ဒီည….
ကြယ်တွေစုံနေတယ်.
ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကားထဲကလိုပဲ.
ကြယ်လေးတွေ ညကောင်းကင်ရဲ့ ကင်းဗတ်စပေါ်မှာ
အရောင်တောက်လာတာကို
ဗန်ဂိုးရဲ့ စုတ်တံအဝေ့အ၀ိုက်တွေကြားထဲကနေ
မမှိတ်မသုန်ရင်ခုန်စွာနဲ့ ကြည့်နေခဲ့မိတယ်…
ဒီည
တီးတိုးရေရွတ်သံလေးတွေ ကြားနေရတယ်.
အို…
ဟိုးမားရဲ့ အိုဒီးစီးယပ်စ်ကဗျာရွတ်နေသံပဲ
နားထဲကို နတ်စောင်းတူရိယာသံလေးတွေ စီးဝင်လာသလိုပဲနော်.
ဟိုးမားရဲ့ ပင့်သက်ရှိုက်သံများကြားမှာ
အိုဒီးစီးယပ်စ်ရဲ့ စွန့်စားခန်းတွေ အသက်ဝင်လာတာကို
မမှိတ်မသုန် ရင်ခုန်စွာနဲ့ နားစွင့်နေခဲ့မိတယ်…
ဒီည
ကိုယ်သိပ်ချစ်တဲ့ မေပယ်လ်ပင်လေးအောက်မှာ လှဲအိပ်နေခဲ့မိတယ်.
လမင်းကြီးကလည်း ထိန်ထိန်သာလို့…
ကိုယ့်ပါးပေါ်ကို သစ်ရွက်ငယ်လေးတွေ ကြွေကျနေတာပေါ့
စက္ခုအစုံကို ခေတ္တအနားပေးထားမိရင်း
ကိုယ့်ပါးပြင်ရဲ့ ဘယ်နေရာကို လာမှန်မလဲဆိုတာ
တွေးတောမှန်းဆကြည့်ရတဲ့
ရင်ခုန်သံကို ခံစားကြည့်နေလိုက်တယ်.
ဗန်ဂိုးရဲ့ ကြယ်တွေ တော်တော်စုံနေပြီ.
အိုဒီးစီးယပ်စ်လည်း ၀ိုင်ခွက်ကိုမြှောက်လို့ပေါ့.
ဟော.
ကြယ်လေးတစ်ပွင့်ကြွေသွားတယ်နော်.
ဆည်းလည်းသံလေးတစ်ချက်လည်း ရိုက်ခတ်သွားတယ်.
ချစ်သူလာပြီလားဟင်….
ဗန်ဂိုးနဲ့ဟိုးမားတို့ မှောင်ရိပ်ထဲကနေ ပြုံးပြီးကြည့်နေကြတယ်သိလား
ကြယ်တွေစုံတဲ့ည
သံစဉ်ချိုလေးတွေ ပျံ့လွင့်တဲ့ည
ချစ်သူလာတဲ့ည
ဒီည
ဒီအခိုက်အတန့်လေးမှာ
ချစ်သူရယ်
ချိုမြိန်အနမ်းလေးတွေ ပေးလှည့်ပါနော်….
2 comments:
မောင်ရန်က ဒီည.. ကျနော်က ဒီနေ့.. ပူးပေါင်းကြမလား။ :D
နှုးညံ့သိမ်မွေ့စွာ လှပပါသည်။
Post a Comment