Monday, April 02, 2007

ကော်မတီ ဖွဲ့စည်းခြင်း အသေးစိတ် အကြံပြု ဆွေးနွေးချက်


ဒီသတင်းကို ဖိုရမ်မှာ ကြေငြာထားပါတယ်။ ဒါပေမယ့် ဖိုရမ်ကို မရောက်ဖြစ်သေးတဲ့ စိတ်ပါဝင်စားသူ ဘလော့ခ်ဂါများနဲ့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်အတွက် သတင်းအနေနဲ့ ထုတ်ပြန်ပေးလိုက်ပါတယ် ခင်ဗျာ…


ကော်မတီဖွဲ့စည်းခြင်း အသေးစိတ်ကြေငြာချက်

သုတရသပိုင်းမှာ ကိုညီညီသံလွင်ကို အယ်ဒီတာအဖြစ် ခန့်ချင်ပါတယ်. ကိုနေဘုန်းလတ်ကို လက်ထောက် အယ်ဒီတာ အဖြစ်ခန့်ချင်ပါတယ်။ ဘာကြောင့် ဒီလို ကျွန်တော် အကြံပြုရတာလဲဆိုတော့ ကိုညီညီနဲ့ ကိုနေဘုန်းလတ်တို့ ၂ ယောက်လုံးရဲ့ စာပေလက်ရာတွေကို ကျွန်တော်ဖတ်ဖူးပါတယ်။ အားလုံးရဲ့ ယုံကြည်မှုကိုလည်း ရမယ်လို့ ကျွန်တော်ထင်မိလို့ပါ။ မအိမ့်ချမ်းမြေ့၊ ကိုနေဘုန်းလတ်၊ မလင်းလက် တို့ဆီကလည်း reply တွေရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော် အဆင်ပြေပြီလို့ မှတ်ယူချင်ပါတယ်။ ဒါမှ စာမူရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းပိုင်းကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဖြည့်စွက်သင့်တဲ့ အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားစွာ ကမ်းလှမ်းလိုသူများကိုလည်း ကြိုဆိုပါတယ်ခင်ဗျာ.

နည်းပညာပိုင်းစာမူများ ရွေးချယ်ရေးမှာ ကိုမျိုးကျော်ထွန်းကို အယ်ဒီတာ၊ ကိုမြတ်မင်းဟန်ကို လက်ထောက်အယ်ဒီတာအဖြစ် ခန့်အပ်ချင်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေက ခေါင်းဆောင်ပိုင်းနဲ့ အပြန်အလှန် ချိတ်ဆက်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာ ကိုချမ်းမြစိုးက ဦးဆောင်ဆွေးနွေးပါမယ်။

ရန်ပုံငွေ အဖွဲ့မှာ ကိုစိုးဇေယျက Local၊ ကိုကျော်ဇေယျက Global ပိုင်းမှာ တာဝန်ယူပါမယ်။

စည်းရုံးရေးနဲ့ ကြော်ငြာအပိုင်းမှာတော့ ကိုဇင်ကိုလတ်က Singapore Blogger များကို အဓိကထား စည်းရုံးပါမယ်။ ကိုမျက်လုံး၊ ညလေး၊ ကိုမင်းကျော်၊ ကိုရွှေမန်း၊ မသဉ္ဇာ ....စသူတွေကတော့ မြန်မာ ဘလော့ခ်ဂါ အသိုင်းအ၀ိုင်းတွေကို လိုက်လံစည်းရုံးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။

စာအုပ်ထုတ်ဝေရေးနဲ့ ဆင်ဆာအပိုင်းမှာ ကိုစိုးဇေယျပဲ ဦးဆောင်ပါမယ်။ သင့်တော်တဲ့ အဖွဲ့ဝင်များကို သူပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

စာအုပ်နာမည်ပေးရေးမှာတော့ မအိမ့်ချမ်းမြေ့က ဦးဆောင်ပါမယ်။ အဖွဲ့ဝင်တွေကတော့ ကျွန်တော်ဆက်လက် ရွေးချယ်ပေးပါမယ်။ စိတ်ဝင်စားသူများရှိရင်လည်း ကျွန်တော့်ကို email ပို့ပေးပါ။ စုစည်းပေးပါမယ်ခင်ဗျာ...

စာမူဘလော့ခ်ကြီးကြပ်ရေးအပိုင်းမှာတော့ ကိုဝေယံလင်း၊ကိုစိုးဇေယျ၊ ကိုဇင်ကိုလတ်၊ကိုကျော်ဇေယျနဲ့ ကျွန်တော်တို့က စာမူတွေကို ရိုက်နှိပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

သတင်းပြန်ကြားရေးပိုင်းမှာတော့ ခေါင်းဆောင်ရယ်လို့ သတ်သတ်မှတ်မှတ် မထားသေးပါဘူး။ အားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ဆောင်သွားရင်းကနေ သင့်တော်သလို ရွေးချယ်သွားပါမယ်။ ကျွန်တော်တို့ စာအုပ်ကိစ္စပြီးရင် ဘလော့ခ်ဂါ online magazine လုပ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီ့အခါကျမှပဲ အဖွဲ့ဝင်တွေကို သေသေချာချာ ရွေးချယ်သတ်မှတ်မယ်လို့ စဉ်းစားထားပါတယ်. လောလောဆယ်မှာတော့ ကော်မတီထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်ပိုင်းရော၊ အဖွဲ့ဝင်ပိုင်းတွေကရော အားလုံး ၀ိုင်းဝန်းကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

SubCommittee တွေကို စုစည်းထိန်းချုပ်သွားမှာကတော့ Board Committee ပါ။ ပါဝင်မယ့်သူတွေကတော့ SubCommittee တစ်ခုချင်းဆီက ခေါင်းဆောင်တွေပါပဲ. ကျွန်တော်နဲ့ ကိုစိုးဇေယျက Board အဖွဲ့ရဲ့ Organizer အနေနဲ့ တာဝန်ယူပါမယ်။ ပိုပြီးရှင်းလင်းသွားအောင် ပြန်ပြီးစုစည်းဖော်ပြချင်ပါတယ်။

Board Committee
၁. ကိုစိုးဇေယျ
၂. ကိုရန်အောင်
၃. ကိုညီညီသံလွင်
၎. ကိုမျိုးကျော်ထွန်း
၅. ကိုချမ်းမြစိုး
၆. ကိုဝေယံလင်း
၇. ကိုကျော်ဇေယျ
၈. ကိုဇင်ကိုလတ်
၉. မအိမ့်ချမ်းမြေ့

ကြီးကိုးကြီးပါ..


ကျွန်တော် ဒီ msg ရဲ့ feedback တွေကို ၃ ရက်စောင့်ပါမယ်။ ပြီးရင် သတင်းဘလော့ခ်မှာ တင်ပါမယ်။ ဒါကြောင့် အားမနာတမ်း ဆွေးနွေးပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ...

အားလုံး confirm ဖြစ်တာနဲ့ အဖွဲ့ဝင်တွေအချင်းချင်းကြား အပြန်အလှန် ဆက်သွယ်ညှိနှိုင်းနိုင်အောင် Email Address တွေ စုဆောင်း အသိပေးပါမယ်။


လိုအပ်မယ်ထင်တာတွေ၊ ပိုကောင်းမယ်ထင်တာတွေကို ဆက်လက်ဆွေးနွေး အကြံပြုနိုင်ပါတယ်ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားနေတဲ့

ရန်အောင်


2 comments:

Anonymous said...

ဟင်…ကိုရန်..
ဘောဒ့်မှာ ကိုယ်တစ်ယောက်ထဲ ယောင်္ကျားလေးပါလား..
ကိုအိမ့်ချမ်းမြေ့လို့ ပြောင်းရေးရင်..ပိုကောင်းမလားပဲ..ဟိုခေတ်တွေတုန်းကလိုပေါ့..

Yan said...

ဟုတ်ပါဘူးဗျာ. တိုက်ဆိုင်သွားတာပါ. ကိုအိမ့်ချမ်းမြေ့ ဖြစ်စေချင်ရင်လည်း ရတယ်လေ... ပြောင်းပေးလိုက်ရမလား...