Thursday, July 09, 2009

ဗေဒါခင်အသိ...



ဒီညနေခင်း ဘာရယ်မဟုတ်ဘူး. ကိုယ့်စာအုပ်စင်လေးပေါ်က သေသေချာချာ မဖတ်ဖြစ်သေးတဲ့ စာအုပ်လေးတစ်ချို့ကို ကောက်ဆွဲရင်း ကော်ဇောပေါ်မှာ ခေါင်းအုံးကိုချ၊ ရင်ဘတ်အောက်မှာ ခုအုံးလို့ ကဗျာသံစဉ်လေးတစ်ချို့ကို ခံစားဖြစ်တယ်. အဲဒီ့ထဲကမှ လှလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို အထပ်ထပ် ဖတ်မိရင်း ခံစားမိတဲ့ ရသလေးတွေကို မျှဝေချင်လာတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်လိုက်တယ်ဗျာ.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

"ဗေဒါခင်အသိ"
(နှာ-၁၉၇၊ ဇော်ဂျီကဗျာပေါင်းချုပ်)

ဒီကဗျာလေးကို စဖတ်မိလိုက်တော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုတွေထဲက တစ်ပုဒ်လို့ပဲ ပုံမှတ်ဖတ်လိုက်မိတယ်. ဒါပေမယ့် ဖတ်နေရင်းမှာပဲ ကျွန်တော်အသံထွက်ဖတ်ချင်စိတ်တွေ ပေါက်လာတယ်. အသံထွက်ဖတ်နေရင်းမှာကိုပဲ သာယာလှတဲ့ အ၀င်အထွက်၊ တက်သံကျသံ၊ နိမ့်သံမြင့်သံလေးတွေကို သတိထားမိလာတယ်. တစ်ပိုဒ်နဲ့တစ်ပိုဒ် လှလှပပလေး ချိတ်ဆက်ရေးသားသွားတဲ့ ကွင်းဆက်စကားလုံးလေးတွေကို မြင်လာမိတယ်. နောက်ဆုံး အဆုံးသတ်ခါနီးလေးမှာတော့ စာဖတ်သူကို စိတ်ဒုန်းဒုန်းမချခိုင်းဘဲ ဟိုးအစကနေ ပြန်ဖတ်ချင်အောင် အဓိပ္ပါယ်လေးကို တစ်ပတ်ပြန်လည်ခိုင်းထားလိုက်တယ်.

ပထမဆုံးပိုဒ်လေးကို စဖတ်ကြည့်ရအောင်...

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

တက်ပြန်ပေါ့ ဒီ တဲ့.... ဒီရေတွေ တက်လာတာကို ပြောတာပါပဲ. ဒါပေမယ့် ကာရန်ယူသွားတာလေးလှပါတယ်. ပထမအပိုဒ်က ဒီ ဆိုတဲ့ ကာရန်လေးနဲ့ ဒုတိယအပိုဒ်က ဟီ ဆိုတဲ့ ကာရန်လေးကို ရှေ့နောက်လှမ်းချိတ်ပြီး ဦးတိုက်စပ်နည်းလေးနဲ့ စပ်သွားတာ တော်တော်လေးကို သပ်ရပ်ပါတယ်. ဒါတင်မက ဒုတိယအပိုဒ်ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ ရိုင်း ဆိုတဲ့ လဟုကာရန်လေးက စာဖတ်သူကို တစ်စုံတစ်ရာဆက်လာဦးမယ်ဆိုတဲ့ ခံစားချက်လေး ပေးထားပါတယ်. ပြီးလည်းပြီးရော နောက်တစ်ပိုဒ်မှာ ၀ဲထလို့ဝိုင်း ဆိုပြီး ကာရန်အဆုံးသတ်လေးနဲ့အတူ စာဖတ်သူကို စိတ်ဒုန်းဒုန်း ချလိုက်စေပါတယ်... ပိုပြီးထူးခြားတာက သရုပ်ဖော် အရေးအသားပါပဲ... မျက်စိထဲမှာ ဒီရေတွေ တက်လာတာတောင် ရိုးရိုးတက်လာတာမဟုတ်ဘဲ ဝေ့ကာဝဲကာ ၀ိုင်းကာဝန်းကာနဲ့ ပင်လယ်ဝကနေ ခပ်ကြမ်းကြမ်း စီးဝင်တိုးတက်လာတာကို ပေါ်လွင်အောင် ရေးသားထားတာဖြစ်ပါတယ်.

အထူးသဖြင့် နှစ်သက်စရာကောင်းတာက 'ဟီ' ဆိုတဲ့ ကာရန်လေးပါပဲ. မျက်စိထဲမှာ တစ်စုံတစ်ရာ ဟိုယိမ်းထိုး ဒီယိမ်းထိုးနေတာကို မြင်ယောင်လာစေပြီး နားထဲမှာတော့ ခြောက်ခြားတုန်လှုပ်ဖွယ်ရာကောင်းတဲ့ တော်လဲသံလိုလို၊ ငလျင်လှုပ်သံလိုလို အသံတစ်ခုကို ကြားယောင်လာစေပါတယ်. ပိုပြီး ပေါ်လွင်သွားစေတာကတော့ ရေကို ရေရိုင်းလို့ နာမည်ပေးလိုက်တာပါပဲ. ဟိုဟိုဒီဒီ ကြမ်းကြမ်းတမ်းတမ်း ဝေ့၀ဲ စီးဆင်းနေတဲ့ ရေလှိုင်းတွေကို ကွင်းခနဲကွက်ခနဲ မြင်သွားစေတယ်ဗျ.

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။

အဲဒီ့အပိုဒ်လေးက အပေါ်က ဒီရေရိုင်းကို ဆက်ညွှန်းသွားပါတယ်. "ဒီတက်ချိန်နှိမ်မရ" ဆိုတဲ့အသုံးလေးက ဒီရေဟာ တက်ပြီဆိုရင် ဘာနဲ့မှကို တားဆီးလို့မရအောင် အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးတက်လာတာကို ပေါ်လွင်စေပါတယ်. ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တဲ့သဘောကို သိသာထင်ရှားအောင် သက်ရှိသတ္တ၀ါတွေ ဒေါသူပုန်ထတဲ့အခါ ရမ်းကားပြုမူတတ်ပုံနဲ့ ကိုယ်စားပြုပြီး "ဒေါထလို့သာ" ဆိုတဲ့ အသုံးလေးနဲ့ သုံးသွားလိုက်တော့ သက်မဲ့ကို သက်ရှိအလားတင်စားရေးသားနိုင်တဲ့ ဩဇဂုဏ် မြောက်သွားပါတယ်. ဖတ်ရင်းနဲ့ကို နှစ်ခြိုက်မိတဲ့ စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေပါတယ်.

ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။

ဒီရေဟာ နေရာအနှံ့ အားနဲ့မာန်နဲ့ အရှိန်နဲ့ အဟုန်နဲ့ ဘယ်အရာကိုမှ ငဲ့ညှာထောက်ထားခြင်းမရှိဘဲ တရှိန်ထိုး တိုးဝင်လာပြီး သူ့အားမာန်ကို ပြတယ်ဆိုတဲ့ သရုပ်ပြကွက်လေး မျက်စိထဲပေါ်လာစေပါတယ်. အဲဒီ့မှာ တစ်ခါ "ပြခဲ့သူ့အား" နဲ့ "သူ့အားကို ပြလိုက်ရုံ" ဆိုတဲ့ ပြန်ကောက်ပြီး ရေးသားထားပုံလေးက တစ်ပိုဒ်နဲ့တစ်ပိုဒ်ကို အဆက်အစပ်ဖြစ်စေပါတယ်. ပိုလှသွားတာကတော့ "လတာပြင်ရေ၀င်တိုး၊ ထိုးကြ ပလုံ" ဆိုတဲ့ အရေးအသားလေးပါပဲ... လတာပြင်ဆိုတဲ့ ရွှံ့နွံမြေပေါ်မှာ ချိုင့်ခွက်လေးတွေ ရှိနေတတ်ပါတယ်. အဲဒီ့ထဲကို ဒီရေက ၀င်တိုးတော့ ချိုင့်ခွက်လေးတွေ ပြည့်လာပုံ၊ ရေ၀င်သွားတဲ့အခါမှာ ထွက်ပေါ်လာတဲ့ "ပလုံ" ဆိုတဲ့ မြည်သံလေးကို ထည့်သွင်းရေးသားပုံလေးက မြည်သံစွဲအလင်္ကာမြောက်သလို ချစ်စရာ အရေးအသားလေးလည်း ဖြစ်လို့ သိင်္ဂါရ ရသ မြောက်တယ်လို့တောင် ပြောဆိုနိုင်ပါသေးတယ်.

စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

ပုစွန်ဆိတ်လေးတွေ အလန့်တကြားပြေးလွှားသွားပုံလေးတွေ၊ ပင်လယ်ကမ်းစပ်၊ ချောင်းကမ်းစပ်တွေမှာ တွေ့ရတတ်တဲ့ ၀င်ကစွပ်ကောင်လေးတွေ၊ ပုစွန်လုံးလေးတွေ ဟိုပြေးဒီပြေး ယောက်ယက်ခက်နေပုံလေးကို မြင်ယောင်စေလာပြီးခါမှ ကျူရိုးရှင်ကတော့ ချောင်းဝမှာဆွေးနေရှာတယ် ဆိုပြီး လှုပ်ရှားနေတဲ့ ဓာတ်သဘောကို တည်ငြိမ်တဲ့ ဓာတ်သဘောနဲ့ ပြန်ပိတ်ဖမ်းလိုက်ပါတယ်. အနုပညာသဘောအရ ပြောရရင်တော့ အလင်းအမှောင်သဘောတရား၊ Paradoxical Writings လို့ သမုတ်ရမလားပဲဗျ. အငြိမ်ဓာတ်နဲ့ အလှုပ်ဓာတ်နှစ်ခု အားပြိုင်နေသလို ခံစားမိလာရတယ်.

ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အပေါ်ပိုဒ်မှာ ရေးထားတဲ့ "ချောင်းဝမှာဆွေး" ဆိုတဲ့ အရေးအသားလေးကိုပဲ ပြန်ကောက်ပြီး "မဆွေးနဲ့ ကျူရိုးရှင်" လို့ နောက်တစ်ပိုဒ်မှာ ပြန်ဆက်စပ်လိုက်ပါတယ်. ပြီးတော့မှ ဒီရေတက်လို့ ဒီလိုကြမ်းတမ်းခက်ထရော်ထန်နေတာဟာ အမြဲမဟုတ်တဲ့အကြောင်း၊ အချိန်တန်ရင် ဒီချောင်းလေးဟာ အရင်လိုပဲ သာယာလှပနေမှာ ဖြစ်တဲ့အကြောင်း အားပေးနှစ်သိမ့်လိုက်ပါတယ်.

အဲဒီ့လို ချောင်းလေးရဲ့ မာယာကို ချောင်းလေးတစ်လျှောက်မှာ စုန်ချီဆန်လာ စီးမျောပါနေတဲ့ ဗေဒါပင်လေးတွေ အသိဆုံးပါဆိုပြီးတော့လည်း တိုင်တည်လိုက်ပါသေးတယ်. စိတ်ထဲမှာတော့ "သိုးကလေ" ဆိုပြီး နတ်မင်းကြီးကို တိုင်တည်ရေးစပ်ထားခဲ့တဲ့ ကဗျာလေးကို သွားသတိရမိလိုက်ပါသေးရဲ့.

ကြမ်းတမ်းခက်ထန်နေတဲ့ ပတ်ဝန်းကျင်ဟာ အချိန်တန်ရင် ပြန်လည်တည်ငြိမ်လှပနေမြဲ ဖြစ်မှာပါဆိုတဲ့သဘောတရားလေးက မုန်တိုင်းပြီးရင် လေပြည်လာတယ် ဆိုတဲ့သဘောလေးကို ဖော်ကျူးနေပါတယ်. ဒါ့အပြင် လောကဓံရဲ့ အနိမ့်အမြင့်၊ အတက်အကျသဘောလေးကိုလည်း လှစ်ဟဖော်ပြထားပါတယ်.

ဒါပေမယ့်လည်း ကျူရိုးရှင်ကို ကဗျာရှင်က ထပ်သတိပေးလိုက်ပါသေးတယ်. အဲဒီ့လို ပြန်လည်ငြိမ်သက်သွားမှာကလည်း နောက်တစ်ခေါက် ဒီရေမတက်ခင် အထိပဲတဲ့...

နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အဲဒီ့အပိုဒ်လေးလည်း ဖတ်ပြီးရော ဒီရေတွေ ပြန်တက်လာသလို ခံစားမိလိုက်ရပြီး စိတ်ကအလိုလိုပဲ ဟိုးရှေ့ဆုံးက စာပိုဒ်လေးဆီ ပြန်ရောက်သွားပါတယ်.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

အဲဒီ့မှာတင် ဒီကဗျာလေးဟာ ဖတ်လို့ကို မဆုံးနိုင်၊ ခံစားလို့ကို မ၀နိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်.

ကဗျာတစ်ပုဒ်ရဲ့ ကောင်းခြင်းရသကို အသံထွက်ဖတ်ကြည့်တဲ့အခါမှာ ပိုပြီး သိသာစေနိုင်တယ်ဆိုတဲ့ အချက်လေးကို ဟောဒီ့ "ဗေဒါခင်အသိ" ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးက သက်သေထူသွားခဲ့တယ်လို့ မှတ်ယူခံစားမိလိုက်ရပါတယ်ခင်ဗျာ....

Picture Source: Pic

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်



7 comments:

thandar kyaw said...

သေချာတာကတော့ ချောင်းစပ်ကိုရောက်သွားသလို ခံစားရပါတယ်....

Dream said...

ဒီတစ်ခါ ပို့စ်ကိုတော့ အကြိုက်ဆုံးပဲ............
ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ.....း)

မက်မက်ဆို အမေကြည်ကြည်ဌေးဆိုထားတဲ့
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကို တနေ့ကို အခေါက်ပေါင်း မရေတွက်နိုင်ဘူးနားထောင်တာ... ကြိုက်လို့လေ.....
မျက်ရည်တောင်ကျတယ်။း(

နားထောင်ပြီးလဲ ငိုရသေးတယ်...
အမေ့ကြည်ကြည်ဌေးအသံကလဲ စွဲဆောင်မှု အပြည့်ရှိတယ်လေ..ပင်ကိုယ်သံကို က အရမ်းကောင်းတော့ ငိုရတာလဲ ခဏခဏပဲ...


အခုလို ကဗျာကောင်းလေး တင်ပေးတာ ကျေးဇူးပဲ ဦးဦးရန်အောင်ရေ...ကူးသွားတယ်နော်...သိလား.
ပြီးတော့အဲဒီထဲက စာသားလေးတွေကို ကိုယ့်ကိုကိုယ် ပြန်အားတတ်စေတယ်.... ဆရာဇော်ဂျီကို အင်မတန် လေးစားတယ်...

Rita said...

မကြာမကြာ စာရေးပါလေ

ကျောပိုးအိတ် said...

ဆရာဇော်ဂျီကဗျာတွေ ကြိုက်လား။
ကျွန်မလဲ အရမ်းကြိုက်တယ်။

စာသားတော်တော်များများက ဘ၀နဲ့ ပတ်သက်လာတဲ့ ပညာပေးတွေများလို့ ။

Beauty Studio USA Branded Store said...

ဆရာကြီးဇော်ဂျီကဗျာတွေကိုကြိုက်တယ်။
တောင်းတယ်အစ်ကို။

maylay said...

ကိုရန်အောင်ရေ ကဗျာလာဖတ်သွားတယ်။ ဆရာဇော်ဂျီ ကဗျာတွေကို ကြိုက်တယ်။ မာန်ရှိလို့ ။

မင်းကျန်စစ်။ said...

ကဗျာကို စကားပြေလေးနဲ့ဆိုတော့ သိပ်ဖတ်လို့ ကောင်းတယ်ဗျာ။ ရှင်းသွားတာပဲ။
TGRmg