Tuesday, June 26, 2007

ရန်အောင်ပြောတဲ့ Blog Conference


အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေခင်ဗျာ.

ကျွန်တော်အလုပ်များနေခဲ့လို့ ဘလော့ဂ်လောကက ခေတ္တခဏကွယ်ပျောက် သွားခဲ့ရပါတယ်. တကယ်တော့ ကိုယ့်ဘလော့ဂ်ကိုပြန်လာမကြည့်ရလောက်အောင် အလုပ်များနေခဲ့တာတော့ မဟုတ်ခဲ့ပါဘူး. ကျွန်တော်ရိုးသားစွာဝန်ခံချင် ပါတယ်ခင်ဗျာ. ကျွန်တော်ဘလော့ဂ်ရေးသားခြင်းကို ရပ်နားဖို့ထိ စဉ်းစားနေ ခဲ့မိပါတယ်. ဒါကြောင့်ဘာပို့စ်ကိုမှ မရေးတော့တာပါ. Gtalk ကိုလာရင်လည်း ခဏပဲ Email ၀င်စစ်ပြီး ပြန်ပြန်ထွက်သွားတာကို ကျွန်တော်နဲ့ စကားပြောနေကျ သူငယ်ချင်းများ မချင့်မရဲဖြစ်နေကြတာ ကျွန်တော်ရိပ်မိပါတယ်. အားလုံးပဲ ခွင့်လွှတ်နားလည်ပေးကြပါလို့ ကျွန်တော်တောင်းပန်ချင်ပါတယ်.

ဒီကြားထဲမှာ ကျွန်တော်ဘာတွေ တွေးနေမိခဲ့သလဲ…

နံပတ်တစ်အနေနဲ့ ကျွန်တော့်စိတ်ကို လာပြီးနှိပ်စက်နေတာကတော့ ကျွန်တော်လုပ်ခဲ့လိုက်မိတဲ့ အမှားတစ်ခုကြောင့်ပါ. မြန်မာဘလော့ဂါအသင်း ဖွဲ့စည်းရေးကိစ္စမှာ စိတ်အရမ်းလောသွားပြီး ကျွန်တော်တစ်ယောက်တည်း One Man Show လုပ်ပစ်လိုက်သလို ဖြစ်သွားခဲ့တယ်. မကောင်းတာတွေလည်းရှိခဲ့သလို ကောင်းတာတွေလည်း ရခဲ့ပါတယ်.

မကောင်းတာတွေက စပြောရရင်တော့ ကျွန်တော်တစ်ကိုယ်ကောင်းဆန်သွား မိခဲ့တယ်. ဘလော့ဂါတွေကို ညီညွတ်စေချင်လို့ တစ်ယောက်ချင်းလိုက်ညှိ မနေတော့ဘဲ အလုပ်ကို အရင်လုပ်ပြလိုက်တာ ကောင်းမယ်လို့ ကျွန်တော် အတွေးရောက်သွားမိခဲ့တယ်. အသင်းကြီးဖွဲ့စည်းရေးကိစ္စတွေကျွန်တော် တစ်ယောက်တည်း အကွက်ချပစ်ခဲ့လိုက်မိတယ်. ဘလော့ဂ်အသစ်တွေယူတယ်. အသင်းသားတွေခေါ်တယ်. Constitution ဆွဲဖို့အတွက် လေ့လာတယ်. အသင်းကြီးရဲ့ Infrastructure ကိစ္စတွေအထိ ကျွန်တော် စဉ်းစားနေခဲ့မိတယ်.

ကျွန်တော်လုပ်လိုက်တဲ့ကိစ္စကို အကောင်းမြင်တဲ့သူတွေ ရှိသလို ကဲ့ရဲ့ရှုတ်ချကြသူတွေလည်း အများကြီး ရှိတယ်ဆိုတာကို အသင်းကြီးဘလော့ဂ်ကို လာဖတ်သူတိုင်း သိရှိပြီး ဖြစ်ကြမှာပါ. အမှန်တကယ်မှာတော့ စိုးရိမ်ပူပန်မှုတွေနဲ့ စကားတင်းပြောဆိုလိုသူတွေ ပိုများနေတာကို အလန့်တကြားတွေ့လိုက်ရတယ်. ကျွန်တော်မတွေးထားခဲ့မိတဲ့ ကိစ္စတွေပါနေသလို၊ မလိုအပ်ဘဲ ပူပန်ကြောင့်ကြ နေမှုတွေ၊ အကြံပေးသယောင်နဲ့ ပြစ်တင်ပြောဆိုနေမှုတွေကို တွေ့လိုက်ရတယ်.

သူတို့တစ်ဦးချင်းစီကို ပြန်လည်တုံ့ပြန်မပြောဆိုခဲ့ပါဘူး. ဒါကိုလည်း လာဖတ်သူတိုင်း သိမှာပါ. အဲလိုပြောမယ့်အစား သူတို့ရဲ့ ပူပန်မှုတွေကို အသင်းကိစ္စအတွက် အကြံပေးချက်များအနေနဲ့ မှတ်သားထားခဲ့ပါတယ်.

ဘေးထွက်ဆိုးကျိုးအနေနဲ့ ကျွန်တော် စာရေးချင်စိတ် ကုန်ခမ်းသွားခဲ့ပါတယ်. ကျွန်တော်စာမရေးဘဲ ရက်အတန်ကြာပျောက်နေခဲ့ရတဲ့ အကြောင်းရင်းက အဲဒါပါပဲ. ဒီကြားထဲမှာ စာမူဘလော့ဂ်အတွက် စာတွေပဲ ဖိဖတ်ပေးနေခဲ့တယ်. ပြီးတော့ ကျွန်တော်မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်ချို့ကို အခန်းအောင်းရင်း ဖတ်နေခဲ့မိတယ်. နည်းနည်းပြုတ်ကျသွားခဲ့တဲ့ စိတ်ဓာတ်တွေကို ပြန်လည်အားပေး နေခဲ့မိတယ်ဗျာ.

ခုတော့လည်း အဆင်ပြေသွားပါပြီ. တကယ်ဆို ကျွန်တော်က အားလုံးရဲ့ စိတ်အားထက်သန်မှုတွေကို ဖြည်းဖြည်းချင်း ဆွဲဆောင်စည်းရုံးသိမ်းသွင်းရမှာကို မစဉ်းမစားဘဲ အလျင်စလို လုပ်ခဲ့မိတာကိုး. အားလုံးရဲ့ Mood ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားခဲ့တယ်. ကျွန်တော့်အမှားပါပဲ. ၀န်ခံပါတယ်.

ဒါဆို ကျွန်တော် ဒီကိစ္စကို ဆက်မလုပ်တော့ဘူး၊ လက်လျှော့အရှုံးပေးလိုက်ပြီ လို့များ တွေးထင်ကောက်ချက်ချဆွဲမိနေကြမလား..

မဟုတ်ပါဘူး.

လုံးဝ ဆက်လုပ်ပါမယ်.

ဒါပေမယ့် အားလုံးနဲ့ သေချာစွာတိုင်ပင်ဆွေးနွေးပြီးမှပဲ ခြေလှမ်းတွေကို တစ်လှမ်းချင်းပဲ လှမ်းပါတော့မယ်.

အခု ကျွန်တော်တို့ စာအုပ်ကိစ္စကို အရင်ဆုံးပြီးမြောက်အောင် အကောင်အထည် ဖော်ကြမယ်. နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ရန်ကုန်က မြန်မာဘလော့ဂါများ အသင်းဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးကြမယ်လို့ သိရပါတယ်. တော်တော်ကို အားတက်မိပါတယ်ခင်ဗျာ…

ကောင်းတဲ့ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ အားလုံးအတွက် ကျွန်တော်ဓားစာခံ လုပ်ပေးလိုက်ပါပြီ. ဘလော့ဂါများ ညီညွတ်ဖို့ အမှန်တကယ်ကို လိုအပ်နေပြီဆိုတာ သိသာထင်ရှားနေပါပြီ. မြန်မာဘလော့ဂါလောကမှာ ဘလော့ဂါတွေ မှိုလိုပေါက် နေပါပြီ. ဒါပေမယ့် စည်းလုံးညီညွတ်မှု မရှိကြပါဘူး…

စနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ အရေအတွက်နည်းချင်နည်း ပေမယ့် ၀ါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ လူအုပ်စုကို လွှမ်းမိုးနိုင်တယ်ဆိုတာ နည်းနည်းလောက်တွေးကြည့်လိုက်တာနဲ့ သိမှာပါ.

ဒီလိုပြောလို့ ကျွန်တော်တို့ အသင်းဖွဲ့စည်းတာဟာ မြန်မာဘလော့ဂါအချင်းချင်း ဗိုလ်ကျစိုးမိုးဖို့ လုပ်တယ်လို့များ အတွေးမချော်လိုက်ပါနဲ့ဦး..

မြန်မာဘလော့ဂါများကို ဒီလိုလုပ်ရမယ်၊ ဟိုလိုမလုပ်ရဘူးလို့ စီစဉ်ညွှန်ကြား နေမယ့် အဖွဲ့အစည်းလည်း မဟုတ်ပါဘူး.

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ နာရေးကူညီမှုအသင်း၊ ရွှေတိဂုံစေတီတော် ဝေယျာဝေစ္စအသင်း …. စသည်စသည်တို့ ဘာလို့ ဖွဲ့ကြတာလဲ.

နာရေးကူညီမှုအသင်းကပဲ စပြောမယ်ဗျာ. (ဖျက်သိမ်းခံလိုက်ရတာကိုတော့ အများကြီး ၀မ်းနည်းမိပါတယ်)

လူတစ်ယောက်ကိုယ့်ရပ်ကွက်ထဲမှာ ဆင်းရဲနွမ်းပါးစွာ သေသွားပါပြီတဲ့. တတ်နိုင်သလောက် အရပ်ကတော့ ကြည့်ရှုစောင့်ရှောက်ပေးကြမှာပါ. ဒါပေမယ့် နေရာတကာမှာတော့ ဘယ်သူကမှ တာဝန်ယူစောင့်ရှောက်ပေးနေကြမှာ မဟုတ်ပါဘူး. သဂြိုဟ်စရိတ်ကအစ အားလုံးအစစအရာရာ ဈေးနှုန်းမြင့်မားနေတဲ့ အချိန်မှာ နာရေးကူညီမှုအသင်းဆိုတာ ပေါ်ပေါက်လာခဲ့တယ်. သေဆုံးသွားတဲ့ လူနာတစ်ယောက်ကို မြေကျသည်အထိ ကူညီပေးနိုင်ဖို့သာမက ကျန်ရစ်သူ မိသားစုဝင်များကိုပါ အတိဒုက္ခမရောက်အောင် ကူညီစောင့်ရှောက်ပေးနိုင်အောင်ပါ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းပါပဲ.

အဲဒီ့အဖွဲ့အစည်းကြီးက ဘယ်လောက်ထိ ဘာတွေ ကူညီခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်မှာပါ. ခုကျွန်တော်ပြောချင်တာက သူတို့ ဘာလုပ်ခဲ့တယ် ဆိုတာထက် သူတို့ ဘာလို့အဲလိုလုပ်နိုင်တယ်ဆိုတာကို ပြောချင်တာပါ.

ရှင်းပါတယ်. System ရှိလို့ပါ. စည်းလုံးညီညွတ်လို့ပါ. ရန်ပုံငွေစုဆောင်းနိုင်လို့ပါ. စေတနာစစ်မှန်လို့ ကူညီထည့်ဝင်သူတွေ ရှိနေလို့ပါ. ထပ်ပြောရရင်တော့ အများကြီးပါပဲလေ..

အဲလိုပါပဲ.

မြန်မာလူမျိုးတွေဟာ စေတနာ စစ်မှန်တယ်၊ ဖြောင့်မတ်တယ်၊ ကူညီချင်တယ်ဆိုတာ အားလုံးအသိပါပဲ. ရွှေတိဂုံစေတီတော်ကြီး သန့်ရှင်းရေး အတွက် လာရောက်ပြီး တံမြက်စည်းများ လှဲပေးကြပါ. သန့်ရှင်းရေးများ လုပ်ပေးကြပါလို့ အကူအညီတောင်းကြည့်ပါ.

လာကြမှာပါပဲ. ဘယ်နှစ်ယောက်လာမှာလဲ ကျွန်တော်တို့ မသိနိုင်ဘူး. အယောက် ၁၀၀ လာတဲ့နေ့ ရှိနိုင်သလို ၁၀ ယောက်လောက်ပဲ လုပ်အားလာပေးသူတွေလည်း ရှိမှာပါပဲ. အဲဒါဘာလို့လဲ. စေတနာမရှိလို့လား. အလကားအလုပ်ပါလို့ ထင်နေလို့လား..

မဟုတ်ပါဘူး. အမှန်တကယ်မှာတော့ စနစ်မရှိလို့ပါ. ခုဆိုရင် ဝေယျာဝေစ္စအသင်းဆိုပြီး ဖွဲ့ထားတယ်. အသင်းသားတွေကို တာဝန်ပေးထား တယ်. သူတို့တွေအလှည့်ကျ ဘုရားရင်ပြင်တော်ကို သန့်ရှင်းတယ်. ဘုရားဖူးများအဆင်ပြေအောင်၊ စိတ်ချမ်းချမ်းသာသာနဲ့ ကုသိုလ်ဒါနပြုနိုင်အောင် ကူညီပေးတယ်.

ဘာလို့အောင်မြင်လဲ.. ရှင်းပါတယ်. စနစ်ရှိလို့ပါ. ဝေယျာဝေစ္စအသင်းမှာ အဖွဲ့ဝင်ဘယ်နှစ်ယောက် ရှိတယ်ဆိုတာသိတယ်. ဘယ်နေ့မှာ ဘယ်သူတွေ လုပ်အားလာပေးမယ် ဆိုတာ သိနေတယ်. သတ်မှတ်ထားတယ်. အားလုံးက အစစအရာရာ စနစ်တကျ ရှိနေတယ်. ဒါကြောင့် အလုပ်ဖြစ်တယ်..

ဒါဟာ အဖွဲ့အစည်းတစ်ခု ရှိသင့်ခြင်းရဲ့ ဥပမာတစ်ခုပါပဲ. ကျွန်တော့်အမြင်တွေကို ခေတ္တရပ်လို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြင်ကိုလည်း တင်ပြဆွေးနွေးခွင့်ပြုပါ…

ပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည် ပြောင်းလွဲစေသည့် ရီနေဆွန်းနှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းအရပ်တည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမ ဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည် ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ကူးလူး ဆက်ခံခြင်းမှာ ပိုမို၍ နယ်ကျယ်လာလေသည်။ ယခုခေတ်အခါတွင် ဤသို့ ကူးလူးဆက်ခံခြင်းမှာ ပိုမို၍နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်း အပြည်ပြည် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကိုလွန်ဆန်၍ ကိုယ့်ဘက်၊ ကိုယ့်သဘောကိုမြင်သော၊ ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆအမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍၊ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရရှိလာနိုင်လေသည်။

….
….

နောင်ခတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည်၊ ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်၊ မကိုင်တတ်၊ မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း…

မောင်အောင်ဆန်း
ကျောင်းသားဝတ္တရား

အဲဒါလွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်လောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတွေးအမြင်ပါပဲ. ခုချိန်ထိမှန်ကန်နေပါသေးတယ်. ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ပြောသွားတဲ့ တကယ့်ပညာရေးဆိုတာ စာအုပ်ထဲမှာမရှိနေတဲ့ ပညာရေးဖြစ်နေလို့ပါပဲ. အချိန်မရွေးကြည့်ပါ. မှန်နေပါလိမ့်မယ်.

ခုကျွန်တော်တို့ အသင်းအဖွဲ့လုပ်တာမှာ ပညာအများကြီးရနိုင်ပါတယ်. အချင်းချင်း ညှိနှိုင်းဆွေးနွေးတာ၊ သူ့အမြင်ကိုယ့်အမြင်ဖလှယ်တာ၊ ရည်ရွယ်ချက်တစ်ခုကို ဖြစ်မြောက်အောင်မြင်အောင် ကိုယ့်အတ္တသူ့အတ္တမထုတ်ဖော်ဘဲ အတူတကွ ပူးပေါင်း လုပ်ဆောင်တာ၊ သည်းခံစိတ်မွေးတာ၊ ရင့်ကျက်မြော်မြင်နိုင်စွမ်းတွေ ရှိလာနိုင်တာ၊ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာသင်ယူနိုင်တာ… စသည်စသည်ဖြင့် များပြားလှတဲ့အရည်အချင်းတွေ၊ ပညာတွေကို လေ့လာဆည်းပူးခွင့်ရနိုင်ပါတယ်…

အနောက်နိုင်ငံရဲ့ ပညာရေးမှာ Liberal Arts Education ဆိုတာ တော်တော်ခေတ်စားတယ်. သူက ကျောင်းသားတစ်ယောက်ကို လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိလာအောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးနည်းစနစ်တစ်ခုပဲ. ကျောင်းသားကို သူကြိုက်တဲ့ဘာသာရပ်တွေကို ယူခွင့်ပေးတယ်. သူလိုချင်တဲ့အထူးပြုဘာသာရပ်ကို သူ့ဖာသာပဲ ရွေးချယ်ဆုံးဖြတ်စေတယ်. Independent Study လို့ခေါ်တဲ့ မိမိလေ့လာချင်တဲ့ ဘာသာရပ် အကြောင်းအရာတွေကို ပါမောက္ခနဲ့ ညှိုနှိုင်းပြီး လေ့လာသင်ယူခွင့်လည်း ပေးတယ်။ Internship လို့ခေါ်တဲ့ ကွင်းဆင်းလေ့ကျင့်ဖို့ အတွေ့အကြုံတွေကို လက်တွေ့ ဆည်းပူးနိုင်ဖို့လည်း အခွင့်အရေးတွေ ဖန်တီးပေးတယ်။ စာသင်ခန်းထဲမှာလည်း မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်ပေးတယ်.

ဒါကြောင့် အနောက်နိုင်ငံက ကျောင်းသားတွေဟာ မိမိအမြင်ကို တင်ပြဖို့ နောက်မတွန့်ဘူး. မကြောက်ရွံ့ဘူး. လူငယ်ဆိုပေမယ့်လည်း မသိမ်ငယ်ဘူး. လူကြီးကလည်း လူငယ်ကို အထင်မသေးသလို လူငယ်ကလည်း လူကြီးကို မပစ်ပယ်ဘူး.. ခုကျွန်တော်ဆွေးနွေးနေတာ ပညာရေးနည်းစနစ်ပါ. အတုယူသင့်တာကို အတုယူရမှာ မိမိကိုယ်ကို ကောင်းစေတော်စေချင်တဲ့ လူသားတိုင်းရဲ့ တာဝန်ဝတ္တရားပါပဲ.

အတုယူစရာနောက်တစ်မျိုးကတော့ ဒီကတက္ကသိုလ်တွေမှာ အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးထားတယ်. ကျောင်းသားတိုင်း လွတ်လပ်စွာ ပါဝင်လှုပ်ရှားနိုင်တယ်. မပါဝင်တဲ့ကျောင်းသားတွေလည်း ရှိတာပေါ. အချိန်ကုန်ပါတယ်လို့ ထင်သူတွေလည်း အများကြီးပါ. ၀င်ရောက်လှုပ်ရှားနေသူ တွေကတော့ ကိုယ့်ဖာသာကိုယ်သိနေတယ်. ဒီလို အသင်းအဖွဲ့ သမဂ္ဂတွေထဲမှာ ပါဝင်လှုပ်ရှားခွင့်ရတာဟာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်အောင် လေ့ကျင့်သင်ကြားနေခြင်းပဲ. ကျောင်းကမသင်ပေးနိုင်တဲ့ ပညာတွေ၊ (သို့) သင်ပေးလိုက်တဲ့ သီအိုရီတွေကို လက်တွေ့ အသုံးချနိုင်ဖို့ လေ့ကျင့်ကွင်းတစ်ခုပဲလို့ မြင်ပါတယ်.

ပြောရရင်တော့ အများကြီးပေါ့ဗျာ. လိုရင်းကို ပြန်ဆွဲပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ စနစ်ကျကျ အဖျက်ဆီး ခံထားရပါတယ်. မူလတန်းကစလို့ ဘွဲ့လွန်တန်းတွေထိ Course Syllabus တွေ၊ သင်ကြားမှုနည်းစနစ်တွေဟာ တော်တော်ကို ပရမ်းပတာနိုင်လွန်းပါတယ်. လွတ်လပ်စွာတွေးတောပြောဆိုခွင့်ကို တားမြစ်ထားပါတယ်. စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ချုပ်နှောင်ဖို့ ကြိုးစားထားကြပါတယ်. အထင်ရှားဆုံးသာဓက ပြရရင်တော့ တက္ကသိုလ်ကျောင်းသားတွေကို ယူနီဖောင်းတွေ ၊ တူညီဝတ်စုံတွေ ၀တ်ခိုင်းတာတို့၊ ကျောင်းခန်းထဲကို နောက်ကျရင်ဝင်မရအောင်လုပ်ထားတာတို့၊ စုစုစုစုလုပ်ရင် အရေးယူတာတို့ စသည်ဖြင့်ပေါ့.

အဲဒါကို မခံနိုင်လို့ ခင်ဗျားတော်လှန်ကြည့်ပါ. ဘာဖြစ်သွားမလဲ.

သေချာတယ် ခင်ဗျား ကျောင်းထုတ်ခံရမယ်. ခင်ဗျားနောက်မှာ ဘယ်သူမှ ပါမလာဘူး. ပါမလာရဲအောင်လို့လည်း လုပ်ထားတယ်. အစည်းအရုံး သမဂ္ဂဆိုတဲ့ စကားလုံးကိုလည်း တစ္ဆေသရဲတစ်ကောင်လို ကြောက်ရွံ့နေအောင်လုပ်ထားတယ်. ဘာလို့လဲ.. ရှင်းပါတယ်. စည်းလုံးညီညွတ်သွားမှာကို ကြောက်လို့ပဲ. ကျန်တာတွေကို ကျွန်တော် ဆက်မပြောချင်ဘူး. ပြောစရာလည်း မလိုပါဘူး. ခင်ဗျားတို့ အားလုံး အသိပဲ မို့လို့ပါ…

အဲလိုကိစ္စတွေ ပြောနေလို့ ကျွန်တော်တို့ အခုလုပ်ချင်တဲ့ မြန်မာဘလော့ဂါအသင်းရဲ့ ရည်ရွယ်ချက်ကိုလည်း တစ်မျိုးတစ်မည် မထင်လိုက်ကြပါနဲ့ဦး. မြန်မာလူငယ်တွေ ရင့်ကျက်တွေးခေါ်နိုင်စွမ်းရှိလာအောင်၊ ဒီမိုကရေစီဆိုတာကို လက်တွေ့ကျကျ နားလည်လာအောင်၊ ခေါင်းဆောင်မှုအရည်အသွေးတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ ထက်မြက်လာအောင်၊ နိမ့်ကျနေတဲ့ မြန်မာပြည်သူလူထုအတွက် စည်းစည်းလုံးလုံး နဲ့ ကူညီပံ့ပိုးပေးနိုင်အောင် အင်အားတွေကို စုစည်းလိုက်တာပဲ.

နိုင်ငံရေးလုပ်ဖို့ ဖွဲ့စည်းထားတာမဟုတ်ဘူး. ဒါပေမယ့် လုပ်သင့်ရင်လည်း လုပ်မှာပဲ. ကြောက်နေမယ့်လူစားမျိုးတွေ မဟုတ်ဘူး. ကြောက်မွှေးပါရင် ဇာဂနာနဲ့ ဆွဲနှုတ်ခဲ့ပါ. အသင်းမ၀င်ရဲသူတွေကိုလည်း အပြစ်မဆိုပါဘူး. ဘေးကထိုင်ပြီး အားပေးလို့လည်း ရပါတယ်. စေတနာ ရှေ့ထားသလိုလိုနဲ့တော့ ဘေးထိုင်ဘုပြော မလုပ်ကြပါနဲ့လို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်…

စာအုပ်ထုတ်ဝေရေးကိစ္စတုန်းမှာလည်း မဖြစ်နိုင်ဘူးလို့ တွေးထင်သူတွေ အများကြီးပါ. လူချင်းမတွေ့ဘဲနဲ့ အွန်လိုင်းပေါ်မှာ ဘယ်လိုအလုပ်လုပ်ကြမှာလဲ၊ ရန်ပုံငွေတွေကို ဘယ်လိုကောက်ခံမှာလဲ၊ မင်းတို့ကို ယုံရော ယုံပါ့မလား၊ ရလာတဲ့ရန်ပုံငွေတွေကို ဘယ်လိုသိမ်းဆည်းမှာလဲ၊ ဘယ်သူက တာဝန်ခံမှာလဲ၊ လူညီပါ့မလား. ….. စသည်ဖြင့် ပြောဆိုကြပါတယ်. အဲလိုပြောသူတွေရဲ့ လုပ်အားတွေ တစ်စက်မှ မပါဘဲ ကျွန်တော်တို့ စာအုပ်ကိစ္စကို ဖြစ်မြောက်အောင် စီစဉ်နိုင်ခဲ့ပါတယ်. ပါဝင်လှုပ်ရှားပံ့ပိုးပေးနေသူတိုင်း သိပါတယ်. ငါတို့ရဲ့ အရည်အသွေးတွေ အများကြီးတိုးတက်ပြောင်းလဲ လာခဲ့ပြီလို့.. ကိုယ့်ကိုယ်ကိုယ်လည်း နှစ်ထောင်းအားရ ပီတိဖြစ်ကြမှာ မလွဲပါဘူးဆိုတာ နဖူးပေါ် လက်တင်ပြီးစဉ်းစားနေရင်တောင် အချိန်ကုန်နေပါဦးမယ်…

လက်ရှိအချိန်မှာ စာအုပ်ကိစ္စအတွက် အတားအဆီးက ဆင်ဆာပဲ ရှိပါတော့တယ်. ဒါကိုလည်း ကျွန်တော်တို့ ဖြစ်မြောက်အောင်၊ ကျော်လွှားသွားနိုင်အောင် စီစဉ်သွားကြမှာပါပဲ. ကျွန်တော်တို့ စာအုပ်ထုတ်ဝေရေးအဖွဲ့ရော၊ ပါဝင်ကူညီသူ တွေရော လူညီပါတယ်…. တစ်ဦးနဲ့တစ်ဦးလည်း ရိုင်းပင်းကူညီကြပါတယ်..

အသင်းကိစ္စနဲ့ စာအုပ်ကိစ္စကို တွဲပြောရတာက အထင်ရှားဆုံး အောင်မြင်မှုတစ်ခုကို ပူပူနွေးနွေးလေး ထုတ်ဖော်ဆွေးနွေးပြချင်လို့ပါ.

အသင်းကြီးဘလော့ဂ်မှာ လာရောက်ပြီး မှတ်ချက်ရေးပေးသွားတာလေးတွေထဲက တစ်ချို့ကို ကောက်နှုတ်ဆွေးနွေးလိုပါတယ်.

တစ်ယောက်ကပြောတယ်. ဘလော့ဂ်ရေးတယ်ဆိုတာ လွတ်လပ်စွာ ကိုယ့်အမြင်တွေကို ထုတ်ဖော်ပြောဆို ရေးသားချင်လို့ ရေးတာ။ ဒါကို အသင်းအဖွဲ့တွေနဲ့၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းနေမယ်ဆိုရင် ဘယ်ကောင်းမလဲ. သင့်တော်မယ်ဆိုရင်တော့ ဆက်လုပ်ကြပေါ့ဗျာ တဲ့..

ဒီမေးခွန်းကို ကျွန်တော်ဖြေကြားပြီးပြီလို့ မျှော်လင့်ပါတယ်. မြန်မာဘလော့ဂါတွေ ကိုလည်း မင်းက ဒါရေး၊ ဟိုဟာမရေးနဲ့. မင်းရေးသွားတာမကောင်းဘူး. ကောင်းတယ် လိုက်ပြောနေဖို့ အသင်းဖွဲ့တာ မဟုတ်ပါဘူး. ကျွန်တော်တို့မှာ Mission တွေ၊ Objective တွေ ရှိပါတယ်. ဘာတွေလဲဟလို့ တွေးနေသူများအတွက် အမြည်းသဘောလေးပေးပါမယ်. မြန်မာဘလော့ဂါများ မူပိုင် ယူနီကုတ်စနစ်နဲ့ ဖောင့်တီထွင်ပါမယ်. မြန်မာနိုင်ငံထဲက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပဒေသာပင် ထူထောင်ပြီး လစဉ်ငွေလွှဲနိုင်အောင် လုပ်ပါမယ်. ဥပမာတွေပါနော်.

ဟာ. မင်းတို့ ရည်ရွယ်ချက်တွေက မြင့်လှချည်လား. ဘယ်လိုတွေ ဘယ်ပုံတွေ လုပ်မှာလဲ. ဘယ်သူတွေက စီမံမှာလဲ။ ခန့်ခွဲမှာလဲ. ရန်ပုံငွေတွေ ဘယ်လိုကောက်ခံမှာလဲ. မေးနေကြပြီလား

မပူပါနဲ့.. လုံးဝဖြစ်စေရမယ်. ကျွန်တော်တို့ လောလောဆယ် လိုနေတာက စည်းလုံးညီညွတ်မှုပဲ. ဒါကိုတည်ထောင်နိုင်ရင် ကျန်တာတွေက သူ့အလိုလို ဖြစ်လာပါလိမ့်မယ်.

နိဗ္ဗာန်ကိုရောက်ချင်ရင် ခုချက်ချင်း တရားလေးတော့ စမှတ်လိုက်ပါ. ဘာလဲ. ဘယ်လိုလဲ. ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ ဆိုတာတွေကို သိပ်မစဉ်းစားပါနဲ့ဦး. ဘေးလူတွေက ဘယ်လိုပြောမှာလဲ စသည်တွေကိုလည်း တွေးပူမနေပါနဲ့ဦး. သူတို့ပြောချင်ရာပြောပါစေ. သဘောထားအမြင်ဆိုတာ ပေါပေါများများ ရနိုင်တဲ့ ပေးနိုင်တဲ့ ကုန်ပစ္စည်းတစ်ခုပါပဲလို့ တက်ကျမ်းရေး ဆရာကြီး Napolean Hill က သူ့ရဲ့ Think and Grow Rich စာအုပ်ထဲက စာမျက်နှာ ၁၇၇ မှာ ဒီလိုရေးသားခဲ့ဖူးတယ်.

“Opinions” are the cheapest commodities on earth. Everyone has a flock of opinions ready to be wished upon anyone who will accept them. If you are influenced by “opinions” when you reach DECISIONS, you will not succeed in any undertaking, much less in that of transmuting YOUR OWN DESIRE into money.

If you are influenced by the opinions of others, you will have no DESIRE of your own.

ဒီတော့ကာ ကျွန်တော်တို့ကို ဘေးကနေ သွားပုတ်လေလွင့် ပြောဆိုမယ့် အသံတွေကြောင့် မိမိတို့ရဲ့ ရဲရင့်မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေကို အလဟဿ မဖြစ်သွားစေပါနဲ့လို့ နောက်တစ်ချက်အနေနဲ့ တိုက်တွန်းချင်ပါတယ်.

နောက်ထပ်စိုးရိမ်ပူပန်မှုတစ်ခုကတော့ မြန်မာဘလော့ဂါတွေရဲ့ Geographical Location ကို တောင်းဆိုထားတဲ့ ကိစ္စပါပဲ. နိုင်ငံရေးဘလော့ဂါတွေအတွက် အန္တရာယ်ရှိနိုင်တယ်. ဒီအဖွဲ့အစည်းက နအဖ၊ ကြံ့ဖွတ်တို့က နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား. ဘာတွေလဲလို့ ပြောသူကပြော. ရူးပါပေ့ ပေါပါပေ့ မြန်မာတွေရယ်လို့ ထောမနာပြုသူကပြုကြပါသေးတယ်.

အဲဒါကိုလည်း ဒီပို့စ်နဲ့အတူ ဖြေရှင်းလိုပါတယ်.

ဘာမှ ဆက်မပြောခင် အားလုံးကိုပဲ ပြန်မေးလိုပါတယ်. ခင်ဗျားတို့အနေနဲ့ ဒီလို Online Community တစ်ခုကို တည်ထောင်တဲ့ အခါမှာ ဘလော့ဂါတွေရဲ့ နေရာလေးတွေကို သိထားရင် ပိုအဆင်ပြေမယ်လို့ မထင်ဘူးလား. သူ့ရဲ့ အမည်မှန်၊ နေရပ်လိပ်စာ၊ မွေးစာရင်း၊ ပုံစံ ၁၀ တွေ၊ အိမ်ထောင်ရှိမရှိ၊ ဘယ်မှာ အလုပ်လုပ်၊ လခဘယ်လောက်ရ. ဒါတွေကိုလိုက်မေးနေမှာလား. ကျွန်တော့်ကို လာမေးကြည့်. ကျွန်တော်လည်း မပြောပါဘူး.

ခုဟာက အတွေးသိပ်ခေါင်နေကြတယ်. တွေးသလိုလိုနဲ့ ခေါင်နေကြတယ်ဗျာ. ကျွန်တော်ပြောပြီးပြီလေ. ဇုံတွေခွဲမယ်လို့. စင်ကာပူ၊မလေးရှား၊ မြန်မာ၊ ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ ဆွီဒင်၊ ဒိန်းမတ်၊ အမေရိကား. စသည်ဖြင့်ပေါ့. နာမည်ရင်းကိုလည်း မမေးပါဘူး. ဘလော့ဂ်ရေးတဲ့ နာမည်နဲ့ ဘယ်ကလဲ ဆိုတာပဲ သိချင်တာပါ. ဒါမှလည်း အလုပ်လုပ်လို့ရမှာပေါ့. ဒီလိုဘလော့ဂ်နာမည်နဲ့ နေရပ်ဇုံကို မေးတာ မသင့်တော်ဘူးထင်ရင်လည်း ရပါတယ်. Constitution ထဲမှာ ထည့်ရေးဖို့ အကြံပြုပါမယ်. မတောင်းခံသင့်ပါဘူးလို့. အင်း. ဒါပေမယ့် တစ်ခုတော့ ရှိတယ်. ဘယ်လိုမျိုး ပူးပေါင်းလုပ်ဆောင်မလဲ ဆိုတာကို ပိုကောင်းတဲ့ အကြံတစ်ခုတော့ ခင်ဗျားတို့ တစ်ပါတည်း ယူဆောင်တင်ပြလာသင့်တယ်.

ကြံ့ဖွတ်လား၊ နအဖလား၊ နောက်ကွယ်က ဘယ်သူကြိုးကိုင်နေတာလဲ…. အားပါးပါးးးး ဒါတွေကို မဖြေတော့ဘူးဗျာ. ဒီနာမည်တွေကို ရိုက်နေရတာ လက်သနလို့… ကျွန်တော့်ဘလော့ဂ် ညစ်ညမ်းတယ်…

ယုံကြည်ရင်လက်တွဲပါ. မယုံကြည်ရင်လည်း အဝေးကို မသွားပါနဲ့ဦး. ကျွန်တော်တို့ကို ယုံကြည်သူတွေနဲ့ ကျွန်တော်တို့ ဘယ်လိုလက်တွဲပြီး ရည်ရွယ်ချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်သွားသလဲဆိုတာကို စောင့်ကြည့်ပါ. ယုံကြည်နိုင်ပြီထင်ရင် လာခဲ့ပါ. တံခါးဖွင့်လျက်ပါပဲ. မကူညီနိုင်ချင်နေပါ. မဖျက်ဆီးကြပါနဲ့

နောက်ကြည့်ပါဦးဗျာ. Constitution၊ Official Blog စတာတွေကိုလည်း ပြက်ရယ်ပြုထားကြတယ်. အဖွဲ့အစည်းတစ်ခုမှာ Constitution ရှိရမှာပေါ့. ဒါကို အခြေခံဥပဒေလို့ နာမည်ပေးတာမမှားပါဘူး. အရင်ထဲက ဒီလိုပဲ ခေါ်ဝေါ်ခဲ့တာပဲ. ၁၉၄၇ အခြေခံဥပဒေဆိုတာ အထင်အရှားရှိခဲ့တာပါ. ဦးနေ၀င်းက သူအုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့ရအောင် ပါလီမန်နဲ့ အခြေခံဥပဒေတွေကို ဖျက်သိမ်းခဲ့တာ မြန်မာ့သမိုင်းကို စိတ်ဝင်စားသူတိုင်း သိပါတယ်. လက်ရှိမှာ နအဖက အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေရေးဆွဲတာကို ကမ္ဘာကျော်ဂင်းနစ် စံချိန်စာအုပ်ထဲဝင်အောင် ကြိုးစားနေတာနဲ့ `အခြေခံဥပဒေ´ ဆိုတဲ့ စကားလုံးကြားတာနဲ့ မုန်းတီးနေချင်ကြပြီ. ကဲဗျာ. ဒါဆိုလည်း အဲဒီ့အကြံပေးသူတွေပဲ ဆက်လက် အကြံပေးကြပါ. Constitution ကို ဘယ်လို မြန်မာမှုပြုရင် အသင့်တော်ဆုံးလဲ. ကွန်စတီးကျူးရှင်းလား.

သရော်စာရေးဖို့ မခဲယဉ်းပါဘူး. အသရော်ခံလိုက်ရသူကို မနာနာအောင် ရေးရင် သရော်စာဖြစ်တာပဲ. ခုကျွန်တော်ရေးလိုက်တဲ့ ဒီပို့စ်ကို သရော်စာလို့ သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်. ဒါပေမယ့် ရည်ရွယ်ချက်ရှိတဲ့ သရော်စာပါ. ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး တိုက်ခိုက်နေတာ မဟုတ်ပါဘူး. အဖွဲ့အစည်းတစ်ခုကို လူတွေရဲ့ လက်ခံယုံကြည်မှုရလာအောင်လို့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ရှင်းလင်း ရေးသားပေးတဲ့ Blog Conference ပဲ ဖြစ်ပါတယ်…

ကဲဗျာ. Conclusion လေး ဆွဲလိုက်ကြရအောင်…

(၁) ကျွန်တော်အသင်းကိစ္စကို တစ်ယောက်တည်း လုပ်ခဲ့မိတာ မြန်မာဘလော့ဂါများအားလုံးကို ဒီနေရာကနေ အနူးအညွှတ်တောင်းပန်ပါတယ်. အသင်းကြီး မဖွဲ့စည်းရသေးပါဘူး. မတည်ထောင်ရသေးပါဘူး. ကျွန်တော်သုံးနှုန်း ခဲ့တာတွေ မှားယွင်းနေတာပါ. ဒါတွေကို ပြန်ရုပ်သိမ်းပါတယ်

(၂) အသင်းကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ မြန်မာဘလော့ဂါများနဲ့ အတွေးအမြင် အကြံအစည်များကို နှီးနှောဖလှယ် သွားပါမယ်.

(၃) အသင်းရဲ့ အခြေခံဥပဒေအတွက်နဲ့ အသင်းသားများခေါ်ယူရေးအတွက် လက်ရှိလုပ်နေတဲ့ မြန်မာဘလော့ဂါအသင်းကြီး ဘလော့ဂ်ကို ဆက်ဖွင့်ထားပါမယ်.

(၄) ဆီဘောက်စ်မှာ ခုချိန်ကစပြီး အမနာပ လာပြောသူတွေရဲ့ စာသားတွေကို တုံ့ပြန်မနေပါဘူး ဖျက်ပစ်ပါမယ်.

(၅) အမှန်တကယ် အကြံပေးချင်ရင် Constitution ပို့စ်အောက်မှာပဲ လာရောက်ပြီး ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်

(၆) မြန်မာတွေ သိပ်ခက်တယ်လို့ ပြောချင်သူများ မြန်မာတွေ သိပ်ထက်တယ်လို့ ပြန်ပြောသွားနိုင်စေဖို့ ခုမကြာခင် ဖွဲ့စည်းမယ့် မြန်မာဘလော့ဂါအသင်းကြီးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးဖို့ ဖိတ်ခေါ်ပါတယ်. မြန်မာဘလော့ဂါဖိုရမ်မှာ ဒီအသင်းဖွဲ့စည်းရေးအတွက် ကျယ်ကျုယ်ပြန့်ပြန့် စတင်ဆွေးနွေးမှာ ဖြစ်လို့ လာရောက်ပြီး အကြံပြုဖို့ တစ်ပါတည်း ဖိတ်ခေါ်ပါတယ်.

(၇) အမိမြန်မာနိုင်ငံတော်ကြီးအတွက် တစ်စုံတစ်ရာလုပ်ပေးချင်တယ်လို့ စိတ်ပိုင်းဖြတ်ထားသူများ၊ ခေါင်းဆောင်မှုအရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လိုသူများကိုလည်း ဒီအသင်းကြီးထဲမှာ ပါဝင်ထမ်းရွက်ဖို့ ဖိတ်ခေါ်ပါတယ်.

(၈) အနာဂတ်မြန်မာပြည်ကို ဦးဆောင်မယ့် လူငယ်များဆိုတာထက် ဦးဆောင်နေတဲ့ လူငယ်များလို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချသူများ ဒီအသင်းအဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြိုးစားဖို့ ဖိတ်မန္တကပြုပါတယ်..

အပ္ပာမာဒေန သမ္မာဒေထ…

ရန်အောင်


15 comments:

မောင်ဂျက် said...

ကိုရန်အောင်ရဲ့ မေတ္တာစေတနာ ကို အရမ်းလေးစားပါတယ် ။ကိုရန်အောင်လို ရှေ့ထွက်ပြီး ခေါင်းဆောင်ရဲတဲ့ bloger တွေမတွေ့မိသေးဘူး။ ကိုရန်အောင်မှားတယ်လို့ထင်ခဲ့တဲ့အမှားတွေက စေတနာနဲ့မှားခဲ့တဲ့ အမှားတွေလို့ထင်ပါတယ် ။ လူငယ်တွေတိုးတက်ရေးအတွက် တက်ကြွတဲ့ လူငယ်အဖွဲ့အစည်းရှိသင့်တယ်ထင်လို့ ကျွန်တော်က ဆက်ပြီး အားပေးသွားပါမယ် ။ အပင်မြင့်လေ လေတိုက်ခံရလေမို့ ကိုရန်အောင်ကို လေးစားမိပါတယ်။

Hteink Min said...

နိုင်ငံရေးလုပ်ဖို့ ဖွဲ့စည်းထားတာမဟုတ်ဘူး. ဒါပေမယ့် လုပ်သင့်ရင်လည်း လုပ်မှာပဲ. ကြောက်နေမယ့်လူစားမျိုးတွေ မဟုတ်ဘူး. ကြောက်မွှေးပါရင် ဇာဂနာနဲ့ ဆွဲနှုတ်ခဲ့ပါ.

ကိုရန်ကြီးရေခိုက်တယ် ဗျို့ မိုက်တယ်ဗျို့.. ရှေ့ဆက်လျှောက်ကြပါစို့..

မိုးကုတ်မီဒီယာ said...

I just reach blogger family more than a months. I didn't know about U. But i read ur topics and services. And I bleive at u and ur mind. Walk On!

TharPhyu

မိုးလေး said...
This comment has been removed by the author.
မိုးလေး said...

ကိုရန်အောင်ရေ...စိတ်ဓါတ်ကိုလဲကြိုက်တယ်…
အရေးအသားကိုလဲခိုက်တယ်…
ချစရာရှိတာဆက်သာချဗျာ…
ကျနော်ကတော့အားပေးရုံတင်မကဘူး…
တတ်နိုင်တဲ့နေရာဝင်လိုက်ပါဆိုရင်လဲ ၀င်လိုက်ဖို့အသင့်ပဲ..

ကိုဖြိုး said...

ကိုရန်ရေ ..
လောကမှာ ဘေးထိုင်ဘုပြော သူတွေ များသလို ဝေလေလေတွေလည်း များတယ်။ ဖော်လံဖားတွေလည်း များတယ် ဘာပဲပြောပြော လူအများနဲ့လုပ်တာဆိုတော့လည်း အခက်သားလား။ နောက်တစ်ခါဆွေးနွေးပွဲကို ကိုရန်အောင်ကပဲ ဦးဆောင်ပြီးလိုက်ဖိတ်ဗျာ။ ခင်ဗျား စိတ်မလေတော့ဘူးဆိုတာကိုပဲ ၀မ်းသာလှပြါီ။ ဂရုတော့စိုက်ဗျာ။ လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ မို့လားဗျ။ ကျွန်တော်တို့အနေနဲ့ လက်တွဲကြိုဆိုပြီး လမ်းညွှန်ပြောပြပေးရုံပေါ့ဗျာ။ စိတ်ကို ရှင်းရှင်းထားရင် လင်းလင်းမြင်ပါတယ်ဗျ။ ခင်ဗျားအတွက် ဘယ်လိုဟာတွေ အနှောင့် အယှက်ဖြစ်ဖြစ် စိတ်မညစ်ကြေးဗျာ။ ကျွန်တော်ကတော့ တတ်နိုင်သမျှကူညီပေးမယ်။ ဒါဘဲ။ မတတ်နိုင်ရင်တော့လည်း ဆောရီးပဲပေါ့ဗျာ။ ကိုရန်အောင်တစ်ယောက် စိတ်မပျော်ရွှင်ဖြစ်မှုတွေ ပျောက်ပြီး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေဗျာ။

hnin said...

Hi koyan!
I understand your mind. I also want like you. Don't care everybody. Somebody want to distrub. I always encourage you. So... carry on!!!
fighting...

ပြည့်မွန်သျှံ said...

ဦးဆောင်နေတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ဓါတ်ဆိုတာ ဒီလိုဘဲ ဖြစ်သင့်တယ် ... ဆက်လုပ်ပါ ... အနားမှာမရှိပေမဲ့ ... အဝေးကနေကူညီပေးမှာပါ ...

Anonymous said...

we love your great idea.

we are from burma today (burmatoday.net, blogger.burmatodaymedia.com)

by the way, burma today want to post your idea, suggestion and creation in our blogger or burma today main site. if you don't mine, pls send the reply email to postoffice@burmatodaymedia.com

thanks for your time and we are waiting for your valuable response.

sincerely,

burma today

Anonymous said...

မောင်ရန်.. ဆက်လုပ်ပါ ။ အားပေးနေတယ် ။

နှစ်ကူး said...

“ရည်ရွယ်ချက်” ကြီးမားလေလေ.. အခက်အခဲ.. အတားအဆီးများလေလေ ဖြစ်တယ်။ အားပေးပါတယ်..။ အပြောနဲ့ ကဲ့ရဲ့သူတွေကို အလုပ်နဲ့ သက်သေပြဖို့အတွက်လည်း ကူညီဖို့လဲ အသင့်ပါ…။

Anonymous said...

ဆက်လုပ်ပါ အားပေးတယ် ကူညီလိုရင်လဲ ကူညီပေးပါ့မယ်။ လက်တွဲညီညီ ရှေ့သို့ချီကြတာပေါ့။

Anonymous said...

ဟမ် အဲလိုတွေဖြစ်တယ်လား. ကျွန်မလည်း အွန်လိုင်းပေါ်ကနေ လုံးဝပျောက်နေတော့ ဘာမှမသိလိုက်ရဘူး။ ဒါပေမယ့် ကိုရန်အောင်တို့လုပ်တဲ့ အစီစဉ်တွေအားလုံးကိုတော့ သိပါတယ်။ အားလုံးအတွက် အချိန်ကုန်ခံ ၊ ခေါင်းခြောက်ခံပြီး လုပ်နေတဲ့ အရာတွေဖြစ်တဲ့အတွက် လက်ခံသဘောတူပါတယ်နော် .. ။ လူတစ်ကိုယ် ၊ စိတ်တစ်မျိုး အတွေးကိုယ်ပိုင်ရှိတဲ့အတွက် လွတ်လပ်ခွင့်အနေနဲ့တော့ အမျိုးမျိုးပြောခွင့်ရှိပါတယ် .. ။ ကိုရန်အောင်တို့စီစဉ်ဖွဲ့စည်းနေတာတွေအားလုံးကို အားပေးထောက်ခံကြောင်းတော့ ဒီနေရာမှာ မဲပေးခဲ့တယ်နော်။

julysan said...

ိကျနော် ကတော့ ဘာမှမသိပါဘူး
ဒါပေမယ့် အားပေးပါတယ်
စုပေါင်းလုပ်ရတာကို နှစ်သက်ပါတယ်
ကိုရန်အောင်တို့နဲ့ အတူဆောင်ရွက်ပါရစေ
ဟုတ်ပါတယ်
အဖွဲ့အစည်းနဲ့ လုပ်တာက ပိုကောင်းပါတယ်
မဲပေးပါတယ်

ရှမ်းကလေး said...

ကိုရန်ရေ အခုမှပဲ ဒီပို့ကို ပြန်ဖတ်ဖြစ်တယ်ဗျ... တော်တော်တော့ ကြနေပါပြီ...၊ ကျွန်တော်လည်း ကိုရန်ရဲ့ စာတွေကို ပြန်ဖတ်ရဦးမယ်...၊ ဒါပေမဲ့ မကုန်နိုင်တာက ခက်နေတယ်... တနေ့တပုဒ်တော့ ဖတ်နေတာပဲဗျ... ဟဲဟဲ မပြီးနိုင်သေးဘူး... ကိုရန်ရေးတာက အကောင်းတွေချည်း ပဲကိုးဗျ..၊ ဘယ်သူက အဲ့ဒီပို့တွေကို အလွတ်ခံနိုင်မှာလဲ
ကိုရန်ပျော်ရွင်နိုင်ပါစေဗျား

ရှမ်းကလေး