Wednesday, January 14, 2009

မျဉ်းကွေးတစ်ကြောင်း၏ ဒိုင်ယာရီ...



နှင်းမှုန်တွေ ပြတင်းပေါက်ကို ရိုက်ခတ်လို့
အေးစက်တဲ့ ညနေချမ်းတွေမှာ
ဒိုင်ယာရီစာမျက်နှာတစ်ရွက် မျက်နှာသစ်ခဲ့တယ်..
အိပ်မောကျနေခဲ့တာ ကြာပြီကောလေ...

အိပ်မှုန်စုံဖွား ၀ိုးတ၀ါးဖြစ်နေခဲ့တာ
ငါကိုယ်တိုင်ရဲ့ ချို့ယွင်းမှုတွေကြောင့်ပဲ ဖြစ်မှာပေါ့.
ဒါပေမယ့်လည်း
'လောကကြီးကိုက... မတရားပါဘူး...' ဆိုတဲ့
ဓာတ်ပြားဟောင်းတစ်ချပ်ကို နားထောင်ရတာ
ပိုပြီးတော့ပဲ သက်တောင့်သက်သာ ရှိသလိုလို
အသည်းကွဲနေတဲ့ ၀ီစကီတစ်ခွက်ပါရင် ပိုတောင်ပြည့်စုံလေမလားပဲ..

ဒီလိုနဲ့ ငါ့ဒိုင်ယာရီဟာ နောက်ပြန်လမ်းလျှောက်ခဲ့တယ်.
ဝါကျင်နေတဲ့ အတိတ်ဟောင်းတွေမှာ
မင်နီတွေနဲ့ ရဲဝံ့ခဲ့တယ်.
မင်ပြာတွေနဲ့ အေးချမ်းခဲ့တယ်.
မင်နက်တွေနဲ့ လျှို့ဝှက်ခဲ့တယ်.
မင်ဝါတွေနဲ့ ကြည်နူးခဲ့တယ်.
မင်စိမ်းတွေနဲ့ မာနကြီးခဲ့တယ်.
မင်ရောင်တောက်တောက်တွေနဲ့
ငြိမ်းချမ်းရေးပြတင်းပေါက်ကို ချောင်းကြည့်ခဲ့ဖူးတယ်.
ခက်တော့တာပဲ...
ဟိုစကားလိုပေါ့.
'ငါဟာ ငြိမ်းချမ်းမှုကို ရှာဖွေရင်းနဲ့ ငါ့ငြိမ်းချမ်းမှု ပျောက်ဆုံးခဲ့တယ်'
ဖောင်စီးရင်းပဲ ရေငတ်ရသလိုလို
ထန်းလျက်ကျိုနေကြရတဲ့ ဘ၀တွေ ထန်းလျက်ခဲလို မချိုမြနိုင်သလိုလို
ဘယ်ဟာမဆို ၀ါးမျိုကိုက်ခဲဖို့ အသင့်ပြင်ထားတဲ့ ငါ့ပါးစပ်ပေါက်တွေအတွက်
တစ်ခုခုကတော့ အမြဲလိုနေခဲ့တာပဲ...

ဦးတည်ချက်မတူတဲ့ လူသားနှစ်ဦး
ကိုယ့်အကြောင်းနဲ့ကိုယ်တော့ ထူးနေကြမြဲပေါ့.
ရူးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ရဲ့.
လူတိုင်းစိတ်ထဲမှာတော့
ငါက ထူး မင်းက ရူးပဲလေ...
ဒီလိုနဲ့ပဲ ဆောင်းရာသီဟာ သူ့ဝတ်ရုံလွှာကို သိမ်းခေါက်ခဲ့ပြီ...
စမ်းလျှောက်နေတဲ့ ခြေထောက်တွေ အချင်းချင်း ခလုတ်တိုက်လို့
ဖားပြုတ်ရိုက်တာပါလို့ လက်ညှိုးတွေထိုးနေချိန်
စမ်းချောင်းနံဘေးက မီးဖိုဘေးမှာတော့
ကောင်းဘွိုင်တစ်ယောက် ငါးကင်နဲ့မှောက်နေလေရဲ့...
လောကကြီးကိုက မတရားတာပဲလား
လောကသားတွေကိုက မှောက်မှားနေကြတာပဲလား..
ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းစာသားတွေ
ရာစုနှစ်တစ်ဝက်ကျိုးမှ ငါ့နှလုံးသားကို တံခါးလာခေါက်ကြတယ်.
နောက်တော့ မကျသေးပါဘူး..

ဗျိ...
ဒီလိုနဲ့ စိတ်တိုင်းမကျခဲ့တဲ့ ငါ့စာမျက်နှာတွေ
သမိုင်းဝင်လှေကားထစ်တွေနားမှာ ငိုရှိုက်နေမြဲပေါ့
ရင်ခုန်သံတွေကိုလည်း အလိုမလိုက်ချင်တော့ဘူး
ဖိုရှိုက်နေတဲ့ ဒီနှလုံးသား ဘယ်နေရာက အင်အားတွေ ရနေပါလိမ့်...
တိတ်တဆိတ် ချဉ်းနင်းဝင်ရောက်လာတဲ့ ခြေသံတွေဟာ
မ၀ံ့ရဲခြင်းလေလား. အကောက်ကြံခြင်းလေလား
မှောက်မှားတတ်တဲ့ ငါဆိုတဲ့ လောကသားတစ်ယောက်
အသိခေါက်ခက်အ၀င်နက်နေဆဲပဲ...

ဒီစက်ဝန်းပေါ်မှာ ငါပြေးလွှားနေခဲ့တာ နှစ်တွေ အတော်ကြာပြီ.
ဟောဒီ့အချင်းမျဉ်းကို ဆွဲဆန့်လိုက်ချင်ရဲ့.
မိုးကုပ်စက်ဝိုင်းအထိရောက်အောင်..
ဒီနေရာကိုတော့ ပြန်မလာချင်တော့ဘူး.
တကယ်ဆို ငါဟာ မျဉ်းဖြောင့်တစ်ကြောင်းအယောင်ဆောင်ထားတဲ့
ခပ်ကြီးကြီး မျဉ်းကွေးတစ်ကြောင်းပါပဲလေ..
နောက်တော့လည်း ဒီအခွံတွေအောက်
တိုးဝင်လို့ ကွယ်ပျောက်ရပေဦးမယ်.

ဗျိ...
သွားပေဦးတော့ ဘ၀စာမျက်နှာတစ်ခုရေ...
ငါမင်းကို မလွမ်းဆွတ်တော့ဘူး.
ဖော်မက်ချခံထားခဲ့ရတဲ့ ငါ့ဦးနှောက်တွေကို
နတ်ဒိုးသံပေးပြီး တောချောက်လိုက်ဦးမယ်..
အဲလိုတွေးမိခါမှ အတ္တအမောတွေက ဖောက်လာတတ်ပြန်ရော...

လမ်းသွယ်လေးတစ်ခုထဲ အာရုံစူးစိုက်ကြည့်မှ
လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ ပိုအသက်ဝင်လာတယ်.
ရုပ်ရှင်ပြနေသလိုပါပဲ
ဖလင်ပြားတွေ၊ ရုပ်သေပြကွက်တွေ အရှိန်အဟုန်နဲ့
တဖျတ်ဖျတ်ပြေးလွှားသွားနေလေရဲ့
ဒါကိုပဲ တဆက်တည်း ဖြစ်သလိုလို
အတွေးအမြင်တွေပိုနေရင်း
ငါ့ဒိုင်ယာရီဟာ အိပ်စက်ဖို့ ခွင့်တောင်းနေခဲ့ပြီ

နှင်းမှုန်တွေကတော့ ရိုက်ခတ်နေမြဲ
ရထားကြီးတစ်စင်းကလည်း ခုတ်မောင်းနေမြဲ
ကြိုးတွေကလည်း အထပ်ထပ်ဖွဲ့ချည်ရစ်နှောင်နေမြဲ
ကဲ...
ဒိုင်ယာရီရေ...
ကောင်းသောညပါ....
မနက်ဖြန်ဆိုရင် မင်းရဲ့ ခေါင်းအုံးအဖြူလေး အ၀ါရောင်ဖြစ်တော့မယ်.
ပူပင်မနေပါနဲ့
အေးချမ်းစွာ အိပ်စက်အနားယူတော့ ဒိုင်ယာရီရေ...
ငါ့အချင်းမျဉ်း စက်ဝန်းအပြင်ဖက် လမ်းလျှောက်ဆန့်ထွက်နိုင်ဖို့
မီးလျှံတွေ အရှိန်ရမယ့်အချိန် ငါစောင့်မျှော်နေတယ်.
ငါမအိပ်သေးဘူး ဒိုင်ယာရီရေ..

သက္ကရာဇ်တွေ အိုမင်းရင့်ရော်လာတာကလွဲလို့
အရာရာဟာ အရင်လိုပါပဲ...
ဂွတ်နိုက် ဒိုင်ယာရီ...

(ရေခဲငှက်)

Photo Credit goes here.

6 comments:

ဝါ၀ါခိုင်မင်း said...

ဟောဗျာ.." မ" အကြောင်းလဲ မပါဘူး။

"ငါမင်းကို မလွမ်းဆွတ်တော့ဘူး." တဲ့.. ဂယ်လား..
ဂယ်လား..

မယုံပါဘူးကွယ်.. ညာနေတာဖြစ်မှာပါ....

Yan said...

ဗျိ...သွားပေဦးတော့ ဘ၀စာမျက်နှာတစ်ခုရေ...
ငါမင်းကို မလွမ်းဆွတ်တော့ဘူး.


အဲလိုရေးထားတာပါဗျ. မ ကို မလွမ်းတော့ဘူးလို့ မပြောရပါလား... ရန်မတိုက်ပေးနဲ့နော်. ဟတ်ဟတ်.

အပေါ်မှာ 'ဗျိ' လို့တောင်ပါသေး...

nanwarwarmg said...

ခွီးး ခွီးးး အဲ့ဒါကြောင့်ပြောတာပေါ့ "မယုံပါဘူးကွယ်..
ညာနေတာဖြစ်မှာပါလို့."

မ စိတ်ဆိုးမှာကိုလဲကြောက်ရသေး. ခွီး တနားဒယ်. "ဗျိ "

HZM said...

အစ်ကို ညီလေးလဲ ဗျိ” အဲ့ ခံစားတွားတယ် ဗျာ..
ကဗျာကောင်းလေးပါ။ :P

chaos said...

ကဗျာလေးက လန်းဆဲပဲနော်။
အချိန်တွေပြောင်းသွားတယ် ကိုရန်အောင်က ဒီတိုင်းပဲပေါ့နော်။

အချိန်တွေသာပြောင်းတယ်
ကာရံတွေက မဟောင်းပဲ
အသစ်အသစ်တွေနဲ့ အမြဲအသက်ဝင်နေပါလား ကဗျာတွေအားလုံးက

မင်းကျန်စစ်။ said...

တဗျိဗျိ နဲ့ ကိုရန် ဘောင်းဘီဖင်ကွဲသွားတာမှတ်နေတာ အဟိ ဗျိ အာ... အရှိန်တွေပါကုန်ပီ။ ကဗျာတစ်ခုလုံး အလန်းပဲဗျာ။ အို ဘာတဲ့...
စမ်းလျှောက်နေတဲ့ ခြေထောက်တွေ အချင်းချင်း ခလုတ်တိုက်လို့
ဖားပြုတ်ရိုက်တာပါလို့ လက်ညှိုးတွေထိုးနေချိန်
စမ်းချောင်းနံဘေးက မီးဖိုဘေးမှာတော့
ကောင်းဘွိုင်တစ်ယောက် ငါးကင်နဲ့မှောက်နေလေရဲ့...

မျက်လုံးထဲ မြင်ယောင်လာတယ် ကောင်းဘွိုင့်ကြီးက သေနတ်ကြီးခါးကြားထိုးပြီး ငါးကင်ကြီးကိုင်ရင်း စမ်းချောင်းဘေးမှာ မူးပြီးမှောက်နေမှာကို။ အဟိဟိဟိ ဗျိ အာ...