Sunday, June 10, 2007

ရင်ကွဲသံစဉ် (Audio Poem)





သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…

ညကမင်းပြန်လာတယ်လို့ အိပ်မက်တယ်သိလား
ငါရယ်မင်းရယ်ပေါ့လေ
ပန်းတွေဝေဆာနေတဲ့ တောအုပ်လေးတစ်ခုထဲက
သစ်လုံးအိမ်လေးထဲမှာပေါ့
ငှက်ကလေးသုံးကောင်က သစ်ပင်လေးပေါ်ကနေ
ငါတို့ကို ပြုံးပြီး ကြည့်နေကြတယ်…

ငါက မင်းကိုဖက်ထားလို့
မင်းက ငါ့ကိုမော့ပြီးကြည့်နေလို့
နှစ်ဦးသား အကြည့်ချင်းအဆုံမှာ
ရင်တွေခုန်လိုက်ရတာကွာ
မင်းရဲ့မျက်နှာလှလှလေးပေါ်မှာ ငါ့ရဲ့ အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်
မင်းသိလား
ညကလေ
မိုးကုပ်စက်ဝိုင်းထိ
ပန်းတွေပွင့်ခဲ့ကြတယ်ကွာ…

ဒီနေ့မနက်ငါနိုးထလာတော့
ငါ့ဘေးနားမှာ တတီတီနဲ့ မြည်နေတဲ့ နှိုးစက်တစ်လုံးက
ငါ့အိပ်မက်ကို လှောင်ရယ်နေတယ်…
ငါ့ဓာတ်ပုံထဲက ငါဖြစ်ခဲ့ဖူးတဲ့ငါက
မင်းရဲ့ စိတ်ဓာတ်အင်အားတွေ နည်းနေပြီလားလို့ ငါ့ကို စိုက်ကြည့်ပြီးမေးနေတယ်
မျက်စိကို ပြန်မှိတ်ပြီး ပက်လက်ပြန်လှဲလိုက်တယ်.
ဝင်သက်ထွက်သက်ကို မှန်အောင်ပြန်ကျင့်ပြီး
တည်ငြိမ်မှုကို ပြန်ရှာတွေ့သွားတဲ့အချိန်မှာတော့
ငါ့ရဲ့မျက်တောင်တံခါးတွေကို လှစ်ဟလိုက်တယ်.

မျက်နှာကြက်မှာ ဖန်မီးအိမ်တစ်လုံးက လေနဲ့အတူ ဝေ့၀ဲလို့
ငါ့ရင်ဘတ်ပေါ်မှာ လက်ကလေးနှစ်ဖက်ကို ယှက်ထားလို့
အို…
ငါဆုများတောင်းနေမိတာလား…

ငါဆုတောင်းဖို့ ရှက်တယ်ဆိုတာ မင်းလည်း သိပါတယ်
ဆုတောင်းတယ်ဆိုတာ တကယ်တော့
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့
ကိုယ့်စိတ်ကိုယ် လမ်းတည့်ပေးလိုက်တာပဲလေ
ငါလိုချင်တာကို ငါ့နည်းငါ့ဟန်နဲ့ပဲ ယူချင်တယ်
ငါဆုမတောင်းဘူး
ငါ့စိတ်ကိုပဲ autosuggestion လုပ်တယ်.
ဒါပေမယ့်ဒီနေ့မနက်က ငါဆုတောင်းမိလိုက်တယ်ကွာ
ဘာလို့လဲမင်းသိလား
ငါ့မှာနည်းလမ်းတွေ ပျောက်ဆုံးနေလို့ပါ…

ငါ့ဖုန်းထဲမှာ မင်းထားခဲ့တဲ့ Voice Mail တွေကို အကြိမ်ကြိမ်နားထောင်လို့
ငါ့မေးလ်ဘောက်စ်ထဲမှာ မင်းပို့ခဲ့တဲ့ စာတစ်ချို့ကို အကြိမ်ကြိမ်ပြန်ဖတ်လို့
ငါ့နှလုံးသားထဲမှာ အကျအနထိုင်နေတဲ့ မင်းကိုအကြိမ်ကြိမ်ပြုံးပြလို့
ရင်ဘတ်ထဲက လှိုင်းတွေကို လမ်းလွှဲပေးလိုက်တယ်
အို….
ငါ့ရဲ့ မျက်တောင်တွေ စိုနေပါရော့လား…

သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…




(ရေခဲငှက်)

4 comments:

Unknown said...

အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်တဲ့လား ကိုရန်အောင်ရေ

Anonymous said...

အင်း ကဗျာလေးကလည်း ကောင်း၊ ရွတ်သွားတဲ့လူကလည် ခံစားချက်ပါပါ။ နောက်ကရထားဂျုံးဂျုံး သံလေးကလည်းပါဆိုတော့...

မေဓာဝီ said...

ကွန်နက်ရှင် သိပ်မကောင်းတာကြောင့်
အသံက ထုံ့ပိုင်း ထုံ့ပိုင်းဖြစ်နေတာကလွဲလို့ …
ကဗျာလေးကို နားထောင်ရတာ ကြေကွဲစရာ … ။
ကိုရန်လေးအသံက … စွဲဆောင်မှုရှိလွန်းလို့ မျောပါသွားတာလေ ….
“မင်းသိလား” ဆိုတဲ့ နေရာရောက်တော့ ယောင်ပြီး ဟင့်အင်း လို့ ပြောလိုက်မိ သေးတယ်။
တော်သေးတာပေါ့ အနားမှာ ဘယ်သူမှမရှိလို့ … ဟင်းဟင်းဟင်း။

soe222 said...

I love it, whoever u're targeting to is one lucky girl, Myanmar man can be very sensual and romantic,I think in our language it adds more to it. Beautiful, ur blog is one of the best blog I've come across, thanks a lot also for for the instruction n tips. I like ur sardine cooking fiasco,I did not know one can make a recipe and cooking so entertaining. Hey I hope u finally win her heart. May ur wishes come true. Soe