Sunday, April 22, 2007

ငါးသေတ္တာမွှေးမွှေးလေး စားကြမယ်ဗျို့…


စခန်းရဲ့ break time မှာပေါ့ဗျာ. ကျွန်တော် အရမ်းကို ဗိုက်ဆာလာတယ်. တော်သေးတာပေါ့. ဒီစခန်းက ညစာပေးစားလို့. ဟိုတစ်နေ့က ချက်ထားတဲ့ ၀က်သားနဲ့ ပြောင်းဖူးကြော်လည်း ကုန်တာကြာပေါ့. မြန်လွယ်ကောင်း ဘာချက်ရမလဲ စဉ်းစားလိုက်တော့ ငါးသေတ္တာချက်ဖို့ စိတ်ကူးရသွားပါတယ်. ငါးသေတ္တာချက်တာလောက်လွယ်တာ ငါးသေတ္တာပဲ ရှိပါတယ်. ဘာမှ အုန်းစားစရာကို မရှိပါဘူး. ကြက်သွန်ဆီသတ်ပြီး ငါးသေတ္တာ လောင်းထည့်လိုက်ရင် ပြီးရောပဲ. ဒါဖြင့် ဘာလို့ ရေးနေသေးလဲဆိုတော့ ရှင်းပါတယ်. ရေးချင်လို့ကိုရေးတာပါ.

ပန်းချီဆရာကောင်းဟာ ဆေးစက်ကျရာ အရုပ်ထင်အောင်ဆွဲရတယ်။ အနုပညာသမားကောင်းဟာ ကျရာနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ရတယ်။ ဒီလိုပဲ စာရေးဆရာကောင်းဟာလည်း ကြမ်းပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ကင်းကောင်ဖြစ်အောင် ရေးတတ်နိုင်ရတယ် ဆိုတဲ့ ပညာရှိထုံး နှလုံးမူပြီး ငါးသေတ္တာချက်တာကို ဖွယ်ဖွယ်ရာရာဖြစ်အောင် ဦးနှောက်ဆေးတဲ့ အနေနဲ့ ရေးပါတယ်ခင်ဗျာ… ဩော် ကျွန်တော်ချက်မှာ ငါးသေတ္တာဟင်းနော်. ကြမ်းပိုးဟင်း မဟုတ်ပါဘူး ခင်ဗျာ….

ကြက်သွန်နီဥ နှစ်လုံးလောက်ကို မပါးမထူ အနေတော်လောက်လေးတွေကို ဓားထက်ထက်လေးနဲ့ တောက်တောက် တောက်တောက်မြည်အောင် လှီးလိုက်ပါ. လက်တော့ မလှီးမိစေနဲ့ပေါ့ဗျာ. လက်ချောင်းလေးတွေကို အထဲကို ကွေးပြီး လှီးရတယ်. ပြီးရင် ဒယ်အိုးကို ပြောင်နေအောင် ရေအေးအေးလေးနဲ့ စင်အောင်ဆေးပြီးတော့ မီးဖိုပေါ်တင်ထားဗျာ. မီးနဲ့ ချက်မှာကိုးဗျ. မီးဖိုပေါ်တင်ရမှာပေါ့နော်…

အဲဒီ့အချိန်လေးမှာပဲငါးသေတ္တာဘူးလေးကို ကင်းကတ်လေးနဲ့ တစ်ပတ်ပြည့်အောင် လှည့်ပြီးဖောက်လိုက်ပါ. ဘာညာရေ… နံပတ် ၁ နည်းနဲ့ လှည့်ဖောက်မှာနော်. နံပါတ် ၃ ဆိုလို့ကတော့ ဟင်းဟင်းဟင်း…

ဆီကို အနေတော်လောက်ထည့်ပြီးရင် ပူအောင်ထားလိုက်ပါ. ပူပြီလား. ပူသေးဘူးဗျ. ထားလိုက်ဦး. ၅ မိနစ်လောက်ဆိုရင် ဆီပူက အငွေ့လေးတွေ ထွက်လာလောက်ပြီ. ထပ်မထားနဲ့တော့နော်. ဆီပူက မီးလောင်တတ်တယ်. အိုကေ. ကြက်သွန်ဖြူနီကို ထည့်ဗျာ. ဆီသတ်ဗျာ. ဒီကြားထဲ ဘာမှ လုပ်စရာ မရှိလို့ ကျွန်တော်ကတော့ ကော်ဖီလေး သောက်နေလိုက်တယ်ဗျ. ပုံမှာ ရှုစားပါ. Dell Computer က ပေးတဲ့ ကော်ဖီခွက်နော်. ဟင်းဟင်း အချဉ်မဟုတ်ဘူး. (ကော်ဖီပါဆိုမှ ဘယ်ချဉ်ပါ့မလဲဗျာ. နော့)


ခဏနေတော့ ကြက်သွန်လေးတွေက ဖြူတစ်ဝက်၊ ၀ါတစ်ခါ၊ နီတစ်လှည့်လေး တွေဖြစ်လာပါပြီ. ဟိုကဗျာလေးထဲကလိုပေါ့ဗျာ.

`တိမ်ညိုမိလ္လာ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက် မရမ်းဖက်၍ တိမ်သက်တံ့ရောင် အာကာဘောင်ဝယ် မှောင်ခဲ့တစ်ခါ ပြာခဲ့တစ်လီ ရီခဲ့တစ်ဖုံ´ ဆိုသလိုပေါ့.

ဟုတ်ကဲ့ ကြက်သွန်အရောင်ကိုပြောနေတာပါ. ဆိုင်သလားလို့ ကုဒ်လုပ်ကြည့်လိုက်တာ.



ဝါတစ်ခါ နီတစ်လှည့်ဆိုရင်တော့ ငါးသေတ္တာဘူးလေးကို ညာဖက်လက်နဲ့ အနေတော်လောက်လေး မြှောက်ကိုင်ပြီး အိုးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ. အရမ်းလောင်းထည့်ရင် ဘာဖြစ်မလဲ. ဆီပူမှန်ပါလိမ့်မယ်. အမြင့်ကြီးက လောင်းထည့်ရင် ဘာဖြစ်မလဲ. အရှိန်နဲ့ ပြုတ်ကျပါလိမ့်မယ် ခင်ဗျ..

ဟုတ်ကဲ့ ပြီးသွားရင်တော့ အဖုံးလေးအုပ်ထားလိုက်ပါ. ငါးသေတ္တာဘူးထဲမှာ ရေပါပြီးသားပါ. ထပ်ထည့်စရာ မလိုပါ.. ဆားအချိုမှုန့်တောင် အနေတော်လေး လက်ဖ၀ါးလေးထဲကနေ တစ်ဆင့် ထည့်ပေးပေါ့ဗျာ. အပိုပြောတာမဟုတ်ဘူးနော်. အရှိန်လွန်သွားရင် ဟင်းအိုးပျက်ရော..



ကဲကဲ မိနစ် ၂၀ Timer ပေးထားတယ်. အဲဒီ့အတွင်းမှာ ဒီပို့စ်လေးကို အပြီးရိုက်တာ. ဟုတ်တယ်ဗျ. ကျွန်တော် မြန်မာ လက်ကွက်ရိုက်တာ တော်တော် တိုးတက်လာတယ်. ဖျောင်းဖျောင်းဒိုင်းဒိုင်းနဲ့ ဗိုလ်အောင်ဒင်တောင် ကျွန်တော့်စာရိုက်တဲ့ နားမကပ်ရဲဘူး. မမြ၀င်းနားပဲ ကပ်နေတယ်…..

တော်လောက်ပါပြီ. ဒီလောက်ဆို ကြမ်းပိုးလည်း ကင်းကောင် ဖြစ်လောက်ပါပြီဗျာ…

ပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်ခင်ဗျားတို့ကို တော်တော် သံယောဇဉ်ရှိတယ်ဗျာ. ပြတ်လို့ကို မရဘူး. ဒါကြောင့် ခဏ ပြန်လာရေးတာ. ထုံးစံအတိုင်းပေါ့ဗျာ. စကားကြီးသုံးခွန်းကို အသုံးချပြမယ်

မဂျစ်တူး။ ။ မောင်ရန်အောင်. မင်းချက်တဲ့ ဟင်းက ရောသမမွှေကြီးပါကွာ. ကောင်းရော ကောင်းပါ့မလား

ကျွန်တော်။ ။ I’m sure..

မသဉ္ဇာ။ ။ ကိုရန်အောင့် ဟင်းက ကြည့်ရတာ မဆိုးပါဘူး. ပုံလေးကတော့ စားချင်စရာလေးပဲနော်.

ကျွန်တော်။ ။ It’s cool!

ဘာညာ။ ။ တွား… ကိုရန်အောင့်ဟင်းကြီးက ဘာပုံကြီးမှန်းလဲ မသိဘူး. တစ်ခါလာလည်း ကြက်သွန်ဆီသတ်၊ တစ်ခါလာလည်း ကြက်သွန်ဆီသတ်ကြီးနဲ့ပဲ အရောင်လည်း ရှိဘူး.. ကွိကွိ…

ကျွန်တော်။ ။ I don’t care!

ဘိုင့်ဘိုင်ဗျာ..
စားလိုက်ဦးမယ်. ခဏနေ စခန်းထဲ ပြန်ဝင်ရဦးမှာ.


p.s
Flash ဖြုတ်ရိုက်လိုက်တယ် မဂျစ်ရေ.. မြင်ရပြီလား.. စားလို့ကတော့ ကောင်းဗျာ… ထမီစကတ်ဝတ်ထားသူများ ကြိုးလျှော့၍စားကြပါ….

lol

ဘာညာရေ. နံပါတ် ၁ နည်းဖြင့်သာ စားခွင့်ပြုသည်နော်..

ကျန်တဲ့ ဘော်ဘော် ဘလော့ဂါများကိုလည်း ထမင်းစားဖိတ်ပါတယ်. လောက်အောင် ကိုယ့်အခွင့်အရေးကိုယ် တိုက်ယူကြပါ.. ဒန်တန်တန်


3 comments:

Anonymous said...

မောင်ရန်တို့ကတော့ ဟင်းအမျိုးမျိုးပါလားး) အစ်မ အိုင်အီးကိစ္စ မအားတဲ့ကြား ကြည့်ပေးတာ ကျေးဇူးပဲ ။ မင်းဘလောဂ့်ဖတ်ရတာ real-time diary လိုပဲ ဟားဟား ။ ဒါနဲ့ အစ်မက ငါးသေတ္တာလုံးဝ မစားဘူးကွ ။ ဟင်းနည်းနည်းချီးများတဲ့ထဲ ပါတယ်း)မင်းကျွေးချင်ရင်တော့ နောက်တမျိုး စဉ်းစားလိုက်ဦး ။

ဒီတခါ ဓါတ်ပုံက ကောင်းကောင်းမြင်ရပြီ ။ အထင်တော့ မင်းက ရေမလည် ဆီမလည်ပုံစံ ဟင်းတွေ အချက်များတယ် ထင်တယ် ။

မနက်ကျရင် သေနတ်သံကြားတာလား ပြောဦးနော် ။ Take care of urself & keep studying!! :)

Yan said...

ကိုယ့်အစ်မကြီး ဘာစားချင်လဲပြော. Recipe ကို Google လုပ်ပြီးတော့ကို ရှာချက်ကျွေးဦးမှာ.

ဟုတ်တော့ဟုတ်တယ်ဗျာ. ကျွန်တော့်ဟင်းတွေက ရေမလည် ဆီမလည်တွေ များပါတယ်. ဒါပေမယ့် ချက်တတ်သလောက်တော့ ချက်ရတာပေါ့ဗျာ. ဟုတ်ဖူးလား.

သေနတ်သံလား ဘာလားတော့ မသိပါဘူး ကျွန်တော်ကြားလိုက်တာတော့ အသေအချာပဲ. အရင်နှစ်ကလည်း ပစ်တဲ့သူတွေ လက်သည် မပေါ်ဘူးဗျ. ဒီမှာက လူတိုင်းနီးပါးလောက် သေနတ်ကိုင်နေကြတယ်လေ. ကျွန်တော်လည်း တစ်လက်လောက် ၀ယ်မလား စဉ်းစားနေတယ်.

ကျွန်တော်ချက်တဲ့ ဟင်း မကောင်းဘူးဆိုတဲ့သူတွေကို ပစ်မလို့.
:D

မဂျစ်ကြီးကို အရင်ပစ်ပြီဗျာ... Bang Bang Bang!

Anonymous said...

ဗိုက်တောင်ဆာလာပြီ..