Tuesday, April 17, 2007

ရှင်သန်ခြင်းရဲ့ တန်ဖိုး



လူ့သက်တမ်းဆိုတာ အင်မတန်တိုတောင်းပါတယ်နော်. ပုံမှန်အားဖြင့်တောင် တိုတောင်းနေတဲ့ ကာလအတွင်းမှာ ဥပစ္ဆေဒကံဆိုတဲ့ သူတစ်ပါးသတ်လို့ သေရတာမျိုးကလည်း ရှိသေးတယ်လေ.

ခုပဲကြည့်ဗျာ. ဒီနေ့မနက်ခင်းမှာ အေးအေးဆေးဆေး ကျောင်းတက်ဖို့သွားနေတဲ့ Virginia Tech University က အင်ဂျင်နီယာ ကျောင်းသားကျောင်းသူလေးတွေ သူတို့ရဲ့ ကံကြမ္မာကို မသိရှာဘူး. သေနတ်ကိုင်ထားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ရမ်းကားမှုကြောင့် အဆောင်မှာနေတဲ့ ကျောင်းသား ၂ ယောက် အရင်ဆုံး ပစ်သတ်ခံခဲ့ရတယ်. နောက် ၂ နာရီကြာတော့ Science Building မှာ ထပ်ပစ်တယ်. အဲဒီ့မှာ ကျောင်းသားကျောင်းသူပေါင်း ၃၀ ထပ်သေတယ်။ သေနတ်သမားလည်း သေတယ်။ အားလုံးပေါင်း ၃၃ ယောက် သေတယ်ဗျာ. ဒီနေ့မနက်ခင်းမှာပဲ အားလုံး ဖြစ်ပျက်သွားတာ.




စိတ်မကောင်းစရာကောင်းလိုက်တာဗျာ. ကျွန်တော်စာသင်ခန်းထဲမှာ ရှိနေတုန်း Professor က မင်းတို့ Email တွေ စစ်ကြည့်လိုက်ဦးဆိုတာနဲ့ အဲဒီ့ထဲမှာ ဒီ သတင်းအကြောင်းကို တစ်ကျောင်းလုံးသိအောင် Security Service က ပို့ထားတာ တွေ့လိုက်ရတယ်. အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံး စာသင်ခန်းတွင်း ပစ်သတ်မှုကြီးပါပဲတဲ့ဗျာ…

ကျွန်တော်တို့ကျောင်းမှာတော့ ဒါမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး. ကိုယ့်ကိုယ်ကို သတ်သေကြတာတွေတော့ အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့ မရှိသလောက်ပါပဲ. ကျောင်းသားတစ်ယောက် ဆွဲကြိုးချသေသွားတဲ့ မုခ်ဦးကို အားလုံးက ရှောင်ကြပါတယ်. အဲဒီ့အောက်ကဖြတ်လျှောက်သွားရင် ဘွဲ့မရဘူးဆိုတဲ့ အစွဲရှိပါတယ်.

ကျောင်းကတော့ ကျောင်းသားတွေကို တတ်နိုင်သလောက် ဂရုစိုက်ပါတယ်။ ဒါပေမယ့်နော်. လူတစ်ယောက်ရဲ့စိတ်ဆိုတာ ဘယ်မှန်းလို့ရမှာလဲ. အမျိုးမျိုး ဖြစ်ပျက်ပြောင်းလဲနေတတ် တာမျိုးပဲ

ဒါတွေကို ကြည့်ပြီးတော့ စဉ်းစားမိတယ်ဗျာ.



ဘ၀ဆိုတာ ရခဲပါတယ်. ကိုယ့်မှာ ကြုံတွေ့လာရတဲ့ တင်းကြပ်မှုတွေကို နည်းမှန်လမ်းမှန်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဖြေလျှော့တတ်ဖို့ အရမ်းအရေးကြီးတယ်. ဒါတွေကို ဘယ်ကောလိပ်၊ ဘယ်တက္ကသိုလ်ကမှ မသင်ပေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သင်ယူကြရတယ်။ ဒီတော့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ဘ၀ရဲ့ အထုအထောင်းဒဏ်တွေကို ခံနိုင်ဖို့ ခုကတည်းက ကိုယ့်ရဲ့ စိတ်ဓာတ်ကို ရင့်ကျက်ပြည့်ဝအောင် ပြုစုပျိုးထောင်သွားသင့်ပါတယ်. ရှင်သန်ခြင်းရဲ့ တန်ဖိုးကို နားလည်မိဖို့ အရေးကြီးပါတယ်လို့ ကျွန်တော်စဉ်းစားခန်းဝင်နေမိတယ်ဗျာ….

ဘ၀မှာ ဘယ်လောက်ပဲ ရှုံးနိမ့်နိမ့် ပြန်လည်ထူထောင်ဖို့ အခွင့်အရေးဆိုတာ ရှိပါသေးတယ်။ သေဆုံးသွားခဲ့ရင်တော့…..
…………
…………………
………………………


http://news.bbc.co.uk/2/hi/americas/6560685.stm


http://www.cnn.com/2007/US/04/16/morning.terror.ap/index.html



မနက်ကတော့ ပစ်ပြီးကာစမို့လားမသိဘူး. Video Footage တွေ လိုက်ရှာတာမရဘူး. ခုတော့ youtube မှာ တွေ့တာနဲ့တင်ပေးလိုက်တယ်. သေနတ်သံတစ်ချက်ရဲ့အောက်မှာ အပြစ်မဲ့တဲ့ လူငယ်လေးတစ်ယောက် လွင့်ကြွေသွားရသလို ခံစားရတယ်ဗျာ…



ဘယ်လောက်ကြေကွဲစရာကောင်းလဲ.
ကျောင်းသားတွေက Administration Office ကို အပြစ်တင်ပါတယ်. ဘာလို့လဲဆိုတော့ ပထမပစ်ခတ်မှုက မနက် ၇း၄၅ မိနစ်မှာ ဖြစ်ပါတယ်. အဆောင်ကို ၀င်ပစ်တာပါ. ၂ ယောက်သေပါတယ်. နောက်ထပ် ပစ်ခတ်မှုကတော့ ၂ နာရီ အကြာမှာ နောက်ထပ် ၂ ဖာလုံလောက်ဝေးတဲ့ Engineering Building, Norris Hall မှာ ဖြစ်တာပါ. အဲဒီ့မှာ လူသေမှု အများဆုံးပါပဲ. ၃၀ သေပါတယ်.

ကျောင်းသားလေးတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြန်ပြောရာမှာ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်သူတွေက Email လေးတောင် မပို့ကြောင်း၊ ၂ နာရီကွာဟမှုအတွင်းမှာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်တာနဲ့ပတ်သက်ပြီး ဘာမှ ဆင်ခြေပေးနေစရာ မရှိကြောင်း ပြောပါတယ်.

နောက်ထပ်ဖြစ်ရပ်မှာကျတော့ သေနတ်သမားလာမယ်ဆိုတာကို သိလို့ ကျောင်းသားတွေက တံခါးပေါက်ကို ခုံတွေနဲ့ ပိတ်ထားတယ်တဲ့. သေနတ်သမားက တံခါးကို ဖွင့်ဖို့ကြိုးစားတယ်. အပြင်ကနေ သေနတ်နဲ့ လှမ်းပစ်တယ်. ၂ ချက်ပစ်တယ်. တံခါးပေါက်သွားတယ်. ကျည်ဆံထပ်ဖြည့်တယ်. ဖွင့်ဖို့ထပ်ကြိုးစားတယ်. နောက်ဆုံးမရတာနဲ့ တစ်ခြား classroom တွေကို ဆက်ကူးသွားပြီး အဲဒီ့မှာ ဆက်ပစ်တာတဲ့…

ပြီးတော့ရဲအဖွဲ့က Spokesperson က ပြောတာမှာ သေနတ်သမားက ကျောင်းသားလား၊ အပြင်ကလူလားတော့ မသိဘူး။ ဒါပေမယ့် ကျောင်းရဲ့ အဆောက်အအုံတွေအားလုံးကို နှံ့နှံ့စပ်စပ် သိနေတယ်တဲ့. အဆောက်အဦးထဲဝင်တာတောင် တံခါးပေါက်တွေကို ချိန်းကြိုးတွေနဲ့ ပိတ်ပြီးမှ ၀င်ပစ်တာတဲ့. ထွက်ပြေးတဲ့ ကျောင်းသားတွေကတော့ ပြတင်းပေါက်တွေပေါ်နေ ခုန်ချထွက်ပြေးကြရတယ်. တစ်ချို့တွေ ကျိုးပဲ့ကုန်တာပေါ့. ကောင်မလေးတစ်ယောက်ဆိုရင် အောက်ရောက်ပြီး မထနိုင်တော့ဘူးတဲ့. ကျွန်တော်တင်တဲ့ ဓာတ်ပုံတစ်ချို့ထဲမှာလည်း တွေ့နိုင်ပါတယ်…

George Bush ကိုယ်တိုင် နိုင်ငံတော်ကို မိန့်ခွန်းပြောပါတယ်. ကျွန်တော့်သူငယ်ချင်းတွေကို မေးလိုက်တော့လည်း အားလုံး ကြေကွဲဝမ်းနည်းနေကြတယ်. ဖြစ်ဖြစ်ချင်းတုန်းက ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊ Email နဲ့တစ်သွယ် သတင်းမေး စိတ်ပူပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ..

ဒီတစ်ခါ ခေါင်းလောင်းထိုးသံက သိပ်ကို ကျယ်လောင်နေခဲ့တယ်. ရင်ထဲမှာ အချက်ပေါင်းများစွာ မြည်ဟီးပြီး ကျန်ခဲ့တယ်ဗျာ…




8 comments:

Anonymous said...

တကယ့်ကို စိတ်မကောင်းစရာ သတင်းပါပဲ …
ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပဲ တိုးတက် ခေတ်မီနေပေမဲ့ စိတ်ဓာတ်တွေ မပြည့်ဝရင် (ကိုယ့်စိတ်ကို ကိုယ် မထိမ်းချုပ်နိုင်ရင်) အဲဒီလိုမျိုး ၀မ်းနည်းစရာတွေ ကြုံလာရတတ်တာပဲ လို့ သံဝေဂ ရမိပါတယ်။
ကိုယ့်မှာ ကြုံတွေ့လာတဲ့ စိတ်ဖိစီးမှုတွေ တင်းကြပ်မှုတွေကို ဖြေဖျောက်တဲ့နည်းဆိုတာ တက္ကသိုလ် ကောလိပ်တွေမှာ မသင်ပေးပေမဲ့ ကျမတို့ ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာတော့ ပါပါတယ်။
ကိုရန်အောင် ပြောသလို …. အသက်ရှင်သန်ခြင်းဟာ တန်ဖိုးရှိပါတယ်။
ဒါပေမဲ့ လူရမ်းကား တယောက်ရဲ့ ရှင်သန်ခြင်းကတော့ သူ့တယောက် အတွက်ကြောင့် အများဒုက္ခ ရောက်စေနိုင်တာ ဖြစ်တဲ့အတွက် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ဘူး။
ဒါကြောင့် … ရှင်သန်ခြင်းဟာ တန်ဖိုးရှိသလို …. တန်ဖိုးရှိစွာ ရှင်သန်နေထိုင်ဖို့လည်း လိုအပ်ပါတယ်။
တန်ဖိုးရှိစွာ ရှင်သန်နေထိုင်သူ တယောက်အတွက်သာ သူ့ရဲ့ ရှင်သန်ခြင်းဟာ တန်ဖိုးရှိမယ်လို့ ကျမကတော့ ထင်တာပါပဲ။

Yan said...

ရှင်သန်ခြင်းဟာ တန်ဖိုးရှိသလို တန်ဖိုးရှိစွာ ရှင်သန်နေထိုင်တတ်ဖို့လည်း လိုအပ်ပါတယ်.
သိပ်ကိုတန်ဖိုးရှိတဲ့စကားတစ်ခွန်းပါပဲ မမေ. မှန်ပါတယ်.

ရှင်သန်တိုင်း တန်ဖိုးရှိတာမဟုတ်သလို သေဆုံးတိုင်းလည်း တန်ဖိုးပျောက်ဆုံးသွားတာ မဟုတ်ပါဘူး. လူရမ်းကားတစ်ယောက်ရဲ့ ရှင်သန်ခြင်းဟာ သူ့ရဲ့ပတ်ဝန်းကျင်ကို အကျိုးယုတ်စေပါတယ်. အာဇာနည်တွေရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ သေဆုံးခြင်းမျိုးကတော့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ရောင်နီဦးတစ်ခုပါပဲ…

Anonymous said...

ကျမရုံးကအပြန်ရေဒီယိုက ကြားလိုက်တယ်။ ကျန်ခဲ့သူ မိသားစုဝင်တွေအတွက်လဲ စိတ်မကောင်းအလွန်ဖြစ်မိပါတယ်.. သေနတ်သမားလဲ ငယ်ငယ်ကဘယ်လောက်စိတ်ဒုက္ခ ရောက်ခဲ့လို့ ဒီလောက်ခါးသည်းမှုတွေနဲ့ ရင်ဆိုင်ရလဲမသိဘူး။ အားလုံးက victim တစ်မျိုးစီပါပဲလေ….

Thet Oo said...

သေနတ်သမားဟာ ကျောင်းသားတယောက်ဖြစ်ပြီး၊ အာရှတိုက်သားလို့ သတင်းတွေက ပြောနေပါလားဗျ။

Thinzar said...

စိတ်မကောင်း စရာဘဲ။ ကျောင်းသားတွေကိုမှရွေးပြီး...

Hay Mar said...

ကိုသက်ရတဲ့သတင်းအရဆိုရင်..ပစ်သူဟာဆရာရန်အောင်
များဖြစ်နေမလားလို့ရုတ်တရက်စဉ်းသားမိပြီးကြက်သီးတောင်
ထသွားတယ်။
နောက်သေချာပြန်ဖတ်တော့မှ၊ ပစ်သူပါ ပါသွားပြီဆိုလို့..
ဒါနဲ့ အဲဒီပစ်သူကို ဘယ်သူကဝင်ဆုံးမလိုက်တာတဲ့လည်းဟင်?။

Yan said...

မလေး>>ဟုတ်တယ်ဗျာ. လူတိုင်းဟာ Victim တစ်မျိုးစီပါပဲ. ကိုယ့်ရဲ့ဒုက္ခ အထုတ်အပိုးကြီးကို သူများအပေါ်လွှဲချတာကတော့ မရင့်ကျက်သူတွေရဲ့ အပြုအမူတစ်မျိုးပေါ့ဗျာ. တကယ်ဆို သူပန်းပင်စိုက်တတ်ခဲ့ဖို့ကောင်းတယ်. ပန်းစိုက်ခြင်းဟာ ပတ်ဝန်းကျင်လောကကြီးကို ချစ်မြတ်နိုးတတ်လာအောင် သင်ပေးတယ်တဲ့..

ကိုသက်ဦး>>အာရှတိုက်သားပါ. ဟုတ်ပါတယ်. ကျောင်းသားဟုတ်မဟုတ်ကို Confirm မလုပ်သေးပါဘူး. ဟုတ်ဖို့များပါတယ်. သူတို့က ကျောင်းသားပေါင်း၂၆၀၀၀ လောက်ရှိတာဆိုတော့ ချက်ချင်း အတည်မပြုနိုင်သေးဘူး ဖြစ်နေပုံပါပဲ. မှားသွားရင်လည်း ၂ ရှက်ကွဲနေမှာကြောက်လို့နေမှာပေါ့ဗျာ. သေချာတာကတော့ Visa တွေ ထပ်ခက်ဦးမှာပါပဲ.

မဟေမာ>>သေနတ်ပစ်တဲ့အချိန်မှာ ကျွန်တော် ဘဲဥဟင်းချက်နေပါတယ်. ပို့စ်တင်တဲ့ အချိန်ကိုလည်း ကြည့်ပါ. ကျွန်တော် အလီဘိုင်ပြနိုင်ပါတယ်ခင်ဗျာ. သူ့ကို ၀င်သမသွားတာကတော့ သူကိုယ်တိုင်ပဲ ဖြစ်ဖို့များပါတယ်. ဒါမှမဟုတ် မဟေမာရေးတဲ့ အကြမ်းဖက်သမားနှိမ်နင်းရေး Thesis ကို ဖတ်ဖူးတဲ့ တစ်ခြားကျောင်းသားတစ်ယောက်ယောက်က အသေခံ ၀င်လုံးသွားတာလားမှ မသိတာ. မဟေမာလည်း ဂရုစိုက်နော်. ကျောင်းထဲကို ဆင်တွေ ၀င်နင်းတက်တယ်တဲ့.

နတ္ထိ said...

ကိုယ့်ကိုကိုယ်လဲ ဒုက္ခပေးတယ်, သူတပါးကိုလဲ ဒုက္ခပေးတယ်။ ဒီလိုလူမျိုးကို “အတ္တန္တပေါ ပရန္တပေါ” လို့ ဆိုတယ်ဗျာ။ ဒီလိုလူတွေ ဘယ်လို အယူဝါဒကို ဆုတ်ကိုင်ထားသလဲတော့ မသိဘူး။ သေချာတာကတော့ အစွန်းရောက်သူတွေ ဖြစ်မှာပါပဲ။