တစ်နေ့ ငါသေရမှာပါ…
ငါမရှိတော့တဲ့ အချိန်ကျရင် ကမ္ဘာလောကကြီးက ဘယ်လိုငိုကြွေးနေမလဲ…
ငါဟာ အရေးပါအရာရောက်တဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေနိုင်ခဲ့သလို ဘာမှအလေးမထားလောက်တဲ့ ပရမာအဏုမြူတမျှ သေးငယ်သိမ်နုပ်ကောင်း သိမ်နုပ်နေနိုင်ပါတယ်.
ဘာပဲဖြစ်ဖြစ်လေ.
ဒီလောကကြီးထဲမှာ ငါ နေခဲ့ဖူးတယ်…
….
ဆိုကြပါစို့…
ငါ အသက်(၈၀) မှာ သေရမယ်…
ငါ့ရဲ့ အသားအရည်တွေ ရွတ်တွလို့…
အရောင်အဆင်းတွေ မှေးမှိန်လို့…
ခြေတွေလက်တွေ တုန်ချိလို့…
အသက်ကို အနိုင်နိုင်ရှူလို့…
ငါ အသက်ငင်နေချိန်မှာ ငါ့ဘေးနားမှာ ငါသိပ်ချစ်ခဲ့တဲ့ ဘ၀လက်တွဲဖော်ရယ်၊ သားမြေးမြစ်တွေရယ် တရုံးရုံးနဲ့….
သူတို့ငိုနေကြမလား…
ဒါမှမဟုတ် သူတို့လေးတွေရဲ့ စိတ်ထဲမှာ ဒီအဘိုးကြီးတော့ ၀ဋ်ကျွတ်သွားရှာလေပြီလို့ ဖြေတွေးနေမလား…
ဒါမှမဟုတ် ဒီအဘိုးကြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူ့ကို လွှဲပေးခဲ့မလဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ငါ့ရဲ့ ရင်ဘတ်အနားမှာ တိုးဝှေ့နေကြမလား…
ငါ့ရဲ့ ဘ၀လက်တွဲဖော်ရော အဲဒီ့အချိန်မှာ ငါ့ဘေးနားမှာ ထိုင်ပြီး ငါ့လက်ကို ကိုင်လို့ ငိုကြွေးနေမလား….
ဒါမှမဟုတ် သူကပဲ ငါ့အရင် နှုတ်ဆက်ထွက်ခွာသွားလေမလား…
ငါမှန်းဆမြင်ယောင်ကြည့်နေမိခဲ့တယ်…
ငါ့ရဲ့ အသုဘကိုပေါ့…
….
ဘုရားကျောင်း ရဟန်း ဒါယိကာကြီး
ဦးရန်အောင်
အသက် (၈၀)
… … … နေ့တွင် ကွယ်လွန်သည်
ကောင်းရာသုဂတိလားစေသော်ဝ်…
……
အို… ဒါ ငါ့ရဲ့ အုတ်ဂူပေါ်မှာ ရေးထိုးထားမယ့် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေလား…
ငါ့ရဲ့ အုတ်ဂူတံခါးကို အသာတိုးဝင်လို့ အထဲကို လှမ်းကြည့်လိုက်တော့…
ပုပ်အက်အက် အနံ့တစ်ချို့..
အသားတွေ ခန်းခြောက်နေတဲ့ အရိုးစုတစ်ခု…
ရိရွဲကြွေကျနေတဲ့ ဆံပင်မွေးညှင်းတွေ…
အော့အန်ချင်တဲ့ ငါ့ရဲ့ စိတ်တွေကို မနည်းထိန်းချုပ်လို့ အုတ်ဂူအပြင်ဖက်ကို ငါပြန်လည်လွင့်မျောခဲ့မိတယ်..
ကျေးဇူးပြု၍ အကျွန်ုပ်အား တည်ငြိမ်အေးချမ်းခြင်းကို ပေးသနားတော်မူပါ ဘုရားသခင်…
အပြင်မှာလည်း ငါ့လိုလွင့်မျောနေတဲ့ တိမ်တိုက်ဖြူတွေ အများကြီးပါလား…
….
ဒီအချိန်မှာပဲ မိုးစက်လေးတွေ တဖြောက်ဖြောက်ကြွေကျလာခဲ့တယ်…
ငါ့အုတ်ဂူပေါ်က ငါ့ဓာတ်ပုံပေါ်ကို မိုးစက်တွေ အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လာချိန်မှာ ဘယ်သူမှ လာပြီး မကာကွယ်ပေးနိုင်ကြတော့ဘူးနော်…
အေးပေါ့လေ…
အသက် (၈၀) ဆိုတာ နေပျော်တဲ့ အရွယ်ပဲကို…
မိုးစက်တွေနဲ့ ငါ့မျက်ရည်စတွေ ရောထွေးလို့ ပထ၀ီမြေကြီးပေါ် သက်ဆင်းကုန်ကြတယ်.
ငါ တကယ်ပဲ သေဆုံးခဲ့တာလားဟင်….
….
လေပြင်းတစ်ချက်အဝှေ့မှာ ခေါင်ရမ်းပွင့်လေးတစ်ပွင့် ငါ့အုတ်ဂူပေါ် ကြွေကျလာခဲ့တယ်.
လှလိုက်တာ…
အနည်းဆုံး ဒီပန်းပွင့်လေးက ငါ့အုတ်ဂူပေါ်ကို ရွေးပြီး ကြွေကျပေးသေးတယ်.
ငါမင်းကို သိပ်ချစ်တယ်ကွယ်..
အို… မင်းလည်း ငါ့ရင်ခွင်ထဲမှာ ကြာကြာမနေနိုင်ရှာဘူးနော်..
လေပြင်းတစ်ချက် ရိုက်အခတ်မှာ မင်းမလိုလားတဲ့ နေရာလေးတစ်ခုဆီကို လွင့်မျောသွားရရှာတယ်.
အေးပေါ့လေ. ကိုယ့်ဘ၀ရဲ့ ဦးတည်ချက်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်သရွေ့ ပတ်ဝန်းကျင်ရဲ့ သယ်ဆောင်ရာကို ခံရမှာ ဓမ္မတာပါပဲ…
ငါသက်ပြင်းရှည်တစ်ချက် ရှိုက်လိုက်မိတယ်…
ငါလက်ခံလိုက်ပါပြီ…
ငါတကယ်ပဲ သေဆုံးသွားခဲ့ပြီ…
….
မိုးရေတွေ စိုရွှဲနေတဲ့ င့ါအုတ်ဂူဖြူဖြူလေးပေါ်မှာ တစ်ယောက်တည်း ထိုင်နေခဲ့ရင်း ငါဖြတ်သန်းလာခဲ့တဲ့ ဘ၀အကြောင်း ပြန်လည် စဉ်းစားနေခဲ့မိတယ်.
ဟိုးခပ်လှမ်းလှမ်းမှာ မီးအိမ်ရှင်တစ်ယောက် သုဿန်ထဲကို လှမ်းဝင်လာနေတာ သတိထားမိတယ်…
ဒီအချိန်မှာ ငါဘာကိုမှ မစဉ်းစားချင်တော့ဘူး..
ငါ့ရဲ့ ရှင်သန်ခဲ့မှု ဖြစ်စဉ်ကို ပြန်တွေးကြည့်ရင်း ငါ့ရဲ့ တန်ဖိုးကို တွက်ချက်ကြည့်ချင်တာပဲ ငါသိတယ်.
ငါရှက်နေမိတယ် သိလား
ဘာလို့လဲဆိုတော့ ငါမရှိရင် ဒီလောကကြီး တစ်စုံတစ်ခု ဖြစ်သွားတော့မှာပဲလို့ ငါထင်နေခဲ့မိတာလေ…
လောကကြီးကတော့ ဆက်လက်လှုပ်ရှား ရွေ့လျားနေဆဲပါပဲ…
လောကကြီးက ခပ်ပြုံးပြုံးနဲ့ ငါ့ကို ပြောတယ်...
Men may come and men may go
But I go on forever...
တဲ့...
ငါသာ…
ငါသာ…
…….
ငါဟာ ရည်မှန်းချက်သိပ်ကြီးတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်.
ငါ့ဘ၀မှာ မဖြစ်ဘူးဆိုတာ မရှိစေရဘူးလို့လည်း ယတိပြတ်ဆုံးဖြတ်ချက်ခိုင်မာခဲ့သူလည်း ဖြစ်ခဲ့တယ်.
ငါ့ဘ၀မှာ မပြည့်စုံမှုတွေနဲ့ ပြည့်လျှမ်းနေခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ငါလိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ငါလှမ်းခဲ့သူလည်း ဖြစ်တယ်.
အို… ငါ့ရဲ့ အောင်မြင်မှုတွေအတွက် ငါဂုဏ်ယူတယ်.
ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်းအတွက်သာမက ငါ့ရဲ့ တိုင်းပြည်အတွက်ပါ ငါတတ်တဲ့ ပညာအစွမ်းနဲ့ အကျိုးများစေခဲ့တယ်…
တစ်နေ့ကျရင် ငါ့ဘ၀ရဲ့ လွတ်မြောက်ရာကို တစ်ယောက်တည်း ရှာဖွေမယ်လို့ ငယ်ငယ်လေးကတည်းက စဉ်းစားစိတ်ကူးနေခဲ့ဖူးတယ်.
ဒါပေမယ့် ငါသေဆုံးခဲ့တဲ့ အချိန်ထိ အဲဒီ့ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး..
ဘ၀ရဲ့အမောတွေထဲမှာ ငါလွင့်မျောနေခဲ့ရင်း၊ ငါ့အတ္တကို ငါလိုက်ဖမ်းနေခဲ့ရင်း ငါ့ဘ၀တစ်ခုကို အချည်းနှီးဖြုန်းတီးခဲ့မိတယ်.
တကယ်တော့ ငါယူဆောင်ပေးခဲ့တဲ့ အနှီအရာတွေဟာ တကယ်ပဲ လောကကြီးကို အကျိုးပြုခဲ့လေသလား…
ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ၊ အတောမသတ်နိုင်တဲ့ လောဘတွေ၊ အတ္တတွေကိုပဲ မီးထိုးလောင်မြိုက်ပေးခဲ့သလို ဖြစ်ခဲ့လေသလား…
ငါ့ကိုယ်ငါ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ ငါတစ်ချက် ရှိုက်လိုက်မိတာ ခံစားမိလိုက်တယ်.
အို.
ငါငိုနေပါရော့လား…
ခေါင်းလောင်းသံချိုချို တစ်ချက်လွင့်မျောလာခဲ့တယ်.
ဟိုတောင်စွယ်မှာလည်း နေကွယ်တော့မယ်လေ…
အို မီးအိမ်ရှင်…
အသင်၏ လာခြင်းသည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ…
ငါ့အုတ်ဂူဖြူလေးကို နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်မိတယ်…
နေရစ်ခဲ့တော့ ရန်အောင်ဆိုတဲ့ ဘ၀တစ်ခုရေ...
5 comments:
အရေးအသားကတော့
ကိုရန်ရေ
မိုက်တယ်
အတွေးတွေလဲကြိုက်တယ်ဗျာ
တကယ်ပါ
သုဿန်ထဲဝင်လာတဲ့မီးအိမ်ရှင်အတွက်တော့စိတ်မကောင်းစရာ…..
ဠင်းတတွေ၊ တစေတွေ၊သုဘရာဇာတွေကိုဘဲအလင်းပေးရတော့မယ်။
သံဝေဂရအောင် ရေးထားပါလား။ အဲလိုတွေးမိရင် လူ့ဘဝကြီးကို စိတ်ကုန်မိတယ်။
ကိုရန်
သိုးလေးတောင် သေဆုံးချိန်ရောက်ရင် ဆိုတဲ့ စာလေး ရေးထားသေးတယ်။ အဲဒါကို သူငယ်ချင်းက ဖတ်ပြီး နင့်ဟာကြီးက ကြက်သီးထစရာကြီး၊ ဘလော့မှာ မတင်ပါနဲိ့လု့ ပြောလို့ မတင်ဖြစ်ဘူး။ ကိုရန်ပဲ ကောင်းတယ်၊ ရေးတယ်။ ရေးထားတာ အရမ်းသဘျောကတယ်။ ဒါနဲ့ လက်တွဲဖော်တွေ သား မြေး မြစ်တွေနဲ့ ဟိဟိ မှန်းချက်နဲ့ နှမ်းထွက်ရော ကိုက်ရဲ့လား။ ချတာနော်၊ ချိတ်ချိုးနဲ့။ အားပေးနေပါတယ်။
ဒီလိုနေ၀င်တာ တစ်နေ့တော့ လူတိုင်းကြုံကြရမှာပါ...။
လောကကြီးက ကိုယ်မရှိလည်း ဒီလိုပဲဆို တာ သိပ်မှန်တာပေါ့ ကိုရန်အောင်...။
Post a Comment