Friday, April 13, 2007

စားကြမယ်ဟေ့ကောင်းကောင်း


ဒီနေ့ ကြက်သားနဲ့ အာလူးချက်တယ်ဗျာ.

ကြက်သားကို ရေစင်အောင်ဆေးပြီးတော့ အရေခွံတွေဆုတ်လိုက်တယ်. ပြီးတော့ ဓားလေးနဲ့ နည်းနည်းလောက် မွှမ်းလိုက်တယ်. အထဲကို အရသာလေးတွေ ၀င်သွားအောင်လို့လေ. ကြက်သွန်နီ ၂ ဥလောက်ကို ခပ်ပါးပါးလေး လှီးပြီးတော့ အိုးထဲကို ထည့်ထားတယ်. ဆီမသတ်ဘူးနော်. လုံးချက်မှာမို့. ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး အိုးထဲကို ထပ်ထည့်လိုက်တယ်.

ပြီးသွားတော့ Cinnamon, Meat Tenderer, Chili, Soy Sauce, Curry Powder, Salt, MSG လေးတွေကို သင့်တော်သလို ထည့်လိုက်တယ်ဗျာ. မဆလာက ရန်ကုန်က မှာထားတဲ့ ကုလားလေး မဆလာနော်. ငရုတ်သီးတောင့် ၅ တောင့်လောက် ချေပြီးထည့်လိုက်တယ်. စားရတာ စပ်စပ်လေး ဖြစ်သွားအောင်လို့. ပြီးတော့ သကြား ၁ ဇွန်းလည်း ထည့်လိုက်ပါတယ်. အရသာကို ပြန်ပြီး Balance လုပ်လိုက်တာလေ…

ဆီကိုတော့ ဇွန်းနဲ့ တစ်ဇွန်းစာလောက်ပဲ ထည့်လိုက်ပါတယ်. မပါရင်လည်း စားမကောင်းဘူး။ များသွားရင်လည်း လည်ချောင်းကြပ်တယ်ဗျ. ရေကို ဖန်ခွက်နဲ့ ၂ ခွက်လောက် ထည့်ပါတယ်. အရည်များများလိုချင်လို့ပါ. ကြက်သားကလည်း ရေထွက်ပါတယ်. ကျွန်တော်ကတော့ အရည်လေးတွေကို ထမင်းပေါ် ဆမ်းပြီး စားတာကို ပိုကြိုက်လို့ပါ. အားလုံးကို ရောသမမွှေပြီးတော့ မီးပြင်းပြင်းနဲ့ တည်ထားလိုက်တယ်. Kitchen Timer လေးကို နာရီဝက်ပေးထားလိုက်တယ်.

တည်ထားတုန်း အာလူး ၄ တုံးလောက်ကို အခွံနွှာပြီး အနေတော်လေးတွေ တုံးလိုက်တယ်ဗျ. မထည့်သေးဘူး. ကြက်သားနည်းနည်းနူးသွားမှ ထည့်မှာ. နို့မို့ဆို အာလူးတွေ ကြေကုန်ရော. အာလူးစားချင်လို့မရတော့ဘူး. အနှစ်တွေ ဖြစ်ကုန်တတ်တယ်လေ.

မီးကပြင်းတော့ ဟင်းအိုးကတော့ တပွက်ပွက်နဲ့ပဲဗျ. မကပ်အောင်လို့ ခဏခဏတော့ ကြည့်ပြီး မွှေပေးရသေးတယ်. အဲဒီ့အချိန်မှာပဲ ထမင်းအိုးတည်လိုက်တယ်ဗျာ. မိနစ် ၂၀ လောက် အချိန်ထွက်နေတာနဲ့ အိပ်ယာပေါ်သွားပြီး FootBinding အကြောင်းရေးထားတဲ့ စာအုပ်လေးတစ်အုပ် ကောက်ဖတ်နေလိုက်တယ်. နာရီလေးကလည်း ထမြည်ရော အာလူးလေးတွေကို ရောလိုက်ပါတယ်. ထပ်မွှေပါတယ်. Timer ကို ၁၅ မိနစ်ပေးပါတယ်.

ခဏစာပြန်ဖတ်နေလိုက်ပါတယ်. အင်တာနက်မရတာ ၅ ရက်ရှိသွားပါပြီ. ဒါကြောင့်မို့ စာဖတ်ဖြစ်တာပါ. နို့မို့ဆို Online ပေါ်မှာ ရောက်နေမှာ သေချာပါတယ်. ၁၅ မိနစ် Timer မြည်တော့ ဟင်းအိုးကို မြည်းကြည့်ပါတယ်. ဆားနည်းနည်း လိုနေတာနဲ့ ထပ်ထည့်လိုက်ပါတယ်.

၅ မိနစ်လောက် မီးအေးအေးလေးနဲ့ ထပ်တည်ထားလိုက်ပါတယ်..

ထမင်းအိုးလည်းကျက်ပါပြီ

ဟင်းအိုးလည်း ကျက်ပါပြီ.

ထမင်းကိုထည့်၊ ဟင်းကိုထည့်၊ သခွားသီးလေး ၃ စိတ်လောက် စိတ်ပြီး၊ ဖန်ခွက်ထဲကို Grape Fruit ဖျော်ရည်လေး လောင်းထည့်လိုက်ပါတယ်. တစ်ဇွန်း နှစ်ဇွန်းလောက် စားနေတုန်းမှာပဲ ဒီအကြောင်းလေးကို ပို့စ်တစ်ခုလောက်ရေးရင် ကောင်းမယ်လို့ စိတ်ကူးပေါက်လာလို့ ကင်မရာယူပြီး ဓာတ်ပုံရိုက်ပါတယ်. တစ်ခြမ်း ပဲ့နေတဲ့ သခွားသီးလေးက ကျွန်တော် ကိုက်စားထားတာပါ.

လာလည်တဲ့သူများကို ဟင်းကောင်းကောင်း ချက်ကျွေးပါမယ်.

အားလုံးကို ခင်လည်းခင်တယ်.

ဗိုက်လည်းဆာတယ်.

စားလိုက်ဦးမယ်ဗျို့….






victoire


8 comments:

Anonymous said...

အာလူးလေးတွေကိုကြော်ပြီးထည့်ချက်တာလည်းတစ်မျိုးကောင်းတယ် ကိုရန်ရ..မကြေတော့ဘူးပေါ့။ ပြီးတော့အိမ်မှာဆိုရင်မွေးအောင်ဆိုပြီး ကြက်သွန်ကြော်ဆီချက်လေးတွေကိုလည်း ချခါနီးထည့်လိုက်သေးတယ်..ရှလွတ်.

နတ္ထိ said...

စားကြမယ်ဟေ့…ကြက်သား…။
ပက်ကြမယ်ဟေ့ …ဘွမ်း..ဘွမ်း…။

အဟား…ချက်နည်းပြုတ်နည်းတွေနဲ့ပါလားဗျ။“ ကြက်တစ်ကောင်လုံး အသုံးချနည်း” blogရေးဦးမလို့လား။ ဒီဘက်မှာတော့ Birdfluနှောင့်ယှက်လဲ KFCတွေ စားလို့ ကောင်းနေတယ်။ ကြက်သားစားပြီး အကြံကောင်းဉာဏ်ကောင်း ထွက်ပါစေဗျာ။

Yan said...

>ဘာညာ... နောက်တစ်ခေါက်ကျရင် အဲလိုလုပ်မယ်. ကျေးဇူးပဲ ဘာညာရေ. ခုလိုမျိုး သူများတွေကို သွားရည်ကျအောင် လုပ်နေတဲ့ အချိန်မှာ ဘာညာက ကျွန်တော့်ကို ပြန်ပြီး သွားရည်ကျအောင် လုပ်သွားတဲ့အတွက် ဟင်းချက်နည်း ပို့စ်တစ်ခု ပြန်ရေးပေး ဘာညာရေ…

Yan said...

>ကိုနတ္ထိ… Bird Flu ဖြစ်လည်း တို့ကတော့ စားမယ်ပဲဗျ. KFC လည်း ဒီမှာ ရေရေလည်လည် ရောင်းကောင်းနေတယ်. ကိုနတ္ထိက ရေတွေဘာတွေပက်နေတယ်ပေါ့လေ. ကျွန်တော်က ဥပုသ်စောင့်မယ် အောက်မေ့နေတာ. ဟားဟား

နတ္ထိ said...

သင်္ကြန်တွင်းမှာ ဥပုသ်စောင့်မလို့ဟာ ကိုရန်အောင် ကြက်သားဟင်းချက်တာတွေ့ပြီး မနေနိုင်တော့ဘူးဗျို့။ သိတယ်မဟုတ်လား…“အစားမက်တော့ တရားပျက်တယ်”တဲ့။ ကြက်တောင်ပံကြော်နဲ့ အဟဲ..ဟိုဟိုဒီဒီလေးနဲ့ ကောင်းတယ်ဗျာ။ အစားကောင်း စားရရင် ဘယ်သူ့ကို သတိရတယ် ဆိုလား…။

Anonymous said...

ကိုနတ္ထိဆိုတာ တရားသမားမှတ်လို့.. ဟိုဟိုဒီဒီ ဆိုပါလား ဟီဟီ ။

ရန်အောင်... မင်းကြက်သားဟင်းက ဓါတ်ပုံထဲတော့ စားချင်စရာပဲး) အစ်မ ဘလော့ဂ်မှာ omelette pasta အကြောင်းရေးဖူးတယ် ။ ချက်စားကြည့်ပါလား ။ http://gyittu.blogspot.com/2007/02/blog-post_6972.html

မေဓာဝီ said...

ကိုရန်အောင်ရေ ..
ကျမတော့ ဥပုသ်ကြီးနဲ့ ဒီပို့စ်ဖတ်မိတာ ဒုက္ခရောက်တော့တာပဲ။ အခု ည ၁၁ နာရီထိုးတော့မယ်။ ရေသောက်ပြီး အိပ်တာပဲ ကောင်းမယ်ထင်ပါရဲ့။

Yan said...

>မမေဓာဝီ...
ရပါတယ်ဗျာ. ခဏနေ ဘဲဥဟင်းချက်နည်း ရေးဦးမှာ. လာအားပေးဦးနော်.
ဟားဟားဟား