Wednesday, July 29, 2009

ဘ၀ရှပ်တိုက်သံများ....




လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….

အဲဒီ့နေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်…

(တာရာမင်းဝေ)


နားနှစ်ဖက်ထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဝင်လာသော ရထားသံများကို ကျော်လွန်နိုင်အောင် သူကြိုးစားပြီး သံလမ်းတစ်ဖက် ပလက်ဖောင်းပေါ်မှ လူတစ်ယောက်၏ ရှပ်တိုက်သွားနေသော ဖိနပ်သံကို နားစွင့်နေခဲ့လိုက်သည်. လွှမ်းမိုးနေသော အာရုံကို တော်လှန်လှုပ်ရှားရသည့် အဖြစ်မျိုးသည် သူ၏ စိတ်တန်ခိုးကို ထက်မြက်စူးရှစေသည်ဟု ယုံကြည်သည်။

ရည်စူးကိုင်းညွှတ်ထားသော ထိုအသံကို ကြားရသည်လည်း ရှိမည်၊ မကြားရသည်လည်း ရှိမည်. သို့သော် သေချာသည်ကတော့ သူသည် မလိုအပ်သောအရာများကို နားပိတ်ထားပြီး လိုအပ်သော အရာများအတွက်သာ နားဖွင့်ထားနိုင်ရန် လေ့ကျင့်နေခြင်းဖြစ်သည်….

ဂီးးးးးးးးးးးးးးးးးးး

ညဉ့်ငှက်တစ်ကောင်၏ စူးရှသော အသံတစ်ချက်က သူ့ကို ဆတ်ခနဲ တုန်လှုပ်သွားစေခဲ့သည်…

တစ်ချို့အသံများသည်ကား အာရုံစူးစိုက်မှု အထူးတလည် ပြုစရာမလိုပါဘဲ စိတ်သန္တာန်ကို လာရောက်ရိုက်ခတ်တတ်ကြသေးသည်ကိုလည်း သတိပြုမိလိုက်သည်. နှစ်သက်မိသည်လည်း ရှိမည်၊ မနှစ်သက်မိသည်လည်း ရှိမည်. သို့သော် မိမိ၏ စိတ်အစဉ်တွင်တော့ ခေတ္တ နေရာယူသွားခဲ့သည်မှာ သေချာသည်…

တစ်စုံတစ်ရာသည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီးမှ အဝေးသို့ ပြန်လည်လွင့်ပျောက်သွားခဲ့သည်… ပူဆွေးဝမ်းနည်းခြင်းများသည် မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို ပျော်ရွှင်ဝမ်းမြောက်ခြင်းများသည်လည်း မနှင်ပါဘဲနှင့် ထွက်ပြေးတတ်ကြသေးသည်.

မိမိကိုယ်တိုင်က ထိန်းသိမ်း စောင့်ရှောက်ပါလျက်နှင့် လွင့်ပြယ်ပျက်စီးရခြင်းမှာ ပျက်စီးချိန်တန်သောကြောင့်ပင် ဖြစ်မည်ဟု ရသေ့စိတ်ဖြေတွေး တွေးမိသည်… မထိန်းသိမ်းမစောင့်ရှောက်၍ ဆုံးရှုံးပျက်စီးရခြင်းထက် စာလျှင်ကား တော်သေး၏ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်မိပြန်သည်. မိမိကိုယ်တိုင်နှင့်မှ စစ်ပြေငြိမ်းခြင်း မရှိလျှင် အကြင်သူ၏ ဘ၀သည်ကား အမြဲတစေ ပူလောင်နွမ်းလျနေပေရော့မည်ဟု ဘာသာရေးအဆုံးအမ နောက်ခံဖြင့် ဥာဏ်မီသလောက် တွေးတောရင်း ခေါင်းတဆတ်ဆတ်ငြိမ့်နေမိပြန်သည်...

ငယ်စဉ်က ဖတ်ခဲ့ဖူးသော ဇာတက ၀တ္ထုလေးများထဲမှ သစ်ခုတ်သမား ရဟန်းတစ်ပါးအကြောင်းကို သတိရမိသည်.

သစ်ခုတ်သမားသည် လောကီအာရုံ ကာမဂုဏ်ကို ငြီးငွေ့သဖြင့် လျှော်တေသင်္ကန်းကို ဆင်မြန်းကာ တောထွက် ရဟန်းပြုလေသည်… လောကုတ္တရာကျင့်စဉ်ကို အထူးတလည် စူးစိုက်ကြိုးစားသော်လည်း အရာမထင်သဖြင့် လူထွက်ကာ သစ်ခုတ်သမား ပြန်လုပ်သည်.

ထို့နောက် ရဟန်းဝတ်ပြန်သည်. ထိုကဲ့သို့ ထွက်ချည်ဝင်ချည်ဖြင့် သံသရာလည်နေရာမှ တစ်ရက်တွင် သူ အသေအချာ ပြန်စဉ်းစားသည်…

သူသည် သစ်ခုတ်သမားဘ၀သို့ ပြန်၍ ဘ၀လည်နေရခြင်းမှာ သူ၏ ပုဆိန်ကို သံယောဇဉ်တွယ်နေသောကြောင့် ဖြစ်တတ်ရာ၏ဟု တွေးတောမိပြီး ထိုအခိုက်အတန့်တွင် ပုဆိန်ကို မြစ်ထဲသို့ လွှင့်ပစ်လိုက်လေသည်…

ထို့နောက်…

‘အောင်ပြီ…. အောင်ပြီ… အောင်ပြီ…’ ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်လေသည်…

ထိုအခြင်းအရာကို မြစ်တစ်ဖက်ကမ်းတွင် ရန်သူကို နှိမ်နင်းပြီး ပြန်လာသော ဘုရင်မင်းမြတ် ခေါင်းဆေးမင်္ဂလာပြုစဉ် ကြားသိလေသည်. သူ၏ အောင်မြင်ခြင်းအား ပြက်ရယ်ပြုသည်ဟု အထင်ရောက်ပြီး အနှီသစ်ခုတ်သမား ရဟန်းတော်အား အခေါ်လွှတ်လေသည်.

ထို့နောက် အဘယ့်ကြောင့် အောင်ပြီဟု ကြွေးကြော်လက်ခမောင်းခတ်ရသနည်းဟု မေးမြန်းလေသည်…

သစ်ခုတ်သမား ရဟန်းလည်း သူ၏ ပုဆိန်အပေါ် တွယ်တာနေသော သံယောဇဉ်ကို အပြီးတိုင် ဖြတ်နိုင်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းနိုင်တော့မည် ဖြစ်၍ မိမိကိုယ်ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် အောင်ပြီ… အောင်ပြီ ဟု ကြွေးကြော်ခြင်း ဖြစ်ကြောင်း လျှောက်တင်လေသည်…

ထို ၀တ္ထုလေး၏ အဆုံးသတ်တွင်ကား သူ၏ ဘ၀တစ်ခုလုံးကို လွှမ်းမိုးနေစေမည့် စကားလုံးလေးများကို ထိုးထွင်းထားခဲ့လေသည်…

“ရန်သူဗိုလ်ခြေတစ်ထောင်ကို စစ်အောင်နိုင်သည်ထက် မိမိကိုယ်ကို အောင်နိုင်ခြင်းက ပို၍ သာလွန်မွန်မြတ်လေသည်….”

သူသည် တောထွက်ရဟန်းပြုရလောက်အောင်လည်း ပါရမီကံ မရင့်သန်သေးပါ.

သို့သော် မိမိကိုယ်ကိုတော့ အောင်နိုင်ချင်ခဲ့သည်…

မိမိကိုယ်ကို လွှမ်းမိုးအုပ်စီးနိုင်သော ဘ၀စစ်သူကြီး အဖြစ်ကို တောင့်တမိသည်…

ဒီဘ၀ခရီးကို သူဒီတစ်ကြိမ်သာ ဖြတ်သန်းခွင့် ရသည်…

ထို့ကြောင့် မည်သူနှင့်မျှ မတူအောင်၊ ဒီဘ၀ကြီးထဲက တတ်နိုင်သလောက် အမြတ်ထွက်အောင် သူ ရယူသွားချင်သည်..

အတွေးအခေါ်ပိုင်းအရဖြစ်စေ၊ လောကီ လောကုတ္တရာပိုင်းအရဖြစ်စေ မည်သည့်အရာအတွက်မဆို သူ အမြတ်ထွက်ချင်သည်…

အချိန်မရွေး သူသေရဲသည်ဟု ကြွေးကြော်နိုင်လောက်အောင် သူတစ်စုံတစ်ရာအတွက် စိတ်ချချင်သည်. အထူးသဖြင့် သူ့ဘ၀အတွက် သူစိတ်ချချင်သည်…

ငြိမ်းချမ်းမှုကို ရှာဖွေရင်း ပူလောင်နေရသူ တစ်ယောက်လည်း သူမဖြစ်ချင်ခဲ့…

ဘ၀အမောတွေနှင့် ပူလောင်ရင်း ငြိမ်းချမ်းမှုနှင့် ဝေးကွာသွားရသူမျိုးအဖြစ်လည်း မဖြစ်ချင်ခဲ့…

သန္တိသီတာ…. စိတ်နှလုံး အေးမြကြည်လင်ခြင်း အဖြစ်သို့ ရောက်ရပါလို၏ဟု ဘုရားဝတ်ပြုပြီးတိုင်း သူ ဆုတောင်းမိသည်….

လူချမ်းသာ တစ်ယောက်မဖြစ်ချင်ပေမယ့် မတောင့်မတ မကြောင့်မကြတော့ နေနိုင်လောက်သည့် အဆင့်မျိုး သူဖြစ်ချင်သည်…

ရထားကြီးက ၀ုန်းဝုန်းဝုန်းဝုန်းနှင့် ပြေးဝင်လာပြန်သည်….

“မင်းရဲ့ပုဆိန်တွေက များလှချည်လား…”

ဆတ်ခနဲ သူလှည့်ကြည့်မိတော့ အသက်ကို ပင်ပင်ပန်းပန်းရှူရှိုက်နေပုံ ရသည့် ရထားခေါင်းတွဲကြီးက သူ့ကိုမေးနေခြင်း ဖြစ်သည်ဟု သိလိုက်ရသည်…

“ခင်ဗျားက သက်မဲ့ဖြစ်ပြီး စကားပြောတတ်သားနော်…”

ခေါင်းတွဲကြီးက အပြုံးတိုလေးတစ်ချက် ပြုံးပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောသည်…

“ဒီလောကကြီးထဲမှာ သက်မဲ့ဖြစ်ဖြစ် သက်ရှိဖြစ်ဖြစ် ကြည့်တတ်ရင် နားထောင်တတ်ရင် သူတို့တွေက မင်းကို မင်းသိချင်နေတဲ့ ဘ၀ကြီးအကြောင်း ပြောပြနေတတ်တယ်…”

“စိတ်ဝင်စားစရာပါပဲလားဗျ… ဘယ်လိုလုပ် သူတို့က ပြောတတ်တာလဲ. ဘယ်လိုမျိုးလဲ…”

ရထားကြီးက သက်ပြင်းရှည်တစ်ချက်ကို လေးတွဲ့စွာချလိုက်ရင်း ဆက်ပြောသည်….

“ဥပမာကွာ… ငါ့ကိုပဲ ကြည့်… ငါဟာ ရထားတွဲကြီးပဲ… ဒါပေမယ့် ငါဟာ ရထားတွဲတော့ မဟုတ်ခဲ့ဘူး…”

“ဗျာ…”

“အဟင်း… မင်းနားရှုပ်သွားတယ်ထင်တယ်ကွ… ငါဆိုလိုတာက ငါဟာ ရထားတွဲကြီးဖြစ်တာမှန်တယ်. ဒါပေမယ့် ငါဟာ စက်ပါတဲ့ ရထားတွဲ… တစ်နည်းအားဖြင့် ငါလိုရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ ရထားခေါင်းတွဲဖြစ်တယ်. သူများဆွဲတဲ့နောက်လိုက်တဲ့ ရထားတွဲမဟုတ်ခဲ့ဘူး… ကဲ… ဒီကနေ မင်း ဘာအတွေးအခေါ်တွေ ရလဲ ပြောကြည့်စမ်းကွာ..”

သူနေရာပြင်ထိုင်လိုက်သည်… ရထားခေါင်းတွဲကြီးဖက်သို့ စိုက်ကြည့်ရင်း စကားများပြောနေသောသူ့ကို ခရီးသည်တစ်ချို့က လှမ်းကြည့်သွားကြသည်. တစ်ချို့ကတော့ မကြားတကြား လှမ်းပြောသွားကြသည်. တစ်ချို့က စုတ်သပ်သွားကြသည်… တစ်ချို့ကတော့ ပြက်ရယ်ပြုသွားကြသည်…

“ကျွန်တော် နားလည်သလောက် ပြောရရင်တော့ ဒီလောကကြီးထဲမှာ လူတွေ အများကြီး ရှိပေမယ့် လူတိုင်း လူမဟုတ်ကြဘူး… တစ်ချို့က အညွန့်တလူလူလွှင့်ထူနေတဲ့ လူပီသတဲ့လူ၊ မိမိဦးတည်ရာ၊ ရည်ရွယ်ရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ လူစွမ်းလူစရှိတဲ့ တက်လူ၊ တစ်ချို့ကတော့ ဘ၀ကြီးက ဆွဲခေါ်သွားရာကို ဦးတည်ရာမဲ့၊ ရည်ရွယ်ချက်မဲ့ မျောပါလိုက်သွားကြတဲ့ နောက်ဆွဲ သို့မဟုတ် ကျလူ… အဲလို ကျွန်တော်နားလည်တယ်…”

ရထားခေါင်းတွဲကြီးက အားပါပါ တစ်ချက်ပြုံးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ရင်း ပြန်ပြောသည်…

“မင်းမှာ အတွေးအခေါ် မဆင်းရဲပါဘူး… ဆက်ကြိုးစားပါ. ငါဆိုလိုချင်တာက အဲဒါပဲ. မင်း နားစွင့်တတ်ရင် ကြည့်တတ်မယ်ဆိုရင် သက်မဲ့ဖြစ်စေ သက်ရှိဖြစ်စေ ပတ်ဝန်းကျင်မှာ ရှိရှိသမျှဟာ မင်းသိချင်နေတဲ့ ဘ၀တစ်ခုရဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းဖော်ပြနေတတ်ကြတယ် ဆိုတာပါပဲ…”

“ကျွန်တော် နည်းနည်း သဘောပေါက်သွားပြီဗျာ.. ကျေးဇူးအရမ်းတင်တယ်. အခုလိုမျိုး ကျွန်တော့်ရဲ့ အသိဥာဏ်တံခါးကို ဖွင့်လှစ်ပေးလိုက်လို့ပေါ့…”

“တင်း….တောင်….”

ရထားတွဲများမှ တံခါးပိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်… သူ၏ သံဘီးများကို သံလမ်းများဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်လိုက်ပြီး ရထားတွဲကြီးက ဆက်ပြောသည်…

“တစ်ချို့အသံတွေက မင်းကို ထွက်ခွာရတော့မယ့် အချိန်တစ်ခုကို သတိပေးဖော်ပြနေတတ်တယ်. အဲဒီ့အချိန်မှာ မင်း အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မင်းဟာ ထွက်ခွာရမှာ ဖြစ်တယ်. ဒီ့အတွက် ကြိုတင်ပြင်ဆင် နားစွင့်ထားသင့်တာလည်း ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပဲကွ… ငါမင်းကို ပြောစရာတွေ ကျန်သေးတယ်. ဒါပေမယ့် ငါ အခုသွားရတော့မယ်… နှုတ်ဆက်တယ်ကွာ… မင်းသိချင်တာတွေ သိခွင့် ရပါစေ…”

သူဝမ်းနည်းသည်… သို့သော် သူကျေနပ်သည်…

သံလမ်းပေါ်တွင် အရှိန်ယူနေသော ရထားကြီးက ဘီးတစ်လှိမ့်နှစ်လှိမ့်ခန့် လှိမ့်ပြီးနောက် သူကြားအောင် အသံမြှင့်လျက် အော်ပြောနေပြန်သည်…

“ငါ့မှာ စက်ပါတယ်ဆိုပေမယ့် ငါဟာ ချမှတ်ထားတဲ့ သံလမ်းပေါ်က လွဲလို့ သွားလာခွင့် မရှိတာကိုလည်း မင်းတွေးခေါ်အဖြေထုတ်သင့်တယ်… ပြီးတော့ မင်းမှာ ပုဆိန်တွေ အများကြီး မဆောင်ထားဖို့လည်း ငါအကြံပေးချင်တယ်… မဟုတ်ရင် မင်းလွှင့်ပစ်ဖို့ခက်ခဲတာတွေ များနေမှာစိုးလို့….”

တ၀ုန်းဝုန်းဖြင့် သံလမ်းကြီးပေါ် အလျားလိုက်ပြေးလွှားသွားသော ရထားကြီးကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်ကို သတိရမိလိုက်ပြန်သည်….

ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ…
ကျောက်စရစ်ခဲလေးက ပြောတယ် ဖေဖေ…
မြေပြင်က ဘာမှ မပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့….

(တာရာမင်းဝေ)

လမ်းတစ်ဖက်မှ ဖိနပ်ရှပ်တိုက်သံများ ရုတ်ခြည်း ကျယ်လောင်လာသလို သူခံစားလိုက်ရသည်…

သူ့ရင်ဘတ်ထဲမှ ပုဆိန်တစ်ချို့ ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့ကြသည်…

သူသည် စက်ပါသည့် ရထားခေါင်းတွဲကြီး ဖြစ်သည်ဆိုလျှင်တောင် ပြေးစရာ သံလမ်းကိုတော့ လိုအပ်နေဆဲ ဖြစ်မည်မှာ သေချာသည်…

တစ်ချိန်ချိန်တွင်တော့ ထိုသံလမ်းကိုယ်တိုင်သည်ပင်လျှင် သူလွှင့်ပစ်ရမည့် ပုဆိန်တစ်လက် ဖြစ်ကောင်းဖြစ်လာနိုင်သည်…

အားရပါးရ သူတစ်ချက်ပြုံးလိုက်ပြီး သံလမ်းပေါ်တွင် ပြုတ်ကျနေသော ပုဆိန်များထဲမှ အကောင်းဆုံးတစ်လက်ကို သူပြန်ကောက်ယူလိုက်သည်….

သူ့ရင်ဘတ်ထဲသို့ နေသားတကျဖြစ်အောင် ပြန်ထိုးထည့်လိုက်ပြီး တစ်ဖက်လမ်းမှ ဖိနပ်ရှပ်တိုက်သံများကို တမင်မေ့ပစ်လိုက်သည်… သို့မဟုတ် သူ့အကြားအာရုံကို ထိန်းချုပ်လိုက်သည်.

ဘူတာရုံမှ ထွက်ခွာလာသော သူ့နောက်တွင် လိုက်ပါလာသည့် ဖိနပ်ရှပ်တိုက်သံများသည် သူ့ထံမှ ဖြစ်နိုင်သလို ဘ၀တစ်ခု၏ ရှပ်တိုက်သံများလည်း ဖြစ်နေနိုင်လေသည်…

လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….



(ရေခဲငှက်)

ကျောက်စရစ်ခဲလေးတွေပုံကို ဒီနေရာက ယူထားတာ ဖြစ်ပါတယ်.

Monday, July 27, 2009

ရှယ်လီနှင့် ရင်ခုန်ခဲ့သော တစ်ညတာ...

ဒီညတော့ တော်တော်နဲ့ အိပ်မပျော်တာနဲ့ စာအုပ်စင်ပေါ်က စာအုပ်လေးတစ်အုပ်ကို random လှမ်းဆွဲပြီး ရောက်ချင်တဲ့ စာမျက်နှာ ရောက်ဆိုပြီး လှန်လှောဖတ်မိရာက လှပတဲ့ ကဗျာလေးတစ်ပုဒ် ကျွန်တော် ဖတ်ဖြစ်ခဲ့တယ်. ရေးတဲ့သူကတော့ Shelley (4 August 1792 – 8 July 1822) ပါ. ရေးတဲ့သူရဲ့ နာမည်အပြည့်အစုံကတော့ Percy Bysshe Shelly ဖြစ်ပါတယ်. အထူးသဖြင့် Shelley ဟာ romantic poems တွေ ရေးတဲ့နေရာမှာ သိပ်ကို ပြောင်မြောက်ပါတယ်. တစ်ခြား သူရေးခဲ့တဲ့ နာမည်ကျော် ကဗျာတွေကတော့ Ozymandias, Ode to the West Wind, To a Skylark, and The Masque of Anarchy စတာတို့ပဲ ဖြစ်ပါတယ်.

သူရေးခဲ့တဲ့ ကဗျာတွေ၊ စာတွေကို ကမ္ဘာကျော် စာရေးဆရာ၊ တွေးခေါ်ပညာရှင်ကြီးများ ဖြစ်ကြတဲ့ ကားလ်မတ်စ်၊ ဘာထရမ်ရတ်ဆဲလ်၊ ဂျော့ဘားနတ်ရှော စသူတို့ကတောင် နှစ်သက်လေးစားခဲ့ရပါတယ်. မဟတ္တမ ဂန္နှီဆိုရင် Shelley ရေးခဲ့တဲ့ Mask of Anarchy ကဗျာကို ဆန္ဒပြချီတက်ပွဲတွေမှာ ရွတ်ဆိုခဲ့တယ်လို့တောင် အထောက်အထားများအရသိရပါတယ်.

Shelley ရဲ့ လက်ရာပြောင်မြောက်လှတဲ့ ကဗျာလေးတွေကို အလျဉ်းသင့်သလို တင်ပြပေးသွားပါဦးမယ်. ခုတော့ သူ့ကဗျာလေးတွေထဲက ကျွန်တော့်စိတ်နှလုံးကို ထိရှစေခဲ့တဲ့ အချစ်ကဗျာလေးတစ်ပုဒ်ကို စာဖတ်သူတွေနဲ့အတူတူ ဖတ်ရှုခံစားကြည့်ချင်ပါတယ်....


Love's Philosophy

The fountains mingle with the river
And the rivers with the Ocean,
The winds of Heaven mix for ever
With a sweet emotion;
Nothing in the world is single;
All things by a law divine
In one spirit meet and mingle.
Why not I with thine? -



See the mountains kiss high Heaven
And the waves clasp one another;
No sister-flower would be forgiven
If it disdained its brother;
And the sunlight clasps the earth
And the moonbeams kiss the sea;
What is all this sweet work worth
If thou kiss not me?

(Shelley)





အားလုံးပဲ ကောင်းသောနေ့ ကောင်းသောညလေးများ ပိုင်ဆိုင်နိုင်ကြပါစေဗျာ...

ခင်မင်လေးစားလျက်

ရန်အောင်

ရေလှိုင်းပုံလေးကို ဒီက ယူပါတယ်.

Monday, July 20, 2009

စက်ဘီးစီးခြင်း အက်ဆေး (၄)



မိတ္ထီလာကနေ လမ်းမှာ နားလိုက် မောင်းလိုက်နဲ့ ကျွန်တော်တို့ စီးလာတဲ့ ကုန်ကားကြီး မန္တလေးမြို့ကို ၀င်တော့ မနက်ခင်း ဝေလီဝေလင်း အချိန်ဖြစ်နေပါပြီ။ နယ်မြို့လေးတစ်မြို့ကနေ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ကြီးကို ပြောင်းလာခဲ့ရတော့ ကျွန်တော် စိတ်လှုပ်ရှားနေမိခဲ့တယ်။ ဒီ့ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ မန္တလေးမြို့ကို စက်ဘီးမြို့တော်လို့ ခေါ်တာကို ငယ်ငယ်လေးကတည်းက ကြားဖူးနေခဲ့တာ အခုတော့ မျက်ဝါးထင်ထင်တွေ့ရတော့မယ် ဆိုတဲ့ စိတ်ကူးလေးတွေလည်း ပါတာပေါ့…

မန္တလေးကို ရောက်ဖူးခဲ့ပါတယ်. ဟိုးငယ်ငယ်လေးတုန်းက အဖေတို့ အမေတို့နဲ့အတူတူ လျှောက်လည်ကြတာ. မန္တလေးတောင်အောက်က ခြင်္သေ့ကြီးနှစ်ကောင်နားမှာ ဓာတ်ပုံရိုက်ကြတာ၊ မန္တလေးတောင်ပေါ်က မြွှေကြီးနှစ်ကောင်နားမှာ ပိုက်ဆံအကြွေစေ့လေးတွေ လှမ်းပစ်ထည့်တာ၊ ဓာတ်ပုံရိုက်တာ၊ နန်းမြို့ရိုးကြီးနဲ့ ကျုံးကြီး၊ ကျောက်တော်ကြီးဘုရား၊ ဘုရားကြီး၊ အိမ်တော်ရာ၊ စတဲ့ ပုံရိပ်တွေက ရေးတေးတေးလေးဖြစ်နေပေမယ့် ကျွန်တော့်စိတ်ကူးတွေကို လွှမ်းမိုးဖမ်းစားနေဆဲပါ…

ခုတော့ လူပျိုပေါက်အရွယ်မှာ ငယ်ငယ်တုန်းက ရောက်ခဲ့ဖူးတဲ့ မန္တလေးမြို့ကြီးပေါ်ကို ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့တယ်. ဒီ့ထက်ပိုပြီး ၀မ်းသာစရာကောင်းတာက ကျွန်တော့်မှာ စက်ဘီးနှစ်စီးရှိသလို စက်ဘီးကိုလည်း ကောင်းကောင်းစီးနိုင်နေခဲ့တာပါပဲ… သူများတွေ ဆိုင်ကယ်စီးနေတာကို အားတော့အားကျမိပါတယ်. ဒါပေမယ့် ကျွန်တော့်မှာရှိတဲ့ စက်ဘီးလေးတွေနဲ့ပဲ ကျွန်တော်မန္တလေးမြို့ကြီးပေါ်မှာ ပျော်ရွှင်စွာ ဖြတ်သန်း ရင်ခုန်ခဲ့တယ်.

အဲဒီ့နေ့က မနက်စာကို မန်းမြို့တော်ပေါက်စီနဲ့ လက်ဖက်ရည်နဲ့ သောက်ခဲ့မိတယ်လို့ ကျွန်တော်ထင်တယ်. သိပ်ကို အရသာရှိလှတဲ့ မနက်စာပါပဲ... အဲ… စားလည်းပြီးရော အလုပ်လည်းစရတော့တာပါပဲလေ…

ကားကြီးပေါ်ကနေ ပစ္စည်းတွေကို ကူချ၊ အိမ်ပေါ်ကိုတင်…. တိုက်ကလည်း သိပ်မမြင့်လှပါဘူး အပေါ်ဆုံးထပ်မှာ နေရာရတယ်. ၅ လွှာတဲ့… တင်ပေးဦးတော့… တက်ပေဦးရော့.. ကန်ထရိုက်တိုက်တွေရဲ့ လှေကားတွေကလည်း သိတဲ့အတိုင်းပဲ. အဖြစ်လောက်ဆောက်ပေးထားတာ. ပရိဘောဂတွေ သယ်ပြုဖို့ နေရာက မကျယ်လှဘူးလေ.. အဖေ့လက်ထက်ကတည်းက စုဆောင်းထားခဲ့တဲ့ ဗီရိုကြီးတွေ၊ ရှိုးကေ့စ်ကြီးတွေ၊ ကုတင်တွေ၊ စားပွဲကုလားထိုင်တွေကို အိမ်ရှေ့ကနေပဲ သယ်ယူရပါတယ်.

ဘယ်လိုသယ်လဲ ဟုတ်လား..

ကြိုးနဲ့သယ်ပါတယ်.

ဗီရိုကြီးတွေကို ကြိုးကြီးတွေနဲ့ ချည်ပြီးတော့ အပေါ်ကနေ အားကောင်းမောင်းသန် လူသုံးလေးယောက်က ဆွဲ… တင်နေတုန်းမှာ အောက်ထပ်က မှန်တွေနဲ့ မရိုက်မိအောင် အလွှာတိုင်းမှာ မီးသတ်ရဲဘော်တွေက လှမ်းထိမ်းပေး၊ အပေါ်ကဆွဲ၊ အောက်ကနေထိန်းနဲ့ ပရိဘောဂပစ္စည်းတွေကို သယ်နေတဲ့ ကျွန်တော်တို့ကို လမ်းသွားလမ်းလာ မန်းသူမန်းသားတွေကတော့ ထင်ရော့မယ်…

မီးသတ်စွမ်းရည်ပြနေတာလားလို့လေ… ဟတ်ဟတ်…

အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်အဲဒီ့တုန်းက နည်းနည်းရှက်နေခဲ့တယ်… ဟုတ်တယ်လေ..ဟောင်းနွမ်းရင့်ရော်နေတဲ့ ပရိဘောဂ ပစ္စည်းကြီးတွေကို ရှေ့ကနေသယ်ရတာ. ပြီးတော့ လူမြင်ကွင်းကြီးထဲမှာ အပေါ်ကို လွှားခနဲလွှားခနဲ ပါသွားတဲ့ ဗီရိုကြီးတွေ၊ ကုလားထိုင်ကြီးတွေ… မြင်ယောင်ကြည့်လိုက်ပါ….

ဒါပေမယ့် ကြာကြာလည်း မရှက်အားပါဘူးလေ. လှေကားအတိုင်းသယ်ရမယ့် ပစ္စည်းတွေကိုလည်း အမောတကော သယ်ရတင်ရသေးတယ်… သေတ္တာတွေ၊ တိုလီမုတ်စ ဗြုတ်စဗြင်းတောင်းတွေ၊ စာအုပ်တွေ အပြင် ဇယ်ခုံလည်းပါလိုက်သေးတယ်..

အဲဒီ့နေ့က ငါးလွှာနဲ့ အောက်ထပ်ကို ဘယ်နှစ်ခေါက်လောက် ဆင်းလိုက်တက်လိုက် လုပ်လိုက်ရလဲတော့ မသိဘူး. ညကျတော့ ဦးစိုင်းဒဏ်ကြေလိမ်းဆေးနဲ့ ခြေသလုံးတွေကို အပေါ်အောက် စုန်ဆန်လိမ်းလိုက်ရပါတယ်… ကြွက်တွေတက်နေလို့လေ…

နေ့လယ်ခင်းတစ်ခုလုံးလည်း မနားရပါဘူး. အပေါ်ရောက်လာတဲ့ ပစ္စည်းတွေကို နေရာချရ၊ တိုက်ခန်းကို သန့်ရှင်းဆေးကြောရနဲ့ အလုပ်များနေခဲ့တာပါပဲ… ညနေခင်းကျတော့ ပစ္စည်းတွေ အကုန်မထုတ်ရသေးပေမယ့် ဗီရိုတွေ၊ သေတ္တာတွေ၊ ကုတင်တွေတော့ နေရာချပြီးသွားပါပြီ… ဘုရားစင်ကတော့ မရိုက်ရသေးလို့ ရှိုးကေ့စ်လေးပေါ်မှာပဲ ဘုရားကို တင်ထားလိုက်ရတယ်.

ဒီလိုနဲ့ ညနေချမ်းလေးမှာ ကျွန်တော် အရာရာအားလုံးကို ခေတ္တမေ့လျော့ထားလိုက်ပြီး ရေမိုးချိုး၊ ရှပ်အင်္ကျီလက်ရှည်လေးတစ်ထည်နဲ့ ချည်ပုဆိုး အသစ်ကလေးကို ၀တ်လို့ အစ်မကြီးရဲ့ ဆိတ်ငါးကောင် စက်ဘီးလေးနဲ့ မန္တလေးမြို့တော်ကြီး အကြောင်း စနည်းနာဖို့ ထွက်တော်မူခဲ့ပါတော့တယ်…



ပထမဦးဆုံး ကျွန်တော်သတိထားမှတ်ရတာတွေကတော့ လမ်းနံပါတ်တွေပေါ့. မန္တလေးမြို့ကြီးရဲ့ ထူးခြားချက်က မြို့တော်ကြီးကို လေးထောင့်ကွက်စိပ်ရိုက်ပြီး လမ်းတွေ ဖောက်ထားတာပါ. လမ်းတွေကလည်း မှတ်ရလွယ်ပါတယ်. အပေါ်ကို လမ်းနံပါတ်တွေတက်သွားရင် အောက်ဖက်ကို လမ်းနံပါတ်တွေ ကျသွားပါတယ်. ဥပမာ. ၂၉ လမ်း၊ ၂၈လမ်း ပြီးရင် ဆက်ရေတွက်စရာ မလိုတော့ပါဘူး. နောက်ထပ် ၃ ဘလောက်ဆိုရင် ၂၆ လမ်းဆိုတာ အလိုလိုသိပါတယ်. အဲလိုမျိုးပေါ့.

ဒါပေမယ့် ထူးခြားတာနောက်တစ်ခုက လမ်းနာမည်တွေထဲမှာ တစ်လမ်းတည်း ရှိပေမယ့် အေ ဘီ စီ ကွဲနေတာ တစ်ခုရှိပါတယ်. အဲဒါတွေကတော့ ၃၅ အေလမ်း၊ ၂၆ ဘီလမ်းနဲ့ ၂၂ စီလမ်းတို့ပဲ ဖြစ်ပါတယ်. ကျွန်တော်လည်း ရောက်ခါစဆိုတော့ ဘာမှန်းမသိသေးပေမယ့် ထူးခြားနေတာကိုတော့ မှတ်သားမိခဲ့တယ်.

နောက်ကျမှ လူကြီးတွေကို မေးကြည့်ပြီး ဇာတ်လမ်းစုံကို သိခဲ့ရပါတယ်. အင်္ဂလိပ်နယ်ချဲ့တွေ ရတနာပုံနေပြည်တော်ကို ၀င်သိမ်းတော့ စစ်ကြောင်းကြီး သုံးကြောင်းခွဲပြီး ချီတက်ခဲ့ပါတယ်. အဲဒီ့လမ်းကြောင်း သုံးခုကို အမှတ်အသားပြုတဲ့အနေနဲ့ လမ်းနာမည်တွေကို အဲလို အေ ဘီ စီ ခွဲပြီး မှည့်ခေါ်ခဲ့တာလို့ သိရပါတယ်.

အဲဒီ့လမ်းကြောင်း သုံးခုလုံးက ဟိုးအနောက်ဖက် ဧရာဝတီမြစ်ကမ်းဖက်ကို ဦးတည်သွားပါတယ်. အစည်ကားဆုံးကတော့ ၂၆ ဘီလမ်းဖြစ်ပါတယ်. ဘာလို့လဲဆိုတော့ သူက ဈေးချိုကို ဖြတ်သွားတဲ့အပြင် ဟိုး မန္တလေး ဂေါဝိန်ဆိပ်ထိတောက်လျှောက် လမ်းကြီးကို ဖြူးနေလို့ပါပဲ. နောက်ပိုင်းမှာ ကျွန်တော် ဂေါဝိန်ဆိပ်ဖက်သွားထိုင်ချင်ရင်လည်း အဲဒီ့ ၂၆ ဘီလမ်းအတိုင်း ဟိုးအောက်ကို စုန်ဆင်းပြီး စက်ဘီးနင်းသွားလိုက်တာပါပဲ. မှတ်မိနေတာ တစ်ခုက ဈေးချိုကျော်ပြီး အိမ်တော်ရာ ဘုရားရောက်တယ်. အဲဒီ့နောက်နည်းနည်းလေး ကျော်ရင် လမ်းမကြီးက ကုန်းဆင်းကြီး ဖြစ်သွားတယ်. အဲဒီ့နေရာမှာ ကျွန်တော် စက်ဘီးကို အသားကုန် အားထည့်နင်းပြီး မျှောချလိုက်သွားတယ်. ဟိုဖက်လည်း ရောက်ရော ကုန်းက တဖြည်းဖြည်းလေး ပြန်တက်လာတယ်. အဲဒီ့မှာ မနားဘဲ ရလာတဲ့ အရှိန်လေးနဲ့ ဆက်တိုက်နင်းတက်သွားလိုက်ရင် အဲဒီ့နေရာလေး ကျော်လိုက်တာနဲ့ ဂေါဝိန်ဆိပ်ကို ရောက်တာပါပဲ... မဟုတ်ရင်တော့ ကိုယ့်စက်ဘီး အရှိန်သေသွားရင် အဲဒီ့ကုန်းတက်မှာ လျှာထွက်အောင် နင်းရတတ်ပါတယ်..

၂၆ ဘီလမ်းကြီးက ဘယ်လောက်ထိ စည်ကားတတ်လဲဆိုရင် အထင်ကရကျတဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ ဘဏ်ကြီးတွေက အဲဒီ့လမ်းမကြီးပေါ် တောက်လျှောက်ရှိနေတတ်ပါတယ်. ဥပမာ. ဟောင်ကောင်စတိုး၊ ဆိုနီဆားဗစ်စင်တာ၊ ဂျူတီဖရီးရှော့ ကုန်တိုက် (ပျက်သွားပြီထင်ပါတယ်)၊ ဈေးချို၊ ရိုးမဘဏ်၊ အိမ်တော်ရာ ဘုရား စသည်ဖြင့်ပါ. အကုန်လုံးတော့လည်း ကျွန်တော်သိပ်မမှတ်မိတော့ဘူးဗျ. ကုန်ကုန်ပြောရရင်ဗျာ. ရတနာပုံ ထီရောင်းတဲ့ ပင်ရင်းအဆောက်အဦးတောင် အဲဒီ့လမ်းမတန်းကြီးဘေးမှာ ရှိတယ်.

ဈေးချိုကျော်သွားရင် ရထားသံလမ်းကြီးတစ်ခုကို ဖြတ်ရပါသေးတယ်. အရင်တုန်းကတည်းက ရှိခဲ့တာပါ. အခုထိလည်း ရှိဦးမယ်ထင်ပါတယ်. ရထားတော့ မသွားတော့ပါဘူး. ဒါပေမယ့် ရှေးခေတ်က တော်တော်ကို စည်ကားခဲ့မယ့် နေရာဆိုတာ မှန်းဆလို့ရပါတယ်.

ရောက်ရောက်ချင်းနေ့က ကျွန်တော် ၂၉ လမ်းကနေ တောက်လျှောက် ၂၆ ဘီလမ်းထိ စီးပါတယ်. ပြီးတော့ ၂၆ ဘီလမ်းကနေ တောက်လျှောက် နန်းရှေ့ထိကို စက်ဘီးနဲ့ ထပ်သွားပါတယ်. ပြည်ကြီးမွန်ဖောင်တော်ကြီးရှိတဲ့နေရာမှာ ခေတ္တနားပါတယ်. အဲဒီ့တုန်းကတော့ ဆီဒိုးနားဟိုတယ်ကြီး မဆောက်သေးဘူးဗျ. ၆၆ လမ်းပေါ့ဗျာ. အဲဒီ့လမ်းမကြီးက ဟိုး မန္တလေးတောင်ဖက်ကို တောက်လျှောက်ပေါက်သွားတယ်. ဓာတ်ပုံတွေထဲမှာ တွေ့ဖူးနေတဲ့ ပြည်ကြီးမွန်ဖောင်တော်နဲ့ မန္တလေးတောင်တော်ပုံကို အဲဒီ့ ၆၆ လမ်းနဲ့ ၂၆ ဘီလမ်းထောင့်က ရိုက်ထားကြတာပါ.



ဘာပြောကောင်းမလဲဗျာ… မန္တလေးကို ကျွန်တော် အရမ်းသဘောကျတယ်. ခုပြောနေရင်း ရေးနေရင်းနဲ့တောင် လူက မန္တလေးကို စိတ်ရောက်သွားတယ်. တကယ်..

ပြည်ကြီးမွန်ဖောင်တော်ကြီးနားမှာ ကျွန်တော် စက်ဘီးနင်းတာ ခေတ္တနားပါတယ်. ပြီးတော့ ပလက်ဖောင်းပေါ် စက်ဘီးဆွဲတင်လို့ အဲဒီ့နားမှာ ရှိနေတဲ့ ခုံတန်းလေးမှာ ၀င်ထိုင်လိုက်ပါတယ်. လှလိုက်တာ...

တည်ငြိမ်နေတဲ့ ကျုံးရေမျက်နှာပြင်ပေါ်မှာ ထပ်ဟပ်နေတဲ့ မန္တလေးတောင်တော်ကြီးရဲ့ အရိပ်၊ ရေမျက်နှာပြင် တစ်ချက်လှုပ်ခတ်သွားတိုင်း ရေထဲမှာ အောင်လံတလူလူလွှင့်ထူနေသလို ထပ်ဟပ်ရစေတဲ့ နန်းမြို့ရိုးနဲ့ ပြာသာဒ်တွေ၊ ဟိုဒီပြေးလွှား စစ်ကစားပြနေကြတဲ့ သူရဲခိုတွေ၊ ဣနြေ္ဒသိက္ခာအပြည့်နဲ့ ကျုံးရေပြင်ပေါ်မှာ ရပ်တည်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်၊ အားမာန်ဝင့်ကြွားနေတဲ့ နဂါးမင်း၊ သူ့နောက်က စူးရှတည်ငြိမ်တဲ့ မျက်ဝန်းတွေနဲ့ ရွှေရောင်အဆင်းရှိတဲ့ ဂဠုန်မင်းရဲ့ အသွင်သဏ္ဌာန်၊ တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့ ကျုံးဘေးနားက သစ်ပင်လေးတွေနဲ့ သစ်ရွက်လေးတွေကြားထဲကို ညင်သာညိမ့်ညောင်းစွာ တိုးဝင်လာနေတဲ့ ညနေခင်းလေပြည်လေးတွေ၊ ကြည်ညိုဖွယ်ရာကောင်းလိုက်တဲ့ မန္တလေးတောင်တော်ပေါ်က ထုံးဖြူဖြူဘုရားလေးတွေ...

အို...

လွမ်းမောဖွယ် ကောင်းလိုက်ပါဘိ...
နှစ်လိုဖွယ် ကောင်းလိုက်ပါဘိ..
မြတ်နိုးဖွယ် ကောင်းလိုက်ပါဘိ...

အဲဒီ့နေ့ ညနေက ဆယ်တန်းမှာ ဖတ်မှတ်ခဲ့ဖူးတဲ့ ဦးယာရဲ့ ကဗျာစာကြောင်းလေး ကျုံးရေပြင်ပေါ်မှာ ဖြတ်ပြေးသွားခဲ့တယ်...

"လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
စိတ်ဖြေလို့ မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင် ရှင်သိကြားတို့၊ မာန်ထားရင်းလေ...."

(တပေါင်းညှာကျင် အဲချင်း၊ ဦးယာ)

အဲဒီ့ကဗျာလေး ဖတ်ခါစတုန်းက ပိုလှချည့်၊ ဖွဲ့နွဲ့လွန်းလှချည့်လို့ ထင်မှတ်ခဲ့မိတယ်. ခုတော့လည်း ဩော်.... သိကြားမင်းတောင် စိတ်မထိန်းနိုင် ဖြစ်ခဲ့ရတဲ့ ရှုမျှော်ခင်းဆိုတာ ဒါမျိုးကို ဆိုလိုတာပါလားလို့ ကြက်သီးဖျန်းဖျန်းထအောင် နှစ်ခြိုက်မိခဲ့ပါတယ်.



အဲဒီ့ညက နေ၀င်သွားမှ ကျွန်တော် နန်းရှေ့ကနေ အိမ်ကို ပြန်လာခဲ့တယ်...

ခုနက ကျွန်တော့်ကို စိမ်းစိမ်းကြီး စိုက်ကြည့်နေခဲ့တဲ့ ၂၆ ဘီလမ်းကြီးနဲ့ နန်းမြို့ရိုးကြီးက ခုတော့လည်း ကျွန်တော့်ကို ရင်ဝယ်သားသို့ နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သနေလေရဲ့....

ကျုံးဘေးတလျှောက် စက်ဘီးလေးနင်းသွားလိုက်၊ ဟိုဒီငေးမောကြည့်လိုက်၊ ခြေနင်းခုံလေးပေါ်မှာ ခြေထောက်ကို အသာတင်ပြီး မျှောလိုက်သွားလိုက်၊ လက်နှစ်ဖက်ကို လွှတ်စီးလိုက်၊ လက်တန်းပေါ် မှောက်လျက်မေးတင်ပြီး ပျင်းတွဲ့စွာ နင်းသွားလိုက်နဲ့ နေ၀င်ဖြိုးဖျ ညနေခင်းလေးကို ကျွန်တော် အပြည့်အ၀ ခံစားမိန်းမောနေခဲ့မိပါတော့တယ်...



(ဆက်ပါဦးမည်...)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

မှတ်ချက်။ ။

Pic 1 ဦးပိန်တံတားပုံကို ဒီနေရာက ယူပါတယ်. မန္တလေးနန်းမြို့ပုံကိုတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တစ်ဦး ဖြစ်တဲ့ ညီငယ်လေး ဟယ်ရီအောင်ထံမှ အကူအညီတောင်းပြီး တင်ထားခြင်း ဖြစ်ပါတယ်. မန္တလေးတောင်တော်ပုံကိုတော့ ဒီနေရာက ယူထားတာပါ. ပြည်ကြီးမွန်ဖောင်တော်ပုံက ဒီနေရာမှာ တင်ထားတာ ဖြစ်ပါတယ်.

Saturday, July 18, 2009

အလှုငွေ စာရင်းရှင်းတမ်း (၁)



ကျွန်တော်တို့ စစ်ကိုင်းတောင်ရိုး သာသနာ့ဝေပုလ္လကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဦးစီးပြီး မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များမှာ EveryoneIT ဆိုတဲ့ အခမဲ့ ကွန်ပြူတာ နည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါများနှင့် စာဖတ်သူများ သိရှိဖတ်ရှုပြီး ဖြစ်ကြပါလိမ့်မယ်.



ဆရာတော်အတွက်သာမက သင်တန်းဆရာများ၊ သင်တန်းကျောင်းများ၊ သင်တန်းသားများရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ဆွေးနွေး တင်ပြလိုပါတယ်. ဒ့ါအပြင် ကျွန်တော်တို့ မကြာခင်မှာ တည်ထောင်ဖွဲ့စည်းမယ့် ဆွမ်းလောင်းအသင်းကိစ္စ၊ မေတ္တာရှင် ဖောင်ဒေးရှင်းကိစ္စနဲ့ စာသင်သား သံဃာတော်များကို ဆေးဝါးနဲ့ဗလာစာအုပ်များ လှူဒါန်းပူဇော်မယ့် အကြောင်းနဲ့ ကုန်ကျစရိတ်များကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်.



ပထမဦှးဆုံး ဆွမ်းလောင်းအသင်းမတည်ထောင်မီထိ လက်ခံရရှိခဲ့တဲ့ အလှူငွေစာရင်းရှင်းတမ်းကို ဆရာတော် ဦးကောဝိဒမှ ဇူလိုင် ၁၅ ရက်နေ့က Email နဲ့ တဆင့်ပေးပို့ခဲ့ပါတယ်. စာရင်းတင်ပြရတာ လွယ်ကူအောင် အလှူရှင်နာမည် စာရင်း အသေးစိတ်ကို ချန်လှန်ထားခဲ့ပါတယ်. မကြာခင် ပြုလုပ်မယ့် မေတ္တာရှင် ဖောင်ဒေးရှင်း ၀က်ဘ်ဆိုက်မှာ အတိအကျ ထုတ်ပြန်ကြေငြာပေးသွားပါမယ်.



ဒီမှာ ဒေါင်းလုပ်လို့ ရပါတယ်.

ဒီစာရင်းထဲမှာ ပါတဲ့ ကျွန်တော့်ဖက်က လက်ခံရရှိတဲ့ အလှူရှင်စာရင်း ဖြစ်ပါတယ်.

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... USD 100

စုစုပေါင်း - အမေရိကန် ဒေါ်လာ ၂၅၀ (မြန်မာငွေ ... နှစ်သိန်း ခုနစ်သောင်း ကျပ်တိတိ)

ဒီနေရာနဲ့ ဒီနေရာမှာတော့ အလှူရှင်စာရင်း အသေးစိတ်နဲ့ ငွေလွှဲရာမှာ လက်ခံရရှိတဲ့ လက်မှတ်ထိုးပြီးသား ပြေစာများကို စကင်(န်)ဖတ်ပြီး တင်ပေးထားပါတယ်.

ဆွမ်းအလှူအတွက် ငွေစာရင်းအသစ်ကို ကျွန်တော် ပို့စ်တစ်ခုအနေနဲ့ နောက်တစ်နေ့ ထပ်တင်ပေးသွားပါမယ်. အဲဒီ့စာရင်းထဲမှာ ဒီအလှူရှင်တွေ ပါပါတယ်ခင်ဗျာ.

၁.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) နှင့် န၀ကမ္မအလှူငွေ (US$40.00) စုစုပေါင်း USD 100 (လွှဲပြီး)
၂.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၃.ဒေါ်ရီရီစိန် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)
၎.ဘလော့ဂါရန်အောင် နဲ့ မိသားစု (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (လွှဲပြီး)

အထက်ပါ အလှူငွေ အမေရိကန်ဒေါ်လာ ၂၈၀ ကို မနေ့က ဇူလိုင် ၁၇ ရက်နေ့ ပေါက်ဈေး ၁၁၃၀ ကျပ်နဲ့ မန္တလေးဈေးချို ရိုးမဘဏ်ကို လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်. ဒါကတော့ ဦးကောဝိဒမှ ပေးပို့လာတဲ့ လက်ခံရရှိကြောင်းပြေစာပါ. မြန်မာငွေအားဖြင့် ၃၁၆၄၀၀ (သုံးသိန်းတစ်သောင်း ခြောက်ထောင်လေးရာ ကျပ်တိတိ)ကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်.



နောက်တစ်သုတ်လွှဲဖို့အတွက် အလှူရှင် တစ်ယောက်ရှိပါတယ်. ဇူလိုင်လမကုန်ခင်မှာ နောက်တစ်ခေါက် ထပ်မံလွှဲပေးသွားပါဦးမယ်.

၁.ဦးကြံအောင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (On Hold)

တစ်နှစ်စာ ဆွမ်းအလှူရှင်များ စာရင်း အသေးစိတ်နဲ့ အလှူပြုလုပ်မည့်ပုံစံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ.



အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်
aungyan@gmail.com


Thursday, July 09, 2009

ဗေဒါခင်အသိ...



ဒီညနေခင်း ဘာရယ်မဟုတ်ဘူး. ကိုယ့်စာအုပ်စင်လေးပေါ်က သေသေချာချာ မဖတ်ဖြစ်သေးတဲ့ စာအုပ်လေးတစ်ချို့ကို ကောက်ဆွဲရင်း ကော်ဇောပေါ်မှာ ခေါင်းအုံးကိုချ၊ ရင်ဘတ်အောက်မှာ ခုအုံးလို့ ကဗျာသံစဉ်လေးတစ်ချို့ကို ခံစားဖြစ်တယ်. အဲဒီ့ထဲကမှ လှလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို အထပ်ထပ် ဖတ်မိရင်း ခံစားမိတဲ့ ရသလေးတွေကို မျှဝေချင်လာတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်လိုက်တယ်ဗျာ.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

"ဗေဒါခင်အသိ"
(နှာ-၁၉၇၊ ဇော်ဂျီကဗျာပေါင်းချုပ်)

ဒီကဗျာလေးကို စဖတ်မိလိုက်တော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစုတွေထဲက တစ်ပုဒ်လို့ပဲ ပုံမှတ်ဖတ်လိုက်မိတယ်. ဒါပေမယ့် ဖတ်နေရင်းမှာပဲ ကျွန်တော်အသံထွက်ဖတ်ချင်စိတ်တွေ ပေါက်လာတယ်. အသံထွက်ဖတ်နေရင်းမှာကိုပဲ သာယာလှတဲ့ အ၀င်အထွက်၊ တက်သံကျသံ၊ နိမ့်သံမြင့်သံလေးတွေကို သတိထားမိလာတယ်. တစ်ပိုဒ်နဲ့တစ်ပိုဒ် လှလှပပလေး ချိတ်ဆက်ရေးသားသွားတဲ့ ကွင်းဆက်စကားလုံးလေးတွေကို မြင်လာမိတယ်. နောက်ဆုံး အဆုံးသတ်ခါနီးလေးမှာတော့ စာဖတ်သူကို စိတ်ဒုန်းဒုန်းမချခိုင်းဘဲ ဟိုးအစကနေ ပြန်ဖတ်ချင်အောင် အဓိပ္ပါယ်လေးကို တစ်ပတ်ပြန်လည်ခိုင်းထားလိုက်တယ်.

ပထမဆုံးပိုဒ်လေးကို စဖတ်ကြည့်ရအောင်...

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

တက်ပြန်ပေါ့ ဒီ တဲ့.... ဒီရေတွေ တက်လာတာကို ပြောတာပါပဲ. ဒါပေမယ့် ကာရန်ယူသွားတာလေးလှပါတယ်. ပထမအပိုဒ်က ဒီ ဆိုတဲ့ ကာရန်လေးနဲ့ ဒုတိယအပိုဒ်က ဟီ ဆိုတဲ့ ကာရန်လေးကို ရှေ့နောက်လှမ်းချိတ်ပြီး ဦးတိုက်စပ်နည်းလေးနဲ့ စပ်သွားတာ တော်တော်လေးကို သပ်ရပ်ပါတယ်. ဒါတင်မက ဒုတိယအပိုဒ်ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ ရိုင်း ဆိုတဲ့ လဟုကာရန်လေးက စာဖတ်သူကို တစ်စုံတစ်ရာဆက်လာဦးမယ်ဆိုတဲ့ ခံစားချက်လေး ပေးထားပါတယ်. ပြီးလည်းပြီးရော နောက်တစ်ပိုဒ်မှာ ၀ဲထလို့ဝိုင်း ဆိုပြီး ကာရန်အဆုံးသတ်လေးနဲ့အတူ စာဖတ်သူကို စိတ်ဒုန်းဒုန်း ချလိုက်စေပါတယ်... ပိုပြီးထူးခြားတာက သရုပ်ဖော် အရေးအသားပါပဲ... မျက်စိထဲမှာ ဒီရေတွေ တက်လာတာတောင် ရိုးရိုးတက်လာတာမဟုတ်ဘဲ ဝေ့ကာဝဲကာ ၀ိုင်းကာဝန်းကာနဲ့ ပင်လယ်ဝကနေ ခပ်ကြမ်းကြမ်း စီးဝင်တိုးတက်လာတာကို ပေါ်လွင်အောင် ရေးသားထားတာဖြစ်ပါတယ်.

အထူးသဖြင့် နှစ်သက်စရာကောင်းတာက 'ဟီ' ဆိုတဲ့ ကာရန်လေးပါပဲ. မျက်စိထဲမှာ တစ်စုံတစ်ရာ ဟိုယိမ်းထိုး ဒီယိမ်းထိုးနေတာကို မြင်ယောင်လာစေပြီး နားထဲမှာတော့ ခြောက်ခြားတုန်လှုပ်ဖွယ်ရာကောင်းတဲ့ တော်လဲသံလိုလို၊ ငလျင်လှုပ်သံလိုလို အသံတစ်ခုကို ကြားယောင်လာစေပါတယ်. ပိုပြီး ပေါ်လွင်သွားစေတာကတော့ ရေကို ရေရိုင်းလို့ နာမည်ပေးလိုက်တာပါပဲ. ဟိုဟိုဒီဒီ ကြမ်းကြမ်းတမ်းတမ်း ဝေ့၀ဲ စီးဆင်းနေတဲ့ ရေလှိုင်းတွေကို ကွင်းခနဲကွက်ခနဲ မြင်သွားစေတယ်ဗျ.

ရေရိုင်းက ထင်တိုင်းသာ
ဒီတက်ချိန်နှိမ်မရ၊ ဒေါထလို့သာ။

အဲဒီ့အပိုဒ်လေးက အပေါ်က ဒီရေရိုင်းကို ဆက်ညွှန်းသွားပါတယ်. "ဒီတက်ချိန်နှိမ်မရ" ဆိုတဲ့အသုံးလေးက ဒီရေဟာ တက်ပြီဆိုရင် ဘာနဲ့မှကို တားဆီးလို့မရအောင် အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးတက်လာတာကို ပေါ်လွင်စေပါတယ်. ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တဲ့သဘောကို သိသာထင်ရှားအောင် သက်ရှိသတ္တ၀ါတွေ ဒေါသူပုန်ထတဲ့အခါ ရမ်းကားပြုမူတတ်ပုံနဲ့ ကိုယ်စားပြုပြီး "ဒေါထလို့သာ" ဆိုတဲ့ အသုံးလေးနဲ့ သုံးသွားလိုက်တော့ သက်မဲ့ကို သက်ရှိအလားတင်စားရေးသားနိုင်တဲ့ ဩဇဂုဏ် မြောက်သွားပါတယ်. ဖတ်ရင်းနဲ့ကို နှစ်ခြိုက်မိတဲ့ စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေပါတယ်.

ချောင်းပေါက်မှာ သူမြောက်လာ
သူ မညှာ သူ မသနား
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။

ဒီရေဟာ နေရာအနှံ့ အားနဲ့မာန်နဲ့ အရှိန်နဲ့ အဟုန်နဲ့ ဘယ်အရာကိုမှ ငဲ့ညှာထောက်ထားခြင်းမရှိဘဲ တရှိန်ထိုး တိုးဝင်လာပြီး သူ့အားမာန်ကို ပြတယ်ဆိုတဲ့ သရုပ်ပြကွက်လေး မျက်စိထဲပေါ်လာစေပါတယ်. အဲဒီ့မှာ တစ်ခါ "ပြခဲ့သူ့အား" နဲ့ "သူ့အားကို ပြလိုက်ရုံ" ဆိုတဲ့ ပြန်ကောက်ပြီး ရေးသားထားပုံလေးက တစ်ပိုဒ်နဲ့တစ်ပိုဒ်ကို အဆက်အစပ်ဖြစ်စေပါတယ်. ပိုလှသွားတာကတော့ "လတာပြင်ရေ၀င်တိုး၊ ထိုးကြ ပလုံ" ဆိုတဲ့ အရေးအသားလေးပါပဲ... လတာပြင်ဆိုတဲ့ ရွှံ့နွံမြေပေါ်မှာ ချိုင့်ခွက်လေးတွေ ရှိနေတတ်ပါတယ်. အဲဒီ့ထဲကို ဒီရေက ၀င်တိုးတော့ ချိုင့်ခွက်လေးတွေ ပြည့်လာပုံ၊ ရေ၀င်သွားတဲ့အခါမှာ ထွက်ပေါ်လာတဲ့ "ပလုံ" ဆိုတဲ့ မြည်သံလေးကို ထည့်သွင်းရေးသားပုံလေးက မြည်သံစွဲအလင်္ကာမြောက်သလို ချစ်စရာ အရေးအသားလေးလည်း ဖြစ်လို့ သိင်္ဂါရ ရသ မြောက်တယ်လို့တောင် ပြောဆိုနိုင်ပါသေးတယ်.

စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

ပုစွန်ဆိတ်လေးတွေ အလန့်တကြားပြေးလွှားသွားပုံလေးတွေ၊ ပင်လယ်ကမ်းစပ်၊ ချောင်းကမ်းစပ်တွေမှာ တွေ့ရတတ်တဲ့ ၀င်ကစွပ်ကောင်လေးတွေ၊ ပုစွန်လုံးလေးတွေ ဟိုပြေးဒီပြေး ယောက်ယက်ခက်နေပုံလေးကို မြင်ယောင်စေလာပြီးခါမှ ကျူရိုးရှင်ကတော့ ချောင်းဝမှာဆွေးနေရှာတယ် ဆိုပြီး လှုပ်ရှားနေတဲ့ ဓာတ်သဘောကို တည်ငြိမ်တဲ့ ဓာတ်သဘောနဲ့ ပြန်ပိတ်ဖမ်းလိုက်ပါတယ်. အနုပညာသဘောအရ ပြောရရင်တော့ အလင်းအမှောင်သဘောတရား၊ Paradoxical Writings လို့ သမုတ်ရမလားပဲဗျ. အငြိမ်ဓာတ်နဲ့ အလှုပ်ဓာတ်နှစ်ခု အားပြိုင်နေသလို ခံစားမိလာရတယ်.

ကျူရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါခင်အသိ
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အပေါ်ပိုဒ်မှာ ရေးထားတဲ့ "ချောင်းဝမှာဆွေး" ဆိုတဲ့ အရေးအသားလေးကိုပဲ ပြန်ကောက်ပြီး "မဆွေးနဲ့ ကျူရိုးရှင်" လို့ နောက်တစ်ပိုဒ်မှာ ပြန်ဆက်စပ်လိုက်ပါတယ်. ပြီးတော့မှ ဒီရေတက်လို့ ဒီလိုကြမ်းတမ်းခက်ထရော်ထန်နေတာဟာ အမြဲမဟုတ်တဲ့အကြောင်း၊ အချိန်တန်ရင် ဒီချောင်းလေးဟာ အရင်လိုပဲ သာယာလှပနေမှာ ဖြစ်တဲ့အကြောင်း အားပေးနှစ်သိမ့်လိုက်ပါတယ်.

အဲဒီ့လို ချောင်းလေးရဲ့ မာယာကို ချောင်းလေးတစ်လျှောက်မှာ စုန်ချီဆန်လာ စီးမျောပါနေတဲ့ ဗေဒါပင်လေးတွေ အသိဆုံးပါဆိုပြီးတော့လည်း တိုင်တည်လိုက်ပါသေးတယ်. စိတ်ထဲမှာတော့ "သိုးကလေ" ဆိုပြီး နတ်မင်းကြီးကို တိုင်တည်ရေးစပ်ထားခဲ့တဲ့ ကဗျာလေးကို သွားသတိရမိလိုက်ပါသေးရဲ့.

ကြမ်းတမ်းခက်ထန်နေတဲ့ ပတ်ဝန်းကျင်ဟာ အချိန်တန်ရင် ပြန်လည်တည်ငြိမ်လှပနေမြဲ ဖြစ်မှာပါဆိုတဲ့သဘောတရားလေးက မုန်တိုင်းပြီးရင် လေပြည်လာတယ် ဆိုတဲ့သဘောလေးကို ဖော်ကျူးနေပါတယ်. ဒါ့အပြင် လောကဓံရဲ့ အနိမ့်အမြင့်၊ အတက်အကျသဘောလေးကိုလည်း လှစ်ဟဖော်ပြထားပါတယ်.

ဒါပေမယ့်လည်း ကျူရိုးရှင်ကို ကဗျာရှင်က ထပ်သတိပေးလိုက်ပါသေးတယ်. အဲဒီ့လို ပြန်လည်ငြိမ်သက်သွားမှာကလည်း နောက်တစ်ခေါက် ဒီရေမတက်ခင် အထိပဲတဲ့...

နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

အဲဒီ့အပိုဒ်လေးလည်း ဖတ်ပြီးရော ဒီရေတွေ ပြန်တက်လာသလို ခံစားမိလိုက်ရပြီး စိတ်ကအလိုလိုပဲ ဟိုးရှေ့ဆုံးက စာပိုဒ်လေးဆီ ပြန်ရောက်သွားပါတယ်.

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း
အောက်တစ်ခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ ၀ိုင်း။

အဲဒီ့မှာတင် ဒီကဗျာလေးဟာ ဖတ်လို့ကို မဆုံးနိုင်၊ ခံစားလို့ကို မ၀နိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်.

ကဗျာတစ်ပုဒ်ရဲ့ ကောင်းခြင်းရသကို အသံထွက်ဖတ်ကြည့်တဲ့အခါမှာ ပိုပြီး သိသာစေနိုင်တယ်ဆိုတဲ့ အချက်လေးကို ဟောဒီ့ "ဗေဒါခင်အသိ" ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးက သက်သေထူသွားခဲ့တယ်လို့ မှတ်ယူခံစားမိလိုက်ရပါတယ်ခင်ဗျာ....

Picture Source: Pic

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်



ဝိဇာတ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ...




အလုပ်က အပြန် အီးမေးလ်ဝင်စစ်တော့ မ၀ါက နောက်ထပ် အလှူရှင်တစ်ဦး ပေါ်လာတဲ့အကြောင်း၊ ဒေါ်လာ ၁၀၀ ထပ်ထည့်မယ် ဆိုတဲ့ အကြောင်း ၀မ်းသာအားရ မေးလ်ပို့ထားတယ်. အဲဒါနဲ့ သူ့ဘလော့ဂ်ကို ဆက်သွားကြည့်တော့ ဒီဖိတ်စာလေးကိုပါ တွေ့လိုက်ရတယ်. ရင်ထဲမှာ တော်တော်လေးကို ကြည်နူးဝမ်းသာမိသွားတယ်ဗျာ. ပြီးမှပဲ အပြည့်အစုံ ထပ်ရေးတော့မယ်. လောလောဆယ် ဒီပို့စ်လေးကို ဖတ်လိုက်ရပြီး အလှူကို သွားချင်စိတ်လေးများ ပေါက်လာရင် သွားနိုင်ကြအောင်လို့ အချိန်မီ တင်ပေးလိုက်တာ.



Wednesday, July 08, 2009

စက်ဘီးစီးခြင်း အက်ဆေး (၃)



စစ်တွေမှာ အဖေဆုံးပြီးနောက် ကျွန်တော်တို့ မိသားစု ရန်ကုန်ဖက်ကို ပြောင်းလာခဲ့ကြပါတယ်. မောင်ဗမာစက်ဘီးကြီးကို အသာပွတ်လို့ ထာဝရတွက်တာ နှုတ်ဆက်ခွဲခွာခဲ့ရပါတော့တယ်.. အဖေ့ ဒေါ်ကြီးတွေ ရှိတဲ့ မိတ္ထီလာမြို့ကို ပြောင်းလာခဲ့ပြီး အ.လ.က (၁) ခြင်္သေ့ကြီးနှစ်ကောင် ကျောင်းမှာ ရှစ်တန်း စတက်ခဲ့ပါတယ်.

ကျောင်းနဲ့ အိမ်နဲ့က ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပါတယ်. မိတ္ထီလာကန်တော်ကြီးဘေးကနေ ဖြတ်လျှောက်၊ လေကောင်းလေသန့်ကို တ၀ကြီးရှူပြီးတော့ ခြင်္သေ့ကြီးနှစ်ကောင် ဘုရားနားလည်းရောက်ရော ကျွန်တော်တို့ ကျောင်းလည်း ရောက်တာပါပဲ… ကျွန်တော်တက်ခဲ့ရတဲ့ ကျောင်းက သာသနာပိုင်မြေပေါ်မှာ ဆောက်ထားတာ ဆိုတော့ ကျောင်းဝင်းထဲဝင်ရင် ဖိနပ်ချွတ်ဝင်ရပါတယ်. အ.ထ.က (၁) ကျောင်းက ကျောင်းသားတွေက ကျွန်တော်တို့ ခြင်္သေ့ကြီးနှစ်ကောင် ကျောင်းသားတွေကို ဘုန်းကြီးကျောင်းသားတွေရယ်လို့ ခေါ်ဝေါ် ပြောင်လှောင်တတ်ကြတာမျိုးလည်း ရှိရဲ့…

ရှစ်တန်းနှစ်မှာ ကျွန်တော် ကျူရှင်တစ်ခုပဲ ယူဖြစ်ခဲ့ပါတယ်. ကျန်တဲ့ဘာသာတွေကိုတော့ ကိုယ့်ဖာသာကိုယ်ပဲ ကြည့်ရှင်းပေါ့. အင်္ဂလိပ်ကျူရှင်ကို ဆုတောင်းပြည့်ဘုရားနားက ဒေါ်ခင်စန်းဝင်းမှာ တက်ဖြစ်ခဲ့တယ်. အဲဒီ့တုန်းက ကျွန်တော်နဲ့ အိမ်ချင်းကပ်လျက်က ကြည်ကြည်အေးတို့၊ မာန်အောင်မြင် ရပ်ကွက်ထဲက ဖြိုးမွန်တို့နဲ့ ကျွန်တော်တို့ အတူတူ ကျူရှင်ကို လမ်းလျှောက်သွားဖြစ်ခဲ့ကြတယ်. သူငယ်ချင်းသုံးယောက်ပေါ့. ခုတော့ သူတို့တွေလည်း ဘယ်တွေဆီရောက်နေကြပြီမသိ…

ရှစ်တန်းနှစ်တစ်နှစ်လုံး ဘယ်သွားသွား လမ်းပဲလျှောက်ခဲ့ရတာပါ. သူများတွေ စက်ဘီးလေးတွေ၊ ဆိုင်ကယ်လေးတွေ တ၀ီဝီနဲ့သွားနေတာ မြင်ရရင် အားကျတယ်. စက်ဘီးလေးတစ်စီးတောင် မ၀ယ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်ခဲ့မိတယ်. အမေ့ကိုလည်း အပူမကပ်ချင်ခဲ့ပါဘူး. အမေ့အပူတွေကို ကျွန်တော်အသိဆုံးမို့ ကျွန်တော့်အပူတွေကို အမေ့ကို ထပ်မပေးရက်တော့ပါဘူးလေ. နောက်ပိုင်းကျတော့လည်း လမ်းလျှောက်တာ အသားကျသွားပြီး အမေနဲ့ ဈေးသွားလည်း လမ်းတွေလျှောက်၊ မြို့ထဲက အဘွားအိမ်သွားလည်း လမ်းတွေလျှောက်၊ ဘုရားသွားလည်း လမ်းတွေလျှောက်နဲ့ မိတ္ထီလာမြို့ထဲ အနှံ့ ကျွန်တော်လျှောက်သွားနေခဲ့ဖူးပါတယ်.

ကိုးတန်းနှစ်မှာ ကျွန်တော် အ.လ.က (၁) ကနေ အ.ထ.က (၁) ကို ပြောင်းရပါတယ်. အဲဒီ့မှာ ကျောင်းက နည်းနည်းဝေးသွားပြီဆိုတော့ လမ်းလျှောက်ရတာ သိပ်အဆင်မပြေတော့ဘူးလေ. ကျောင်းမဖွင့်ခင် နှစ်ပတ်လောက်အလိုမှာထင်တယ်. အစ်မက ကျွန်တော့်ကို ပြောတယ်.

‘နင့်အတွက် စက်ဘီးသွားဝယ်မယ် လိုက်ခဲ့’ တဲ့…

ပျော်လိုက်တာ ဆိုတော ပြောမနေပါနဲ့တော့… မိတ္ထီလာဈေးကြီးနားက စက်ဘီးဆိုင်လေးမှာ ကျွန်တော့်အတွက် စက်ဘီးလေးတစ်စီး အဲဒီ့နေ့က ၀ယ်ဖြစ်ခဲ့တယ်. ကျွန်တော်ကြိုက်တဲ့ စက်ဘီးလေးက အနီရောင် မိန်းမစီး စက်ဘီးလေးပါ. ဆိတ်ငါးကောင်တံဆိပ်ပေါ့… တရုတ်လို ရေးထားတာကတော့ Wu Yang တဲ့. Wu ဆိုတာ ငါး၊ Yang ဆိုတာ ဆိတ်ဖြစ်မယ်ထင်တယ်. ကျွန်တော့်စိတ်ထင် ၇၀၀၀ လားမသိဘူး ပေးလိုက်ရတယ်. အပြန်မှာ အစ်မကို စက်ဘီးပေါ်တင်ပြီး နင်းလာခဲ့ရင်း အိမ်ခြံဝင်းထဲအ၀င် ကျွန်တော့်ခြေလှမ်းတွေ သိပ်ကို ပေါ့ပါးသွက်လက်နေခဲ့တယ်.

မိတ္ထီလာမြို့ရဲ့ လမ်းတွေက အတက်အဆင်းများတယ်. ဆင်းပြီဟေ့ဆိုရင်လည်း တကယ့် ကုန်းဆင်းကြီးပါ… အဲ… ဟိုဖက်မှာ ပြန်တက်သွားပြန်ပြီဆိုရင်လည်း နင်းပေတော့… ဒါကြောင့် မိတ္ထီလာမှာ ဆိုက်ကားတွေ အလုပ်မဖြစ်ပါဘူး… မြင်းလှည်းပဲ ရှိပါတယ်. ခုနောက်ပိုင်းကျမှ လေးဘီးတက်စီတွေ၊ ဆိုင်ကယ်တက်စီတွေ ပေါများလာတာ. အဲဒီ့တုန်းက မြင်းလှည်းပဲ အားပြုစီးရတယ်.

ကုန်းတက်ဆိုရင် ဒီဖက်က ကုန်းဆင်းမှာကတည်းက အရှိန်ကို အပြည့်ယူသွားတာ. ဆင်းပြီးမတွန်းချင်လို့လေ… ဟိုဖက်ကို စလည်းတက်ရော အသားကုန်နင်းတော့တာပဲ… ကံကောင်းရင် တစ်ခါတည်း ဟိုးဖက် အတက်ထိ နင်းသွားနိုင်ပေမယ့် တစ်ခါတစ်လေကျရင်တော့ ဘယ်လိုမှကို ဆက်ပြီး မနင်းနိုင်လောက်အောင် ခြေကုန်လက်ပမ်းကျသွားတာမျိုးလည်း ဖြစ်တတ်သေးရဲ့… အဲဒီ့အခါကျရင်တော့ ယောင်္ကျားလေးဘာညာ နားမလည်နိုင်တော့ဘူး… ဆင်းတွန်းရတော့တာပဲ… ဟတ်ဟတ်.

စက်ဘီးရသွားပြီးနောက်ပိုင်း အမေ့ကို ကျောင်းပိတ်ရက်တွေမှာ ဈေးလိုက်ပို့ပေးတဲ့ ၀တ္တရားတစ်ခုလည်း ကျွန်တော်ယူလာရပါတယ်. အမေက တကူးတကတော့ မပြောပါဘူး. ဒါပေမယ့် ဈေးခြင်းတောင်းကြီးတစ်ဖက်နဲ့ မနက်ခင်း နေပူကျဲတောက်တောက်ကြီးမှာ ဈေးသွားသွားဝယ်နေရတဲ့ အမေ့ကို သနားတာပေါ့. ရေခဲသေတ္တာတို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတဲ့ ကျွန်တော်တို့ မိသားစုလေးမှာ တစ်နေ့စာအတွက် တစ်နေ့ ဈေးဝယ်ထွက်ရပါတယ်. မနက်ခင်းအစောဆိုရင် အမေက ထွက်သွားပြီ.. ကျွန်တော် အိပ်ယာနိုးချိန်မှာ စားဖို့သောက်ဖို့ အဆင်သင့်၊ ထမင်းဘူးတော့ မထည့်ပါဘူး. ကျွန်တော်က နေ့ခင်း ပြန်စားတယ်လေ. ကျွန်တော်ကျောင်းချိန်အမှီ အားလုံးအဆင်သင့်ဖြစ်ဖို့ အမေ့ခမြာ မနက်ခင်း ၄ နာရီခွဲကတည်းက ထပြီး ချက်ပြုတ်ပြင်ဆင်ရပါတယ်. အမေဘုရားရှိခိုး အမျှဝေနေသံကို အိပ်ယာထဲကနေ နားစွင့်ရင်း ‘သား… ထတော့’ လို့ ပြောလာမယ့်အသံကို တမင်သက်သက် စောင့်နေမိခဲ့တာလည်း ကျွန်တော့်ရဲ့ အကျင့်တစ်ခုပါ.

အမေက သိပ်ချစ်ဖို့ကောင်းတယ်ဗျ. ကျွန်တော်ကြိုက်တဲ့ ကောက်ညှင်းပေါင်းတို့၊ ကောက်ညှင်းငချိတ်တို့၊ ရွှေထမင်းတို့၊ မုန့်စိမ်းပေါင်းတို့၊ မုန့်ကျွဲသဲတို့ကို ဈေးက အပြန် ၀ယ်ဝယ်လာခဲ့တယ်. ချက်နို့ဆီလေး နှစ်ဇွန်းလောက်နဲ့ သကြားလေး သုံးဇွန်းလောက်ကို ကော်ဖီမှုန့်လေး နည်းနည်းထည့်ပြီး ဖျော်ပေးထားတဲ့ ကော်ဖီကြမ်းလေးတစ်ခွက်နဲ့ ဈေးက အမေ၀ယ်လာခဲ့တဲ့ မုန့်လေးစားလိုက်ရတဲ့ မနက်ခင်းတွေကို ကျွန်တော်သိပ်ကို လွမ်းဆွတ်မိပါသေးရဲ့..

မိတ္ထီလာမြို့လေးက ကျွန်တော် ဒီနေ့မှာ ဒီလိုလူစားမျိုးဖြစ်လာအောင် ပုံသွင်းပေးလိုက်တဲ့ မြို့လေးဆိုရင်လည်း မမှားပါဘူး. အဲဒီ့မြို့လေးမှာပဲ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး ခြေလှမ်းသစ်တွေ စလှမ်းနိုင်ခဲ့တယ်. စိတ်ဓာတ်တွေ နိုးကြားထကြွခဲ့တယ် ဘ၀မာန်တွေ ပြင်းပြခဲ့တယ်. အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင် ဆွေးနွေးနိုင်မယ့် မိတ်ဆွေကောင်းတွေ ရရှိခဲ့တယ်.

ကိုးတန်းနှစ်မှာလည်း ကျွန်တော် အင်္ဂလိပ်စာကျူရှင်ကို ဒေါ်ခင်စန်းဝင်းမှာပဲ ဆက်တက်ဖြစ်ခဲ့တယ်. အဲဒီ့နှစ်ကျတော့ ဖြိုးမွန်တို့ ကြည်ကြည်အေးတို့နဲ့ အတူတူမသွားဖြစ်တော့ဘူး. သူတို့လည်း အရွယ်လေးတွေရောက်လာ၊ ကျွန်တော်လည်း လူပျိုဖော်ဝင်စပြုလာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အိုးတို့အန်းတန်းလေးတွေ ဖြစ်လာကြရာက နောက်ပိုင်းအတူတူ မသွားလာဖြစ်ကြတော့ဘူး. မဟုတ်ရင် သူငယ်ချင်းတွေကလည်း သို့လောသို့လောနဲ့ စကြတယ်လေ.. နောက်ပိုင်းတော့ ကျွန်တော်တစ်ကိုယ်တော်ပဲ စက်ဘီးတစ်စီးနဲ့ နေရာအနှံ့ လျှောက်သွားနေဖြစ်ခဲ့တယ်.

အဲဒီ့နှစ်မှာပဲ မန္တလေးမှာ အလုပ်လုပ်နေတဲ့ အစ်မကြီး မိတ္ထီလာကို transfer လုပ်လာတယ်. အစ်မကြီးရဲ့ စက်ဘီးကလည်း ဆိတ်ငါးကောင်ပဲ. ဒါပေမယ့် ကျွန်တော့်စက်ဘီးထက် ပိုကြီးတာပေါ့. ကျွန်တော့်စက်ဘီးက အလတ်စားလေးလေ. အဲဒီ့မှာတင် နှစ်ဘီးလုံး ကျွန်တော်တက်စီးတော့တာပဲ. အစ်မကြီး အလုပ်လုပ်ရတဲ့ အာမခံရုံးက တော်တော်လေးဝေးတယ်. ရုံးပြန်ချိန်တွေမှာ အစ်မကြီးနောက် လိုက်လိုက်လာတတ်တဲ့ လူစိမ်းတစ်ချို့ကြောင့် ကျွန်တော် ညနေခင်းတွေမှာ အစ်မကြီးရုံးကို သွားသွားကြိုပေးရတဲ့ ၀တ္တရားတစ်ခုပါ ပိုလာခဲ့ပါတော့တယ်.

မိတ္ထီလာကောလိပ်ရဲ့ ဟိုးဖက်ကို ထွက်သွားပြီး ကျောက်ပန်းတောင်းအထွက်ဖက်ထိ သွားဖူးသလို၊ မန္တလေးဖက်အထွက် ပြည်တော်သာ ကွက်သစ် ၀မ်းတော်ပြည့်ဘုရားဖက်ထိလည်း ကျွန်တော်စက်ဘီးနဲ့သွားဖူးခဲ့တယ်. မြောက်ဖက်ဆိုရင်လည်း တောင်ကြီးဖက်အထွက် ရွှေမြင်တင်ဘုရား၊ (၉၉) တပ်မဂိတ်ဖက်အထိ စီးဖူးသလို တောင်ဖက်ဆိုရင်လည်း အ.မ.တ (အမြောက်တပ်ရင်း) ထိလည်း တစ်ယောက်တည်း သွားခဲ့ဖူးတယ်. နန်းတော်ကုန်းရပ်ကွက်၊ ပေါက်ချောင်း၊ မာန်အောင်မြင် အစုံသွားသလို ရေလယ်ဘုရား၊ ဖောင်တော်ဦးဘုရား၊ ဖောင်တော်ထိပ်ဘုရား၊ ဆုတောင်းပြည့်၊ ရွှေကျီးမြင်၊ ရွှေမြင်တင်၊ နဂါးရုံ စသည်ဖြင့် ဘုရားစုံကိုလည်း စက်ဘီးတစ်စီးနဲ့ ကျွန်တော် ဘုရားသွားဖူးတတ်ပါသေးတယ်. ညနေခင်းတွေ တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိလို့ ပျင်းနေတာမျိုးရှိရင်လည်း မိတ္ထီလာကန်တော်ကြီးဘေးနားမှာ စက်ဘီးလေး ဒေါက်ထောက်ပြီး သွားသွားထိုင်ရင်း ထန်းပင်လေးတွေ အုံဆိုင်းမိုးကျနေတတ်တဲ့ တစ်ဖက်ကမ်းက ရေလယ်ကျွန်းဆွယ်လေးနောက်ကို ထိုးဝင်သွားတဲ့ နေမင်းကြီးကို သွားထိုင်ငေးကြည့်တတ်ပါသေးတယ်.

ကျွန်တော်က အလွမ်းဓာတ်ခံရှိတတ်တာလည်း ပါမယ်ထင်တယ်. အဲဒီ့အချိန်ကတည်းက ကျွန်တော် ကဗျာတိုလေးတွေ ရေးနေခဲ့ပြီ. ဘာရယ်မဟုတ်ဘူး. တစ်စုံတစ်ခုကို လွမ်းလွမ်းနေတဲ့ ခံစားချက်ကြီးပေါ့… အဲဒီ့တုန်းက ကျွန်တော့်စိတ်ကူးမှာ နေရာသစ်ကို ရောက်တိုင်း ဘာတွေးမိခဲ့လဲဆိုတော့ ဒီနေရာမှာ အဖေ ငါ့လိုမျိုး လျှောက်သွားခဲ့ဖူးမှာပဲ… ဒီနေရာမှာတော့ အဖေ ထိုင်ကောင်းထိုင်ခဲ့ဖူးမှာပဲ… ဒီရထားသံလမ်းကြီးတွေကို ငါအခု ကျော်သွားသလို အဖေလည်း ကျော်ဖြတ်ခဲ့ဖူးမှာပဲလို့ ခဏခဏ တွေးထင်စိတ်ကူးကြည့်ခဲ့ဖူးတယ်. ကျွန်တော်အဖေ့ကို တော်တော်လေး လွမ်းခဲ့ဖူးပါတယ်.

ကိုးတန်းနှစ်မှာ ကျွန်တော်နဲ့ စာပြိုင်ဖက် တစ်ယောက်တွေ့လာပါတယ်. ဒီကောင့်ကို ကျွန်တော် တော်တော်ကို အမြင်ကတ်ပါတယ်. :) ကျွန်တော် ကိုးတန်းနှစ်မှာ အ.ထ.က (၁)ကို ပြောင်းသွားတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာမြင့်က ကိုးတန်းကျောင်းသားတွေကို မြက်ခင်းပေါ် စုထိုင်ခိုင်းပြီး ဘာတွေမလုပ်ရဘူး.. ဘာတွေလုပ်ရမယ် ဘာညာကွိကွနဲ့ ဩ၀ါဒကထာ အရှည်ကြီး မြွက်ကြားပါတော့တယ်. အဲဒါနဲ့ မပြီးသေးဘူးဗျ. သူက ဘာပြောသေးလဲဆိုတော့ ‘ဒီကျောင်းမှာ သူ့လိုတော်အောင် ကြိုးစားရမယ်. သူက ဒီကျောင်းရဲ့ စံပြကျောင်းသား…’ ဆိုပြီး တစ်ယောက်ကို မတ်တပ်ထရပ်ခိုင်းလိုက်တော့ ကျွန်တော်လည်း လှမ်းကြည့်မိလိုက်ပါတယ်.

ပင်နီတိုက်ပုံလေးနဲ့ နှုတ်ခမ်းမွှေးစစနဲ့ ပိန်ညှောင်ညှောင်ကျောင်းသားတစ်ယောက် မတ်တပ်ထရပ်ပြီး ဆီလီဘရစ်တီ ပုံစံမျိုးနဲ့ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်. အမြင်ကတ်လိုက်တာဗျာ. ပြောမနေပါနဲ့တော့… ဘာကောင်ကြီးမှန်းကို မသိဘူးဆိုပြီး ကျွန်တော်တို့ ကျောင်းပြောင်းလာတဲ့ သူငယ်ချင်းတွေ အချင်းချင်း လက်တို့ပြီး ခပ်အုပ်အုပ်ပြောလို့ ရယ်နေခဲ့ကြတယ်. ဟတ်ဟတ်ဟတ်…

အဲ… သူနဲ့ ကျွန်တော်နဲ့က ဒေါ်ခင်စန်းဝင်း ကျူရှင်မှာလည်း အတူတူ တက်ဖြစ်ခဲ့ကြတယ်လေ… ကျွန်တော်ကလည်း အ.လ.က(၁)ကနေ နာမည်တစ်လုံးနဲ့ ကျောင်းပြောင်းလာတဲ့ကောင်၊ ဟိုကောင်ကလည်း အ.ထ.က(၁)မှာ ငယ်ငယ်လေးကတည်းက နှစ်စဉ် ပထမဆု ဆက်တိုက်ရလာခဲ့တဲ့ ပညာရည်ချွန်ကျောင်းသား… တွေ့ကြတာပေါ့ဗျာ…

ဆရာမက တစ်ခုမမေးလိုက်နဲ့. ဖြေလိုက်ကြတာ အလုအယက်.. ပြီးတော့ တစ်ယောက်က အရင်ဖြေသွားနိုင်ရင် ချောင်းလေးတဟန့်ဟန့်နဲ့ တစ်ဖက်လူကို မခံချင်အောင် လုပ်တတ်သေးတာလည်း မှတ်မိသေးရဲ့…. ဆရာမ ဒေါ်ခင်စန်းဝင်းကဆို ကျွန်တော်တို့နှစ်ယောက်ကို အမြဲ Challenge လုပ်တယ်.

ဆရာမက ကျွန်တော်တို့ ကျောင်းသား ၆ ယောက်ကို သီးသန့်ဝိုင်းဖွဲ့ပြီး သင်ပေးတယ်. ညဖက်ပေါ့. ၈ နာရီလောက်မှ ဆင်းတယ်. Regular တန်းလည်း တက်ရသလို လက်ရွေးစင်ဝိုင်းအနေနဲ့လည်း သူ့စိတ်ကြိုက် ကျောင်းသား ၆ ယောက်ကို ၀ိုင်းပေးထားတာပေါ့. ကျူရှင်ဖိုး ထပ်ပေးစရာမလိုပါဘူး. ဆရာမရဲ့ တူမရယ်၊ ဖြိုးမွန်ရယ်၊ ကြည်ကြည်အေးရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း ကျော်သူဆိုတာရယ်၊ ပြီးတော့ ခုနကကောင်ရယ်ပေါ့.

တစ်ရက်မှာ ကျူရှင်ဆင်းခါနီး သူနဲ့ ဆရာမနဲ့ စကားပြောနေတာကို ကျွန်တော် ကြားလိုက်ပါတယ်. ဆရာမက သူ့ကို မေးနေတာပါ. ‘ဒါဆို မင်းလမ်းလျှောက်ပြန်မှာပေါ့ ဟုတ်လား’ တဲ့…

ပြီးတော့ သူဆင်းသွားတယ်. ကျွန်တော်လည်း ဆရာမဆီမှာ စာအုပ်ဝင်ထပ်ရင်း မေးလိုက်ပါတယ်. ဘာဖြစ်လို့လဲပေါ့… အဲဒီ့မှာ ဆရာမက ပြန်ပြောပါတယ်. သူ့စက်ဘီးပျက်လို့ ဆိုင်ပို့ထားရတယ်. အဲဒါ ပေါက်ချောင်းထိ လမ်းလျှောက်ပြန်ရမှာတဲ့… ပြောရင်းနဲ့ ဆရာမက ကျွန်တော့်ကို ပြုံးကြည့်နေပါတယ်.

ကျွန်တော်နဲ့ ကျော်သူ အောက်ကို ဆင်းလာတော့ အပြင်မှာ တော်တော်မှောင်နေပါပြီ. မီးတွေကလည်း ပျက်နေတယ်လေ. စက်ဘီးနည်းနည်းလှိမ့်လာပြီးတော့ ကျွန်တော် စိတ်သိပ်မဖြောင့်ဘူးဖြစ်နေတယ်. အဲဒါနဲ့ ကျော်သူ့ကို တိုင်ပင်လိုက်တယ်.

‘ငါတို့ ငြိမ်းသူကို လိုက်ပို့လိုက်ရင်ကောင်းမလား. ဒီကောင် စက်ဘီး မပါဘူး.’

ကျော်သူက ကျွန်တော့်ကို မာနထားစေချင်ပါတယ်.

‘ဘာလို့ လိုက်ပို့မှာလဲ. မင်းနဲ့လည်း ခင်တာမဟုတ်ဘူး’ တဲ့…

ကျွန်တော်လည်း နှုတ်ဆိတ်ပြီး စက်ဘီးကို ဆက်နင်းသွားခဲ့ပါတယ်. ဒါပေမယ့် တအောင့်လောက်နေတော့ ကျော်သူ့ကို ပြန်ပြောလိုက်တယ်.

‘ငါ ဒီကောင့်ကို လိုက်ပို့လိုက်မယ်ကွာ.. မင်းမလိုက်ချင်နေတော့…’

ဆတ်ခနဲ လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်း ကျော်သူက တော်တော် စိတ်ဆိုးသွားခဲ့တယ်လို့ နောက်ပိုင်းကျတော့ ပြန်ပြောပြပါတယ်. စက်ဘီးကို ကုန်းဆင်းအတိုင်း ခပ်မြန်မြန်နင်းပြီး ပေါက်ချောင်းဖက်နင်းလာလိုက်တော့ တံတားကြီးရဲ့ တစ်ဖက် တင်းနစ်ကွင်းနား မရောက်တရောက်မှာ သူ့ကို တွေ့လိုက်ရပါတယ်.

စက်ဘီးကို ကျွီခနဲ သူ့နား ထိုးရပ်ပြီး သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်းနောက်မှာ ကျွန်တော်တို့ကြားက ကန့်လန့်ကာကြီး ကွယ်ပျောက်သွားခဲ့ပါတယ်.

“ငြိမ်းသူ… မင်းစက်ဘီးမပါဘူးမဟုတ်လား. ငါလိုက်ပို့ပေးမယ်.”

သူ အရမ်းကို ကြောင်သွားခဲ့တယ်. ဟုတ်တယ်လေ. သိပ်မတည့်တဲ့ ပြိုင်ဖက်နှစ်ယောက်ကြားမှာ ခုလိုမျိုး ဗြုန်းစားကြီး offer လာလုပ်တာ သူ ဘယ်မျှော်လင့်ထားမှာလဲ…

သူလည်း ငြင်းတာပေါ့… ဒါပေမယ့် ကျွန်တော်ကလည်း ‘တက်ပါကွာ. မင်းကို လိုက်ပို့ဖို့ ငါ တမင် ပြန်လှည့်လာတာ..’ ဆိုပြီး ဇွတ်ပြန်ပြောတာပေါ့.

သူ့ကို စက်ဘီးပေါ်တင်ပြီး ဘဏ်ကြီးနားကဖြတ်၊ မှောင်ရိပ်သန်းနေတဲ့ ထောင်ကြီးနားက ဖြတ်၊ ဘောလုံးကွင်းကြီးနားက ဖြတ်လို့ သူနေတဲ့ ပေါက်ချောင်းရပ်ကွက်လေးထဲကို နင်းသွားခဲ့တယ်. လမ်းထိပ်မှာပဲ သူ့ကို ချပေးဖို့ ပြောတော့ ကျွန်တော်လည်း စက်ဘီးကို အသာထိုးရပ်လို့ သူ့ကို ချပေးလိုက်တယ်.

‘မင်း.. ဒီမှာနေတာလား’ ဆိုပြီး စကားရှာမေးတဲ့ ကျွန်တော့်ကို သူက အားနာတဲ့ အကြည့်နဲ့ ကြည့်ပြီး ကျေးဇူးတင်တဲ့ အကြောင်းပြောပါတယ်. အဲဒီ့နေ့က ကျွန်တော်ပြန်ခါနီး သူနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်..

‘မနက်ဖြန်တွေ့မယ် သူငယ်ချင်း..’ လို့ ပြောရင်း နောက်လှည့်ပြန်ခဲ့တဲ့ ကျွန်တော် အဲဒီ့နေ့က အရမ်းပျော်နေခဲ့တယ်. လူတစ်ယောက်ကို ကူညီလိုက်ရလို့တင်မကဘူး. သိပ်ကို ခင်စရာကောင်းတဲ့၊ တော်တော်လည်း သောက်မြင်ကတ်စရာကောင်းတဲ့ ဘ၀တူ သူငယ်ချင်းကောင်းတစ်ယောက်ကို ရလိုက်လို့ပဲ… ခုဆို ဒီကောင် ကျွန်တော့်ပို့စ်ကို ပြုံးဖြီးဖြီးကြီးနဲ့ ဖတ်နေလောက်ပြီ… (ဟေ့ကောင်.. ငါသာမကယ်ရင် မင်းအဲဒီ့နေ့က ပေါက်ချောင်းထောင်ကြီးနားမှာ အရိုက်ခံရလောက်ပြီကွ သိရဲ့လား.. )

ဆယ်တန်းနှစ်မှာတော့ ကျွန်တော်နဲ့ ငြိမ်းသူအေးဆိုတာ ခွဲခြားမရတဲ့ သူငယ်ချင်းနှစ်ယောက်အဖြစ် အားလုံးက လက်ခံလိုက်ကြပါတယ်. ဘယ်လောက်ထိ စိတ်တူကိုယ်တုဖြစ်လဲဆိုရင် ကျွန်တော်စိတ်ဝင်စားတဲ့ ကောင်မလေးမတွေ့လိုက်နဲ့ သူက စာပေးပြီးပြီ… ကျွန်တော်က သူငယ်ချင်းတွေနဲ့ ပြိုင်ပြီး မိန်းမ နောက်မပိုးချင်ဘူး. နောက်ဆုတ်ပေးလိုက်တာချည်းပါပဲ… ဆယ်တန်းနှစ်က ကျွန်တော် နောက်ဆုတ်လိုက်ရတာ သုံးခါလောက်ရှိတယ်. ဟတ်ဟတ်ဟတ်.

ပြီးတော့လည်း အဲဒီ့ကောင် ဘယ်သူ့ကိုမှ အတည်မကြံဘူး. ကျွန်တော် အသည်းကွဲတတ်အောင် ဒီကောင်လေ့ကျင့်ပေးလိုက်တာဆိုရင်လည်း မမှားလောက်ဘူးဗျ.
ခုတော့လည်း ဒီကောင် စင်ကာပူမှာ ကြီးပွားတိုးတက်နေလေရဲ့…

ကျွန်တော်နောက်နှစ်ကျရင်တော့ ဒီကောင့်ကို လည်ပင်းလာညှစ်ဦးမယ်လို့ ကြိမ်းထားတယ်. ခုတောင် ဒီပို့စ်ဖတ်နေရင်း ထိုင်ခုံပေါ်က ပြုတ်ကျနေပြီလား မသိ. ဟတ်ဟတ်.

အင်း… စက်ဘီးလေးကို အကြောင်းပြုပြီး ရလိုက်တဲ့သူငယ်ချင်းကောင်း တစ်ယောက် အကြောင်းကို စက်ဘီးစီးခြင်းအက်ဆေးလေးထဲမှာ ထည့်ရေးလိုက်ရတာ ရင်ထဲမှာ တော်တော်လေး ပျော်သွားတယ်.

ဆယ်တန်းဖြေပြီးတော့ ဖြေပြီးပြီးချင်းညမှာပဲ ကျွန်တော်တို့ မိသားစု မန္တလေးကို ပြောင်းလာခဲ့ကြပါတော့တယ်. စက်ဘီးနှစ်စီးကိုလည်း ကုန်တင်ကားကြီးပေါ် တင်ခဲ့ကြတာပေါ့ဗျာ..

(ဆက်ပါဦးမည်)

ခင်မင်လေးစားလျက်

ရန်အောင်

Tuesday, July 07, 2009

စစ်ကိုင်း ပညာဒါနသင်တန်းများအတွက် အလှူငွေ စာရင်း (Updates)

09-211-0202 နံပါတ်နဲ့ ဦးဇင်း ဦးကောဝိဒကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်လို့ရပါပြီ။

ဒီစာရင်းက ဇူလိုင် (၆) ရက်နေ့အထိ ဦးဇင်းဆီက လက်ခံရရှိသမျှပါ. စာရင်း အပြည့်အစုံကိုတော့ မ၀ါဝါခိုင်မင်းဘလော့ဂ်မှာ ဒီလိုဖော်ပြပေးထားပါတယ်.

အမေရိကားဖက်က အလှူရှင်တွေကတော့

(၁) ဦးမင်းဟန်+ ဒေါ်ပိုပိုအောင်. သားမောင်မင်းခန့် မိသားစုကောင်းမှု…. USD 100
(၂) မမီးငယ်နှင့်မိသားစုကောင်းမှု ... USD 50
(၃) ဘလော့ဂါရန်အောင်နှင့် မိသားစုကောင်းမှု ... မြန်မာငွေ ကျပ်တစ်သိန်း

တို့ပဲ ဖြစ်ပါတယ်. ကျွန်တော့်အိမ်ကို ဦးကောဝိဒဆီ တိုက်ရိုက်ဆက်သွယ်ပြီး ငွေလွှဲဖို့ကိစ္စ စီစဉ်ပေးဖို့ ပြောခိုင်းထားပါတယ်. ဒီနေ့ (သို့) မနက်ဖြန် နောက်ဆုံးထားပြီး လွှဲပေးသွားမှာ ဖြစ်ပါတယ်. ဦးဇင်းဖက်က အလှူငွေရပြီးရင်လည်း ပို့စ်မှာ update တင်ပေးသွားမှာ ဖြစ်ပါတယ်.

ဒီအလှူငွေကောက်ခံရေး ကိစ္စကို အားတက်သရော ဆောင်ရွက်ကြိုးပမ်းသွားကြတဲ့ မ၀ါဝါခိုင်မင်းကိုဂျေဂျူဝိုင်ရွာသားလေး YTU အစရှိသူတို့ အပြင် တစ်ခြားကူညီပံ့ပိုးပေးသူများ၊ အဆက်အသွယ်များကို ကြိုးစားရှာဖွေပေးသူများနှင့် အလှူရှင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲ တင်ရှိမိပါတယ်ခင်ဗျာ...

ဒီအလှူငွေကိစ္စက တကယ်တော့ ဦးဇင်းရဲ့ ဇူလိုင် (၉) ရက်မွေးနေ့ပွဲအမှီ လှူဒါန်းချင်လို့ ကျွန်တော်တို့ ဘလော့ဂါညီအစ်ကို မောင်နှမတွေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်. ဒီမွေးနေ့ပွဲပြီးတာနဲ့ အရာရာအားလုံးဟာ ပြီးပြည့်စုံသွားမယ်လို့ မမှတ်ယူစေချင်ပါ. ပုံမှန်စောင့်ကြည့် ဆက်သွယ်ပြီး လိုအပ်သမျှကို ဖြည့်ဆည်းပေးသွားဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်.

ဒီတစ်ခေါက် မမှီလိုက်လို့ နောက်တစ်ခေါက်ကျမှ သီးသီးသန့်သန့် လှူဒါန်းချင်သူများအတွက်လည်း ကျွန်တော်တို့ ဆက်လက်စီစဉ်ပေးသွားပါမယ်.

ဆိုလိုတာက တစ်ချို့က ပစ္စည်းတစ်ခုကို သီးသန့် မိမိတို့ နာမည်ထိုးပြီး လှူဒါန်းချင်တာမျိုး ရှိတတ်ပါတယ်. အဲဒါမျိုးကို အဆင်ပြေအောင် ကျွန်တော်တို့ ဦးဇင်းနဲ့ဆက်သွယ်ပြီး update မှန်မှန်ပေးသွားပါမယ်. ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်သလို ဦးဇင်းရဲ့ ဖုန်းကို တိုက်ရိုက်ဆက်ပြီးတော့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်.

ဒါကြောင့် ရှေ့လျှောက် မိမိတို့ကိုယ်တိုင်သော်ဖြစ်စေ၊ စိတ်ဝင်စားသူ စေတနာရှင်များကို ဖြစ်စေ ဆက်သွယ်ပေးသွားဖို့ တပါတည်း မေတ္တာရပ်ခံလိုက်ပါတယ် ခင်ဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်..

စက်ဘီးစီးခြင်း အက်ဆေး (၂)



ရွာမှာ သုံးလလောက် ကိုရင်ဝတ်နဲ့ တစ်ဝါဆိုပြီးနောက် လူထွက်ခဲ့ကြပါတယ်. ပြီးတော့ အဖေတာဝန်ကျရာ စစ်တွေကို ကျွန်တော်တို့ မိသားစု လိုက်သွားခဲ့ကြတယ်. စစ်တွေမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တက်တဲ့ ကျောင်းက အ.ထ.က (၄) ပါ. အိမ်နဲ့ ကျောင်းက သိပ်မနီးမဝေးဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးနဲ့ပဲ နှစ်ပါးသွားခဲ့ရပြန်ပါတယ်..

အဲဒီ့အချိန်ထိ ကျွန်တော် စက်ဘီးကောင်းကောင်း မစီးတတ်ခဲ့သေးပါဘူး. အဖေ့အတွက် ဌာနက ချပေးတဲ့ မောင်ဗမာ စက်ဘီးတစ်စီးရလာတော့ ကျွန်တော် စက်ဘီးစီး သင်ဖြစ်ခဲ့ပါတယ်.

စစချင်းကတော့ ထုံးစံအတိုင်း ဂျောက်ဂျက်စီးနည်းပေါ့ဗျာ. စက်ဘီးမှာ ယောင်္ကျားစီးနဲ့ မိန်းမစီးဆိုပြီး ရှိတယ်ဆိုတာ သိပြီးကြမှာပါ. မောင်ဗမာ စက်ဘီးကတော့ ဘားတန်းနဲ့ဆိုတော့ ယောင်္ကျားစီးပေါ့. ဘားတန်းကို ကျော်ပြီး စီးရအောင်လည်း ကိုယ်က ငါးတန်းအရွယ် အရပ်က မမီသေးဘူးလေ. အဲဒီ့တော့ ဘားတန်းနဲ့ အောက်က ခြေနင်းခုံကြားကို ညာဖက် ခြေထောက်တစ်ဖက် ထိုးသွင်းပြီး ဘယ်ဖက်ခြေထောက်နဲ့ အောက်ကိုတစ်ချက် ဂျောက်ခနဲ နင်းချလိုက်. ညာဖက်ခြေထောက်နဲ့ ဟိုဖက် ခြေနင်းကို ဂျက်ခနဲ တစ်ချက် ပြန်ဆွဲတင်လိုက်နဲ့ ဂျောက်ဂျက်စီးနည်းကို စသင်ခဲ့ပါတယ်.

မောင်ဗမာ စက်ဘီးကို မျက်စိထဲမြင်အောင် နည်းနည်းပုံထပ်ဖော်လိုက်ဦးမယ်ဗျ. ဘားတန်းကြီးနဲ့ အမြင့်ကြီးပေါ့ဗျာ. ယောင်္ကျားကြီးတွေ စီးတဲ့ စက်ဘီးမျိုး. အရှေ့မှာ မီးသီးကြီးပါတယ်. ပြီးတော့ ကြိုးနဲ့ နောက်ဘီးကို သွယ်သွားပြီး နောက်ဘီး ကယ်ရီယာအောက်နားလေးမှာ ဒိုင်နမိုတစ်ခုပါတယ်. အလယ်က တန်းအောက်မှာ လေထိုးတံချိတ်ဖို့ ချိတ်နှစ်ခုပါတယ်. အပေါ်တစ်ခုနဲ့ အောက်တစ်ခုပေါ့. အဲဒီ့ကြားထဲမှာမှ ငွေရောင် လေထိုးတံကို တပ်ထားရတယ်. အခုခေတ် ပြိုင်ဘီးတွေမှာတော့ အဲဒီ့နေရာမှာ ရေဘူးလေးတွေ တပ်ထားတတ်ကြတယ်လေ. မျက်စိထဲ မြင်အောင်ပြောတာပါ.

ဘာလို့အဲလောက် အသေးစိတ်ပြောနေရလဲဆိုတော့ အကြောင်းရှိလို့ပါ.

ရေကူးသင်ခါစလူတစ်ယောက် ရေနစ်ဖူးမှ ရေကူးတတ်သလို စက်ဘီးစီးသင်ခါစ လူတစ်ယောက်အတွက်လည်း စက်ဘီးစီးသင်ရင်း ထိခိုက်ဒဏ်ရာရဖူးမှ တတ်တယ်လေ.
ကျွန်တော်စက်ဘီးစီးသင်တော့ ကျွန်တော့်ကို လိုက်ထိန်းပေးတာက ကျွန်တော့်အစ်ကိုမဟုတ်ခဲ့ပါဘူး. ကျွန်တော်တို့ မီးသတ်ဌာနကြီးရဲ့ ဟိုဖက်ခြမ်းက စက်မှုလက်မှုသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအကြီးဆုံးပါ. ကျွန်တော်တို့ မီးသတ်ခြံဝင်းကြီးထဲမှာ စက်ဘီးစီးသင်တော့ သူက နောက်က လိုက်ပြီး ထိန်းပေးပါတယ်. ဂျောက်ဂျက်စီးလိုက်. နည်းနည်းလေးယိုင်သွားရင် သူကလိုက်ထိန်းပေးလိုက်နဲ့ တော်တော်လေး ဟုတ်လာတော့ သူလည်း ကျွန်တော့်ကို လွှတ်လိုက်ပါတယ်.

လွှတ်လိုက်ခါစက နည်းနည်းလေး မတ်နေပေမယ့် ရှေ့ဖက်ကို အရှိန်လွန်လာလေလေ ကိုယ့်ဟန်ချက်ကို ကိုယ်မထိန်းနိုင်လေဖြစ်ပြီးတော့ ကျွန်တော်တစ်ယောက် ခြေထောက်က ဘားတန်းနဲ့ ခြေနင်းခုံကြားတန်းလန်းဖြစ်လျက် ပစ်လဲပါတော့တယ်. ပစ်လဲတာမှ တော်ရုံလဲတာမဟုတ်ဘူးလေ. ခုနက လေထိုးတံတပ်တဲ့ ငုတ်လေးနဲ့ ကျွန်တော့်ဒူးခေါင်းနဲ့ ငြိပြီး ဟက်တက်ကို ကွဲထွက်သွားတာပါ.

လူဆိုတာ မျက်ခနဲ ဒူးခေါင်းမှာ တစ်ချက်နာလိုက်တာပဲသိတယ်. ပြီးတော့ အသားဖြူဖြူကြီးတွေကို မြင်လိုက်ရတယ်. ပြီးလည်းပြီးရော သွေးတွေများ ဖြာခနဲ ထွက်ကျလာလိုက်တာ ခြေထောက်အောက်ပိုင်းတစ်ခုလုံး သွေးတွေကို ရဲသွားတော့တာပဲ. အသံပြဲကြီးနဲ့ အော်တော့ အမေတို့လည်း အိမ်ပေါ်ကနေဆင်းလာ. ပြာယာတွေခတ်ပြီး ချက်ချင်းပဲ အဖေ့ရဲ့ ရုံးကားကိုထုတ် ဆေးရုံကို ပြေးရပါတယ်.

ဟုတ်ကဲ့. သုံးချက်ချုပ်လိုက်ရပါတယ်. ညာဖက်ဒူးခေါင်းမှာ အဲဒီ့အမာရွတ်လေး ခုထိ ရှိနေသေးတယ်. အခုဒီစာရေးနေရင်တောင် လှမ်းစမ်းမိလိုက်သေးရဲ့. အဲဒီ့နောက်ပိုင်း အမေတို့ကလည်း ကျွန်တော့်ကို စက်ဘီးပေးမစီးတော့ပါဘူး. ကျောင်းကနေလည်း ခွင့်ယူလိုက်ရပါတယ်. တကယ့်ကို မှတ်မှတ်ရရဖြစ်စေခဲ့တဲ့ စက်ဘီးစီးသင်ခန်းစာ တစ်ခုပဲပေါ့ဗျာ.

နည်းနည်လေး နာလန်ပြန်ထူလာတော့ ကျွန်တော် အဖေတို့ အလစ်မှာ စက်ဘီးပြန်စီးပါတယ်. ဒီတစ်ခေါက်ကျတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လေထိုးတံတပ်တဲ့ငုတ်လေးမှာ လေထိုးတံကို တပ်ထားလိုက်ပါတယ်. မသကာ ထပ်လဲနေရင် ထပ်ကွဲနေမှာစိုးလို့လေ.

စီးလိုက် လဲလိုက်. ပြန်ထလိုက်. ထပ်ကြိုးစားလိုက်နဲ့ နောက်တစ်ပတ်လောက်နေတော့ ကျွန်တော် ဂျောက်ဂျက်ကို ကောင်းကောင်းစီးတတ်သွားပါတယ်. (အဆိုတော် ဂျောက်ဂျက်ကို လည်ပင်းခွစီးနေတာလို့ သွားမမြင်လိုက်နဲ့နော်. ဟတ်ဟတ်..)

စက်ဘီးစီးတတ်ခါစလူတိုင်းဖြစ်တတ်တာက စက်ဘီးကို အချိန်ပြည့် စီးချင်နေတာပါပဲ… ကျောင်းကနေ ပြန်ရောက်တာနဲ့ အ၀တ်အစားလဲ. ဗိုက်နည်းနည်းဖြည့်.. ပြီးလည်းပြီးရော မီးသတ်ဝင်းကြီးထဲမှာ ကျွန်တော် စက်ဘီးပတ်စီးတော့တာပါပဲ… ပြောက်ကျားဘောင်းဘီတိုလေးဝတ်ပြီး စွပ်ကျယ်အဖြူလေးနဲ့ ဂျောက်..ဂျက်… ဂျောက်… ဂျက်ဆိုပြီး မီးသတ်တစ်ဝင်းလုံး အနှံ့ စက်ဘီးပတ်စီးနေခဲ့တဲ့ ကျွန်တော့်ပုံစံလေးကို အခု ပြန်မြင်ယောင်လာမိတယ်. မမေ့နိုင်တဲ့ ငယ်ဘ၀လေးတွေပါပဲဗျာ….

ကျွန်တော့်အဖေနဲ့ အဖေ့ရဲ့ သူငယ်ချင်းက တစ်မြို့ထဲ တာဝန်ကျတယ်ဗျ. သူက စကားပြောတာ ဟောဟောဒိုင်းဒိုင်းနဲ့မို့ ရာထူးတက်တာ တစ်ဆင့်ကျန်ခဲ့တယ်. ၁၉၈၈ မှာ အဖေရော သူရော ရှေ့ဆုံးကနေ တို့အရေးလုပ်မိလို့ နှစ်ယောက်လုံးပဲ မဲဇာအပို့ခံလိုက်ရတယ်လေ. စစ်တွေကိုပေါ့. အဖေက ပြည်နယ်မှူး၊ သူက မြို့နယ်မှူးအနေနဲ့ တစ်ပြိုင်တည်းပို့ထည့်လိုက်တယ်. အဖေနဲ့ သူ့သူငယ်ချင်းနဲ့က မတည့်အတူနေ တစ်ကျက်ကျက်နဲ့… သူတို့ တည့်ရင် ကျွန်တော်တို့ သားသမီးတွေ အချင်းချင်းလည်း တည့်လိုက်ကြ၊ ပစ်ကနစ်တွေဘာတွေ အတူတူထွက်လိုက်ကြနဲ့ပေါ့… သူတို့အချင်းချင်း စကားမပြောကြတော့ရင် ကျွန်တော်တို့ သားသမီးတွေလည်း မပြောကြတော့ပြန်ဘူး. ဖြစ်ပုံက အဲဒီ့လို…

တစ်ရက်ကျတော့ ကျောင်းကအပြန် ကျွန်တော်က ဂျောက်ဂျက်စီး… အဖေ့သူငယ်ချင်းသားကလည်း စက်ဘီးပတ်စီးပေါ့… သူတို့လည်း မောင်ဗမာ စက်ဘီးတစ်စီးရထားတယ်လေ. သူ့နာမည်က အောင်အောင်တဲ့… အောင်အောင်က ကျွန်တော့်ထက် ကြီးလည်းကြီးတယ်. အရပ်လည်းရှည်တယ်. အဲဒီ့တုန်းက သူက လူကြီးတစ်ယောက်လို စက်ဘီးကို ခွစီးနိုင်နေပြီ. ကျွန်တော်ကတော့ ခြေထောက်လေးထိုးပြီး ဂျောက်ဂျက်ပဲပေါ့. ဒီလိုပဲ ညနေခင်းတွေမှာ စက်ဘီးပတ်စီးနေကြရင်းနဲ့ တစ်နေရာအရောက်မှာ လမ်းကျဉ်းလေးနဲ့ ဆုံပါလေရော… သူကလည်း မလျှော့ဘူး. ကျွန်တော်ကလည်း မလျှော့ဘူး.. အိမ်နှစ်အိမ်ကြားက လမ်းကျဉ်းလေးထဲမှာ သူနဲ့ ကျွန်တော်ပြိုင်တိုက်ကြပါလေရောဗျာ… Mission Impossible 2 ထဲက တွမ်ခရုစ်နဲ့ လူကြမ်းမင်းသား ဆိုင်ကယ်ပြိုင်တိုက်သလိုမျိုးပေါ့. ဟတ်ဟတ်..

တကယ်တမ်းပစ်လဲတော့ ကျွန်တော်လဲတာပေါ့. သူက အရပ်ရှည်တော့ ခြေထောက်နဲ့ လှမ်းထောက်ထားလိုက်တယ်လေ. ကျွန်တော်လည်း ရှက်ရှက်နဲ့ သူ့စက်ဘီးကို ခြေထောက်နဲ့ကန်ပြီး ထွက်သွားလိုက်တယ်. ကျွန်တော်ထွက်သွားတော့ အောင်အောင်က လှမ်းပြောလိုက်ပါသေးတယ်. ‘မင်း… အရင်ဝင်တိုက်တာနော်…’ တဲ့…
ဟတ်ဟတ်ဟတ်… ခုတော့လည်း အောင်အောင်တစ်ယောက် ဘယ်ရောက်နေတယ် မသိတော့ပါဘူးဗျာ… အင်း… ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်စားမြုံ့ပြန်ရတာ အရသာတော့ ရှိသား…

ဂျောက်ဂျက်စီးရတာ နည်းနည်းကြာလာတော့ ကျွန်တော် ငြီးငွေ့လာပြန်ပါတယ်. အဲဒါနဲ့ ဘားတန်းကို ခွပြီး စီးတတ်ဖို့ ကြိုးစားလာပါတယ်. အရပ်မမှီဘဲနဲ့ ဘားတန်းကို ဘယ်လိုခွမလဲ ဟုတ်လား…

Where there’s a will, there’s a way.. တဲ့ဗျ… ဟတ်ဟတ်… လေကြီးပြီလို့ ပြောနေကြပြီထင်တယ်.

ဒီလိုဗျ. စက်ဘီးကို စပြီးစီးတော့မယ့်အခါမှာ ခြေနင်းကို အပေါ်ဖက်ထိ ရစ်ပြီး တင်ထားလိုက်တယ်. ပြီးလည်းပြီးရော အဲဒီ့ခြေနင်းပေါ်ကို ကျွန်တော့် ဘယ်ဖက်ခြေထောက်နဲ့ တက်အနင်းမှာပဲ ညာဖက်ခြေထောက်က ဘားတန်းကို ကျော်ခွလိုက်ပြီး ထိုင်ခုံပေါ်လှမ်းထိုင်လိုက်တယ်. ပြီးလည်းပြီးရော ခုနက ဘယ်ဖက် ခြေနင်းကို အရှိန်နဲ့ နင်းချလိုက်တယ်. ခြေနင်းက အောက်ကို ဆင်းသွားတယ်. အဲဒီ့အချိန်မှာ ညာဖက်ခြေနင်းက အပေါ်ကို တက်လာတယ်. ညာဖက်ခြေထောက်နဲ့ နင်းချလိုက်တယ်. ဟိုးအောက်ထိ မမှီဘူးနော်. မျက်စိထဲ မြင်လားတော့မသိဘူး. ခြေနင်းကို အပေါ်ကနေ အားနဲ့ နင်းချလိုက်တာ. ခြေနင်းက သူ့ဖာသာသူ အောက်ကို ဆက်ပြီး အရှိန်နဲ့ကျသွားတာ. တစ်ဖက်က ပြန်တက်လာတဲ့ ခြေနင်းကို လှမ်းခတ်ပြီး ထပ်နင်းချတာ. အဲဒီ့လိုနဲ့ ခြေနင်းလေး ဟာတာဟာတာနဲ့ ကျွန်တော် ဘားတန်းအပေါ်ကနေ လောကကြီးကို စီးမြင်.. အဲလေ. စက်ဘီးစီးတတ်လာခဲ့ပါတော့တယ်.

လွယ်တယ်လို့တော့ မထင်နဲ့ကိုယ့်လူ… အဲလိုစီးတတ်နိုင်ဖို့ စက်ဘီးချိန်းကြိုး ကောင်းကောင်းရစ်ဖို့လိုတယ်. မဟုတ်ရင် ဒီဖက်က ခြေနင်းကို နင်းချလိုက်ပေမယ့် ချိန်းကြိုးက မကောင်းတော့ တစ်..တစ်..တစ်..တစ်နဲ့ အောက်ဖက်မှာ အသံသာမြည်ပြီး ဟိုဖက်က ခြေနင်းက တက်မလာဘူး. အဲဒီ့အချိန်မှာ ကွိုင်စားပြီ ဆရာ… လူက အောက်ကိုလည်းမမှီ. ဆက်ပြီး နင်းရအောင်လည်း ခြေနင်းက တက်မလာ… စက်ဘီးလေးက အရှိန်နဲ့လိမ့်ခါလိမ့်ခါ သွားနေချိန်မှာ ဘာလုပ်ရလဲသိလား…

စွန့်ရတယ်ဗျာ… စွန့်ရတယ်. ဟတ်ဟတ်.. မြက်ခင်းထူမယ့်နေရာ၊ သဲဖုတ်ထူမယ့်နေရာဖက်ကို စက်ဘီးကို ဦးတည်ချက်ပြောင်း၊ ပြီးလည်းပြီးရော လူက ခုန်ထွက်ဖို့ ခြေထောက်ကို အသင့်ပြင်ထား… ကိုယ်လှဲချမယ့်ဖက်ကို ရွေး… ဘယ်ဖက်ကို လှဲချမယ်ဆိုရင် ညာဖက်ကို ခုန်ထွက်ဖို့… ညာဖက်ကို လှဲချမယ်ဆိုရင် ဘယ်ဖက်ကို ခုန်ထွက်ဖို့… မျက်စိထဲမှာ ဘီးချမရတဲ့ လေယာဉ်ပျံ မြက်တောထဲထိုးဆင်းခါနီး operate လုပ်နေတဲ့ ပိုင်းလော့တစ်ယောက်လို သဘောထားပြီး…. ရွှီးးးးးးးးးးးးး… အုံး……

မြက်တောလေးထဲ (သို့) သဲဖုတ်ထဲမှာ ပက်လက်လှန်ရင်း ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေတဲ့ ကျွန်တော့်စိတ်ကူးထဲမှာတော့ လေဘာတီမမြရင်ရဲ့ ကကြိုးလေးတစ်ကွက်က ထင်းခနဲ ပေါ်ပေါ်လာတတ်ပါတယ်…

ဘာတဲ့… “ပေတစ်ရာပင် လျှောက်ပါလို့… မြင်သလောက် ပြလိုက်ချင်ပါတယ်…” ဆိုလားပဲ…

ကျွန်တော်ကတော့ ကားတွေ မောင်းနေတဲ့ ပေတစ်ရာလမ်းပေါ်တက်ပြီး ကိုယ်စက်ဘီးစီးတတ်ကြောင်း ပြလိုက်ချင်ပေမယ့် လောလောဆယ်တော့ ဂျောက်ဂျက်ဘ၀နဲ့ပဲ မြက်တောလေးထဲမှာ ပစ်လဲနေခဲ့ရတယ်လေ… ပြောရင်းနဲ့ ငိုချင်လာပြီ… အိ.အိ.အိ….

ဒီလိုနဲ့ ၆ တန်းလောက်ရောက်တော့ ကျွန်တော်နည်းနည်း ရှည်ထွက်လာပါတယ်. အရပ်ပြောတာပါ. အဟတ်ဟတ်… အဲဒီ့အချိန်ကတော့ စက်ဘီးလည်း ကောင်းကောင်းနိုင်လာခဲ့ပြီလေ… တစ်ခါတစ်လေ ကတ္တရာလမ်းပေါ် ထွက်စီးနိုင်လောက်တဲ့ အထိလည်း ရဲလာခဲ့ပြီ. အစ်ကိုက အမေ့ကို စစ်တွေဈေးကြီးထဲ စက်ဘီးနဲ့ လိုက်ပို့ပေးတတ်တယ်. ကျွန်တော်အဲဒီ့နေရာကို အရမ်းယူချင်ခဲ့တာပဲ… အမေ့ကို စက်ဘီးနဲ့ ဈေးလိုက်ပို့ပေးချင်တာပေါ့…

တစ်ကြိမ်မှာတော့ ရှားရှားပါးပါး ဖြစ်ခဲ့ပါတယ်. အဲဒီ့တုန်းက အဖေမအားဘူး. အစ်ကိုကလည်း နေမကောင်းဖြစ်နေတယ်. ၀မ်းပျက်တယ်ဆိုလားပဲ. အမေက ဈေးသွားဖို့လိုနေတယ်. ရဲဘော်တွေကိုလည်း လိုက်ပို့မခိုင်းချင်ဘူး. ကျွန်တော်နဲ့လည်း တစ်ခါမှ မသွားဖူးဘူးလေ. ဒါပေမယ့် ကျွန်တော်ခပ်တင်းတင်းပဲ ပြောလိုက်ပါတယ်.

‘သားလိုက်ပို့ပေးမယ် အမေ’

မီးသတ်ဝင်းကြီးထဲကအထွက် ကတ္တရာလမ်းမပေါ်မှာ စက်ဘီးကို ကိုင်ထားတုန်း အမေက နောက်က ထိုင်ခုံပေါ်ကိုတက်၊ ဈေးခြင်းတောင်းကို ရင်ခွင်ထဲပွေ့ထားချိန်မှာ ကျွန်တော်က စက်ဘီးကို အရှိန်ယူပြီး တစ်လိမ့်နှစ်လိမ့်နဲ့ သုံးလိမ့်မြောက်မှာ ဘားတန်းကို ခွတက်လိုက်ပါတယ်. စက်ဘီးက တစ်ချက်သိမ့်ခနဲဖြစ်သွားပေမယ့် အတွေ့အကြုံက နည်းနည်းစကားပြောလာတော့ ပြန်ထိန်းလိုက်နိုင်ပါတယ်. အမေကတော့ ရင်တဖိုဖိုနဲ့ရယ်ပေါ့…

ကျောင်းကြီးကိုဖြတ်၊ အားကာရုံကြီးကို ဖြတ်၊ မ၀တ ရုံးကြီးကိုဖြတ်၊ ဆေးရုံကြီးကိုဖြတ်ပြီးတော့ ကုလားတန်မြစ် (၀ါ) ကစ္ဆပနဒီမြစ်ကြီးကို လှမ်းမြင်လိုက်ရချိန်မှာ ကျွန်တော်တစ်ယောက် အမေ့ကို တင်လျက် ဈေးလမ်းကြီးအတိုင်း စက်ဘီးနင်းနေခဲ့တာပေါ့…… မြစ်ပြင်ကျယ်ကြီးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးကို ကျွန်တော် တစ်ဝကြီး ရှူရှိုက်လိုက်ချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ဘာပြောနေခဲ့လဲသိလား…

‘ငါကွ!’ တဲ့လေ…

ဟတ်ဟတ်ဟတ်…

(ဆက်ပါဦးမည်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်