Monday, December 01, 2008

အက်စ်ပရက်ဆိုတမ်းချင်း...




တိမ်ထူထူနေ့တစ်နေ့မှာ
ကောင်းကင်ဟာ မျက်မှောင်ကုတ်လို့ စိတ်ဆိုးနေခဲ့တယ်.
တကယ်ဆို ဒီနေ့ဟာ တိမ်ပြာပြာနေ့တစ်နေ့ ဖြစ်သင့်ခဲ့တာ
ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ဖြစ်သင့်ခဲ့တာတဲ့.
ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောဆိုနေခဲ့လေရဲ့...

ပေစုတ်စုတ် အ၀တ်လေးတွေဝတ်ထားတဲ့
သူဖုန်းစားကလေးငယ်တစ်ယောက်
ခေါက်ဆွဲဆိုင်ရှေ့မှာ မတ်တပ်ရပ်ရင်း ဆိုင်ထဲကို မျှော်ကြည့်နေခဲ့တယ်.
ဒီမျက်ဝန်းတွေကို ငါမြင်ဖူးတယ်.
ဒီမျှော်လင့်ခြင်းတွေကို ငါခံစားမိဖူးတယ်.
ချေဂွေဗားရားရဲ့ ကျူးဘားနိုင်ငံအတွက် မျှော်လင့်ခြင်းမျိုး
ဟိုချီမင်းရဲ့ ဗီယက်ကောင်းတွေအတွက် မျှော်လင့်ခြင်းမျိုး
အာသာဘုရင်ကြီးရဲ့ သူ့ထီးနန်းကိုပြန်ရယူနိုင်ဖို့အတွက် မျှော်လင့်ခြင်းမျိုး..

အို. ဒါတွေကိုတော့ ကလေးငယ် ဘယ်သိမှာလဲ.
သူ့မျှော်လင့်ခြင်းမှာ သူ့အိုးနဲ့သူ့ဆန် တန်ရုံတော့ ရှိမှာပေါ့.
ဟုတ်တယ်. သူမျှော်လင့်တယ်.
ခေါက်ဆွဲလက်ကျန်လေး ဖြစ်နိုင်တယ်.
ပိုက်ဆံအတိုအစလေး ဖြစ်နိုင်တယ်.
ဟင်းကျန်ထမင်းကျန်လေးတွေလည်း ဖြစ်နိုင်တယ်.
နိုင်ငံတော်ကြီး နွံနစ်နေတာ သူမသိဘူး
သူ့လူမျိုးတွေ ကျွန်ဖြစ်နေတာ သူ နားမလည်ဘူး
ခု သူဗိုက်ဆာတယ်.
မနေ့ကလည်း သူဗိုက်ဆာခဲ့တာပဲ.
မနက်ဖြန်မှာလည်း သူဗိုက်ဆာဦးမှာပဲ.
ရေလိုတယ်. အစာလိုတယ်.
မန်ဘိုင်းမှာ လူတွေအသတ်ခံရတာ သူ့ကိစ္စမဟုတ်
ထိုင်းမှာ လေယာဉ်ကွင်းပိတ်တာ သူ့အလုပ်မဟုတ်
အာဖဂန်နစ္စတန်က ကျောင်းသူလေးတွေ အက်ဆစ်နဲ့အပက်ခံရတာ သူ့အရှုပ်မဟုတ်
နှစ်ဆယ်တွေ၊ ခြောက်ဆယ့်ငါးတွေ၊ ငါးဆယ့်ကိုးတွေ သူ့အဆိုးမဟုတ်.

ဆိုင်ထဲက လူတစ်ယောက်ထွက်လာတယ်.
ကလေးငယ်ကတော့ သူ့ခြေသလုံးတွေထဲကို အားအင်တွေ ပစ်ထည့်ထားလိုက်တယ်.
သူ့မျက်ဝန်းတွေက အရောင်တောက်လာခဲ့တယ်.
သူ့နှလုံးသားနဲ့ သူ့ဆန္ဒတစ်သားတည်းဖြစ်သွားခိုက်
သူ့ခေါင်းက တစ်စုံတစ်ရာအတွက် ခိုင်ကျည်ရဲရင့်စေခဲ့တယ်.
'တစ်စုံတစ်ခုတော့ ငါရမှ ဖြစ်မယ်'

အရာအားလုံးကို မြင်လိုက်ရတဲ့ ကောင်းကင်က ညည်းတွားတယ်.
'တစ်ကိုယ်ကောင်းဆန်လိုက်တာ' တဲ့.
'ကိုယ့်အတွက်ပဲ ကိုယ်သိတယ်' တဲ့.
'အရာရာဟာဆက်စပ်နေတယ်ဆိုတာ နားမလည်ဘူး' တဲ့.

ငိုက်မြည်းနေတဲ့ တိမ်ထူထူတစ်အုပ်က ပြန်ပြောတယ်.
'တဆိတ်လောက်ဗျာ. ခင်ဗျား ကလေးငယ်ကို ပြောနေတာလား
ကျွန်တော့်ကို ပြောနေတာလား
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ ပြောနေတာလား' တဲ့.

ကောင်းကင်က ပြန်ပြောတယ်.
'မရှိတာထက် မသိတာခက်တယ် ကိုမိုးတိမ်ရယ်'

မိုးတိမ်က ပြန်မေးတယ်.
'ရှိလည်းရှိ သိလည်းသိပေမယ့် မလုပ်တဲ့သူတွေက ပိုမခက်ပေဘူးလား ကောင်းကင်ရယ်'

ကောင်းကင်က ထုံးစံအတိုင်း ခေါင်းမော့လို့ တစ်ချက်ပြုံးလိုက်တယ်.
'စကားလုံးတွေနဲ့ မကစားစမ်းပါနဲ့ဗျာ. ကျုပ်က လက်တွေ့ကျချင်တဲ့သူဗျ'

မိုးတိမ်က သူ့လက်ချောင်းတွေကို တဖြောင်းဖြောင်းနဲ့ ဆွဲဆန့်လိုက်ရင်း
'တစ်ချို့က လက်တွေ့ဆိုတာကြီးကို ခုတုံးလုပ်ပြီး လေမုန်တိုင်းတွေတိုက်နေတာ ခင်ဗျားသိရဲ့လား'

ဒါကို နားစွန်နားဖျားကြားလိုက်တဲ့ ဆိုင်ကလုန်းက ပြောတယ်.
'ကိုယ့်ဟာကိုယ် ငြင်းကြဗျာ. ကျုပ်နာမည်တော့ ဆွဲမထည့်နဲ့. အေးအေးဆေးဆေး ဆားနဲ့ပဲ စား၊
အဲလေ. ပင်လယ်မှာပဲ နေပါရစေ...'

'ဖုတ်'

ကောင်းကင်ရော၊ မိုးတိမ်ရော၊ ဆိုင်ကလုန်းပါ မြေပြင်ကို ငုံ့ကြည့်လိုက်ကြတယ်.
မြေကြီးပေါ်ကျနေတဲ့ ခေါက်ဆွဲထုပ်လေးဘေးမှာ ဖုန်တစ်ချို့ ကခုန်နေကြတယ်.
အထုပ်လေးကို သေချာစည်းနှောင်လို့ ဘေးလွယ်အိတ်လေးထဲကိုထိုးထည့်ရင်း
နောက်ထပ်ထွက်လာမယ့် တစ်စုံတစ်ယောက်ကို ကလေးငယ်မျှော်လင့်နေတယ်.
မျှော်လင့်နေဆဲပဲ...

ခုနက သူ့လက်ထဲမှာ တစ်စုံတစ်ရာရှိနေခဲ့တယ်.
သူ့အိတ်ထဲမှာ ဟင်းလင်းပြင်ပေါ့
ခု သူ့အိတ်ထဲမှာ တစ်စုံတစ်ရာ ရှိနေခဲ့တယ်
သူ့လက်ထဲမှာ ဗလာနတ္ထိရယ်ပေါ့
မက်ခ်တွိန်းရဲ့ ဖိနပ်ကို မဆေးဘဲ ပစ်ထားတဲ့ အစေခံကို သတိရမိတယ်.
နောက်လည်း ပေရေဦးမယ့်အတူတူ ဘာလို့တိုက်ချွတ်နေဦးမှာလဲတဲ့
အဲဒီ့နေ့က အစေခံ ထမင်းငတ်တယ်.
မက်ခ်တွိန်းက ကလဲ့စားပြန်ချေတယ်လေ
နောက်လည်း ဗိုက်ဆာမယ့်အတူတူ ဘာလို့စားနေဦးမှာလဲတဲ့.
ကလေးငယ်ဟာ ပညာရှိတာလား၊ မရောင့်ရဲနိုင်တာလား
အဲဒါကို မနက်ဖြန်တွေက မဖြေနိုင်ခဲ့တာ ဂွကျတယ်..

မိုးတိမ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်.
ကောင်းကင်က လေပူတစ်ချက် မှုတ်ထုတ်တယ်.
ဆိုင်ကလုန်းကတော့ တ၀ီးဝီးတဟီးဟီးနဲ့
မိုးကုပ်စက်ဝိုင်းဆီ ပြေးထွက်သွားခဲ့တယ်.

ကန့်လန့်ကာကြီး ပြုတ်ကျလာခဲ့တယ်.
'၀ုန်း' ခနဲ ကျလာသလား
'ဗြုန်း' ခနဲ ကျလာသလား
အိပဲ့အိပဲ့ ကျလာသလား
ချည့်နဲ့ချည့်နဲ့ ကျလာသလား.
ဘယ်လိုပဲ ကျလာလာ
တစ်ခန်းတော့ရပ်သွားခဲ့တာ သေချာတယ်.

လူရှင်းနေတဲ့ လမ်းလေးထဲမှာ ငါရပ်နေခဲ့တာလား
ငါရပ်နေခဲ့တဲ့နေရာမှာ လူတွေရှင်းနေခဲ့တာလား
ငါရပ်ပြီးမှ လူတွေရှင်းတာလား
လူတွေရှင်းချိန်ကျမှ ငါလာရပ်တာလား
ဒွိဟတွေ၊ ပုစ္ဆာတွေ ဟားတိုက်ရယ်မောနေချိန်မှာ
အက်စ်ပရက်ဆိုလေးတစ်ခွက်လောက်တော့ ငါ့ကိုထွက်သောက်ခွင့်ပေးပါ...

ဘယ်အရာမှ မပိုင်ဆိုင်နိုင်သူအတွက်
မျှော်လင့်ခြင်းလေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့သေးတယ်.
မျှော်လင့်မှုအတွက် ပိုင်ဆိုင်လိုခြင်းလား
ပိုင်ဆိုင်မှုအတွက် မျှော်လင့်လိုခြင်းလား.
ကောင်းကင် ပြောသလိုပေါ့
စကားလုံးတွေဆိုတာ ကစားချင်သူတွေအတွက် လေ့ကျင့်ကွင်းကြီးတစ်ခုပဲ.
အပြောသမားတွေရဲ့ လက်မှာ အသားမာ ထမနေတတ်ပေမယ့်
လျှာတွေကတော့ ဂျော်နီဝါးကားလမ်းမလျှောက်ဘဲ သွက်နေတတ်လေရဲ့
ဆက်လျှောက်လိုက်ဦး ဂျော်နီရေ.
ဒီလှည်းဘီးတွေနောက် ငါပြေးမလိုက်တော့ဘူး
ငါ့မှာ လုံလောက်တဲ့ လက်ညှိုးတွေ ရှိနေခဲ့ပြီပဲ.

တော်သေးတာပေါ့
ခုတလော မိုးတွေ သိပ်မရွာခဲ့ဘူး...
အခန်းထောင့်က ထီးကျိုးတစ်လက်ကတော့
မနက်ဖြန်အထိ ဆက်လက်ငိုက်မြည်းနေဦးမှာပဲ.

အခန်းတံခါးကို ညင်သာစွာပဲ ဆွဲဖွင့်လိုက်တယ်.
လှေကားထစ်တွေကို ကျော်တက်ရင်း
လင်းချင်းနေတဲ့ ကောင်းကင်အောက်ကို ၀င်ရောက်ခဲ့တယ်.
ခေါင်းပေါ်မှာတော့ ကန့်လန့်ကာကြီးကို ထမ်းပိုးလို့ပေါ့
ဒီနေရာမှာ တစ်ခန်းရပ်လိုက်
ဟိုနေရာမှာ တစ်ခန်းရပ်လိုက်နဲ့
ခရီးမဆုံးခင် ကန့်လန့်ကာတွေ ကျန်ပါဦးမလား

အိုး... ဘာဖြစ်လဲ.
တစ်ခန်းမရပ်နိုင်တော့လည်း အခန်းဆက်ပြဇာတ်ပေါ့.
လှည်းဘီးတွေနောက် ပြေးမလိုက်မှတော့ ကန့်လန့်ကာတွေလည်း မလိုတော့ပြီပဲလေ.

မနက်ခင်းဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ ငါ့မျက်ဝန်းတွေကို လှမ်းကြည့်တယ်.
ကန့်လန့်ကာများချလေဦးမလားရယ်ပေါ့..

ဒီနေ့ တိမ်တွေပြာလို့ ကောင်းကင်လည်းသာတယ်.
ဒါပေမယ့် ဆန်းဒေးတော့ မဟုတ်ခဲ့ဘူး...

~ ရေခဲငှက် ~

2 comments:

ဝါ၀ါခိုင်မင်း said...

ကိုရန်အောင်ရေ..

ကဗျာအရှည်ကြီးစိတ်ဝင်တစားလာဖတ်သွားပါတယ်။
ပေါက်တာလဲပေါက်တယ်.. မပေါက်တာလဲမပေါက်ဘူး.
ဟဲဟဲ..အဲလိုတော်တာမီးမီးကး)
ဒါပေမယ့် ဖတ်လို့အလွန်ကောင်းပါ၏။

အဆင်ပြေပါစေနော်။
စိတ်ရှုတ်နေရင် တက်ဂ်ပို့စ်မရေးပေးလဲရပါတယ်နော်.
ရေးပေးနိုင်မယ်ဆိုရင်တော့ အိုနဂိုင်းရှီးမတ်စ်..

ခင်တဲ့
မ၀ါ

လင်းလက်ကြယ်စင် said...

ကဗျာရှည်ကြီးကို သေချာဖတ်သွားပါတယ် ကိုရန်အောင်။ ဒီလိုမျိုး သေချာစီကုံးရှည်လျားစွာ ရေးဖွဲ့နိုင်သူတွေကို အမှန်တကယ် လေးစားမိပါတယ်။ ကိုရန်အောင်ရဲ့ကားက ဘော်ဒီတောင်ကွဲသွားတယ်ဆိုတော့ ထိချက်တော်တော်ပြင်းထန်သွားတာပဲ။ နောက်တစ်ခါဆို သတိထားပြီး မောင်းပေတော့ ကိုရန်ရေ။ မဟုတ်ရင် နောက်ထပ်ကားတွေ ထပ်ကျော်နေဦးမယ်နော် :P ။ အားလုံးအဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။

ခင်မင်စွာဖြင့်

လင်းလက်ကြယ်စင်