ဒီတစ်ခါ Tag ထားတာကို ရေးဖို့ အလှည့်ကျသူကတော့ ဘလော့ဂါ လေးမရဲ့ ဆောင်းအိပ်မက်ပဲ ဖြစ်ပါတယ်ခင်ဗျား….
လေးမက ဆောင်းအိပ်မက်တဲ့. မလေးကလည်း ဆောင်းအိပ်မက် မက်တဲ့အကြောင်း ရေးပြီးပြီ ဆိုတော့ ကျွန်တော်လည်း နာမည် နောက်တစ်ခု ရှာရပါတော့တယ်.
ယုံကြည်ချက်များနဲ့ဆောင်း…. တဲ့
……………
ကျွန်တော့်ဘ၀မှာ ဆောင်းရာသီကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးပါတယ်.
တစ်ခါတစ်ရံမှာ ပျော်ရွှင်မြူးတူးစွာ..
တစ်ခါတစ်ရံမှာ အေးချမ်းငြိမ်သက်စွာ…
တစ်ခါတစ်ရံမှာ လွမ်းဆွတ်ကြေကွဲစွာ…
တစ်ခါတစ်ရံမှာ အားမာန်ပြည့်ဝစွာ…
မတူညီတဲ့ ခံစားချက်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးသလို တူညီတဲ့ ခံစားချက်မျိုးကို ပြန်လည် ခံစားခဲ့ရဖူးတာတွေလည်း ရှိခဲ့တာပေါ့ဗျာ…
….
ဟိုးငယ်ငယ်လေးကတည်းက အဖြစ်အပျက်တွေကတော့ သိပ်ပြီးတော့ မထူးခြားလှပါဘူး. ဆောင်းရာသီရောက်ရင် အိပ်လို့သိပ်ကောင်းတာပဲ မှတ်မှတ်ရရ ဖြစ်နေခဲ့တယ်လေ.
ကျွန်တော့်ဘ၀ကို ငါးတန်းလောက်က စပြီး ဖြတ်ပြောမယ်ဗျာ.
ကျွန်တော့်အဖေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တာဝန်ကျနေခဲ့စဉ်အချိန်ကပေါ့. ဆောင်းရာသီရဲ့ မနက်ခင်းတွေမှာ အဖေက အားကစားလုပ်တတ်တယ်လေ. စစ်တွေမှာ ပွိုင့်ဆိုတဲ့ ကမ်းခြေလေး တစ်ခုရှိတယ်. Weekend တွေဆိုရင် ရခိုင်သူ၊ ရခိုင်သားတွေ အဲဒီ့ကမ်းခြေလေးဖက်ကို ပျော်ပွဲစားသွားတတ်ကြတယ်. ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုရယ်၊ ကျွန်တော့်အဖေရယ်ကတော့ အဲဒီ့ဖက်ကို လမ်းလျှောက်ထွက်ကြပါတယ်.
မနက်ခင်း ၅ နာရီလောက်မှာစပြီး အိမ်ကထွက်ပါတယ်. ပြေးလိုက်၊ မောရင် ရပ်လိုက်၊ လမ်းလျှောက်လိုက်နဲ့ ကျွန်တော်တို့ သုံးယောက် ပျော်ပျော်ပါးပါး အားကစားလုပ်ခဲ့ကြတာ ဆောင်းရာသီရဲ့ မနက်ခင်းတွေထဲက တစ်ခုပါပဲလေ.
ပွိုင့်ကမ်းခြေထိကိုတော့ မသွားခဲ့ပါဘူး. ရေတပ်စခန်းနဲ့ အကျဉ်းထောင်ကြီးကြားထဲက လမ်းဆုံမှာ နောက်ကြောင်း ပြန်လှည့်ခဲ့ကြပါတယ်. အိမ်နားကို ပြန်ရောက်တော့ မေယုလမ်းပေါ်က ကြာဇံကြော်ရောင်းတဲ့ ဆိုင်လေးမှာ ၀က်သားနဲ့ ကြာဇံကြော်ကို ရေနွေးပူပူလေးနဲ့ စားကြပါတယ်.
အဲဒီ့ဆိုင်လေးက အမှတ်တရလေးပါပဲ. အရှေ့မှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူငယ်ချင်းတွေ သွားကြည့်တတ်တဲ့ ဗွီဒီယိုရုံလေး တစ်ရုံလည်း ရှိရဲ့. အဲဒီ့ရုံလေးမှာ ကျွန်တော်နဲ့ ရွယ်တူ ရခိုင်ကောင်လေးတွေနဲ့ ထိုးကြိတ်ခဲ့ဖူးတာလည်း ရှိရဲ့. စာအုပ်အငှားဆိုင်လေးလည်း ရှိရဲ့.
လွမ်းစရာလေးတွေပါပဲလေ.
အိမ်ပြန်ရောက်တော့ အမေက မေးပါလေရော.
မင်းတို့တွေ ဘာစားခဲ့သလဲတဲ့. မင်းအဖေရော ဘာစားခဲ့လဲတဲ့..
ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြောတာပေါ့.
ဝက်သားနဲ့ ကြာဇံကြော်လို့…
အဲဒီ့အခါကျရင် အမေတစ်ယောက် အဖေ့ကို ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပါတော့တယ်.
ဝက်သားနဲ့ ရှင့်ကျန်းမာရေး မတည့်ဘူးဆိုတာ မသိဘူးလား. ဒါကြောင့် မချက်ကျွေးတာကို အပြင်က ၀ယ်စားတယ်. ဘာဖြစ်တယ်. ညာဖြစ်တယ်ပေါ့.
အဖေကတော့ ရယ်ကျဲကျဲနဲ့ သတင်းစာဖတ်နေတတ်ပါတယ်.
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကြည်နူးစရာ အဖြစ်အပျက်လေးတွေ ရှိခဲ့ဖူးပါတယ်..
…..
ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ ကျွန်တော်နဲ့ အစ်ကို အ.ထ.က (၄) ကျောင်းက ပြန်လာခဲ့ကြပါတယ်.
အိမ်ကို ပြန်အရောက် လှေကားထစ်မှာ ဖိနပ်တွေ အများကြီးတွေ့ရပါတယ်.
အိမ်အပေါ်ကို လှမ်းကြည့်လိုက်တော့ တံခါးမကြီးတစ်ချပ်က ပိတ်လျက်သား.
ဘာများဖြစ်လို့ပါလဲ ဆိုတဲ့အတွေးတွေနဲ့ အိမ်ပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့ ကျွန်တော်မတွေ့ဖူးတဲ့ လူကြီးတစ်ချို့နဲ့ အမေ စကားတွေ ပြောနေကြတာတွေ့ရပါတယ်.
အမေက ကျွန်တော့်တို့ ညီအစ်ကိုနှစ်ယောက်ကို မဆူဖို့ မျက်နှာရိပ်မျက်နှာကဲနဲ့ လှမ်းပြပါတယ်.
အပေါ်ရောက်တော့ အဖေအိပ်တဲ့အခန်းထဲမှာ အဖေ့ကို အိပ်လျက်သားတွေ့ရပါတယ်.
ဆရာဝန်က အဖေ့ကို သွေးပေါင်တွေတိုင်းနေတာ၊ မျက်လုံးကိုလှန်ပြီး ဓာတ်မီးအသေးလေးနဲ့ ထိုးကြည့်တာ၊ သူ့ရဲ့ နားကြပ်နဲ့ အဖေ့ရဲ့ ဒူးခေါင်းဆစ်တွေကို ခပ်ဆတ်ဆတ်လေး ရိုက်ကြည့်တာတွေ လုပ်နေတာ တွေ့ရပါတယ်.
ပြီးတော့ အမေ့ကို ပြောပါတယ်.
သတိလည်းပြန်မလည်လာသေးဘူး. ဒူးဆစ်တွေကလည်း တုံ့ပြန်မှု မရှိဘူး. ဆေးရုံတင်တာ အကောင်းဆုံးပဲတဲ့..
အမေလည်း ပစ္စည်းတွေသိမ်း၊ အဖေ့ရဲ့ တပည့်တွေကို ကားထုတ်ခိုင်း၊ ဆေးရုံကို ဖုန်းဆက်ခိုင်းနဲ့ အလုပ်တွေများသွားပါတော့တယ်.
ကျွန်တော်သာ အဲဒီ့တုန်းက အရွယ်ရောက်ခဲ့ရင် အမေ့ကို ကူညီနိုင်ခဲ့မှာနော်…
အစ်မနှစ်ယောက်လုံးကလည်း ရန်ကုန်မှာ ကျောင်းနဲ့ သင်တန်းတွေနဲ့ အဖေနေမကောင်းတာတောင် မသိခဲ့ကြသေးဘူး.
အမေတစ်ယောက် ဘယ်လောက်များ စိတ်ဒုက္ခတွေ ခံစားခဲ့ရမလဲလို့ ကျွန်တော်ခုမှ ပြန်ပြီး ကိုယ်ချင်းစာမိခဲ့တယ်.
အဲလို မဖြစ်ခဲ့ခင်တုန်းက အဖေက အမေ့ကို သူ့ရဲ့ ယူနီဖောင်းတစ်စုံကို သေချာ ချုပ်ခိုင်းနေခဲ့တာ ကျွန်တော်မှတ်မိနေသေးတယ်.
ဒီကုတ်အင်္ကျီက လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ၀တ်ရမှာ. အဲဒါ. ဒီနေရာမှာ အပွင့်လေးတွေကို ဒီလိုတပ်နဲ့ အဖေက အမေ့ကို မှာနေခဲ့တာပေါ့.
အမေလည်း နေ့တွင်းချင်းပဲ ချုပ်ပေးခဲ့ပါတယ်. အဲဒီ့အင်္ကျီကို မကြေအောင် မီးပူတိုက်လို့ နံရံမှာ ချိတ်နဲ့ ချိတ်ထားသေးတယ်. အရမ်းကို ခန့်ညားလွန်းလို့ ကျွန်တော်တောင် ခဏခဏ သွားကိုင်ကြည့်မိသေးတယ်.
အမေကတော့ ကျွန်တော်အဲလိုသွားကိုင်ကြည့်တိုင်း “ဟဲ့. ကြေကုန်မယ်.” ဆိုပြီး ဆူတာဗျ.
ကျွန်တော်ကလည်း ကျွန်တော်ပဲလေ. အမေလစ်တာနဲ့ သွားသွားကိုင်ကြည့်တာ.
….
ဇန်န၀ါရီ (၂) ရက်နေ့မှာ နှင်းတွေ အရမ်းကို ကျနေခဲ့ပါတယ်.
အဲဒီ့နေ့မှာ ကျွန်တော့်ဖေဖေ ကွယ်လွန်ခဲ့ပါတယ်.
အဖြစ်အပျက်အသေးစိတ်တွေက ကျွန်တော့်ရဲ့ မျက်ဝန်းအိမ်ထဲမှာ၊ ဟောဒီ့ရင်ဘတ်ထဲမှာ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်ထားသလို စွဲကျန်ထင်ဟပ်နေဆဲပါပဲ.
ကျန်တာတွေ ကျွန်တော်ရေးမပြချင်ပေမယ့် တစ်ခုတော့ ကျွန်တော်ပြောနိုင်ပါတယ်.
အဲဒီ့နေ့က ဘယ်သူမှ သတိမထားမိကြတဲ့ အဖေ့ရဲ့ ကုတ်အကျီင်္နားမှာ ကျွန်တော့်မျက်နှာကို အပ်ထားမိခဲ့တယ် ဆိုတာပါပဲ….
အဖေ့ရဲ့ ကုတ်အင်္ကျီ အိတ်ကပ်ထဲကို စီးဆင်းကျသွားတဲ့ ကျွန်တော့်ရဲ့ မျက်ရည်တွေထဲမှာ အဖေမျှော်လင့်ခဲ့တဲ့ သားကောင်းရတနာ တစ်ယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားပါမယ်ဆိုတဲ့ ကတိက၀တ်စကားတွေလည်း ပေါင်းစပ်မျောဝင်နေခဲ့တယ်..
နှင်းမြူတွေမစဲတဲ့ ဆောင်းရာသီရဲ့ မနက်ခင်းတစ်ခုမှာ အဖေ့ကို ကျွန်တော်ပြန်မလာနိုင်တော့တဲ့ တစ်နေရာမှာ အပြီးအပိုင်ထားရစ်ခဲ့လို့ သဘောင်္ကြီးနဲ့ ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတော့တယ်.
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကြေကွဲလွမ်းမောစရာတွေနဲ့ ပြည့်လျှမ်းခဲ့ဖူးပါတယ်….
….
မိသားစုတစ်ခု အယိုင်ယိုင်အလဲလဲနဲ့ နေရာအနှံ့မှာ အဆင်ပြေအောင်နေခဲ့ရတဲ့ အချိန်ကာလတွေမှာ ဆောင်းရာသီဟာ ကုန်လွယ်လွန်းခဲ့ပါတယ်. ကျွန်တော်မှတ်မိနေခဲ့တာကတော့ ဆောင်းရာသီရဲ့ ညချမ်းတွေမှာ ပဲနွယ်ကုန်းမြို့လေးရဲ့ လမ်းဆုံထိပ်က မုန့်လေပွေရောင်းတဲ့ဆိုင်မှာ ကျွန်တော် ခဏခဏ မုန့်ဝယ်စားဖြစ်ခဲ့တာပါပဲ.
မုန့်လေပွေကို မီးဖိုပေါ် ညှပ်နှစ်ခုနဲ့ ကျင်လည်စွာ ကင်နေတဲ့ အမေအိုကြီးရဲ့ ဇရာထောင်းနေတဲ့ အသွင်အပြင်ကို ကြည့်ပြီးတော့ ခုနစ်တန်းကျောင်းသား ကျွန်တော်တစ်ယောက် ကြိမ်းဝါးခဲ့ဖူးပါသေးတယ်.
ငါ့အမေ ဘယ်တော့မှ မဆင်းရဲစေရဘူး… လို့….
ပဲနွယ်ကုန်းမြို့လေးက သိပ်ကို အေးချမ်းပါတယ်. အရင်တုန်းကတော့ ရောင်စုံတော်လှန်ရေးသမားတွေနဲ့ ခြေရှုပ်ခဲ့တဲ့နေရာ၊ သေနတ်သံတွေ ခဏခဏကြားရတတ်တဲ့နေရာလို့ အမေက ပြောပြခဲ့ဖူးပါတယ်. ကျွန်တော်တို့ မိသားစု ခေတ္တနားခိုခဲ့တဲ့ အချိန်ကတော့ အေးချမ်းတည်ငြိမ်နေခဲ့ပါတယ်.
ပဲနွယ်ကုန်းဘူတာရုံကြီးနားမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်နားမှာ ကျွန်တော်တစ်ယောက် နံပြားထောပတ်သုတ် ခဏခဏသွားစားခဲ့ဖူးပါတယ်.
မီးရထားသံလမ်းကြီးကို ကူးလိုက်ရင် ဟိုဖက်ခြမ်းမှာ ကြံတွေတင်ထားတဲ့ ရထားတွဲကြီးတွေ ရှိတတ်ပါတယ်. ကျွန်တော်တို့ သူငယ်ချင်းတွေ ကြံချောင်းတွေ သွားဆွဲချပြီး ဒူးခေါင်းပေါ်မှာ ကြံချောင်းတွေကို တင်ပြီး ချိုးစားကြတာကလည်း စာရိတ္တပိုင်းအရ မကောင်းခဲ့ပေမယ့် တကယ်ကို ရင်ခုန်ပျော်ရွှင်စရာ ကောင်းခဲ့တာကိုတော့ ကလေးဘ၀ကနေ ကြီးပြင်းလာခဲ့တဲ့ လူကြီးတိုင်း ကိုယ်ချင်းစာမိတတ်ကြမယ် ထင်ပါတယ်လေ…
အေးစိမ့်စိမ့်နံနက်ခင်းတွေမှာ ကျောင်းဖက်ကို စက်ဘီးနဲ့ သွားရတာကလည်း ခံစားချက်တစ်မျိုးပါပဲ. ကျောင်းဘေးနားက လယ်ကွင်းစိမ်းစိမ်းကြီးတွေထဲမှာ လက်နှစ်ဖက် ဆန့်တန်းထားတဲ့ စာခြောက်ရုပ်ကြီးတွေ၊ ကျေးငှက်ကလေးတွေ ပျံသန်းနေတာတွေ၊ မြို့ပေါ်ကို တက်ပြီး ဈေးလာရောင်းကြတဲ့ နွားလှည်းကြီးတွေ၊ ကျောင်းဘေးနားက သံလမ်းပေါ်ကနေ ခုတ်မောင်းသွားတဲ့ မီးသွေးတင်တဲ့ ရထားကြီးတွေနဲ့ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရနေ့စွဲများကို ဖန်တီးပေးခဲ့တာလည်း ဆောင်းရာသီရဲ့ မနက်ခင်းတွေထဲက တစ်ခုပဲပေါ့…
….
နေရာအနှံ့ပြောင်းရွှေ့ခဲ့ကြတဲ့ ကျွန်တော်တို့ မိသားစုအတွက် ပြောင်းလဲခြင်းတွေကို စတင်ယူဆောင်ပေးလာနိုင်ခဲ့တဲ့ ရောင်ခြည်တန်းတွေကို မိတ္ထီလာမြို့မှာ ကျွန်တော်စတင်တွေ့ရှိခဲ့ပါတယ်.
ဆွေမျိုးတွေအားကိုးနဲ့ မိတ္ထီလာမြို့ကို ပြောင်းရွှေ့ခဲ့တဲ့ အမေ့ရဲ့ ဆုံးဖြတ်ချက် မှန်လည်းမှန်ခဲ့ပါတယ်. မှားလည်းမှားခဲ့ပါတယ်.
မှားခဲ့တာကတော့ ဆွေမျိုးတွေက ကျွန်တော်တို့ မိသားစုကို အဖက်မလုပ်တာပါပဲ.
မှန်ခဲ့တာကတော့ အဲလိုမျိုး ဆွေမျိုးတွေရဲ့ အထင်သေးခြင်းကို ခံခဲ့ရလို့ ကျွန်တော့်ရဲ့ ဘ၀နာကျည်းချက် အထွတ်အထိပ်ကို ရောက်ခဲ့ပြီး အောင်စိတ်ပိုမိုမြင့်မားလာခဲ့တာပါပဲ.
အမေ့အတွက် ကျူရှင်စရိတ်တွေ မကုန်အောင် လိုအပ်တဲ့ဘာသာရပ်တွေလောက်ပဲ ယူပြီး ကျွန်တော် အားစိုက်ကြိုးစားခဲ့ပါတယ်.
ဆယ်တန်းအောင်ပြီး နောက်တစ်နှစ်မှာ ဆုပေးပွဲလုပ်ပါတယ်.
အဲဒီ့အချိန်မှာ ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မရယ်ကတော့ မန္တလေးမြို့မှာ ရောက်နေခဲ့ပြန်ပြီပေါ့…
ဒီဇင်ဘာ (၈) ရက် နေ့မနက်ခင်းမှာ ကျွန်တော်သိပ်ချစ်တဲ့၊ သိပ်ပြီးတော့ ထက်မြက်တဲ့ ကျွန်တော့်တူမလေးကို မွေးဖွားခဲ့ပါတယ်.
အဲဒီ့နေ့မှာပဲ မိတ္ထီလာမြို့ရဲ့ အထက်တန်းကျောင်းလေး တစ်ကျောင်းမှာ ကျွန်တော်တစ်ယောက် အမှတ်အများဆုံး ဂုဏ်ထူးရှင်ဆုကို ရယူလို့ အမေရှိတဲ့ မန္တလေးမြို့ကို ဂုဏ်ယူစွာနဲ့ ပြန်လာခဲ့ပါတယ်.
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကျေနပ်အားရစရာ၊ ဂုဏ်ယူဝံ့ကြွားစရာတွေနဲ့ ကြည်လင်အေးမြခဲ့ဖူးပါတယ်…
….
မန္တလေးမြို့ရဲ့ ဆောင်းရာသီကတော့ မှတ်မှတ်ရရလေးတွေချည်းပါပဲလေ.
ကျောင်းတွေပိတ်သွားတော့ ကျွန်တော်တစ်ယောက် အမျိုးသားစာကြည့်တိုက်ကြီးမှာ တစ်ပတ် (၅) ရက်စာသွားဖတ်ခဲ့ပါတယ်. ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေကို ပိုမိုခိုင်မာမြင့်မားလာအောင် စနစ်တကျ လေ့ကျင့်တည်ဆောက်ခဲ့ပါတယ်.
ညနေခင်းတွေမှာတော့ ၂၆ ဘီလမ်းတလျှောက် စက်ဘီးလေးစီးလို့ နန်းရှေ့က လင်းရောင်ခြည်စာကြည့်တိုက်မှာ လုပ်အားပေးလုပ်ရင်း ကျွန်တော့်ရဲ့ ရှက်တတ်ကြောက်တတ်တဲ့ စိတ်ဓာတ်ကို ကြိုးစားဖျောက်ဖျက်ခဲ့ပါတယ်.
ည (၉) နာရီဆိုရင် ဟောင်ကောင်စတိုး ပိတ်ပြီလေ. အဲဒီ့စတိုးဆိုင်က အရောင်းမိန်းကလေးတွေထဲက တစ်ယောက်က အရမ်းကို လှတယ်ဗျ. သူ့ကို ၀ိုင်းလိုက်တဲ့သူတွေက မနည်းဘူး.
စာကြည့်တိုက်ပိတ်ချိန်ရောက်ရင် …..
လမ်းကြောင်းတွေလွဲသွားပြီဗျာ. ဆောရီး… နောက်မှပဲ.
(ဟတ်ဟတ်)
…
ဝမ်းနည်းကြေကွဲခဲ့ရတဲ့ အချိန်တွေ လွန်မြောက်ခဲ့ပြီလို့ ကျွန်တော်ကိုယ်တိုင်လည်း မှတ်ယူခဲ့ပါတယ်.
ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ် သွားရရေးက ကျွန်တော့်ဘ၀ရဲ့ အိပ်မက်တစ်ခုပါပဲ.
နွေ၊မိုး၊ဆောင်း. ဘယ်လိုပဲ ပြောင်းပြောင်း ကျွန်တော် ဂျပန်စာကို အာရုံစူးစိုက်ပြီး သင်ခဲ့ပါတယ်. ကျောင်းတော်ကြီးကို ၃ နှစ် ၃ မိုးထိ ပိတ်ခဲ့တာတောင်မှ တစ်ခြားဘာမှမလုပ်ဘဲ ဂျပန်စာကိုသာ အာရုံစိုက်ပြီး သင်ယူခဲ့တာပါ.
ကျောင်းတွေ ပြန်ဖွင့်တော့ ကျွန်တော်တစ်ယောက် မျှော်လင့်ချက်တွေ အပြည့်နဲ့ပေါ့. Roll No. အရရော၊ ဂျပန်စာ တတ်ကျွမ်းမှုအရရော ကျွန်တော့်မှာ အင်အား ပြည့်ဝနေခဲ့ပါတယ်.
ဒါပေမယ့် သတင်းဆိုးတစ်ခုက ကျွန်တော့်ကို ယိုင်လဲသွားစေခဲ့ပါတယ်.
ဂျပန် ပညာတော်သင်ဆု မပေးတော့ဘူးတဲ့. စစ်အစိုးရက စစ်အင်ဂျင်နီယာကျောင်းက စစ်ဗိုလ်တွေကို စက်မှုတက္ကသိုလ်ကျောင်းသားတွေ ပုံစံလုပ်ပြီး ထည့်ပေးနေတာကို ဂျပန်အစိုးရက သိသွားလို့တဲ့…
အဲဒီ့သတင်းမှန်သလား မှားသလားတော့ ကျွန်တော်မသိခဲ့ပါ. ဒါပေမယ့် ဂျပန်ပညာတော်သင်ဆု တကယ်မရှိတော့တာကိုတော့ ကျွန်တော်သိရှိခဲ့လိုက်ရပါတယ်.
ဘယ်လိုပြောရမလဲဗျာ.
သိပ်ပြီးတော့ မျှော်လင့်နေခဲ့တဲ့ အရာတစ်ခု ပျောက်ဆုံးပျက်စီးသွားတာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ နုနယ်ငယ်ရွယ်သေးတဲ့ နှလုံးသားတစ်ခုအတွက် ၀န်နဲ့အားမမျှခဲ့တဲ့ ခံစားချက်တစ်ခုမျိုး ဖြစ်ခဲ့ပါတယ်.
အဲဒီ့တုန်းက မန္တလေး ကျုံးကြီးဘေးနားမှာ ကျွန်တော်သွားထိုင်ခဲ့ပြီး ငြိမ်သက်နေတဲ့ ကျုံးရေပြင်ကျယ်ကြီးကို အကြာကြီး စိုက်ကြည့်လို့ ဗလောင်ဆူနေတဲ့ အတ္တတွေနဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့ဖူးပါတယ်…
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ၀မ်းနည်းကြေကွဲစရာတွေကို တစ်ကြိမ်မက ခံစားကြုံတွေ့ခဲ့ရဖူးပါတယ်…
…..
ဂျပန်စာအုပ်တွေကို သေတ္တာထဲ သော့ခတ်သိမ်းဆည်းလို့ အရာရာကို အသစ်က ပြန်စမယ်ဆိုတဲ့ ယုံကြည်ချက်အသစ်တွေနဲ့ ကျွန်တော် ရန်ကုန်မြို့ကို အပြီး ပြောင်းလာခဲ့ပါတော့တယ်.
ရန်ကုန်ကိုရောက်ပြီး မကြာခင်မှာပဲ နိုင်ငံခြားထွက်ခွင့်ရရေးအတွက် ကျွန်တော် အစွမ်းကုန်လေ့လာ ကြိုးစားခဲ့ပါတယ်.
သူငယ်ချင်းတွေ စင်ကာပူကို သွားလို့ အခြေတောင် ကျတော့မယ့် အချိန်မှာ ကျွန်တော်ကတော့ ကျွန်တော်ချမှတ်ထားတဲ့ ပန်းတိုင်အတွက် မှန်မှန်လေး ချီတက်နေခဲ့တုန်းပါပဲ.
အင်မတန်မှကိုပဲ ခက်ခဲခဲ့ပါတယ်. ကျွန်တော့်စိတ်ဓာတ်တွေ ပွန်းပဲ့လို့ နှလုံးသားမှာလည်း ဒဏ်ရာတွေ စွန်းထင်းခဲ့ပါတယ်. နောက်ဆုံး အမေကတောင် ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို မယုံကြည်တော့သလို ဖြစ်လာခဲ့ပါတော့တယ်.
ကျွန်တော်တစ်ခုပဲ ပြောခဲ့ပါတယ်.
ဒီတစ်နှစ် ကျွန်တော်ဆက်ပြီး ကြိုးစားကြည့်ချင်သေးတယ် လို့လေ..
ကျွန်တော် လိုချင်တာကို ထိုက်တန်စွာ ရယူနိုင်ခဲ့ပါတယ်.
ဖေဖော်ဝါရီ မနက်ခင်းတစ်ခုမှာ ကျွန်တော့်ဆီကို ရောက်လာခဲ့တဲ့ DHL စာအိတ်ဝါကြီးထဲမှာ ကျွန်တော့်ဘ၀ကို ပြောင်းလဲပေးမယ့် စာတစ်စောင် ပါလာခဲ့ပါတော့တယ်.
အဲဒီ့စာကို ဖွင့်ဖတ်လို့ အမေ့မျက်ဝန်းတွေထဲကို စိုက်ကြည့်ရင်း ကျွန်တော်ပြောခဲ့တာကတော့
သား. စကောလားရှစ် ရပြီ အမေ…
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကျေနပ်အားရစရာ၊ ဂုဏ်ယူဝံ့ကြွားစရာတွေကို တစ်ကြိမ်မက ခံစားတွေ့ကြုံခဲ့ရဖူးပါတယ်…
….
ဗီဇာကို နှစ်ကြိမ်တိတိ ခက်ခဲစွာ ဖြေဆိုအောင်မြင်ပြီး ဒီကိုရောက်လာတော့ ကျွန်တော်လေ့လာမှတ်သားခဲ့ရဖူးတဲ့ ဘ၀အတွေ့အကြုံ သင်ခန်းစာတွေကို လက်တွေ့ အသုံးချရပါတော့တယ်.
အောင်မြင်တာတွေနဲ့ ကြုံကြိုက်ခဲ့ရဖူးသလို ရှုံးနိမ့်စိတ်အားငယ်စရာတွေကလည်း ဒုနဲ့ဒေးပါပဲလေ.
၂၀၀၆ ရဲ့ တစ်ခုသော ဒီဇင်ဘာညနေခင်းမှာ နှင်းတွေမကျခဲ့ပေမယ့် အေးစိမ့်နေခဲ့ပါတယ်.
အဲဒီ့အချိန်မှာ ကျွန်တော် မြတ်နိုးတွယ်တာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်နဲ့ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်…
Amtrak ရထားကြီးပေါ်မှာ သူမဆီက လာမယ့် msg လေးကို မျှော်လို့၊ ဖုန်းလေးကို လက်ထဲမှာ အသင့်ဖွင့်ထားလို့၊ ဘူတာရုံမှာ သူမများ ရုတ်တရက်ပေါ်လာမလားလို့ ဆိုတဲ့အတွေးတွေနဲ့ ကျွန်တော်မိန်းမောတွေဝေနေခဲ့ချိန်မှာတော့ ကျွန်တော့်ရဲ့ ရထားပြတင်းဝမှာ နှင်းတွေ ကျနေခဲ့တယ်ဗျာ….
ဆောင်းရာသီကျောင်းတစ်လ ပိတ်တုန်းက ပင်ပင်ပန်းပန်း အဆူအဆဲခံလို့ ရှာဖွေထားခဲ့ရတဲ့ တစ်လစာ လုပ်အားခကို ကျောပိုးအိတ်ထဲမှာ ကျစ်လျစ်စွာ ပွေ့ပိုက်သိမ်းဆည်းလို့ ကျောင်းတော်ကြီးဆီ ပြန်လာခဲ့ရတဲ့ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ
အလွမ်းတွေ…. နောင်တတွေ… ခံစားချက်တွေ… အထီးကျန်ဆန်မှုတွေ… ခံပြင်းစိတ်တွေ… အို….ဝေဒနာတွေနဲ့ပေါ့ဗျာ…
ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ၀မ်းနည်းကြေကွဲစရာတွေကို တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ ခံစားကြုံတွေ့ခဲ့ရဖူးပါတယ်…
…
ကျွန်တော်ဟာ ရေတွင်းတူးရင် ရေထွက်အောင်တူးတတ်တဲ့သူပါ.
ဒါပေမယ့် သတင်းအချက်အလက်တွေအရ ဒီတွင်းအောက်ခြေမှာ ရေမရှိဘူးဆိုတာ သေချာရင်လည်း ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ. နောက်ထပ်တွင်းတစ်တွင်းကို ပြောင်းတူးဖို့အတွက် ၀န်မလေးပါဘူး..
ဂျပန်ပညာတော်သင်ဆုအတွက် မျှော်လင့်ချက်မရှိတော့တဲ့နောက် ဂျပန်စာအုပ်တွေကအစ မျက်စိရှေ့က ဖျောက်ဖျက်ပစ်လို့ ကျွန်တော့်ရဲ့ အခြေအနေအရ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ ဒီနေရာကို ရောက်အောင် အင်အားအပြည့်အ၀ စိုက်ထည့်ခဲ့ဖူးပါတယ်.
အဲဒီလို ခပ်ဆင်ဆင် ဖြစ်ရပ်မျိုးတွေနဲ့ ကျွန်တော့်ဘ၀မှာ အကြိမ်များစွာ တွေ့ကြုံခဲ့ရဖူးပါတယ်. ခုလည်း ကျွန်တော့်အတွက် တက်လမ်း မရှိတော့တဲ့ ကျောင်းတော်ကြီးကို စွန့်ပစ်လို့ ကူညီဖေးမမယ့်သူ မရှိတဲ့ ဟောဒီ့မြို့တော်ကြီးရဲ့ အလယ်မှာ ရေတွင်းသစ်တစ်ခုကို ကျွန်တော်ပြန်လည်စတင် တူးဖောက်နေခဲ့ပါပြီ…
ဒီဇင်ဘာရဲ့ အေးမြတဲ့ မနက်ခင်းလေးတစ်ခုမှာ ဟောဒီ့ပို့စ်လေးကို ကျွန်တော်ရေးသားနေခဲ့ပါတယ်.
ဒီဆောင်းရဲ့ မနက်ခင်းဟာ
ကြေကွဲစရာလား
နာကျည်းစရာလား
ဝမ်းမြောက်စရာလား
အားရစရာလား..
ဒါကိုတော့ ကျွန်တော်အသေအချာ မသိနိုင်ခဲ့သေးပါဘူး…
တစ်ကြိမ်မက ခံစားတွေ့ကြုံခဲ့ရဖူးတဲ့ ခံစားချက်တွေကို ပြန်လည်တွေ့ကြုံခံစားရဖို့ မတုန်လှုပ်တတ်တာကလည်း ကျွန်တော့်ရဲ့ ညာဉ်တစ်ခုလို ဖြစ်နေခဲ့ပါပြီ…
ဒီဆောင်းမှာ ခံစားချက်တစ်ခုခုကိုတော့ ကျွန်တော်တွေ့ရှိပါဦးမယ်….
အဲဒါဘာလဲဆိုတာကိုတော့ ကျွန်တော်မခံစားနိုင်သေးဘူး…
သေချာတာကတော့
ကျွန်တော့်ရဲ့ ဆောင်းရာသီမှာ ယုံကြည်ချက်သစ်ပင်တွေ မြင့်မားခိုင်မာနေဆဲပဲ….
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်
7 comments:
ကိုရန်... ၀မ်းနည်းစရာတွေ တူးဆွသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ ...။
ဘာပဲပြောပြော ကိုရန်က တကယ်ကြိုးစားတာပဲ ...။
လေးစားတယ် ကိုရန် ...။
ကိုရန့်ဖေဖေကတော့ တကယ့်ကို ကျေနပ်နေမှာပါ ...။
လေးစားပါတယ်ကိုရန်အောင်ရယ်။ တော်တော်ရုန်းကန်ခဲ့ရတာပဲ။ အစ်ကိုဒီလိုအောင်မြင်လာတာကို ၀မ်းလည်းသာတယ် ဂုဏ်လည်းယူပါတယ်။ နောက်လည်းကိုယ်လုပ်ချင်တာတွေအားလုံး အောင်မြင်နိုင်ပါစေနော်။
ဒီပိုစ်ကိုဖတ်ပြီး ဘယ်လိုခံစားလိုက်ရမှန်းမသိပါဘူး ကိုရန်အောင်။ ငိုင်ကျသွားတယ်။
တစ်ကယ်တော့ ဘ၀ဆိုတာ လွမ်းမောဘွယ်ရာ ခရီးရှည်ကြီး တစ်ခုပဲလား။ ကျွန်မအဖေလဲ နှစ်တစ်နှစ်ရဲ့ ဇန၀ါရီ ၃ ရက်နေ့မှာ လူ့ဘ၀ထဲက ထွက်ခွာသွားခဲ့ပါတယ်။
ကိုရန်ရေ
ဒီပို့စ်ကို ဖတ်ပြီး ခံစားချက်မျိုးစုံကို ခံစားရပါတယ်။ ကိုရန်က
အခက်အခဲတွေနဲ့ တော်တော်ရင်ဆိုင်ခဲ့တာရတာပဲနော်။ အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့တဲ့ အတွက် လေးလည်းလေးစားပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ နောက်ကြုံတွေ့လာမယ့် အခက်အခဲတွေကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေနော်။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
လေးစားစွာဖြင့်
မေပျို
ကိုရန်အောင်ရဲ့ ဘ၀အမောတွေ ဖတ်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး..ဒါပေမဲ့ အောင်မြင်အောင် ဆက်လှမ်းနိုင်တဲ့စိတ်ဓာတ်ကတော့ လေးစားဖို့ကောင်းပါတယ်..
ဘ၀ဆိုတာ ဒီလိုပါပဲ..ကိုရန်အောင်...
ဆက်လက်လှူပ်ရှား ရုန်းကန်ရမှာပဲ
ကျဆုံးသွားတိုင်း မတ်မတ်ပြန်ရပ်နိုင် ဖို့ ကြိုးစား ရမှာပဲ
ဆက်လက်အောင်မြင်ပါစေ..။
တကယ်ကို ထိထိခိုက်ခိုက်ခံစားရပါတယ်
ကျတိုင်းပြန်တက်နိုင်တာဟာ လူတိုင်းမှာမရှိနိုင်တဲ့ အရည်အချင်းတစ်ရပ်ပါ.. ကိုရန့်ဖေဖေရောက်တဲ့နေရာက ကျေနပ်သလို ကိုရန့်ရဲ့မေမေကလည်း ဂုဏ်ယူနေမှာပါ..
တကယ်ကို ထိထိခိုက်ခိုက်ခံစားရပါတယ်
ကျတိုင်းပြန်တက်နိုင်တာဟာ လူတိုင်းမှာမရှိနိုင်တဲ့ အရည်အချင်းတစ်ရပ်ပါ.. ကိုရန့်ဖေဖေရောက်တဲ့နေရာက ကျေနပ်သလို ကိုရန့်ရဲ့မေမေကလည်း ဂုဏ်ယူနေမှာပါ..
Post a Comment