Friday, June 27, 2008

နှုတ်ဆက်ချိန်...



နှုတ်ဆက်ပြီလား ချစ်သူ
ရုတ်တရက်မို့ မမျှော်လင့်ခဲ့မိတာလည်း အမှန်ပါ.
ဝေဒနာဆိုတာကို အကျွမ်းဝင်နေပြီးသားမို့
ထားရစ်ခံခဲ့ရတဲ့ ခံစားချက်ဆိုတာ
ဓားပါးပါးလေးတစ်ချက်
အသည်းမျက်နှာပြင်မှာ မွှမ်းသွားရုံလောက်ပါပဲ.
ဒါပေမယ့်
မင်းရဲ့ အမုန်းတရားတွေကတော့
ငါ့ အသည်းကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့တယ်…
နှုတ်ဆက်ပြီလား ချစ်သူရယ်…
နှုတ်ဆက်ပါ…

သွားတော့မှာလား ချစ်သူ
အရာရာ ကိုယ့်အမှားတွေပဲလို့ ပုံချချင်လည်းပုံချပါ.
စုံကန်ချင်လည်း ကန်ပစ်ပါ.
အမှန်တရားဆိုတာ အတ္တမှာ ဗဟိုပြုတယ်လေ
လူဆိုတာ ကျင်လည်သလို ရှင်သန်နေရပြီး
ရှင်သန်သလို ကျင်လည်နေရတာ
ဘ၀ရဲ့ စိန်ခေါ်သံကို မကြားဖူးသေးတဲ့ မင်း
ရှင်းလင်းစွာ ဘယ်သိနိုင်မှာလဲနော်.
မင်းသိတာ
လက်ကိုလက်ချင်း
ခြေကိုခြေချင်း
ဓားကိုဓားချင်း
အားကိုအားချင်း
ရင်းနှီးတုံ့ပြန်ဖို့ပဲလေ
ကိုယ်ဟာ မင်းအတွက်
မပြတ်သားတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရပြီလား
စကားတွေလည်းကုန်အောင်ပြောခဲ့မှတော့
အားလျော့နေတဲ့ ငါ့ဖြေရှင်းချက်တွေ ၀င်မတိုးနိုင်တော့ပါဘူး
သွားပါချစ်သူရယ်
သွားတော့နော်….

မခေါ်တော့ဘူးလား ချစ်သူ…
မျှော်နေမှန်းသိလို့ လွမ်းကျန်ရစ်အောင် အနိုင်ကျင့်တာလား
ဒီအသံလေးမကြားရရင် ငါဘယ်လိုမှိုင်နေမယ်.
ဒီမျက်နှာလေးမမြင်ရရင် ငါဘယ်လို တွေဝေနေမယ်.
ဒီရယ်သံလေးနဲ့ မရင်းနှီးရတော့ရင် ငါဘယ်လို ခြောက်ခြားနေမယ်.
အို…
မသိချင်တော့ဘူးတဲ့လား.
မခေါ်တော့ဘူးလား ချစ်သူ…
မခေါ်ပါနဲ့တော့နော်…

မနက်ဖြန်မှာ
နေသာနိုင်တယ်
မိုးရွာနိုင်တယ်
နှင်းကျနိုင်တယ်
လေထန်နိုင်တယ်.
ရာသီချိန်မှာ ရာသီအဖြစ်အပျက်တွေ ဖြစ်ပျက်နေနိုင်ပေမယ့်
ငါ့ရင်ထဲမှာတော့
မင်းအတွက်
အလွမ်းရွက်ဝါတွေ
ထာဝရ ကြွေနေဆဲပါ
အချစ်မိုးတွေ
ထာဝရ စွေနေဆဲပါ
မေတ္တာနှင်းစက်တွေ
ထာဝရ ဝေနေဆဲပါလေ…

မင်းထားရစ်ခဲ့တဲ့ အလွမ်းတွေ
ငါ့ကိုကြမ်းတမ်းစွာ ဆုတ်ဖြဲပါစေ…
မင်းချန်ရစ်ခဲ့တဲ့ အနမ်းတွေ
ငါ့ကို ချိနဲ့အောင် လှောင်ရယ်နေပါစေ
ဘာပဲဖြစ်ဖြစ်ပေါ့
မနက်ဖြန်မှာ ငါနိုးထနိုင်ဖို့အတွက်
ခံစားချက်တွေကို ဒီညမှာ
ချွေးသိပ်လိုက်ဦးမယ်ချစ်သူ…

မိုးစက်တွေ ပြတင်းပေါက်ကို လာမှန်နေတယ်.
လွမ်းလိုက်တာ…
နေခြည်မဖြာနိုင်တော့တဲ့
ကတ္တီပါလမ်းခွဲမှာ
တွဲလက်တွေ ဖြုတ်ခဲ့ကြပြီနော်
အပြီးတိုင် နှုတ်ဆက်ချိန်မှာ
နာကြင်စွာအားယူလို့
စကားတစ်ခွန်းတော့ ပြောခွင့်ပြုပါ
“ငါ မင်းကို သတိရနေမယ်…..”

2 comments:

Swe Swe said...

ိချင်္စတိုင်းလင်္ညးမညား ...... စကားကိုသာ ...... တီးတိုးရေရွတ်မိတာ .........

chaos said...

အလို
ဘလော့ဂါ ကိုရန်အောင်တစ်ယောက်
ခံစားချက်တွေ ပေါက်ကွဲပြီး
ကဗျာမှာ အလွမ်းတွေသီနေတယ်
အချစ်နဲ့ အမုန်း ဒွန်တွဲနေတဲ့ လောကကြီးမှာ
ချစ်တိုင်းလဲမညားတာ ဘာသဘောတရားလဲနော်