“မရှမ်း…”
ဒီနာမည်လေးကို ကြားလိုက်တာနဲ့ ကိုစိုးနိုင်ရင်ထဲ လှပ်ခနဲ ဖိုခနဲ ဖြစ်သွားရပါတယ်.
သူမ ဒီရပ်ကွက်ထဲကို ပြောင်းလာတာ မကြာသေးပါဘူး. အားလုံးနဲ့ ပြေပြစ်လှတဲ့ ဆက်ဆံရေးကြောင့် သူမကို အကူအညီပေးလိုသူ၊ စောင့်ရှောက်လိုသူတွေကလည်း များပါတယ်. ဒါပေမယ့် မရှမ်းက လည်တော့လည်ပါတယ်. သူဖွင့်ထားတဲ့ ကွမ်းယာဆိုင် စီးပွားရေးလေး အဆင်ပြေရုံလောက်သာ လူတွေကို ခင်ခင်မင်မင် ဆက်ဆံတတ်တာပါ. ဒီ့ထက်ပိုပြီး အခွင့်အရေးယူလာခဲ့ရင်တော့ မရှမ်းက နှုတ်ကြမ်းတတ်ပါတယ်.
သူမ၏ ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သော်လည်း သူမသည် ကိုစိုးနိုင်အတွက် ဘာသာတရားတစ်ခုနှင့်မှ မပတ်သက်သော အလှနတ်ဘုရားမ တစ်ဦး ဖြစ်နေခဲ့လေသည်။
ခုတော့ အဲဒီ့ ဆတ်ဆတ်ကြဲ မရှမ်းကိုမှ ကိုစိုးနိုင် သံယောဇဉ်တွယ်မိခဲ့လေပြီ…
သူမနှင့်သာ နေထိုင်ပေါင်းဖက်ခွင့်ရမည်ဆိုလျှင် ကိုစိုးနိုင်တစ်ယောက် ဒီကမ္ဘာပေါ်တွင် အပျော်ဆုံး လူသားတစ်ဦး ဖြစ်ပေလိမ့်မည်။
….
“ကိုစိုးနိုင်…”
ဒီလူကြီးပုံစံက သိပ်တော့ စိတ်ဝင်စားစရာ မကောင်းလှ. ၀တ်ပုံစားပုံက သိပ်တော့ အဆင်မပြေ. ဒါပေမယ့် သူက သပ်သပ်ရပ်ရပ်တော့ ၀တ်စားဆင်ယင်တတ်သည်. စိတ်ညစ်စရာကောင်းလောက်အောင်လည်း သပ်ရပ်လွန်းနေတတ်သည်.
ဟိုတစ်နေ့က ဆိုင်ကိုလာသည်ကိုပဲ ကြည့်ဦးလေ. ဆံပင်ပေါ် ခေါင်းလိမ်းဆီဗူး မှောက်ချလာသလားဟု ထင်ရမတတ် ဆံပင်တစ်ခုလုံး မည်းပြောင်နေသည်ကို ခေါင်းဖီး အစိတ်ကြီးကြီးဖြင့် ပိပြားနေအောင် ဖီးလာသည်မှာ ခေတ်ဟောင်းရုပ်ရှင်တွေထဲမှ ဇာတ်ပို့မင်းသား ကိုအေးကြူကိုပင် ပြေးမြင်မိတော့သည်။
ဒါပေမယ့် သူ့ကို မရှမ်း ခင်တွယ်သည်. သူသည် ရိုးသည်. အလုပ်အကိုင်တစ်ခု ရှိသည်။ ၀တ်နိုင်စားနိုင်သည့် အဆင့်ထဲတွင်ရှိသည်။ ရုံးတစ်ရုံးတွင် အကြီးတန်းစာရေးလုပ်နေသည်ဟုလည်း သိရသည်။ ထိုအရာအားလုံးထက် ပိုပြီး စိတ်ဝင်စားစရာကောင်းနေသည်က…
သူသည် လူပျိုကြီးဖြစ်နေခြင်းပင် ဖြစ်တော့သည်…
ဟုတ်သည်လေ. မရှမ်းအသက်လည်း ၃၇ နားနီးနေချေပြီ. ယခင်ပေါင်းခဲ့သည့် ယောင်္ကျားကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်ချင်၊ နေ၀င်လျှင် အတင်းအဖျင်းပြောသည့် ဘလော့ဂ်ပို့စ်ထိုင်ရေး၊ ဆီဗုံးတကာလျှောက်ဖွ (အဲ. ဟုတ်ပါဘူး.) အရက်ကလေး တမြမြနှင့်သာ ဆက်ရက်မင်း၊ ခါမင်း၊ ငုံးမင်း၊ ချိုးမင်း၊ ငှက်ပေါင်းစုံ စည်းစိမ် ခံစားနေတတ်သည်။
ကိုစိုးနိုင် သူမကို စိတ်ဝင်စားနေသည်ကိုလည်း သူမ ရိပ်မိသည်။ သူမအတွက် ကိုစိုးနိုင်သည် ငြင်းပယ်စရာ မလိုအပ်သော ယောင်္ကျားကောင်းတစ်ယောက်လည်း ဖြစ်သည်။
မျှော်လင့်မိပါသည်။
ကိုစိုးနိုင်တစ်ယောက် သူမကို ယောင်္ကျားပီသစွာဖြင့် ချစ်ရေးဆိုလက်ထပ်ခွင့် တောင်းလာမည့်နေ့သည် မရှမ်းအတွက် အပျော်ဆုံးနေ့ပင် ဖြစ်ပေလိမ့်မည်။
ထိုနေ့သည် တစ်နေ့တွင်တော့ ရောက်လာလိမ့်မည်ဟု မရှမ်းတစ်ယောက် စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့လေသည်။
…..
ကိုစိုးနိုင်တစ်ယောက် ရည်းစားပူမိသလို လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေခဲ့သည်။ မရှမ်းကို သူ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြောရတော့မည်ကိုလည်း သူသိနေသည်။ သို့သော် မပြောရဲ. သူမပြောဘဲဒီတိုင်းနေသည်က မရှမ်းနှင့် ခင်မင်ရင်းနှီးခွင့်၊ ၀င်ထွက်သွားလာခွင့်ရနေသေးသည်။ ပြောလိုက်လို့ မရှမ်းက ငြင်းလိုက်ခါမှ ရထားသော အခွင့်အရေးလေးများ ဆုံးရှုံးရပေတော့မည်။
ချစ်လည်းချစ်သည်။ ကြောက်လည်းကြောက်သည်။
ကိုစိုးနိုင်တစ်ယောက် ဘာလုပ်ရမည်လဲ…
စိတ်ညစ်နေပါသည်ဆိုမှ လက်ဖက်ရည်ဆိုင်တွင် ဖွင့်ထားသည့် သီချင်းကလည်း အဆင်မပြေ. ကြည့်လေ. ဆုန်သင်းပါရ်တဲ့. ဆိုထားလိုက်တာများ…
“အဖြူရောင်လေးကို ဆေးလည်း မဆိုးနဲ့
အရောင်ပြယ်လွင့်အောင်လည်း မင်းမလုပ်နဲ့
အဖြူထည်လေးရယ် အတိုင်းပဲ ထားကွယ် သူငယ်ချင်းရယ်…” တဲ့…..
….
“ဟေ့လူကြီး…. စောစောစီးစီး လင်းတမှိုင်မှိုင်နေပါလားဗျ. ဘယ်လိုဖြစ်လဲ. လုပ်ပါဦး”
အသံလာရာကိုလှမ်းကြည့်လိုက်တော့ ဗြောင်လိမ်နဲ့ လောင်စိန် ညီအစ်ကို နှစ်ယောက်.
“လာ. ထိုင်ကွာ. မင်းတို့လာတာနဲ့ အတော်ပဲ.”
ဗြောင်လိမ်နဲ့ လောင်စိန်တို့လည်း ပွဲတော်တည်ရကိန်းတော့ ကြုံပြီဟု တွေးလိုက်ရင်း ခုံပုလေးများကို ဆွဲထိုင်လိုက်ကြသည်။
“ဘာဖြစ်လဲ ကိုစိုးကြီး… အလုပ်ကိစ္စလား၊ နှလုံးသားရေးရာလား”
“ဟတ်တ်ကွာ. ဟတ်တ်. အဲဒါစားနေတာ.”
“ဗျာ. ဟတ်ဒ် စားနေတာလား. ဖြုတ်လဲလိုက်လေဗျာ. မဟုတ်ရင် ကက်ဆက်ခွေတွေပါ နာကုန်လိမ့်မယ်. ခွီးးးးးးး”
လောင်စိန်က ပြောလည်းပြော ခွိခွိခွိနှင့်လည်း ရယ်နေလေတော့သည်။
“မနောက်နဲ့ကွာ. ဒီမှာ မရှမ်းကို ဖွင့်ပြောဖို့ မနှစ်က ဒီဇင်ဘာလထဲက စောင့်နေတာ.”
ကိုစိုးနိုင်က စိတ်ပျက်လက်ပျက် ခိုငြီးသံဖြင့်ပြောချလိုက်တော့လည်း ညီအစ်ကိုနှစ်ယောက် သနားသွားကြသည်။
လိုရင်းချုပ်ရသော် ဗြောင်လိမ်နှင့် လောင်စိန်တို့ ညီအစ်ကိုနှစ်ယောက်၏ သွေးထိုးပင့်ကော် လှုံ့ဆော်မီးရှို့ တို့ထိတို့ထောင် လုပ်ပေးမှုကြောင့် ကိုစိုးနိုင်တစ်ယောက် မရှမ်းကို ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့မိတော့သည်။
ထိုနေ့က ဗြောင်လိမ်နှင့် လောင်စိန်တို့၏ အကြံဥာဏ်စွမ်းပကားကို ပူဇော်သည့်အားဖြင့် လန်ဒန် စီးကရက်နှစ်ပွဲ၊ လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီ၊ ကီးမားပလာတာ တစ်ပွဲ၊ မန်းမြို့တော် ပေါက်စီ ၄ လုံးဖိုး ရှင်းလိုက်ရလေသည်။
“သုံးတာပဲ၊ ဖြုန်းတာမှ မဟုတ်တာ” ဟု ကိုစိုးနိုင်တစ်ယောက် ကိုယ့်ကိုယ်ကိုသာ အားပေးနေမိတော့သည်။
…
ထိုနေ့က မရှမ်းထုံးစံအတိုင်း ဈေးသွားခဲ့ပါသည်။ ဗြောင်လိမ်နှင့် လောင်စိန်ညီအစ်ကိုနှစ်ယောက် လွန်ခဲ့သည့်နှစ်ရက်ခန့်က သတင်းလာပေးထားသည့်အတွက် သူမကို ကိုစိုးနိုင် လမ်းထိပ်တွင် ယနေ့ စောင့်နေမည်ဟု ကြိုသိနေနှင့်သည်။ ထို့ကြောင့်လည်း ပုံးဖာမှောက်ဆင် ရှိသမျှနှင့် အလှပြင်လာခဲ့သည်။ မိုးပြာရောင် ဘလောက်စ်အင်္ကျီလေးကို မနေ့တစ်နေ့ကမှ အပ်ချုပ်ဆိုင်တွင် အပြေးအလွှားသွားချုပ်ပြီး ဒီနေ့ အသစ်စက်စက်ချဝတ်ခြင်းဖြစ်သည်။ ထမီကိုတော့ အပြာရင့်အခံပေါ်မှာ အဖြူပွင့် သေးသေးလေးပါသည့် တရုတ်စပါးပါးလေးကို ချုပ်ထားခဲ့သည်။ ပါးလျှင် ဆက်စီဖြစ်သည်ဟု ဖက်ရှင်မဂ္ဂဇင်းတစ်စောင်တွင် မရှမ်း ဖတ်ထားဖူးလေသည်။
မင်းသမီးများပင် ကြော်ငြာရိုက်လျှင် ဆိုင်ဆိုင်မဆိုင်ဆိုင် ရေထဲဆင်း၍ ရေစိုအလှကို ဖော်ပြတတ်ကြသည်။ အ၀တ်ပါးပါးလေးများကို ၀တ်လျက် သရုပ်ဆောင်တတ်ကြသည်။ ဟိုတစ်နေ့ကဆို ဟို နာမည်ကျော်မင်းသမီး နို့မှုန့်ဘူးကြော်ငြာတာ ရေထဲဆင်းပြနေသေးသည်။ နွားမကို ရေထဲဆင်းပြီး နို့ညှစ်ဦးမည် ထင်ပါရဲ့ဟုပင် တွေးမိပြီး ပြုံးလိုက်မိသေးသည်။
ဒီနေ့မိုးရွာလျှင်ကောင်းမည်ဟု မရှမ်းတစ်ယောက် မဆီမဆိုင် ဆုတောင်းနေမိလေသည်။ ထီးပင် တမင်မယူလာခဲ့… မိုးရွာမှ သူမ၀တ်လာခဲ့သည့် တရုတ်စပါးပါးလေးက ဆက်စီပိုဖြစ်မည် မဟုတ်လား…
သူမနှင့် ကိုစိုးနိုင် မိုးရေထဲတွင် လျှောက်သွား. ကိုစိုးနိုင်က သူဝတ်လာသည့် ဂျာကင်ကို ဖြန့်လျှက် သူမ၏ ခေါင်းပေါ်တွင်ခြုံထား. ထို့နောက်တွင်တော့ သူမနှင့် ကိုစိုးနိုင်နှစ်ယောက်သား အင်းစိန်လှည်းတန်း ရထားလမ်းဇလီဖားတုံးများပေါ်တွင် စလိုးမိုးရှင်းဖြင့် ပြေးလွှား…
ဟို နံရံကပ် ပိုစတာထဲက မင်းသားမင်းသမီးလိုပေါ့…
မရှမ်းတစ်ယောက် စိတ်ကူးယဉ်နေခဲ့သည်မှာ ဈေးခြင်းတောင်းမေ့ခဲ့၍ အိမ်သို့ နောက်တစ်ခေါက်ပြန်ရသည်အထိပင်…
စိတ်တွေအရမ်းလှုပ်ရှားတယ် သူရယ်….
…..
ဟော. တွေ့ပါပြီ…
သူ…
ပိုလိုရှပ်အင်္ကျီ အပြာရောင်အနုလေးကို ၀တ်ထားသည်။ ဆံပင်ကိုတော့ အရမ်းကြီးဖိကပ်နေအောင် ဖီးမထားချေ. သူမ မကြာခဏ ကွန်ပလိန်းတက်၍ ဖြစ်မည်။ မျက်မှန်ကလည်း ဘယ်နှစ်ခါလောက် တိုက်ချွတ်ထားသည်မသိ. ပြောင်လက်ဝင်းပနေသည်မှာကား မျက်လုံး၏ အရိပ်ပင် မျက်မှန်ကိုင်းပေါ်တွင် မြင်နေရသည်…
အလှပဆုံး အပြုံးများဖြင့် သူမကပင် စတင်၍ နှုတ်ဆက်လိုက်ပါသည်။
“စောင့်နေတာကြာပြီလား ကိုစိုးနိုင်…”
“ဟင်….”
ကြည့်လေ… အူတူတူ အတတနဲ့. မေးနေတာကို မကြားဘူး. အဲဒါတွေ မကြိုက်တာပေါ့လို့…
“ဩော်… စောင့်နေတာကြာပြီလားလို့ မေးတာပါ.”
“အင်း. ရပါတယ်. သိပ်မကြာသေးပါဘူး. နာရီဝက်လောက်ပဲ ရှိပါသေးတယ်.”
ဟောတော့… ချိန်းထားတာက ၈ နာရီ. သူက ခုနစ်နာရီခွဲကတည်းက ရောက်နေတယ်ပေါ့.
မရှမ်း စိတ်ညစ်ရမည့်အစား ပျော်သွားသည်.
ကြည့်လေ. သူမကို အလေးအနက်ထားတတ်သည့် ယောင်္ကျားတစ်ယောက်ကို သူမရှေ့တွင် တွေ့နေရလေပြီ. ရင်ခုန်သံတွေ မြန်လာသည်. ခြေလှမ်းတွေပင် မှားချင်လာသည်။ မျက်စိထဲတွင် ရထားသံလမ်းဇလီဖားတုံးများကို ပြေးမြင်လာသည်။ ယခုပင် ထပြီး ပြေးချင်စိတ်တွေ ပေါက်လာသည်။
သူ့ကို ခိုးကြည့်လိုက်တော့ သူမ ဘာတွေဖြစ်နေသည်ကို သိဟန်ပင်မတူ. ပုဆိုးထဲတွင်ညပ်နေသော အင်္ကျီစကို လက်နှစ်ဖက်ဖြင့် အသာဆွဲထုတ်လျက် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဟိုဆွဲချ ဒီဆွဲချ ဟိုဖိ ဒီဖိ လုပ်နေရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့လေသည်။
မရှမ်းစိတ်လေသွားခဲ့လေသည်။
“တော်တော်ပဲများတဲ့သူ” ဟုလည်း စိတ်ထဲမှ ပြောလိုက်ခဲ့မိသည်။
……
လှည်းတန်းဈေးတွင် ဈေးဝယ်ပြီးနောက် ဘူတာရုံဖက်သို့ လမ်းပြန်လျှောက်လာခဲ့သည်။ ဈေးခြင်းတောင်းကို သူက ကုသယ်ပေးမည် ထင်ခဲ့သော်လည်း သူက မသိသလိုနေနေသဖြင့် မရှမ်းလည်း ဘာမှ ဆက်မပြောနေတော့.
သူ့ဖက်ကကြည့်လျှင်လည်း ဟုတ်တော့ဟုတ်သား. တစ်ယောက်နှင့်တစ်ယောက် ဘာမှလည်း ဖြစ်ကြသေးသည်မဟုတ်. သူမ၏ ဈေးခြင်းတောင်းကို သူက သယ်ပေးလာသည်ကို တစ်စုံတစ်ယောက်ကများ မြင်သွားလျှင်(အထူးသဖြင့် မြန်မာဘလော့ဂါများကြားလျှင်) သတင်းတွေ အတင်းတွေက နောက်ကွယ်မှာ ပွစိတက်ဦးမည်.
မရှမ်း တစ်ယောက် ဘူတာရုံကိုဖြတ်ကျော်လျှက် ရထားသံလမ်းများပေါ်သို့ပင် ရောက်နေလေပြီ။ နောက်ထပ်သံလမ်းကို ဖြတ်ကျော်ပြီးလျှင် သူမ၏ အိမ်သို့ပင် ရောက်တော့မည်။
သူ့ကိုကြည့်လိုက်တော့ တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေသလိုလို. နဖူးကြောကြီးများထောင်လျက်၊ ရှပ်အကျီင်္နောက်ကျောတွင် ချွေးကွက်ကြီးများက ထင်းလျက်…
မရှမ်းသူ့ကို တော်တော်သနားသွားသည်။
ကဲပါလေ. မိန်းကလေးကပဲ စပေးလိုက်ပါတော့မယ်…
“ကိုစိုးနိုင်. ကျွန်မကို ပြောစရာရှိတယ်ဆို…”
“ဗျာ..”
ကြည့်. ဗျာပြန်ပြီ… မရှမ်းတစ်ယောက် ဘာမှ ဆက်မပြောဘဲ ပြုံးနေလိုက်သည်။ သံလမ်းဇလီဖားတုံးများက ရင်ခုန်စွာဖြင့် ကိုစိုးနိုင်နှုတ်ဖျားမှ ထွက်ကျလာမည့် စကားလုံးများကို ကောက်ယူရန် အသင့်ပြင်နေကြသည်။
“ဩော်. ဟုတ်တယ်ဗျာ. ဟိုဟာလေ. မရှမ်း စိတ်မဆိုးရဘူးနော်.”
မရှမ်း စိတ်ထဲတွင် ကြိတ်ပြီး ၀မ်းသာသွားသည်။ ရင်ကို အနည်းငယ်ကော့လျက် သူ့ကိုတစ်ချက် ပြုံးကြည့်လိုက်သည်။
“မဆိုးပါဘူး ကိုစိုးနိုင်ရယ်. ဒီလူနဲ့ ဒီလူတွေပဲကို. စိတ်ဆိုးစရာလားလို့…”
ညုတုတုပြောလိုက်သော သူမ၏ စကားလုံးများထဲတွင် မိန်းမမာယာ ၉၅ ရာခိုင်နှုန်းလောက် ပါသွားသည်ကိုတော့ မရှမ်းတစ်ယောက်သာ သိလိုက်မည်ဖြစ်ပါသည်။
“ဖူးးးးးးးးးး စိတ်ညစ်တယ်ဗျာ. ဘယ်က စပြောရမှန်းမသိတော့ဘူး”
“ပြောချင်တဲ့နေရာက ပြောလိုက်ပေါ့. ဟိုမှာ အိမ်တောင်ရောက်တော့မယ်.”
“ကျွန်တော်ပြောရမှာ သိပ်ကို နောက်ကျနေပြီလားလို့ စိတ်ပူနေတာဗျ.”
“ဩော်. ကိုစိုးနိုင်ရယ်. ကောင်းတဲ့အရာတစ်ခုကို လုပ်တဲ့နေရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူးရှင်.”
“ဒါဆိုလည်း ပြောမယ်ဗျာ. စိတ်မဆိုးရဘူးနော်. ကတိ…”
“ဟုတ်ကဲ့. မဆိုးပါဘူး..”
ထိုစကားများ၏ အဆုံးတွင်တော့ မရှမ်းတစ်ယောက် သူမ၏ ရှေ့တည့်တည့်တွင် မြင်နေရသော ဇလီဖားတုံးများကို စိုက်ကြည့်လျက် ခေါင်းငုံ့ထားခဲ့လေသည်။
“ဟိုဟာလေ….. တကယ်တော့ မရှမ်းကို ကျွန်တော်ပြောဖို့ ရည်ရွယ်ထားတာ ကြာပါပြီ…”
“ဟုတ်. ဘာများလဲရှင်”
“တစ်ခြားသူတွေတော့ ပြောပြီးရောပေါ့. ကျွန်တော်က အခွင့်မသာခဲ့လို့ မပြောဖြစ်ခဲ့တာပါ.”
“ရပါတယ် ကိုစိုးနိုင်ရယ်. ကျွန်မနားလည်ပါတယ်. ဘာပြောမှာလည်း အရမ်းသိချင်နေပြီရှင့်. မြန်မြန်ပြောပါ. ဆိုင်ဖွင့်ရမှာ နောက်ကျနေလိမ့်မယ်.”
မြန်မြန်ပြီးပြတ်စေလိုသည့်သဘောနှင့် လောလိုက်မိသည်…
ဇလီဖားတုံးများ သူမမျက်နှာနားသို့ နီးကပ်လာသည်ဟု ခံစားရသည်။ ပြေးလျှင် ကျွတ်ကျမကျန်ခဲ့စေရန် ဖိနပ်ကိုပင် အနည်းငယ် မသိမသာဖိပြီး ကြပ်အောင်စီးထားလိုက်သည်။
“အိုကေဗျာ. ဒါဆိုလည်း ပြောတော့မယ်. စိတ်ထဲမှာ ဘာမှ သဘောမထားနဲ့…”
“ဟုတ်.”
“ဟက်ပီးနယူးရီးယား မရှမ်း….”
“ရှင်”
“ဟက်ပီးနယူးရီးယားလို့ ပြောတာ. မနှစ်က ဒီဇင်ဘာကတည်းကပြောမလို့. ကျွန်တော်ခရီးလွန်နေတာနဲ့ မပြောဖြစ်ခဲ့တာ. နောက်ကျတော့လည်း မပြောဖြစ်တော့တာ. အခုမှပဲ ပြောဖြစ်တော့တာ စိတ်မဆိုးပါနဲ့နော်.”
ရထားတစ်စီး သူမ၏ နောက်ကျောဖက်မှ ဖြတ်မောင်းသွားသည်။
သံလမ်းဇလီဖားတုံးများ လှုပ်ခတ်သွားကြသည်။ သူမအား ဟားတိုက်ရယ်မောနေကြသည်ဟု ခံစားမိလိုက်သည်။
ကောင်းကင်ပေါ်တွင်မူ နေမင်းကြီးက အစွမ်းကုန်သာနေခဲ့လေသည်။
………………
2 comments:
ကိုရန်အောင်ရော
“ဟက်ပီးနယူးရီးယား ….”
ပြောပြီးပြီလား ????
:P
အကောင်းမှတ်လို့  လုပ်ချလိုက်ပြန်ပြီ...:D
Post a Comment