Monday, April 06, 2009

ပိတောက်မျက်ရည်...


Source


သင်္ကြန်ကျတော့မယ် မရေ...

ဒီအချိန်ဆိုရင် မ တစ်ယောက် အရင်လိုပဲ သင်္ကြန်ရောက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ပျော်ရွှင်မြူးတူးစွာနဲ့ ရင်ခုန်နေမလား... ဒါမှမဟုတ် သင်္ကြန်ဆိုတာ စိတ်ဟောင်းစိတ်ညစ်တွေကို ဆေးကြောသင့်တာဆိုပြီး တရားစခန်းဝင်ဖို့ မောင့်ကို အဖော်ညှိနေမလား...

ဘာတွေဘယ်လိုပဲ စိတ်ကူးယဉ်နေယဉ်နေခဲ့. မောင်နဲ့မကတော့ ဟိုးးးးးးးအဝေးတစ်နေရာဆီမှာ မဆုံဆည်းနိုင်တဲ့ ဘ၀လမ်းကြောင်းတွေကို ကိုယ်စီလျှောက်လှမ်းနေကြဆဲပါလေ...

သင်္ကြန်ကျတော့မယ်နော်. မ

.....

"မောင်ရေ... ရုံးက ကိုစိုင်းကမေးနေတယ်. သူတို့ ကားငှားထားတယ်တဲ့. တစ်ယောက် ၃၀၀၀ ပေးရမယ်တဲ့. အတက်နေ့ တစ်ရက်ပဲ လည်မှာတဲ့. အဲဒါ မောင် လိုက်မလား..."

ငုံ့စားနေသော တို့ဟူးသုပ်ဖတ်တစ်ဖတ် လမ်းမပေါ်သို့ ပြုတ်ကျသွားခဲ့သည်ကို နှမြောတသစွာ ငေးကြည့်ရင်း သူမကို မော့မကြည့်ဘဲ ပြန်မေးဖြစ်သည်..

"မ သဘောက ဘယ်လိုလဲ..."

"မကတော့ လိုက်ချင်တယ်. တစ်နှစ်မှ တစ်ခါပဲ လည်ရတာ. ပြီးတော့သူများတွေလို စတေ့ခ်ျရှိုးတွေဘာတွေတောင် ကြည့်ဖြစ်ခဲ့တာမဟုတ်ဘူး မဟုတ်လား. အဲဒါ..."

"အဲဒါ" ဟုပြောပြီး ရပ်လိုက်သော သူမ၏ စကားသည် ဘာမှဆက်ပြောစရာမလိုလောက်အောင် အင်အားကောင်းနေခဲ့လေသည်...

ဘူးသီးဟင်းခါးခွက်ထဲသို့ ငရုတ်ကောင်းအနည်းငယ် ဖြူးထည့်လိုက်ပြီး တစ်ဇွန်းမှုတ်သောက်လိုက်သည်...

တစ်ယောက် ၃၀၀၀ ဆိုတော့ နှစ်ယောက် ၆၀၀၀. စားတာသောက်တာနဲ့ဆို ခုနစ်ထောင်၊ ရှစ်ထောင် အသာလေးပဲ. ဟိုနေ့က ကောလိပ်အက်ဆေးရေးနည်း စာအုပ် မိတ္တူဆွဲတာ ၂၅၀၀ ပေးရဦးမယ်. သဘက်ခါ သွားရွေးရမယ်. လကုန်ရင် ပေးရမယ့် SAT Test Registration အတွက် ဒေါ်လာဝယ်ဖို့ ပြည့်ပါ့မလားမသိ...

သူ့ခေါင်းထဲတွင် ကိန်းဂဏန်းပေါင်းများစွာ တွက်ချက်ရင်း အဖြေမထွက်ဘဲ စာရင်းပိတ်ခံလိုက်ကြရသည်. ရင်ဘတ်ထဲသို့ ပူလောင်စွာ စီးဆင်းသွားသော ငရုတ်ကောင်းအရသာကို ခံနေရင်း ရှူးခနဲ လေရှူသွင်းမိသည်... ထို့နောက် စကားတစ်ခွန်းကို ခပ်လေးလေး ပြန်ပြောမိသည်.

"မသဘောပဲလေ."

"အဟင်း... အဲဒါကြောင့် မောင့်ကိုချစ်နေရတာ..."

သူ၏ လက်မောင်းတစ်ဖက်ကို သူမ၏ လက်တစ်ဖက်က အသာရစ်ပတ်ပြီး ညှစ်လိုက်သလို ခံစားမိလိုက်သည်...

သူခေါင်းကိုမော့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်မှ "အမေ့သား" တို့ဟူးသုပ်သည်ကြီးက သူတို့နှစ်ယောက်အား ပြုံးကြည့်နေခဲ့သည်ကို တွေ့လိုက်ရသည်...

....

ပိုက်ဆံရှင်းပေးပြီး မြို့တော်ခန်းမရှေ့ဖက်ထွက်လာခဲ့သည်. သူမ၏ ထမင်းချိုင့်ထည့်သည့် ခြင်းတောင်းလေးကို ကိုင်ထားပြီး နောက်ထပ်ဝင်လာမည့် ၄၅ ဟီးနိုးကားကြီးကို စောင့်နေစဉ် သူမက သူ့လက်မောင်းကို တွဲခိုရင်း တစ်နေ့တာ လုပ်ခဲ့ရသည့် ရုံးလုပ်ငန်းများအကြောင်းကို ပြောပြနေခဲ့လေသည်...

"မနက်ကတော့ အေးဆေးပါပဲ. ရုံးရောက်တော့ ကော်ဖီသောက်တယ်. မောင်ဝယ်ပေးတဲ့ ဟဲလို ပူတင်းပေါင်မုန့်လေး ထုတ်စားတယ်. ပြီးတော့ မနေ့က စာရင်းတွေ ပြန်စစ်တယ်. မဥမ္မာက သူ့တူမလေးအကြောင်းပြောပြလို့ ရယ်နေရသေးတယ်. ဦးဇော်ကလည်း အေးဆေးပါပဲ.. ."

"ကိုဖြိုးဖုန်းဆက်သေးလား.."

သူဖြတ်မေးလိုက်တော့ သူမခန္ဓာကိုယ်လေး တောင့်ခနဲ တစ်ချက်ဖြစ်သွားသည်ဟု ထင်လိုက်မိသည်...

"မဆက်ပါဘူး. ဆက်လည်းမကိုင်ဘူး. မရှိဘူးလို့ ပြောခိုင်းထားတယ်."

ရှေ့တည့်တည့်တွင်မြင်နေရသော ဆူးလေဘုရားကြီးကို စိတ်ထဲမှ ကြည်ညိုဦးခိုက်မိရင်း သက်ပြင်းမောတစ်ချက်ကို သူမ မသိအောင် ခိုးချမိသည်....

"... နေ့ခင်းကျတော့ မောင်ရယ်. နေခြည်ပေါ့... အလကားသက်သက် မ ကို လာရစ်တယ်. ဘာမှမဟုတ်ဘူး. အလကား. မကို ဦးဇော်က ဟိုတစ်နေ့က အစည်းအဝေးမှာ စာရင်းဇယားနဲ့ ပတ်သက်ရင် စိတ်ချရတယ်လို့ ပြောလို့ သက်သက်ဂျေဖြစ်တာ. မားကတ်တင်းက လုပ်တဲ့ အမှားကို မ တို့ လုပ်တဲ့ စာရင်းမှားပါတယ်ဆိုပြီး မန်နေဂျာကို သွားတိုင်တယ်လေ... မ ကလည်း သိတယ်မဟုတ်လား. ဘာရမလဲ... ... .. "

"ဟိုမှာ ကားလာပြီ. မ..."

၄၅ ကားကြီးက မြို့တော်ခန်းမရှေ့သို့ တိုးဝင်လာခဲ့သည်... ကားဂိတ်တွင်စောင့်ဆိုင်းနေကြသော ခရီးသည်များက ကားပေါ်မှ လူများမဆင်းခင်ကတည်းက တိုးဝှေ့၍ အပေါ်သို့ တက်ရန် စိုင်းပြင်းနေကြသည်.

ရှေ့ဆုံးသို့ ရောက်အောင် တိုးဝင်ရင်း ကားပေါ်သို့ တိုးဝှေ့တက်လိုက်သည်. ထို့နောက် နှစ်ယောက်ထိုင် ထိုင်ခုံတစ်လုံးရှိရာသို့ ပြေးဝင်လိုက်ပြီး အစွန်ဖက်မှ ပိတ်ထိုင်လိုက်သည်... သူမ၏ ရုံးခြင်းတောင်းလေးကို အတွင်းဖက်မှ ထိုင်ခုံပေါ်တွင် တင်ထားလိုက်သည်. လူရှိသည်ဆိုသည့်သဘော...

"သားရေ. ဒါလေး ရှေ့ခုံပေါ်တင်ပေးပါနော်..."

ပြတင်းပေါက်မှ ငုံ့ကြည့်မိလိုက်တော့ အဒေါ်ကြီးတစ်ဦး သူမ၏ အိတ်ကို သူ့ကိုလှမ်းပေးရင်း ထိုင်ခုံနေရာဦးပေးဖို့ လှမ်းပြောနေလေသည်..

ဘာမှမပြောဘဲ အိတ်ကိုဆွဲယူလိုက်ကာ သူ့ရှေ့က ခုံပေါ် အသာတင်ပေးထားလိုက်သည်...

စိတ်အေးလက်အေးဖြစ်သွားပုံရသော အဒေါ်ကြီးသည် ကားပေါ်သို့ တိုးဝှေ့တက်နေသော လူအုပ်ကြီးကုန်မှ အသာအယာ ကားပေါ်သို့ တက်လာခဲ့လေသည်.

နေရာရလျှင် စိတ်အေးရသည်မဟုတ်ပါလား...

သူမက နောက်မှ အေးဆေးတက်လိုက်လာသည်. သူမ၏ ရုံးခြင်းတောင်းလေးကို သူ့ပေါင်ပေါ်သို့ အသာဆွဲဖယ်၍ တင်လိုက်ပြီး သူမကို အတွင်းသို့ ၀င်ထိုင်စေလိုက်သည်.

သူနေရာဦးပေးထားသော အဒေါ်ကြီး အိတ်ကိုဆွဲယူရင်း နောက်ဖက်လှည့်ကာ သူ့အားကျေးဇူးစကားပြောသည်ကို သူမက ခပ်စိမ်းစိမ်း လှမ်းကြည့်နေခဲ့လေသည်..

"မောင်နေရာဦးပေးထားတာပါ. အောက်ကနေ အိတ်လှမ်းပေးလို့လေ.."

"ဩော်..."

သူလုပ်နေသော အရာမှန်သမျှ သူမ သိရန်လိုအပ်သည်. မသိသေးလျှင်လည်း သိအောင်ပြောရန် သူ့တွင် တာဝန်ရှိနေခဲ့လေသည်.

ထို့နောက် ကားမထွက်ခင်ထိ သူမနှင့်သူ ရောက်တတ်ရာရာများပြောနေခဲ့ကြလေသည်...

တစ်ခါတစ်လေ သူမ တစ်စုံတစ်ရာကို သတိရသွားပြီး သူ့ဖက်ကို ရုတ်ခနဲလှည့်ကာ ပြောတတ်သည်ကလည်း ရှိသေးသည်...

"မောင်နော်... ကောင်မလေးတွေကို စာမသင်ရဘူးလို့ ပြောထားတယ်နော်."

"အင်းပါ... မရယ်... လက်မခံပါဘူး. ယောင်္ကျားလေးတွေပဲ သင်တာပါ."

ထိုသို့ ပြောနေစဉ်မှာပင် သူ့တပည့်မလေးများဖြစ်ကြသော အလုံမှ သန္တာ၊ ကျောက်တံတားမှ ချိုချိုခိုင်၊ စမ်းချောင်းမှ မအေးငြိမ်းတို့၏ မျက်နှာလေးများက သူ့စိတ်ကူးထဲတွင် အစီအရီပေါ်လာကြလေသည်...

တစ်ဆက်တည်းမှာပင် သူ့ပါးစပ်မှ အသံမထွက်ဘဲ ခပ်တိုးတိုးလေး ရေရွတ်မိသည်...

"အရင်လက မအတွက်ပေးလိုက်တဲ့ အဆောင်လခက သန္တာ့ဆီက ရတဲ့ ကျောင်းလခပေါ့ မရယ်..."

..........

ကမ်းနားလမ်းတလျှောက် အရှိန်ဖြင့်မောင်းနှင်လာသော ဘတ်စ်ကားကြီးက ရန်ကုန်မြစ်ထဲမှ သဘောင်္ကြီးများ၏ ဥဩသံတို့နှင့်အပြိုင် ဟွန်းတပွမ်ပွမ်ပေးလျက် ကျော်တက်မောင်းနှင်လာခဲ့လေသည်..

သိမ်ကြီးဈေးစီရုံကြီးရှေ့ဖက် ရွှေတိဂုံဘုရားလမ်းမကြီးအတိုင်း ၄၅ ကားကြီး လှည့်ဝင်လာခဲ့ပြီး မင်္ဂလာရုပ်ရှင်ရုံရှေ့မှ ဖြတ်တော့ သူမ မျက်နှာ ၀င်းခနဲ တစ်ချက်ဖြစ်သွားသည်...

"ဟယ်... အသစ်လဲပြီ..."

ကားပေါ်သို့ တိုးတက်ခဲ့စဉ်က အနည်းငယ်နေရာမှားသွားသော သူ၏ ပိုက်ဆံအိတ်ကို ခါးကြားထဲသို့ ခါတိုင်းထက်ပိုပြီး တင်းကျပ်စွာ ထိုးထည့်မိရင်း ပြန်မေးလိုက်မိသည်...

"ဟာသကားနဲ့တူတယ်နော်..."

"ဟုတ်မယ်... လွင်မိုးက ခုတလော ဟာသတွေ အရိုက်များနေတယ်. ပြီးတော့ နန္ဒာလှိုင်ကိုလည်း ကြိုက်တယ်."

"ဆန်းဒေးကို မောင် ဘွတ်ကင်လုပ်ထားပေးမယ်လေ. ဟုတ်ပြီလား. နေ့ခင်းပွဲကြည့်တာပေါ့."

"တကယ်ပြောတာနော် မောင်..."

"တကယ်ပြောတာပါဗျာ... ၀ါသနာပါရင် အထဲမှာ ကလို့တောင်ရတယ်... ကဲ. အစ်ကိုကြီးရေ အထဲကို အားလေးနည်းနည်းထည့်ပြီး၊ ဖိပြီး တိုးပေးပါဗျာ. ငါးမြွေထိုးလေးပေါ့. ဟိုဖက်က မမတို့ကလည်း တွေ့တဲ့ဟာကြီးကို မလွှတ်တမ်းဆုပ်မထားနဲ့. အထဲမှာ ကိုင်စရာတွေ အများကြီး..."

စပယ်ယာ၏ စကားအဆုံးတွင် သူ့ခေါင်းမှ ဆံပင်များပင် ထောင်ခနဲ ဖြစ်သွားသည်ဟု ခံစားမိလိုက်သည်.

ခပ်တိုးတိုးပြောဖြစ်ပြန်သည်..

"ဘယ့်နှာကြီးပါလိမ့်နော်..."

........

စံပြရုပ်ရှင်ရုံရှေ့သို့ ကားဝင်တော့ လူအုပ်ကြီးက ဖဲ့တော့ရွဲ့တော့မည့်အလား သူတို့ကားကြီးကို ၀ိုင်းလာကြသည်...

"တော်သေးတာပေါ့နော်. ထိုင်ခုံရလို့..."

"ရဆို ဂိတ်စက စီးတာကိုး မရဲ့.."

"အံမယ်... ဒါတောင် တစ်ခါတစ်လေ မရပါဘူးနော်. ကံကောင်းလို့ရတာ. ပတ်စီးစီးတာပဲ စိတ်အချရဆုံး.."

"ဟုတ်ပါပြီ. မပဲ တို့ဟူးသုပ်စားချင်တယ်ဆိုလို့ ဆူးလေထိ လမ်းလျှောက်တာလေ."

"အင်းပါ. သိပါတယ်. အဲဒါကြောင့် ကံကောင်းလို့ ထိုင်ခုံရတာပါဆို.. မောင်ကလည်း..."

သူ့စိတ်ထဲတွင်မတော့ ဂိတ်စမှ တာလွှတ်လိုက်သည့် ကားပြိုင်ပွဲမှ ကားတစ်စီး ဂိတ်ဆုံးတွင် ဒီပန်းတိုင်သို့ ပြန်ဝင်လာသကဲ့သို့ ခံစားမိလိုက်သည်...

ဘေးဖက်ကို ငဲ့ကြည့်ရင်း စိတ်ထဲမှ လွှတ်ခနဲ ပြောချင်ရာ ပြောပစ်လိုက်သည်...

"စံပြမှာကျတော့ ကုလားကားကြီးနော်..."

"ရှရွတ်ခန် မဟုတ်ရင် ခံစားလို့မရဘူး..."

သူခေါင်းကိုသာ တဗျင်းဗျင်းကုတ်မိတော့သည်... အိုက်လိုက်သည်မှာလည်း လွန်ပါရော...

....

(ဆက်ရန်)

(ဆောရီးပါ. အရမ်းအိပ်ချင်လာလို့. ဒီဇာတ်လမ်းက တကယ်ပြီးမှာ. သင်္ကြန်မတိုင်ခင်ပေါ့. ဟတ်ဟတ်.)

9 comments:

မေဒီဇာ said...

ကိုရန်... သင်္ကြန်က ၁၃ရက်နေ့လေ...
၁၂ရက်နေ့ သန်းခေါင်မတိုင်ခင်အမှီ တင်ပေးမယ်ဆို... ကိုရန်... ကိုရီးယားကားများ ကြည့်မိလေရော့သလား။ အဟဲ တရားစခန်း ၀င်ဖို့ကို ဆုတောင်းပေးနေတယ် ကိုရန်ရေ... ဒါမှ ပို့စ် မြန်မြန်ပြီးမှာ ဟတ်ဟတ်ဟတ်(ကိုရန်အောင်ရီသံဖြင့်)

Rita said...

ပေါင်းပေးနော် ဇာတ်သိမ်းမှာ
ခုတလော feeling တွေ သိပ်မလိုချင်ဘူး
Happy Ending ပဲ ကြည့်ချင်တာ။
မင်းသားက US ပညာတော်သင်က ပြန်လာပြီး မင်းသမီးနဲ့ ဆီဒိုးနားမှာ မင်္ဂလာဆောင်တယ်လို့ ရေးပေး။
:D

ကိုရင်ညိန်း said...

မိုက်တယ် ဒါရိုက်တာရန် :(
ရေးထားတာကောင်းတယ်လို့ ချီးမွမ်းတာ မဟုတ်ဘူး (မိုက်=မိုက်လုံးကြီးတယ်) ။
နောက်နေ့ဆို မအိပ်ပဲရေးဗျာ ... ဆတ်တငံ့ငံ့နဲ့ ။
အဟေးဟေး

အဆင်ပြေပျော်ရွှင်ပါစေဗျာ

ကွက်လပ် said...

"အဲဒါ" ဟုပြောပြီး ရပ်လိုက်သော သူမ၏ စကားသည် ဘာမှဆက်ပြောစရာမလိုလောက်အောင် အင်အားကောင်းနေခဲ့လေသည်...
မိုက်တယ်ဗျ ကိုကြီး . . ..:D

ကေမောင်ငြိမ်း said...

ကြိုက်တယ်ဗျို့၊ ဆက်ပြီးအားပေးနေပါတယ်။ :)

မသက်ဇင် said...

ဖတ်သွားပါတယ်--
''မ''---

Talkii said...

ဟွန်းမတီးရနယ်မြေမှာ ဟွန်းတီးတဲ့အတွက် ဒဏ်ငွေဆောင်ပါ။ :) စာထဲမှာကို မတီးရဘူး။

ဆက်ရန်ကို မျှော်နေတယ်ဗျို့။

အောင်သူ said...

ဆရာရန် မင်္ဂလာပါ။
ဇာတ်လမ်းလေးက အရမ်းဖတ်လိုကောင်းတယ်ဗျ။ မျှော်နေပါတယ်။
အားလုံးအဆင်ပြေပါစေ.....။

လင်းဒီပ said...

လာဖတ်ပါတယ် ဇာတ်လမ်းကောင်းလေးကို စိတ်ရှည်ရှည် ဆက်စောင့်နေပါတယ်...။