Sunday, April 01, 2007

ဘလော့ခ်ဂါတစ်ယောက်၏ ဧပြီ ၁ ရက်နေ့ကြေငြာချက်…


April 1 ရက်နေ့ကို ဧပြီဖူးလ် လို့ပြောကြတယ်။ ပြောချင်ရာပြောလို့ရတယ်။ ဗွေမယူကြေးပေါ့။ ဒီတော့ ကျွန်တော်လည်း နည်းနည်းပါးပါး ပြောကြည့်ချင်တယ်။ စိတ်လေးကို လွှတ်ပြီးတော့ပေါ့ဗျာ။

ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး။ လွတ်လွတ်လပ်လပ်နဲ့ blogging လုပ်ချင်သေးတယ်။ နို့်မို့ဆို ဃရာဝါသ၊ သမ္ဗာဓဟု၊ ကိစ္စများမြောင်၊ လူတို့ဘောင်ဝယ် ဆိုတာလို အလုပ်တွေ ရှုပ်နေတော့မှာ သေချာတယ်။ ယုံလား?

ငယ်ငယ်တုန်းက အဖေက ပြောတယ်။ မင်းက စကားပြောရင် နားမထောင်ဘူးတဲ့။ မင်းက တစ်မျိုးတစ်ဘာသာပဲတဲ့။ မင်းက ကြီးပွားရင် ကြီးပွား၊ မကြီးပွားရင်တော့ ဘာဖြစ်မလဲ မသိဘူးတဲ့။ ၀န်ထမ်းတော့ လုံးဝမလုပ်နဲ့တဲ့။ (အဖေက အစိုးရ၀န်ထမ်းပါ၊ လခလည်း ၁၀ ဆတိုး မရသေးပါဘူး။ ရလည်း ဒီစကားပဲ ပြောမှာပါ) အဲဒီတော့ ကျွန်တော်က ပြန်ပြောတယ်။ “သားက ကိုယ့် company ကိုယ် ထောင်ပြီး အဖေနဲ့ အမေကို တင်ကျွေးထားမှာ” လို့။ ယုံလား?

ချစ်သူက မေးတယ်။ “သူ့ကို ဘယ်လောက်ထိ ချစ်လဲ” တဲ့။ သူ့ခေါင်းလေးပေါ်မှာ ၀ဲနေတဲ့ ဆံနွယ်လေးတွေကို ကိုရီးယားကားတွေထဲကလို တယုတယလေး သပ်တင်ပေးလိုက်ရင်းက ပြောလိုက်တယ်။ “မပြောတတ်ဘူးကွာ... ပြောလိုက်ရင် ပေါ့သွားမှာ စိုးလို့”။ ကျွန်တော့်ရဲ့ ချစ်သူကလေ သူ့ကိုယ်လေးခါနေအောင် တခစ်ခစ်နဲ့ ရီရင်းနဲ့ ပြောပါတယ်။ “သွား၊ လူလည်ကြီး..”တဲ့… ယုံလား?

Professor က မေးတယ်။ အရင်တစ်ပါတ် သောကြာနေ့က ဘာလို့ အတန်းမတက်တာလဲ တဲ့။ မျက်နှာလေးကို နည်နည်း serious ပုံစံ ဖမ်းပြီး ပြန်ပြောလိုက်တယ်။ ကျွန်တော် ညက assignment ရေးတာ ညဉ့်နက်သွားလို့ မနက် မနိုးတာပါ။ ပျက်သွားတဲ့ သင်ခန်းစာတွေကို ပြန်လိုက်ယူပြီး သူများတွေနဲ့ level ဖြစ်အောင် ကြိုးစားပါမယ် လို့… ယုံလား?

ကောင်မလေးက မေးတယ်။ Gtalk မှာ စကားပြောရင် တော်တော်နဲ့ reply မလာဘူးတဲ့။ တစ်ခြားသူတွေနဲ့ chat နေတာလားတဲ့. (တစ်ခြားသူတွေဆိုတာ ကိုစိုးဇေယျတို့၊ ကိုဝေယံလင်းတို့၊ ကိုဇင်ကိုလတ်တို့၊ ကိုကျော်ဇေယျတို့.၊ ..တို့….တို့….တို့ ကို ပြောတာပါ)။ ချက်ချင်း ပြန်ပြောလိုက်တယ်။ “မဟုတ်ပါဘူးကွာ။ ကိုယ့် Wireless Internet က နည်းနည်းနှေးနေတော့ ပြန်မတက်လာဘူး၊ အဲဒါကြောင့် msg ပြန်ရိုက်ရင် ကြာနေတာပါ…” လို့။ ယုံလား? (သူကတော့ ယုံတယ်ဗျ…)

ရည်းစားဆိုရင် ဟိုတစ်ခါ အသည်းကွဲပြီးကတည်းက ထပ်မထားတော့ဘူး။ အသည်းကွဲ ဘလော့ခ်ဂါများရဲ့ ဘလော့ခ်တစ်ခု ဆောက်မလို့ လုပ်နေတယ်။ ကိုစိုးဇေယျက သူထိပ်ဆုံးက ပါမယ်လုပ်နေလို့ မနည်းစောင့်ခိုင်းထားရတယ်။ နေပါဦးလို့။ သူများတွေ ကွဲပါစေဦးလို့။ ခုဆို အိမွန်စိုးက သူလည်း ပါမယ်တဲ့။ သူပြန်မလာတာ ၃-၄ နှစ်ရှိကတည်းက ဒီ “အသည်းကွဲ ဘလော့ခ်ဂါများအသင်း” ကို ၀င်မလို့ စောင့်နေတာတဲ့. ပါဝင်ချင်သူများရှိရင်လည်း email ပို့ကြပါ။ address ကတော့ broken_hearted_bloggers@nomorerelationship.com ပါ. သိလိကတော့ ဂျကားမပီသေးတဲ့ ကလေးမို့လို့ ပါလို့ မရဘူး။ ၁၈ နှစ်ပြည့်ပြီးသူများနှင့် အချစ်သာ ၀င်ခွင့်ပြုသည်…. (ယုံလား?)

ဒါကတော့ ဧပြီ ၁ ရက်နေ့ ကျွန်တော့်ဘလော့ဂ်ကို လာလည်တဲ့သူတွေ အတွက် ဖျော်ဖြေရေး အစီအစဉ်ပါ။ အဲဒီ့ထဲက piano တီးနေတဲ့ ကောင်လေးက ကျွန်တော် ၁၅ နှစ်သားတုန်းက ရိုက်ထားတာပါ။ ကျွန်တော့်အစ်ကိုက နောက်ကနေ ရိုက်ပေးပါတယ်။ Video က နည်းနည်းတော့ ၀ါးနေတယ်ဗျ... (ယုံလား?)




2 comments:

Thinzar said...

ဧပြီ ၁ မှာ ပြောချင်ရာပြောလို့ ရတယ်ဆိုလို့ တို့လဲ ပြောပြီ။ အင်း.. ဆင်ခြေ.. ဆင်ခြေ.. ကလေးအဖေ ကိုမောင်လှ ကိုသာကြည့်။ သူများတွေထက် ဘလော့ဂ် လုပ်နိုင်တယ်။
broken_hearted_bloggers@nomorerelationship.com ကို အီးမေးလ် ပို့လိုက်ပြီ။ တို့ကြိုက်တဲ့ ကိုးရီးယားမင်းသားက မိန်းမယူတော့မယ်ဆိုလို့။ 
n

Yan said...

စိတ်မကောင်းလိုက်တာ မသဉ္ဇာရယ်။ အပျိုကြီးတော့ မလုပ်ပါနဲ့ဗျာ. ကျွန်တော်တို့ bhb (Broken_Hearted_Blogger) အဖွဲ့ထူထောင်ရတဲ့ ရည်ရွယ်ချက်ကိုက အသည်းကွဲဘလောခ့်ဂါများ အတွက် matchmaking service လုပ်ပေးဖို့ပါ။ မသဉ္ဇာကို ကူညီဖို့ အဆင်သင့်ပါ။ ဘာမှ အားမငယ်နဲ့နော်… လိမ္မာတယ်။ ဟုတ်ပြီလား…