟု မကျေမချမ်း ရေရွတ်ရင်း ဖုန်းကို ထုတ်ကြည့်မိပြန်သည်။ ဘာ မက်ဆေ့ခ်ျမှ ပြန်မလာသေးပါ။

စာကြည့်စားပွဲကို ဟိုရှင်းဒီရှင်း လုပ်နေရင်း သူ့စိတ်က တစ်စုံတစ်ရာကို ဖျတ်ခနဲ သတိရလိုက်သည်။

ဖိနပ်ကို အမြန်ကောက်စီး၊ ဂျက်ကက်တစ်ထည်ကို ကမန်းကတန်း ချိတ်မှ ဆွဲဖြုတ်လျက် အိမ်အောက်သို့ အပြေးပြန်ဆင်းလာခဲ့သည်။

………….

ကမ်းစပ်သို့ တ၀ုန်းဝုန်းရိုက်ခတ်နေသော လှိုင်းသံများနှင့် နီးလာလေလေ သူ့စိတ်တွေ ပိုပြီး အစိုးမရ ဖြစ်လာလေ ဖြစ်နေသည်ကို သူသတိထားမိခဲ့သည်။

တကယ်လို့များ သူမ ထိုနေရာမှာ ရှိမနေခဲ့လျှင်ကော…

ရှိနေမှာပါလေ…

ဟုတ်တယ်. သူမ အဲဒီ့နေရာမှာ ရှိနေလိမ့်မယ်. သေချာတယ်..

ကိုယ့်ကိုယ်ကို ပြန်အားတင်းရင်း ကားကို အရှိန်မြှင့်မောင်းခဲ့သည်။

ငြိမ်းချမ်းမှုများဖြင့် ပြည့်စုံနေသော၊ ပူပင်သောကများမှ ကင်းဝေးနေသော၊ ငှက်ကျေးသာရကာတို့၏ ဘာသာဘာဝ တေးသီချင်းသံလေးများဖြင့် အလှဆင်နေသော၊ ရှဉ့်ငယ်လေးများ ပြေးလွှားဆော့ကစားနေသော၊ လူသူတိတ်ဆိတ်ကင်းမဲ့လှသော …. ထိုနေရာလေးသို့ သူ့ကားကို ချိုးကွေ့လိုက်ခဲ့သည်…

လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင်မတော့ သူသိပ်မြတ်နိုးသော မေပယ်လ်ပင်လေးများက သူ့ကို ဆီးကြိုနှုတ်ဆက်နေကြလေသည်။

….

မြက်ခင်းပြင်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေသော သူမကို သူ လှမ်းတွေ့လိုက်ရသည်။

လေအဝှေ့တွင် သူမ၏ ဆံနွယ်များ နူးညံ့ပျော့ပျောင်းစွာ ဝေ့၀ဲနေကြသည်။

ကားကို သစ်ပင်အောက်တွင် ညင်သာစွာ ထိုးရပ်လိုက်ခဲ့ပြီး ဘေးခုံတွင် တင်ထားသော ဂျက်ကက်အင်္ကျီကို ပွေ့ပိုက်လျက် သူမရပ်နေသော နေရာလေးဆီသို့ တိတ်ဆိတ်စွာ သူ လမ်းလျှောက်လာခဲ့မိသည်။

သူမ ငိုနေမှာလား…

သို့မဟုတ် ငြိမ်သက်စွာ ဆုတောင်းနေမှာလား…

သို့မဟုတ် မျက်စိမှိတ်လျက် အတိတ်ကမ္ဘာထဲ လွင့်မျောနေမှာလား…

သို့မဟုတ်..



တစ်စုံတစ်ရာကို မြင်တွေ့ခွင့်ရဖို့ စိတ်ရှည်စွာ စောင့်ဆိုင်းနေမှာလား…

ဒွိဟအတွေးများဖြင့် သူမ နောက်ကျောဖက်ဆီသို့ ညင်သာစွာ သူချဉ်းကပ်ခဲ့သည်။

သူမပုခုံးကို အသာအယာ ထိလိုက်ခဲ့ရင်း…

“ရောက်နေတာကြာပြီလား…”

သူမခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားခဲ့သည်။ အိပ်မက်မှ လန့်နိုးလာသူတစ်ယောက်လို သူ့ကို ကြောင်စီစီဖြင့် ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

အို…

သူမမျက်ဝန်းမှ မျက်ရည်စတွေ တွဲခိုနေပါလား…

….



ဖြေသိမ့်စရာ စကားချက်ချင်း ရှာမရလောက်အောင် သူဝမ်းနည်းသွားခဲ့သည်။

ဒီနေရာလေးကို သူ မကြာခဏလာခဲ့ဖူးပါသည်။ လာတိုင်း သူ့လက်ထဲတွင် လက်ဆောင်တစ်စုံတစ်ခု ပါလာစမြဲဖြစ်သည်။ သူမနှင့်အတူ လာခဲ့သော အခါတွင်မတော့ လက်ဆောင်များမှာ ပိုများတတ်သည်။ သူမပါဘဲ တစ်ယောက်တည်း မလာဖို့ သူမကို အတန်တန်မှာထားခဲ့သည်။ သို့သော် သူမပါဘဲ အခေါက်ပေါင်းများစွာ သူမ ဒီနေရာလေးမှာ လာလာထိုင်နေတတ်သည်ကိုလည်း သူ သိနေခဲ့သည်။

စိတ်မဆိုးရက်ပါ။ သူသာ သူမနေရာမှာ ဆိုလျှင်လည်း သူမကဲ့သို့ပင် ပြုမူမိမှာ သေချာပါသည်။

လက်ထဲတွင်ကိုင်လာသော ဂျက်ကက်အင်္ကျီလေးကို အသာဖြန့်လျက် သူမပုခုံးပေါ်ခြုံပေးလိုက်သည်။

“အပြင်သွားရင် အနွေးထည်လေး ဘာလေး ၀တ်သွားမှပေါ့. နည်းနည်းအေးသေးတယ်လေ.”

သူမ ခေါင်းကို အသာအယာငြိမ့်လိုက်စဉ် မျက်ဝန်းမှ မျက်ရည်စတစ်ချို့ ကြွေလွင့်သွားခဲ့သည်။

“၀တ်လိုက်နော်. အသားတွေလည်း အေးစက်နေပြီ. အအေးမိနေဦးမယ်.”

အပြစ်ရှိသူတစ်ယောက်လို သူ့ကို မော့မကြည့်ဘဲ ခေါင်းကိုတွင်တွင်သာ ငုံ့ထားရင်း ဂျက်ကက်အင်္ကျီလေးကို ၀တ်နေသော သူမကို သူ သနားသွားခဲ့ပြန်သည်။

“ဆူတာမဟုတ်ပါဘူး. စိုးရိမ်လို့ပြောတာပါ. စိတ်မကောင်းမဖြစ်နဲ့နော်.”

သူပြန်နှစ်သိမ့်လိုက်မှ သူမ ခေါင်းမော့လာခဲ့သည်။

ဘာစကားမှ ပြန်မပြောဘဲ သူ့ကို ငေးစိုက်ကြည့်နေခဲ့သည်။

သူမမျက်ဝန်းထဲတွင်မတော့ ပုလဲသွယ်များ စီရရီတွဲခိုနေကြလေသည်။

ရှိုက်သံမပါအောင် အားယူလျက် သူမက စကားတစ်ခွန်း ဆိုလေသည်။

“ကျေးဇူးပါ အောင်…”

….


သူမမျက်ဝန်းစိုစိုများကို လွမ်းမောခြင်းများစွာဖြင့် သူခေတ္တစိုက်ကြည့်နေခဲ့မိသည်။

“သွားရအောင်နော်” ဟု သူခပ်တိုးတိုးဆိုတော့ သူမ ခေါင်းကို တစ်ချက်ဆတ်ပြသည်။

“ကားဘယ်မှာ ရပ်ထားလဲ. ကိုယ်ဝင်လာတော့ မတွေ့ခဲ့ဘူး.”

“ကားမပါဘူးအောင်. လမ်းထိပ်ကနေ Taxi ငှားပြီး လာခဲ့တာ. ကားယူလာရင် အိမ်ကလူတွေ သိကုန်မှာစိုးလို့...”

ဟတ်ခနဲ သူတစ်ချက်ရယ်ရင်း ခေါင်းကိုယမ်းလိုက်တော့ သူမ မလုံမလဲ ပြုံးပြသည်။

လှစ်ခနဲ လှမ်းမြင်လိုက်ရသော သူမ၏ သွားတက်ကလေးကို မက်မောစွာ သူငေးကြည့်နေခဲ့ရင်း သူ့ရင်ဘတ်ထဲတွင် ခံစားချက်တစ်ချို့ ဖြစ်ထွန်းသွားခဲ့ရသည်…


“ပြုံးစမ်းပါ ချစ်သူရယ်… ပြုံးလိုက်စမ်းပါ.
ဟော ဟိုက ကြယ်တာရာလေးတွေ ရှက်ရွံ့စိုးထိတ်သွားအောင်
ကိုယ့်ရင်ခုန်သံတွေ တဒိတ်ဒိတ်မြည်သွားအောင်
ခန်းခြောက်နေတဲ့ ကိုယ့်နှလုံးသားမှာ
မြတ်နိုးမှု သံစဉ်လေးတွေ နေရာယူသွားအောင်
အလှဆုံး မင်းပြုံးပြလိုက်စမ်းပါ…

….




ကားတံခါးကို အသာဆွဲဖွင့်ပေးပြီး သူမ ၀င်ရန် ဘေးသို့ဖယ်ပေးလိုက်တော့ သူမ အားတုံ့အားနာဟန်ဖြင့် ၀င်ထိုင်သည်။

ကားစက်နှိုးပြီး ချက်ချင်းမထွက်သေးဘဲ စတီယာရင်ပေါ် သူ့လက်ကို ခဏတင်ထားမိသည်။ သူမကလည်း စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

အတန်ကြာအောင် ထိုင်နေပြီးမှ သူမက ခပ်တိုးတိုးဆိုသည်။

“ဘာလုပ်နေတာလဲ. မသွားသေးဘူးလား.”

သူ့မျက်နှာကို ခပ်တည်တည်ဖြစ်အောင် ကြိုးစားထိန်းလျက်…

“ခါးပတ်ပတ်လေ. စောင့်နေတာ. ဒီနိုင်ငံက စည်းကမ်းကြီးတယ်ဆိုတာ မသိဘူးလား.”

သူမ ပါးစပ်ကို အုပ်လျက် ခန္ဓာကိုယ်လေး လှုပ်ခါသွားအောင် ရယ်တော့မှ သူလည်း ရယ်မောရင်း ကားကို အသာမောင်းထွက်ခဲ့သည်။

သူမအိမ်နားရောက်တော့ မည်သူမျှ မတွေ့နိုင်စေရန် ကားကို ခပ်လှမ်းလှမ်းတွင် ရပ်ပေးလိုက်သည်။

ကားပေါ်မှ ဆင်းခါနီးတွင် သူမက ခပ်တိုးတိုးဖြင့် နှုတ်ဆက်သည်။

“အမြဲပျော်အောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ အောင်. ကောင်းသောညလေး ဖြစ်ပါစေနော်…”

“အိုကေ သျှား… ဂွတ်ညပါ.”

သူမ ဆံနွယ်လေးများကို လေထဲတွင် တစ်ချက်ခါ၍ ပေါ့ပါးစွာ ရယ်မောလိုက်ရင်း…

“You are so funny! သွားတော့မယ်နော်. ဘိုင်…”

…..

အိမ်ရှေ့လှေကားခြေရင်းတွင် ဖိနပ်ချွတ်တော့မှ သူတစ်စုံတစ်ရာကို သတိရသွားခဲ့မိသည်။

ဖုန်းဆက်ရကောင်းနိုး၊ မကောင်းနိုး စဉ်းစားလျက် ချီတုံချတုံ ဖြစ်နေရာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သည်။ ဖိနပ်ကို အသေအချာ ပြန်စီလျက် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။

စာကြည့်စားပွဲပေါ်သို့ ကားသော့ကို ပစ်တင်လျက် အိပ်ယာပေါ်သို့ အရုပ်ကြိုးပြတ် လှဲချလိုက်ခဲ့သည်။

မျက်နှာကြက်မှ မီးချောင်းကို အကြောင်းမဲ့ စိုက်ကြည့်နေခဲ့ရင်း သူ့လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲမှ ဖုန်းကို လှမ်းစမ်းမိသည်။

အလွတ်ရနေသော နံပါတ်တစ်ခုကို တစ်ချက်ချင်း နှိပ်လိုက်ရင်း တစ်ဖက်မှ ပြန်ထူးသံကို စောင့်နေခဲ့သည်။

“ပြော…”

“အာ. ဟဲလိုလေးဘာလေးတော့ လုပ်ပါဦးဗျာ. ဘာမှန်းလဲမသိဘူး. ဖုန်းကိုင်လို့ ကိုင်သွားမှန်းတောင် မသိဘူး.”

သူက ထိုသို့ပြောတော့ သူမက ဟက်ဟက်ပက်ပက် ရယ်လေသည်။

“ဘာဖြစ်လဲ. ဒါ လန့်စရာလား. ဒီလူနဲ့ ဒီလူ သိနေတာပဲကို. မပြောဘူးကွာ. ဘာဖြစ်လဲ.”

ကြည့်. ခုတော့လည်း သူမ မဟုတ်သလိုပင်.

အိပ်ယာဘေးသို့ စောင်း၍ လှဲလိုက်ရင်း အသံကို နှိမ့်လျက်…

“ပြောစရာရှိတယ်….”

“ဘာလို့ နေရင်းထိုင်ရင်း အသံက တိုးသွားရပြန်တာလဲ. ဘေးမှာ လူရှိလို့လား.”

“ရှိပါဘူး. စိတ်လှုပ်ရှားသွားမလားလို့ ပြောကြည့်တာ. လှုပ်ရှားသွားလားဟင်.. ဟတ်ဟတ်ဟတ်”

“တော်ပြီ. နောက်မနေနဲ့. ဘာပြောမှာလဲ ပြော. ခဏနေအိပ်တော့မှာ. မနက် အစောထရမယ်.”

“ဟုတ်ပါပြီဗျာ. တစ်ခါတည်း ဘာမှတောင်မပြောရသေးဘူး. ပြန်မယ်ဆိုတာချည်းပဲ.”

“မဟုတ်ပါဘူး. လုပ်နေတာ စိတ်မရှည်လို့.”

“အိုကေ အိုကေ. ဟိုဟာလေ…. ဟိုဒင်း. သိလား. ဟို… သော့လေ သော့… အင်း. သော့ကျန်ခဲ့တယ်. U forgot your key! U know what I’m saying?. ဟင်းဟင်းဟင်း”

“အိုးမိုင်ဂေါ့ဒ်. ဟုတ်တယ်. သတိတောင်မရဘူး. ကျေးဇူးပဲ. နက်ဖြန်ပြန်ပေးလေ. သိမ်းထားပေးနော်. မပျောက်စေနဲ့.”

“ဟုတ်. အသက်နဲ့ရင်းပြီး ကတိပေးတယ်.”

“အမယ်လေး. ဒါလေးကိုတောင် အသက်နဲ့ရင်းပြီး ကတိပေးရတယ်လို့ပဲ. တော်တော်စိတ်ချရမယ့် ယောင်္ကျားပဲနော်. ဟွန်း မပြောလိုက်ချင်ဘူး.”

“ပြောပါဗျာ. ခုနကတော့ တရွှတ်ရွှတ်နဲ့ ငိုနေပြီးတော့ ခုတော့လည်း သူမဟုတ်သလိုပဲ. ပြောပါ. ဖုန်းမချနဲ့ဦး. ပလီးစ်”







ထိုညက သူမနှင့် တော်တော်ကြာကြာ ဖုန်းပြောဖြစ်ခဲ့လိုက်သည်။

ထိုညက သူ သီချင်းတစ်ပုဒ်ကိုလည်း အကြိမ်ပေါင်းများစွာ နားထောင်ခဲ့မိသည်။

“ခွင့်ပြုပါ ချစ်သူ…
မူမာယာတွေ မပါသော
အကြင်နာတို့ဖြင့် ထုံမွှမ်းအပ်သော
မြတ်နိုးမှုတို့ဖြင့် စီခြယ်အပ်သော
ချစ်ခြင်းသံစဉ်များ ကခုန်အပ်သော
ထိုညတစ်ညကို
ရံဖန်ရံခါတွင်တော့
ပိုင်ဆိုင်ခွင့်ပြုပါ…”


ဆက်ရန်...

“မ”




အပြင်က ပြန်ရောက်လို့
မီးခလုတ်ကို ချောက်ခနဲတောင် မဖွင့်ခင်
ဟောဒီ့လက်တွေက
ကွန်ပြူတာ ပါဝါကို အရင်ဖွင့်မိနေတတ်ပြီ…

စကရင်(န်)ကို ရီဖရက်ရှ်လုပ်
အားလုံးဟုတ်လောက်ပြီ ဆိုရင်
အလျင်အမြန် နှိပ်မိတာကတော့
အလွမ်းတွေဝေနေတဲ့ ဒီ ဂျီတော့ခ်ပေါ့..

လွမ်းတယ်. မ
သတိရတယ်.
အဆင်ပြေပါစေနော်. မ
ဒီညမျှော်နေမယ်.
မောနင်း မ..
စာတွေဆက်ရေးပါနော်.
ကောင်းသောညလေးဖြစ်ပါစေ.
လွမ်းနေပေးပါနော်.
သတိရနေမယ်..


..
.

ချစ်ခြင်းသီဖွဲ့စကားလုံးပေါင်းများစွာ
ဒီ ချက်ဟစ်စ်ထရီမှာ ကိန်းအောင်းနေကြတယ်.
မရိုးနိုင်အောင်ပါပဲလေ…

နေ့ပေါင်းများစွာရဲ့ မနက်ခင်းတွေမှာ
အလွမ်းတေးတွေသီခဲ့ဖူးတယ်.
“မ” တစ်ယောက် ကြားမကြား မသိနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့
ဒီအချိန်ရောက်တိုင်း
မှုန်မှိုင်းနေတဲ့ အလွမ်းတိမ်တွေ
ညို့တက်လာမြဲပါ..



ညပေါင်းများစွာရဲ့ သန်းခေါင်ယံတွေမှာ
“မ”ကိုလွမ်းတဲ့ အကြောင်းတွေကို
နာရီသံတွေက သယ်ဆောင်နေခဲ့ဖူးတယ်.
“မ” တစ်ယောက် မခံစားနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ ဘိုင်အိုကလော့ခ်ကြီးကတော့
မျှော်လင့်စောင့်စားနေတဲ့ ဒီမျက်ကွင်းတွေအောက်မှာ
အညိုရောင် အလွမ်းသင်္ကေတတွေ ရေးထိုးနေမြဲပါ..

အချစ်ရည်တွေ ရွှန်းလဲ့နေတဲ့
ဒီမျက်ဝန်းအိမ်မှာလည်း
နေ့နေ့ညည
အလွမ်းမိုးတွေ သွန်းဖြိုးဝေကျနေမြဲပါ…

ဂရုစိုက်ပါ မ ရယ်..
ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.
ချစ်တဲ့ “မ” အနား
ကျွန်တော် နေချင်သားပေါ့
ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ဖို့ ကြိုးစားရင်း
ကိုယ်စီကိုယ်ငှ တာဝန်တွေ ထမ်းဆောင်နေရချိန်မှာ
“မ” ရဲ့ လက်ဖမိုးလေးကို
မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လို့
ဘ၀ခရီးကို ဆက်ချင်တယ်.
ဘာလို့ မဖြစ်နိုင်ရမှာလဲ “မ” ရယ်..

ဗျာ!

ဘယ်လို!!

ဟင်!!!

အပြင်ကို ထုတ်ဖော်မပြဖြစ်ခဲ့တဲ့
အာမေဋိတ်သံတွေအောက်မှာ
ကျွန်တော် ဘာပြန်ပြောရဦးမှာလဲဟင်..
တိုက်ပွဲကို နိုင်အောင် တိုက်နိုင်ပါလျက်နဲ့
ချစ်သူနဲ့ လက်ဆက်ခွင့် မကြုံကြိုက်နိုင်တာ.
ကျိန်စာကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားရင်း
ကျိန်စာသင့်ခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲလေ…

“သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုကာ
စွန့်စားခဲ့တာလည်း
ရခါမှပဲ မိဖုရားက မရှိတယ်”

ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေက
ကျွန်တော့်ရဲ့ မာနတွေကို ပြက်ရယ်ပြုနေကြတယ်.
ကျွန်တော်မရှက်ပါဘူး
ဝမ်းပဲနည်းတယ်.

ဘာပဲဖြစ်ဖြစ်ပါ “မ” ရယ်.
ချစ်တယ်ဆိုတာ ပိုင်ဆိုင်လိုခြင်းတစ်မျိုးဖြစ်ပေမယ့်
မရယူနိုင်တော့တဲ့ အချိန်မှာ
ရယူပိုင်ခွင့် မရှိတော့တဲ့အချိန်မှာ
စပျစ်သီးချဉ်တယ်လို့ ဟော့ဟော့ရမ်းရမ်းပြောတဲ့ မြေခွေးလို
ကျွန်တော့်အချစ်တွေ မသော့သွမ်းနိုင်ခဲ့ပါဘူး.
“မ” ကို ကျွန်တော် ချစ်နေမြဲပါ.
ခုလည်းချစ်တယ်.
အရင်ကလည်းချစ်တယ်.
နောင်လည်း ဒီ့ထက်ပိုချစ်သွားဦးမယ်.
ကျွန်တော့်ထက် မပိုနိုင်ရင်တောင်
ကျွန်တော့်အောက် မလျော့တဲ့
ချစ်ခြင်းမေတ္တာတွေကို “မ” တစ်ယောက်
ရရှိခံစားနိုင်ပါစေနော်…

စည်းတစ်ဖက်ဆီမှာ ကိုယ်စီရပ်ရင်း
ဟန်ဆောင်တင်းထားတဲ့ သိက္ခာတွေကို ငဲ့ကွက်လို့
ကျွန်တော် ဘာမှ ၀င်မစွက်ချင်တော့ဘူး “မ” ရယ်.
တစ်ခုပဲ ပြောခဲ့ချင်ပါတယ်.
ချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့
“မ” ကို ကျွန်တော်သိပ်ချစ်တယ်….

တဆိတ်လောက် “မ” ရယ်.
ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေပြည့်လာလို့
“မ”ရဲ့ ဂျီတော့ခ် ယူဇာနိမ်းမ်လေးဘေးမှာ
အလွမ်းကဗျာလေးတွေ ရေးလိုက်ဦးမယ်နော်…
အဆင်ပြေတဲ့တစ်နေ့ “မ” ဖတ်ဖို့ပါ.
သွားတော့မယ် “မ” ရယ်..

အချစ်မဲ့ညများဟာ
မုန်းစရာကောင်းလောက်အောင်
ညတာ ရှည်လွန်းနေခဲ့တယ်..



(ရေခဲငှက်)

Wednesday, August 13, 2008

MBS ရဲ့ ရှေ့ပြေးခြေလှမ်းသစ်...

အားလုံးပဲ မင်္ဂလာပါဗျာ.

ကျွန်တော့်နက်ဒေါင်းနေလို့ အွန်လိုင်းလောကနဲ့ အဆက်ပြတ်သွားတာ နှစ်ရက်ကြီးများတောင် ရှိပါပေါ့လား.

ပြန်လည်းလာရော တယ်ရင်းတွေက လက်တို့ပါတယ်.

“ကိုရန်အောင်ကြီး. သိလားသိလား ဟိုမှာ ပွဲဆူကုန်ပြီတဲ့.”

“မောင်... အဲ. ကျန်သွားတယ်. မောင်လေးရန်အောင်. မမတို့ ဟိုဖက်မှာ ပျော်ဖို့သိပ်ကောင်းတယ်. လာခဲ့ပါလား” တဲ့..

“ကိုကြီး... သတိရတယ်. လာနော်” တဲ့..

အဲဒါနဲ့ပဲ. ကျွန်တော်လည်း အမောတကော အူယားဖားယားနဲ့ ပြေးသွားတာ. ဟိုလည်းရောက်ရော ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဖြစ်ကျန်ခဲ့ရော..

ကျွန်တော်လိုချင်တဲ့ ပျော်စရာကောင်းတဲ့ Network တစ်ခုကို ကိုညီလင်းဆက်ကြီးက ဖန်တီးပေးလိုက်ပြန်ပြီဗျာ.

http://myanmarbloggersociety.ning.com/
တဲ့ဗျ. ဒီမှာ တည်ထောင်ဖန်တီးပေးသူ http://nyilynnseck.blogspot.com/ကိုညီလင်းဆက်ရဲ့ မူရင်း မက်ဆေ့ခ်ျလေးကို ဖော်ပြလိုက်ပါတယ်.

MBS Website တစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတာ ၂၀၀၇ ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ကြဘူး။ အခုတော့ ပထမခြေလှမ်းအဖြစ် Ning Network ကိုတည်ထောင်လိုက်ပါတယ်။ မြန်မာဘလော့ဂါတွေ အနေနဲ့ လူမှုပတ်ဝန်းကျင်မှာ အထောက်အကူ တစ်ခုခု ပြုနိုင်ဖို့ စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က ဒီနတ်ဝေါ့လေးကို စတင်ပေးသူသာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်း ကူညီလှုပ်ရှားကြမှသာ ဒီ Society တစ်ခုက အရှည်တည်တံ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကျွမ်းကျင်သူ အတတ်ပညာရှင် အသီးသီးက ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေကို မိမိတို့ ဘလော့မှာသာမက ဒီနေရာလေးမှာပါ စုစည်း ဖော်ပြပေးဖို့ အကူအညီ တောင်းခံပါတယ်။ ကိုယ်နဲ့ပတ်သတ် ဆက်နွယ်နေသူများကိုလည်း ဖိတ်ကြားပေးဖို့ ပြောကြားလိုပါတယ်။ ခဏတာ အတွင်းမှာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ အားလုံး စုစည်းမိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ကဲ. အားလုံးပဲ ပျော်ပျော်ပါးပါး သွားပြီး မိတ်ဖွဲ့လည်ပတ်လို့ ပညာတွေ၊ အတွေ့အကြုံတွေ ဖလှယ်ကြတာပေါ့ဗျာ.

ကျွန်တော့်ကို မမြင်ဖူးသေးသူများအတွက် ဓာတ်ပုံတင်ထားပါတယ်. ဒီမှာပါ.


View my page on Myanmar Blogger Society



ဗြုန်းခနဲကြည့်လိုက်ရင် ကိုးရီးယားမင်းသားလိုလို ဘာလိုလိုနဲ့ပေါ့ဗျာ. မသိရင် အင်တာနက်ပေါ်က ကိုးရီးယားမင်းသားပုံကို ဒေါင်းလုပ်ချပြီး တင်ထားသလားအောက်မေ့ရတယ်.

ဘယ်ဟုတ်မလဲ.

ဟတ်ဟတ်ဟတ်.

ကဲဗျာ. ဩဂုတ် (၃၁) ဆိုရင် ဘလော့ဂ်ဒေး ရောက်တော့မယ်. ဒီအစီအစဉ်လေးက တကွဲတပြားဖြစ်နေတဲ့ မြန်မာဘလော့ဂါတွေကို ပြန်လည်စုစည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်မိပါတယ်.

စကားမစပ်.

Female Blogger ကို တည်ထောင်သူကြီး ပျင်းနေမှာစိုးလို့ ကျွန်တော်ပါ အဖွဲ့ဝင်ပေးထားတယ်ဗျာ. ဟတ်ဟတ်ဟတ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်

Sunday, August 10, 2008

ဝဋ်




ကလေးရေ…

မင်းနဲ့ကိုကြား မထင်မှတ်ဘဲ ဝေးကွာခဲ့ရတယ်နော်.

ကို့ကို မင်းချစ်သလို မင်းကိုလည်း ကိုချစ်တာ မင်းသိပါတယ်.

ဒါပေမယ့် ကလေးရယ်.
ဘ၀ဆိုတာ အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ရတာမှ မဟုတ်တာ.
တကယ်တော့လည်း ကိုနဲ့မင်းကြားမှာ ဒါတွေကို အတန်တန်ဆွေးနွေးခဲ့ပြီးပါပြီ.
မင်း ကို့ကို နားမလည်နိုင်တာကိုပဲ ကို စိတ်ပျက်မိတာ.

ချစ်ခဲ့ကြတဲ့ သက်တမ်းလည်း မနည်းတော့ပြီပဲ.
ကို မင်းကို စချစ်ခဲ့ကတည်းက မင်းလိုချင်တာမှန်သမျှ အရာရာလိုက်လျောပေးခဲ့တာပဲ.
ကိုက မင်းထက်လည်း ကြီးတော့ မင်းဆိုးသမျှဒဏ် ကိုခံရလည်း ခွင့်လွှတ်နားလည်စိတ်နဲ့ ချစ်နေခဲ့တာပါ ကလေးရယ်.
တစ်ခါတစ်လေတော့လည်း မင်းရဲ့ မသိတတ်မှုလေးတွေကြောင့် ကိုအရှက်ရတယ်၊ စိတ်ပျက်ရတယ်.

ကြည့်လေ. ဟိုတစ်နေ့ကပဲ ကို့ရဲ့ အမျိုးသမီးမိတ်ဆွေရှေ့မှာ ထေ့သလို ငေါ့သလို စကားတွေပြောသွားတာရယ်၊ စိတ်ကောက်ပြီး ဆူဆောင့်လို့ ထွက်သွားတာရယ်ကြောင့် ကို့မှာ မျက်နှာပူလိုက်ရတာ.

တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ ကိုဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ မင်းကို့ကို နားမလည်နိုင်ခဲ့ဘူး..

ချစ်တာတော့ ချစ်တာပေါ့ ကလေးရယ်.

ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကို သိတတ်ရမယ်လေ. လူဆိုတာ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးဆိုတာလည်း ရှိသေးတာကိုး.

အရင်ကဆို ကို့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လည်လည်ပတ်ပတ် ရှိခဲ့တယ်. လက်ဖက်ရည်ဆိုင် အတူထိုင်လားထိုင်ရဲ့၊ ရုပ်ရှင်သွားကြည့်လား သွားရဲ့၊ ခရီးတွေထွက်ဖြစ်လား ထွက်ရဲ့နဲ့ ပျော်စရာအတိပါပဲ.

ကလေး ကို့ဘ၀ထဲကို ၀င်လာကတည်းက ကိုလည်း ကို့သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ဖြစ်တော့ဘူး. အရင်လိုလည်း ရင်းရင်းနှီးနှီး မနေဖြစ်တော့ဘူး.

သူငယ်ချင်းတွေကတောင် ကို့ကို ပြောကုန်ကြပြီ.

“မင်းက ဆော် တစ်. ဘော် နှစ် ဖြစ်သွားပါပြီကွာ” တဲ့..

ဘော်ဒါတွေကို ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူး. ကိုရှင်းပြမယ်ကြံတိုင်း သူတို့က ကို့ကို ပြုံးပြီးတော့ပဲ ပြန်ကြည့်နေတော့ ကိုလည်း ဘာမှ ဆက်မပြောချင်တော့ဘူး.

ကိုနဲ့ကလေးနဲ့ အမြဲလိုလိုတွေ့နေရတာပဲကွာ. ဘာလို့ ကို့ကို ကိုယ်ပိုင်အချိန်လေးနည်းနည်းလေးတောင် မပေးချင်ရတာလဲ.

အဲလိုချုပ်ချယ်တာတွေကို အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုပြုံပြီး ထည့်ထားလို့မှ မရနိုင်တာပဲ.

ထိန်းချုပ်ထားခဲ့ရတာတွေ များလာတော့ ကိုလည်း မခံနိုင်တော့ဘူး..

ရေရှည်မှာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ထားရမယ့်သူကို ကလေးကိုပဲ ဖြစ်စေချင်တာပေါ့.

ဒါပေမယ့် ကလေးရယ်..

နားလည်နိုင်စွမ်းမရှိတဲ့၊ ဇွတ်တရွတ်နိုင်လှတဲ့ မင်းရဲ့ အပြုအမူ၊ စိတ်နေစိတ်ထားတွေကြောင့် ကို မင်းကို ကို့ရဲ့ ဇနီးမယားကောင်းတစ်ယောက်အဖြစ် မရွေးချယ်နိုင်တော့တာ ကို့ကို ခွင့်လွှတ်ပါ.

ကိုလည်း ခံစားရပါတယ်.

ကလေးဖက်က ဘယ်လိုမှကို မပြောင်းလဲတဲ့ အပြင် ပိုပိုဆိုးလာတော့ ရေရှည်ကိုကြည့်ပြီး အခုလို ဆုံးဖြတ်လိုက်ရတာပါ.

ကိုလည်း မကြာခင် ပညာတော်သင်သွားရတော့မယ်. ဘယ်တော့ပြန်လာဖြစ်မယ် ဆိုတာ မသိသေးဘူး. ဒီတော့ ကလေးကို ကြိုးရှည်ရှည်နဲ့ လှန်မထားခဲ့ချင်ဘူး.

ကလေးထက် ပိုချစ်ရမယ့်သူ တွေ့နေလို့တော့ မထင်ပါနဲ့နော်.

ကို့မှာ ကလေးအပြင် ပိုချစ်ရမယ့်သူ မရှိသေးပါဘူး. ကလေးကို ချစ်ပါတယ်. ချစ်လို့လည်း ခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရတာပါ.

ငိုပါကလေးရယ်. ကို့ကို ထုပစ်၊ ရိုက်ပစ်လိုက်စမ်းပါ.

အချိန်ဆိုတာ သမားတော်ပဲလေ. အချိန်တန်တော့လည်း ကိုတို့တွေ ဝေဒနာတွေ ရင့်ကျက်ပြီး ဘ၀ခရီးလမ်းကို ကိုယ်စီကိုယ်ငှ ဆက်လျှောက်ကြရဦးမှာပဲ.

ကလေးနဲ့ကိုနဲ့ လက်တွဲဖို့ မဖြစ်နိုင်တော့ပေမယ့် ကိုဟာ ကလေးရဲ့ မိတ်ဆွေကောင်းအဖြစ် အမြဲရှိနေမှာပါ.

ပျော်ရွှင်ချမ်းမြေ့ပါစေနော် ကလေး…

လေယာဉ်ပေါ်ကနေ မြင်နေရတဲ့ တိမ်စိုင်ထုကြီးတွေကို ကြည့်ရင်း ကို သစ္စာဆိုခဲ့ပါတယ်.

ကို မင်းကို သိပ်ချစ်ခဲ့ဖူးပါတယ် ကလေးရယ်…

မင်းကို ကို့ထက် ပိုပြီး လိုက်လျော အနစ်နာခံတတ်၊ ဘ၀ရည်မှန်းချက်ထက် မိသားစုဘ၀ကို ပိုပြီး အလေးထားတတ်တဲ့ ယောင်္ကျားကောင်း ယောင်္ကျားမြတ်နဲ့ ပေါင်းဖက်ခွင့် ရပါစေလို့ ကို အမြဲဆုတောင်းပေးနေမယ်နော်.

ပျော်ရွှင်ချမ်းမြေ့ပါစေ ကလေးရယ်..

ကို မင်းကို သိပ်ချစ်ခဲ့ဖူးပါတယ်…






ဗျာ..

မ…

တကယ်ပြောနေတာလားဟင်

နောက်နေတာလို့ ပြောလိုက်စမ်းပါ မ ရယ်.

နော်. ကျေးဇူးပြုပြီး နောက်နေတာပါလို့ ပြောပါ မရယ်..

ဘာလဲဗျာ…

ဘယ်လိုလုပ်လိုက်တာလဲ..

ကျွန်တော် မ ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မသိဘူးလား.
သိလျက်နဲ့ တမင် ချိုးတာလား မ ရယ်.
ရက်စက်လိုက်တာ.

မင်းနဲ့ငါ ရေရှည်မှာ မဖြစ်နိုင်ပါဘူးကွာတဲ့
ဒီစကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေအကုန်လုံး ရေစုန်မျှောပစ်လိုက်လို့ရလားဟင် မ.
ဖြေပါဦး မရယ်..

ကျွန်တော် မ အပေါ်ကို ဘာတွေ မကောင်းတာ ရှိခဲ့ဖူးလို့လဲ.
မ နဲ့ ကျွန်တော်ကြားမှာ အားလုံး အဆင်ပြေပါတယ်. ယောင်္ကျားလေးကိစ္စ မပတ်သက်လာသရွေ့ပေါ့.

ဟုတ်တယ်ဗျာ. မ ကို ကျွန်တော် စိတ်မချဘူး.
မ ကို လိုက်နေတဲ့ လူတွေ အများကြီးထဲကမှ ကျွန်တော် မ ရဲ့ အချစ်ကို ရှားရှားပါးပါး ပိုင်ဆိုင်ခွင့်ရထားရတာ.

ကျွန်တော် မ ကို သိပ်ချစ်တယ်. တန်ဖိုးထားတယ်. မြတ်နိုးတယ်.
မ ဖြစ်ချင်တာမှန်သမျှ လိုက်လျောဖို့ အသင့်ပဲ.
ဒါပေမယ့် ယောင်္ကျားလေးတွေနဲ့ ပတ်သက်လာရင်တော့ မရဘူး. ကျွန်တော် မ ကို စိတ်မချဘူး
ဟိုတစ်နေ့ကဆိုရင်ပဲ ကြည့်လေ.
မ ရဲ့ ရုံးက အထက်လူကြီးဆိုတဲ့ အဲဒီ့လူကို နည်းနည်းမှ ကြည့်မရဘူး.
မ ကိုကြည့်တဲ့ မျက်လုံးတွေကို ကျွန်တော်သိတယ်.

ယောင်္ကျားလေးတွေအကြောင်း ယောင်္ကျားလေးတွေပဲ အသိဆုံးပါဗျာ.
သူဘယ်လောက်ပဲ ရိုးသားပါတယ်. လူကြီးလူကောင်းဆန်ပါတယ်လို့ ပြောပြော မ ဘေးနားမှာ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကိုတောင် အရေးမလုပ်ဘဲ မကို စိုက်ကြည့်ပြီး တဟဲဟဲနဲ့ သွားဖြဲနေတာ တစ်စက်ကလေးမှ ကြည့်လို့ကိုမရဘူး.

မ ကို အတန်တန် သတိပေးခဲ့ဖူးပါတယ်. ကျွန်တော် အဲဒီ့လူကြီးကို မကြိုက်ဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ဖူးတယ်.
မ ကလည်း မမိုက်ပါဘူးဗျာ. ကျွန်တော့်ကိုကျတော့ လူမှုရေးနားမလည်ဘူးလေး ဘာလေး ညာလေးနဲ့. သူ့လူကြီးကိုပဲ အကောင်းပြောတယ်.

မိတ်ဆွေဆိုလည်း မိတ်ဆွေလိုနေပေါ့. ဘာလဲဗျာ.
ခုတော့ ပြောတဲ့ ကျွန်တော်ပဲ အလွန်ဖြစ်ရတယ်.
ကြာကြာနေရင် သူ့ကို ဆွဲထိုးမိမှာစိုးလို့ ကျွန်တော် ထထွက်သွားတာ.
ရိုင်းချင်လည်းရိုင်းသွားမှာပေါ့. မသိဘူးဗျာ…

နောက်တစ်နေ့ မ နဲ့ ကျွန်တော်ပြန်တွေ့တော့ မ ကျွန်တော့်ကို အရမ်းဆူတယ်နော်.
ဘယ်လောက်ထိ မျက်နှာပျက်ရတဲ့ အကြောင်း၊ ကျွန်တော်အလိုက်ကန်းဆိုး မသိတတ်တဲ့အကြောင်း တဗျစ်တောက်တောက်ပြောရင်း ဆူတယ်.

ဝမ်းနည်းလိုက်တာ မရယ်.

ကျွန်တော့်ကို ဆူနေတဲ့ မ ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ ငိုနေခဲ့ရတယ်ဆိုတာ မ ဘယ်တုန်းကမှ မသိခဲ့ပါဘူး. သိဖို့လည်း ကြိုးစားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေပါတယ်.

ကျွန်တော့် သိက္ခာတွေ၊ ယဉ်ကျေးသိမ်မွေ့မှုတွေကို သ၀န်တိုစိတ်က အနိုင်ယူသွားလို့ပါ မ ရယ်လို့ ပြောလိုက်ချင်ပေမယ့်လည်း ပြောမထွက်တော့ပါဘူး.

ရင်ထဲမှာ အလုံးကြီးတစ်နေသလို ခံစားရတယ်.
တစ်ချိန်က ကျွန်တော့်ကို အမြဲ အလိုလိုက်တတ်တဲ့ မ အခုတလော ကျွန်တော့်ကို ဆူတယ်၊ ငေါက်တယ်၊ စိတ်ပျက်တဲ့ အမူအရာတွေပြတယ်နော်.

နောက်ဆိုရင် မ ဘာပဲ လုပ်လုပ် ကျွန်တော်မတားတော့ပါဘူး.
မ ရဲ့ သူငယ်ချင်းတွေနဲ့ ဒီတစ်ပတ် ရုပ်ရှင်ကြည့်မယ်၊ ယုဇနပလာဇာသွားမယ်ဆိုတော့ ကျွန်တော့်ကို လိုက်ခဲ့ပါလားလို့ မေးဖော်မရတဲ့ မ ကို ကျွန်တော်ငေးကြည့်ရင်း ငိုချင်သလိုလို ဖြစ်လာလို့ ကြိုးစားထိန်းချုပ်ရင်း ချောင်းတွေတောင် သီးလာခဲ့ရတယ်.

မ သူငယ်ချင်းတွေက မ ကို ဘာတွေ ပြောလဲတော့ ကျွန်တော်မသိဘူး. ဒါပေမယ့် ကျွန်တော်နဲ့တွေ့ရင် မ စိတ်ပျက်တဲ့စကားတွေ ပြောတယ်နော်.

မ ရယ်. ကျွန်တော်နဲ့ မနဲ့ တွေ့ရတဲ့ အချိန်တွေ နည်းလွန်းလို့ပါ. မကြာခင်ဆို မ ပညာတော်သင် သွားရတော့မှာ. ကျွန်တော်နဲ့ မ နဲ့ အကြာကြီး ခွဲနေရတော့မှာ.

တွေ့ခွင့်ရတဲ့ အချိန်လေးတွေမှာ မ နားမှာ ကျွန်တော် အမြဲရှိနေချင်တာ ကျွန်တော့်အပြစ်လား မရယ်…

ခုတော့ မသွားခင်လေး ကျွန်တော့်ကို အသည်းခွဲသွားခဲ့တယ်.

“ချစ်သူအနေနဲ့ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်. ဘ၀လက်တွဲဖော်အနေနဲ့တော့ မဆုံးဖြတ်ရဲဘူး” တဲ့.

ဘယ်လိုခံစားချက်တွေနဲ့ ဘယ်လိုပြောလိုက်တာလဲ မ ရယ်.

နောက်နေတာလားလို့ ပြန်ကြည့်မိတော့ မ ပုံစံက တကယ့်ကို လေးနက် တည်ငြိမ်နေခဲ့တယ်.

ကျွန်တော်တောင်းပန်တဲ့ စကားတွေ မ ရဲ့ ခေါင်းတစ်ချက် အယမ်းမှာ လေထဲ လွင့်ဝဲလို့ ကွယ်ပျောက်သွားခဲ့ရပြီနော်.

မ ရယ်…

ကျွန်တော် သိပ်ချစ်ပါတယ်.

ကျွန်တော် မ ကို သိပ်ချစ်ပါတယ်.

လေယာဉ်ကွင်းထဲအ၀င် ကျွန်တော့်လက်ထဲ ထိုးထည့်ပေးလိုက်တဲ့ စာလေးတစ်စောင်ရယ်၊ “ပျော်ရွှင်အောင်မြင်ပါစေနော်” လို့ ခပ်တိုးတိုး ဆုတောင်းပေးသွားတဲ့ အသံလေးရယ်နဲ့
ကျွန်တော်တစ်ယောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့ရတယ်.

လေယာဉ်ကွင်းထဲကနေ ကောင်းကင်ယံထဲ ထိုးတက်သွားတဲ့ မိုးခြိမ်းသံကြားမှာ ကျွန်တော် ယိုင်လဲသွားခဲ့ရတယ်.

ဘေးက သူငယ်ချင်းက ပုခုံးစွန်းကို ထိန်းကိုင်လို့ “သွားကြရအောင် သူငယ်ချင်း” လို့ ပြောလိုက်ခါမှ ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ထားတဲ့ ၀ရန်တာလက်တန်းကို လက်လွှတ်လို့ ကြောင်တောင်တောင်နဲ့ ပြန်လာခဲ့ရတယ်.

လေယာဉ်ကွင်းထဲကအထွက် ကားပေါ်ကနေ နောက်ပြန်လှည့်ကြည့်ရင်း မ လိုက်ပါသွားတဲ့ လေယာဉ်ပျံကြီးကို မြင်လိုမြင်ငြားေ၀၀ါးနေတဲ့ မျက်ဝန်းအစုံက လိုက်ရှာနေမိသေးတယ်.

သိပ်ချစ်တယ် မ ရယ်.

သိပ်ချစ်တယ်.

ကျွန်တော့်ထက်မပိုရင်တောင်မှ ကျွန်တော့်အောက် မလျော့တဲ့ ချစ်ခြင်းမေတ္တာတရားတွေ ပေးစွမ်းနိုင်တဲ့ ဘ၀လက်တွဲဖော်ကို မ ရှာတွေ့နိုင်ပါစေလို့ ကျွန်တော် ရင်နာနာနဲ့ပဲ ဆုတောင်းပေးလိုက်တယ်နော် မ.

တစ်သက်လုံးလွမ်းနေမှာပါ မ ရယ်…

<သျှင်နေမင်း>

နေရီရီအလွမ်းများ...



လွမ်းတော့ လွမ်းတာပေါ့
ဒါပေမယ့် မလွမ်းဘူးလို့ အားတင်းခဲ့ရတဲ့
မိုးလင်းညတွေ များပါပြီ ချစ်သူ..

အချစ်ဆိုတဲ့ အရာ
စွန့်လွှတ်တာပဲဖြစ်ဖြစ်
ပေးဆပ်တာပဲဖြစ်ဖြစ်
ရယူသည်ပဲဖြစ်ဖြစ်
ပိုင်ဆိုင်သည်ပဲဖြစ်ဖြစ်
ချစ်မိမှတော့
လွမ်းတတ်ပြီပေါ့လေ…

ဘယ်လောက်လွမ်းလဲ
ဘယ်သူကပိုလွမ်းတတ်လဲ
အလွမ်းပြိုင်ပွဲ နွှဲနေတာတော့မဟုတ်
လုပ်ဇာတ်ခင်းလို့ လွမ်းပြနေရင်တောင်
ကိုယ့်မျက်ရည်မှာ ပရုတ်ဆီနံ့သင်းမနေဘူး..

ကလီကမာ တီတီတာတာနဲ့
သနားပါ၊ ပြန်ချစ်ပါ၊
မချစ်ရင် အရက်တွေသောက်လို့
လမ်းလယ်ခေါင်မှာ မှောက်နေပစ်လိုက်မယ်.
ရောက်တတ်ရာရာသွား
တစ်နေကုန်ထိုင်စိတ်ညစ်လို့
ဖြစ်ချင်ရာဖြစ်
သတ်သေပစ်လိုက်မယ်.
ဘလာ ဘလာ ဘလာ တွေနဲ့လည်း
မင်းရဲ့ အချစ်ကို မရယူလိုပါ…
ချောင်ပိတ်အနိုင်ယူပြီးတော့လည်း
ကိုယ်လိုရာကို ရအောင်မတောင်းယူတတ်ပါ..
ဒါ မင်း အသိ…



အဟုတ်ကြီးချစ်တာပါ
တကယ်ကြီးချစ်တာပါ
ယုံအောင်ဘယ်လိုပြရမလဲ
ဟော..ကျိန်ပြ
ရောလိမ်ချတဲ့စကားတွေနဲ့
နောက်ဆုံးမှာတော့
အိမ်ဝက ကန်ချခံခဲ့ရတဲ့
မေတ္တာတု မေတ္တာယောင်တွေကို
မင်းလည်းမုန်း
ငါလည်းမုန်းတယ်.
ဒါလည်း မင်းအသိ…

ကိုယ့်မေတ္တာ
ကိုယ့်သစ္စာ
ကိုယ့်အချစ်ကမ္ဘာမှာ
မာယာနတ္ထိ ပကတိ ချစ်ခြင်းတရားတွေနဲ့သာ
ထုံမွှမ်းထားခဲ့တာပါ
ယုံတမ်းစကားပြောနေတယ်တော့ မထင်နဲ့နော်.
မင်းနဲ့ကိုယ်ကြား
ချစ်ခြင်းကလွဲလို့
ဘာမှ မျှော်လင့်ပိုင်ခွင့်မရှိ
ဒါလည်း မင်းအသိ…

မင်း. သူ့ကို
မလွမ်းရဘူး
မချစ်ရဘူး
မလွမ်းသင့်ဘူး
မချစ်သင့်ဘူး
မဖြစ်သင့်ဘူး
မဖြစ်ရဘူး…


.

ဆင်ခြင်တုံတရားတွေ အားလျှော့စိတ်ပျက်လို့
ဆုံးမစာတွေလည်း ချောင်တစ်ချောင်မှာ အိပ်စက်ကုန်ကြပြီကွယ်
မှုန်ရီနေတဲ့ ဒီညနေခင်းတွေရောက်ရင်
ငါမင်းကို လွမ်းနေတတ်ဆဲပဲ..
လသာညမှာ တက်လာတဲ့ ဒီရေအလား
မင်းကိုချစ်မြတ်နိုးတဲ့စိတ်တွေ
ဟော့ဒီ့ရင်ဘတ်ကြီးထဲကနေ
တဖွားဖွားထွက်ပေါ်နေဆဲပါပဲ…
တစ်ခါတစ်လေတော့လည်း
ဟောဒီ့ စည်းမျဉ်းတွေ၊ ဂျန်းတဲလ်မန်းန်ရူးလ်တွေကို
လမ်းမပေါ်ပစ်ဖောက်
စိတ်ပေါက်ပေါက်နဲ့ မင်းနောက်လိုက်လာခဲ့ချင်တယ်.

မှောက်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲ
အားခဲလို့ ရေလောင်းထည့်သလို
ကိုယ့်အချစ်တွေ
ပစ်ပယ်ခံရလို့ အချည်းနှီးဖြစ်ခဲ့လည်း
စီးဆင်းနေဆဲ မေတ္တာရေစက်
ဘယ်တော့မှ မပြတ်စေရပါဘူး…

ဘယ်သူတွေက ဘာပြောပြော
မင်းအနားမှာ ကိုယ်ရှိမယ်
မင်းနဲ့အတူ ခံယူချက်တွေ မျှဝေမယ်
မင်းကိုချစ်တဲ့သူတွေ စွန့်ခွာလို့ အဝေး
ထွက်ပြေးသွားခဲ့ရင်တောင်
မင်းဘ၀လေး မမှောင်သွားစေဖို့
အလင်းရောင်တစ်ခု ငါဖြစ်နေခဲ့ချင်တယ်.
အို..
ငါ မင်းကို သိပ်ချစ်တယ်…

နေခြည် အလင်းတန်းတွေရုပ်သိမ်းလို့
နေတစ်ဝက်လတစ်ဝက်
ရောင်ခြည်သွယ်တွေ ဖြာယှက်နေတဲ့
ဒီိဆည်းဆာညနေမှာ
မင်းကိုရှိစေချင်လိုက်တာ…
ရိုးရိုးလေးပဲ ပြောတော့မယ်ချစ်သူ..
ဒီလိုညနေခင်းတွေဆို
ငါ မင်းကို သိပ်လွမ်းတယ်…



(ရေခဲငှက်)

ရည်းစားငုတ်တုတ်နဲ့ အဘိုးကြီးအိုအို... :)






Wednesday, August 06, 2008

ချစ်သူသိပါစေ...

“ကားရပ်ပေးပါနော် မ. ကျွန်တော်ပေးစရာလေး တစ်ခုရှိလို့.”

သူ အတတ်နိုင်ဆုံး တိုးလျှိုးတောင်းပန်ရင်း ပြောခဲ့ပါသည်။ သို့သော် “မ” က သူ့ဆိုလျှင် ခါးသည်းလွန်းလှသည်။ ဘယ်တော့မှ အကောင်းမမြင်တတ်.

“ဘာတွေလာပြောနေတာလဲကွာ. နောက်မှပြောတော့. အခုအချိန်မရှိတော့ဘူး”

“ခဏလေးပါ မရယ်နော်. ခဏလေးပါ. ပေးပြီး ပြန်သွားမှာပါ.”

ကားအရှိန်ကို ထိန်းပြီး လိုက်မောင်းနေရင်း သူမဆီ ဖုန်းဆက်ပြောနေရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အန္တရယ်လည်း များလွန်းလှသည်။ မတော်တဆ လမ်းပြပုလိပ်တွေ့လျှင် အဖမ်းခံချင်ခံရ၊ ဒဏ်ငွေရိုက်ခံချင်လည်း ခံသွားရနိုင်သည်။ သို့မဟုတ် အာရုံများလွန်း၍ ခြေချော်လက်ချော်ဖြစ်ပြီး ယာဉ်တိုက်မှုပင် ဖြစ်သွားနိုင်လောက်သည်။

ဒါကို သူမ မသိ. ကိုယ်ချင်းလည်းမစာ.

“မရပ်နိုင်ဘူးဟေ့. လမ်းလယ်ခေါင်ကြီးမှာ. မရပ်ဘူး. သိပြီလား”

သူ့စိတ်ထဲထောင်းခနဲ ဖြစ်သွားခဲ့သည်။ သည်းခံနိုင်စွမ်းက ဟိုဖက်ကိုလွန်သွားခဲ့လေပြီ. သူမကို ချစ်လွန်း၍သာ ဂျန်းတဲလ်မင်းပီသစွာ၊ ပညာတတ်ပီသစွာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုလည်းကြည့်လေ. သူကြိုးစားသီဆိုထားခဲ့သည့် သီချင်းခွေလေးတစ်ခု၊ အထူးသဖြင့် သူမအတွက် ရည်ရွယ်ပြီး သီဆိုထားသည့် သီချင်းလေးတစ်ပုဒ်ကို သူမမွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးရန် ကြိုးစားခြင်းကို ကိုယ်ချင်းမစာဘဲ ခါးခါးသည်းသည်း ငြင်းသည်။

စတီယာရင်ပေါ်ကိုင်ထားသော လက်ချောင်းတို့ ချွေးစေးများဖြင့် ရုတ်ချည်းအေးစက်သွားခဲ့ကြသည်။ လီဗာပေါ်တင်ထားသော ခြေထောက်တို့ ကြမ်းပြင်နှင့်ပိုနီးစပ်သွားသလို ခံစားလိုက်ရသည်။

“၀ရော… ၀ရူး… ကျွီ”

ကဲ. ဖြစ်ချင်ရာဖြစ်. သူမကားကို ကျော်တက်ပြီး ပိတ်ရပ်လိုက်သည်။

ကားတံခါးကို ဆောင့်ဖွင့်ပြီး သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာခဲ့လိုက်သည်။

သူ့ကို စိုက်ကြည့်နေသော သူမမျက်ဝန်းများကို ဒီတစ်ခါတော့ လွှဲဖယ်ပစ်ရန် မကြိုးစားတော့ဘဲ ပြန်စိုက်ကြည့်ပစ်လိုက်သည်။

သူမကားပြတင်းပေါက်ပေါ် လက်တင်၍ စီဒီခွေကို သူမထံသို့ လှမ်းပေးလိုက်သည်။ သူမကိုကြည့်နေသော သူ့အကြည့်တို့ အနည်းငယ် ရိုင်းစိုင်းလွန်းသွားသည်လားတော့မသိ။ သူမ မျက်လွှာချသွားခဲ့သည်။ သူပေးသော စီဒီခွေကို လှမ်းယူလိုက်သည်။

စိတ်ထဲတွင် ကျိတ်၍၀မ်းသာသွားသော်လည်း မေးကြောများထောင်အောင် တမင် အံကြိတ်လျက် ကားရှိရာဖက်ဆီ လမ်းပြန်လျှောက်လာခဲ့သည်။

ကားတံခါးကို ဂျိုင်းခနဲမြည်အောင်ပိတ်၊ ဂီယာထိုးပြီး လီဗာကိုဆောင့်နင်းလျက် သူမရှေ့မှ ထွက်ခွာလာခဲ့ချိန်မှာတော့ သူတစ်ခုပဲ သတိထားမိခဲ့သည်။

သူ ရင်တွေ တဆတ်ဆတ် ခုန်နေခဲ့ပါသည်။

(ကျန်တာ ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပေတော့ဗျာ... ဟတ်ဟတ်ဟတ်.)



ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး
မင်းအချစ်ငတ်မွတ်နေလို့
ခုထက်ထိငါ…

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်….

မင်းမှမင်းပဲ….
မင်းမှမင်းပဲ…
မင်း.. တစ်ယောက်တည်း…
မင်းမှမင်းပဲ…
မင်းမှမင်းပဲ..
မင်း တစ်ယောက်တည်း မင်းပဲ…

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒတွေပြု
မင်းကလွဲပြီးရင်အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး…


ရော်ရွက်ဝါနှင့် ဖူးငုံသစ်



ရွက်ဝါရေ…
နေပါဦးလား…
မင်းရှိနေခဲ့တဲ့ အခိုက်အတန့်တဒင်္ဂမှာ
မင်းကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ သစ်ပင်ကို
အလှဆင်ခဲ့တယ်နော်.
မင်းလို သစ်ရွက်ငယ်လေးတွေ စုပေါင်းလို့လည်း
အရိပ်အာဝါသကောင်းတစ်ခုကို
ညီတူညီမျှ တည်ဆောက်ခဲ့ကြဖူးတယ်.
နေပါဦးလား ရွက်ဝါရယ်.
ကမ္ဘာမြေကို အလှဆင်ပါဦး
ဟော. ဟိုးခပ်လှမ်းလှမ်းမှာ ပျံသန်းလာနေကြတဲ့
ကျေးငှက်သာရကာလေးတို့နဲ့အတူ
လေအဝှေ့မှာ မင့်ခန္ဒာကိုယ်လေးကို လှုပ်ခတ်လို့
ဂီတသံစဉ်ချိုချိုလေးတွေကို ဖန်တီးပါဦး
မင်းရှိနေခဲ့ဖူးတဲ့ တန်ဖိုးကို
မင်းမရှိတော့မှပဲ သိရအောင် မရက်စက်ပါနဲ့နော်.
ရွက်ဝါရေ..
နေပါဦးလား…
နေပါဦးလား ရွက်ဝါရယ်…

ရွက်နုရေ…
ဝေပါတော့လား
ကမ္ဘာမြေဟာ မွဲခြောက်တဲ့အရောင်တွေနဲ့ ချောင်းဆိုးနေခဲ့ပြီ
မင်းအလာကို စောင့်မျှော်နေတာလည်း ကြာပေါ့
ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေပြီတဲ့
စိတ်သစ်လူသစ်မွေးမည်တဲ့
ကြုံးဝါးသံတစ်ချို့ ငါကြားနေရတယ်.
မင်းအလာကို ကြိုလင့်နေကြရင်းနဲ့လေ.
ဆုံးဖြတ်ချက်တွေ၊ မျှော်မှန်းချက်တွေ ဘယ်လောက်ခိုင်မယ် ငါမသိ
ငါသိတာကတော့ မင်းဟာ
ရှင်သန်ထမြောက်ခြင်းရဲ့ တမန်တော်ဖြစ်တယ်.
ငါ့ရင်ထဲကဝေဒနာတွေ ကြွေပါစေတော့
ဆုံးရှုံးနိမ့်ကျခဲ့ခြင်းတွေကို မီးသဂြိုဟ်ပစ်လို့
ဘ၀ဆိုတဲ့ စစ်ပွဲကို နောက်တဖန်ငါပြန်တိုက်ဦးမယ်
မျှော်လင့်ချက်တွေ အကြိုထောက်နေတဲ့ဒီမနက်ခင်းမှာ
သာယာတဲ့ နေခြည်နုထွေးကို အဖော်ပြုလို့
မင်းအလာကို ငါစောင့်နေတယ်.
ရွက်နုရေ..
ဝေပါတော့လား…
ဝေပါတော့လား ရွက်နုရယ်…

(ရေခဲငှက်)

Printer Friendly ဘလော့ဂ်ပို့စ်လေးများ ဖန်တီးခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကျွန်တော်လေးစားချစ်ခင်ရပါသော ဘလော့ဂ်မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်သူမိတ်ဆွေများအတွက် အင်မတန်မှ အသုံးဝင်မယ့် နည်းပညာလေးတစ်ခု မျှဝေချင်ပါတယ်.

ကျွန်တော်တို့ ဘလော့ဂ်ပို့စ်လေးတွေ ရေးကြတယ်၊ ဖတ်ကြတယ်၊ တစ်ချို့ပို့စ်လေးတွေကို ကြိုက်နှစ်သက်လို့ bookmark လုပ်ပြီး သိမ်းထားကြတယ်. ဟုတ်တယ်ဟုတ်.

တစ်ချို့ပို့စ်လေးတွေကိုကျတော့ သွားရင်းလာရင်း ဖတ်ဖို့ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် အမှတ်တရ သိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် Print out လေး လုပ်ပြီး သိမ်းထားချင်မှာပေါ့.

ဟာ. ဒါများကွာ. File Menu>Print နှိပ် (or) Ctrl+P နှိပ်ပြီး Print ထည့်လိုက်. ပြီးတော့ သိမ်းထားလိုက်ပေါ့လို့ ပြောလိမ့်မယ်.

ရကောင်းရပါလိမ့်မယ်. မတူပါဘူး.

ဟုတ်မဟုတ်. အခုပဲ ကျွန်တော်ရေးနေတဲ့ ဒီပို့စ်လေးကို စမ်းပြီး ခင်ဗျားအခု သုံးနေတဲ့ Web Browser (IE or Firefox or Safari or Whatever) ကနေ Print Preview ကြည့်ကြည့်လိုက်ပါ. ခင်ဗျားအနေနဲ့ ဘာတွေ တွေ့လာရမယ်ထင်သလဲ.

ခင်ဗျား Print လုပ်ချင်တဲ့ ပို့စ်လေးတင်မကဘူး. တစ်ခြားသော မသက်ဆိုင်တဲ့ အရာတွေ (ဥပမာ- ဘလော့ဂ် Header တွေ၊ Sidebar တွေ၊ တစ်ခြားတစ်ခြားသော ပို့စ်နဲ့မသက်ဆိုင်တဲ့ element တွေကိုပါ) Print လုပ်မိပြီးသား ဖြစ်နေပါလိမ့်မယ်.

ဒီတော့ ဘာဖြစ်လဲ.

ပို့စ်သက်သက်လေး ဖတ်ချင်တာကို မလိုတာတွေအတွက်ပါ Print လုပ်နေရတာကြောင့် စာရွက်တွေ၊ မင်တွေကို ဖြုန်းတီးရာလည်းရောက်ပါတယ်. ပိုဆိုးတာက ကိုယ်ဖတ်ချင်သလို ပို့စ်လေးကလည်း သပ်သပ်ရပ်ရပ်လေး ထွက်မလာတော့ဘူးပေါ့ဗျာ.

ကဲ. ကျွန်တော်လည်း ရှင်းပြနေတာနဲ့ လေကြောတော်တော်ရှည်သွားပြီ. အရင်ဆုံး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို Overview Idea ရစေချင်လို့ပါ.

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ.

မလိုတာတွေကို ဘေးဖယ်ပြီး ပို့စ်သက်သက်လေးပဲ Print လုပ်နိုင်အောင် လုပ်ရတော့မှာပေါ့. ဟုတ်တယ်ဟုတ်?

ကျွန်တော်တို့ ခုရေးနေတာက ဘလော့ဂ်ပို့စ်တွေပါ. ၀က်ဘ်ဆိုက်တွေလို Print Function ကို အလွယ်တကူ ထည့်သုံးလို့ မရပါဘူး. ဘလော့ဂ်မှာက သူ့ဥပဒေသနဲ့သူရှိပါတယ်. ဒါကိုပဲ ကျွန်တော်တို့က manipulate လုပ်ပြီး ကိုယ့်စိတ်ကြိုက် ပြုပြင်သုံးစွဲယူရမှာပါ.

ဒီ့အတွက် ကျွန်တော် သုံးနည်းလောက်တွေ့မိပါတယ်. အဲဒီ့ထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အကောင်းမွန်ဆုံးနည်းလေးတစ်ခုကို ဝေမျှချင်ပါတယ်. ကျွန်တော်ဖတ်မိသမျှ Plugin လေးတွေထဲမှာ ဒီနည်းလမ်းလေးက သက်ဆိုင်ရာ ပို့စ်လေးတွေကိုသာ မကဘူး. ကော်မန့်လေးတွေကိုပါ Print လုပ်ပေးလို့ ဒါလေးကို ရွေးချယ်ပြီး ဆွေးနွေးဖြစ်တာပါ.

ကုဒ်ဒင်းထည့်ပေးရမယ့် အဆင့်နှစ်ဆင့်ပဲ လိုပါတယ်.

(၁) တန်းပလိတ်ထဲ ၀င်ပြင်မယ်. </head> Tag မတိုင်ခင်လေးမှာ ကုဒ်ဒင်းတစ်ချို့ ထည့်ပေးရမယ်.

(၂) သက်ဆိုင်ရာ ဘလော့ဂ်ပို့စ်လေးတွေမှာ Print Button လေးပေါ်အောင်လို့ နောက်ထပ် ကုဒ်ဒင်းလေးတွေ တန်းပလိတ်ထဲမှာပဲ ထည့်ပေးရမယ်.

ဒါပါပဲ.

အိုကေနော်. သီဝရီပိုင်းအရ ရှင်းသွားပြီ. ဒီလောက်နားလည်ရင် ကျွန်တော်တို့ ရှေ့ဆက်လို့ရပါပြီ. အဓိကက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်တိုင်အရင်နားလည်နေဖို့ပါပဲ.

ကဲ. ထုံးစံအတိုင်းပေါ့ဗျာ. တန်းပလိတ်ကို edit လုပ်ကြရအောင်.

အဆင့် (၁) CSS Style Code ထည့်ခြင်း

တန်းပလိတ်ကိုသွားပါ. ပြီးရင် Edit နှိပ်ပါ. </head> ဆိုတဲ့ tag လေးကို တွေ့အောင်ရှာပါ. တွေ့ပြီဆိုရင် အဲဒီ့အပေါ်ကပ်လျက်နေရာလေးမှာ ဒီကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါခင်ဗျာ.

<style media='print' type='text/css'>
#header-wrapper, #header, .header, #sidebar-wrapper, .sidebar, #footer-wrapper, #footer, .date-header, .post-meta-data, .comment-link, .comment-footer, #blog-pager, #backlinks-container, #navbar-section, .subscribe_notice, .noprint {display: none;}
#main-wrapper {width: 95%; overflow: visible !important;}
</style>

အဆင့် (၂) Print Button Link ထည့်ခြင်း

ဒီလင့်ခ်လေးကို ထည့်ဖို့ တန်းပလိတ်ကို ပြန်သွားပါ. ပြီးရင် Expand Widget Tempate ဆိုတဲ့ Box လေးကို Check လုပ်ဖြစ်အောင် လုပ်လိုက်ပါ.

တန်းပလိတ်ထဲမှာ ဒါလေးကို တွေ့အောင်ရှာပါ.

<p><data:post.body/></p>

အဲဒီ့လိုင်းလေးရဲ့ နောက်မှာ ကပ်ပြီးတော့ အောက်ပါ စတိုင်လ်ငါးမျိုးထဲက မိမိကြိုက်နှစ်သက်ရာ စတိုင်လ်တစ်ခုခုရဲ့ ကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါ. စတိုင်လ်သုံးမျိုးပေးထားပါတယ်. ကြိုက်ရာ စတိုင်လ်ကို ယူသုံးပါ. အထဲက စာလေးတွေကိုလည်း မိမိကြိုက်နှစ်သက်ရာ ပြောင်းလဲရေးသားနိုင်ပါတယ်.

ဥပမာ. ပုံနှိပ်ရန်၊ Print ထုတ်ရန်၊ ဘလာဘလာဘလာ ပေါ့.

အဲ. ဘလာဘလာဘလာတော့ တကယ်သွားမရေးနဲ့နော်. ဟတ်ဟတ်ဟတ်.

ကူးထည့်ပေးရမည့် ကုဒ်ဒင်းနှင့် အမှန်တကယ် မြင်ရမည့် ပုံများ

Style (1)

<b:if cond='data:blog.pageType == "item"'>
<a href='javascript:window.print()'>Print this post</a>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (2)

<b:if cond='data:blog.pageType == "item"'>
<form> <input type="button" value="Print This Page" onClick="window.print()" /> </form>
</b:if>

မြင်ရမည့်ပုံ






Style (3)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Print this post</a></span>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (4)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Printer Friendly</a></span>
</b:if>

မြင်ရမည့်ပုံ


Printer Friendly



Style (5)

<b:if cond='data:blog.pageType == "item"'>
<span style='background: left no-repeat; padding-left: 20px;'><a href='javascript:window.print()'><img alt='Print' height='25' src='http://bloggerbuster.com/images/print.gif' width='25'/></a></span>
</b:if>

မြင်ရမည့်ပုံ


Print




ဒါပါပဲခင်ဗျာ.

အားလုံးလုပ်ပြီးသွားလို့ မိမိဖာသာ မိမိ စမ်းသပ်ချင်တယ်ဆိုရင် ကိုယ် ပရင့်ထုတ်ချင်တဲ့ ပို့စ်လေးတစ်ခုခုရဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ပါ. ပို့စ်တစ်ခုလုံး ပွင့်ကျလာပါလိမ့်မယ်. ပို့စ်ရဲ့ အောက်ဆုံးနားလေးလောက်ကို scroll down လုပ်သွားလိုက်ပါ. ပရင့်ထုတ်ဖို့ icon လေး (သို့) စာတမ်းလေးကို တွေ့တဲ့အခါကျမှ အဲဒါလေးကို နှိပ်ပြီး ပရင့်ထုတ်ကြည့်ပါ.

သက်ဆိုင်ရာ ပို့စ်လေးတွေမှာ ရှိနေတဲ့ ကော်မန့်လေးတွေကိုပါ ပရင့်ထုတ်ပေးသွားတာကို ၀မ်းသာဖွယ်ရာ တွေ့ရပါလိမ့်မယ်ခင်ဗျာ.

အားနည်းချက်လေးတွေလည်း ရှိပါသေးတယ်.

(၁) ပို့စ်ရဲ့ အပေါ်ဆုံးမှာ Printer Friendly Icon လေး ပေါ်နေအောင် လုပ်ထားရင် ပိုကောင်းနိုင်ပါတယ်.

(၂) ပို့စ်တစ်ခုကို ပရင့်ထုတ်ချင်ရင် အဲဒီ့ပို့စ်တစ်ခုလုံးပေါ်အောင် သူ့ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီးရွေးတာထက် ပရင်တာ သင်္ကေတလေး တွေ့တဲ့နေရာမှာပဲ နှိပ်ပြီး ပရင့်ထုတ်လို့ရရင် ပိုကောင်းသွားနိုင်ပါတယ်.

အဲဒီ့ feature လေးနှစ်ခုလုံး မရသေးပါဘူး. အဲဒါသူ့ရဲ့ အားနည်းချက်လေးတွေပဲ ဖြစ်ပါတယ်. နည်းနည်းပါးပါးလောက် ကလိကြည့်ရင်း အဆင်ပြေတဲ့တစ်နေ့ကျရင် ၀မ်းသာအားရ ဖောက်သည်လာချပါဦးမယ်ဗျာ.

ရှေ့လျှောက် မိမိနှစ်သက်ရာ ပို့စ်လေးများကို ကိုယ်တိုင်ကိုယ်ကျ ပရင့်ထုတ်ယူပြီး သိမ်းထားနိုင်ပြီ ဖြစ်သလို ဘလော့ဂါများအနေနဲ့ကလည်း စာဖတ်သူအတွက် အဆင်ပြေအောင် ဟောဒီ့ Printer Friendly Function လေးကို မိမိတို့ရဲ့ ဘလော့ဂ်လေးတွေမှာ ထည့်သွင်းပေးထားမယ်ဆိုရင် သိပ်ကို အဆင်ပြေပါလိမ့်မယ်.

ကျွန်တော် ဆွေးနွေးပေးသွားခဲ့တဲ့ စတိုင်လ် (၅) ခုအပြင် မိမိတို့ ကြိုက်နှစ်သက်ရာ ပုံလေးတွေ၊ စာလေးတွေနဲ့လည်း အစားထိုးပြီး ပြုပြင်ယူနိုင်ပါတယ်. စိတ်ကူးဥာဏ်ကြိုက်သလို ကွန့်မြူးနိုင်အောင် စတိုင်လ်အမျိုးမျိုး လုပ်ပေးထားတာလည်း ဖြစ်ပါတယ်.

ကဲ. ပို့စ်လေးကတော့ ဒီလောက်ပါပဲ. နောက်နောင် ပိုကောင်းတဲ့ ပြင်ဆင်ချက်လေးတွေ တွေ့ရှိခဲ့ရင် ပြန်လာပြီး update လုပ်ပေးပါဦးမယ်.

စာဖတ်သူမိတ်ဟောင်းမိတ်သစ်များ၊ ဘလော့ဂါများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျား…

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားထားတာ ဖြစ်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

Monday, August 04, 2008

မလျှောက်ဖူးတဲ့လမ်း



အ၀ါရောင်တောအုပ်လေးတစ်ခုထဲမှာ
လမ်းသွယ်လေးနှစ်ခု ယှက်လို့ဖြာသွားခဲ့ကြတယ်
နှစ်လမ်းလုံးကို ငါသွားနိုင်မယ် မဟုတ်ခဲ့လေတော့
ခရီးသွားတစ်ယောက်အနေနဲ့ ဒီနေရာမှာ ခေတ္တရပ်
လမ်းရဲ့ တစ်ဖက် အဆုံးသတ်နေရာကို
ကြိုတင်လို့ မြင်နိုင်သမျှ အစွမ်းကုန်လှမ်းကြည့်မိခဲ့တယ်

လမ်းတစ်သွယ်ကို ငါရွေးချယ်ဖို့ ဆုံးဖြတ်ကြည့်လိုက်တယ်.
ပိုကောင်းတဲ့ မျှော်လင့်ချက်တွေ၊ ရလဒ်တွေ ရှိမယ်အထင်နဲ့ပေါ့.
ကြည့်ဦးလေ…
စိမ်းလန်းလှပတဲ့ မြက်ခင်းပြင်တွေ
လိုချင်မက်မောစရာ အသွင်အပြင်တွေနဲ့
အဲဒီ့လမ်းသွယ်ဟာ ဆွဲဆောင်နေခဲ့တာကိုး
ဒါပေမယ့် အဲဒီ့နေရာတွေကိုရောက်ဖို့ရဖို့
ပင်ပန်းဆင်းရဲမယ်၊ ခက်ခဲကြမ်းတမ်းမယ်ဆိုတာတော့
ငါသိနှင့်ပြီးသားပါ.
ရမယ့်အရာနဲ့ ပေးဆပ်ရမယ့်အရာ တူတူလောက်ပါပဲလေ.

မနက်ခင်းတစ်ခုမှာ ငါနိုးထလာ
လမ်းနှစ်သွယ်မှာ တစ်ခါပြန်ရပ်မိခဲ့တယ်.
ဟော…
ခုတော့ ခြေရာတွေဆိုတာ ဘယ်လမ်းဖက်မှာမှ မရှိတော့
သစ်ရွက်ခြောက်တွေအောက်မှာ ကွယ်ပျောက်လို့နေခဲ့ပေါ့.
အိုး.
မနေ့က လမ်းကိုပဲ ဒီနေ့ ငါရွေးထားတုန်း
ဘယ်ရောက်မယ်ဆိုတာ မသိသေးတဲ့ ဒီလမ်းအဆုံးမှာ
ငါပြန်လာနိုင်ဖို့ အခွင့်အရေး ရှိဦးမလား မသေချာ..

တကယ်ပါ.
ရွေးချယ်ခြင်းဆိုတာ ငါ့အတွက်တော့ စိတ်မသက်မသာစရာ
ဆုံးဖြတ်ရမယ့် နေရာတစ်ချို့မှာ
အချိန်အကြာကြီးတောင် ယူမိမယ်ထင်ပါရဲ့.
လမ်းသွယ်လေးနှစ်ခု တောအုပ်လေးတစ်ခုထဲမှာ
ယှက်လို့ဖြာထွက်သွားခဲ့ကြတယ်.
လူသူသိပ်မသွားတဲ့လမ်းလေးတစ်ခုကို ငါရွေးချယ်ခဲ့ပေါ့ အပြီးတိုင်
ကွဲပြားခြားနားတဲ့ အတွေးအခေါ်သစ်တွေနဲ့အတူ ငါ မယိမ်းမယိုင်…

(ရေခဲငှက်)

Robert Frost ရဲ့ ဒီကဗျာလေးကို ခံစားပြီး ဘာသာပြန်ကြည့်တာပါ.

The Road Not Taken

TWO roads diverged in a yellow wood,
And sorry I could not travel both
And be one traveler, long I stood
And looked down one as far as I could
To where it bent in the undergrowth;

Then took the other, as just as fair,
And having perhaps the better claim,
Because it was grassy and wanted wear;
Though as for that the passing there
Had worn them really about the same,

And both that morning equally lay
In leaves no step had trodden black.
Oh, I kept the first for another day!
Yet knowing how way leads on to way,
I doubted if I should ever come back.

I shall be telling this with a sigh
Somewhere ages and ages hence:
Two roads diverged in a wood, and I—
I took the one less traveled by,
And that has made all the difference.

Saturday, August 02, 2008

မရေရာဘူး.

ဒီတစ်ပတ်တော့ အဓိပ္ပါယ် ရှိလှတဲ့ သီချင်းလေးတစ်ပုဒ်ကို ခံစားကြည့်မိတယ်ဗျာ. သိမ်မွေ့လှပတဲ့ စကားလုံးလေးတွေရဲ့ ဆိုလိုရင်းကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.