Monday, November 17, 2008

အက်အက်အက်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်လည်း ဟိုးအဝေးကြီးကို ထွက်သွားခဲ့တာကြာပေါ့.

မုဒ်လည်းမ၀င်၊ ဘလော့ဂ်ဝင်ဖို့လည်း အဆင်မပြေ၊ လူကလည်း ဝေလေလေနဲ့ဆိုတော့ ဘလော့ဂါရန်အောင်ဘ၀ ခပ်ရှောင်ရှောင်သာ နေခဲ့ရတော့တယ်ဗျာ.

ဒီနေ့ ဆန်းဒေးမှာ အိမ်ရှင်း၊ ပစ္စည်းတွေ နေရာချ၊ တွေ့စရာရှိသူတွေနဲ့တွေ့၊ ပြောစရာရှိသူတွေနဲ့ပြောပြီးသကာလ ညနေစောင်း ၄ ခွဲလောက်မှာ စက်တော်ခေါ်သွားခဲ့ပါတယ်.

Zzzzzzzzzzzzzzzzzzzzzzzzzzzzzz...


....

ဒီကြားထဲ အိပ်မက်ကလည်း မကောင်းဘူး. ရယ်လည်းရယ်ရတယ်. ကျွန်တော့်ကို ကလေးသရဲတွေက ၀ိုင်းလိုက်လို့လေ.

နောက်နေတယ်မှတ်နေတာ. အနားရောက်တော့မှ ပါးစပ်ဟပြတယ်. အမလေးးးးးးးးးးး

သွားကြီးတွေများ. မန်းလေး စိန်ပန်းစက်မှုဇုံက ဂဟေဆော်တဲ့ အချောင်းကြီးတွေလောက်ရှိတယ်. နောက်ထပ် ကလေးသရဲလေးတစ်ကောင်ဆို သွားတွေကို Brace လေးတွေတောင် ဆွဲထားလိုက်သေး.. ကြီးလာရင် သွားတွေ မညီမှာစိုးလို့တဲ့... (တော်သေးတာပေါ့. စိန်ပွင့်လေးတွေ ကပ်မထားလို့.)

အဲဒါနဲ့ ကျွန်တော်လည်း ထွက်ပြေးရတာပေါ့. နီးရာ ရထားတစ်စီးပေါ် ပြေးတက်လိုက်ရတယ်.

ရထားက ချက်ချင်းဆိုသလို လှိုဏ်ဂူကြီးတစ်ခုထဲ ပြေးဝင်သွားပါတယ်. လမ်းခွဲတစ်ခုမှာ ခဏရပ်ပါတယ်. ဒရိုင်ဗာက မေးပါသေးတယ်. ဒီဖက်လမ်းက အခုတင် ရထားတစ်စီးထွက်သွားတာတဲ့ ခဏစောင့်ရမယ်. ဟိုဖက်က သွားရင်ကောင်းမလားတဲ့.

ကျွန်တော်အပါအ၀င် ခရီးသည်တစ်ချို့ကလည်း သွားသွား. ဆိုပြီး အားပေးကြတယ်လေ.

အဲဒါနဲ့ မောင်းလည်းမောင်းရော ရထားက လှေကားအတိုင်း ပြေးဆင်းသွားတယ်.

ရင်ထဲမှာတော့ နှစ်သစ်ကူး တရုတ် နဂါးကြီး ပြေးဆင်းလာသလိုပဲ... ဒုန်း.. ဂွမ်း.. ၀ရုန်း. အုံး... နဲ့ပေါ့.

အောက်လည်းရောက်ရော ရထားက ဘီးချော်ပါလေရော. ကျွန်တော်က 'ချော်နေပြီ ချော်နေပြီ' လို့ လှမ်းအော်တာပေါ့.

အင်း. ဟုတ်တယ်. မြန်မာလိုပြောတာတော့ မဟုတ်ဘူးဗျ. ကျွန်တော်က နိုင်ငံခြားသံဝဲ၀ဲလေးနဲ့ ဒရိုင်ဗာကို လှမ်းပြောရတာပေါ့. ဒီလိုလေးလေ..

Yo.. Man... Chaw Nay Bi... s... C'mon, man! ပေါ့..

ဟတ်ဟတ်..

ရထားကြီးက သံလမ်းပေါ် ပြန်တက်သွားရော.

ကျွန်တော်လည်း ရောက်ပြီဆိုပြီး တံခါးဖွင့်တာကို စောင့်တာပေါ့.

'တုံ' ဆိုတဲ့ ဘဲလ်သံလေးနဲ့အတူ တံခါးလည်း ပွင့်သွားရော ဆင်းမယ်အလုပ် ရှေ့မှာ လမ်းပိတ်ရင်သုံးတဲ့ သစ်သားတုံးကြီးက ပေါ်လာရော.

ဟိုက်. ပီလိုဖြစ်တာလဲဝေ့ လို့ ဒရိုင်ဗာကို ပြန်မေးမယ်အလုပ် ခုနက ကလေး သရဲသုံးကောင်က မှန်ထဲမှာ ပေါ်လာတယ်.

ဟိုကားထဲကလိုလေ. Grudge ကားထဲမှာ မင်းသမီးက ကားစီးလာတော့ ကားမှန်ထဲကနေ ကလေးသရဲလေး ပေါ်လာသလိုပေါ့.

အသံတောင် ပေးလိုက်သေးး

'အက်... အက်... အက်... အက်...' တဲ့..

ကျွန်တော်လည်း ခုနက မြင်ရတဲ့ အတားအဆီးကို ၀ုန်းခနဲ ကျော်... အပေါက်ကနေခုန်ဆင်းလိုက်တော့ ရောက်သွားတဲ့နေရာက ဘာမှတ်လဲ..

"စိုက်ပျိုးရေး" မှတ်တိုင်တဲ့ဗျာ.... မြန်မာ့အသံရုံးကြီးက ထီးထီးကြီးရပ်နေလို့.. ဦးကျော်စိုးဦးတောင် ပုဆိုးပြင်ဝတ်နေတာတွေ့လိုက်ရတယ်. (အော်. သတင်းကြေငြာခါနီးမို့ ပြင်တာဆင်တာပါတဲ့လေ.... အဲဒီ့နေ့က မိုးခေါင်သွားခဲ့တယ်ဗျာ. အဲဒါ မော်ဒန်ကဗျာလား.. သွားစမ်းပါ. မ ကိုလွမ်းတယ်.)

ကားလမ်းကို ဖြတ်အကူး. Very Ignorant Person (VIP) တွေ ပါလာပုံရတဲ့ ကားတန်းရှည်ကြီးက ဟိုဖက်လမ်းကနေ 'တီ.. တီ.. တီ... တီ..' ဆိုပြီး ကျွန်တော့်ဆီ ပြေးလာတယ်.

ကျွန်တော်လည်း ကလေးသရဲနဲ့တွေ့လို့သာ ပြေးချင်ပြေးမယ်. ဒီငတတွေနဲ့တွေ့လို့ကတော့ မရရတဲ့နည်းနဲ့ ဆန့်ကျင်မယ်ဆိုပြီး ကားမောင်းတဲ့လူကို လှမ်းပြီး စိတ်နဲ့ညှို့လိုက်တယ်.

မောင်းတဲ့သူက ဘယ်သူဖြစ်နေလဲသိလား..

ခင်ဗျားမသိပါဘူး..

ကျွန်တော်လည်း မသိလိုက်ဘူး..

နှိုးစက်က 'တီ.....တီ.....တီ.....တီ.....' မြည်နေရာက နည်းနည်းကြာသွားတော့ အသံက ပိုစိပ်လာပြီး တီ.တီ.တီ.တီ. ဖြစ်သွားခဲ့တယ်လေ. အဲဒီ့တော့မှ ထပိတ်လိုက်ပြီး အိပ်ယာပေါ်မှာ ငေါင်စင်းစင်းနဲ့ ထိုင်နေတဲ့ ကျွန်တော့်ကို ညနေခင်းလေပြည်ညှင်းလေးက 'What the heck u r doing, man? Move your ass off! Go! Go! Go!' ဆိုပြီး ညင်ညင်သာသာလေး နှုတ်ဆက်ပါတယ်.

အိပ်ယာပေါ်ကဆင်း၊ မျက်နှာသစ်၊ လန်းသွားအောင် ကိုယ့်ကိုယ်ကို ဖြောင်းဒိုင်း ဖြောင်းဒိုင်းဆိုပြီး ဇက်ပိုးတွေ နားရင်းတွေဘာတွေ အုပ်၊ နားသယ်မွှေးကို ဇွိခနဲ ဆွဲထည့်ပြီးသကာလ မီးဖိုချောင်ထဲ ၀င်. လှန်လှောကြည့်တော့ မနက်ခင်းက တည်သွားခဲ့တဲ့ ထမင်းအိုးက "ဘာမှချိဘူး" ဆိုပြီး ပြုံးစိစိနဲ့ လှမ်းပြောတယ်.

တင်းသွားတယ်ဗျာ. အဲဒါနဲ့ပဲ ရေခဲသေတ္တာကို ၀ုန်းခနဲဆွဲဖွင့်. ကြက်ဥတစ်လုံးယူ. ဘီရိုပေါ်က ခေါက်ဆွဲခြောက်ထုပ်ကို ဖောင်းခနဲဖွင့်. ရေနွေးအိုးတည်ပြီး အုံးဒိုင်းဂွမ်းဆို လုပ်ထည့်လိုက်တာ နောက် ဆယ်မိနစ်လောက်လည်းနေရော ဘလော့ဂါရန်အောင်တစ်ယောက် သတင်းစာလေးဖတ်ရင်း၊ ခေါက်ဆွဲပြုတ်လေးသောက်ရင်း၊ ဒူးလေးနှံ့ရင်း၊ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်လေးတွေကို သပ်တင်ရင်း၊ ဆက်ရက်မင်းစည်းစိမ်ကို ခံစားနေခဲ့ပါတော့တယ်.

အဲ. ညရောက်တော့ ကွိုင်တော့တာပဲဗျာ.

မျက်လုံးကြီးက ပြူးနေလိုက်တာမှ ဇီးကွက်ကတောင် အဖေခေါ်ရမယ်.

ဒီတော့လည်း ဘာလုပ်မလဲ အပြေးအလွှားစဉ်းစားလိုက်တော့ ပို့စ်ရေးမှာပေါ့ဆိုတဲ့ အဖြေက ဂွက်ခနဲ ထွက်လာတယ်.

ဟုတ်တယ်. 'ဂွက်' ဗျ.

စဉ်းစားလို့ အဖြေလည်းထွက်ရော အားရ၀မ်းသာနဲ့ သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်တော့ "ဂွက်" ဖြစ်သွားရော. ဟတ်ဟတ်.

ညနေက အိပ်ထားတယ်. ခု ကော်ဖီသောက်ထားတယ်.

ကဲ. ဆမ်းသင်းတော့ လောင်းပြီထင်တယ်ဗျ. ဟတ်ဟတ်.

ဒီည မအိပ်တော့ဘူး.

အားလုံးကို လွမ်းတယ်.

မွ................................

အာဘွား...

ရွှတ်...

နက်ဖြန်တွေ့မယ်ဗျာ.

ပြန်အိပ်ရင် ကလေးသရဲလေးတွေနဲ့ ပြန်တွေ့မှာကြောက်တယ်....

ဒီတစ်ခါဆင်းရင်တော့ စိုက်ပျိုးရေးမှာ မဆင်းချင်တော့ဘူး. တံတားဖြူဆိုတော်သေး... (အတွဲချောင်းလို့ရတယ်..)

"အက်.. အက်.. အက်.."

အလိုလေး ဘုရားသခင်...

................

8 comments:

ဝါ၀ါခိုင်မင်း said...

ဟဟဟ.. ဦးရန်အောင်တို့ကတော့လုပ်ပြန်ပြီ.
ရယ်ရဒယ်။း)

sin dan lar said...

ပျောက်နေတာ တော်တော်ကြီး ကြာနေပြီနော်....
၁ ခေါက်ဖတ်ပြီး ၀င်မန့်သွားတာ..
နောက်တစ်ခေါက် ဖတ်ကြည့်လိုက်ဦးမယ်....

GreenGirl said...

မောလိုက်တာ...အူတွေလည်း တက်နေပါပြီ :P
ရေးလည်းရေးတတ်ပါပေ့ ကိုရန်အောင်ရယ်... :D

ရွှန်းမီ said...

အရေးထဲ အိပ်မပျော်တဲ့စာတွေ ဖတ်မိပြီ .. =)

Winkabar said...

တော်သေးတာပေါ့ ကလေးသရဲပဲလိုက်သေးလို့။ လူကြီးသရဲသာလိုက်ရင်တော့ ရယ်နိုင်တော့မှာတောင်မဟုတ်ဘူး :P

ကဗျာချစ်သူ said...

အက်...အက်...အက်
စာတွေပြန်ဖတ်ရတာ ၀မ်းသာတယ် အစ်ကိုရေ။
ကဗျာတွေ လုပ်ပါဦး အစ်ကိုရ

Layma said...

ခြောက်လွှတ်တာလား.. နောက်လွှတ်တာလား..
အက်... အက်.. အက်..။

ယောနသံစင်ရော် said...

တခါမှ မလာဖူးဘူး .. လာလည်တာနဲ့ တွေ့လိုက်တဲ့ ပို့စ်က အရမ်းရယ်ရတယ်။ ဘာတဲ့ သရဲလေးတွေ ရယ်တာက “အက်...အက်..အက်” ကြောက်စရာ မကောင်းပဲ ချစ်စရာလေးတောင်ဖြစ်လို့ ....။