Friday, December 26, 2008

ရေခဲမြစ်တစ်စင်း၏ ဆုတောင်း (သို့) မ-၅


ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘ၀နှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ

ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ၀ိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..

ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်...

မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်...

နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော...
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ဩော်... တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ...

ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ

ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ...
ပျော်ရွှင်ပါစေ....
ချမ်းမြေ့ပါစေ....
ရွှင်လန်းပါစေ....
အေးမြပါစေ....

ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ...

ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ...
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..

ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

(ရေခဲငှက်)



Thursday, December 25, 2008

မြန်မာဘလော့ဂ် အကယ်ဒမီဆု ရွေးချယ်ခြင်း....

Myanmar Blog Academy Award 2008



မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ ကမကထ ပြုခြင်း ဖြစ်ကာ၊ ယခုပြိုင်ပွဲ၏ ဝဘ်ဆိုဒ်ပြင်ဆင်မှု နှင့် အခြားသော လိုအပ်သော နည်းပညာများကို T-7 မှ ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၀ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။


ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Wednesday, December 17, 2008

အတုယူလေးစားသင့်သော လူငယ်တစ်ဦး

ဒီပို့စ်လေးကို ရေးပြီးတာ ကြာပါပြီ။ အယ်ဒီတာရဲ့ ခွင့်ပြုချက်မရသေးလို့ စောင့်နေတာပါ။ လေ့လာဖတ်ရှု စံနမူနာပြုနိုင်ကြပါစေ ခင်ဗျာ...

အွန်လိုင်းမှာ ရှာဖွေဖတ်ရှုရင်းက ဒီဆောင်းပါးလေးတစ်ပုဒ်ကို တွေ့မိပြီး လူငယ်လူရွယ်တွေ လေးစားအတုယူနိုင်စေဖို့ တဆင့်ဖော်ပြပေးလိုက်ပါတယ်. ရွှေအမြုတေ ၀က်ဘ်ဆိုက်၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းကတဆင့် ရယူထားတာ ဖြစ်ပါတယ်ခင်ဗျာ. မူရင်းပို့စ်လေးကတော့ ဒီမှာပါ.

"အဓိကအချက်က မြန်မာပြည်မှာ ပညာတတ်တွေ အများကြီးလိုတယ်။ ဟိုမှာပဲ ကျောင်းသွား တက်ပြီး ဟိုမှာပဲအလုပ်လုပ်ကြတာ မကောင်းပါဘူး။ ဒီကိုလည်း တိုးတက်ပြောင်းလဲ သွားအောင်လုပ်ပေး သင့်တယ်"

(ခင်သစ်ရီ၊ Executive Trainer, DKT Business Center)




စီစဉ်တင်ဆက်သူ။ ။ သင်းပပ

"သစ်သစ်ကြီးလာရင် Business Woman ပဲ လုပ်ချင်တယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ Business ပိုင်းမှာ ဘာလို့ ဦးမဆောင်နိုင်ရမှာလဲ။ လုပ်ကိုလုပ်နိုင်ရမယ်ဆိုပြီး တွေးထားခဲ့တာ"ဆိုတဲ့စကားကို ပြောခဲ့တဲ့ ကောင်မလေးက လက်ရှိအချိန်မှာ DKT Business Center ရဲ့ Exceutive Trainer တစ်ဦး ဖြစ်လို့နေပါပြီ။ ခင်သစ်ရီခေါ်တဲ့ ကောင်မလေးက လက်ရှိအချိန်မှာ အသက်အစိတ် (၂၅ နှစ်)။

"ဘယ်ခုနှစ်မှာ ညီမလေးဆယ်တန်းအောင်လဲ"

"၂၀၀၀ ခုနှစ်မှာပါ မမ။ သစ်က ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်ရတယ်လေ။ အမေက ဆရာဝန် သိပ်ဖြစ်စေချင်တာ။ အမြဲစကားများရတယ်။ တော်ပါသေးရဲ့ ဆရာဝန်မဖြစ်လို့"

ဆိုပြီး ရယ်မောပြောဆိုတဲ့ကောင်မလေးကို တအံ့တသြကြည့်ရင်း...

"ဘာဖြစ်လို့လဲ။ ဆရာဝန်၊ အင်ဂျင်နီယာဆိုတာကိုမှ တို့ဆီကလူတွေက ပညာတတ်လို့ ထင်ကြတာ မဟုတ်လား။ စီးပွားရေးလိုင်းက အဲဒီလိုင်းတွေလောက် မမြင့်ဘူးဆို"

"ကိုယ့်ပတ်ဝန်းကျင်မှာ ဆရာဝန်တွေအများကြီးပဲ။ သစ်က ကျောင်းတစ်ဖက်နဲ့ အိမ်မှာ ကျူရှင်ပြသေးတယ်။ အဲဒီထဲက အိမ်ကို အသုံးစရိတ် ပြန်ပေးနိုင် နေတာလေ။ ဆရာဝန်ဆို မေမေကတောင် ထောက်ပံ့ရဦးမှာ"တဲ့။

ကိုယ်ဘာဖြစ်ချင်သလဲ။ ကိုယ်ဝါသနာပါတာက ကိုယ့်ဘ၀အတွက် အကျိုး ရှိမှာလားဆိုတာကို ပီပီပြင်ပြင်တွေးမြင်ခဲ့တဲ့ ခင်သစ်ရီက ဆယ်တန်းအောင်တဲ့ အချိန်ကစပြီး အင်္ဂလန်က နည်းပညာနဲ့သင်ကြားတဲ့ CAT ( Certified Accounting Technician ) Course ကို တက်တယ်။ ဒီသင်တန်းက ၁၆ နှစ် ပြည့်သူတိုင်း တက်လို့ရပြီး တစ်နှစ်သင်တန်း ဖြစ်ပါတယ်။ အဲဒီသင်တန်း တက်နေရင်းက ကွန်ပျူတာကျောင်းစဖွင့်တဲ့အတွက် တက်လိုက်ပါသေးတယ်။ CAT သင်တန်းပြီး သွားတဲ့အခါမှာလည်း အင်္ဂလန်နိုင်ငံက ဘုရင်မရဲ့ အသိအမှတ်ပြုလက်မှတ်ရ ACCA (Association of Chalton Certify Accounting) သင်တန်းကို ထပ်မံတက် ရောက်ခဲ့ပြန်ပါတယ်။

ACCA က ကုမ္ပဏီတွေမှာ စာရင်းတွေဆွဲနိုင်၊ အကြံပေးလုပ်နိုင်တဲ့လိုင်းတွေ အများကြီး ပြုလုပ်နိုင်တာပါ။ အဲဒီသင်တန်းတွေက ၂၁ နှစ် ပြည့်ပြီးတဲ့ မည်သူ မဆို တက်ခွင့်ရပါတယ်။ တခြားပညာရပ်တစ်ခုအနေနဲ့ ဘာတတ်ရမယ်ဆိုပြီး သတ်မှတ်မထားဘဲ အင်္ဂလိပ်စာ ကျွမ်းကျင်သူတိုင်း တက်ရောက် သင်ယူခွင့်ရနိုင် တယ်လို့ဆိုတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ခဲ့ရသူတွေ၊ ကျောင်း ဆက်မတက်နိုင်သူတွေအတွက် အခွင့်ကောင်းပေါ့။ မေးခွန်းတွေ အကုန်လုံးကို ဖြေရမယ့်အချိန်မှသာ အင်္ဂလန်က တိုက်ရိုက်ပို့ပေးတာဖြစ်ပြီး အင်္ဂလန်သံရုံး BC က စာမေးပွဲတွေကျင်းပပေးတာဖြစ်တာကြောင့် အင်္ဂလိပ်စာကတော့ ကျွမ်းကျင်နေ ရမယ်လို့ သူမက ဆိုထားတာပါ။ ၂၀၀၄ ခုနှစ်မှာ ကွန်ပျုတာဘွဲ့ ရရှိခဲ့ပေမယ့် စီးပွားရေးကိုစိတ်ဝင်စားတဲ့ သူမက ကွန်ပျူတာနဲ့ပတ်သက်ပြီး ဘာမှဆက်မလုပ် ဖြစ်ခဲ့ပါဘူး။ သူမ ပြောပြသလိုပါပဲ ကွန်ပျူတာက ဆက်လိုက်မယ်ဆိုရင် လိုင်း တွေက အများကြီးပါပဲ။ စိတ်ဝင်စား ၀ါသနာကြီးသူတွေအတွက် အဆင်ပြေပေမယ့် မနှစ်သက်သူအတွက်တော့ တစ်မျိုးပေါ့လေ။ ခင်သစ်ရီကတော့ စပြီဆိုတည်းက Business ကိုပဲ တွေးမိခဲ့သလို MBA ဆိုတာကိုလည်း သိပ်ပြီးတက်ချင်ခဲ့သူပါတဲ့။ အဲဒီ ACCA (UK) Yangon မှာ သူမက Professional Stage (နောက်ဆုံးနှစ် Stage) ကို ရောက်နေပါပြီ။ Advanced Comporate Fiance တစ်ဘာသာပဲကျန်ပြီး December 2008 ၂၀၀၈ မှာ တက်ရောက်သင်ယူပါဦးမယ်။

"ပြည်ပမှာ သွားတက်ဖြစ်လိုက်တဲ့ သင်တန်းက"

"M.B.A(Webster University Bongkok Campus, St. Louis(US) မှ Branch) ပါ။ ယိုးဒယားမှာသွားတက်ရတယ်။ ကျောင်းက US က လာဖွင့်တာလေ။ သင်တဲ့ဆရာတွေကလည်း American Native တွေပဲ"

ခင်သစ်ရီ တက်ခဲ့ရတဲ့ကျောင်းရဲ့ Main Campus က တကယ်တော့ ဘန်ကောက်ကနေ ၄-၅ မိုင်လောက်ဆက်သွားရတဲ့ ချာအန်းမြို့မှာ ရှိတာပါ။ သစ်ကတော့ ဘန်ကောက်မှာရှိတဲ့ Campus မှာပဲ တက်ရောက်ခဲ့ပါတယ်။ မြန်မ နိုင်ငံမှာနေခဲ့စဉ်က သြစီသံရုံးမှာအလုပ်ဝင်ခဲ့ရတဲ့အကျိုးကျေးဇူးကြောင့် သူမအနေနဲ့ တခြားသူတွေလို သင်တန်းမှာ ဘာသာစကား အခက်အခဲတော့ လုံးဝမရှိခဲ့ပါဘူး။ သို့ပေမယ့် မိခင်စကား မဟုတ်တဲ့အတွက်၊ သူစိမ်းတွေရဲ့အလယ်မှာ ဖြစ်တဲ့အတွက် သင်တန်းရှေ့ထွက်ပြီး နေ့စဉ်လုပ်ရတဲ့ Persentation တွေက သူမကို ကြောက်လည်းကြောက် ရှက်လည်းရှက် စေခဲ့ပါတယ်။ ဒါကလည်း စစချင်းမှာပဲဖြစ်ပြီး နောက်ပိုင်းတော့ အဆင်ပြေသွားခဲ့တာ သူမ ရဲ့ကြိုးစားမှုကြောင့်ပဲပေါ့။

တကယ်တွေ့ခဲ့ရတဲ့ သူမက အခက် အခဲကတော့ "ဈေးဝယ်ထွက်တာ၊ အပြင် ထွက်တာမှာ ယိုးဒယားလိုပြောမှ အဆင်ပြေတာ။ ဒီတော့ ကိုယ် စားချင်တာကို ယိုးဒယားလို အလွတ်ကျက်မှတ်ထားရတယ်။ နောက်တစ်ခုက ယဉ်ကျေးမှုကွာဟချက် ပေါ့။ သူတို့က ညတိုင်း ဒစ္စကိုတွေသွား၊ ကလပ်တွေတက်တာ ကျောင်းက လူအကုန် နီးပါးပဲ။ အစပိုင်းကတော့ ခေါ်ကြတယ်။ သွားမယ်ပေါ့။ သစ်က စိတ်လည်းမပါဘူး။ ကြောက်လည်းကြောက်တယ်။ ညဘက် ကြီး တစ်ယောက်တည်း ပြန်တာ၊ သွားတာ လုပ်ရမှာလည်း မရဲဘူး။ ဒီတော့ မသွားဖြစ်ဘူး။ အဲဒီမှာ တစ်ကိုတည်း ဖြစ်သွား တာပေါ့။ နေ့ခင်းဘက်ဆိုလည်း စာကြည့်တိုက်တွေမှာပဲ အနေများတယ်။ စာဖတ် တယ်။ အတန်းထဲကလူတွေနဲ့ သိပ်မပေါင်း ဖြစ်ဘဲ တခြားအတန်းသားတွေနဲ့ ပိုရင်းနှီး သွားတယ်"
အဲဒီလိုကြိုးစားတဲ့ ခင်သစ်ရီက မြန်မာဆိုပေမယ့် အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့ MBA သင်တန်း မှာ အများအားဖြင့် ဂရိတ် A (အမှတ် ၉၀ ကျော်မှ A ရတယ်) နဲ့ အောင်မြင်ခဲ့သူတစ်ဦးပါ။

"အဓိကအချက်က မြန်မာပြည်မှာ ပညာတတ်တွေ အများကြီးလိုတယ်။ ဟိုမှာပဲ ကျောင်းသွား တက်ပြီး ဟိုမှာပဲအလုပ်လုပ်ကြတာ မကောင်းပါဘူး။ ဒီကိုလည်း တိုးတက်ပြောင်းလဲ သွားအောင်လုပ်ပေး သင့်တယ်လို့ ယူဆတဲ့အတွက်ရယ်၊ ကိုယ်တတ်ထားတဲ့ပညာကို မျှပေးချင်လို့ရယ်ဆိုပြီး ဒီမှာ သင်တန်း တွေ စဖွင့်ဖို့ကြိုးစားနေပါတယ်"လို့ ပြောပြပါတယ်။



၁၆ နှစ်အရွယ်လူငယ်တွေက လူကြီးအနည်းငယ် ဆန်လာပြီး ရင့်ကျက်လာပြီလို့ ယူဆတာ ကြောင့်နဲ့ ဖယောင်းလို စိတ်ထားလေးတွေကို အလွယ်တကူ ပုံသွင်းလို့ရသေးတဲ့အတွက် သင်တန်း သားကို ၁၆ နှစ်ပြည့်ကစပြီး လက်ခံမှာ ဖြစ်ပါတယ်။ ပညာရေး သတ်မှတ်ချက်မရှိဘဲ လူတိုင်းအတွက် အခွင့်အရေးတွေ ဖွင့်ပေးထားပါတယ်။

ကျွမ်းကျင်မှုတစ်ခုထက်ပိုရပြီး Marketing ဗဟုသုတတွေ၊ ကျင့်ဝတ်သိက္ခာကောင်းတွေရရှိ၊ အကြံပေးပညာရပ်တွေ ရရှိနိုင်ကြဖို့ ခင်သစ်ရီရဲ့ သင်တန်းက ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။

"စီးပွားရေးလုပ်ငန်းတွေ ရှိနေသရွေ့ စာရင်းကိုင်ဆိုတာလည်း ရှိ၊ Marketing ပညာရပ်လည်း လိုအပ်နေဦးမှာပါ။ သီအိုရီအရလည်း မှန်ကန်၊ လက် တွေ့မှာလည်း အသုံးချနိုင်တဲ့ အဲလိုပညာရပ်မျိုးတွေကို လူတိုင်း သိသင့်တတ်သင့်တယ်။ လုပ်ငန်းတွေ မှာလည်း အောင်မြင်လာရင် တိုင်းပြည်အတွက်လည်း ကောင်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီး ဖြစ်လာပြီး လူတွေရဲ့ဘ၀တွေလည်း ပြောင်းသွားမယ်လို့ထင် တယ်"လို့ သူမရဲ့ သင်တန်းဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

လူငယ်တွေအားလုံးရဲ့ တန်ဖိုးရှိလှတဲ့ အချိန် တွေကို တန်ဖိုးရှိစွာအသုံးချနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ Internet Cafe တွေရဲ့ ကွန်ပျူတာအလုံး ၂၀ မှာ ၁၈ လုံးက Chatting ၀င်တဲ့သူတွေကြည့်ပြီး ရင်မောနေတဲ့ ခင်သစ်ရီက မကုန်နိုင်တဲ့ အသစ်သစ်သော ပညာရပ်တွေကို လက်လှမ်းမီသလောက် ယူနေဦးမှာ ဖြစ်ကြောင်း Ph.D ဘွဲ့ကို ရယူချင်သေးကြောင်း၊ အကျိုးရှိတဲ့ website တွေက ပညာရပ်တွေကို သင်ယူစေချင်ကြောင်း ပြောပြတာတွေကြားရတော့ သူမရဲ့ မိဘတွေအတွက် ဂုဏ်ယူမိသလို ခင်သစ်ရီလို ပွင့်လန်းလာနေတဲ့ ပန်းပွင့်လေးတွေကိုလည်း မုဒိတာပွားရင်း ကြိုဆိုနေမိ ပါတယ်။

Level တွေခွဲထားတဲ့ Business ဆိုင်ရာ သင်တန်းတွေက ၁၆ နှစ်ပြည့် ပြီးသူ မည်သူမဆို ကိုယ့်ရဲ့ပင်ကိုအရည်အသွေးနဲ့ ညှိပြီးတက်နိုင်တာမို့ စီးပွားရေးပညာရပ်ကို စိတ်ဝင်စားသူတိုင်း ခင်သစ်ရီနဲ့ တွေ့ဆုံညှိနှိုင်းနိုင် ကြပါတယ်။ သင်တန်းကာလကိုလည်း တစ်ပတ်ကို ၂ ရက်နဲ့ ၈ ပတ်က နေ အများဆုံး ၉ ပတ်အထိပဲ သတ်မှတ်ထားပြီး ရုံးချိန်၊ ကျောင်းချိန် အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်လို့ဆိုပါတယ်။ (August 8 ရက်နေ့ မှာ စဖွင့်မှာဖြစ်ပြီး December နဲ့ Juneမှာ စာမေးပွဲ ဖြေဆိုကြရမှာပါ။ နိုင်ငံခြားမှာသွားရောက်ပြီး ကျောင်းတက်တဲ့အခါ ကိုယ့်မိခင်ဘာသာ စကား မဟုတ်တာကြောင့်ရော၊ ပုံစံမတူတဲ့သင်ကြားမှုတွေကြောင့်ရော ပေါင်းစပ်ပြီး စာမလိုက်နိုင်တာ။ သတ်မှတ်ထားတဲ့အဆင့်တွေ မရမရှိ စေရအောင် ဒီကနေ ကြိုတင်ပြင်ဆင်သွားသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုထင်တဲ့သူတွေအတွက် ခင်သစ်ရီရဲ့ DKT က အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သင်တန်းကာလက အနည်းဆုံး တစ်နှစ်ကြာမြင့်ပါလိမ့် မယ်။ Level တွေ ပိုင်းခြားသတ်မှတ်ထားပြီး မိမိနဲ့ အဆင်ပြေရာ၊ ၀ါသနာပါရာဘာသာရပ်ကို ရွေးချယ်နိုင်တယ်။ စုစုပေါင်း ၉ ဘာသာ တက်ရောက်ဖြေဆိုရမှာပါ။ DKT Business Center တက်ခြင်း ဖြင့်ရရှိမယ့်အကျိုးကျေးဇူးလို့ မေးခဲ့ရင်တော့ ကျွန်မ သိသလောက်ပြောရရင် သင်တန်းအပြီး ၆ လလုပ်ငန်းခွင်ဝင်နိုင်ပြီး UK နိုင်ငံက အသိအမှတ်ပြု Chartered Certificate Accounting Technician တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာပဲဖြစ်ဖြစ် အလုပ်အကိုင်ကောင်း တွေ ရရှိနိုင်ပါလိမ့်မယ်)

မြန်မာ့ဂုဏ်ရည်အိမ်ရာ A-3-2, အခန်း(၆၀၃) အထက်ပန်းဆိုးတန်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်က DKT Business Center မှာ ဆရာမလေး ခင်သစ်ရီနဲ့ တွေ့ဆုံရင်း အကြံကောင်းတွေရနိုင်ကြပါစေ။

Sunday, December 07, 2008

You Raise Me Up - Celtic Woman

Youtube မှာ ခရစ်စမတ်သီချင်းတွေ လိုက်နားထောင်နေရင်းနဲ့ ဒီ Orchestra လေးကို တွေ့ခဲ့ရတယ်. သူတို့ရဲ့သီချင်းတွေကို ဆက်တိုက်လိုက်ကြည့်ဖြစ်ရင်းက ကျွန်တော် နှစ်သက်တဲ့ သီချင်းလေး သုံးပုဒ်ကို တင်ပေးလိုက်ပါတယ်.

သီချင်းသံစဉ် ဖွဲ့စည်းပုံ၊ သီဆိုတင်ဆက်ပုံ၊ ဘယ်သံညာသံ ညီညာလှပပုံလေးတွေက သီချင်းဆိုနေတဲ့ မိန်းကလေးတွေကို နတ်သမီးလေးတွေများလားလို့ ထင်မှတ်ရစေလောက်အောင် နှစ်ခြိုက်စေပါတယ်.

ကျွန်တော်အကြိုက်ဆုံးကတော့ You Raise Me Up ဆိုတဲ့ သီချင်းလေးပါပဲ. စာသားလေးပါ ဖော်ပြပေးလိုက်ပါတယ်.

သီချင်း Tempo လေးက ဖြည်းဖြည်းနှေးနှေးလေး သွားနေရာကနေ သံစုံတီးဝိုင်းကြီးက ဖြည်းဖြည်းချင်း နေရာဝင်ယူလာပြီး နောက်ဆုံးမှာ သံပြိုင်တီးမှုတ်သီဆိုလိုက်တာ နားထောင်နေတဲ့သူတောင် ကြက်သီးတွေ တဖျန်းဖျန်းထသွားစေပါတယ်. တော်တော်လေးကို သပ်ရပ်လှပတဲ့ အဆိုအတီးပညာရှင်တွေပါပဲ...


When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

There is no life - no life without its hunger;
Each restless heart beats so imperfectly;
But when you come and I am filled with wonder,
Sometimes, I think I glimpse eternity.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up: To more than I can be.

You Raise Me Up



Christmas Pipes



Spanish Lady



နံပါတ်မရှိတဲ့အချစ်....


ကဲ. ဒီတစ်ခါတော့ မပြောပြဖြစ်သေးတဲ့ အချစ်အကြောင်း ပြောရဦးမယ်.

Dream
(သို့) မက်မက်လေးက တက်ဂ်ထားတာဗျ.

ဒီပို့စ်လေးပြီးရင်တော့ တက်ဂ်ကြွေးကုန်ပြီ...

အချစ်ဆိုတာ ဘာလဲ............

ငယ်ငယ်တုန်းက သီချင်းတစ်ပုဒ်ကြားဖူးတာလေး ရှိတယ်.

အနိုင် ဆိုထားတာပါ.

"အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု..
ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု..
မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု
ငါးရာနှစ်ဆယ့်ရှစ်ထက် ပိုရင် ငိုပွဲတွေစု..
သံယောဇဉ်ဆိုတာကလည်း
ဒုက္ခရဲ့ မြစ်ဖျားခံရာ... ရေသောက်မြစ်တစ်ခု.." တဲ့လေ...

တစ်ခုတွေ နှစ်ခုတွေများနေပေမယ့် တကယ်တမ်းကျတော့ တစ်ခုတည်းပါပဲ..

အချစ်လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့တွေနဲ့ ရင်းနှီးပြီးသား အတွေးအခေါ်တစ်ခုက ၀င်လာပါတယ်. ၅၂၈ မေတ္တာတို့၊ ၁၅၀၀ မေတ္တာတို့ စသည်ဖြင့်ပေါ့. အဲဒါကိုပဲ နာမည်မမှတ်မိတော့တဲ့ စတီရီယိုတေးသံရှင်တစ်ယောက်က ဆိုထားပါသေးတယ်. ၉၇၂ မေတ္တာတဲ့. ၁၅၀၀-၅၂၈ = ၉၇၂ ပေါ့ဗျာ.

ရှုပ်နေတာပဲနော်. နံပါတ်တွေတပ်လည်း အချစ်ကအချစ်ပါပဲ. စဉ်းစားကြည့်ပါဦးလေ... မောင်နှမချစ်ခြင်းမေတ္တာ ဆိုတိုင်း အေးမြရောလား. တကယ်တော့ အဲဒါအေးမြတာမဟုတ်ဘူးဗျ. မောင်နှမတွေဆိုတော့ နေ့တိုင်းတွေ့နေမြင်နေရပြီး ရိုးအီနေကြတာ. ဒီမျက်နှာတွေ၊ ဒီလူတွေနဲ့ပဲ စားအတူ၊ အိပ်အတူ ဖြစ်နေခဲ့တော့ သူ့ကိုချစ်ရတာ ပူလိုက်တာဆိုတာတောင် ဖြစ်ဖို့ မစဉ်းစားမိတော့ဘူး. မောင်နှမတွေအချင်းချင်း ရန်တွေခဏခဏမဖြစ်တာပဲ ကံကောင်းလေ... အဲဒါကို မောင်နှမမေတ္တာ. ၅၂၈ ပေါ့ဗျာ. မပူလောင်ဘူးပေါ့ဗျာ.

ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ မပူလောင်တာမဟုတ်ဘူး. အရမ်းရင်းနှီးနေကြလို့ စိတ်ထဲအဲလောက် အလေးအနက်မထားတော့တာ. တစ်ချို့မောင်နှမတွေကိုကြည့်. အစ်မတွေများ မောင်လေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေလိုက်ကြတာ သူတို့ရည်းစားတွေကိုချစ်တာထက်တောင် ပိုသေး. သူတို့ ပူလောင်ကြတာပေါ့. လင်မယားတွေ နှစ်ရှည်လများ ပေါင်းသင်းလာပြီးကြရင် တစ်ယောက်နဲ့တစ်ယောက် သိပ်မချစ်တော့သလို ဖြစ်ကုန်ကြတယ်. တကယ်တော့ မချစ်တော့တာ မဟုတ်ပါဘူး. ရင်းနှီးလွန်းသွားကြတာ. ရင်းနှီးလွန်းသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အရင်လို ဒေါက်ထောက်ကြည့်တာမျိုးတွေ မရှိတော့ဘဲ. 'နင်လည်း နင့်ဟာနင်နေ၊ ငါလည်း ငါ့ဟာငါနေမယ်' ဆိုသလို ဖြစ်ကုန်ကြတာ. အဲဒါကို ၁၅၀၀ ကနေ ပြောင်းသွားတဲ့ ၅၂၈ လို့ခေါ်မလားပဲ..

တစ်ချို့စုံတွဲတွေကျတော့ သေသည်ထိ ရင်ခုန်နေကြတုန်းပါပဲ. ဒါပေမယ့် မပူလောင်ပြန်ဘူး.

ဒီတော့ကာ အနှစ်ချုပ်ပြောရရင် အချစ်ရဲ့သဘောဟာ ၅၂၈၊ ၁၅၀၀ စတဲ့ နံပါတ်တွေနဲ့ မဆိုင်ဘူး. ရင်းနှီးယုံကြည်စိတ်ချတဲ့ အချစ်နဲ့ သ၀န်တိုစိတ်ပြင်းထန်တဲ့ အချစ်ဆိုတာပဲ ရှိတယ်. ဒါ ကျွန်တော့်အမြင်ပေါ့နော်.

မိခင်တစ်ယောက်ဟာ သူ့ရဲ့တစ်ဦးတည်းသော သား/သမီးကို အရမ်းချစ်၊ အရမ်းအလိုလိုက်ပြီး အဲဒီ့ သား/သမီး အိမ်ထောင်ကျသွားခဲ့တာကိုတောင် အရိပ်တကြည့်ကြည့်နဲ့ လိုက်ပြီး ကြီးကြပ်ကွပ်ကဲ ပါဝင်နေခဲ့တာကြောင့် သားသမီးရဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတဲ့ ဇာတ်လမ်းမျိုးတွေလည်း ကြားဖူးကြ၊ မြင်ဖူးကြမှာပါ။ အဲဒါကို ဘယ်လိုနားလည်မလဲ? မိဘမေတ္တာဆိုပြီးတော့ တသမတ်တည်း အကောင်းထဲကို ဆွဲထည့်တော့မှာလား.

ကျွန်တော်တော့ အဲလိုမမြင်ဘူး. အဲဒါ ပူလောင်တဲ့ မိဘမေတ္တာပါ. အတ္တကြီးတဲ့ မိဘမေတ္တာပါ. ကျွန်တော် မိဘတွေကို ပြန်ဝေဖန်နေတာတော့ မဟုတ်ဘူး. ဒါပေမယ့် မိဘတိုင်းဟာ မိဘပီသစွာ မချစ်တတ်၊မစောင့်ရှောက်တတ်ကြဘူး ဆိုတာကိုတော့ ကျွန်တော် လက်ခံယုံကြည်ထားတယ်. ရင်အုပ်မကွာ စောင့်ရှောက်တိုင်း မိဘမေတ္တာမဟုတ်ပါဘူး တစ်ချိန်မှာ သားသမီးဟာ ကိုယ့်ရင်အုပ်၊ ကိုယ့်အရိပ်ထဲက ထွက်ခွာပြီး သူ့လမ်းသူလျှောက်ရမှာပါ. အဲဒါကို လက်တွေ့ကျကျသိနားလည်ထားပြီး လောကကြီးကို ဘယ်လိုရင်ဆိုင်ရမယ်၊ ဘယ်လိုသဘောထားတွေနဲ့ ဆက်ဆံရမယ်ဆိုတာ၊ ဘယ်လိုသတ္တိရှိရှိ လျှောက်လှမ်းရမယ်၊ ဘယ်လိုလူမှုရေးတွေ နားလည်တတ်ကျွမ်းရမယ်ဆိုတာတွေကို မိဘတွေက သားသမီးတွေကို သင်ပေးရမှာ. ပြီးတော့ စိတ်ချယုံကြည်စွာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းခွင့်ပြုထားရမှာ။ ဒါမှ မိဘပီသတဲ့ မိဘမေတ္တာဖြစ်မယ်. မိဘဆိုတိုင်း အမှန်တွေ ပြောနေတာလို့ ယူဆတဲ့ သားသမီးတွေထဲမှာ ကျွန်တော်မပါဘူး. ဒါ ရိုင်းတာလည်း မဟုတ်ဘူး. ကျွန်တော်နဲ့ ကျွန်တော့်အမေ ပြဿနာ ခဏခဏတက်တယ်. အမေငိုတယ်. အစ်မတွေက ပြောတယ်. မိဘစိတ်ဆင်းရဲအောင် လုပ်တဲ့ သားသမီး၊ မိဘမျက်ရည်ကျအောင် လုပ်တဲ့ သားသမီး ဘယ်တော့မှ မကြီးပွားဘူးတဲ့..

ခက်တာက ကျွန်တော်က မိဘပြောတိုင်း နားထောင်လက်ခံတတ်တဲ့သူ မဟုတ်ခဲ့သလို ကျွန်တော့်အမေကလည်း မျက်ရည်လွယ်သူတစ်ယောက်ဖြစ်နေခဲ့တယ်လေ..

ကျွန်တော် လက်မခံနိုင်တဲ့ တားမြစ်ချုပ်ချယ်မှုတွေအတွက် မိဘမောင်နှမတွေနဲ့ ကျွန်တော် ငြင်းခုန်ခဲ့တယ်. သဘောထားကွဲလွဲခဲ့တယ်.

အချိန်တန်တော့ ကျွန်တော် မိဘရင်ခွင်ထဲက ခွဲခွာလာခဲ့ရတယ်. ကျွန်တော့်စိတ်၊ ကျွန်တော့်ယုံကြည်ချက်၊ ကျွန်တော့်သဘောထားတွေနဲ့ လောကကြီးကို လက်တွေ့ကျကျ ရင်ဆိုင်ခဲ့ရတယ်.

အတွေ့အကြုံနုနယ်လို့ သူများတွေက ကိုယ့်ကို လာကျောသွားတာ၊ ဖျံကျသွားတာ၊ အသုံးချသွားတာတွေ ခံရတယ်. ဒီလိုနဲ့ပဲ ကျွန်တော် လောကကြီးအကြောင်းကို ခံစားချက်တွေ အရင်းပြုပြီး သင်ကြားတတ်မြောက်ခဲ့ရတယ်. မိဘတွေကသာ ဒီအကြောင်းတွေကို သားသမီးတွေ သိနားလည်အောင် ပညာပေး ဆိုဆုံးမ လက်တွေ့ကျကျ သင်ပေးခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ...

ဒါကြောင့် ကျွန်တော် ဆွေးနွေးချင်တဲ့ ဒီတစ်ပိုင်းကတော့ မိဘတွေဟာ သားသမီးတွေရဲ့ စိတ်အနေ ခံစားချက်ကို နားလည်သဘောပေါက်သင့်ပြီး နှစ်ဦးနှစ်ဖက်ညှိုနှိုင်း ပြောဆို ဆုံးမသင့်တယ်လို့ မြင်ပါတယ်. ဒါမှ တစ်နေ့ ဒီလောကကြီးထဲကနေ မိဘတွေ မျက်ကွယ်ပြုသွားခဲ့ရင်တောင် သားသမီးတွေအနေနဲ့ အမှားအယွင်းနည်းစွာ လောကကြီးအလယ်မှာ ရပ်တည်ကျင်လည်နိုင်မှာ ဖြစ်ပါတယ်.

နံပါတ်တွေက အဓိက မကျလှပါဘူး. မိဘတွေက သားသမီးတွေအပေါ် နားလည်သင့်သလို သားသမီးတွေကလည်း မိဘတွေရဲ့ တောင်းဆိုချက်တွေကို နားလည်သင့်ပါတယ်. ဇနီးခင်ပွန်းကြား၊ ချစ်သူတွေကြားမှာလည်း အဲဒီ့လိုပါပဲ.

လင်ယောင်္ကျားတွေအနေနဲ့ကလည်း ချစ်တယ်ဆိုပြီး မိန်းမကို အိမ်ထောင်ရေးထိန်းသိမ်းမှု တစ်ခုတည်းနဲ့ ပစ်မထားသင့်ပါဘူး. လောကကြီးအကြောင်း၊ စီးပွားရေး၊ ကြီးပွားရေး အကြောင်း၊ လူရည်လည်ဖို့ အကြောင်း၊ သားသမီးတွေကို ဘယ်လိုပဲ့ပြင်ဆုံးမသင့်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း သင်ကြားပေးသင့်ပါတယ်. အဲဒါ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ တာဝန်ပါ.

မဟုတ်ရင်တော့ မသကာ သွားရင်းလာရင်း ဖြိုးခနဲ ဖျတ်ခနဲ ကိုယ် သေသွားပြီဆိုပါတော့. မိန်းမခမြာမှာ ကလေးတွေ တစ်ပြုံကြီးနဲ့ 'အမလေး... ရွှေတောင်ကြီး ပြိုပါပေါ့လား...' ဆိုပြီး ငိုချင်းချ ကျန်ခဲ့ရလိမ့်မယ်. သားသမီးတွေလည်း ဒုက္ခရောက်ရလိမ့်မယ်.

ကိုယ်က ရွှေတောင်ဖြစ်ရင် မယားက ငွေတောင်ဖြစ်အောင် သင်ကြားပြသပေးဖို့ ယောင်္ကျားကောင်းတိုင်းမှာ တာဝန်ရှိပါတယ်. စည်းစိမ်ဥစ္စာအရ ငွေတောင်ဖြစ်ချင်မှ ဖြစ်မယ်. ဒါပေမယ့် အတွေးအခေါ်အရ၊ လိမ္မာရေးခြားမှုအရ ငွေတောင်ဖြစ်အောင် သင်ကြားပြသပေးသင့်တယ်.

အရှင်းလင်းဆုံး ဥပမာပေးမယ်ဗျာ.

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတော့ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်နှစ်သမီးအရွယ်လေးပဲ ရှိပါသေးတယ်. ဒါပေမယ့် ဒီနေ့ ဒီလို အောင်မြင်လာခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာ အရ ကြံ့ခိုင်သန်စွမ်းပြီး မယိုင်မလဲဘဲ လောကကြီးအလယ်မှာ ဂုဏ်သိက္ခာရှိစွာ နေနေနိုင်တာ ဘယ်သူ့ကြောင့်လဲ. ဘယ်သူ့ရဲ့ ထိန်းသိမ်းကွပ်ကဲမှုတွေကြောင့်လဲ..

သူကိုယ်တိုင်ရဲ့ အစွမ်းအစ၊ ကိုယ်ရည်ကိုယ်သွေးတွေ ပါနေသလို သူ့မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ သင်ကြားပဲ့ပြင်မှုတွေကလည်း အခရာ ဖြစ်ခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး.

ဒေါ်ခင်ကြည်ဟာ ခင်ပွန်းမရှိတော့ပေမယ့် သားသမီးတွေကို ကောင်းစွာ ထိန်းကျောင်းပြုပြင်နိုင်ခဲ့တယ်. အဲ. သူလိုချင်သလို မဖြစ်လာခဲ့တဲ့ သားသမီးတွေလည်း ရှိမှာပေါ့. (သဘောပေါက်မယ် ထင်ပါတယ်.) အဲဒါကတော့ တစ်ဦးချင်းစီရဲ့ ညာဉ်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ သက်ဆိုင်သွားပြီလေ..

ကျွန်တော်ပြောချင်တဲ့ ပွိုင့်က စည်းစိမ်အရ အောင်မြင်ပြည့်စုံနေဖို့ထက် အတွေးအခေါ်အရ ကျန်းမာကြံ့ခိုင်နေဖို့ သိပ်အရေးကြီးပါတယ် ဆိုတာပါပဲ.

ပုခက်လွှဲသောလက်သည် ကမ္ဘာကို ပိုင်စိုးသည် ဆိုတာ အလကားပြောခဲ့တာ မဟုတ်ပါဘူး.

လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗာစရိယ၊ မိနှင့်ဖ ဆိုတာဟာလည်း တမင်သက်သက် လက်တည့်စမ်းပြီးရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ် မဟုတ်ခဲ့ပါဘူး.

ဒါကြောင့် တစ်နေ့ မိဘတွေ ဖြစ်လာမယ့် ကျွန်တော်တို့တွေ ကိုယ်တိုင်ဟာလည်း အခု ငယ်စဉ်ကတည်းက သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကို မိဘတွေက ဘယ်လိုပြောတာကို ပိုကြိုက်တယ်၊ ဘယ်လိုဆက်ဆံရင် မကြိုက်ဘူးဆိုတာတွေကို လေ့လာစူးစမ်းထားသင့်တယ်၊ နားလည်တတ်ကျွမ်းထားသင့်တယ်. ဒါမှ တစ်နေ့ ကိုယ်မိဘနေရာရောက်တော့ ကိုယ့်သားသမီးကို အကောင်းဆုံး ချဉ်းကပ် ဆုံးမနိုင်တာပေါ့..

သားသမီးတွေကို ဘယ်လို ဆုံးမရမယ်၊ ဘယ်လိုသွန်သင်ရမယ်ဆိုတာကို စာအုပ်တွေထဲက လေ့လာသင်ယူနေတာထက် ကိုယ်တိုင် ငယ်စဉ်က ဘယ်လို ပြုမူဆက်ဆံခဲ့ရတယ်၊ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာတွေကို မှတ်သားနာယူခဲ့တာက ပိုပြီး လက်တွေ့ဆန်ပါလိမ့်မယ်. အသုံးဝင်ပါလိမ့်မယ်.

ဒါကြောင့် ဒီနေရာမှာလည်း ၁၅၀၀ တွေ၊ ၅၂၈ တွေစတဲ့ နံပါတ်တွေနဲ့ မပတ်သက်ပြန်ပါဘူး.

ရှေ့ရေးကို မျှော်တွေးဆင်ခြင် ပြင်ဆင်တတ်ဖို့နဲ့ စိတ်သဘောထား ပြည့်ဝရင့်ကျက်ဖို့ဟာ အိမ်ထောင်ရေးတည်မြဲဖို့အတွက် အရေးကြီးရုံသာမက ကိုယ့်ရဲ့ မျိုးဆက်သစ်တွေရဲ အနာဂတ်အတွက်လည်း ကြိုတင်အကွက်ချ ပြင်ဆင်ပြီးသား ဖြစ်နေတတ်ပါတယ်.

သိုးဆောင်းစကားပုံတစ်ခုရှိတယ်.

A good marriage is one which allows for change and growth in the individuals and the way they express their love.
- Pearl S. Buck

အောင်မြင်တဲ့ အိမ်ထောင်ရေးဆိုတာ တစ်ဦးရဲ့ ပြောင်းလဲတိုးတက်မှုကို တစ်ဦးက နားလည်ခွင့်လွှတ်လက်ခံတတ်ဖို့နဲ့ တစ်ဦးပေါ်တစ်ဦး စိတ်ချယုံကြည်စွာ ချစ်မြတ်နိုးတတ်ဖို့ပဲ ဖြစ်ပါတယ်.
(ပါးလ်အက်စ်ဘက်ခ်)

တစ်ချို့ လင်မယားတွေ ငယ်ငယ်တုန်းက တကျက်ကျက် ရန်တွေ ဖြစ်ခဲ့ကြပေမယ့် ကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်တောင် မခံနိုင်အောင် ချစ်မြတ်နိုးတတ်ကြတာ၊ ရိုင်းပင်းကူညီကြတာ၊ မိတ်ဆွေကောင်းတွေလို ချစ်ခင်စွာ နေထိုင်လာတတ်ကြတာ မြင်ဖူးကြားဖူးမယ်ထင်ပါတယ်. ဒါဟာ မေတ္တာစစ်ရဲ့ ပြယုဂ်ပါပဲ.

မေတ္တာစစ်မှာ ရယူလိုမှုထက် ပေးဆပ်လိုမှု ပိုကဲနေတတ်ပါတယ်. လုံးဝ မရယူပြန်တာလည်း မဟုတ်ပြန်ဘူး. အဲဒီလို သဘောထားနိုင်ရင်တော့ ကောင်းတာပေါ့. ဒါပေမယ့် ပုထုဇဉ်မှန်ရင် ကိုယ့်ချစ်သူကို ပိုင်ဆိုင်ခွင့်တော့ ရချင်ကြသေးတာပဲလေ.

'အချစ်ဆိုတာ...
ပေးဆပ်ခြင်းလို့ ပြောချင်ပြောပါစေကွာ.
ဘယ်သူနဲ့မှ မင်းကို သဘောမတူဘူး. သိရဲ့လား
နည်းနည်းမှ သဘောထားမကြီးနိုင်ပါ..

..
..
ကိုယ်မြတ်နိုးခဲ့ရတဲပန်းပွင့်လေးကိုသာ
အရိပ်တကြည့်ကြည့်နဲ့ ကိုယ့်မှာ ချစ်နေတာ
ရင်မှာဖူးပွင့်ခဲ့စ အချိန်တည်းက ချစ်သူအား
တစ်ပါးသူ နမ်းခွင့် ပေးရမလား...'

ကိုထူးအိမ်သင်ရဲ့ စံပယ်ပွင့်လေး သီချင်းစာသားပါ.

ကိုယ့်ချစ်သူကို ပိုင်ဆိုင်ခွင့်ရခြင်းဟာလည်း အောင်မြင်ခြင်းတစ်မျိုးပါပဲ.
(ဒီစကားကတော့ မလေး ရဲ့ ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ၀တ္ထုတိုလေးထဲက နောက်ဆုံးစာကြောင်းလေးကို ကိုးကားလိုက်တာပါ.)

ပိုင်ဆိုင်ခဲ့ပြီးကာမှ စလယ်ဝင်အိုးလေး ဖင်မမည်းခင် ကွဲပြဲကြရတဲ့ ဇနီးမောင်နှံတွေ ဒုနဲ့ဒေးပါ.

ဘာကြောင့်လဲ..

စိတ်သဘောထား မတိုက်ဆိုင်သဖြင့် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးကြောင်း.......... စုံစမ်းမေးမြန်းခြင်း သည်းခံပါ...

ဘာကြောင့် ဒီလိုတွေ ဖြစ်ရတာလဲ...

ကိုယ့်ချစ်သူကို ပိုင်ဆိုင်ခွင့်ရတိုင်း ကိုယ့်အိမ်ထောင်ရေးဟာ အောင်မြင်အဆင်ပြေလိမ့်မယ်လို့ တစ်ထစ်ချ မယုံကြည်ထားသင့်ပါဘူး. တစ်ချို့ အိမ်ကပေးစားတာကို ယူပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်တတ်ကြလို့ အိမ်ထောင်ပြုပြီးခါမှ ချစ်ခင်မြတ်နိုးသွားတတ်ကြတာမျိုးလည်း ရှိပါတယ်. အဓိကက ကိုယ်ရဖို့ မရဖို့ထက် တစ်ယောက်နဲ့တစ်ယောက် လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးပြီး ချစ်ခင်မြတ်နိုးနေတတ်ကြဖို့ပါ.

ကျွန်တော် မပိုင်ဆိုင်နိုင်တော့တဲ့ ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိတယ်. သူ့ကို ကျွန်တော်သိပ်ချစ်တယ်. သူ့ကို လက်လွှတ်လိုက်ရပြီ ဆိုတဲ့နေ့က ကျွန်တော် ကမ္ဘာပျက်မတတ် ရူးသွပ်ခံစားခဲ့ရတယ်. ဖြစ်ချင်ရာဖြစ် လုပ်တော့မယ်ကွာဆိုတဲ့ မိုက်ရူးရဲ အတွေးအခေါ်တွေ ၀င်လာခဲ့တယ်. အဲဒီ့လိုတွေ ကျွန်တော်ဖြစ်တော့ ပထမ ကျွန်တော် စိတ်ဆင်းရဲရတယ်. ဒုတိယ. ကျွန်တော့်ချစ်သူ စိတ်မကောင်းဖြစ်ရတယ်.

တစ်ချို့အရာတွေက လောကကြီးထဲမှာ ကြိုတင်သတ်မှတ်ထားခဲ့သလို ကံကြမ္မာရဲ့ ဆန်းကြယ်တဲ့ ကစားကွက်တွေ ရှိနေတတ်သေးတယ်ဗျ. ကိုယ်က ဒီလိုမျှော်လင့်ထားပေမယ့်လည်း မမျှော်လင့်တဲ့ ဖြစ်ရပ်လေးတွေက ကိုယ့်ရဲ့ ဦးတည်ချက်ကို ပြောင်းလဲ လှုပ်ခတ်သွားစေနိုင်တာတွေလည်းရှိတယ်.

ဒီတော့ဗျာ. နောက်ဆုံးမှာ ကျွန်တော် စိတ်ကို အဆုံးစွန်ထိ လျှော့ချပစ်လိုက်တယ်. ကျွန်တော်ချစ်တာ သူမကို ဖြစ်သင့်တာလေ. တကယ်တမ်းကျတော့ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် ချစ်နေခဲ့မိတာကိုး. ကျွန်တော် စိတ်ဆင်းရဲမှာ မလိုလားလို့ ကျွန်တော်နဲ့ မပေါင်းဖက်နိုင်တော့တာကို ခံပြင်းလို့ ဒေါသထွက် နာကျည်းခံစားနေတာလေ. သူမ အတွက် ကျွန်တော် ဘာတွေများ စဉ်းစားပေးခဲ့လို့လဲ... သူမလည်း ကျွန်တော့်လို ခံစားနေရမှာ အသေအချာပေါ့.

တစ်ချို့ကိစ္စတွေမှာ ပြီးဆုံးသွားပြီဆိုတာကို ပြီးဆုံးသွားပြီလို့ ကိုယ့်ကိုယ်ကို လက်ခံနားလည်တတ်အောင် ဆုံးမတတ်ရတယ်လို့ ကျွန်တော်မြင်တယ်ဗျ. မဟုတ်ရင်တော့ သူလည်း အကျိုးမရှိ ကိုယ်လည်း အကျိုးမရှိ ဇာတ်မျောကြီးတစ်ပုဒ်ကို ကနေရသလို အချိန်လည်းကုန်၊ လူလည်း စိတ်ဆင်းရဲ၊ ဘယ်သူမှလည်း အကျိုးမရှိ ဖြစ်ရလိမ့်မယ်.

ကျွန်တော် သူမကို မပိုင်ဆိုင်နိုင်တော့ပေမယ့် သူမအတွက် အကောင်းဆုံး မိတ်ဆွေတစ်ယောက်အနေနဲ့တော့ နေပေးနိုင်ပါသေးတယ် လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်တယ်.

အဝေးဆုံးကို ထွက်ခွာသွားချင်နေတဲ့ ကျွန်တော့်ခြေလှမ်းတွေ သူမနဲ့ အနီးဆုံးမှာ ညင်သာစွာ ပြန်ရပ်ခဲ့တယ်.

အဲဒီ့အခိုက်အတန့်လေးမှာ ကျွန်တော့်ရင်ထဲမှာ ဘာနဲ့မှမတူတဲ့ ခွန်အားတစ်ရပ်ဖြစ်ထွန်းလာခဲ့တယ်.

အဲဒါကို ကျွန်တော် ယုံကြည်ရဲရင့်စွာ နာမည်ပေးလိုက်ပါတယ်. မေတ္တာ ရယ်လို့...

'နှလုံးသားမှာ ထားခွင့် မရှိတော့ရင်လည်း
တစ်ခါချစ်ခဲ့ဖူးလို့ ၀မ်းသာတယ်...
...
အကောင်းဆုံးကို ရွေးခွင့် မရှိတော့ရင်လည်း
ဒီဘ၀ဒီမျှနဲ့ ပြီးစေကွယ်..
..
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်.
အချစ်ရယ် နေရစ်တော့ကွယ်
သွားတော့မယ်...'

ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းစာသားလေးတွေပါ. သိပ်ကိုလေးနက်တယ်. သိပ်ကို အဓိပ္ပါယ်ရှိလွန်းပါတယ်.

သိပ်ချစ်ရင် သိပ်ခံစားရတယ်. သိပ်ခံစားရရင် သူနဲ့ မပေါင်းဖက်နိုင်တော့တာကို သိရတဲ့အခါမှာ ပူလောင်ကျွမ်းမြေ့ပြီး အဝေးကို ထွက်ပြေးသွားချင်စိတ်တွေ ဖြစ်လာတတ်တယ်. ဒါသဘာဝပါပဲ.

အဲဒီ့အဝေးကို ထွက်ပြေးသွားချင်တဲ့စိတ်နေရာမှာ. သူ့အတွက် အကောင်းဆုံး သူငယ်ချင်း မိတ်ဆွေတစ်ယောက်အဖြစ် ငါနေပေးနိုင်ရင် သူ့ဘ၀လေး ဘယ်လောက်များ အဆင်ပြေသာယာလိုက်မလဲ ဆိုတဲ့ သဘောထားတစ်ခုကို အစားထိုးပေးနိုင်တဲ့ အခိုက်အတန့်မှာ ခင်ဗျားဟာ နံပါတ်တွေ ကင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာစစ်ကို ရရှိခံစားရပါလိမ့်မယ်.

အဲဒီ့အခိုက်အတန့်လေးဟာ ချစ်ခြင်းတရားကို အောင်နိုင်တဲ့ မေတ္တာအဆင့်ပါပဲ... တစ်ခါလောက်လေး ခံစားကြည့်ဖူးခဲ့ရင်တောင် ခင်ဗျားဟာ အဲဒါကို တစ်သက်လုံး မမေ့နိုင်အောင် တသသ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း အရမ်းကို နှစ်ထောင်းအားရ ဖြစ်ပါလိမ့်မယ်.

'တကယ်ဆိုရင် အချစ်ဟာ ဘာမှန်းမသိတဲ့ ပြဿနာ...
အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ
တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့
ဆုံဆည်းလိုက်ချင်လည်း
တစ်ခါတစ်ရံတော့ အချစ်နဲ့ ဝေးချင်တယ်...'

ကိုထူးအိမ်သင်ဆိုခဲ့ဖူးတဲ့ 'အချစ်ဆိုသည်မှာ' သီချင်းစာသားလေးပါ.

ကျွန်တော်တို့ ချစ်ခဲ့ဖူးကြတယ်.

ကျွန်တော်တို့ အချစ်ကို မျှော်လင့်တောင့်တခဲ့ဖူးကြတယ်.

ဒါပေမယ့် အချစ်ဆိုတာ ဘာလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက်လေ့လာ သင်ယူရဦးမှာ အသေအချာပါပဲ ခင်ဗျာ.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ချစ်ခြင်းတရားအကြောင်းကို သင်ကြားတတ်မြောက်နိုင်ကြပါစေ...

ချစ်ခင်လေးစားလျက်

ရန်အောင်

Saturday, December 06, 2008

ဒဿမတွေအကြောင်း...


အင်း... ရက်ဒ်လေဘယ်လ်မူးသော် ပတ္တမြားခိုးပေါ် ဆိုသလို (ထန်းရည်မူးသော် ကျွဲခိုးပေါ်ဆိုတဲ့ စကားပုံက ဒိတ်အောက်သွားလို့ ထွင်ကြည့်တာ. ဟတ်ဟတ်) တလောကပဲ ကျွန်တော့်ကို မ၀ါဝါခိုင်မင်းက တက်ဂ်ပါလေရော..

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက်(၁၀)ချက် တဲ့..

စိတ်ဝင်စားဖို့တော့ကောင်းသားဗျ. ဘယ်သူစထွင်လိုက်လဲတော့ မသိဘူး. လူတွေတော်တော်များများက ကိုယ့်အကြောင်း အကောင်းပြောတာလေးတွေပဲ လုပ်ချင်ကြတာမဟုတ်လား. ခုတော့ မုန်းစရာကောင်းတဲ့အချက်တွေ ရှာရတော့မယ်...

လာလေရော့...

(၁) ညညဆို တော်တော်နဲ့ မအိပ်ဘူး. မျက်လုံးကြီးက ပြူးနေတတ်တယ်. မနက်ဆို မထတော့ဘူးးးးး ကိုယ့်ကိုယ်ကို ညလူလို့ သတ်မှတ်တယ်. အိမ်က ကျွန်တော့်ကို ခေါ်တာက ကိုရွှေဇီးကွက်တဲ့လေ... ဟတ်ဟတ်. ရန်ကုန်မှာတုန်းက ညညဆို တိုက်ပွဲတွေ ပြင်းထန်နေတတ်တယ်. တစ်ညလုံးပဲ စစ်ချီစစ်တက်၊ အမိန့်ပေး နည်းဗျူဟာတွေချနဲ့ မနက်ခင်း အိမ်အပြင်ဖက်က ကျလိကျလိ ငှက်သံလေးတွေနဲ့ အတူ အိမ်ခန်းထဲကနေ... "ရန်အောင်!!!!!!!!!!!!!! ခုချိန်ထိ မအိပ်သေးဘူးလားးးးးးးးးးးးးး" ဆိုမှ ကွန်ပြူတာကို ပိတ်ပြီး ခြင်ထောင်ထဲ ၀င်ပြေးခဲ့ရတယ်. မနက်ခင်း ကျူရှင်လည်းရောက်ရော လူက အိပ်မှုန်စုံဖွားနဲ့. (ဒါကြောင့်လည်း ရည်းစားမရခဲ့တာနဲ့တူပါတယ်. ဟတ်ဟတ်. ကြုံကြွားးးးးးးးးးး) အထာပေးတဲ့ တစ်ချို့တော့ ရှိပါတယ်. ကျွန်တော်က စိတ်မှမ၀င်စားတာ. ဘယ်ဝင်စားမလဲ. လူက အဲဗားငိုက်နေတာကိုး.. :)

ညနေခင်း ကျောင်းသားဆီ စာသွားပြတော့လည်း လူက ငိုက်နေတတ်တယ်. မသိတဲ့ ကျောင်းသားမိဘတွေကတော့ ထင်ရော့မယ်. ဒီဆရာကတော့ အမြဲတမ်း ကွဲနေပုံထောက်ရင် ရာမမင်းသားနဲ့တူတယ်လို့လေ... သိတယ်မဟုတ်လား. ရာမ ဆိုတာ. ရာမမင်းသားက လေးတင်တယ်လေ. လေးဆိုတော့ နံပါတ်ဖိုးပေါ့ဗျာ. နောက်ဆို ကျောင်းသားအိမ်ထဲဝင်လိုက်တာနဲ့ ကျွန်တော့်တပည့်တွေက ဆရာ ရာမ... ဆရာ ရာမ နဲ့... (ဟတ်ဟတ်. စတာပါဗျာ. )

ဒီရောက်တော့လည်း ဒီတိုင်းပါပဲ. ပေပါရေးမယ်ကွ ဆိုပြီး ညလုံးပေါက်ဖွင့်တဲ့ ကွန်ပြူတာ လက်ဘ်ထဲဝင်. စာပိုဒ်လေး တစ်ပိုဒ်လောက်ရေး၊ Vending Machine နားသွား၊ ယောင်လည်လည်လုပ်၊ ကော်ဖီတစ်ခွက်သောက်၊ အာလူးကြော်ဝယ်စား၊ သူငယ်ချင်းတွေနဲ့တွေ့ရင် ပင်ပေါင်ရိုက်၊ ဘိလိယက်ထိုး၊ မနက် (၃) နာရီလောက်မှ ကိုယ့်စက်နားကို ပြန်လာ၊ ပေပါက ဒုံရင်းပဲ ရှိသေးတယ်. အုံးအုံးဒိုင်းဒိုင်းနဲ့ ကြိုးစားရိုက်၊ မနက် (၅) နာရီလောက်ကျတော့ လူက ကျိုးချင်လာပြီ၊ ပြီးအောင်ရေးမယ်ကွာဆိုပြီး တင်းပြီး ဆက်ရေး၊ (၇) နာရီလောက်ကျတော့ အခန်းပြန်လာ. ခဏလောက်အိပ်မယ်ကွာဆိုပြီး ပြန်အိပ်. မနက် (၁၀)နာရီအတန်းချိန်မှာ ကျွန်တော်က အိပ်မက်တွေမက်လို့ကောင်းတုန်း.

နေ့လယ် ထမင်းစားချိန်ကျမှ အလန့်တကြားနဲ့ နိုးထလာ၊ လွယ်အိတ်ကိုဆွဲ၊ ဆရာ့ရုံးခန်းပြေး...

"ဆရာရယ်.. ဟိုဟာလေ.. သိလား.. ဟုတ်... တိုင်းရေးပြည်ရေးက မကောင်း... ဟုတ်.. ကျွန်တော် ဘလော့ဂ်ရေးတယ်.. ဆရာ.. .ဟုတ်.. လာကြပါတယ်.. ဆရာ. ဟိုလေ. ဟစ်တ်တွေက တစ်နေ့ကို လေးငါးရာလောက်တော့ရှိတယ်ဆရာ.. ဟုတ်... အဲဒါ. ညက တိုင်းပြည်နဲ့လူမျိုးအတွက်.. ဟုတ်.. ကျွန်တော်အိပ်ပျော်သွားတယ်. ဆရာ.. ဟုတ်..."

အဲဒီ့လိုနဲ့ ကျွန်တော့်ဘကြီးလည်း ဆုံးသွားခဲ့တာကြာပေါ့ဗျာ. ဟတ်ဟတ်ဟတ်..

ကျွန်တော့်မှာ ညည အိပ်မရတဲ့ရောဂါများ ရှိနေလားမသိဘူး. ခုဆို ပိုဆိုးတယ်. 'မ' ကလည်း ညကျမှပဲ အွန်လိုင်းတက်လာနိုင်တယ်လေ. သူ့ကိုစောင့်ရတာ၊ သူ့လုံးလုံးလေး စိမ်းလာမှာကိုစောင့်ရတာ. (လုံးလုံးဆိုတာ L လွန်းဝါ ကိုပြောတာမဟုတ်. ဂျီတော့ခ် မီးလုံးအစိမ်းလေးကို ချစ်စနိုးနဲ့ လုံးစိမ်းလေး (၀ါ) လုံးလုံးလေး လို့ ခေါ်တာ.. သိပြီလားးးး)

ကဲ. ကျွန်တော့်ကို ကျွန်တော်မုန်းတာ အိပ်ချိန်ထချိန်မမှန်တာပဲ...
('မ' အကြောင်းလည်း ပါတယ်နော်... ကျေနပ်နော် 'မ')

(၂) ခုတော့လည်း လက်တွေ့ဘ၀ထဲမှာ ကျင်လည်နေခဲ့ရပြီဆိုတော့ ညဖက် ဘယ်အချိန်အိပ်အိပ် မနက်ခင်း အလုပ်မီအောင် ထရတယ်လေ. ကဗျာဘွဲ့မှူးသီချင်းတစ်ပုဒ်ရှိတယ်ဗျ.

"ရည်းစားနှစ်ယောက်ရှိရင် သိပ်သိပ်ပြီးတော့ ကောင်းမှာပဲ... တစ်ယောက်ကို ငါကန်တော့မယ်. တစ်ယောက်က ငါ့ကို ကန်တော့လိမ့်မယ်... ဘလာဘလာဘလာ..."

ကျွန်တော့်မှာ သုံးခုတောင်ရှိတယ်ဗျ.
ဘာလဲ. သိလား

နှိုးစက်!!!!!!!!!

မနက် (၅) ခွဲမှာ တီ... တီ... တီ.. တီ. ဆိုတဲ့ ပုံမှန်နာရီလေးက ထနှိုးရှာပါတယ်.

'အင့်... အဲ... ချောက်'

(၅) နာရီ (၄၀) မှာတော့ ခပ်လှမ်းလှမ်းမှာ ထားထားတဲ့ ဖုန်းလေးက 'ငှက်သံလေး' ပေးပြီး နှိုးပါတယ်.

'Nice...... But, it ain't matter to have just 5 minute nap... Zzzzzzzzzzzz'

(၆) နာရီ!

ဖုန်းက ထမြည်ပါလေရော...

'ပီ.. ပေါ်... ပီးးးး ပေါ်... ပီးးးးးးးးးးးး ပေါ်....'

အဲဒီ့အသံကိုတော့ တကယ်လန့်တယ်. လန့်အောင်လည်း လုပ်ထားတာလေ.. အလုပ်ရှင်က ကိုယ့်ကို ခေါ်ရင်မြည်တဲ့ Ring Tone ကိုပေးထားတာ..

ဖုန်းဒိုင်း ဖုန်းဒိုင်းဆိုပြီး ကုတင်အောက်ကို ဘယ်လိုရောက်သွားမှန်းတောင်မသိ...

တစ်ခါတစ်လေများ အလန့်တကြား ထပြေးရင် ပုဆိုးတောင် ပါမလာဘူး... (I mean... ည၀တ်ဘောင်းဘီနဲ့မို့ပါ... ပြောပြောက စောမလို့ပဲ. လျှာခလုတ်တိုက်သွားလို့)

ဘာတွေ ဘယ်လိုပဲ အလျင်လိုလိုပါ.

ကျွန်တော် မနက်ခင်းတိုင်းမှာ သိပ်ချစ်ရတဲ့ 'မ' အတွက် မောနင်းနုတ်စ်လေးတစ်ခု ရအောင်ပို့တယ်.

ဒါမျိုးလေးတွေပေါ့..

'မောနင်းနော်... မ..

အရမ်းသတိရတာပဲ. မနက်ခင်း မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ မျက်နှာကျက်ကြီးက ကိုယ့်ခေါင်းပေါ်မှာ... အဲလေ... မျက်နှာကျက်လေးပေါ်မှာ 'မ' ရဲ့ မျက်ဝန်းတွေကို ကျွန်တော် စတွေ့လိုက်ရတယ်...

ညကလည်း အိပ်မပျော်ဘူး မ ရယ်... မ အကြောင်းတွေ တွေးရင်း အိပ်မက်ထဲထိ ဆွဲခေါ်သွားခဲ့မိတယ်... မ ပါးလေးတွေ ရဲနေမှာပေါ့နော်.

ကျွန်တော်လည်း ရဲတယ် မ ရယ်... အေးတာကိုး... ပါးတင်မကဘူး. လက်ဖျားခြေဖျား ရဲရာကနေ ဖြူဖပ်ဖြူရော်တောင် ဖြစ်နေတယ်..

ကျွန်တော်သိပါတယ်. အဲလိုပြောလိုက်ရင်. မ ရယ်တော့မယ်လို့...

အဆင်ပြေပါစေနော်. မ

ကားလည်းကောင်းကောင်းမောင်းဦး

ကျွန်တော် လွမ်းနေမယ်.

ကျွန်တော့်ကိုလည်း သတိရနေပေးပါနော်...

မွ...

From US with Love and Hugs...

...

"

အဲဒါက ပထမ နှိုးစက်မှာ နိုးသွားခဲ့ရင်ပေါ့..

ဒုတိယ နှိုးစက်မှာ နိုးရင်တော့

"သတိရတယ်... အရမ်းပဲ..

ဒီနေ့ အလုပ်မှာ အဆင်ပြေပါစေနော်. အေးနေပြီ. အနွေးထည်လေးဘာလေး ထူထူထဲထဲ ၀တ်သွားဦး... ကိုယ့်ကိုယ်ကို ဟာကြူလီ လုပ်မနေနဲ့.

နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်.... ဆင်ခြင်ပြီးနေပါ မေရယ် နော်... လူကြုံနဲ့ စကားလေး ပါးလာရင် (အဲ.. အရှိန်လွန်ကုန်ပြီ. လူကြုံမရှိ. ကိုထီးသီချင်းကူးချတာ လွန်သွားတယ်. ဘွာတေးနော်.. )

ဂရုစိုက်ပါ မ ရယ်... ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.

မ. နေမကောင်းဖြစ်ရင်၊ တစ်ခုခုဖြစ်ရင် ကျွန်တော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ ဘာတွေကိုင်မိပြီး ဘာတွေ လုပ်မိမှန်းကို မသိတော့ပါဘူးဗျာ...
(ဟဲ.. ဟဲ.. ဟဲ..)

ညစ်တယ်... အားကြီးပဲ..

ဆေးခန်းသွားလိုက်နော်. ကျွန်တော်လား. လိုက်ပို့ပေးချင်တာပေါ့... ဒါပဲဗျာ. သွားရတော့မယ်. ည ဖုန်းဆက်မယ်နော်.

မွ..........."

အဲ...တတိယ နှိုးစက်မှာ နိုးခဲ့ရင်တော့... အချိန်ရရင် ကွန်ပြူတာဖွင့်တယ်. မရတော့ရင်တော့ တချိုးတည်း ပြေးတော့တာပဲ..

နည်းနည်းလေးပဲ ဖြစ်ဖြစ် ရအောင်တော့ လုပ်လိုက်ပါသေးတယ်. မျက်နှာသွားမသစ်ခင် ကွန်ပြူတာဖွင့်ခဲ့တယ်. သွားပွတ်တံလေး ပြန်ထားပြီး ရေသွားမချိုးခင် ဂျီမေးလ်ထဲ ၀င်ခဲ့တယ်.

အ၀တ်အစားမလဲခင် မ နာမည်လေးတပ်ပြီး Compose လုပ်ဖို့ ပြင်ထားတယ်. ဖိနပ်လည်း စီးပြီးရော..

'မ... i miss you... have a nice day နော်... အရမ်းလွမ်းနေမယ်...' ဆိုတာကို ဘိုလိုတစ်ဝက်၊ မြန်မာလိုတစ်ဝက် ကိုယ့်ကိုယ်ကို ဘာတွေရိုက်မှန်းမသိအောင် ရိုက်ခဲ့ပြီးတော့ ပြေးရတော့တာပါပဲ..

ဟုတ်တယ်. ကျွန်တော့်မှာ နှိုးစက် သုံးလုံးရှိနေတာကို မုန်းတယ်. တကယ်ဆို ငါးလုံးလောက်ရှိသင့်တာ. ဒါမှ မ ဆီ စာအရှည်ကြီးရေးဖို့ မနက် (၅) နာရီလောက်ကတည်းက ထဖြစ်မှာ..

(၃) အပြန် ရထားပေါ်မှာ ငိုက်တတ်တာကို မုန်းတယ်.

တစ်ခါတုန်းကဆို ဘာပြောကောင်းမလဲ... စစချင်းစီးလာတုန်းကတော့ စာအုပ်လေးဘာလေး ထုတ်ဖတ်ရင်း သီချင်းလေးဘာလေးနားထောင်ရင်းနဲ့ပေါ့.. လမ်းတစ်ဝက်လောက်နေတော့ ခဏလောက် မှိန်းလည်း ဘာမှမဖြစ်ပါဘူးလေ ဆိုပြီး ခဏငိုက်လိုက်ရော... ရထားကြီးက မလှုပ်တော့ဘူး... ဘယ်လှုပ်မလဲ. ဂိတ်ဆုံးပါသွားတာလေ...

တစ်ခါမှလည်း မရောက်ဖူးတဲ့ ဂိတ်ဆုံးနေရာ... အပြင်ထွက်ပြီး အူကြောင်ကြောင် ကြည့်တော့ ကင်းလှည့်နေတဲ့ ရထားရဲတွေက သူတို့ခါးပေါ် လက်တင်ပြီး အသင့်အနေအထားနဲ့ ကျွန်တော့်ကို ရှိုးနေကြလေရဲ့. အဲဒီ့တုန်းက Twin Tower ကို လေယာဉ်နဲ့ ၀င်တိုက်သွားတဲ့ 9/11 နှစ်ပတ်လည်နဲ့လည်း နီးနေပြီလေ. ကျွန်တော့်ကို Asian Terrorist လို့များ ထင်နေလားမသိပါဘူး.. ကျွန်တော်လည်း ကျောပိုးအိတ်လေးကို မသိမသာလေးနဲ့ မြင်အောင် ပေါ်တင်ကိုင်ပြလိုက်ပြီးတော့ ရိုးသားတဲ့ ဖိုးသခွားမျက်နှာပေးလေးနဲ့ ဟိုဖက်ခြမ်းက ထွက်မယ့် ရထားဖက် ခပ်တည်တည်နဲ့ တက်သွားခဲ့လိုက်ပါတယ်. ရထားပေါ်ရောက်တော့ မထွက်မထွက်နဲ့ စောင့်ရင်းက ထွက်လည်းထွက်ရော ရောက်သွားပါတယ်.

ကျွန်တော်ဆင်းမယ့် နေရာကိုကျော်ပြီး နောက်ထပ် ဘူတာ ငါးခုလောက်ဝေးတဲ့နေရာပေါ့..

ပြန်စီးလာတဲ့အခါမှာတော့ မထိုင်တော့ဘူးဗျာ. ရပ်ပြီးတော့ အသင့်အနေအထားနဲ့ တံခါးဝနားမှာ စီးလာခဲ့ရတယ်. အိမ်ပြန်ရောက်တော့ ညကိုးနာရီ..

အဲဒါနဲ့ပဲ ရောက်ရောက်ချင်း 'မ' ဆီကို Text ပို့...

I miss you, honey.... Where r u at? Chilling with your buddies... Come online if u can, ok? Mwahhh

ရထားပေါ်မှာ ငိုက်တာထက် ပိုဆိုးတာတစ်ခုတော့ မဖြစ်ချင်ဘူး... မ ကိုစောင့်ရင်း ငိုက်သွားခဲ့ရင် ဒီဘ၀ခရီးမှာ တစ်ခြားဘဲဘဲတွေက မ ကို မ သွားမှ ဒုက္ခ... မဖြစ်ဘူး. ဒီည စောစောအိပ်မယ်.

:D

(၄) ထစ်ခနဲဆို ၀င်ပါချင်တတ်တဲ့ စိတ်ဓာတ်ကြီးကို မုန်းတယ်..

အဲဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကာတွန်းတွေ၊ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေနဲ့ ဆိုင်မလားမသိဘူး..

သိတယ်မဟုတ်လား... မိန်းကလေး တစ်ယောက်တည်း ပြန်လာ၊ လူဆိုးတွေက နှောင့်ယှက်.. မင်းသားက ၀ုန်းခနဲ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ..

'ဟိတ်! ကောင်မလေးကို လွှတ်လိုက်....'

'ဖုန်း... ဒိုင်း... ခွမ်း.. အုံး... ဒိုင်း... အုံး... ဒိုင်း... မွေးမေလေ့..... အာဘားးးးးးးးးးးးးးးဘားးးးးးးးး'

ပွဲပြီးသွားတော့ မီးမသေပါဘူး.. အဲဒီ့အခါကျမှ မီးက စမွှေးတာ..

'ဟယ်.. အားနာလိုက်တာ... ဘယ်နားနာသွားသေးလဲဟင်... သူ သိပ်နာသွားမှာပေါ့... ကူညီတာ ကျေးဇူးနော်... တို့နာမည် အောင်ဗလပါ.. အဲလေ.. သက်နွေမိုးလျှံပါ... .... .. ... ..'

အဲသလို ဇာတ်လမ်းတွေဖတ်၊ လူက လိုက်အတုခိုး... ကျောင်းရောက်တော့ မတရားတာ မခံဘူးကွဆိုပြီး ရှိတဲ့ ဗလလေးနဲ့ ပြိုင်ဖိုက်၊ ရုံးခန်းခဏခဏရောက်၊ ဒီကြားထဲ သိုင်းဝတ္ထုလေးက ဖတ်၊ စကြာနေလသိုင်းကွက်၊ အာကာရောင်ပြန်သိုင်းကွက်၊ မြေလျှိုးမိုးပျံ ကိုယ်ဖော့ပညာ၊ စွန်ရဲသည်းကုတ် လက်ဝါးသိုင်းတွေကို အသုံးချလိုက်တာ. သွားနှစ်ချောင်းကျိုးပြီး ဘယ်ဖက်မျက်လုံးကြီး ဖူးရောင်ခဲ့ဖူးတယ်.

ကြီးလာတော့လား....

ဟင်း... ဟင်း... ဟင်း...

အဲလိုလေး ရယ်ပြီး ကိုယ်နဲ့ ဆိုင်သော်ရှိ မဆိုင်သော်ရှိ တစ်ပွဲတစ်လမ်း အကဲစမ်းတတ်သော ကျွန်ုပ်အား အနှီလောကကြီးက ဤသို့ဤနှယ် ကောင်းချီးပေးချိမ့်၏...

ဟိုတစ်လောကတောင် ဟိုနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်တော့ လူက ပို့စ်တွေဘာတွေတောင် ရေးတော့မယ် လုပ်နေပြီ။

ပြီးတော့မှ ကိုယ့်လက်ကို ကိုယ်ပြန်ရိုက်..

'ဟဲ့အကောင်... နင်နဲ့ ဘာဆိုင်လို့လဲ... ကိုယ့်ဟာကိုယ် နေတတ်အောင်နေစမ်း... ကိုယ့်ထမင်းကိုယ်စားပြီး သူများ အမြင်ကတ်အောင် မလုပ်နဲ့... နင်ပြောလို့လည်း နားထောင်မယ်ထင်နေလား... ဘာကောင်မှန်းကို မသိဘူး...' ဆိုပြီး မှန်ထဲမှာ ကိုယ့်ပါးကို ဘယ်ပြန်ညာပြန် (၈) ချက်လောက် ရိုက်ထည့်ပစ်လိုက်တယ်.

ညကျတော့ 'မ' ကမေးပါတယ်.

ဘာလို့ အဲလိုလုပ်တာလဲကွာ... တဲ့..

ဟင်း.. ဟင်း.. ဟင်း..

(၅) အရမ်းဝမ်းနည်းရင် လူက ဘာမှ မလုပ်ချင်မကိုင်ချင် ဖြစ်သွားတတ်တာကြီးကိုလည်း မုန်းတယ်.

ဒါကတော့ 'မ' နဲ့ပဲ လုံးဝပတ်သက်ပါတယ်. ကျွန်တော့်ကို ၀မ်းနည်းအောင် မလုပ်ပါနဲ့နော်. သေချာပြန်တွေးကြည့်ပါဦး မ ရယ်.. ကျွန်တော် မ အပေါ် ဘာများမကောင်းတာတွေ ရှိခဲ့ဖူးလို့လဲ..

ကောင်းတာတွေပဲ ပေးခဲ့တာပါ... မ ကသာ...

မ ကသာ..

အဟင့်... ၀ါး.. လို့တော့ ငိုချမယ့် လူမျိုး မဟုတ်ဘူး မ ..

အဲလိုပြောလို့ ... ၀ါး.. အဟင့်လို့လည်း ပြောင်းငိုတတ်မယ့်ကောင်မဟုတ်ဘူး..

အဟင့်အဟင့်.. ၀ါးးး ၀ါးး..

အာ.. ရှုပ်ကုန်ပြီ..

အဲဒါပဲဗျာ. ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းစရာတစ်ခုဖြစ်လာရင် လူက ချောင်ထဲမှာ ကုပ်နေတတ်ရော... တီလုပ်နာမည်တောင် ရှိသေး... ရောင်အုပ်ချန်ကောင် တဲ့..

ရန်အောင် ချောင်ကုပ်လေ... ဟတ်ဟတ်ဟတ်..

စတာပါဗျာ...

ကျွန်တော်က Emotional ဖြစ်လွယ်တယ်ဗျ.. အဲဒါကို မုန်းပေမယ့် အရမ်းလည်း မမုန်းရဲဘူး.. အရမ်းမုန်းလိုက်ရင် အရမ်းဝမ်းနည်းသွားပြီးတော့ အရမ်း Emotional ဖြစ်သွားမှာစိုးလို့..

အဲဒီ့မှာ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ ဆိုသလို လုံးလည်ချာလည်နဲ့ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်လိမ့်မယ်.

မသိဘူးဗျာ... ကျွန်တော်ကတော့ မ ကို ကောင်းအောင်ပဲ လုပ်မယ်.
(I mean. အမြဲ ပျော်စရာလေးတွေပဲ ပေးမယ်လို့ ပြောတာ...) ;D

(၆) အရွဲ့တိုက်တတ်တယ်. ဒါလည်း မုန်းဖို့ကောင်းသား..

ငယ်ငယ်တုန်းက အဖေ့ကို နာရီဝယ်ပေးဖို့ပူဆာတယ်. အဖေက မ၀ယ်ပေးဘူး. အဲဒါနဲ့ မိသားစုအိပ်တဲ့အခန်းထဲဝင်၊ တံခါးတွေ အကုန်သော့ခတ်ပြီး ထိုင်နေလိုက်တယ်. ဒီလိုနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့တာ အစောပိုင်းက မသိသာဘူးပေါ့.. အဲ. ညအိပ်ချိန်လည်းရောက်ရော...စတာပါပဲ..

အစ်မတွေက အထဲဝင်မရ. အပေါ်ကနေ ကျော်တက်ဖို့ကလည်း နံရံက အမြင့်ကြီး... အဖေက အော်တယ်..

'ဟိတ်ကောင်... ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ... ' အဲလေ.. .ဘွာတေး. အဲဒါက ဗိုလ်အောင်ဒင်ပြောတာ.

ဖေကြီးက ဒီလိုအော်ပါတယ်.

'ဟိတ်ကောင်.... ထွက်ခဲ့စမ်း...'

'....'

'ပြောနေတာ မကြားဘူးလား... မင်း ငါ့ကို လာစမ်းနေတာလားကွ..'

'...'

'အေး.. ငါအခု တံခါးဖျက်ဝင်ခဲ့မယ်.. အထဲရောက်လို့ကတော့ မင်းသေပြီသာမှတ်...'

လူက အရမ်းဝမ်းနည်းသွားတယ်..

အမေ့အသံကြားရတယ်..

'သား... လူလေး... တံခါးဖွင့်လေ... မင်းအဖေအကြောင်း အမေအသိဆုံး.. လိမ်မာတယ်. သားလေး. တံခါးဖွင့်နော်.' (ဟုတ်သားနော်. အဖေ့အကြောင်း အမေပဲ သိမှာပေါ့လို့. ဟတ်ဟတ်)

'၀မ်... ၀မ်... ၀မ်.... ၀မ်.... ၀မ်... ၀မ်... အုံး... ခွမ်း..'

ရှေ့က '၀မ်... ၀မ်... ၀မ်... ၀မ်...' ဆိုတာက တိုင်ကီအဖုံးလွင့်လာတဲ့ အသံပါ... အုံးခွမ်းကတော့ တမံတလင်းနဲ့ရိုက်မိပြီး တစ်စုံတစ်ခု ကျကွဲတဲ့အသံ..

လူဆိုတာလေ. ထိုင်နေရင်း ထတောင်ခုန်မိတယ်. ဟုတ်တယ်လေ... Unidentified Flying Object (UFO) များ ပျံတက်လာသလားအောက်မေ့ရတယ်.

အ၀ိုင်းကြီးတစ်ခု ထိုင်နေတဲ့နေရာဆီ ပြေးဝင်လာတာ..

တံခါးကလည်း ပွင့်တော့မယ်. အဲဒါနဲ့ ကြိုတင်ကာကွယ်လိုက်ပါတယ်.

ကုတင်အောက်ထဲ ၀င်ပြေးပုန်းရတော့တာပေါ့..

'၀ုန်း'

'တံခါးတစ်ချပ် အပွင့်မှာ
ကျွန်တော့်ရင်ထဲက
အချိန်ဆိုတဲ့ မျှော်လင့်ချက်တွေ လွင့်သွားခဲ့ရတယ်..
ဖေကြီး လူဆိုး..'

(ရေခဲငှက်)

အဲဒါပဲ.. ငယ်ငယ်တုန်းကရွဲ့သလို ကြီးလာတော့လည်း အရွဲ့တိုက်ပြီးတော့ကို ရန်တွေဖြစ်နေတတ်တုန်းပဲ..

တစ်ခါတစ်လေ စိတ်ဆိုးအောင်လုပ်မိရင် ဗွေမယူပါနဲ့နော်. မ... ကျွန်တော်က ရွဲ့တတ်လို့ပါ... ရယ်ရင်တောင် ရွဲ့ရယ်တတ်တယ်.

ဟွဲ့... ဟွဲ့.. ဟွဲ့...

(၇) အချိန်ရွှေ့ဆိုင်းတတ်တဲ့ အကျင့်ကြီးကလည်း မကောင်းပြန်ဘူး..

ဒါကတော့ ရှင်းပါတယ်. အကြည်တော် ပြောတာကို ကျွန်တော်လက်ခံကျင့်သုံးနေတာပါ. သူ့စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဖူးတယ်ဗျ. ဘာတဲ့

"မနက်ဖြန် ပြီးနိုင်သော အလုပ်ကို ဒီနေ့ မလုပ်ပါနဲ့" တဲ့..

ခိုက်တယ်. အကြည်တော်ရယ်...

အကြည်တော်ဖျက်ဆီးလို့ ပေပါပေါင်းများစွာကို နောက်တစ်နေ့ Due မဖြစ်ခင် အမောတကောနဲ့ ရေးတတ်ခဲ့ပြီ။

ပရော့ဂျက်ပေါင်း များစွာကို Extension တောင်းပြီး လုပ်တတ်ခဲ့ပြီ..

မထူးပါဘူး.. ဟိုးတစ်လောက ကော်မန့်မှာ လာစသွားသလိုပဲ. အနောက်တော် ဆိုတဲ့ ကလောင်နာမည်ယူပြီး အကြည်တော်ကို ပြန်အရွဲ့တိုက်ဦးမယ်.

အချိန်ရွှေ့တတ်တဲ့ အကျင့်ဆိုးကြီးကြောင့် ကျွန်တော့်နာရီကို ၁၀ မိနစ်မြန်ထားပါတယ်.

အဲဒီ့မှာ ပိုဆိုးပါလေရော..

ဘယ်သွားသွား၊ ဘာလုပ်လုပ်.. ငါ့နာရီက ၁၀ မိနစ်မြန်ထားတာပဲလေ. အချိန်မှန်မဟုတ်ဘူး ဆိုတဲ့ အကျင့်ဆိုးကြီးကပါ ၀င်လာတော့ ပုံမှန်ရောက်ရမယ့်နေရာကိုပါ ၁၀ မိနစ်နောက်ကျပြီး ရောက်နေတတ်ပြီ။

နောက်ကျတတ်တာကို အကြောင်းပြုပြီး 'သူများဦးသွားလိမ့်မယ်... လာပြီးတော့ မစနဲ့ မရယ်...' နော်...

တကယ်ဆို.
မ ကို ချစ်တဲ့ ကျွန်တော့်အချစ်တွေက
ဘွတ်ကင် ကြိုအလုပ်ခံထားရတဲ့စားပွဲနား သွားရပ်မိသလို
ထိုင်စရာ ခုံတောင်မရှိ
ချောင်တစ်နေရာကသာ ထိုင်ကြည့်နေရတာမျိုးပါ မရယ်...

(ရေခဲငှက်)

ငိုချင်လာပြီဗျာ.... ၀မ်းနည်းစရာတွေ တွေးမိတော့ အီမိုးရှင်နယ် ဖြစ်လာပြီ.... :((((

(၈) ဇွဲနဘဲကြီးသလို ကိုယ်ရှုံးနေမှန်းသိလျက်နဲ့လည်း ဇွတ်တွယ်ဖက်ကပ်ထားချင်တတ်တဲ့ စိတ်ကိုမုန်းတယ်.

အကောင်းဖက်ကကြည့်ရင် ဇွဲကြီးတယ်ပေါ့.
အဆိုးဖက်ကကြည့်ရင်တော့ ခေါင်းမာတယ်ပေါ့.

တစ်ခါတစ်လေ ကိုယ်တိုင် ခေါင်းမာနေတာလား၊ ဇွဲကြီးနေတာလား မသိရတဲ့ ပြဿနာမျိုးတွေ ဖြစ်လာတတ်တယ်.
ဘယ်လိုစံချိန်စံညွှန်းနဲ့ ဆုံးဖြတ်မှာလဲဗျာ.. နော်.

အဲဒီ့အခါကျတော့ ဘုရားဟောခဲ့ဖူးတဲ့ ကာလာမသုတ်က အရမ်းကို အသုံးဝင်လာခဲ့တယ်.

လုပ်ကြည့်တယ်. အကျိုးရှိလား. အကျိုးကိုယုတ်စေလား.. ပညာရှိ၊ သူတော်ကောင်းတွေ ချီးမွမ်းလား၊ ကဲ့ရဲ့လား. ကိုယ့်ကို အကျိုးဖြစ်စေသလား. အကျိုးမဲ့ဖြစ်စေသလား..

အဲဒါကိုမူတည်ပြီးတော့ ကျွန်တော် ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတော့တယ်.

ဒါပေမယ့်ဗျာ. ကျွန်တော်သိသလောက် အတွေ့အကြုံအရတော့ ပျော့ပျောင်းတဲ့ သဘောထားနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိတာက ရေရှည်မှာ ပိုပြီးတော့ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ အောင်မြင်မှုနဲ့ပိုနီးစပ်တတ်တယ် ဆိုတာပါပဲ။

ခုချိန်ထိတော့ ညာဉ်ပါနေတာပဲလားမသိဘူး. ကျွန်တော် တစ်စုံတစ်ခုအတွက် စိတ်ဆုံးဖြတ်လိုက်ရင် အဲဒါကို မရရအောင် ကြိုးစားတယ်၊ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို အားရသလို စိတ်ဆင်းရဲမှုတွေလည်း ဖြစ်နေရတယ်.

ဒီ နံပါတ်(၈) ကိုတော့ ကောင်းလား ဆိုးလား ကျွန်တော် မပြောတတ်ဘူး. တစ်ခါတစ်လေ ကြိုက်မိသလို တစ်ခါတစ်လေလည်း မုန်းမိနေတယ်.

ကျွန်တော် မ ကို ချစ်မိတာကလည်း တကယ်တော့ အခက်အခဲတွေ အများကြီးပါ... မဖြစ်နိုင်တာ ၁၁၀ % နှုန်းလောက်ရှိနေတာကို ကျွန်တော့်ဖက်က အရမ်းကို စွဲလမ်းနှစ်သက်နေမိတယ်.

ကဲ. ကျွန်တော်ဘာလုပ်ရမလဲ. မုန်းပစ်လိုက်ရမလား.. ချစ်ပစ်လိုက်ရမလား... (ကိုယ့်ကိုယ်ကို ပြောတာပါ. မကိုတော့ မမုန်းရက်နိုင်ပါဘူး...) :) တစ်မှတ်....

သေချာတာကတော့ ကျွန်တော့်ကို 'မ' လိုအပ်သည်ဖြစ်စေ၊ မလိုအပ်တော့သည်ပဲ ဖြစ်စေ. ကျွန်တော် ဒီနေရာမှာ ရှိနေမယ်. မ ရယ်.. ကျွန်တော် မ ကို ဘယ်တော့မှ ခွဲမသွားဘူး..

This I Promise You ပါ အချစ်ရဆုံး မ ရယ်....
(ကဲ. အသည်းယားချင်သူတွေ တဗျင်းဗျင်းသာ ကုတ်ကြပေရော့ဗျာ. ဟတ်ဟတ်ဟတ်.)

(၉) အနုပညာကို စိတ်ဝင်စားပြီး အေးအေးချမ်းချမ်းလေးနဲ့ ဘ၀တစ်ခုကို ထူထောင်ချင်ပေမယ့် အခြေအနေ၊ တောင်းဆိုမှုတွေအရ ပိုက်ဆံတွေရှာ၊ အလုပ်တွေလုပ်နေရတဲ့ ဘ၀ကြီးကို မုန်းတယ်.

စာရေးတာဝါသနာပါတယ်. ပန်းချီလည်း ဆွဲချင်တယ်. သီချင်းဆို၊ သီချင်းရေး၊ ဓာတ်ပုံရိုက်၊ စန္ဒယားတီး၊ ဂစ်တာခေါက်... ဒါတွေကို လုပ်နေရရင် ကျွန်တော့်စိတ်ဆင်းရဲမှု ဘ၀အမောတွေကို မေ့ဖျောက်ထားနိုင်တယ်. အရမ်းကို ကြည်နူးနှစ်သက်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ရရှိပိုင်ဆိုင်စေတယ်..

ဒါပေမယ့် ရှေ့ရေးအတွက် စိုးရိမ်ပူပန်မှုတွေ၊ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခေါ်သံတွေကြောင့် ကျွန်တော့်ရဲ့ ဘ၀ကြီးမှာ ရေကြည်တစ်ပေါက်နဲ့ နေဆယ်စင်း ဖြစ်နေခဲ့ရတယ်...

ပြောရင်း ၀မ်းနည်းသွားပြီ။ ၀မ်းနည်းလို့ အီမိုးရှင်နယ် ဖြစ်လာပြီ။ ဟတ်ဟတ်ဟတ်..

(၁၀) တစ်ခုခုကို ဇောက်ချမလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေတတ်တဲ့ အကျင့်ကြီးကိုလည်း မုန်းတယ်.

တစ်စုံတစ်ရာကို ကျွန်တော်စိတ်ဝင်စားသွားရင် အဲဒါနဲ့ပတ်သက်ပြီး အချိန်ကုန်ခံလေ့လာတတ်၊ လိုက်စားတတ်တယ်. တတ်လည်းတတ်သွားရော ဆက်မလုပ်တော့ဘဲ နောက်ထပ် အာရုံလာရာတစ်ခုဆီ ရောက်သွားတတ်တယ်. ဒီတော့ ကျွန်တော် ဘာကိုမှ Specialize မလုပ်သလိုဖြစ်နေတတ်ရော. တကယ်တမ်း ဘာတတ်လဲမေးရင် ဘာဖြေရမယ်မသိ.. :) ရှက်လိုက်တာ. အကုန်ပေါ်ပြီ..

အခုတော့လည်း ဘာကို ဇောက်ချရမယ်ဆိုတာကို သေချာဆုံးဖြတ်ပြီးပါပြီ..

ဟုတ်တယ်. မ ကို ကျွန်တော် ဆက်ချစ်မယ်. ဇောက်ချပြီးတော့ကို ချစ်မယ်...
(ရည်မှန်းချက်ကြီးတယ်နော်. ဟတ်ဟတ်ဟတ်)

ဘယ်သူ့ကို ဆက်တက်ဂ်ရမလဲ...

(၁) ကိုမင်းယွန်းသစ်
(၂) ကိုဆောင်းယွန်းလ
(၃) ကိုမင်းကျန်စစ်
(၄) ကိုမော်စီ
(၅) မပင့်ဂိုးလ်
(၆) မမယ်လိုဒီမောင်
(၇) မသက်ဇင်
(၈) မအိမ့်ချမ်းမြေ့

ကဲ. အားလုံးပဲ ရယ်စရာမောစရာလေးတွေ ပိုင်ဆိုင်ခံစား သက်ဝင်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ.

ချစ်ခင်လေးစားလျက်

ရန်အောင်

Thursday, December 04, 2008

ဘလော့ဂ်ပို့စ်လေးများကို ကြိုရေးပြီး တင်ခြင်း...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ အရမ်းလွယ်ကူပေမယ့် အသုံးတည့်နိုင်တဲ့ ဘလော့ဂ်နည်းပညာလေး တစ်ခုအကြောင်း ဆွေးနွေးချင်ပါတယ်.

ကျွန်တော်တို့တွေမှာ ကိုယ်စီကိုယ်ငှ အလုပ်အကိုင်၊ မိသားစု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် မအားလပ်နိုင်အောင် ရှိနေတတ်ကြပါတယ်. ဒါ့ကြောင့်မို့ တစ်ခါတစ်ရံ (သို့) အချိန်တော်တော်များများမှာ ကိုယ်တင်ချင်တဲ့ ပို့စ်လေးကို ကိုယ်တင်ချင်တဲ့အချိန်လေးမှာ မတင်ဖြစ်လိုက်တာတွေ ရှိကောင်းရှိမှာပါ. တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ့်အချစ်ဆုံး မိတ်ဆွေသူငယ်ချင်း (သို့) တစ်ယောက်ယောက်အတွက် မွေးနေ့ဆုတောင်းလေးတွေ၊ အမှတ်တရစာစုလေးတွေ ကိုယ့်ဘလော့ဂ်မှာ တင်ချင်တယ်. ဒါပေမယ့် အဲဒီ့ရက်မှာ ကိုယ်က ကွန်ပြူတာနား ရှိနေနိုင်မှာ မဟုတ်ဘူး. ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်.

အဲဒီ့လို အခက်အခဲမျိုးလေးတွေကို အသစ်မွမ်းမံထွက်ရှိလာတဲ့ Blogger Draft က အောင်မြင်စွာ ဖြေရှင်းပေးလိုက်ပါပြီ။

ဘာလဲဆိုတော့ ပို့စ်လေးတွေကို ကိုယ်ရေးချင်တဲ့အချိန်မှာ ရေးထားပြီး ကိုယ်တင်စေချင်တဲ့ ရက်မှာ သူ့အလိုလို Publish လုပ်သွားနိုင်အောင် ကြိုတင်ပြီး Schedule ဆွဲလို့ရတဲ့ Function လေးတစ်ခု ပေးထားတာပဲ ဖြစ်ပါတယ်။

ဒါမျိုးလေးပေါ့ဗျာ.




အဲဒီ့အကြောင်းလေး ဆက်မသွားခင် ကျွန်တော်တို့ နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်။

ဆိုပါတော့. ဒီနေ့ ဒီဇင်ဘာ (၄) ရက်၊ Happy New Year ပို့စ်လေးကို ဇန်န၀ါရီလ (၁) ရက် မနက် ၁၂ နာရီတိတိမှာ တင်ချင်တယ်. အဲဒီ့အချိန်မှာ ကိုယ်က သူငယ်ချင်းတွေနဲ့ ပါတီလုပ်နေမှာ ဖြစ်လို့ ကွန်ပြူတာနား ရှိမှာမဟုတ်ဘူး. ကဲ. ကျွန်တော်တို့ ဘာလုပ်ဖို့ လိုမလဲ.

(၁) သေချာတာကတော့ ကျွန်တော်တို့ ပို့စ်အရင်ရေးရမှာပေါ့ဗျာ. မဟုတ်ဘူးလား. ဟုတ်ပြီ.. ရေးချလိုက်.

(၂) ရက်စွဲကို ပြောင်းရတော့မယ်. Schedule ဆွဲရတော့မယ်. ဘယ်မှာလုပ်ရတော့မလဲ. စဉ်းစားလိုက်ရအောင်.
ကိုယ်တင်မှာက ပို့စ်ဆိုတော့ ပို့စ်နဲ့ပတ်သက်တဲ့ Mode တစ်ခုခုမှာ အဲဒီ့ Schedule ဆွဲတဲ့ function လေး ရှိရမယ်.

ဟုတ်ပြီ. ဘယ်မှာလဲ.

(၃) တွေ့ပါပြီ။ Post Options ဆိုတာလေးကို Publish ဆိုတဲ့ ခလုတ်လေးရဲ့ အပေါ်မှာ တွေ့ရပါလိမ့်မယ်. အဲဒါလေးကို နှိပ်လိုက်ရင် ဒီလိုမြင်ရမယ်ဗျ.



အဲဒီ့ထဲမှာမှ ညာဖက်ထောင့်မှာ ရှိနေတဲ့ Post date and time နေရာလေးကိုသွား. အနောက်နိုင်ငံတွေမှာက ရက်စွဲကို လ၊ရက်၊နှစ် လို့သတ်မှတ်တယ်. အဲဒါလေးတော့ သတိထားပေါ့ဗျာ. နော်. ကဲ. ကျွန်တော်တင်မှာက ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ မနက် ၁၂း၀၀ နာရီ ဆိုတော့ ဒီလိုလေး ရေးလိုက်တယ်ဗျ.

1/1/2009 12:00 AM

ပြီးရင် Publish လုပ်လိုက်ရုံပါပဲ. ဒါဆိုရင် Schedule လုပ်တဲ့အပိုင်း ပြီးပါပြီ။ အဲလိုမျိုးလေး Publish လုပ်လိုက်ရင် ကိုယ့်ပို့စ်လေးဘေးမှာ Scheduled ဆိုတဲ့ Label လေး ထိုးထားပြီး သိမ်းပေးထားတာကို အောက်ပါပုံလေးထဲကအတိုင်း တွေ့ရပါလိမ့်မယ်ခင်ဗျာ.




ဒီ Hacks လေးကို ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်.

မှတ်ချက်။

တစ်ချို့ကကျတော့ ပို့စ်လေးကို Schedule လုပ်ထားချင်တယ်. ဒါပေမယ့် အခု ချက်ချင်းလည်းပဲ ဘလော့ဂ်မှာ တင်ချင်တယ်. ဖတ်နေချင်တယ်ဆိုတာမျိုးလေးတွေလည်း ရှိတတ်သေးတယ်ဗျ. အဲလိုဆိုရင်တော့ နည်းနည်းလေး အလုပ်ရှုပ်သွားလိမ့်မယ်. သိပ်တော့မခက်ပါဘူး. ဒါလေးတွေ လုပ်ပေးလိုက်ပါ.

(၁) ပို့စ်လေးကို ပုံမှန်ရေးပါ. ပုံမှန် ရက်စွဲအတိုင်းပဲ ထားလိုက်ပါ. ပြီးရင် Publish လုပ်လိုက်ပါ.

(၂) ပုံမှန်လုပ်ငန်းစဉ်အတိုင်း လုပ်သွားတာ ဖြစ်လို့ ဘလော့ဂ်မှာ ပုံမှန်အတိုင်းလေးပဲ ပေါ်လာပါလိမ့်မယ်.

(၃) Edit post ပြန်လုပ်ပါ. ဒီတစ်ခါကျမှ Date and Time ကို Future Date and Time သို့ ပြောင်းလဲပေးလိုက်ပါ.

(၄) Publish ပြန်လုပ်ပါ.

ရလာဒ်က ဘာဖြစ်လာမလဲဆိုတော့ လက်ရှိတင်ထားတဲ့ ပို့စ်လေးက ရှိမြဲအတိုင်း ရှိနေမှာ ဖြစ်ပြီးတော့ Schedule ဆွဲထားတဲ့ အချိန်လည်း ကျရော အဲဒီ့ရက်စွဲအတိုင်း ဟိုး ထိပ်ဆုံးမှာ Latest Post အဖြစ် ပြန်ပေါ်လာမှာ ဖြစ်ပါတယ်. ဒီတော့ အခုလည်း ဖတ်လို့ရတယ်. နောက် သူ့အချိန်အခါကျပြန်တော့လည်း ကိုယ် schedule ဆွဲထားတဲ့အတိုင်း ပေါ်လာမှာ ဖြစ်တယ်. ကဲ. မနိပ်ပေဘူးလားဗျ.

သတိ။

ဒီ Function လေးကို Blogger Draft မှာပဲ ရပါတယ်. Blogger Draft ဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ New Blogger ကို မွမ်းမံရေးသားထားတာပါပဲ. သိပ်ပြီးတော့ အထွေအထူးမဟုတ်လှပေမယ့် Widgets တွေ၊ Gadgets တွေ ပိုထည့်ပေးထားတာ တွေ့ရပါလိမ့်မယ်. သုံးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်. စမ်းသပ်ကြည့်ကြပါခင်ဗျာ.

Blogger Draft ကို ၀င်ချင်ရင် http://draft.blogger.com ကနေ log in ၀င်ပါ. ပုံမှန်အရဆိုရင် ကျွန်တော်တို့က http://blogger.com ကနေ ၀င်နေကြတာလေ. အဲဒါပါပဲ.

ဝန်ခံချက်

ဒီနေရာကပို့စ်လေးကို အဆင်ပြေအောင် ဘာသာပြန်ဆိုရေးသားပါတယ်.


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Blogger Buzz: Blogger now schedules future-dated posts

Wednesday, December 03, 2008

ကြေညက်စွာ ၀ါးစားပါ....


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော် စာမရေးဖြစ်တာ ကြာသွားပြီ. နည်းပညာပို့စ်တွေ ရေးဖို့လည်း စိတ်မပါဘူး ဖြစ်နေတယ်. စိတ်ပန်းလူပန်း ဖြစ်နေတာကြောင့်လည်း ပါမယ်ထင်တယ်ဗျာ. ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကဆိုရင် ပို့စ်စုစုပေါင်း ၃ ခုလားပဲ ရေးဖြစ်ခဲ့တယ်.

ထားပါတော့လေ. ဘလော့ဂ်ရေးတယ်ဆိုတာကလည်း စိတ်ခံစားမှုပြဋ္ဌာန်းပြီး မုဒ်ဝင်မှရေးတာ ပိုကောင်းတာပေါ့. မဟုတ်ဘူးလား.

ကျွန်တော် အရင်တုန်းကဆို ပို့စ်တွေများ ဟောတစ်ခု ဟောတစ်ခု ထွက်ခဲ့တာဗျ. ခုလည်း ခေါင်းထဲမှာ ထွက်တာပဲ. ဒါပေမယ့် လက်တွေ့ချရေးမယ့် အချိန်ကျတော့ ဘာရယ်ကြောင့်မှန်းမသိ၊ အားလုံး ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တယ်.

ကျွန်တော် ဘလော့ဂါဖြစ်လာတာကလည်း စာရေးချင်လို့ကို ဖြစ်လာတာ. ရွှေရောင်အတိတ်တွေကို ပြန်တူးဆွရရင်တော့ ကျွန်တော် ဘလော့ဂါစဖြစ်ခါစမှာ တော်တော်လေးကို ပျော်စရာကောင်းခဲ့တယ်. အားလုံး မောင်နှမတွေလိုပဲ စကြနောက်ကြ၊ လည်ကြပတ်ကြ၊ ပို့စ်လေးတွေရေးပြီး ပြောင်ကြ၊ ဆီဘောက်စ်လေးတွေထဲမှာ လှည့်အော်ပြီး အချင်းချင်း စကြနဲ့ပေါ့. ခုလည်း ဒီလိုပါပဲ. သူ့အသိုင်းအ၀ိုင်း၊ သူ့မိတ်ဆွေ အပေါင်းအသင်းနဲ့သူ ရှိနေကြတာပါပဲ. တစ်ခုတော့ရှိတာပေါ့. အခုဟာက လူရှုပ်တွေ၊ လူရိုင်းတွေ များလာတယ်ဗျ. အသားလွတ်ကြီး ကိုယ့်ဆီဘောက်စ်မှာ လာဆဲတာတို့၊ ကော်မန့်မှာ လူတတ်ကြီးလုပ်ပြီး လာအော်တာတို့တွေ ခဏခဏ ကြုံတွေ့ရနိုင်ပါတယ်. ပိုဆိုးတာကတော့ ပို့စ်တွေ၊ ဘလော့ဂ်တွေတောင်လုပ်ပြီး ကိုယ့်ကို ဘလိုင်းကြီး လာဖဲ့တာတွေ ဖြစ်လာရော.

ကျွန်တော် ဘလော့ဂ်ရေးခဲ့တဲ့ သက်တမ်းကို ပြန်ပြီး သုံးသပ်မိတယ်. သိပ်မကြာသေးပါဘူး. ၂၀၀၆ ဒီဇင်ဘာထဲမှ အင်္ဂလိပ်လို စရေးပြီး ဘလော့ဂ်လုပ်ဖြစ်ခဲ့တယ်. ဟိုရေးဒီရေးပါပဲ. ၂၀၀၇ ဖေဖော်ဝါရီလထဲကျမှ စပြီး မြန်မာလို ရေးနိုင်ခဲ့တယ်. ဒီလိုနဲ့ ဒီလောကထဲမှာ ကျင်လည်နေရင်း ကျွန်တော် မသိခဲ့တဲ့ အရင်တုန်းက ဘလော့ဂါတွေ အချင်းချင်းငြိခဲ့ကြတဲ့ ပြဿနာလေးတွေအကြောင်း သိလာခဲ့ရတယ်. အုပ်စုလိုက် အချင်းများကြ၊ သူ့ထက်ငါသာအောင် ပြောကြဆိုကြတဲ့ အကြောင်းတွေကိုလည်း လေ့လာသုံးသပ်လာခဲ့ရတယ်. ဒါပေမယ့် ခုဖြစ်နေတာတွေလောက် သိပ်မဆိုးလှသလိုပဲ.

ဝေဖန်တယ်ဆိုတာ လိုအပ်ပါတယ်. ဒီလိုပဲ. ဝေဖန်တာကို ခံယူတတ်ဖို့လည်း လိုအပ်ပါတယ်. တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုသော အကြောင်းကိစ္စနဲ့ ဝေဖန်အပြစ်တင်တော့မယ်ဆိုရင် သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုပြောရင် ပိုနားဝင်မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်မွေးတတ်ဖို့ အရေးကြီးပါတယ်. မဟုတ်ရင်တော့ တစ်ဖက်လူက ကိုယ်ပြောမှာကို နားမ၀င်မယ့်အပြင် ကိုယ့်ကိုပါ ရန်မူတုံ့ပြန် စကားလှန်ပက်နိုင်ပါတယ်. 'နှုတ်ချိုလျှိုတစ်ပါး' ဆိုတာရှိသလို၊ 'အပြောမတတ်တော့ ဆဲသလို' ဆိုတာလည်း ရှိတယ်မဟုတ်လား.

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း မှန်တာပြောတာပဲကွာ. ဘယ်လိုပြောပြော အားလုံးသိသွားဖို့ အရေးကြီးတယ် ဆိုတဲ့ စိတ်စေတနာ ပြဋ္ဌာန်းပြီး ဖိနှိပ်ပြောဆိုတာတွေ ရှိတတ်မှာပါပဲ. လူတိုင်းဟာ မရိုင်းစိုင်းတတ်ကြသလို လူတိုင်းဟာလည်း စာနာထောက်ထားခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စကားအရာမှာ လိမ္မာပါးနပ်ခြင်း မရှိနိုင်ပါဘူး.

ဟုတ်ပြီ. ဒါကိုပဲ ထပ်ချဲ့လိုက်မယ်. လူတိုင်းဟာ ဝေဖန်တာကိုတော့ လွယ်လွယ်ကူကူ လုပ်တတ်ကြတယ်. ဘယ်လောက်အတိုင်းအတာအထိ ဝေဖန်ပြစ်တင်မယ် ဆိုတာကိုကျတော့ ပညာအသိနဲ့ မထိန်းချုပ်တတ်ကြပြန်ဘူး. အဲဒါကို မကျေမနပ်ဖြစ်နေရင် ဘယ်သူ့အမှားလို့ ထင်လဲ.

ကိုယ့်အမှားပဲပေါ့ဗျာ.

လူတွေကို လိုက်လံထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး. ဒါပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပဲ့ပြင်ဖို့ ဆိုတာကတော့ ဖြစ်နိုင်တယ်. ဒီတော့လည်း ဝေဖန်ခံရတဲ့အခါမှာ ဝေဖန်သူရဲ့ ပညာ၊ စေတနာ၊ မှန်ကန်မှုစတာတွေကို ထောက်ရှုပြီးတော့ 'ဟုတ်ပြီ. ဒါတော့ ငါမှားတယ်. ငါပြင်သင့်တယ်.' ၊ 'ဒါကတော့သူတို့ သက်သက်ငါ့ကို ပြောနေတာ. ငါမှမဟုတ်တာ. စိတ်ဆိုးဝမ်းနည်းစရာ မလိုဘူး' စသည်ဖြင့် ကိုယ့်ကိုယ်ကို၊ ကိုယ့်စိတ်ကို လေ့ကျင့် ထိန်းကျောင်းတတ်ဖို့ လိုလာပါတယ်.

ကျွန်တော် ဝေဖန်ခဲ့ဖူးပါတယ်.

ကျွန်တော့်ကို ဝေဖန်တာလည်း ခံခဲ့ရဖူးပါတယ်.

တစ်ခြားလူတွေကို ကျွန်တော် ဝေဖန်ခဲ့စဉ်တုန်းက စကားအရာမှာသော်လည်းကောင်း၊ ပညာအရာမှာသော်လည်းကောင်း မပြည့်ဝခဲ့သေးလို့ ပြဿနာတက်ခဲ့တာတွေ အများကြီး ကြုံခဲ့ရဖူးပါတယ်.

ကျွန်တော့်ကို တစ်ခြားလူတွေက လာဝေဖန်တော့လည်း အတွေ့အကြုံနုနယ်မှုကြောင့်သော်လည်းကောင်း၊ တလွဲမာနကြောင့်သော်လည်းကောင်း၊ ပညာဥာဏ်တိမ်လို့ကြောင့်သော်လည်းကောင်း အကြီးအကျယ် စိတ်ဆိုး အမျက်ထွက် ၀မ်းနည်းပက်လက်တွေလည်း ဖြစ်ခဲ့ဖူးပါတယ်.

အချိန်ဟာ အကောင်းဆုံး သမားတော်ပါ. အတွေ့အကြုံဟာ အကောင်းဆုံး ဆရာတစ်ဆူပါ.

အတိတ်မှာ မှန်ခဲ့တာတွေအတွက် ကျွန်တော်အားတက်တယ်. ၀မ်းမြောက်ဂုဏ်ယူတယ်. အတိတ်မှာ မှားခဲ့တာတွေအတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဆုံးမတယ်. အကောင်းမြင်တတ်အောင် ကြိုးစားတယ်. ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရှေးရှုတယ်. ကျွန်တော်ဟာ အပြစ်ကင်းစင်သူတစ်ယောက် မဟုတ်ပါဘူး. တစ်ခြားလူတွေကိုလည်း အပြစ်ကင်းသူတွေရယ်လို့ ကျွန်တော်မမျှော်လင့်ပါဘူး.

စေတနာမှန်မယ်၊ သစ္စာမှန်မယ်၊ ပြောဆိုပြုမူပုံမှန်ကန်မယ် ဆိုရင် ကျွန်တော့်ထက် ငယ်ရွယ်သူပင် ဖြစ်လင့်ကစား သူ့အဆုံးအမကို ရိုသေစွာ ကျွန်တော် ခံယူပါမယ်.

အဲလိုမှမဟုတ်ဘဲ နိုင့်ထက်စီးနင်းနဲ့ လွှမ်းမိုးခြယ်လှယ်ချင်တဲ့သဘောနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဖိနင်းပြောဆိုလာရင်တော့ အဲလိုလူမျိုးကို ကျွန်တော် အကောင်းဆုံးပြန်လည်တုံ့ပြန်တတ်ပါတယ်.

အဲဒါကတော့ သူ ဘာပြောပြော လျစ်လျူရှုထားလိုက်ခြင်းပါပဲ.

တစ်ခုတော့ရှိတယ်. ပြဿနာတစ်ခုရယ်လို့ဖြစ်လာရင် ကာယကံရှင်ဆိုတာရှိတယ်၊ ပွဲကြည့်ပရိသတ်ဆိုတာရှိတယ်. ဇာတ်လိုက်ဆိုတာရှိတယ်၊ ဗီလိန်ဆိုတာရှိတယ်.

ပရိသတ်ထဲမှာကိုပဲ မှန်ကန်တည့်မတ်စွာ ရှုမြင်သုံးသပ်တတ်သူတွေ ရှိသလို၊ လွယ်ကူစွာနဲ့ပဲ အတွေးအခေါ်တွေ လွှမ်းမိုးခံရနိုင်သူတွေ ရှိနေတတ်ပါတယ်.

ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဘယ်သူ့ကိုမှ လိုက်လံ မထိန်းချုပ်ပါဘူး. ဘယ်လိုအတွေးအခေါ်မျိုး၊ အယူအဆမျိုးကိုမှလည်း ရိုက်မသွင်းပါဘူး. ၀ါဒလည်း မဖြန့်ပါဘူး.

ကျွန်တော်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ လုပ်တယ်. ရေးတယ်.

ကျွန်တော်နားလည်တတ်ကျွမ်းရာကို ဘယ်သူ့ကိုမှ မစော်ကားဘဲ သင်ယူတယ်. ဝေမျှတယ်.

ကျွန်တော် ခံစားမိရာတွေကို ဘယ်သူ့ကိုမှ မနစ်နာစေဘဲ လွတ်လပ်စွာ ဖော်ထုတ်တယ်. သီကျူးတယ်.

ဒါပါပဲ.

ကျွန်တော့်ရပ်တည်ချက်၊ ကျွန်တော့်ခံယူချက်ကို ပြောသင့်သလောက်တော့ ပြောသင့်တယ်လို့လည်း ကျွန်တော်ယူဆတယ်. ကိုယ်က ဘာမှမပြောဘဲ 'လူတွေ ငါ့ကို နားမလည်ပါဘူးကွာ' ဆိုပြီး ၀မ်းနည်းပက်လက်ဖြစ်နေတတ်မယ့် လူစားမျိုးထဲမှာ ကျွန်တော်မပါဘူး.

Here I stand! You can take it or leave it. It's up to you!

အဲဒါ ကျွန်တော့်ရဲ့ တန်ဖိုး၊ ကျွန်တော်ယုံကြည်တဲ့ လူ့ဂုဏ်သိက္ခာပဲ.

တန်ဖိုးရှိတဲ့အလုပ်တစ်ခု၊ ရည်ရွယ်ချက်ကောင်းနဲ့ အစပြုတဲ့ အလုပ်တစ်ခုကို လုပ်တဲ့အခါ၊ လုပ်တော့မယ့်အခါမှာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် တစ်သားတည်း ဖြစ်နိုင်သမျှ ဖြစ်ဖို့၊ စိတ်အစဉ်မှာ ရှင်းလည်း တည်ကြည်နေဖို့၊ ခိုင်မာရဲရင့်နေဖို့ အရေးကြီးပါတယ်.

ဒီနေ့ဒီအခြေအနေထိ ကျွန်တော်ကြိုးစားလာခဲ့တာမှာ ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး. ဘယ်သူ့ကိုမှလည်း မျက်နှာချိုသွေးပြီး အခွင့်အရေးမျှော်ကိုးတာတွေ မလုပ်ခဲ့ဘူး. ဒါ့ကြောင့် ကျွန်တော့်မှာ ရန်သူတွေများတယ်. ဒါ့ကြောင့်လည်းပဲ ကျွန်တော့်မှာ သိပ်ကိုကောင်းမွန်တဲ့ မိတ်ဆွေစစ် အနည်းငယ်ရှိတယ်.

ရန်သူမရှိချင်တာကြောင့် အားလုံးနဲ့အဆင်ပြေအောင် လိုက်ပေါင်းပြီး စကားရောဖောရော လုပ်တတ်တဲ့လူစားမျိုးလည်း မဟုတ်ဘူး. ကိုယ်လက်မခံရင် လက်မခံနိုင်ကြောင်းပြောပြီး ယဉ်ကျေးစွာ ငြင်းပယ်ပါတယ်. ဒါကိုမှ မကျေနပ်ရင်၊ ရိုင်းစိုင်းတယ်လို့ ထင်ရင်လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူး. ကျွန်တော် လူရိုင်းတစ်ယောက် မဟုတ်ဘူး ဆိုတာ ကျွန်တော်ရေးခဲ့တဲ့ စာတွေကို ပြန်ကြည့်ရင် သိနိုင်တယ်. အဲ. ကျွန်တော်ဟာ ကိုယ့်ရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို အကြောင်းမဲ့ လွှမ်းမိုး ချုပ်ကိုင်တာမျိုး လုပ်ရင်လည်း ခေါင်းငုံ့မခံတတ်ဘူး ဆိုတာကိုလည်း ကျွန်တော့်ပို့စ်တွေ ပြန်ဖတ်ရင် သိနိုင်တယ်. ကိုယ့်အကြောင်း ကောင်းတာလေးတွေပြောထားတဲ့ ကော်မန့်လေးတွေကိုပဲ ကွက်ကြားတင်ပြီး ကိုယ့်ကို လာဆဲတာ၊ ကိုယ့်ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ထားတဲ့ ကော်မန့်တွေကို ဖျက်ပစ်တတ်တဲ့ လူစားမျိုးလည်း မဟုတ်ဘူး.

အခြေအနေအချိန်အခါကြည့်ပြီး သာရာပေါင်းတတ်တဲ့ လူစားမျိုးလည်း မဟုတ်ဘူး. ဒါ ကျွန်တော့်သစ္စာပဲ. ယုံတာမယုံတာ ပရိသတ်ရဲ့ အပိုင်းပါပဲ. ဒီနေ့အချိန်ထိလည်း ဆီဘောက်စ်ကို မပိတ်ဖူးသေးပါဘူး. (တစ်ခါတော့ ပိတ်ခဲ့ဖူးတယ်. မီးလျှံငှက်တစ်ကောင် အကြောင်း ပို့စ်ရေးတုန်းကပါ. ဒါပေမယ့် နောက်တစ်နေ့မှာပဲ ပြန်ဖွင့်ခဲ့ပါတယ်.)

နှမသားချင်း ဖတ်လို့မကောင်းတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စာတစ်ချို့ကလွဲပြီး ဘာကိုမှလည်း ဖျက်ပစ်တာတွေ၊ ဘန်းတာတွေ မလုပ်ခဲ့ပါဘူး.

ဝေဖန်ခံရတာ များလေလေ ကျွန်တော် ကိုယ့်ကိုယ်ကို ပိုမိုရင့်ကျက်တည်ငြိမ်အောင် လေ့ကျင့်သင်ယူနိုင်ဖို့ အခွင့်အရေး ရလေလေလို့ လက်ခံယူဆပါတယ်.

ကျွန်တော် တစ်ချိန်က ဘလော့ဂ်လောကအတွက် အများကြီး အလုပ်တွေ လုပ်ခဲ့ဖူးတယ်. စိတ်ဆန္ဒတွေ စောလို့ အမှားတွေ အများကြီးလည်း လုပ်ခဲ့ဖူးတယ်.

မိတ်ဆွေလို့ ပြောရင်ရနိုင်မယ့် ဘလော့ဂါတစ်ချို့နဲ့ သဘောထားတွေ ကွဲလွဲ၊ စိတ်ဝမ်းတွေကွဲရာကနေ နောက်ပိုင်း ကျွန်တော် စိတ်ကျသွားခဲ့တယ်. ဘာမှ မလုပ်ဖြစ်တော့သလို ဘာမှလည်း မလုပ်ချင်၊ မရေးချင်တော့ပါဘူး..

ရှေ့လျှောက် ကျွန်တော် လုပ်ချင်တာတွေကို တစိုက်မတ်မတ် အာရုံစူးစိုက်ပြီး လုပ်နိုင်ဖို့ ဒီပို့စ်လေးကို ရေးပြီး အရှုပ်ထုပ်တွေကို ရှင်းထုတ်ပစ်လိုက်တယ်ဗျာ.

လူတိုင်းမှာ ကိုယ့်ဘ၀နဲ့ကိုယ်ရှိပါတယ်. ဒီလိုပဲ. လူတွေမှာ ကိုယ့်အဆင့်နဲ့ကိုယ် ရှိတယ်. အဆင့်ဆိုတာ ဥစ္စာတွေ၊ ပညာတွေ၊ စည်းစိမ်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ တိုင်းတာ မဟုတ်ဘူး. ကျွန်တော် မှတ်သားဖူးတဲ့ စကားတစ်ခွန်းရှိတယ်.

တစ်ချို့က ပညာသင်တယ်. ပညာတတ်လာရင် ထောင်လွှားဖို့၊ ကိုယ့်လောက်မတတ်သူတွေကို နင်းနှိပ်ပြောဆို ၀ံ့ကြွားထည်ဝါစေနိုင်ဖို့.

တစ်ချို့က ပညာသင်တယ်. လူ့အောက်မကျဖို့. အသက်မွေးဝမ်းကျောင်း လွယ်ကူချောမွေ့စေဖို့.

တစ်ချို့က ပညာသင်တယ်. ယဉ်ကျေးသိမ်မွေ့ဖို့၊ လောကီလောကုတ္တရာ နှစ်ဖြာကောင်းကျိုး သယ်ပိုးနိုင်ဖို့၊ စဉ်းစားတွေးခေါ်ပုံ မှန်ကန်ဖို့တဲ့...

ဒီလိုပဲဗျာ. လူတစ်ယောက်ဟာ ချမ်းသာနိုင်သလို ဆင်းရဲနိုင်တယ်. ပညာတွေ အများကြီးတတ်ထားသလို ကျောင်းတစ်ဝက်တစ်ပျက်နဲ့ လောကကြီးထဲမှာ အဆင်ပြေသလို ကျင်လည်နေရသူတွေလည်း ရှိနေနိုင်တယ်. တစ်ယောက်နဲ့တစ်ယောက် သဘောမတူနိုင်တာတွေ ရှိလာရင် နိုင်ငံကြီးသားပီသစွာ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပြောဆိုသင့်တယ်.

လူကြီးလူကောင်းပီသစွာ သူ့အမြင် ကိုယ့်အမြင် ဖလှယ်သင့်တယ်. တွန်းအားပေးတာ၊ ဖိအားပေးတာတွေ မလုပ်သင့်သလို ချောက်တွန်းတာ၊ ထောင်ချောက်ဆင်တာတွေလည်း မလုပ်သင့်ဘူး.

ဘာလိုချင်လဲ. ပြောလိုက်
ဘာဖြစ်ချင်လဲ. ပြောလိုက်.
ဘာကို မကျေနပ်တာလဲ. ပြောလိုက်.
ဘာကို ပြင်စေချင်တာလဲ. ပြောလိုက်.

လက်ခံတာ မခံတာ သူ့အပိုင်းပဲ. ကျွန်တော့်ကို ဖိအားပေးပြီး ဟိုဟာလုပ်ပါ. ဒီဟာလုပ်ပါ. ဟိုဟာ မလုပ်ရင် ခင်ဗျားတော့ အလကားပဲ. ဒီဟာ လုပ်နေရင် ခင်ဗျားတော့ လူယုတ်မာပဲ ဆိုတာတွေ လာပြောနေစရာ မလိုဘူး.

ပွင့်လင်းစွာ၊ ရိုးသားစွာ ဝေဖန်ပါ. ကျွန်တော် နာခံမယ်. ပြင်သင့်တာပြင်မယ်.

အဲလိုမဟုတ်ဘဲ. ပညာရှိလိုလို၊ တစ်လောကလုံးကပဲ မှားယွင်းနေသလိုလို၊ ကိုယ်လုပ်တာမှ အမှန်လို့ သက်သေပြချင်သလိုလိုမျိုးနဲ့ နတ်သံလေး နှောပြီး ငိုချင်းလာချပြ၊ ပညာခန်းလာပြနေတာမျိုးတွေ လုပ်လာရင်တော့ ကျွန်တော် ခင်ဗျားကို တော်တော်လေးကို စက်ဆုပ်ရွံရှာမိလိမ့်မယ်. မသိသူတွေ မသိပေမယ့် သိသူတွေကတော့ သိနေတယ်ဗျ.

မအေနှမ တိုင်းပြီး ပြောနေစရာ မလိုဘူး. နှမသားချင်း မစာနာဘဲ မှိုချိုးမျှစ်ချိုးပြောနေစရာလည်း မလိုဘူး. ကျွန်တော် လူမှုရေး ရှုထောင့်ကနေ ကြည့်ပြီးတော့ပဲ လုပ်သင့်တာကို လုပ်တယ်. ဒီလိုပဲ. တစ်ခြား ကျွန်တော့်လို အဖြစ်မျိုးတွေ ကြုံတွေ့နေရသူတွေ ရှိလာခဲ့ရင်လည်း သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြလိမ့်မယ်လို့ ယုံကြည်တယ်.

ကိုယ့်အတွေးအခေါ်နဲ့ မတူတိုင်း၊ ကိုယ့်အယူအဆနဲ့ ကွဲလွဲတိုင်း၊ ကိုယ်နဲ့ အစေးမကပ်တိုင်း နာမည်လာဖျက်တာတွေ၊ ရိုင်းစိုင်းယုတ်မာစွာ ရန်စတာတွေ၊ စော်ကားတာတွေ လုပ်လာရင်တော့ ကျွန်တော် ပြုံးပြီးတော့ပဲ ကြည့်နေလိုက်တော့မယ်. ဟုတ်ပြီလား..

ကဲ. ကျွန်တော် ပြောသင့်သလောက်တော့ ပြောလိုက်ပြီ. ဒီထဲက စကားလုံးတွေကို မှန်ဘီလူးတစ်လက်ကိုင်ပြီး ချဲ့ကားတာတွေ၊ အထအနကောက်တာတွေ ရှိချင်လည်း ရှိစေတော့.

ရှေ့လျှောက် သတိဝီရိယ ကြီးစွာထားပြီး၊ မိတ်ဆွေရန်သူကို ခွဲခြားမြင်တတ်အောင် ကြည့်ပြီး ကျွန်တော်ချစ်တဲ့ ဘလော့ဂါတွေအတွက်၊ ကျွန်တော် ယုံကြည်တဲ့ လူငယ်မျိုးဆက်သစ်တွေအတွက်၊ ကျွန်တော်လေးစားဦးညွှတ်တဲ့ ပညာရှိလူကြီးသူမတွေအတွက်၊ တာဝန်ကျေပွန်ခဲ့တဲ့ မျိုးဆက်ဟောင်းတွေအတွက် ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်နိုင်အောင် ဆက်လက်ကြိုးစားလိုက်ပါဦးမယ်..

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Monday, December 01, 2008

အက်စ်ပရက်ဆိုတမ်းချင်း...




တိမ်ထူထူနေ့တစ်နေ့မှာ
ကောင်းကင်ဟာ မျက်မှောင်ကုတ်လို့ စိတ်ဆိုးနေခဲ့တယ်.
တကယ်ဆို ဒီနေ့ဟာ တိမ်ပြာပြာနေ့တစ်နေ့ ဖြစ်သင့်ခဲ့တာ
ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ဖြစ်သင့်ခဲ့တာတဲ့.
ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောဆိုနေခဲ့လေရဲ့...

ပေစုတ်စုတ် အ၀တ်လေးတွေဝတ်ထားတဲ့
သူဖုန်းစားကလေးငယ်တစ်ယောက်
ခေါက်ဆွဲဆိုင်ရှေ့မှာ မတ်တပ်ရပ်ရင်း ဆိုင်ထဲကို မျှော်ကြည့်နေခဲ့တယ်.
ဒီမျက်ဝန်းတွေကို ငါမြင်ဖူးတယ်.
ဒီမျှော်လင့်ခြင်းတွေကို ငါခံစားမိဖူးတယ်.
ချေဂွေဗားရားရဲ့ ကျူးဘားနိုင်ငံအတွက် မျှော်လင့်ခြင်းမျိုး
ဟိုချီမင်းရဲ့ ဗီယက်ကောင်းတွေအတွက် မျှော်လင့်ခြင်းမျိုး
အာသာဘုရင်ကြီးရဲ့ သူ့ထီးနန်းကိုပြန်ရယူနိုင်ဖို့အတွက် မျှော်လင့်ခြင်းမျိုး..

အို. ဒါတွေကိုတော့ ကလေးငယ် ဘယ်သိမှာလဲ.
သူ့မျှော်လင့်ခြင်းမှာ သူ့အိုးနဲ့သူ့ဆန် တန်ရုံတော့ ရှိမှာပေါ့.
ဟုတ်တယ်. သူမျှော်လင့်တယ်.
ခေါက်ဆွဲလက်ကျန်လေး ဖြစ်နိုင်တယ်.
ပိုက်ဆံအတိုအစလေး ဖြစ်နိုင်တယ်.
ဟင်းကျန်ထမင်းကျန်လေးတွေလည်း ဖြစ်နိုင်တယ်.
နိုင်ငံတော်ကြီး နွံနစ်နေတာ သူမသိဘူး
သူ့လူမျိုးတွေ ကျွန်ဖြစ်နေတာ သူ နားမလည်ဘူး
ခု သူဗိုက်ဆာတယ်.
မနေ့ကလည်း သူဗိုက်ဆာခဲ့တာပဲ.
မနက်ဖြန်မှာလည်း သူဗိုက်ဆာဦးမှာပဲ.
ရေလိုတယ်. အစာလိုတယ်.
မန်ဘိုင်းမှာ လူတွေအသတ်ခံရတာ သူ့ကိစ္စမဟုတ်
ထိုင်းမှာ လေယာဉ်ကွင်းပိတ်တာ သူ့အလုပ်မဟုတ်
အာဖဂန်နစ္စတန်က ကျောင်းသူလေးတွေ အက်ဆစ်နဲ့အပက်ခံရတာ သူ့အရှုပ်မဟုတ်
နှစ်ဆယ်တွေ၊ ခြောက်ဆယ့်ငါးတွေ၊ ငါးဆယ့်ကိုးတွေ သူ့အဆိုးမဟုတ်.

ဆိုင်ထဲက လူတစ်ယောက်ထွက်လာတယ်.
ကလေးငယ်ကတော့ သူ့ခြေသလုံးတွေထဲကို အားအင်တွေ ပစ်ထည့်ထားလိုက်တယ်.
သူ့မျက်ဝန်းတွေက အရောင်တောက်လာခဲ့တယ်.
သူ့နှလုံးသားနဲ့ သူ့ဆန္ဒတစ်သားတည်းဖြစ်သွားခိုက်
သူ့ခေါင်းက တစ်စုံတစ်ရာအတွက် ခိုင်ကျည်ရဲရင့်စေခဲ့တယ်.
'တစ်စုံတစ်ခုတော့ ငါရမှ ဖြစ်မယ်'

အရာအားလုံးကို မြင်လိုက်ရတဲ့ ကောင်းကင်က ညည်းတွားတယ်.
'တစ်ကိုယ်ကောင်းဆန်လိုက်တာ' တဲ့.
'ကိုယ့်အတွက်ပဲ ကိုယ်သိတယ်' တဲ့.
'အရာရာဟာဆက်စပ်နေတယ်ဆိုတာ နားမလည်ဘူး' တဲ့.

ငိုက်မြည်းနေတဲ့ တိမ်ထူထူတစ်အုပ်က ပြန်ပြောတယ်.
'တဆိတ်လောက်ဗျာ. ခင်ဗျား ကလေးငယ်ကို ပြောနေတာလား
ကျွန်တော့်ကို ပြောနေတာလား
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ ပြောနေတာလား' တဲ့.

ကောင်းကင်က ပြန်ပြောတယ်.
'မရှိတာထက် မသိတာခက်တယ် ကိုမိုးတိမ်ရယ်'

မိုးတိမ်က ပြန်မေးတယ်.
'ရှိလည်းရှိ သိလည်းသိပေမယ့် မလုပ်တဲ့သူတွေက ပိုမခက်ပေဘူးလား ကောင်းကင်ရယ်'

ကောင်းကင်က ထုံးစံအတိုင်း ခေါင်းမော့လို့ တစ်ချက်ပြုံးလိုက်တယ်.
'စကားလုံးတွေနဲ့ မကစားစမ်းပါနဲ့ဗျာ. ကျုပ်က လက်တွေ့ကျချင်တဲ့သူဗျ'

မိုးတိမ်က သူ့လက်ချောင်းတွေကို တဖြောင်းဖြောင်းနဲ့ ဆွဲဆန့်လိုက်ရင်း
'တစ်ချို့က လက်တွေ့ဆိုတာကြီးကို ခုတုံးလုပ်ပြီး လေမုန်တိုင်းတွေတိုက်နေတာ ခင်ဗျားသိရဲ့လား'

ဒါကို နားစွန်နားဖျားကြားလိုက်တဲ့ ဆိုင်ကလုန်းက ပြောတယ်.
'ကိုယ့်ဟာကိုယ် ငြင်းကြဗျာ. ကျုပ်နာမည်တော့ ဆွဲမထည့်နဲ့. အေးအေးဆေးဆေး ဆားနဲ့ပဲ စား၊
အဲလေ. ပင်လယ်မှာပဲ နေပါရစေ...'

'ဖုတ်'

ကောင်းကင်ရော၊ မိုးတိမ်ရော၊ ဆိုင်ကလုန်းပါ မြေပြင်ကို ငုံ့ကြည့်လိုက်ကြတယ်.
မြေကြီးပေါ်ကျနေတဲ့ ခေါက်ဆွဲထုပ်လေးဘေးမှာ ဖုန်တစ်ချို့ ကခုန်နေကြတယ်.
အထုပ်လေးကို သေချာစည်းနှောင်လို့ ဘေးလွယ်အိတ်လေးထဲကိုထိုးထည့်ရင်း
နောက်ထပ်ထွက်လာမယ့် တစ်စုံတစ်ယောက်ကို ကလေးငယ်မျှော်လင့်နေတယ်.
မျှော်လင့်နေဆဲပဲ...

ခုနက သူ့လက်ထဲမှာ တစ်စုံတစ်ရာရှိနေခဲ့တယ်.
သူ့အိတ်ထဲမှာ ဟင်းလင်းပြင်ပေါ့
ခု သူ့အိတ်ထဲမှာ တစ်စုံတစ်ရာ ရှိနေခဲ့တယ်
သူ့လက်ထဲမှာ ဗလာနတ္ထိရယ်ပေါ့
မက်ခ်တွိန်းရဲ့ ဖိနပ်ကို မဆေးဘဲ ပစ်ထားတဲ့ အစေခံကို သတိရမိတယ်.
နောက်လည်း ပေရေဦးမယ့်အတူတူ ဘာလို့တိုက်ချွတ်နေဦးမှာလဲတဲ့
အဲဒီ့နေ့က အစေခံ ထမင်းငတ်တယ်.
မက်ခ်တွိန်းက ကလဲ့စားပြန်ချေတယ်လေ
နောက်လည်း ဗိုက်ဆာမယ့်အတူတူ ဘာလို့စားနေဦးမှာလဲတဲ့.
ကလေးငယ်ဟာ ပညာရှိတာလား၊ မရောင့်ရဲနိုင်တာလား
အဲဒါကို မနက်ဖြန်တွေက မဖြေနိုင်ခဲ့တာ ဂွကျတယ်..

မိုးတိမ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်.
ကောင်းကင်က လေပူတစ်ချက် မှုတ်ထုတ်တယ်.
ဆိုင်ကလုန်းကတော့ တ၀ီးဝီးတဟီးဟီးနဲ့
မိုးကုပ်စက်ဝိုင်းဆီ ပြေးထွက်သွားခဲ့တယ်.

ကန့်လန့်ကာကြီး ပြုတ်ကျလာခဲ့တယ်.
'၀ုန်း' ခနဲ ကျလာသလား
'ဗြုန်း' ခနဲ ကျလာသလား
အိပဲ့အိပဲ့ ကျလာသလား
ချည့်နဲ့ချည့်နဲ့ ကျလာသလား.
ဘယ်လိုပဲ ကျလာလာ
တစ်ခန်းတော့ရပ်သွားခဲ့တာ သေချာတယ်.

လူရှင်းနေတဲ့ လမ်းလေးထဲမှာ ငါရပ်နေခဲ့တာလား
ငါရပ်နေခဲ့တဲ့နေရာမှာ လူတွေရှင်းနေခဲ့တာလား
ငါရပ်ပြီးမှ လူတွေရှင်းတာလား
လူတွေရှင်းချိန်ကျမှ ငါလာရပ်တာလား
ဒွိဟတွေ၊ ပုစ္ဆာတွေ ဟားတိုက်ရယ်မောနေချိန်မှာ
အက်စ်ပရက်ဆိုလေးတစ်ခွက်လောက်တော့ ငါ့ကိုထွက်သောက်ခွင့်ပေးပါ...

ဘယ်အရာမှ မပိုင်ဆိုင်နိုင်သူအတွက်
မျှော်လင့်ခြင်းလေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့သေးတယ်.
မျှော်လင့်မှုအတွက် ပိုင်ဆိုင်လိုခြင်းလား
ပိုင်ဆိုင်မှုအတွက် မျှော်လင့်လိုခြင်းလား.
ကောင်းကင် ပြောသလိုပေါ့
စကားလုံးတွေဆိုတာ ကစားချင်သူတွေအတွက် လေ့ကျင့်ကွင်းကြီးတစ်ခုပဲ.
အပြောသမားတွေရဲ့ လက်မှာ အသားမာ ထမနေတတ်ပေမယ့်
လျှာတွေကတော့ ဂျော်နီဝါးကားလမ်းမလျှောက်ဘဲ သွက်နေတတ်လေရဲ့
ဆက်လျှောက်လိုက်ဦး ဂျော်နီရေ.
ဒီလှည်းဘီးတွေနောက် ငါပြေးမလိုက်တော့ဘူး
ငါ့မှာ လုံလောက်တဲ့ လက်ညှိုးတွေ ရှိနေခဲ့ပြီပဲ.

တော်သေးတာပေါ့
ခုတလော မိုးတွေ သိပ်မရွာခဲ့ဘူး...
အခန်းထောင့်က ထီးကျိုးတစ်လက်ကတော့
မနက်ဖြန်အထိ ဆက်လက်ငိုက်မြည်းနေဦးမှာပဲ.

အခန်းတံခါးကို ညင်သာစွာပဲ ဆွဲဖွင့်လိုက်တယ်.
လှေကားထစ်တွေကို ကျော်တက်ရင်း
လင်းချင်းနေတဲ့ ကောင်းကင်အောက်ကို ၀င်ရောက်ခဲ့တယ်.
ခေါင်းပေါ်မှာတော့ ကန့်လန့်ကာကြီးကို ထမ်းပိုးလို့ပေါ့
ဒီနေရာမှာ တစ်ခန်းရပ်လိုက်
ဟိုနေရာမှာ တစ်ခန်းရပ်လိုက်နဲ့
ခရီးမဆုံးခင် ကန့်လန့်ကာတွေ ကျန်ပါဦးမလား

အိုး... ဘာဖြစ်လဲ.
တစ်ခန်းမရပ်နိုင်တော့လည်း အခန်းဆက်ပြဇာတ်ပေါ့.
လှည်းဘီးတွေနောက် ပြေးမလိုက်မှတော့ ကန့်လန့်ကာတွေလည်း မလိုတော့ပြီပဲလေ.

မနက်ခင်းဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ ငါ့မျက်ဝန်းတွေကို လှမ်းကြည့်တယ်.
ကန့်လန့်ကာများချလေဦးမလားရယ်ပေါ့..

ဒီနေ့ တိမ်တွေပြာလို့ ကောင်းကင်လည်းသာတယ်.
ဒါပေမယ့် ဆန်းဒေးတော့ မဟုတ်ခဲ့ဘူး...

~ ရေခဲငှက် ~

Monday, November 17, 2008

အက်အက်အက်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်လည်း ဟိုးအဝေးကြီးကို ထွက်သွားခဲ့တာကြာပေါ့.

မုဒ်လည်းမ၀င်၊ ဘလော့ဂ်ဝင်ဖို့လည်း အဆင်မပြေ၊ လူကလည်း ဝေလေလေနဲ့ဆိုတော့ ဘလော့ဂါရန်အောင်ဘ၀ ခပ်ရှောင်ရှောင်သာ နေခဲ့ရတော့တယ်ဗျာ.

ဒီနေ့ ဆန်းဒေးမှာ အိမ်ရှင်း၊ ပစ္စည်းတွေ နေရာချ၊ တွေ့စရာရှိသူတွေနဲ့တွေ့၊ ပြောစရာရှိသူတွေနဲ့ပြောပြီးသကာလ ညနေစောင်း ၄ ခွဲလောက်မှာ စက်တော်ခေါ်သွားခဲ့ပါတယ်.

Zzzzzzzzzzzzzzzzzzzzzzzzzzzzzz...


....

ဒီကြားထဲ အိပ်မက်ကလည်း မကောင်းဘူး. ရယ်လည်းရယ်ရတယ်. ကျွန်တော့်ကို ကလေးသရဲတွေက ၀ိုင်းလိုက်လို့လေ.

နောက်နေတယ်မှတ်နေတာ. အနားရောက်တော့မှ ပါးစပ်ဟပြတယ်. အမလေးးးးးးးးးးး

သွားကြီးတွေများ. မန်းလေး စိန်ပန်းစက်မှုဇုံက ဂဟေဆော်တဲ့ အချောင်းကြီးတွေလောက်ရှိတယ်. နောက်ထပ် ကလေးသရဲလေးတစ်ကောင်ဆို သွားတွေကို Brace လေးတွေတောင် ဆွဲထားလိုက်သေး.. ကြီးလာရင် သွားတွေ မညီမှာစိုးလို့တဲ့... (တော်သေးတာပေါ့. စိန်ပွင့်လေးတွေ ကပ်မထားလို့.)

အဲဒါနဲ့ ကျွန်တော်လည်း ထွက်ပြေးရတာပေါ့. နီးရာ ရထားတစ်စီးပေါ် ပြေးတက်လိုက်ရတယ်.

ရထားက ချက်ချင်းဆိုသလို လှိုဏ်ဂူကြီးတစ်ခုထဲ ပြေးဝင်သွားပါတယ်. လမ်းခွဲတစ်ခုမှာ ခဏရပ်ပါတယ်. ဒရိုင်ဗာက မေးပါသေးတယ်. ဒီဖက်လမ်းက အခုတင် ရထားတစ်စီးထွက်သွားတာတဲ့ ခဏစောင့်ရမယ်. ဟိုဖက်က သွားရင်ကောင်းမလားတဲ့.

ကျွန်တော်အပါအ၀င် ခရီးသည်တစ်ချို့ကလည်း သွားသွား. ဆိုပြီး အားပေးကြတယ်လေ.

အဲဒါနဲ့ မောင်းလည်းမောင်းရော ရထားက လှေကားအတိုင်း ပြေးဆင်းသွားတယ်.

ရင်ထဲမှာတော့ နှစ်သစ်ကူး တရုတ် နဂါးကြီး ပြေးဆင်းလာသလိုပဲ... ဒုန်း.. ဂွမ်း.. ၀ရုန်း. အုံး... နဲ့ပေါ့.

အောက်လည်းရောက်ရော ရထားက ဘီးချော်ပါလေရော. ကျွန်တော်က 'ချော်နေပြီ ချော်နေပြီ' လို့ လှမ်းအော်တာပေါ့.

အင်း. ဟုတ်တယ်. မြန်မာလိုပြောတာတော့ မဟုတ်ဘူးဗျ. ကျွန်တော်က နိုင်ငံခြားသံဝဲ၀ဲလေးနဲ့ ဒရိုင်ဗာကို လှမ်းပြောရတာပေါ့. ဒီလိုလေးလေ..

Yo.. Man... Chaw Nay Bi... s... C'mon, man! ပေါ့..

ဟတ်ဟတ်..

ရထားကြီးက သံလမ်းပေါ် ပြန်တက်သွားရော.

ကျွန်တော်လည်း ရောက်ပြီဆိုပြီး တံခါးဖွင့်တာကို စောင့်တာပေါ့.

'တုံ' ဆိုတဲ့ ဘဲလ်သံလေးနဲ့အတူ တံခါးလည်း ပွင့်သွားရော ဆင်းမယ်အလုပ် ရှေ့မှာ လမ်းပိတ်ရင်သုံးတဲ့ သစ်သားတုံးကြီးက ပေါ်လာရော.

ဟိုက်. ပီလိုဖြစ်တာလဲဝေ့ လို့ ဒရိုင်ဗာကို ပြန်မေးမယ်အလုပ် ခုနက ကလေး သရဲသုံးကောင်က မှန်ထဲမှာ ပေါ်လာတယ်.

ဟိုကားထဲကလိုလေ. Grudge ကားထဲမှာ မင်းသမီးက ကားစီးလာတော့ ကားမှန်ထဲကနေ ကလေးသရဲလေး ပေါ်လာသလိုပေါ့.

အသံတောင် ပေးလိုက်သေးး

'အက်... အက်... အက်... အက်...' တဲ့..

ကျွန်တော်လည်း ခုနက မြင်ရတဲ့ အတားအဆီးကို ၀ုန်းခနဲ ကျော်... အပေါက်ကနေခုန်ဆင်းလိုက်တော့ ရောက်သွားတဲ့နေရာက ဘာမှတ်လဲ..

"စိုက်ပျိုးရေး" မှတ်တိုင်တဲ့ဗျာ.... မြန်မာ့အသံရုံးကြီးက ထီးထီးကြီးရပ်နေလို့.. ဦးကျော်စိုးဦးတောင် ပုဆိုးပြင်ဝတ်နေတာတွေ့လိုက်ရတယ်. (အော်. သတင်းကြေငြာခါနီးမို့ ပြင်တာဆင်တာပါတဲ့လေ.... အဲဒီ့နေ့က မိုးခေါင်သွားခဲ့တယ်ဗျာ. အဲဒါ မော်ဒန်ကဗျာလား.. သွားစမ်းပါ. မ ကိုလွမ်းတယ်.)

ကားလမ်းကို ဖြတ်အကူး. Very Ignorant Person (VIP) တွေ ပါလာပုံရတဲ့ ကားတန်းရှည်ကြီးက ဟိုဖက်လမ်းကနေ 'တီ.. တီ.. တီ... တီ..' ဆိုပြီး ကျွန်တော့်ဆီ ပြေးလာတယ်.

ကျွန်တော်လည်း ကလေးသရဲနဲ့တွေ့လို့သာ ပြေးချင်ပြေးမယ်. ဒီငတတွေနဲ့တွေ့လို့ကတော့ မရရတဲ့နည်းနဲ့ ဆန့်ကျင်မယ်ဆိုပြီး ကားမောင်းတဲ့လူကို လှမ်းပြီး စိတ်နဲ့ညှို့လိုက်တယ်.

မောင်းတဲ့သူက ဘယ်သူဖြစ်နေလဲသိလား..

ခင်ဗျားမသိပါဘူး..

ကျွန်တော်လည်း မသိလိုက်ဘူး..

နှိုးစက်က 'တီ.....တီ.....တီ.....တီ.....' မြည်နေရာက နည်းနည်းကြာသွားတော့ အသံက ပိုစိပ်လာပြီး တီ.တီ.တီ.တီ. ဖြစ်သွားခဲ့တယ်လေ. အဲဒီ့တော့မှ ထပိတ်လိုက်ပြီး အိပ်ယာပေါ်မှာ ငေါင်စင်းစင်းနဲ့ ထိုင်နေတဲ့ ကျွန်တော့်ကို ညနေခင်းလေပြည်ညှင်းလေးက 'What the heck u r doing, man? Move your ass off! Go! Go! Go!' ဆိုပြီး ညင်ညင်သာသာလေး နှုတ်ဆက်ပါတယ်.

အိပ်ယာပေါ်ကဆင်း၊ မျက်နှာသစ်၊ လန်းသွားအောင် ကိုယ့်ကိုယ်ကို ဖြောင်းဒိုင်း ဖြောင်းဒိုင်းဆိုပြီး ဇက်ပိုးတွေ နားရင်းတွေဘာတွေ အုပ်၊ နားသယ်မွှေးကို ဇွိခနဲ ဆွဲထည့်ပြီးသကာလ မီးဖိုချောင်ထဲ ၀င်. လှန်လှောကြည့်တော့ မနက်ခင်းက တည်သွားခဲ့တဲ့ ထမင်းအိုးက "ဘာမှချိဘူး" ဆိုပြီး ပြုံးစိစိနဲ့ လှမ်းပြောတယ်.

တင်းသွားတယ်ဗျာ. အဲဒါနဲ့ပဲ ရေခဲသေတ္တာကို ၀ုန်းခနဲဆွဲဖွင့်. ကြက်ဥတစ်လုံးယူ. ဘီရိုပေါ်က ခေါက်ဆွဲခြောက်ထုပ်ကို ဖောင်းခနဲဖွင့်. ရေနွေးအိုးတည်ပြီး အုံးဒိုင်းဂွမ်းဆို လုပ်ထည့်လိုက်တာ နောက် ဆယ်မိနစ်လောက်လည်းနေရော ဘလော့ဂါရန်အောင်တစ်ယောက် သတင်းစာလေးဖတ်ရင်း၊ ခေါက်ဆွဲပြုတ်လေးသောက်ရင်း၊ ဒူးလေးနှံ့ရင်း၊ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်လေးတွေကို သပ်တင်ရင်း၊ ဆက်ရက်မင်းစည်းစိမ်ကို ခံစားနေခဲ့ပါတော့တယ်.

အဲ. ညရောက်တော့ ကွိုင်တော့တာပဲဗျာ.

မျက်လုံးကြီးက ပြူးနေလိုက်တာမှ ဇီးကွက်ကတောင် အဖေခေါ်ရမယ်.

ဒီတော့လည်း ဘာလုပ်မလဲ အပြေးအလွှားစဉ်းစားလိုက်တော့ ပို့စ်ရေးမှာပေါ့ဆိုတဲ့ အဖြေက ဂွက်ခနဲ ထွက်လာတယ်.

ဟုတ်တယ်. 'ဂွက်' ဗျ.

စဉ်းစားလို့ အဖြေလည်းထွက်ရော အားရ၀မ်းသာနဲ့ သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်တော့ "ဂွက်" ဖြစ်သွားရော. ဟတ်ဟတ်.

ညနေက အိပ်ထားတယ်. ခု ကော်ဖီသောက်ထားတယ်.

ကဲ. ဆမ်းသင်းတော့ လောင်းပြီထင်တယ်ဗျ. ဟတ်ဟတ်.

ဒီည မအိပ်တော့ဘူး.

အားလုံးကို လွမ်းတယ်.

မွ................................

အာဘွား...

ရွှတ်...

နက်ဖြန်တွေ့မယ်ဗျာ.

ပြန်အိပ်ရင် ကလေးသရဲလေးတွေနဲ့ ပြန်တွေ့မှာကြောက်တယ်....

ဒီတစ်ခါဆင်းရင်တော့ စိုက်ပျိုးရေးမှာ မဆင်းချင်တော့ဘူး. တံတားဖြူဆိုတော်သေး... (အတွဲချောင်းလို့ရတယ်..)

"အက်.. အက်.. အက်.."

အလိုလေး ဘုရားသခင်...

................

Thursday, November 06, 2008

မ-၄ (သို့) လွမ်းအိပ်မက်


အိပ်မက်လား၊ တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်.
ပြောသွားသေးတယ်.
'လွမ်းနေတာလားဟင်' တဲ့...

မျက်စိကို ချက်ချင်းဖွင့်မိတော့
အလင်းတန်းတစ်ခုက မညှာမတာ တိုးဝင်သွားခဲ့တယ်.
ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း
'ဟင်း' ခနဲ သက်ပြင်းရှည်တစ်ချက်ချ
တစ်ညလုံး မီးဖွင့်လျက်သား
စားပွဲပေါ်ပါးအပ်ရင်း
ကျွန်တော် အိပ်ပျော်သွားခဲ့တာကိုး...

ရှေ့တည့်တည့်ကို လှမ်းကြည့်မိတော့
အ၀ါရောင်မီးလုံးလေးနဲ့ ကျွန်တော့်ရဲ့ ယူဇာနိမ်း(မ်)လေးက
အားငယ်စွာနဲ့ ပြန်လှမ်းကြည့်တယ်.
'မ' မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်.
သိပါတယ် 'မ' ရယ်..

မလာနိုင်မှန်းသိလျက်နဲ့
ပေါ်လာလေမလား မျှော်မိတာ
ကျွန်တော့်အပြစ်ပါ.

တုံ့ပြန်မှုမရှိတဲ့ 'မ' ရဲ့ နာမည်လေးဘေးမှာ
ကလစ်ခဏခဏ ခေါက်ရင်း
ဟိုးအဝေးကြီးကနေ ကျွန်တော် လွမ်းနေရတဲ့အကြောင်း
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ပို့ရပေါင်းလည်း များပြီ.
'မ' ရဲ့ ဖုန်းနံပါတ်လေးကို ထိုင်ကြည့်လို့
ခေါ်သင့်လား မခေါ်သင့်လား မေးခွန်းတွေများစွာထဲမှာ
ကျွန်တော့်ဝိညာဉ် ညင်သာစွာ အသက်မဲ့နေခဲ့တယ်.

ညရယ်..
ရှည်လွန်းလိုက်တာ.
စိတ္တဇည...
သွေးပျက်ည...
အိပ်ပျက်ည...
နှိပ်စက်ည...
လွမ်းဆွတ်ည...
ဝဋ်ခံရတဲ့ည...

လမင်းကြီးကို တမ်းတလို့
မှန်းဆ ငိုကြွေးနေတဲ့ ကျွန်တော်
ကြယ်စင် အဖော်လေးတွေကိုလည်း မခုံမင်နိုင်တော့ပါဘူး.
တဂိုးပြောခဲ့တဲ့ အမှန်တရား
ကျွန်တော့်အတွက်တော့ မခံစားနိုင်ခဲ့ပါဘူး.
ရူးတယ်ပြောလဲ ပြောတော့ 'မ' ရယ်.
အချစ်စစ်ဆိုတာ Assembly လိုင်းထဲက ထွက်ကျလာတဲ့
ပေါပေါလောလော ထုတ်ကုန်ပစ္စည်းမှ မဟုတ်ခဲ့တာ...

To Be or Not To Be ဆိုတာလည်း
ရှိတ်စပီးယားရဲ့ ဟင်းမလက်အတွက်ပဲ မှန်မှာပါ.
ဆုံးဖြတ်ခံရပြီးသား ဘ၀နှစ်ခုအတွက်တော့
Not To Be or Never To Be ဆိုတာပဲ ရှိခဲ့တော့တယ်.
ကျွန်တော် ဘာလုပ်ရမလဲဟင်
အဲဒီ့မေးခွန်းကို ကျွန်တော်သိပ်မုန်းတယ်.
ကိုယ်လုပ်ချင်တာကို ကိုယ်အမြဲသတ်မှတ်ခဲ့တဲ့လူတစ်ယောက်အတွက်
'ကျွန်တော် ဘာလုပ်ရမလဲ' ဆိုတဲ့ မေးခွန်းမျိုးက
ဆောက်တည်ရာမရ ဖြစ်လွန်းနေခဲ့တယ်.
ဒါပေမယ့် ပြန်မေးနေမိဆဲပါ
'ကျွန်တော်ဘာလုပ်ရမလဲဟင် မ'
'မ ကို သိပ်ချစ်မိတဲ့ ကျွန်တော် ဘာလုပ်ရမလဲ မ ရယ်'...

အိပ်မက်လား တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်.
ပြောသွားသေးတယ်
'လွမ်းနေတာလားဟင်' တဲ့..

ဟုတ်.
လွမ်းနေတယ်
သိပ်လွမ်းနေတယ်.
ကျွန်တော် သိပ်ကို လွမ်းဆွတ်နေမိတယ် 'မ' ရယ်...

Wednesday, November 05, 2008

Yes, we can!

နိုဝင်ဘာ ၄ ရက်...

အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တဲ့နေ့လို့ ပြောနိုင်ပါတယ်.

ဘာလို့လဲဆိုတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်း သမ္မတအဖြစ် အိုဘားမားကို ရွေးချယ်တင်မြှောက်လိုက်လို့ပါပဲ.

အခု ဒီစာကို ရေးနေချိန်မှာ နယူးယောက်မြို့ရဲ့ Time Square မှာ အမေရိကန်ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ အော်ဟစ်နေကြတယ်. ချီကာဂိုမှာရှိတဲ့ Grant Park မှာ အိုဘားမား အိုဘားမား ဆိုပြီး သံပြိုင်အော်ဟစ်နေကြတယ်. ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ အိမ်ဖြူတော်ရှေ့မှာ လက်ရှိသမ္မတ ဘုရှ် ထွက်လာပြီး တစ်ခုခုပြောမလားလို့ လူအုပ်ကြီးက စောင့်ဆိုင်းနေကြတယ်.

ဒါကတော့ အိုဘားမား နိုင်ပြီဆိုတဲ့ အကြောင်းကို CNN က ကြေငြာလိုက်တော့ ၀မ်းသာအားရ ဟစ်ကြွေးနေကြတဲ့ လူအုပ်ကြီးပါ.

http://www.cnn.com/video/#/video/politics/2008/11/04/malveaux.obama.wins.ohio.cnn

အိုဘားမားရဲ့ ဇာတိရင်းမြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံမှာလည်း ကင်ညာပြည်သူတွေက သူတို့ရိုးရာသီချင်းတွေ ဆိုပြီး ကခုန်မြူးထူးနေကြပါတယ်.

တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အပြောင်းအလဲကြီးတစ်ခုပါပဲ.

ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အိုဘားမားရဲ့ Inauguration Ceremony ကို ကျင်းပပြီး အမေရိကန်သမ္မတရာထူးကို တရားဝင် လွှဲပြောင်းတာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်.

ဒီရွေးကောက်ပွဲတစ်ခုလုံးကို အစအဆုံး ရင်ခုန်စွာ ကြည့်ရှုလာတဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေခဲ့ပါတော့တယ်.

'ပညာရဲရင့် ပွဲလယ်တင့်'

အားလုံးကို ချစ်ခင်လေးစားလျက်


ရန်အောင်

Thursday, October 30, 2008

I'm in Love....


Into the Darkness I am gazing at,
Without you, everything is so meaningless.

Hope to hear the ring from my cell,
Feel like my heart is burning to hell.

On youtube, I listened to "Keep Bleeding"
Leona, do you mean that she will be leaving?

Oh, please stop it and come back to me
Can't afford you trying to flee.

Mornings came and evenings are gone
The days without you, my days are torn.

C'mon, honey, it's not a joke
Can't even help myself gulping a coke.

Rice or curry I lost interest
Just murmuring "My Love, My Love"

Look around you, who else do you have?
Me, myself and my heart to be hijacked.

Look, honey, a leaf is falling
Wish you will be with me tomorrow morning.

Oh yeah, baby, I'm not a poet
But, please know that I'm in love.

YKN

Oops! I did it again.... :)

What's uppppp, guys!

Forgive me for not being able to post around these days.

First, I have been super-busy with my daily activities.

Second, I am missing her soooo much. :)

Third, my laptop was infected with some hard-to-kill viruses.

Fourth, I'm sooooooooooooo maddddd.

hat hat hat..

Yeah! It's really a frustrating experience. Just think about it, man!
Your precious files are gone...

Especially, her picutres... :((((((

"Her pictures" by that I mean my mom's pictures....

:D

Furthermore, I hate blogging in English. I don't know why.
Before blogging in Burmese, it was ok to write in bilingual ways.

But, after being in touch with myanmar blogger community to an extent, I have been quite estranged from blogging in English. I'd prefer writing in Burmese. Sometimes, I feel like composing in English, but I decided I'd rather post it on my English blog instead of on my "yanaung.net".

What am I doing now, huh?

I'm scanning my virus-infected computer while I was writing this post with an outdated laptop.

You might be wondering why I didn't download Zawgyi font and keyboards so that I can still write up a burmese post.

Straight answer?

I just don't wanna do it, man!

Give me a break. :))))

Lazybone or bonelazy or whatsoever you wanna dub me!
I don't care.

Hat hat hat..

Just pulling your legs, guys...

My other computer totally crashed and I am now trying to recover the system. Hope it will be back to normal by tomorrow morning, or NOT.

At this moment, I'm just crossing my fingers, my toes, my hands, my feet and whatever I can cross to make it work. LOL!

Anyway, I gotta stop my complaint right here.

You guys have fun!!!! OK?

Y.

Thursday, October 23, 2008

အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်း.....

တစ်ခါတုန်းကပေါ့ဗျာ. ကျွန်တော် တရုတ်တန်းက မြန်မာဆရာဝန်တစ်ယောက်ဆီ ဓာတ်မှန်သွားရိုက်ပါတယ်.

ဓာတ်လှေကားထဲကို ၀င်တော့ အထဲမှာ လူတွေလည်း တော်တော်များနေပါပြီ. တံခါးက ပိတ်လုပိတ်ခင်မှာပဲ.

“အိတ်စ်ကွတ်မီ. အိတ်စ်ကွတ်မီ..”

အသံကြားတဲ့ဖက်ကို လှမ်းကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ် တရုတ်မတစ်ယောက် စလင်းဘတ်နဲ့ ဒေါက်မြင့်ဖိနပ်နဲ့ စကတ်အတိုလေးနဲ့ ခြေကားယား လက်ကားယား အမောတကော ပြေးလာတာကို တွေ့လိုက်ရပါတယ်.

အဲဒါနဲ့ပဲ တံခါးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ကျွန်တော်လည်း ဓာတ်လှေကားတံခါးကြားထဲ လက်ကို အသာထည့်လိုက်လို့ တံခါးပြန်ဖွင့်စေလိုက်ပါတယ်.

တရုတ်မလည်း အထဲကို သုတ်သုတ်သုတ်သုတ်နဲ့ ၀င်လာပြီး ကျွန်တော့်ဘေးမှာ လာရပ်ပါတယ်.

လူတွေအများကြီးရှိနေတာက တစ်ကြောင်း၊ မိန်းကလေးမို့ နည်းနည်းအိုက်တင်ခံနေတာက တစ်ကြောင်းကြောင့် သူ မောနေတာကို လူမသိအောင် အသက်မျှင်းမျှင်းလေး ရှူလိုက်ထုတ်လိုက် လုပ်နေပါတယ်. ဓာတ်လှေကားထဲမှာလည်း ဖြစ်ပြန်၊ ကျွန်တော့်နားလည်း ကပ်ပြီး ရပ်နေတာလည်း ဖြစ်ပြန်တာကြောင့် အကုန်လုံး ကြားနေရတာပေါ့ဗျာ.

ဘေးကလူတွေကလည်း မိန်းကလေးဆိုလို့ တစ်ယောက်တည်းပဲ ပါလာတဲ့သူ့ကို မသိမသာရော သိသိသာသာရော ဂေါ်ရှိုးရှိုးနေကြတာပေါ့.

အဲဒီ့အချိန်မှာပဲ ဓာတ်လှေကားက တက်နေရင်း တန်းလန်း တုန့်ခနဲ ရပ်သွားပါလေရော.

ရပ်ရမယ့် အထပ်မှာ ရပ်သွားတာမဟုတ်ဘဲ တက်နေရင်းကနေ မီးပျက်သလို ရပ်သွားတာဆိုတော့ အားလုံးလန့်သွားတာပေါ့.

အဲဒီ့အထဲမှာ ကျွန်တော်ကတော့ နှစ်ခါပြန်လန့်ခဲ့ရတယ်.

ဘာလို့လဲဟုတ်လား.

ခုနက တရုတ်မရယ်ပေါ့.

ဓာတ်လှေကားလည်း အဲလိုရပ်သွားရော ကျွန်တော့်ကို ဆတ်ခနဲလှည့်ကြည့်၊ လက်ထဲမှာ ကိုင်ထားတဲ့ စလင်းဘတ်ကို သူ့ခြေထောက်နှစ်ချောင်းကြားထဲ ဖတ်ခနဲ ထိုးထည့်၊ ခေါင်းလေးကို စောင်းလို့ ဘာပြောလိုက်သလဲဆိုတော့…

“အုပ်စ်… ဆမ်းသင်းမ်လောင်း?” တဲ့…

ဘေးလူတွေကလည်း ကျွန်တော့်ကို လှမ်းကြည့်၊ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသွားတယ်.

ဩော်. ငါဝတ်ထားတာ ဘာတွေများ မသေမသပ်ဖြစ်နေလဲလို့ပေါ့လေ.

ဟတ်ဟတ်ဟတ်..

တကယ်တော့ တရုတ်မက “Oops! Something’s wrong?” လို့ ပြောချင်တာပါ.
ကျွန်တော့်ကိုကြည့်ပြီး မပီကလာ ပီကလာနဲ့ ပဲလေးများပြီး တရုတ်သံဝဲ၀ဲလေးနဲ့ ပြောလိုက်တော့ ….

ခုတော့..

ခုတော့..

ကျွန်တော် အားကြီးစိတ်ညစ်တယ်.

ဘာရယ်တော့မဟုတ်ဘူး. ကျွန်တော် တရုတ်တန်းဖက်ကို ရောက်ဖြစ်တိုင်း အိတ်စ်ကွတ်မီနဲ့ ဆမ်းသင်းမ်လောင်းလေးကို မျှော်နေမိခဲ့တယ်.

မှတ်ချက်။

ဒီဇာတ်လမ်းလေးကို ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာမဟုတ်ပါဘူး. မိတ်ဆွေတစ်ယောက် ပြောပြတာကို ပြန်ပြီး ဖောက်သည်ချထားတာပါ. ဘလော့ဂါဆိုတော့လည်း ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဖတ်ကောင်းအောင် ခြယ်ရတာပေါ့ဗျာ. တရုတ်မကတော့ တကယ့်ဖြစ်ရပ်မှန်ပါ. ကျွန်တော်သာ ဇာတ်လိုက်နေရမှာ မဟုတ်ခဲ့တာလေ. :D

Tuesday, October 21, 2008

မ-၃ (သို့မဟုတ်) လွမ်းလို့ရေးတဲ့စာ



မ…

သတိရလိုက်တာ “မ” ရယ်.

ကျွန်တော် အရမ်းလွမ်းလို့ မနေနိုင်တာနဲ့ ဒီစာလေးကို ကောက်ရေးဖြစ်လိုက်တာ.
မတွေ့ရတာလည်း ကြာပြီ. အသံလေးလည်း မကြားရတာ အတော်ကြာပြီနော်.

အင်းဗျာ. တစ်ခါတစ်လေတော့လည်း ကျွန်တော်လေ ဒီစည်းမျဉ်းဘောင်ကနားတွေနောက်မှာ ပိတ်မိနေတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကို သနားမိတယ်.

ကိုယ့်ကိုယ်ကို သနားနေတာလားလို့ ပြန်မလှောင်ပါနဲ့နော်.

တကယ်ချစ်မိသွားရင် ပျော်နေရတဲ့ အချိန်တွေထက် အလိုလိုနေရင်း ၀မ်းနည်းနေရတဲ့ အချိန်တွေ ပိုများတတ်တာကို “မ” တစ်နေ့တော့ သိလာပါလိမ့်မယ်.

သိပြီးသားလည်း ဖြစ်မှာပေါ့လေ. မပြောလိုက်ချင်ဘူး. ဟုတ်တယ်.

ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲ ဂရုစိုက်ကြင်နာနေစေချင်တာပေါ့.

ကတောက်ကဆဖြစ်ရပြီ ဆိုရင် ရန်ဖြစ်နေတုန်းသာ အနိုင်ယူချင်စိတ်နဲ့ ငြင်းခုန်နေမိပေမယ့် မတွေ့ရတော့တဲ့ အချိန်ကျမှ “ဩော်. ငါမှားလေခြင်း. သူ့ကို အနိုင်ယူမိလေခြင်း. သူများ နာကြင်သွားလေမလား. ခံစားသွားရလေမလား” ဆိုတဲ့ နောင်တတွေ၊ ပူပင်ခြင်းတွေကို ရင်မှာ ပိုက်ထွေးရင်း “မ” နဲ့ ပြန်ဆုံတွေ့နိုင်မယ့် အချိန်လေးကို ပြန်လည်တမ်းတမိနေတာ ကျွန်တော် “မ” ကို ပြောပြချင်ပါရဲ့…

ဘာလိုလိုနဲ့ ကျွန်တော် “မ” နဲ့ ရင်းနှီးခဲ့တာ … နှစ်တောင် ရှိခဲ့ပြီနော်.

ကြာပြီလို့ ပြောလို့ရသလို မနေ့တစ်နေ့ကမှ သိခဲ့ကြသလိုပဲလို့လည်း ပြောလို့ရပါတယ်.

ကြာပြီဆိုတာက “မ” နဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက သံယောဇဉ် နက်ရှိုင်းလွန်းနေခဲ့တာကို ကိုယ်စားပြုတာပါ.

မနေ့တစ်နေ့ ဆိုတာကတော့ ဒီလောက်ကြာကြာ သိခဲ့ပေမယ့်လည်း အခုချိန်ထိ လန်းဆန်းသစ်လွင်နေတဲ့ အချစ်တွေ စက္ကန့်မခြား ပေါက်ဖွားနေဆဲဖြစ်နေတာကို ပြောချင်တာပါ.

ဟော..

“မ” ပြုံးနေတာ ကျွန်တော် တွေ့နေရတယ်...

တကယ်ပြောနေတာပါဗျာ.

စကားတတ်တိုင်း၊ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေတာ မဟုတ်ရပါဘူး.

ရင်ထဲမှာ အချစ်ဆိုတာ ဖြစ်လာရင် စစ်ဘုရင်တွေတောင် ကဗျာတွေ စာတွေ စပ်ဆိုကြရတဲ့ အထိ ဖြစ်ခဲ့ရတာ နတ်သျှင်နောင်တို့၊ ပြည်န၀ဒေးတို့ သက်သေပါပဲ “မ” ရယ်.

ကျွန်တော်လည်းလေ “မ” ကိုချစ်မိသွားတဲ့ အချိန်ကစပြီး ကဗျာတွေ စာတွေ ရေးတတ်လာခဲ့တယ်.

တကယ်တော့ “မ”ဟာ ကျွန်တော့်ရဲ့ အနုပညာဈာန်ကို ကြွဝင်စေတဲ့ နတ်ဘုရားမ တစ်ပါး (သို့မဟုတ်) ကျွန်တော့်ရဲ့ Muse လေးတစ်ယောက်ပါပဲ “မ” ရယ်..

“မ” နဲ့ပတ်သက်လာရင်လေ ကျွန်တော် ဘယ်သူ့ဘယ်ဝါစကားကိုမှ ပုံတူကူးချခဲ့ခြင်း မရှိပါဘူး. ကျွန်တော် “မ” ကို ချစ်မိတဲ့ အကြောင်းတွေကို ဟောင်းနွမ်းနေတဲ့ စကားလုံးတွေ၊ လူတကာယူသုံးထားတဲ့ ကဗျာစာပိုဒ်တွေနဲ့ ဖော်ပြရတာထက် ကျွန်တော့်ရင်ထဲက အလိုလို စီးကျလာတဲ့ ခံစားချက်တွေကို ကဗျာလေးတွေ အဖြစ်နဲ့ ကိုယ်တတ်သလောက် မှတ်သလောက် ရေးချ ပြောပြတတ်တာကို ပိုအားရတယ်.

ဟုတ်တယ်. “မ”

ကျွန်တော့်ကဗျာတွေကို ပြန်ဖတ်ကြည့်…

“မ” ကို ကျွန်တော် ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်. စွဲလမ်းတယ်. ရင်ခုန်တိမ်းမူးတယ်. ဆိုတာကို တွေ့ရပါလိမ့်မယ်.

ကျွန်တော် ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက် မဟုတ်ခဲ့ရပါဘူး.

ကလေးငယ်တစ်ယောက်ကို ချော့သိပ်နေတဲ့ မိခင်တစ်ယောက်ဟာ သီချင်းဂီတကို ဘယ်လိုဆိုညည်းရမယ် ဆိုတာကို အထူးတလည် သင်ယူနေစရာ မလိုဘဲ မိဘမေတ္တာဖြင့် သင်ကြား တတ်မြောက်လာတတ်တယ်.

ဒီလိုပါပဲလေ. ချစ်တဲ့ “မ”ကို ဘယ်လောက်ထိ မြတ်နိုးရပါကြောင်း ဖွင့်ဟပြောပြချင်နေတဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက် ချစ်ခြင်းဖွဲ့စာကဗျာတွေကို ကျွန်တော် အလိုအလျောက် ရေးတတ်ဖွဲ့နွဲ့တတ်လာခဲ့တယ် “မ” ရယ်…

ကျွန်တော် “မ” နဲ့တစ်နေ့တော့ ဆုံစည်းခွင့် ရနိုင်မှာပါနော်.

ရင်နာတယ် “မ” ရယ်.

ပြန်ဆုံရင်တောင် ကံက ကုန်နေပြီးသားဖြစ်နေတော့
ခေါင်းမော့နိုင်စွမ်း မရှိတဲ့ ဒီ ရင်ဘတ်ထဲက အချစ်တွေကို
ဟော ဟိုမှာ မြင်နေရတဲ့ ဟဒ်ဆန်မြစ်ထဲ နှစ်ခဲ့ရပေါင်းလည်း များပါပြီ.

ပြောရင်းနဲ့ကို ကဗျာသံစဉ်တွေ ကခုန်လာကြပြီ “မ” ရေ..

ရင်နာတယ်ဗျာ.

တကယ်ကို ရင်နာတယ်.

ဘာလို့ “မ” နဲ့ ကျွန်တော် အစောကြီးကတည်းက ဆုံတွေ့ခွင့် မရခဲ့ကြတာလဲ..

ဘာလို့….

ဘာလို့.

ဘာလို့..

တော်ပြီ. “မ” ရယ်.

ကျွန်တော် ငိုရလွန်းလို့ မျက်ရည်တောင် မကျန်တော့ဘူး.

နောက်ဆုံးတော့လည်း ဘာမှ မလုပ်နိုင်မယ့် အတူတူ တစ်ခုပဲ ပြောတော့မယ်.

ကျွန်တော် “မ” ကို သိပ်ချစ်တယ်.

သိပ်ကိုချစ်ရပါတယ် “မ” ရယ်..

အိပ်ပြီဗျာ. စိတ်ဓာတ်ကျတယ်.

p.s

နက်ဖြန် အပြင်သွားဖြစ်ရင် ကားကောင်းကောင်းမောင်းနော်.
အနွေးထည်လေးဘာလေးလည်း ဆောင်သွားဦး. ရာသီဥတုက ချက်ချင်းပြောင်းနေတာ.
အိမ်မှာနေရင်လည်း အင်္ကျီထူထူထဲထဲလေး ၀တ်ထား. ရှိုးပြမနေနဲ့. ဖြစ်တော့ ကိုယ်ပဲ ခံရမှာ.

ဦးထီးသီချင်းထဲကလိုပေါ့.

“နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ “မ” ရယ်”

ရယ်မနေနဲ့. မပြောလိုက်ချင်ဘူး.
ကလေးလည်း မဟုတ်. ကုလားလည်း မဟုတ်. တရုတ်လည်း မဟုတ်.
ကျွန်တော့်စကားဆို ဘယ်တော့မှ အလေးအနက်မထားဘူး.

မှာနေတာနဲ့ပဲ p.s က စာတစ်စောင် ဖြစ်ရော့မယ်.

ကျွန်တော့်ဆီမှာ သိပ်ကို ညဉ့်နက်နေပြီဗျ.

“မ” ကို ညတိုင်းစောင့်ရလွန်းလို့ မျက်တွင်းထဲမှာတောင် ဟာဘယ်လ်စပေ့စ်မှန်ပြောင်း ထည့်ထားလို့ ရနေပြီ.

သိဘူးဗျာ.

စိတ်ညစ်တယ်.

“မ” ကိုချစ်ရတာ စိတ်ညစ်တယ်.

သီတင်းလည်းကျွတ်ပြီ.

မသိဘူးးးးးးးးးးးးးးးးးးးး “မ” ရယ်.

အိပ်ပြီ..

မွ……………..

အော်.. မေ့လို့.

မနက်ဖြန် မေးလ်ဘောက်စ်ထဲကို မောနင်းနုတ်စ်လေး ခါတိုင်းလိုပဲ ပို့ပေးထားမယ်နော်.

ဟော. ကြည့်. သူရယ်သွားပြီ.

ပျော်ရွှင်ပါစေ “မ” ရယ်.. ဖုန်းဆက်လို့ရရင် သိပ်ကောင်းမှာပဲနော်. အသံလေးအလွမ်းပြေ ကြားချင်လို့ပါ.

“မ” ကို သိပ်ချစ်တဲ့.

YKN