Monday, April 23, 2007

ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုး


ဘာညာရဲ့ Tagging Game ကြီးထဲကို ကျွန်တော်လည်း ဘာညာဘာညာနဲ့ ပါခဲ့ရပြန်ပြီဗျာ. Tagging Game ဆိုတာဘာလဲ ဆိုတာ သိချင်ရင်တော့ ဒီပို့စ်တွေမှာ သွားဖတ်ပါ. Tesla မဂျစ်နဲ့ ဘာညာတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုးပေါ့ဗျာ.

ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုးကတော့

၁. အိပ်တဲ့အခါမှာ ရင်ဘတ်ပေါ်မှာ တစ်ခုခုရှိနေမှ အိပ်တတ်တယ်. ဆောင်းတွင်းဆိုရင်တော့ စောင်ထူထူကြီးခြုံအိပ်တာပေါ့. နွေဆိုရင်လည်း စောင်ပါးပါးလေး တစ်ထည်လောက်တော့ ခြုံအိပ်လိုက်တယ်. ငယ်ငယ်ကအိပ်ရင် ပုဆိုးနားလာချိတ်တာ ခဏခဏဖြစ်ကတည်းက စောင်ခြုံအိပ်တဲ့ အကျင့်ရသွားတာ. ဒါတောင် မနက်ကျရင် နားမှာ လာချိတ်နေတုန်းပဲ. (ဆံပင်တွေကို ပြောတာပါ. ရင်တွေခုန်သွားလား.သွား. ပြောဘူး.)

ရင်ဘတ်ပေါ်မှာ တစ်ခုခုမရှိရင်လည်းရတယ်. ရင်ခွင်ထဲမှာ တစ်ခုခုထားပြီး အိပ်ရင်၊ တစ်ခုခုကို ခွပြီးအိပ်ရင်လည်း အိပ်ပျော်တတ်တယ်. (သဘောပေါက်နော်).

၂. အိမ်သာတက်ရင် အရမ်းကြာတယ်. မဂျစ်လိုပဲ စာအုပ်တစ်အုပ်ဆွဲပြီး အိမ်သာထဲကို ၀င်တာ. အိမ်မှာနေတုန်းက မနက်ခင်းဆို အိမ်သာမတက်ဘူး. နောက်ကလူတွေက တံခါးကို တဒုန်းဒုန်းလာထုလွန်းလို့ သူတို့အားလုံး မရှိတဲ့အချိန်၊ ဒါမှမဟုတ် အိပ်ချိန်တွေလောက်မှ အိမ်သာတက်တယ်. ည ၁၀ နာရီပတ်ဝန်းကျင်လောက်ပေါ့. အိမ်သာထဲက ပြန်ထွက်လာရင် ၁၀ နာရီခွဲလောက်ကတော့ အနည်းဆုံးပဲ. လူလည်းပန်းပြီး ထွက်လာတယ်. (အိမ်သာတက်တာကို. ပင်ပန်းတာပေါ့. ဘာတွေ လျှောက်တွေးနေပြန်ပြီလဲ.)

၃. ခရီးသွားရင် အိမ်သာသိပ်မတက်ဘူး. ရွံလို့ပါ. မှတ်မှတ်ရရ ကျိုက်ထီးရိုးသွားတုန်းက အိမ်သာသွားတော့ လူတွေ အများကြီး တန်းစီစောင့်ရတယ်. ပြီးတော့ အိမ်သာထဲကို ၀င်တော့ ရေကလည်း ၀ယ်ရသေးတယ်နော်. ကိုယ်ဝယ်ထားတဲ့ ရေခွက်လေးကို ရွှေခွက်လေးအလား ကိုင်ပြီးတော့ အိမ်သာထဲကို ၀င်ရတယ်. မှောင်ကလည်း မှောင်. အိမ်သာကလည်း တောင်စောင်းမှာ ဆောက်ထားတော့ လေက တ၀ှီးဝှီးနဲ့ အပေါ်ရော အောက်ရော တိုးပါလေရော. ဟီးဟီး ပြောရင်းနဲ့ကို ရင်တုန်ပန်းတုန်ဖြစ်လာပြီဗျာ…

အိမ်သာတက်ရင် ရေအရမ်းသုံးတဲ့ ကျွန်တော် ကျွတ်စိန်ဖြစ်တာပါပဲဗျာ. တော်သေးတာပေါ့. အပြင်ကလူတစ်ယောက်ကို အကူအညီတောင်းရတယ် အစ်ကိုရေ. ကျွန်တော့်ကို ရေလေးတစ်ခွက်လောက်ခပ်ပေးပါလားဗျာ လို့ (မနောက်ဘူးနော်. တကယ်ပြောတာပါ.) အဲဒီ့အစ်ကိုကြီးကလည်း ဒီကောင်မြန်မြန်ပြီးမှ ငါအိမ်သာတက်ရမယ်လို့ သဘောပိုက်ပြီး ကြည်ကြည်ဖြူဖြူနဲ့ ခပ်ပေးပါတယ်. နောက်တစ်ခွက်ယူဦးမလားလို့တောင် မေးသေး.

ပြန်ထွက်လာတော့ တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်တယ်. နောက်ရက် လုံးဝ အိမ်သာမတက်တော့ဘူးလို့. တကယ်လည်း မတက်တော့ပါဘူး. သုံးရက်ခရီးစဉ် အိမ်ပြန်လာတော့ ကားတစ်ချက်ခုန်လိုက်တိုင်း ဖင်ပိတ်ပြီးလိုက်လာရတယ်ဗျာ. (အော်ရီလိုက်စမ်းပါ. ပြုံးရုံလေး ပြုံးမနေပါနဲ့ဗျာ.)

မျက်နှာမှာလည်း ၀က်ခြံဖုတွေထွက်လို့ပေါ့ဗျာ. ပြန်ရောက်တော့မှ ချစ်သူလေးက တယုတယလေး မေးတယ်. ၀က်ခြံတွေ ညှစ်ပေးမယ်တဲ့ အဲဒါနဲ့ပဲ အင်းလျားကန်စောင်းက ပန်းခြံလေးထဲကိုသွားပြီး… (ဩော် ဆောရီးဗျာ. တော့ပစ်လွဲသွားတယ်. ဒါက သက်သက်ဗျ. ဘွာတေးနော်. ဘွာ.ဘွာ)

၎. ပုဆိုးဝတ်ရင် ချက်ပြုတ်မ၀တ်ချင်ဘူး. ဒါပေမယ့် ချက်နားမှာဝတ်ရင်လည်း ပုဆိုးက ကြပ်ထုတ်ထုတ်ကြီးနဲ့ ကိုယ့်ရဲ့ ခါးတွေ တုတ်လာသလိုမျိုး အနေအထိုင်ကြပ်တယ်. ဒါနဲ့ပဲ ပုဆိုးဖြန့်ဝတ်ရင် ချက်တင်လောက်ဝတ်တယ်. ပြီးတော့ လက်မနဲ့ အောက်ကို နည်းနည်းလေး ဆွဲချလိုက်တယ်. အင်္ကျီစကို ဟိုနည်းနည်း ဒီနည်းနည်း ပြန်ဆွဲထုတ်တယ်. မြင်တဲ့သူတွေက ပြောတာပေါ့. `သိပ်ပဲများတာပဲ´ တဲ့. တကယ်ပါဗျာ. မတတ်နိုင်ပါဘူး. ခါးပတ်သာပတ်ထား ဖို့ကောင်းတော့တယ်. ပုဆိုးလည်း ခဏခဏ ကျွတ်တတ်ပါတယ်. (ဟေ့ ဘာရီတာလဲကွ) ခဏခဏ ပြန်ပြင်ဝတ်ရလွန်းလို့ ကျွန်တော် ပုဆိုးဝတ်တိုင်း ကျွန်တော့်ကိုချစ်တဲ့သူလေးက စိတ်ရှည်လက်ရှည်လေး ပြုံးပြီး ရပ်စောင့်ပေးနေတတ်ပါတယ်. ခုတော့လည်း သူလေးနဲ့ ကျွန်တော်နဲ့ Sniff… Sniff… Sniff…
cry

၅. တစ်နေရာရာကို ခဏပဲသွားရင်တော့ သိပ်ခေါင်းမစားဘူး. ခဏခဏ သွားနေရရင်တော့ လမ်းကြောင်းကို အမျိုးမျိုးပြောင်းပြီးသွားတတ်တယ်. စမ်းချောင်းမှာ စာပြတုန်းက ဦးဖီးလမ်းက ကျောင်းသားလေးတစ်ယောက်ကို သင်ပေးရတယ်. သူ့အိမ်ကိုသွားရင် လမ်းအမျိုးမျိုးက သွားတယ်. ရှမ်းလမ်းမှာဆင်းပြီး ဆီဆုံလမ်းဘက်ကနေ ကွေ့ဝင်တတ်သလို၊ ပဒုမ္မာ ကွင်းဘက်ကနေ လမ်းကြိုလမ်းကြားလေးတွေ သုံးပြီးတော့လည်း သွားတတ်ပါတယ်.

လမ်းလျှောက်ရင်လည်း ခြေထောက်ကို တည့်တည့်ထားပြီးလျှောက်တယ်. တစ်ခါတစ်လေ ခြေခွင်ပြီးလျှောက်မိပြီဆိုရင် ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိတတ်တယ်. လမ်းလျှောက်နေတုန်း ဘယ်ဘက် ခြေမျက်စိကို ညာဘက်ခြေထောက်က လာပွတ်မိသွားရင် ညာဘက်ခြေမျက်စိကို ဘယ်ဘက်ခြေထောက်နဲ့ မသိမသာလေး ပြန်ပွတ်လိုက်တယ်. လူသိအောင်တော့ ဘယ်ပွတ်ပါ့မလဲနော်. (ခြေထောက်ပွတ်တာနော်.) အဲလိုလုပ်လိုက်ရမှ ကိုယ့်ကိုယ်ကို ပြန်ပြီး Balance ဖြစ်သွားသလို ခံစားရတယ်. ထူးဆန်းတဲ့ ဆိုက်ကိုပါပဲဗျာ..

၆. ညညသိပ်မအိပ်ဘူး. နေ့နဲ့ညမှားနေတယ်လို့ ထင်ရတယ်လို့တောင် ချစ်မေမေက ပြောသေးတယ်. တစ်ခုခုကို စမိရင် ဆုံးအောင်လုပ်တတ်တယ်. (အကောင်းမထင်နဲ့ဦးနော်. ဆုံးအောင်ဖတ်). Dungeon Siege Game ကို စဆော့တော့ ည ၇ နာရီ. ဆက်တိုက်ဆော့ပစ်လိုက်တာ မနက် ၉ နာရီ အမေက နားရွက်ကိုလာဆွဲမှပဲ ထတော့တယ်. အခန်းတွေလည်း အများကြီး တက်သွားတာပေါ့. ဒါပဲ နောက်ရက် ထပ်မဆော့တော့ဘူး. စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်တယ်ဗျ. တိမ်ပေါ်ရောက်သွားရင်တော့ ကြာကြာမနေချင်ပါဘူး. (ချစ်သူလေးမှ မရှိပဲကို) သိကြားမင်းကလည်း နတ်သမီးလေးတွေ အားလုံးကို Patent လုပ်ထားတယ်လေ. ခက်ချေပြီ.

ဘလော့ဂ်ကိုစလုပ်တော့လည်း ဘာမှမသိဘူး. သူများလုပ်တာကို လိုက်ကြည့်တယ်. စမ်းကြည့်တယ်. မရဘူး. ထပ်လုပ်တယ်. မရပြန်ဘူး. တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ဂ်ကို ၀င်ကြည့်တယ်. သူက ပြောတယ်. ငါ EOT လုပ်ထားတယ်တဲ့. ဟိုက် သေစမ်းဟ. ငါ့မှာတော့ မြန်မာလိုတောင် ဘယ်လိုရိုက်ရမှန်းမသိသေးဘူး. သူက EOT တောင် လုပ်နေပြီ. ဒီညတော့ ငါရအောင် လုပ်မယ်ဆိုပြီး အပီအပြင်ကို Research လုပ်လိုက်ပါတယ်. ရသွားပါတယ်. ပြီးတော့ မြန်မာလို ရိုက်တာကျွမ်းအောင်လည်း KB Layout ကို Print ထုတ်ပြီး လက်တင်ပြီး စိတ်ထဲပေါ်တာမှန်သမျှ လိုက်ရိုက်ပါတယ်.

ဥပမာ.. `ကိုယ်မင်းကို တကယ်ချစ်တာပါကွာ. မင်းက ကိုယ့်ရဲအချစ်တွေကို မမြင်နိုင်ခဲ့ဘူးနော်. ကိုယ့်ကြောင့်မင်းလေးမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ခဲ့ရမယ် ဆိုရင်တော့ ကိုယ်လာရာလမ်းအတိုင်းပဲ ပြန်ပါတော့မယ်ကွာ..´ ဘာညာသာရကာပေါ့ဗျာ….

အဲဒါပဲဗျ စွဲမိစွဲရာ စွဲတယ်ဆိုတာ. အစွန်းနည်းနည်းရောက်ပါတယ်. နောက်တစ်နေ့ကျရင်တော့ တစ်နေ့လုံးခွေပြီး အိပ်နေတတ်ပါတယ်. ထမင်းတောင် မစားဖြစ်တဲ့နေ့တွေ ရှိပါသေးတယ်. (ခေါက်ဆွဲပြုတ်စားနေလို့ပါ…)

၇. တစ်ခုခုကို အစီအစဉ်အတိုင်း မလုပ်ချင်ဘူး. ကျော်လို့ရတာမှန်သမျှ ကျော်ပစ်လိုက်ချင်တယ်. ပြီးမှ လိုတာလေးတွေကိုပဲ လိုသလို ပြန်ပြီး ကြည့်ချင်တယ်. စာဖတ်ရင်လည်း Chapter အစဉ်အလိုက်မဖတ်ချင်ဘူး. စုံထောက်ဝတ္တုဆိုရင်တော့ တစ်လုံးတစ်ပါဒမလွဲ အစီအစဉ်အတိုင်း လိုက်ဖတ်တယ်. ဒါကြောင့်လည်း လူက စာတွေ့မှာ ပိုပိုပြီး အားနည်းလာတယ်ဗျာ. အချစ်မှာလည်း ဒီလိုပဲ. အရင်ဆုံးချစ်ပစ်လိုက်တယ်. ပြီးမှ လိုတာလေးတွေကိုပဲ ပြန်ပြန်ကြည့်တယ်. (ဩော်. ချစ်သူလေးရဲ့ အမှားတွေကို သွန်သင် ဆုံးမပေးတာကို ပြောတာပါဗျာ…)

၈. ကိုယ့်ကိုယ်ကို လူခန့်တစ်ယောက်လို့ ထင်တတ်တယ်. လူတွေအများကြီးထဲသွားရင် ငါ့ကိုတော့ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ဆိုက်ကို ရှိတတ်တယ်. ဒါကြောင့်လမ်းသွားရင် မလုံမလဲတွေ ဖြစ်နေတတ်တယ်ဗျ. အ၀တ်အစားနဲ့ ဆံပင်ကို ဂရုစိုက်တယ်. ဆံပင်ပုံစံ ခဏခဏ ပြောင်းတတ်တယ်. အ၀တ်အစားကို ဈေးကြီးတာ မ၀တ်ချင်ဘူး. စာအုပ်ဆိုရင် ဈေးကြီးလည်း ၀ယ်တယ်.

တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲသွားတယ်. Guide လခ ထုတ်ပြီးကာစပဲပေါ့ဗျာ. လက်ထဲမှာ ၃ သောင်းလောက် ပါလာတယ်. သူငယ်ချင်းက စတိုးဆိုင်မှာ ဇစ်ပိုမီးခြစ်တစ်လုံးနဲ့ နေကာမျက်မှန်တစ်လက် ၀ယ်တယ်. ဘယ်လောက်လဲဆိုတာတော့ မမှတ်မိတော့ဘူး. ကျွန်တော်ဘာတစ်ခုမှ မ၀ယ်ခဲ့မိဘူး. ပြီးတော့ ဆူးလေဘုရားလမ်းပေါ်က အရုဏ်ဦး စာအုပ်ဆိုင်ကို ၀င်တယ်. အဲဒီ့မှာ ကျွန်တော်သိပ်ကြိုက်တဲ့ Dictionary စာအုပ်ကို တွေ့လိုက်တယ်. ဆိုင်ရှင်ကလည်း ကျွန်တော့်အကြောင်းသိတော့ ၃ အုပ်ပဲ ကျန်တော့တယ်လို့ ပြောတယ်. ကျွန်တော်ဝယ်ခဲ့ပါတယ်. ဘယ်လောက်လဲသိလား. ၂ သောင်း ၇ ထောင်ပါ…

သူငယ်ချင်းကတော့ ကျွန်တော့်ကို လူထူးလူဆန်းကြီးသဖွယ် ကြည့်လို့ပေါ့. ကျွန်တော် တစ်ကိုယ်လုံးဝတ်ထားတာတွေက ၂၅၀၀ တန် ရှပ်အင်္ကျီရယ်၊ ၂၀၀၀ တန် ချည်ချောလုံချည်ရယ်. မင်နီဘောပင်လေးတစ်ချောင်းရယ်၊ ၁၅၀၀ တန် Leather အတု ပိုက်ဆံအိတ်လေးရယ်နဲ့ ခုလိုမျိုး သုံးထည့်လိုက်တော့ သူလည်း ဖြုံသွားတာပေါ့.

ဟဲဟဲ ဘာရမလဲ. ကျွန်တော်လည်း ရင်ကိုကော့ထားတာပေါ့. ခေါင်းထဲမှာတော့ ဖေမြင့်ရဲ့ စာတစ်ကြောင်းက ပြေးနေတယ်.
`ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ´ တဲ့..

အဲဒါလည်း ကျွန်တော့်ရဲ့ ထူးဆန်းတဲ့ အကျင့်တစ်ခုပါပဲ.

၉. ဘောင်းဘီသိပ်ဝတ်လေ့ဝတ်ထ မရှိပါဘူး. (လုပ်ပြန်ပြီလို့ မပြောနဲ့နော်. ဆုံးအောင်ဖတ်). ကျွန်တော်က ရန်ကုန်မှာနေတုန်းက စာသင်တဲ့ ဆရာတစ်ယောက်လုပ်ခဲ့ဖူးတယ်ဗျ. TOEFL, Grammar, SAT နဲ့ ၁၀ တန်းကျောင်းသားတွေကို သင်တာပေါ့ဗျာ. (ကြော်ငြာဝင်၏) ကိုယ့်ရဲ့ အလုပ်သဘောနဲ့ကိုက်အောင် ပုဆိုးပဲ အ၀တ်များခဲ့တယ်. နောက်ပိုင်း ဘောင်းဘီစမ်းဝတ်ကြည့်တယ်. ရဘူးဗျ. (ကျွတ်မကျပါဘူး) လမ်းလျှောက်ရတာ ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်နေတယ်. မဟန်လို့ ပြန်ချွတ်လိုက်ရတယ် (ဘောင်းဘီ)

နောက်ပိုင်းတော့ ပုဆိုးနဲ့ပဲ နေဖြစ်ပါတော့တယ်. လေယာဉ်ကွင်းကို ဆင်းတဲ့နေ့ကတော့ ဘောင်းဘီနဲ့ပေါ့ဗျာ. ခုတော့လည်း ပုဆိုးဝတ်ရင် မနေတတ်တော့ပြန်ဘူး. လူဆိုတာကလည်း တစ်ခုခုကို ကြာကြာလုပ်မိရင် စွဲတာကိုးဗျ နော် (ဩော်. ဘောင်းဘီကိစ္စနော်. တစ်ခြားဟာတွေ လျှောက်တွေးမနေနဲ့)

ကျန်သေးတယ်. ဘောင်းဘီဝတ်ရင် ဘောင်းဘီအိတ်ထဲကို လက်အမြဲနှိုက်ထား တတ်တယ်. ရှက်တတ်လို့ပါ. လက်ကို ဒီတိုင်းချထားရင် ကားယားကြီးဖြစ်နေတယ် ထင်လို့ အိတ်ထဲ လက်နှိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ကျုံ့လိုက်တာပါ. ဘောင်းဘီထဲနှိုက်ထားတဲ့လက်ကိုလည်း ငြိမ်ငြိမ်မထား တတ်ဘူး လှည့်နေတတ်တယ်. (ဟိုးထား စာကျန်သွားပြီ… ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ အကြွေစေ့လေးတွေကို လှည့်နေတတ်တာကို ပြောတာပါ)

၁၀. နောက်ဆုံးထူးဆန်းတဲ့ အကျင့်တစ်ခုကတော့ ဒေါသကြီးပြီးအရမ်းအရွဲ့တိုက် တတ်ပါတယ်. ဒါကြောင့်လည်း ဆုံးရှုံးမှုတွေ ပိုများတတ်သလို သူများတွေနဲ့ မတူထူးခြားစွာလည်း အောင်မြင်ခဲ့ဖူးပါတယ်. ဆံပင်ညှပ်ရင် တစ်ခါစိတ်တိုရပါတယ်. ကျွန်တော့်ဆံပင်ကို ပုံစံကျအောင် ညှပ်တတ်တဲ့ ဆံသဆရာ ခပ်ရှားရှားပါ. ကျွန်တော့်ခေါင်းက ကြီးပြီး ဆံပင်အလွန်သန်ပါတယ်. ရှည်လာရင် ဘေးကို ကားထွက်လာရော. တိုလွန်းရင်လည်း ကြည့်မကောင်းပြန်ဘူး. ဒါကြောင့် ဆံပင်ကို အလယ်မကျ ဘေးမကျ စကခွဲလေးခွဲပြီး အရှည်ထားပါတယ်. လောလောဆယ် ရွှေအိုရောင် ဆိုးထားပါတယ်. စိတ်နည်းနည်းညစ်ရင် ဆံပင်ပုံစံပြောင်းပါတယ်. ဟုတ်ကဲ့. ကျွန်တော်စိတ်ခဏခဏ ညစ်ပါတယ်. ဒါကြောင့် ဆံသဆရာ အလွန်ပျော်ပါတယ်.

တစ်ချို့က ခေါင်းမာတယ်လို့ ပြောတတ်သလို တစ်ချို့ကတော့ ဇွဲကောင်းတယ်လို့ ပြောပြန်ပါတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို သိနေတာတစ်ခုကတော့ ကျွန်တော် ဇွတ်တရွတ်နဲ့ အရွဲ့တိုက်တတ်ပါတယ် ခင်ဗျာ…

ကြောက်တတ်သူများ ရှောင်ကြပါ ရှားကြပါ…

ချစ်တတ်သူများ လာကြပါ လည်ကြပါ…

ကဲကဲ. ဒီလောက်ပါပဲ.

ကျွန်တော် Tag လုပ်ချင်တဲ့ ဘော်ဘော်များကတော့..

အဟမ်းအဟမ်း

၁. မေဓာဝီ (အစ်မကြီးပျင်းနေမှာစိုးလို့ပါ)
၂. မသဉ္ဇာ (Done)
၃. ကိုမျိုးကျော်ထွန်း (Done)
၎. ညလေး (Done)
၅. သဲလေး (Done)
၆. မဟေမာနဲ့(Done)
၇. ကိုဝေယံလင်း (Done)

တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ….


ဒီ Tagging Game ကိုလိုက်ရေးပြီး နောက်ထပ် ဘလော့ဂါ အနည်းဆုံး ၆ ယောက်ကို ထပ်ပြီး Tag တဲ့သူတွေ DV Lottery ပေါက်ပြီး တစ်နှစ်အတွင်းမှာ American Lottery ဆက်ပေါက်တယ်တဲ့ဗျာ.

မရေးမိတဲ့ ကောင်မလေးတစ်ယောက်ဆိုရင် Tom Cruise နဲ့ Brad Pitt တို့က ၀ိုင်းလိုက်လို့ ပတ်ပြေးနေရတယ်ဆိုပဲ. (သူတို့မိန်းမတွေရဲ့ ဘော်လီတွေ ခိုးသွားလို့တဲ့ သူတို့က အဲဒီ့ဘော်လီလေးတွေကိုမှ တမ်းတမ်းစွဲဆိုလားဗျာ.)

မရေးမိတဲ့ နောက်ထပ် ကောင်လေးတစ်ယောက်ကျတော့ သူနဲ့ ရတဲ့ မိန်းမက ညညအိပ်ရင် ရေလည်းမချိုး၊ အရမ်းလည်းဟောက်တတ်တဲ့မိန်းမ ဖြစ်နေတာကို သိလိုက်ရတယ်တဲ့ဗျာ…

ဒါကြောင့် ရေးကြပါ ရေးကြပါ.. ဘော်ဘော် ဘလော့ဂါတို့ရာ…


10 comments:

Myo Kyaw Htun said...

အားတဲ့တစ်ရက်ပေါ့ (မရေးတော့ ဘာဖြစ်လဲ) :P

Yan said...

မရေးလို့ရှိရင်လား
ကိုမျိုးကြီးရေးတဲ့ Project ကို Google က Microsoft နဲ့ အပြိုင်ဈေးပေးပြီးမှ ဘုတ်အဖွဲ့ရဲ့ သဘောကွဲလွဲချက်ကြောင့် မ၀ယ်ဖြစ်တော့တာဖြစ်သွားနိုင်တယ်. ဘာမဆို လိုက်ဝယ်နေတဲ့ Google တောင်မ၀ယ်ဘူး ဆိုပြီးတော့ Microsoft တို့ Apple တို့လည်း လက်ရှောင်ရော. နောက်ဆုံး ဘယ်သူမှ မ၀ယ်တာနဲ့ပဲ BaganNet က ကိုတေဇက အောက်ဈေးနဲ့ နှိုက်တာကို ခံရနိုင်ပါတယ် ကိုမျိုးကြီးရေ….

:D

Thinzar said...

ဟိုက်ရှ်.. ၈ခုဘဲ ရေးလို့ရလားဟင်

Tesla said...

၁) သိပ်မလည်ရှာဘူး အကျင့်ကောင်းကြီး
၂) ဘာတွေ လျှောက်တွေး နေတာလည်းတွေ လျှောက်တွေးနေတယ်
၃) တောင်လေလား မြောက်လေလား အပေါ်လေလား အောက်လေလား
၎) သနားပါတယ်ဗျာ မာမီရန်ရဲ့ ချစ်တူလေး
၅) တော်သေးပါရဲ့ ခြေထောက်မို့လို့
၆) ကြောက်ချာကြီး
၇) ဦးစားပေး အဆင့်တွေကတော့ ပြောင်မြောက်ပ
၈) ယုံဘူးဆို ယုံဘူးဆိုပဲ..
၉) ဘောင်းဘီထဲ လက်နှိုက်ပြီး.. (ဆင်ဆာထိသွားသည် ဒူဝေေ၀)
၁၀) ဂတုံးတုံး လိုက်ပေါ့အေ..
ကဲ.. လာကြ လာကြ ဒီမှာ မာမီဂတုံး တဲ့နော်
အဟွမ်း အဟွမ်း..

Anonymous said...

မောင်ရန်ရေ.. မင်းဟာဖတ်ပြီး ရီနေတယ် ။

guide လုပ်ဖူးတဲ့မင်းကို ဆရာပုံစံနဲ့ဆိုတာ ပြောပြလို့သာ ယုံရတော့မယ် ။

(၁) ခွအိပ်တတ်တယ်ဆိုတော့ မင်းမိန်းမ တနေ့ဖြစ်လာမယ့်သူတော့ အသက်ရှူကျပ်မှာ မြင်ယောင်သေးတယ် ။

(၃) အပြင် အိမ်သာတွေ မတက်ချင်တာ တူတယ် ။ အစ်မရန်ကုန်ပြန်တုန်းက အိမ်သာသွားတိုင်း စက္ကူဆောင်ရ ၊ လက်အတွက် sanitiser ဆောင်ရနဲ့ ။ ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်တယ် ။

(၄) အောင်မလေး.. မလွယ်ဘူးဟဲ့ ။ ကောင်မလေးကတောင် ပြန်စောင့်ပေးရတယ်တဲ့ ။

(၈) နောက်တခါ ဆံပင်မညှပ်ဘဲ ဆံပင်အရောင်ဆိုးကြည့်ပေါ့ ။ ဒါမှ တကယ် နီဂရိုးမလေးတွေရဲ့ ကိုကိုဖြစ်သွားမှာ ။

Anonymous said...

oh my goodness, you are like, so weird! haha, just kidding.. i'm glad everyone is having fun playing this game.

Anonymous said...

ကိုတက်စလာနဲ့ ကိုရန်နဲ့ သိပ်ရယ်ရတာပဲ

Myo Kyaw Htun said...

မင်းသားကြီး ကျွန်တော့် ဘလော့ဂ်မှာ ရေးထားတယ် ကြည့်ဦး

kyawmintun said...

ဂွတ်တယ်ဗျို့ ... ခင်ဗျားစာသားတွေ

Winkabar said...

ကိုရန်အောင်
ဟိုးတုန်းက tag game ဆိုတဲ့ဘလော့ကိုတစ်ခါရောက်ဖူးတယ်။ ကိုရန်အောင့်ဟာတော့မဖတ်ဖြစ်ဘူး။
ဒီနေ့သတိရလို့ထပ်သွားလိုက်ပြီး ကိုရန်အောင့်ဟာ ဖတ်လိုက်တာ ရင်ဘတ်ကိုနာရောပဲ။
ညကြီးဆိုတော့အားလုံးကအိပ်နေတာလေ အသံမထွက်အောင် အောင့်အောင့်နေရတော့ ရင်ဘတ်နာတာ အူမတက်ဘဲနဲ့။
အော် ငါ့ နှယ် ညမှသွားဖတ်မိတာကိုး။ အရမ်းကိုရယ်ရတယ်။ ပြန်တွေးလေရယ်ချင်လေပဲ။