တတီတီနဲ့ အဆက်မပြတ်အော်နေတဲ့ နှိုးစက်ကို အသာအယာလှမ်းပိတ်လိုက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်တင်လို့ မျက်နှာကျက်ဖြူဖြူကို တည်ငြိမ်စွာ စိုက်ကြည့်နေဖြစ်ခဲ့တယ်...
(၁၇) နှစ်တဲ့....
နှုတ်ခမ်းထောင့်စွန်းမှာ ပြုံးတာလား၊ မဲ့တာလား သူကိုယ်တိုင် မသိလိုက်ရတဲ့ မျဉ်းကွေးလေးတစ်ခု ဖြစ်ထွန်းသွားခဲ့တယ်.
မနေ့တစ်နေ့ကလိုပါပဲ... အရာရာဟာ လတ်ဆတ်ပီပြင် ပြတ်သားအသက်ဝင်နေဆဲ....
...........
လင့်ရိုဗာကားအစိမ်းလေးက အ၀ိုင်းကိုကွေ့နေချိန်မှာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ နို့ဆီဗူးထဲက နို့ဆီတွေ သူ့ပေါင်ပေါ်ကို စောင်းကျသွားခဲ့တယ်.
ဘယ်လိုမှ လှမ်းဖမ်းလို့ မမီနိုင်တော့တာကို သိလိုက်ရတာမို့ သူ့ဘောင်းဘီပေါ်ကို စီးဆင်းသွားတဲ့ နို့ဆီတွေကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေလိုက်ခဲ့တယ်.
လဲစရာလည်း ဘာမှ ပါမလာတော့တဲ့အပြင် လဲချင်စိတ်လည်း မရှိတော့တာမို့ နို့ဆီတွေ ပေကျံနေတဲ့ ဘောင်းဘီနဲ့ပဲ လှေကားထစ်တွေပေါ်ကို တက်လာခဲ့တယ်.
တစ်ထပ်..
နှစ်ထပ်..
သုံးထပ်...
အနံ့ခပ်စူးစူးက သူ့နှာခေါင်းဝကို ဆီးကြို နှုတ်ဆက်တယ်. အသက်တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လူတွေအုံနေတဲ့ အခန်းလေးတစ်ခန်း ရှိရာဖက်ကို လှမ်းလျှောက်လာခဲ့လိုက်တယ်.
"ပိုက်တွေဖြုတ်လိုက်ပါ ဆရာမ"
အဲလိုပြောပြီး လှည့်ထွက်သွားတဲ့ ကုတ်အင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကျောပြင်ဟာ လမ်းတလျှောက်လုံး သူတင်းလာခဲ့ရတဲ့ အားမာန်တွေကို ရိုက်ချိုးပစ်လိုက်ခဲ့တယ်.
နာ့စ်မလေးကတော့ တာဝန်ဝတ္တရားအရ ခံစားချက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ပဲ လူနာရဲ့ နှာခေါင်းမှာ တပ်ထားတဲ့ ပိုက်တွေကို ဆွဲဖြုတ်နေခဲ့တယ်.
သူမကတော့ မျက်ရည်တွေကို မျက်တောင်တွေကြားထဲမှာ ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး ဆွဲခြင်းအ၀ါလေးထဲက လက်သုတ်ပုဝါလေးကို ဆွဲထုတ်လို့ သူ့ပါးစပ်နားမှာ ပေကျံနေတဲ့ ချွဲတစ်ချို့ကို အသာသုတ်ပေးလိုက်တယ်.
နောက်ဖက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ရပ်နေတဲ့ သူတို့ နှစ်ယောက်ကို သူမ တွေ့သွားခဲ့တယ်.
မေးခွန်းတွေ ပြည့်နေတဲ့ သူ့မျက်ဝန်းတွေကို နားလည်လွန်းစွာနဲ့ သူမတစ်ချက် လှမ်းကြည့်လိုက်ပြီး မတုန်အောင် ထိန်းထားတဲ့ အသံနဲ့ ပြောရှာတယ်..
"ဆရာဝန်က အိမ်ကို ပြန်သယ်ခိုင်းလိုက်တာ...."
ဒါပါပဲ... ဒီစကားတစ်ခွန်းကို သူကြားပြီးနောက် အခန်းထဲမှာ ချိတ်ထားတဲ့ နာရီတွေ၊ သူ့လက်ပေါ်မှာ ပတ်ထားတဲ့ နာရီတွေ၊ သူ့ဘေးနားမှာ ကြားနေရတဲ့ စကားသံတွေ... အို.. အရာရာအားလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်.
အပေါ်နှုတ်ခမ်းကို မနာ့တနာ ကိုက်ထားပြီး ကုတင်ပေါ်က လူနာကို နှမျောတသလွန်းစွာ ငေးကြည့်နေဖြစ်ခဲ့တယ်.
"အားလုံး အဆင်သင့်ပဲလား"
ဝင်လာတဲ့ လူသုံးယောက်ကို လှမ်းကြည့်ရင်း သူမမေးလိုက်တဲ့ မေးခွန်းက သူ့နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက်...
အပြင်မှာ နှင်းတွေ မကျနေခဲ့ဘူး. ဒါပေမယ့် မှုန်ရီေ၀၀ါးနေခဲ့တယ်.
ဆောင်းရာသီမှာ လျှပ်စီးတွေ မလက်ခဲ့ဘူး. ဒါပေမယ့် မိုးကြိုးပစ်သံတစ်ချက် သူကြားလိုက်ရတယ်.
မျက်စိကို ပြန်ဖွင့်ကြည့်လိုက်တော့မှ လူနာကုတင်ရဲ့အောက်က သံဘီးလုံးတွေ တမံသလင်းပေါ်မှာ ပြေးလွှားနေတဲ့ အသံဆိုတာကို သဘောပေါက်လိုက်ရတယ်.
အောက်ထပ်ကို ရောက်ပြီး ကားအစိမ်းလေးရဲ့ နောက်ခန်းထဲကို လူနာကို အသာအယာတင်လို့ ဆေးရုံဝင်းထဲက မောင်းထွက်လာချိန်မှာတော့ ဆေးရုံအ၀နားက ဆိုင်းဘုတ်က သူ့ကို ၀မ်းနည်းစွာနဲ့ နှုတ်ဆက်တယ်.
"စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး"
...................
ဝင်းကြီးထဲကို ၀င်တော့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းတွေ၊ သိချင်စိတ်ပြင်းပြနေတဲ့ လူတစ်ချို့တွေက ကားနောက်ကို လိုက်လာကြတယ်.
အိမ်ပေါ်ထပ်မှာ ကုတင်နေရာတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး သယ်လာခဲ့တဲ့ ပစ္စည်းတွေကို ဖြစ်သလိုပဲ အခန်းထောင့်မှာ စုပုံထားလိုက်တယ်.
စေးကပ်ကပ်ဖြစ်နေတဲ့ ဘောင်းဘီကို အခန်းထဲမှာ ၀င်လဲလိုက်ပြီး အပြင်ကို ပြန်ထွက်လာခဲ့တယ်. အပြင်မှာ လူတွေလည်း အတော်စုံနေပါပြီ...
လူနာကို ကုတင်ပေါ် အသာလှဲတင်လိုက်ပြီး ခုံပုလေးတစ်လုံးကို ဆွဲယူလို့ သူမ ၀င်ထိုင်လိုက်တာကို ပြတင်းပေါက်နားလေးကနေ သူရပ်ကြည့်နေခဲ့တယ်.
မာလကာပင်ကိုင်းကြီးက ပြတင်းပေါက်ထဲကို တိုးဝင်လို့ အခြေအနေကို အကဲခတ်စူးစမ်းနေခဲ့တယ်.
"အောင်နိုင်ထွန်း... ကြေးစည်ထုပေးပါ..."
တံခါးဝနားမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ကို အဲလို လှမ်းပြောပြီး သူမ သူ့ဖက်ကို လှမ်းကြည့်တယ်. မျက်တောင်မခတ်ဘဲ သူမ မျက်ဝန်းတွေကို သူ ပြန်စိုက်ကြည့်နေခဲ့မိတယ်.
မျှော်လင့်ချက်မဲ့နေတဲ့ သူမ မျက်ဝန်းတွေ ပြန်လွှဲဖယ်သွားခဲ့တယ်... သူ့ရင်ထဲမှာလည်း ဆစ်ခနဲ တစ်ချက်နာကျင်သွားခဲ့တယ်.
အိမ်ရှေ့ဖက်ကို မျှော်ကြည့်လိုက်တော့ မေယုဈေးကြီးက ထုံးစံအတိုင်း ရောင်းဝယ်ဖောက်ကားနေမြဲ...
ဈေးဆိုင်ပိုင်ရှင်တွေ၊ ဈေးသူဈေးသားအချို့တွေက ဆိုင်ထိုင်ရင်း၊ ဈေးဝယ်ရင်း သူတို့အိမ်ဖက်ကို လှမ်းလှမ်းကြည့်နေတာကို သူသတိထားမိလိုက်တယ်.
တစ်ယောက်ယောက် ဖွင့်လိုက်တဲ့ တရားခွေသံက ကြည်လင်အေးမြစွာ ထွက်ပေါ်လာတယ်.
"နောင်.... ဝေ.... ဝေ.... ဝေ...... ဝေ..." ဆိုတဲ့ ကြေးစည်သံကလည်း ခပ်မှန်မှန်လေး ရိုက်ခတ်မြည်ဟည်းနေတယ်.
ဘာရယ်မဟုတ်ဘူး. ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တယ်. ဒါပေမယ့် မတတ်နိုင်ခဲ့ပါဘူး. မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်.
ပြတင်းပေါက်ဖက်ကို ဆတ်ခနဲလှည့်ပြီး စက်မှုလက်မှု ကျောင်းဝင်းကြီးထဲကို လှမ်းကြည့်လိုက်တော့ ကျောင်းသူကျောင်းသားအချို့က သူ့ကို စာနာတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်.
နောက်ပြန်လှည့်ပြီး ကုတင်ပေါ်က လူနာရဲ့ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကို စိုက်ကြည့်နေခဲ့လိုက်ပြန်တယ်.
လူနာရင်ဘတ်ပေါ်က တီရှပ် အင်္ကျီအဖြူပေါ်မှာ UNDP ဆိုတဲ့ စာသားကြီးက အပြည့်နေရာယူထားခဲ့တယ်. အဲဒါကို မြင်မှ သူ့မျက်ရည်တစ်ချို့ ကြမ်းပြင်ပေါ်ကို လွင့်စင်ကျကုန်တယ်လို့ သူခံစားမိလိုက်တယ်.
နောက် နောင်... ကျွန်တော်နဲ့အတူ ဆုပေးပွဲတွေကို တက်ရောက်ခွင့် မရှိနိုင်တော့ဘူးပေါ့နော်...
ဟုတ်လား... အဖေ................
ဟုတ်လား..............
ဟုတ်လား... အဖေရယ်.................
......................
...................
"မောင်... ကလေးတွေလည်း ရှင်ပြုပြီးပြီ... ရွာမှာလည်း အလှူဒါနတွေ လုပ်ပြီးပြီ.... သားသမီးတွေအတွက်လည်း မပူနဲ့... အားလုံး အဆင်ပြေတယ်. သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်..."
"ဘာမှစိတ်မပူနဲ့.. အမာ့ကိုလည်း စိတ်ချပါ. မောင်သွားလိုရာကို ဖြောင့်ဖြောင့်သွားပါနော်. ဘာမှ နောက်ဆံမတင်းနဲ့... အလှူအတန်းတွေလည်း လုပ်ပြီးပြီ......"
ဒီလိုစကားတွေကို ဒီလိုနေရာမှာ ဒီလိုမတုန်ယင်တဲ့ လေသံနဲ့ ဒီလိုပြောနိုင်စွမ်းရှိတဲ့ သူမလို မိန်းမမျိုး၊ သူမလို ဇနီးမယားမျိုး၊ သူမလို အမေမျိုး.... ဘယ်မှာ ရှိမလဲ...........
သူ့မာနတွေ တင်းခနဲ တစ်ချက်ပြန်ဖြစ်သွားခဲ့တယ်. ပါးပြင်ပေါ်က မျက်ရည်တွေကို ညာဖက်လက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း သုတ်ပစ်လိုက်တယ်.
ဟုတ်တယ်... အမေတောင် ဒီလိုနေနိုင်မှတော့ သူလည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေတတ်ရမယ်...
မနေ့က ဖုန်းပြောဖြစ်ခဲ့တာကို ပြန်စဉ်းစားနေမိခဲ့တယ်.
"မောင်လေး..... အဖေ ဘယ်လိုနေလဲဟင်..."
စိုးရိမ်တကြီးနဲ့ လှမ်းမေးနေတဲ့ အစ်မကြီးရဲ့ အမေးကို အားတင်းပြီး သူပြန်ဖြေလိုက်တယ်.
"အဖေ သက်သာပါတယ်... ဘာမှစိတ်မပူနဲ့... အေးအေးဆေးဆေးလာ..."
မုသားဖြူဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး အသုံးချတတ်ရတယ်ဆိုတာ သူ နုနယ်ငယ်ရွယ်စဉ်ကတည်းက နားလည်အောင် ဘ၀ဆိုတာကြီးက သင်ပေးခဲ့တယ်.
ဘေးမှာ ရပ်နေတဲ့ အစ်ကိုဖြစ်သူကို လှမ်းအကဲခတ်ကြည့်လိုက်တော့ သူ့မျက်နှာကြီးကလည်း ရဲတွတ်နေတာကို တွေ့လိုက်ရတယ်.
အတွေးတွေက အဝေးကို ပြေးသွားလိုက်၊ အနီးကို ပြန်ဝင်လာလိုက်နဲ့ ဘာကိုမှ သူအာရုံစူးစိုက်လို့ မရဘူး ဖြစ်နေခဲ့တယ်...
ခပ်မှန်မှန်လေး ရှူရှိုက်နေတဲ့ အသက်ရှူသံတစ်ချက် ဖြည်းဖြည်းချင်း အားလျော့တိုးညှင်းသွားချိန်မှာ ကောင်းကင်ကြီးက ရုတ်ချည်းညိုမည်းပြိုဆင်းလာသလို သူ့ရင်ထဲမှာ ခံစားလာရတယ်.
အဖေ့နားနားမှာ ကပ်ပြီး ပြောနေတဲ့ အမေ့ရဲ့ စကားသံတွေေ၀၀ါးလုံးထွေးနေသလို သူထင်နေမိတယ်. အမေ့ရဲ့ လက်တစ်ဖက်က အဖေ့ရဲ့ နှာခေါင်းဝနားမှာ အသာလေး သွားစမ်းတယ်.
ရင်ဘတ်ကို အကြာကြီး စိုက်ကြည့်နေတယ်. နောက်တစ်ဖန် သေချာအောင် အဖေ့နှာခေါင်းဝနားမှာ အမေ့လက်ညှိုးလေး သွားစမ်းတယ်.
အားလုံးက ပင့်သက်ဖိုစွာနဲ့ အမေ့ရဲ့ လက်ညှိုးလေးကို ၀ိုင်းပြီး စိုက်ကြည့်နေကြတယ်.
နေလောင်နေတဲ့ အမေ့ရဲ့ လက်ညှိုးလေး လေထဲမှာ တဆတ်ဆတ် တုန်ယင်လာတယ်. ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့သလို အဖေ့ရင်ဘတ်ပေါ်ကို ပြုတ်ကျသွားတယ်.
အမေတစ်ချိန်လုံး တင်းလာတဲ့ သူ့အင်အားတွေကို လျှော့ချလိုက်တာကို သူတွေ့လိုက်ရတယ်.
ကြေးစည်သံလည်း ရပ်တန့်သွားခဲ့ပြီ. တရားသံကတော့ ဆက်လက်ထွက်ပေါ်နေမြဲ..
စကားတတွတ်တွတ်ပြောနေတဲ့ အမေ ငြိမ်ကျသွားတယ်.
ပြီးတော့ အမေ့ခန္ဒာကိုယ်လေး တသိမ့်သိမ့်တုန်လာတယ်.
ပြီးတော့ .... အပေါ်ကို တစ်ချက်မော့ပြီး အမေအသက်အ၀ကြီး ရှူသွင်းလိုက်ခဲ့တယ်.
ပြီးတော့ မှောက်ချလိုက်တယ်.
အဖေ့ရဲ့ ရင်ခွင်ထဲကို...
တင်းနေအောင် ဖက်ထားတယ်...
အဖေ့ရဲ့ အသက်မဲ့နေတဲ့ ကိုယ်ခန္ဒာကို...
အမေဘယ်လိုငိုမလဲ...
အမေဘယ်လိုတိုင်တည်ပြီး ငိုမလဲ..
ဒီနေ့ဒီချိန်ထိ သူ့နားထဲမှာ လတ်ဆတ်စွာ ကြားယောင်နေဆဲ၊ သူ့မျက်ဝန်းတွေထဲမှာ ပြတ်သားစွာ ထင်ကျန်နေဆဲ...
မျက်ရည်ဆိုတာ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတစ်ခုဆိုတာ အဲဒီ့နေ့က သူ ကောင်းကောင်းကြီး သိလိုက်ရတယ်.
သူ့ပါးစပ်က အဖေလို့ တစ်ချက်အော်ပြီး မငိုခဲ့ဘူး.. ဒါပေမယ့် ရင်ဘတ်တွေ တဆတ်ဆတ်တုန်ခါနေပြီး မျက်ဝန်းတွေေ၀၀ါးမှုန်ရီနေခဲ့တာကိုတော့ သူသိနေခဲ့တယ်.
အဖေ့နားမှာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ အမေ့ရဲ့ ပုခုံးပေါ်မှာ သူ့လက်ကို တင်ထားခဲ့တယ်.
နာရီကိုလှမ်းကြည့်လိုက်တော့ ၁၀ နာရီ ၅၅ မိနစ်...
အဲဒီ့နေ့က သူငိုခဲ့တယ်....
အားရပါးရငိုခဲ့တယ်.
မျက်ဝန်းတွေနဲ့တင်မကဘူး... ရင်ဘတ်နဲ့... နှလုံးသားနဲ့... ဘ၀မာနနဲ့...
တစ်ရက်ထဲတင် ငိုခဲ့တာမဟုတ်ဘူး.. နှစ်ပေါင်းများစွာ တည်ငြိမ်စွာနဲ့ အသံတိတ်ငိုကြွေးခဲ့တာ...
....
မျက်နှာကျက်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေ ရုတ်ခြည်းဆိုသလို စိုစွတ်လာခဲ့ကြတယ်...
ရင်ဘတ်ပေါ်မှာတင်ထားတဲ့ လက်တွေက တစ်ဖက်နဲ့တစ်ဖက် တင်းကြပ်နေအောင် ဆုပ်ကိုင်ထားကြတယ်.
မျက်ဝန်းတွေကို အသာပြန်မှိတ်လိုက်ရင်း ၀င်သက်ထွက်သက်ကို မှန်အောင် ပြန်ရှူရှိုက်နေလိုက်ခဲ့တယ်.
တည်ငြိမ်အေးချမ်းတဲ့ ၀င်သက်ထွက်သက်ကို ရတဲ့တခဏမှာ ကုတင်အောက်ကိုဆင်းလို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ တဘက်ကို ဆွဲရင်း ရေချိုးခန်းဖက် လှမ်းထွက်ခဲ့တယ်.
ရေချိုးခန်းထဲကမှန်မှာ ပေါ်နေတဲ့ လူငယ်တစ်ဦးရဲ့ အားမာန်တောက်ပနေတဲ့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း အာရုံတွေကို စုစည်းနေခဲ့လိုက်တယ်.
မနက်စာကို ရှိတာလေးနဲ့ အေးချမ်းစွာ စားသောက်၊ အဖေ့အတွက် မေတ္တာပို့ ဘုရားရှိခိုးပြီး အပြင်ကိုထွက်လို့ ဘူတာရုံရှိရာဆီ လှမ်းလျှောက်နေတဲ့ သူ့ကို ဇန်န၀ါရီ (၂) ရက်ရဲ့ ကောင်းကင်က ယုံကြည်ကိုးစားစွာ နှုတ်ခွန်းဆက်သခဲ့တယ်.
လမ်းလျှောက်နေရာက ခေတ္တရပ်၊ ကောင်းကင်ကို မော့ကြည့်ရင်း မျက်ဝန်းတွေကို အသာမှေးမှိတ်၊ အသက်ကို ၀အောင်ရှိုက်သွင်းလိုက်ပြီး အဖေ့ရဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်တယ်..
ဂျက်ကက်အင်္ကျီဇစ်ကို ဆွဲပိတ်၊ သိုးမွှေးဦးထုပ်ကိုဆောင်း၊ အင်္ကျီအိတ်ထဲလက်ထည့်လို့ နှင်းတောထဲ တိုးဝင်သွားတဲ့ ဒီခြေလှမ်းတွေ ဘယ်လိုအခက်အခဲကိုမှ မမှု၊ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မကြောက်ရွံ့၊ ဘယ်လိုကဲ့ရဲ့ပြစ်တင်မှုမျိုးကိုမှ မတုန်လှုပ်ဘဲ ရဲဝံ့ယုံကြည်နေဆဲပဲ အဖေ...
အဖေ ကောင်းရာသုဂတိလားပါစေ.....
Credit: The above picture is used from here.
8 comments:
ချီးကျူးပါတယ် ကိုရန်အောင်
စာရေးတာ အတွက်တင် မဟုတ်ပါဘူး
အစ်ကိုရေ ဒီတစ်ခါလည်းအရမ်းကောင်းပါလားလို့မပြောရက် တော့ပါဘူး။ ဘယ်လိုခံစားရတယ်ဆိုတာသိနေတော့။ သူကောင်းရာသုဂတိလားမှာပါ။
My condolences are with you… Loving kindness that we receive from our parents is usually unconditional…
Cheers,
စာရေး အရမ်းကောင်းတယ်...
ကိုရန်အောင်ရေ----
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---
ကိုရန်အောင်ရေ..
ဒီနေ့ကိုရန်အောင်အိမ်ကိုပဲ အလည်ရောက်နေပါတယ်.
တခြားအိမ်တွေမလည်ဖြစ်ဖူး.ပျင်းနေတာနဲ့.
ဒီပို့စ်လေးကို အခုမှဖတ်ရပါတယ်.ဖတ်ပြီး ငိုင်သွားမိတယ်။ စိတ်မကောင်းဖြစ်မိသွားတယ်.
တကယ့်ခံစားချက်လေးဖြစ်မယ်ထင်ပါတယ်.
ကျမလဲ ဒီလိုပို့စ်လေးရေးဖို့ကြံစည်နေတာလေ. မရေးဖြစ်နေသေးတာပါ. ကျမ ဖေဖေ က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာဆုံးတာ ၃ နှစ်ပြည့်မို့ ဒီလိုပို့စ်လေးရေးဖို့
ကြံစည်နေမိတာပါ။အဖြစ်ချင်းက ဆင်နေတယ်လေ။
ကိုရန်အောင်ရေးထားတာ အရမ်းကောင်ပါတယ်။
ကိုရန်အောင်ရဲ့ဖေဖေ ကောင်းရာသုဂတိလားပါစေ။
ခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
ဒီပို့စ်လေးကို ၄နှစ်မြောက် ၄ကြိမ်မြောက်လာဖတ်ဖြစ်ပါတယ် နှစ်တိုင်းတနှစ်တကြိမ်လာဖတ်ဖြစ်ပေမယ့် ရင်ထဲမှာဆုပ်ခြေထားသလိုဖတ်ရပြီး အမြဲမျက်ဝန်းတွေစိုစွတ်ရပါတယ် ဘယ်တော့မှလည်းမရိုးနိုင်တဲ့အပြင် တနေ့ငါလည်းကြုံတွေ့ရမယ့်အဖြစ်တခုဆိုပြီး ပိုပြီးတော့မိဘတွေကို ဂရုစိုက်မိပါတယ် ကျေးဇူးတင်ပါတယ်အစ်ကို....
>သစ်သစ်... ကျေးဇူးညီမ.
Post a Comment