Monday, July 20, 2009

စက်ဘီးစီးခြင်း အက်ဆေး (၄)



မိတ္ထီလာကနေ လမ်းမှာ နားလိုက် မောင်းလိုက်နဲ့ ကျွန်တော်တို့ စီးလာတဲ့ ကုန်ကားကြီး မန္တလေးမြို့ကို ၀င်တော့ မနက်ခင်း ဝေလီဝေလင်း အချိန်ဖြစ်နေပါပြီ။ နယ်မြို့လေးတစ်မြို့ကနေ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ကြီးကို ပြောင်းလာခဲ့ရတော့ ကျွန်တော် စိတ်လှုပ်ရှားနေမိခဲ့တယ်။ ဒီ့ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ မန္တလေးမြို့ကို စက်ဘီးမြို့တော်လို့ ခေါ်တာကို ငယ်ငယ်လေးကတည်းက ကြားဖူးနေခဲ့တာ အခုတော့ မျက်ဝါးထင်ထင်တွေ့ရတော့မယ် ဆိုတဲ့ စိတ်ကူးလေးတွေလည်း ပါတာပေါ့…

မန္တလေးကို ရောက်ဖူးခဲ့ပါတယ်. ဟိုးငယ်ငယ်လေးတုန်းက အဖေတို့ အမေတို့နဲ့အတူတူ လျှောက်လည်ကြတာ. မန္တလေးတောင်အောက်က ခြင်္သေ့ကြီးနှစ်ကောင်နားမှာ ဓာတ်ပုံရိုက်ကြတာ၊ မန္တလေးတောင်ပေါ်က မြွှေကြီးနှစ်ကောင်နားမှာ ပိုက်ဆံအကြွေစေ့လေးတွေ လှမ်းပစ်ထည့်တာ၊ ဓာတ်ပုံရိုက်တာ၊ နန်းမြို့ရိုးကြီးနဲ့ ကျုံးကြီး၊ ကျောက်တော်ကြီးဘုရား၊ ဘုရားကြီး၊ အိမ်တော်ရာ၊ စတဲ့ ပုံရိပ်တွေက ရေးတေးတေးလေးဖြစ်နေပေမယ့် ကျွန်တော့်စိတ်ကူးတွေကို လွှမ်းမိုးဖမ်းစားနေဆဲပါ…

ခုတော့ လူပျိုပေါက်အရွယ်မှာ ငယ်ငယ်တုန်းက ရောက်ခဲ့ဖူးတဲ့ မန္တလေးမြို့ကြီးပေါ်ကို ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့တယ်. ဒီ့ထက်ပိုပြီး ၀မ်းသာစရာကောင်းတာက ကျွန်တော့်မှာ စက်ဘီးနှစ်စီးရှိသလို စက်ဘီးကိုလည်း ကောင်းကောင်းစီးနိုင်နေခဲ့တာပါပဲ… သူများတွေ ဆိုင်ကယ်စီးနေတာကို အားတော့အားကျမိပါတယ်. ဒါပေမယ့် ကျွန်တော့်မှာရှိတဲ့ စက်ဘီးလေးတွေနဲ့ပဲ ကျွန်တော်မန္တလေးမြို့ကြီးပေါ်မှာ ပျော်ရွှင်စွာ ဖြတ်သန်း ရင်ခုန်ခဲ့တယ်.

အဲဒီ့နေ့က မနက်စာကို မန်းမြို့တော်ပေါက်စီနဲ့ လက်ဖက်ရည်နဲ့ သောက်ခဲ့မိတယ်လို့ ကျွန်တော်ထင်တယ်. သိပ်ကို အရသာရှိလှတဲ့ မနက်စာပါပဲ... အဲ… စားလည်းပြီးရော အလုပ်လည်းစရတော့တာပါပဲလေ…

ကားကြီးပေါ်ကနေ ပစ္စည်းတွေကို ကူချ၊ အိမ်ပေါ်ကိုတင်…. တိုက်ကလည်း သိပ်မမြင့်လှပါဘူး အပေါ်ဆုံးထပ်မှာ နေရာရတယ်. ၅ လွှာတဲ့… တင်ပေးဦးတော့… တက်ပေဦးရော့.. ကန်ထရိုက်တိုက်တွေရဲ့ လှေကားတွေကလည်း သိတဲ့အတိုင်းပဲ. အဖြစ်လောက်ဆောက်ပေးထားတာ. ပရိဘောဂတွေ သယ်ပြုဖို့ နေရာက မကျယ်လှဘူးလေ.. အဖေ့လက်ထက်ကတည်းက စုဆောင်းထားခဲ့တဲ့ ဗီရိုကြီးတွေ၊ ရှိုးကေ့စ်ကြီးတွေ၊ ကုတင်တွေ၊ စားပွဲကုလားထိုင်တွေကို အိမ်ရှေ့ကနေပဲ သယ်ယူရပါတယ်.

ဘယ်လိုသယ်လဲ ဟုတ်လား..

ကြိုးနဲ့သယ်ပါတယ်.

ဗီရိုကြီးတွေကို ကြိုးကြီးတွေနဲ့ ချည်ပြီးတော့ အပေါ်ကနေ အားကောင်းမောင်းသန် လူသုံးလေးယောက်က ဆွဲ… တင်နေတုန်းမှာ အောက်ထပ်က မှန်တွေနဲ့ မရိုက်မိအောင် အလွှာတိုင်းမှာ မီးသတ်ရဲဘော်တွေက လှမ်းထိမ်းပေး၊ အပေါ်ကဆွဲ၊ အောက်ကနေထိန်းနဲ့ ပရိဘောဂပစ္စည်းတွေကို သယ်နေတဲ့ ကျွန်တော်တို့ကို လမ်းသွားလမ်းလာ မန်းသူမန်းသားတွေကတော့ ထင်ရော့မယ်…

မီးသတ်စွမ်းရည်ပြနေတာလားလို့လေ… ဟတ်ဟတ်…

အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်အဲဒီ့တုန်းက နည်းနည်းရှက်နေခဲ့တယ်… ဟုတ်တယ်လေ..ဟောင်းနွမ်းရင့်ရော်နေတဲ့ ပရိဘောဂ ပစ္စည်းကြီးတွေကို ရှေ့ကနေသယ်ရတာ. ပြီးတော့ လူမြင်ကွင်းကြီးထဲမှာ အပေါ်ကို လွှားခနဲလွှားခနဲ ပါသွားတဲ့ ဗီရိုကြီးတွေ၊ ကုလားထိုင်ကြီးတွေ… မြင်ယောင်ကြည့်လိုက်ပါ….

ဒါပေမယ့် ကြာကြာလည်း မရှက်အားပါဘူးလေ. လှေကားအတိုင်းသယ်ရမယ့် ပစ္စည်းတွေကိုလည်း အမောတကော သယ်ရတင်ရသေးတယ်… သေတ္တာတွေ၊ တိုလီမုတ်စ ဗြုတ်စဗြင်းတောင်းတွေ၊ စာအုပ်တွေ အပြင် ဇယ်ခုံလည်းပါလိုက်သေးတယ်..

အဲဒီ့နေ့က ငါးလွှာနဲ့ အောက်ထပ်ကို ဘယ်နှစ်ခေါက်လောက် ဆင်းလိုက်တက်လိုက် လုပ်လိုက်ရလဲတော့ မသိဘူး. ညကျတော့ ဦးစိုင်းဒဏ်ကြေလိမ်းဆေးနဲ့ ခြေသလုံးတွေကို အပေါ်အောက် စုန်ဆန်လိမ်းလိုက်ရပါတယ်… ကြွက်တွေတက်နေလို့လေ…

နေ့လယ်ခင်းတစ်ခုလုံးလည်း မနားရပါဘူး. အပေါ်ရောက်လာတဲ့ ပစ္စည်းတွေကို နေရာချရ၊ တိုက်ခန်းကို သန့်ရှင်းဆေးကြောရနဲ့ အလုပ်များနေခဲ့တာပါပဲ… ညနေခင်းကျတော့ ပစ္စည်းတွေ အကုန်မထုတ်ရသေးပေမယ့် ဗီရိုတွေ၊ သေတ္တာတွေ၊ ကုတင်တွေတော့ နေရာချပြီးသွားပါပြီ… ဘုရားစင်ကတော့ မရိုက်ရသေးလို့ ရှိုးကေ့စ်လေးပေါ်မှာပဲ ဘုရားကို တင်ထားလိုက်ရတယ်.

ဒီလိုနဲ့ ညနေချမ်းလေးမှာ ကျွန်တော် အရာရာအားလုံးကို ခေတ္တမေ့လျော့ထားလိုက်ပြီး ရေမိုးချိုး၊ ရှပ်အင်္ကျီလက်ရှည်လေးတစ်ထည်နဲ့ ချည်ပုဆိုး အသစ်ကလေးကို ၀တ်လို့ အစ်မကြီးရဲ့ ဆိတ်ငါးကောင် စက်ဘီးလေးနဲ့ မန္တလေးမြို့တော်ကြီး အကြောင်း စနည်းနာဖို့ ထွက်တော်မူခဲ့ပါတော့တယ်…



ပထမဦးဆုံး ကျွန်တော်သတိထားမှတ်ရတာတွေကတော့ လမ်းနံပါတ်တွေပေါ့. မန္တလေးမြို့ကြီးရဲ့ ထူးခြားချက်က မြို့တော်ကြီးကို လေးထောင့်ကွက်စိပ်ရိုက်ပြီး လမ်းတွေ ဖောက်ထားတာပါ. လမ်းတွေကလည်း မှတ်ရလွယ်ပါတယ်. အပေါ်ကို လမ်းနံပါတ်တွေတက်သွားရင် အောက်ဖက်ကို လမ်းနံပါတ်တွေ ကျသွားပါတယ်. ဥပမာ. ၂၉ လမ်း၊ ၂၈လမ်း ပြီးရင် ဆက်ရေတွက်စရာ မလိုတော့ပါဘူး. နောက်ထပ် ၃ ဘလောက်ဆိုရင် ၂၆ လမ်းဆိုတာ အလိုလိုသိပါတယ်. အဲလိုမျိုးပေါ့.

ဒါပေမယ့် ထူးခြားတာနောက်တစ်ခုက လမ်းနာမည်တွေထဲမှာ တစ်လမ်းတည်း ရှိပေမယ့် အေ ဘီ စီ ကွဲနေတာ တစ်ခုရှိပါတယ်. အဲဒါတွေကတော့ ၃၅ အေလမ်း၊ ၂၆ ဘီလမ်းနဲ့ ၂၂ စီလမ်းတို့ပဲ ဖြစ်ပါတယ်. ကျွန်တော်လည်း ရောက်ခါစဆိုတော့ ဘာမှန်းမသိသေးပေမယ့် ထူးခြားနေတာကိုတော့ မှတ်သားမိခဲ့တယ်.

နောက်ကျမှ လူကြီးတွေကို မေးကြည့်ပြီး ဇာတ်လမ်းစုံကို သိခဲ့ရပါတယ်. အင်္ဂလိပ်နယ်ချဲ့တွေ ရတနာပုံနေပြည်တော်ကို ၀င်သိမ်းတော့ စစ်ကြောင်းကြီး သုံးကြောင်းခွဲပြီး ချီတက်ခဲ့ပါတယ်. အဲဒီ့လမ်းကြောင်း သုံးခုကို အမှတ်အသားပြုတဲ့အနေနဲ့ လမ်းနာမည်တွေကို အဲလို အေ ဘီ စီ ခွဲပြီး မှည့်ခေါ်ခဲ့တာလို့ သိရပါတယ်.

အဲဒီ့လမ်းကြောင်း သုံးခုလုံးက ဟိုးအနောက်ဖက် ဧရာဝတီမြစ်ကမ်းဖက်ကို ဦးတည်သွားပါတယ်. အစည်ကားဆုံးကတော့ ၂၆ ဘီလမ်းဖြစ်ပါတယ်. ဘာလို့လဲဆိုတော့ သူက ဈေးချိုကို ဖြတ်သွားတဲ့အပြင် ဟိုး မန္တလေး ဂေါဝိန်ဆိပ်ထိတောက်လျှောက် လမ်းကြီးကို ဖြူးနေလို့ပါပဲ. နောက်ပိုင်းမှာ ကျွန်တော် ဂေါဝိန်ဆိပ်ဖက်သွားထိုင်ချင်ရင်လည်း အဲဒီ့ ၂၆ ဘီလမ်းအတိုင်း ဟိုးအောက်ကို စုန်ဆင်းပြီး စက်ဘီးနင်းသွားလိုက်တာပါပဲ. မှတ်မိနေတာ တစ်ခုက ဈေးချိုကျော်ပြီး အိမ်တော်ရာ ဘုရားရောက်တယ်. အဲဒီ့နောက်နည်းနည်းလေး ကျော်ရင် လမ်းမကြီးက ကုန်းဆင်းကြီး ဖြစ်သွားတယ်. အဲဒီ့နေရာမှာ ကျွန်တော် စက်ဘီးကို အသားကုန် အားထည့်နင်းပြီး မျှောချလိုက်သွားတယ်. ဟိုဖက်လည်း ရောက်ရော ကုန်းက တဖြည်းဖြည်းလေး ပြန်တက်လာတယ်. အဲဒီ့မှာ မနားဘဲ ရလာတဲ့ အရှိန်လေးနဲ့ ဆက်တိုက်နင်းတက်သွားလိုက်ရင် အဲဒီ့နေရာလေး ကျော်လိုက်တာနဲ့ ဂေါဝိန်ဆိပ်ကို ရောက်တာပါပဲ... မဟုတ်ရင်တော့ ကိုယ့်စက်ဘီး အရှိန်သေသွားရင် အဲဒီ့ကုန်းတက်မှာ လျှာထွက်အောင် နင်းရတတ်ပါတယ်..

၂၆ ဘီလမ်းကြီးက ဘယ်လောက်ထိ စည်ကားတတ်လဲဆိုရင် အထင်ကရကျတဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ ဘဏ်ကြီးတွေက အဲဒီ့လမ်းမကြီးပေါ် တောက်လျှောက်ရှိနေတတ်ပါတယ်. ဥပမာ. ဟောင်ကောင်စတိုး၊ ဆိုနီဆားဗစ်စင်တာ၊ ဂျူတီဖရီးရှော့ ကုန်တိုက် (ပျက်သွားပြီထင်ပါတယ်)၊ ဈေးချို၊ ရိုးမဘဏ်၊ အိမ်တော်ရာ ဘုရား စသည်ဖြင့်ပါ. အကုန်လုံးတော့လည်း ကျွန်တော်သိပ်မမှတ်မိတော့ဘူးဗျ. ကုန်ကုန်ပြောရရင်ဗျာ. ရတနာပုံ ထီရောင်းတဲ့ ပင်ရင်းအဆောက်အဦးတောင် အဲဒီ့လမ်းမတန်းကြီးဘေးမှာ ရှိတယ်.

ဈေးချိုကျော်သွားရင် ရထားသံလမ်းကြီးတစ်ခုကို ဖြတ်ရပါသေးတယ်. အရင်တုန်းကတည်းက ရှိခဲ့တာပါ. အခုထိလည်း ရှိဦးမယ်ထင်ပါတယ်. ရထားတော့ မသွားတော့ပါဘူး. ဒါပေမယ့် ရှေးခေတ်က တော်တော်ကို စည်ကားခဲ့မယ့် နေရာဆိုတာ မှန်းဆလို့ရပါတယ်.

ရောက်ရောက်ချင်းနေ့က ကျွန်တော် ၂၉ လမ်းကနေ တောက်လျှောက် ၂၆ ဘီလမ်းထိ စီးပါတယ်. ပြီးတော့ ၂၆ ဘီလမ်းကနေ တောက်လျှောက် နန်းရှေ့ထိကို စက်ဘီးနဲ့ ထပ်သွားပါတယ်. ပြည်ကြီးမွန်ဖောင်တော်ကြီးရှိတဲ့နေရာမှာ ခေတ္တနားပါတယ်. အဲဒီ့တုန်းကတော့ ဆီဒိုးနားဟိုတယ်ကြီး မဆောက်သေးဘူးဗျ. ၆၆ လမ်းပေါ့ဗျာ. အဲဒီ့လမ်းမကြီးက ဟိုး မန္တလေးတောင်ဖက်ကို တောက်လျှောက်ပေါက်သွားတယ်. ဓာတ်ပုံတွေထဲမှာ တွေ့ဖူးနေတဲ့ ပြည်ကြီးမွန်ဖောင်တော်နဲ့ မန္တလေးတောင်တော်ပုံကို အဲဒီ့ ၆၆ လမ်းနဲ့ ၂၆ ဘီလမ်းထောင့်က ရိုက်ထားကြတာပါ.



ဘာပြောကောင်းမလဲဗျာ… မန္တလေးကို ကျွန်တော် အရမ်းသဘောကျတယ်. ခုပြောနေရင်း ရေးနေရင်းနဲ့တောင် လူက မန္တလေးကို စိတ်ရောက်သွားတယ်. တကယ်..

ပြည်ကြီးမွန်ဖောင်တော်ကြီးနားမှာ ကျွန်တော် စက်ဘီးနင်းတာ ခေတ္တနားပါတယ်. ပြီးတော့ ပလက်ဖောင်းပေါ် စက်ဘီးဆွဲတင်လို့ အဲဒီ့နားမှာ ရှိနေတဲ့ ခုံတန်းလေးမှာ ၀င်ထိုင်လိုက်ပါတယ်. လှလိုက်တာ...

တည်ငြိမ်နေတဲ့ ကျုံးရေမျက်နှာပြင်ပေါ်မှာ ထပ်ဟပ်နေတဲ့ မန္တလေးတောင်တော်ကြီးရဲ့ အရိပ်၊ ရေမျက်နှာပြင် တစ်ချက်လှုပ်ခတ်သွားတိုင်း ရေထဲမှာ အောင်လံတလူလူလွှင့်ထူနေသလို ထပ်ဟပ်ရစေတဲ့ နန်းမြို့ရိုးနဲ့ ပြာသာဒ်တွေ၊ ဟိုဒီပြေးလွှား စစ်ကစားပြနေကြတဲ့ သူရဲခိုတွေ၊ ဣနြေ္ဒသိက္ခာအပြည့်နဲ့ ကျုံးရေပြင်ပေါ်မှာ ရပ်တည်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်၊ အားမာန်ဝင့်ကြွားနေတဲ့ နဂါးမင်း၊ သူ့နောက်က စူးရှတည်ငြိမ်တဲ့ မျက်ဝန်းတွေနဲ့ ရွှေရောင်အဆင်းရှိတဲ့ ဂဠုန်မင်းရဲ့ အသွင်သဏ္ဌာန်၊ တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့ ကျုံးဘေးနားက သစ်ပင်လေးတွေနဲ့ သစ်ရွက်လေးတွေကြားထဲကို ညင်သာညိမ့်ညောင်းစွာ တိုးဝင်လာနေတဲ့ ညနေခင်းလေပြည်လေးတွေ၊ ကြည်ညိုဖွယ်ရာကောင်းလိုက်တဲ့ မန္တလေးတောင်တော်ပေါ်က ထုံးဖြူဖြူဘုရားလေးတွေ...

အို...

လွမ်းမောဖွယ် ကောင်းလိုက်ပါဘိ...
နှစ်လိုဖွယ် ကောင်းလိုက်ပါဘိ..
မြတ်နိုးဖွယ် ကောင်းလိုက်ပါဘိ...

အဲဒီ့နေ့ ညနေက ဆယ်တန်းမှာ ဖတ်မှတ်ခဲ့ဖူးတဲ့ ဦးယာရဲ့ ကဗျာစာကြောင်းလေး ကျုံးရေပြင်ပေါ်မှာ ဖြတ်ပြေးသွားခဲ့တယ်...

"လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
စိတ်ဖြေလို့ မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင် ရှင်သိကြားတို့၊ မာန်ထားရင်းလေ...."

(တပေါင်းညှာကျင် အဲချင်း၊ ဦးယာ)

အဲဒီ့ကဗျာလေး ဖတ်ခါစတုန်းက ပိုလှချည့်၊ ဖွဲ့နွဲ့လွန်းလှချည့်လို့ ထင်မှတ်ခဲ့မိတယ်. ခုတော့လည်း ဩော်.... သိကြားမင်းတောင် စိတ်မထိန်းနိုင် ဖြစ်ခဲ့ရတဲ့ ရှုမျှော်ခင်းဆိုတာ ဒါမျိုးကို ဆိုလိုတာပါလားလို့ ကြက်သီးဖျန်းဖျန်းထအောင် နှစ်ခြိုက်မိခဲ့ပါတယ်.



အဲဒီ့ညက နေ၀င်သွားမှ ကျွန်တော် နန်းရှေ့ကနေ အိမ်ကို ပြန်လာခဲ့တယ်...

ခုနက ကျွန်တော့်ကို စိမ်းစိမ်းကြီး စိုက်ကြည့်နေခဲ့တဲ့ ၂၆ ဘီလမ်းကြီးနဲ့ နန်းမြို့ရိုးကြီးက ခုတော့လည်း ကျွန်တော့်ကို ရင်ဝယ်သားသို့ နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သနေလေရဲ့....

ကျုံးဘေးတလျှောက် စက်ဘီးလေးနင်းသွားလိုက်၊ ဟိုဒီငေးမောကြည့်လိုက်၊ ခြေနင်းခုံလေးပေါ်မှာ ခြေထောက်ကို အသာတင်ပြီး မျှောလိုက်သွားလိုက်၊ လက်နှစ်ဖက်ကို လွှတ်စီးလိုက်၊ လက်တန်းပေါ် မှောက်လျက်မေးတင်ပြီး ပျင်းတွဲ့စွာ နင်းသွားလိုက်နဲ့ နေ၀င်ဖြိုးဖျ ညနေခင်းလေးကို ကျွန်တော် အပြည့်အ၀ ခံစားမိန်းမောနေခဲ့မိပါတော့တယ်...



(ဆက်ပါဦးမည်...)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

မှတ်ချက်။ ။

Pic 1 ဦးပိန်တံတားပုံကို ဒီနေရာက ယူပါတယ်. မန္တလေးနန်းမြို့ပုံကိုတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တစ်ဦး ဖြစ်တဲ့ ညီငယ်လေး ဟယ်ရီအောင်ထံမှ အကူအညီတောင်းပြီး တင်ထားခြင်း ဖြစ်ပါတယ်. မန္တလေးတောင်တော်ပုံကိုတော့ ဒီနေရာက ယူထားတာပါ. ပြည်ကြီးမွန်ဖောင်တော်ပုံက ဒီနေရာမှာ တင်ထားတာ ဖြစ်ပါတယ်.

7 comments:

thandar kyaw said...

နားပါဦးလား ကိုယ့်ဆရာရယ် ရောက်တဲ့နေ့မှာပဲ လေ့လာရေးကစတော့တာပဲ.....ခက်တော့နေပါပြီ။

Rita said...

ကျွန်မက အညာသူ
ဒါပေမဲ့ ခဏခဏ (ခဏတဖြုတ်) ရောက်ဖူးလဲ မန္တလေးကို မသိဘူး။ ရန်ကုန်ကိုပဲ ပိုရင်းနှီးခဲ့တယ်။

မန္တလေးမှာ ရင်းရင်းနှီးနှီး သိတာ တခုတည်း။ ၂၆ ဘီလမ်းပေါ့။ အဲဒီိလမ်းပေါ်က CT-one ရယ် မျက်စောင်းထိုးလောက်က ရီမြင့် ရုပ်ရှင်ခြံရယ်။ ခုရှိသေးလားတော့ မသိတော့ပါဘူး။

အညာသူဖြစ်ပြီး မန္တလေးဟာ ကျွန်မအတွက်တော့ ဖြတ်သွားဖြတ်လာမြို့ပဲ ဖြစ်ခဲ့တာ ဆန်းတယ်။

Nilaynla said...

နင် အအိပ်ပျက်ခံပြီးရေးထားတဲ့ ပို့စ်ဆိုလို့ ပိုပြီးတန်ဖိုးရှိအောင် တကူးတကလာဖတ်သွားပါ
တယ်...စာနဲ့ပုံ ပနံကိုရလို့...
အသစ်ကိုကြိုဆိုတတ်သလို၊အဟောင်းကို
လျစ်လျူမရှုတတ်ဘဲ ၊တန်ဖိုးထားတတ်တဲ့ နင့်ကို မြန်မာပြည်ရဲ့တစ်နေရာမှာရှိတဲ့
မန္တလေးမြို့ကြီးက မျက်ရည်တွေဝဲလို့.....
သူ...ပြုံးပြနေရှာတယ်....ကြည့်လိုက်.....
(ခံစားတတ်သူတိုင်းအတွက် မန္တလေး)

MieMie said...

မန္တလေးလမ်းနာမည်တွေကို မှတ်သားသွားပါတယ်....
မန်းလေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ၀န်းကျင်က ရောက်ဖူးပြီး မှတ်မိတာဆိုလို့ မန်းလေးတောင်ရယ်
၂၆ ဘီလမ်းရယ် ခြင်တအားကိုက်တာတွေရယ်ပါ...
အခုတော့ ထပ်သွားချင်ပါတယ်...ရန်ကင်းတောင်ကို
သွားဖူးချင်လို့ပါ...

mie nge

Beauty Studio USA Branded Store said...

မန်းတောင်ရိပ်တော့ ခိုချင်ပါတယ်...ခိုချင်ပါတယ်.....။
ဒါပေမယ်ဗျာ မန်းခြင်ကိုတော့
လွှမ်းရင်တောင်မှ ထည့်မမက်တော့ပါဘူး..ဘူး။:P

ဂျာမုန်းဒန် said...

ဖတ်လို့ကောင်းတယ်။
ကိုယ်တိုင်ရောက်သွားသလိုခံစားမိတယ်။
မန်းတောင်ပေါ်ကမြင်လိုက်ရတဲ့ရှုခင်းတွေနော်။
သတိရလိုက်တာ။
ရေးသားဖော်ပြတာကျေးဇူးပါ
ခင်တဲ့
ဂျာမုန်း

မင်းကျန်စစ်။ said...

မန္တလေးလွမ်းချင်းတွေပေါ့လေး)
အေ ဘီ စီ ကွဲနေတာဘာကြောင့်ဆိုတာ ခုမှ သိလိုက်ရတယ်။
ကိုရန့်ဆီရောက်ရင် အသိတစ်ခုခုတော့ ရလိုက်ရတဲ့အတွက် ကျေးဇူးဗျာ။
TGRmg