အင်း... ရက်ဒ်လေဘယ်လ်မူးသော် ပတ္တမြားခိုးပေါ် ဆိုသလို (ထန်းရည်မူးသော် ကျွဲခိုးပေါ်ဆိုတဲ့ စကားပုံက ဒိတ်အောက်သွားလို့ ထွင်ကြည့်တာ. ဟတ်ဟတ်) တလောကပဲ ကျွန်တော့်ကို မ၀ါဝါခိုင်မင်းက တက်ဂ်ပါလေရော..
ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက်(၁၀)ချက် တဲ့..
စိတ်ဝင်စားဖို့တော့ကောင်းသားဗျ. ဘယ်သူစထွင်လိုက်လဲတော့ မသိဘူး. လူတွေတော်တော်များများက ကိုယ့်အကြောင်း အကောင်းပြောတာလေးတွေပဲ လုပ်ချင်ကြတာမဟုတ်လား. ခုတော့ မုန်းစရာကောင်းတဲ့အချက်တွေ ရှာရတော့မယ်...
လာလေရော့...
(၁) ညညဆို တော်တော်နဲ့ မအိပ်ဘူး. မျက်လုံးကြီးက ပြူးနေတတ်တယ်. မနက်ဆို မထတော့ဘူးးးးး ကိုယ့်ကိုယ်ကို ညလူလို့ သတ်မှတ်တယ်. အိမ်က ကျွန်တော့်ကို ခေါ်တာက ကိုရွှေဇီးကွက်တဲ့လေ... ဟတ်ဟတ်. ရန်ကုန်မှာတုန်းက ညညဆို တိုက်ပွဲတွေ ပြင်းထန်နေတတ်တယ်. တစ်ညလုံးပဲ စစ်ချီစစ်တက်၊ အမိန့်ပေး နည်းဗျူဟာတွေချနဲ့ မနက်ခင်း အိမ်အပြင်ဖက်က ကျလိကျလိ ငှက်သံလေးတွေနဲ့ အတူ အိမ်ခန်းထဲကနေ... "ရန်အောင်!!!!!!!!!!!!!! ခုချိန်ထိ မအိပ်သေးဘူးလားးးးးးးးးးးးးး" ဆိုမှ ကွန်ပြူတာကို ပိတ်ပြီး ခြင်ထောင်ထဲ ၀င်ပြေးခဲ့ရတယ်. မနက်ခင်း ကျူရှင်လည်းရောက်ရော လူက အိပ်မှုန်စုံဖွားနဲ့. (ဒါကြောင့်လည်း ရည်းစားမရခဲ့တာနဲ့တူပါတယ်. ဟတ်ဟတ်. ကြုံကြွားးးးးးးးးးး) အထာပေးတဲ့ တစ်ချို့တော့ ရှိပါတယ်. ကျွန်တော်က စိတ်မှမ၀င်စားတာ. ဘယ်ဝင်စားမလဲ. လူက အဲဗားငိုက်နေတာကိုး.. :)
ညနေခင်း ကျောင်းသားဆီ စာသွားပြတော့လည်း လူက ငိုက်နေတတ်တယ်. မသိတဲ့ ကျောင်းသားမိဘတွေကတော့ ထင်ရော့မယ်. ဒီဆရာကတော့ အမြဲတမ်း ကွဲနေပုံထောက်ရင် ရာမမင်းသားနဲ့တူတယ်လို့လေ... သိတယ်မဟုတ်လား. ရာမ ဆိုတာ. ရာမမင်းသားက လေးတင်တယ်လေ. လေးဆိုတော့ နံပါတ်ဖိုးပေါ့ဗျာ. နောက်ဆို ကျောင်းသားအိမ်ထဲဝင်လိုက်တာနဲ့ ကျွန်တော့်တပည့်တွေက ဆရာ ရာမ... ဆရာ ရာမ နဲ့... (ဟတ်ဟတ်. စတာပါဗျာ. )
ဒီရောက်တော့လည်း ဒီတိုင်းပါပဲ. ပေပါရေးမယ်ကွ ဆိုပြီး ညလုံးပေါက်ဖွင့်တဲ့ ကွန်ပြူတာ လက်ဘ်ထဲဝင်. စာပိုဒ်လေး တစ်ပိုဒ်လောက်ရေး၊ Vending Machine နားသွား၊ ယောင်လည်လည်လုပ်၊ ကော်ဖီတစ်ခွက်သောက်၊ အာလူးကြော်ဝယ်စား၊ သူငယ်ချင်းတွေနဲ့တွေ့ရင် ပင်ပေါင်ရိုက်၊ ဘိလိယက်ထိုး၊ မနက် (၃) နာရီလောက်မှ ကိုယ့်စက်နားကို ပြန်လာ၊ ပေပါက ဒုံရင်းပဲ ရှိသေးတယ်. အုံးအုံးဒိုင်းဒိုင်းနဲ့ ကြိုးစားရိုက်၊ မနက် (၅) နာရီလောက်ကျတော့ လူက ကျိုးချင်လာပြီ၊ ပြီးအောင်ရေးမယ်ကွာဆိုပြီး တင်းပြီး ဆက်ရေး၊ (၇) နာရီလောက်ကျတော့ အခန်းပြန်လာ. ခဏလောက်အိပ်မယ်ကွာဆိုပြီး ပြန်အိပ်. မနက် (၁၀)နာရီအတန်းချိန်မှာ ကျွန်တော်က အိပ်မက်တွေမက်လို့ကောင်းတုန်း.
နေ့လယ် ထမင်းစားချိန်ကျမှ အလန့်တကြားနဲ့ နိုးထလာ၊ လွယ်အိတ်ကိုဆွဲ၊ ဆရာ့ရုံးခန်းပြေး...
"ဆရာရယ်.. ဟိုဟာလေ.. သိလား.. ဟုတ်... တိုင်းရေးပြည်ရေးက မကောင်း... ဟုတ်.. ကျွန်တော် ဘလော့ဂ်ရေးတယ်.. ဆရာ.. .ဟုတ်.. လာကြပါတယ်.. ဆရာ. ဟိုလေ. ဟစ်တ်တွေက တစ်နေ့ကို လေးငါးရာလောက်တော့ရှိတယ်ဆရာ.. ဟုတ်... အဲဒါ. ညက တိုင်းပြည်နဲ့လူမျိုးအတွက်.. ဟုတ်.. ကျွန်တော်အိပ်ပျော်သွားတယ်. ဆရာ.. ဟုတ်..."
အဲဒီ့လိုနဲ့ ကျွန်တော့်ဘကြီးလည်း ဆုံးသွားခဲ့တာကြာပေါ့ဗျာ. ဟတ်ဟတ်ဟတ်..
ကျွန်တော့်မှာ ညည အိပ်မရတဲ့ရောဂါများ ရှိနေလားမသိဘူး. ခုဆို ပိုဆိုးတယ်. 'မ' ကလည်း ညကျမှပဲ အွန်လိုင်းတက်လာနိုင်တယ်လေ. သူ့ကိုစောင့်ရတာ၊ သူ့လုံးလုံးလေး စိမ်းလာမှာကိုစောင့်ရတာ. (လုံးလုံးဆိုတာ L လွန်းဝါ ကိုပြောတာမဟုတ်. ဂျီတော့ခ် မီးလုံးအစိမ်းလေးကို ချစ်စနိုးနဲ့ လုံးစိမ်းလေး (၀ါ) လုံးလုံးလေး လို့ ခေါ်တာ.. သိပြီလားးးး)
ကဲ. ကျွန်တော့်ကို ကျွန်တော်မုန်းတာ အိပ်ချိန်ထချိန်မမှန်တာပဲ...
('မ' အကြောင်းလည်း ပါတယ်နော်... ကျေနပ်နော် 'မ')
(၂) ခုတော့လည်း လက်တွေ့ဘ၀ထဲမှာ ကျင်လည်နေခဲ့ရပြီဆိုတော့ ညဖက် ဘယ်အချိန်အိပ်အိပ် မနက်ခင်း အလုပ်မီအောင် ထရတယ်လေ. ကဗျာဘွဲ့မှူးသီချင်းတစ်ပုဒ်ရှိတယ်ဗျ.
"ရည်းစားနှစ်ယောက်ရှိရင် သိပ်သိပ်ပြီးတော့ ကောင်းမှာပဲ... တစ်ယောက်ကို ငါကန်တော့မယ်. တစ်ယောက်က ငါ့ကို ကန်တော့လိမ့်မယ်... ဘလာဘလာဘလာ..."
ကျွန်တော့်မှာ သုံးခုတောင်ရှိတယ်ဗျ.
ဘာလဲ. သိလား
နှိုးစက်!!!!!!!!!
မနက် (၅) ခွဲမှာ တီ... တီ... တီ.. တီ. ဆိုတဲ့ ပုံမှန်နာရီလေးက ထနှိုးရှာပါတယ်.
'အင့်... အဲ... ချောက်'
(၅) နာရီ (၄၀) မှာတော့ ခပ်လှမ်းလှမ်းမှာ ထားထားတဲ့ ဖုန်းလေးက 'ငှက်သံလေး' ပေးပြီး နှိုးပါတယ်.
'Nice...... But, it ain't matter to have just 5 minute nap... Zzzzzzzzzzzz'
(၆) နာရီ!
ဖုန်းက ထမြည်ပါလေရော...
'ပီ.. ပေါ်... ပီးးးး ပေါ်... ပီးးးးးးးးးးးး ပေါ်....'
အဲဒီ့အသံကိုတော့ တကယ်လန့်တယ်. လန့်အောင်လည်း လုပ်ထားတာလေ.. အလုပ်ရှင်က ကိုယ့်ကို ခေါ်ရင်မြည်တဲ့ Ring Tone ကိုပေးထားတာ..
ဖုန်းဒိုင်း ဖုန်းဒိုင်းဆိုပြီး ကုတင်အောက်ကို ဘယ်လိုရောက်သွားမှန်းတောင်မသိ...
တစ်ခါတစ်လေများ အလန့်တကြား ထပြေးရင် ပုဆိုးတောင် ပါမလာဘူး... (I mean... ည၀တ်ဘောင်းဘီနဲ့မို့ပါ... ပြောပြောက စောမလို့ပဲ. လျှာခလုတ်တိုက်သွားလို့)
ဘာတွေ ဘယ်လိုပဲ အလျင်လိုလိုပါ.
ကျွန်တော် မနက်ခင်းတိုင်းမှာ သိပ်ချစ်ရတဲ့ 'မ' အတွက် မောနင်းနုတ်စ်လေးတစ်ခု ရအောင်ပို့တယ်.
ဒါမျိုးလေးတွေပေါ့..
'မောနင်းနော်... မ..
အရမ်းသတိရတာပဲ. မနက်ခင်း မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ မျက်နှာကျက်ကြီးက ကိုယ့်ခေါင်းပေါ်မှာ... အဲလေ... မျက်နှာကျက်လေးပေါ်မှာ 'မ' ရဲ့ မျက်ဝန်းတွေကို ကျွန်တော် စတွေ့လိုက်ရတယ်...
ညကလည်း အိပ်မပျော်ဘူး မ ရယ်... မ အကြောင်းတွေ တွေးရင်း အိပ်မက်ထဲထိ ဆွဲခေါ်သွားခဲ့မိတယ်... မ ပါးလေးတွေ ရဲနေမှာပေါ့နော်.
ကျွန်တော်လည်း ရဲတယ် မ ရယ်... အေးတာကိုး... ပါးတင်မကဘူး. လက်ဖျားခြေဖျား ရဲရာကနေ ဖြူဖပ်ဖြူရော်တောင် ဖြစ်နေတယ်..
ကျွန်တော်သိပါတယ်. အဲလိုပြောလိုက်ရင်. မ ရယ်တော့မယ်လို့...
အဆင်ပြေပါစေနော်. မ
ကားလည်းကောင်းကောင်းမောင်းဦး
ကျွန်တော် လွမ်းနေမယ်.
ကျွန်တော့်ကိုလည်း သတိရနေပေးပါနော်...
မွ...
From US with Love and Hugs...
...
"
အဲဒါက ပထမ နှိုးစက်မှာ နိုးသွားခဲ့ရင်ပေါ့..
ဒုတိယ နှိုးစက်မှာ နိုးရင်တော့
"သတိရတယ်... အရမ်းပဲ..
ဒီနေ့ အလုပ်မှာ အဆင်ပြေပါစေနော်. အေးနေပြီ. အနွေးထည်လေးဘာလေး ထူထူထဲထဲ ၀တ်သွားဦး... ကိုယ့်ကိုယ်ကို ဟာကြူလီ လုပ်မနေနဲ့.
နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲဟင်.... ဆင်ခြင်ပြီးနေပါ မေရယ် နော်... လူကြုံနဲ့ စကားလေး ပါးလာရင် (အဲ.. အရှိန်လွန်ကုန်ပြီ. လူကြုံမရှိ. ကိုထီးသီချင်းကူးချတာ လွန်သွားတယ်. ဘွာတေးနော်.. )
ဂရုစိုက်ပါ မ ရယ်... ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.
မ. နေမကောင်းဖြစ်ရင်၊ တစ်ခုခုဖြစ်ရင် ကျွန်တော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ ဘာတွေကိုင်မိပြီး ဘာတွေ လုပ်မိမှန်းကို မသိတော့ပါဘူးဗျာ...
(ဟဲ.. ဟဲ.. ဟဲ..)
ညစ်တယ်... အားကြီးပဲ..
ဆေးခန်းသွားလိုက်နော်. ကျွန်တော်လား. လိုက်ပို့ပေးချင်တာပေါ့... ဒါပဲဗျာ. သွားရတော့မယ်. ည ဖုန်းဆက်မယ်နော်.
မွ..........."
အဲ...တတိယ နှိုးစက်မှာ နိုးခဲ့ရင်တော့... အချိန်ရရင် ကွန်ပြူတာဖွင့်တယ်. မရတော့ရင်တော့ တချိုးတည်း ပြေးတော့တာပဲ..
နည်းနည်းလေးပဲ ဖြစ်ဖြစ် ရအောင်တော့ လုပ်လိုက်ပါသေးတယ်. မျက်နှာသွားမသစ်ခင် ကွန်ပြူတာဖွင့်ခဲ့တယ်. သွားပွတ်တံလေး ပြန်ထားပြီး ရေသွားမချိုးခင် ဂျီမေးလ်ထဲ ၀င်ခဲ့တယ်.
အ၀တ်အစားမလဲခင် မ နာမည်လေးတပ်ပြီး Compose လုပ်ဖို့ ပြင်ထားတယ်. ဖိနပ်လည်း စီးပြီးရော..
'မ... i miss you... have a nice day နော်... အရမ်းလွမ်းနေမယ်...' ဆိုတာကို ဘိုလိုတစ်ဝက်၊ မြန်မာလိုတစ်ဝက် ကိုယ့်ကိုယ်ကို ဘာတွေရိုက်မှန်းမသိအောင် ရိုက်ခဲ့ပြီးတော့ ပြေးရတော့တာပါပဲ..
ဟုတ်တယ်. ကျွန်တော့်မှာ နှိုးစက် သုံးလုံးရှိနေတာကို မုန်းတယ်. တကယ်ဆို ငါးလုံးလောက်ရှိသင့်တာ. ဒါမှ မ ဆီ စာအရှည်ကြီးရေးဖို့ မနက် (၅) နာရီလောက်ကတည်းက ထဖြစ်မှာ..
(၃) အပြန် ရထားပေါ်မှာ ငိုက်တတ်တာကို မုန်းတယ်.
တစ်ခါတုန်းကဆို ဘာပြောကောင်းမလဲ... စစချင်းစီးလာတုန်းကတော့ စာအုပ်လေးဘာလေး ထုတ်ဖတ်ရင်း သီချင်းလေးဘာလေးနားထောင်ရင်းနဲ့ပေါ့.. လမ်းတစ်ဝက်လောက်နေတော့ ခဏလောက် မှိန်းလည်း ဘာမှမဖြစ်ပါဘူးလေ ဆိုပြီး ခဏငိုက်လိုက်ရော... ရထားကြီးက မလှုပ်တော့ဘူး... ဘယ်လှုပ်မလဲ. ဂိတ်ဆုံးပါသွားတာလေ...
တစ်ခါမှလည်း မရောက်ဖူးတဲ့ ဂိတ်ဆုံးနေရာ... အပြင်ထွက်ပြီး အူကြောင်ကြောင် ကြည့်တော့ ကင်းလှည့်နေတဲ့ ရထားရဲတွေက သူတို့ခါးပေါ် လက်တင်ပြီး အသင့်အနေအထားနဲ့ ကျွန်တော့်ကို ရှိုးနေကြလေရဲ့. အဲဒီ့တုန်းက Twin Tower ကို လေယာဉ်နဲ့ ၀င်တိုက်သွားတဲ့ 9/11 နှစ်ပတ်လည်နဲ့လည်း နီးနေပြီလေ. ကျွန်တော့်ကို Asian Terrorist လို့များ ထင်နေလားမသိပါဘူး.. ကျွန်တော်လည်း ကျောပိုးအိတ်လေးကို မသိမသာလေးနဲ့ မြင်အောင် ပေါ်တင်ကိုင်ပြလိုက်ပြီးတော့ ရိုးသားတဲ့ ဖိုးသခွားမျက်နှာပေးလေးနဲ့ ဟိုဖက်ခြမ်းက ထွက်မယ့် ရထားဖက် ခပ်တည်တည်နဲ့ တက်သွားခဲ့လိုက်ပါတယ်. ရထားပေါ်ရောက်တော့ မထွက်မထွက်နဲ့ စောင့်ရင်းက ထွက်လည်းထွက်ရော ရောက်သွားပါတယ်.
ကျွန်တော်ဆင်းမယ့် နေရာကိုကျော်ပြီး နောက်ထပ် ဘူတာ ငါးခုလောက်ဝေးတဲ့နေရာပေါ့..
ပြန်စီးလာတဲ့အခါမှာတော့ မထိုင်တော့ဘူးဗျာ. ရပ်ပြီးတော့ အသင့်အနေအထားနဲ့ တံခါးဝနားမှာ စီးလာခဲ့ရတယ်. အိမ်ပြန်ရောက်တော့ ညကိုးနာရီ..
အဲဒါနဲ့ပဲ ရောက်ရောက်ချင်း 'မ' ဆီကို Text ပို့...
I miss you, honey.... Where r u at? Chilling with your buddies... Come online if u can, ok? Mwahhh
ရထားပေါ်မှာ ငိုက်တာထက် ပိုဆိုးတာတစ်ခုတော့ မဖြစ်ချင်ဘူး... မ ကိုစောင့်ရင်း ငိုက်သွားခဲ့ရင် ဒီဘ၀ခရီးမှာ တစ်ခြားဘဲဘဲတွေက မ ကို မ သွားမှ ဒုက္ခ... မဖြစ်ဘူး. ဒီည စောစောအိပ်မယ်.
:D
(၄) ထစ်ခနဲဆို ၀င်ပါချင်တတ်တဲ့ စိတ်ဓာတ်ကြီးကို မုန်းတယ်..
အဲဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကာတွန်းတွေ၊ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေနဲ့ ဆိုင်မလားမသိဘူး..
သိတယ်မဟုတ်လား... မိန်းကလေး တစ်ယောက်တည်း ပြန်လာ၊ လူဆိုးတွေက နှောင့်ယှက်.. မင်းသားက ၀ုန်းခနဲ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ..
'ဟိတ်! ကောင်မလေးကို လွှတ်လိုက်....'
'ဖုန်း... ဒိုင်း... ခွမ်း.. အုံး... ဒိုင်း... အုံး... ဒိုင်း... မွေးမေလေ့..... အာဘားးးးးးးးးးးးးးးဘားးးးးးးးး'
ပွဲပြီးသွားတော့ မီးမသေပါဘူး.. အဲဒီ့အခါကျမှ မီးက စမွှေးတာ..
'ဟယ်.. အားနာလိုက်တာ... ဘယ်နားနာသွားသေးလဲဟင်... သူ သိပ်နာသွားမှာပေါ့... ကူညီတာ ကျေးဇူးနော်... တို့နာမည် အောင်ဗလပါ.. အဲလေ.. သက်နွေမိုးလျှံပါ... .... .. ... ..'
အဲသလို ဇာတ်လမ်းတွေဖတ်၊ လူက လိုက်အတုခိုး... ကျောင်းရောက်တော့ မတရားတာ မခံဘူးကွဆိုပြီး ရှိတဲ့ ဗလလေးနဲ့ ပြိုင်ဖိုက်၊ ရုံးခန်းခဏခဏရောက်၊ ဒီကြားထဲ သိုင်းဝတ္ထုလေးက ဖတ်၊ စကြာနေလသိုင်းကွက်၊ အာကာရောင်ပြန်သိုင်းကွက်၊ မြေလျှိုးမိုးပျံ ကိုယ်ဖော့ပညာ၊ စွန်ရဲသည်းကုတ် လက်ဝါးသိုင်းတွေကို အသုံးချလိုက်တာ. သွားနှစ်ချောင်းကျိုးပြီး ဘယ်ဖက်မျက်လုံးကြီး ဖူးရောင်ခဲ့ဖူးတယ်.
ကြီးလာတော့လား....
ဟင်း... ဟင်း... ဟင်း...
အဲလိုလေး ရယ်ပြီး ကိုယ်နဲ့ ဆိုင်သော်ရှိ မဆိုင်သော်ရှိ တစ်ပွဲတစ်လမ်း အကဲစမ်းတတ်သော ကျွန်ုပ်အား အနှီလောကကြီးက ဤသို့ဤနှယ် ကောင်းချီးပေးချိမ့်၏...
ဟိုတစ်လောကတောင် ဟိုနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်တော့ လူက ပို့စ်တွေဘာတွေတောင် ရေးတော့မယ် လုပ်နေပြီ။
ပြီးတော့မှ ကိုယ့်လက်ကို ကိုယ်ပြန်ရိုက်..
'ဟဲ့အကောင်... နင်နဲ့ ဘာဆိုင်လို့လဲ... ကိုယ့်ဟာကိုယ် နေတတ်အောင်နေစမ်း... ကိုယ့်ထမင်းကိုယ်စားပြီး သူများ အမြင်ကတ်အောင် မလုပ်နဲ့... နင်ပြောလို့လည်း နားထောင်မယ်ထင်နေလား... ဘာကောင်မှန်းကို မသိဘူး...' ဆိုပြီး မှန်ထဲမှာ ကိုယ့်ပါးကို ဘယ်ပြန်ညာပြန် (၈) ချက်လောက် ရိုက်ထည့်ပစ်လိုက်တယ်.
ညကျတော့ 'မ' ကမေးပါတယ်.
ဘာလို့ အဲလိုလုပ်တာလဲကွာ... တဲ့..
ဟင်း.. ဟင်း.. ဟင်း..
(၅) အရမ်းဝမ်းနည်းရင် လူက ဘာမှ မလုပ်ချင်မကိုင်ချင် ဖြစ်သွားတတ်တာကြီးကိုလည်း မုန်းတယ်.
ဒါကတော့ 'မ' နဲ့ပဲ လုံးဝပတ်သက်ပါတယ်. ကျွန်တော့်ကို ၀မ်းနည်းအောင် မလုပ်ပါနဲ့နော်. သေချာပြန်တွေးကြည့်ပါဦး မ ရယ်.. ကျွန်တော် မ အပေါ် ဘာများမကောင်းတာတွေ ရှိခဲ့ဖူးလို့လဲ..
ကောင်းတာတွေပဲ ပေးခဲ့တာပါ... မ ကသာ...
မ ကသာ..
အဟင့်... ၀ါး.. လို့တော့ ငိုချမယ့် လူမျိုး မဟုတ်ဘူး မ ..
အဲလိုပြောလို့ ... ၀ါး.. အဟင့်လို့လည်း ပြောင်းငိုတတ်မယ့်ကောင်မဟုတ်ဘူး..
အဟင့်အဟင့်.. ၀ါးးး ၀ါးး..
အာ.. ရှုပ်ကုန်ပြီ..
အဲဒါပဲဗျာ. ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းစရာတစ်ခုဖြစ်လာရင် လူက ချောင်ထဲမှာ ကုပ်နေတတ်ရော... တီလုပ်နာမည်တောင် ရှိသေး... ရောင်အုပ်ချန်ကောင် တဲ့..
ရန်အောင် ချောင်ကုပ်လေ... ဟတ်ဟတ်ဟတ်..
စတာပါဗျာ...
ကျွန်တော်က Emotional ဖြစ်လွယ်တယ်ဗျ.. အဲဒါကို မုန်းပေမယ့် အရမ်းလည်း မမုန်းရဲဘူး.. အရမ်းမုန်းလိုက်ရင် အရမ်းဝမ်းနည်းသွားပြီးတော့ အရမ်း Emotional ဖြစ်သွားမှာစိုးလို့..
အဲဒီ့မှာ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ ဆိုသလို လုံးလည်ချာလည်နဲ့ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်လိမ့်မယ်.
မသိဘူးဗျာ... ကျွန်တော်ကတော့ မ ကို ကောင်းအောင်ပဲ လုပ်မယ်.
(I mean. အမြဲ ပျော်စရာလေးတွေပဲ ပေးမယ်လို့ ပြောတာ...) ;D
(၆) အရွဲ့တိုက်တတ်တယ်. ဒါလည်း မုန်းဖို့ကောင်းသား..
ငယ်ငယ်တုန်းက အဖေ့ကို နာရီဝယ်ပေးဖို့ပူဆာတယ်. အဖေက မ၀ယ်ပေးဘူး. အဲဒါနဲ့ မိသားစုအိပ်တဲ့အခန်းထဲဝင်၊ တံခါးတွေ အကုန်သော့ခတ်ပြီး ထိုင်နေလိုက်တယ်. ဒီလိုနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့တာ အစောပိုင်းက မသိသာဘူးပေါ့.. အဲ. ညအိပ်ချိန်လည်းရောက်ရော...စတာပါပဲ..
အစ်မတွေက အထဲဝင်မရ. အပေါ်ကနေ ကျော်တက်ဖို့ကလည်း နံရံက အမြင့်ကြီး... အဖေက အော်တယ်..
'ဟိတ်ကောင်... ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ... ' အဲလေ.. .ဘွာတေး. အဲဒါက ဗိုလ်အောင်ဒင်ပြောတာ.
ဖေကြီးက ဒီလိုအော်ပါတယ်.
'ဟိတ်ကောင်.... ထွက်ခဲ့စမ်း...'
'....'
'ပြောနေတာ မကြားဘူးလား... မင်း ငါ့ကို လာစမ်းနေတာလားကွ..'
'...'
'အေး.. ငါအခု တံခါးဖျက်ဝင်ခဲ့မယ်.. အထဲရောက်လို့ကတော့ မင်းသေပြီသာမှတ်...'
လူက အရမ်းဝမ်းနည်းသွားတယ်..
အမေ့အသံကြားရတယ်..
'သား... လူလေး... တံခါးဖွင့်လေ... မင်းအဖေအကြောင်း အမေအသိဆုံး.. လိမ်မာတယ်. သားလေး. တံခါးဖွင့်နော်.' (ဟုတ်သားနော်. အဖေ့အကြောင်း အမေပဲ သိမှာပေါ့လို့. ဟတ်ဟတ်)
'၀မ်... ၀မ်... ၀မ်.... ၀မ်.... ၀မ်... ၀မ်... အုံး... ခွမ်း..'
ရှေ့က '၀မ်... ၀မ်... ၀မ်... ၀မ်...' ဆိုတာက တိုင်ကီအဖုံးလွင့်လာတဲ့ အသံပါ... အုံးခွမ်းကတော့ တမံတလင်းနဲ့ရိုက်မိပြီး တစ်စုံတစ်ခု ကျကွဲတဲ့အသံ..
လူဆိုတာလေ. ထိုင်နေရင်း ထတောင်ခုန်မိတယ်. ဟုတ်တယ်လေ... Unidentified Flying Object (UFO) များ ပျံတက်လာသလားအောက်မေ့ရတယ်.
အ၀ိုင်းကြီးတစ်ခု ထိုင်နေတဲ့နေရာဆီ ပြေးဝင်လာတာ..
တံခါးကလည်း ပွင့်တော့မယ်. အဲဒါနဲ့ ကြိုတင်ကာကွယ်လိုက်ပါတယ်.
ကုတင်အောက်ထဲ ၀င်ပြေးပုန်းရတော့တာပေါ့..
'၀ုန်း'
'တံခါးတစ်ချပ် အပွင့်မှာ
ကျွန်တော့်ရင်ထဲက
အချိန်ဆိုတဲ့ မျှော်လင့်ချက်တွေ လွင့်သွားခဲ့ရတယ်..
ဖေကြီး လူဆိုး..'
(ရေခဲငှက်)
အဲဒါပဲ.. ငယ်ငယ်တုန်းကရွဲ့သလို ကြီးလာတော့လည်း အရွဲ့တိုက်ပြီးတော့ကို ရန်တွေဖြစ်နေတတ်တုန်းပဲ..
တစ်ခါတစ်လေ စိတ်ဆိုးအောင်လုပ်မိရင် ဗွေမယူပါနဲ့နော်. မ... ကျွန်တော်က ရွဲ့တတ်လို့ပါ... ရယ်ရင်တောင် ရွဲ့ရယ်တတ်တယ်.
ဟွဲ့... ဟွဲ့.. ဟွဲ့...
(၇) အချိန်ရွှေ့ဆိုင်းတတ်တဲ့ အကျင့်ကြီးကလည်း မကောင်းပြန်ဘူး..
ဒါကတော့ ရှင်းပါတယ်. အကြည်တော် ပြောတာကို ကျွန်တော်လက်ခံကျင့်သုံးနေတာပါ. သူ့စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဖူးတယ်ဗျ. ဘာတဲ့
"မနက်ဖြန် ပြီးနိုင်သော အလုပ်ကို ဒီနေ့ မလုပ်ပါနဲ့" တဲ့..
ခိုက်တယ်. အကြည်တော်ရယ်...
အကြည်တော်ဖျက်ဆီးလို့ ပေပါပေါင်းများစွာကို နောက်တစ်နေ့ Due မဖြစ်ခင် အမောတကောနဲ့ ရေးတတ်ခဲ့ပြီ။
ပရော့ဂျက်ပေါင်း များစွာကို Extension တောင်းပြီး လုပ်တတ်ခဲ့ပြီ..
မထူးပါဘူး.. ဟိုးတစ်လောက ကော်မန့်မှာ လာစသွားသလိုပဲ. အနောက်တော် ဆိုတဲ့ ကလောင်နာမည်ယူပြီး အကြည်တော်ကို ပြန်အရွဲ့တိုက်ဦးမယ်.
အချိန်ရွှေ့တတ်တဲ့ အကျင့်ဆိုးကြီးကြောင့် ကျွန်တော့်နာရီကို ၁၀ မိနစ်မြန်ထားပါတယ်.
အဲဒီ့မှာ ပိုဆိုးပါလေရော..
ဘယ်သွားသွား၊ ဘာလုပ်လုပ်.. ငါ့နာရီက ၁၀ မိနစ်မြန်ထားတာပဲလေ. အချိန်မှန်မဟုတ်ဘူး ဆိုတဲ့ အကျင့်ဆိုးကြီးကပါ ၀င်လာတော့ ပုံမှန်ရောက်ရမယ့်နေရာကိုပါ ၁၀ မိနစ်နောက်ကျပြီး ရောက်နေတတ်ပြီ။
နောက်ကျတတ်တာကို အကြောင်းပြုပြီး 'သူများဦးသွားလိမ့်မယ်... လာပြီးတော့ မစနဲ့ မရယ်...' နော်...
တကယ်ဆို.
မ ကို ချစ်တဲ့ ကျွန်တော့်အချစ်တွေက
ဘွတ်ကင် ကြိုအလုပ်ခံထားရတဲ့စားပွဲနား သွားရပ်မိသလို
ထိုင်စရာ ခုံတောင်မရှိ
ချောင်တစ်နေရာကသာ ထိုင်ကြည့်နေရတာမျိုးပါ မရယ်...
(ရေခဲငှက်)
ငိုချင်လာပြီဗျာ.... ၀မ်းနည်းစရာတွေ တွေးမိတော့ အီမိုးရှင်နယ် ဖြစ်လာပြီ.... :((((
(၈) ဇွဲနဘဲကြီးသလို ကိုယ်ရှုံးနေမှန်းသိလျက်နဲ့လည်း ဇွတ်တွယ်ဖက်ကပ်ထားချင်တတ်တဲ့ စိတ်ကိုမုန်းတယ်.
အကောင်းဖက်ကကြည့်ရင် ဇွဲကြီးတယ်ပေါ့.
အဆိုးဖက်ကကြည့်ရင်တော့ ခေါင်းမာတယ်ပေါ့.
တစ်ခါတစ်လေ ကိုယ်တိုင် ခေါင်းမာနေတာလား၊ ဇွဲကြီးနေတာလား မသိရတဲ့ ပြဿနာမျိုးတွေ ဖြစ်လာတတ်တယ်.
ဘယ်လိုစံချိန်စံညွှန်းနဲ့ ဆုံးဖြတ်မှာလဲဗျာ.. နော်.
အဲဒီ့အခါကျတော့ ဘုရားဟောခဲ့ဖူးတဲ့ ကာလာမသုတ်က အရမ်းကို အသုံးဝင်လာခဲ့တယ်.
လုပ်ကြည့်တယ်. အကျိုးရှိလား. အကျိုးကိုယုတ်စေလား.. ပညာရှိ၊ သူတော်ကောင်းတွေ ချီးမွမ်းလား၊ ကဲ့ရဲ့လား. ကိုယ့်ကို အကျိုးဖြစ်စေသလား. အကျိုးမဲ့ဖြစ်စေသလား..
အဲဒါကိုမူတည်ပြီးတော့ ကျွန်တော် ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတော့တယ်.
ဒါပေမယ့်ဗျာ. ကျွန်တော်သိသလောက် အတွေ့အကြုံအရတော့ ပျော့ပျောင်းတဲ့ သဘောထားနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိတာက ရေရှည်မှာ ပိုပြီးတော့ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ အောင်မြင်မှုနဲ့ပိုနီးစပ်တတ်တယ် ဆိုတာပါပဲ။
ခုချိန်ထိတော့ ညာဉ်ပါနေတာပဲလားမသိဘူး. ကျွန်တော် တစ်စုံတစ်ခုအတွက် စိတ်ဆုံးဖြတ်လိုက်ရင် အဲဒါကို မရရအောင် ကြိုးစားတယ်၊ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို အားရသလို စိတ်ဆင်းရဲမှုတွေလည်း ဖြစ်နေရတယ်.
ဒီ နံပါတ်(၈) ကိုတော့ ကောင်းလား ဆိုးလား ကျွန်တော် မပြောတတ်ဘူး. တစ်ခါတစ်လေ ကြိုက်မိသလို တစ်ခါတစ်လေလည်း မုန်းမိနေတယ်.
ကျွန်တော် မ ကို ချစ်မိတာကလည်း တကယ်တော့ အခက်အခဲတွေ အများကြီးပါ... မဖြစ်နိုင်တာ ၁၁၀ % နှုန်းလောက်ရှိနေတာကို ကျွန်တော့်ဖက်က အရမ်းကို စွဲလမ်းနှစ်သက်နေမိတယ်.
ကဲ. ကျွန်တော်ဘာလုပ်ရမလဲ. မုန်းပစ်လိုက်ရမလား.. ချစ်ပစ်လိုက်ရမလား... (ကိုယ့်ကိုယ်ကို ပြောတာပါ. မကိုတော့ မမုန်းရက်နိုင်ပါဘူး...) :) တစ်မှတ်....
သေချာတာကတော့ ကျွန်တော့်ကို 'မ' လိုအပ်သည်ဖြစ်စေ၊ မလိုအပ်တော့သည်ပဲ ဖြစ်စေ. ကျွန်တော် ဒီနေရာမှာ ရှိနေမယ်. မ ရယ်.. ကျွန်တော် မ ကို ဘယ်တော့မှ ခွဲမသွားဘူး..
This I Promise You ပါ အချစ်ရဆုံး မ ရယ်....
(ကဲ. အသည်းယားချင်သူတွေ တဗျင်းဗျင်းသာ ကုတ်ကြပေရော့ဗျာ. ဟတ်ဟတ်ဟတ်.)
(၉) အနုပညာကို စိတ်ဝင်စားပြီး အေးအေးချမ်းချမ်းလေးနဲ့ ဘ၀တစ်ခုကို ထူထောင်ချင်ပေမယ့် အခြေအနေ၊ တောင်းဆိုမှုတွေအရ ပိုက်ဆံတွေရှာ၊ အလုပ်တွေလုပ်နေရတဲ့ ဘ၀ကြီးကို မုန်းတယ်.
စာရေးတာဝါသနာပါတယ်. ပန်းချီလည်း ဆွဲချင်တယ်. သီချင်းဆို၊ သီချင်းရေး၊ ဓာတ်ပုံရိုက်၊ စန္ဒယားတီး၊ ဂစ်တာခေါက်... ဒါတွေကို လုပ်နေရရင် ကျွန်တော့်စိတ်ဆင်းရဲမှု ဘ၀အမောတွေကို မေ့ဖျောက်ထားနိုင်တယ်. အရမ်းကို ကြည်နူးနှစ်သက်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ရရှိပိုင်ဆိုင်စေတယ်..
ဒါပေမယ့် ရှေ့ရေးအတွက် စိုးရိမ်ပူပန်မှုတွေ၊ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခေါ်သံတွေကြောင့် ကျွန်တော့်ရဲ့ ဘ၀ကြီးမှာ ရေကြည်တစ်ပေါက်နဲ့ နေဆယ်စင်း ဖြစ်နေခဲ့ရတယ်...
ပြောရင်း ၀မ်းနည်းသွားပြီ။ ၀မ်းနည်းလို့ အီမိုးရှင်နယ် ဖြစ်လာပြီ။ ဟတ်ဟတ်ဟတ်..
(၁၀) တစ်ခုခုကို ဇောက်ချမလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေတတ်တဲ့ အကျင့်ကြီးကိုလည်း မုန်းတယ်.
တစ်စုံတစ်ရာကို ကျွန်တော်စိတ်ဝင်စားသွားရင် အဲဒါနဲ့ပတ်သက်ပြီး အချိန်ကုန်ခံလေ့လာတတ်၊ လိုက်စားတတ်တယ်. တတ်လည်းတတ်သွားရော ဆက်မလုပ်တော့ဘဲ နောက်ထပ် အာရုံလာရာတစ်ခုဆီ ရောက်သွားတတ်တယ်. ဒီတော့ ကျွန်တော် ဘာကိုမှ Specialize မလုပ်သလိုဖြစ်နေတတ်ရော. တကယ်တမ်း ဘာတတ်လဲမေးရင် ဘာဖြေရမယ်မသိ.. :) ရှက်လိုက်တာ. အကုန်ပေါ်ပြီ..
အခုတော့လည်း ဘာကို ဇောက်ချရမယ်ဆိုတာကို သေချာဆုံးဖြတ်ပြီးပါပြီ..
ဟုတ်တယ်. မ ကို ကျွန်တော် ဆက်ချစ်မယ်. ဇောက်ချပြီးတော့ကို ချစ်မယ်...
(ရည်မှန်းချက်ကြီးတယ်နော်. ဟတ်ဟတ်ဟတ်)
ဘယ်သူ့ကို ဆက်တက်ဂ်ရမလဲ...
(၁) ကိုမင်းယွန်းသစ်
(၂) ကိုဆောင်းယွန်းလ
(၃) ကိုမင်းကျန်စစ်
(၄) ကိုမော်စီ
(၅) မပင့်ဂိုးလ်
(၆) မမယ်လိုဒီမောင်
(၇) မသက်ဇင်
(၈) မအိမ့်ချမ်းမြေ့
ကဲ. အားလုံးပဲ ရယ်စရာမောစရာလေးတွေ ပိုင်ဆိုင်ခံစား သက်ဝင်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ.
ချစ်ခင်လေးစားလျက်
ရန်အောင်
14 comments:
သေချာဖတ်သွားပါတယ်။
(မ)ချော့ချင်းဖြစ်နေပြီး။ :P
အကြည်တော် မပြောခင်ကတည်းကလိုက်နာကျင့်သုံးနေတာ ကြာပါရော့လား။
မတွေရော မုန်းတွေရော ဒသမတွေရော..
ဆက်တက်တော့ ဆက်ရေးမှာပေါ့ကွ
ဟတ်ဟတ်ဟတ်
အရမ်းရယ်ရတာပဲ ကိုရန်အောင် ရေ.
အရိဂတို ဂိုဇိုင်မတ်စ်
သေသေခြာခြာဖတ်သွားတယ်.နော်
အရှည်ကြီးရေးပေးတာ ဒိုးမို သိုင်းကျူးဒဲဂိုဇိုင်းမတ်စ်.
"ကျွန်တော် မ ကို ချစ်မိတာကလည်း တကယ်တော့ အခက်အခဲတွေ အများကြီးပါ... မဖြစ်နိုင်တာ ၁၁၀ % နှုန်းလောက်ရှိနေတာကို ကျွန်တော့်ဖက်က အရမ်းကို စွဲလမ်းနှစ်သက်နေမိတယ်. "
မ ကို ကျွန်တော် ဆက်ချစ်မယ်. ဇောက်ချပြီးတော့ကို ချစ်မယ်...
ဖတ်ရတာ တကယ်စိတ်မကောင်းမိပါဘူး ကိုရန်အောင်ရေ. :D ရယ်ရမှာတောင်အားနာသွားတယ်.
အဟီး.. နဲနဲပဲရယ်သွားတော့တယ်.
မသေခြာတဲ့ " မ" ကို မေ့နိုင်အောင်ကြိုးစားလိုက်ပါ
ကိုရန်အောင် ရေ..လို့လဲ အကြံမပေးလိုတော့ပါဘူးလို့. :D
ခင်မင်စွာနဲ့
မ၀ါ
တစ်ခါမှ ဒီလောက်ရှည်တဲ့ postကို သေသေချာချာနဲ့ ပြီးအောင်အထိ မဖတ်ဖူးဝူးဗျ..း) tag တဲ့ သူကတော့ tag ရကျိုး နပ်ပါတယ်..
ဒီလောက်အရှည်ကြီးကိုတောင် ဖတ်တဲ့လူကို မပျင်းအောင်ရေးနိုင်တယ်။ တော်တယ် ကိုရန်အောင်ရယ်။ အပိုဒ်တိုင်းမှာ “မ” ပါနေတာလေး တစ်ခုပဲ။
အရမ်းဖတ်လို့ကောင်းပါတယ်...ကိုရန်အောင်..။ ကျေးဇူးပါ။
နှစ်ပေါက်တစ်ပေါက် ရိုက်သွားတဲ့ ကိုရန်အောင် ပါဗျို့....
ကိုယ့်ကိုယ်ကို အမုန်းဆုံးတွေ အကြောင်းရေးတာထက် တစ် မ တည်း မ ပြီး မ ကို ချစ်တဲ့ အကြောင်းတွေ အများကြီးရေးသွားတယ် :P
ရေးပေးမယ် ကိုရန်ရေ .... ကိုရန့်လက်ရာတော့ မှီမှာဟုတ်ဘူးး(
ဟုတ်တယ်ဗျို့..
စရေးခိုင်းကတည်းက "မ" အကြောင်းပါကိုပါမယ်ဆိုတာ
သိနေလို့ ကျမကလဲ "မ" အကြောင်းလေးပါ ပါအောင်ထည့်ရေးပါလို့ ပြောထားခဲ့သေးတာ.
အားနာပါးနာနဲ့ ထည့်ရေးတာလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်
ရှင်.. အဟီးး ( ပြောတော့ဘူး.)
ကိုရန်အောင်ဘ၀..
တ "မ" " မ" နဲ့
မျှော်လင့်ကချက်မရှိ
ရင်မောပါဘိ. :P
ဂိုမန်းနဲ.. ပျင်းလို့ရေးသွားတာ. :D
ခင်တဲ့
မ၀ါ
ကိုရန်အောင်ရေ.ဒီလိုစိတ်ဓာတ်တွေကြောင့်ဘဲ.ခင်ဗျားဟာအနူပညာသမားတစ်ယောက်ဖြစ်နေတာထင်
ပါရဲ့...
ခင်မင်လျက်..
အင်း ရေးထားတာကတော့ တကယ်လက်ရည်မကျသေးတဲ့ ဘိုးတော်ရန်ပါပဲ
ကောင်းပ
နာ့ကို ပြန်တက်ဂ်ထားတာကိုး အိုကီ
ရှိပြီးသားတက်ဂ်ကြွေးတွေမဆပ်ခင် အမြန်ရေးပါမယ်လေ
နဲနဲတော့ ကြာမယ် ဖြစ်တယ်ဟုတ် :P
ဒီပိုစ်က ရယ်လဲရယ်ရပါသည်။
မလေး အဲလိုမျိုး ရေးတတ်ချင်ပါတယ်..
ကြိုးစားပြီး အဲလို ရယ်စရာဖြစ်အောင် ရေးကြည့်ပါဦးမည်။
ဦးရန်ရေ..ရယ်ရမလို..ငိုရမလိုနဲ့....တိုးတိုးလေးပဲရယ်သွားတော့မယ် ခွိခွိခွိ.....ဟိဟိ....ဖတ်လို့အရမ်းကောင်းပါတယ်ချင့် “မ”..ဆိုတာကြီးပဲနော်.....အဲ့ဒီလိုချစ်တတ်လွန်းလို့လဲ လူပျိုကြီးဘ၀နဲ့ပဲနေသွားရမှာမြင်ယောင်သေးတယ်ဗျို့
ဒါပဲပြောမယ်....း)
Post a Comment