ဒီဇင်ဘာဆောင်းညပုံရိပ်များ…
ဒီလိုပြောလိုက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ အတွေးစဉ်တွေက မန္တလေးမြို့လေးဆီကို ရောက်သွားခဲ့ပါတယ်.
လွမ်းနေဆဲပဲ ရွှေမန္တလေးရေ….
….
မန္တလေးမြို့ကို နေပူတယ်၊ ခြင်ကိုက်တယ်၊ ဖုန်ထူတယ် စသည်ဖြင့် အောက်ပြည်က လူတွေက အပြစ်တင်စကား ပြောတတ်ကြပေမယ့် မန္တလေးမြို့မှာ နေခဲ့ဖူးသူတိုင်း ရင်ထဲမှာ မေ့မရနိုင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်ခဲ့ဖူးကြမှာပါ…
သူများတွေ အကြောင်းမပြောတော့ဘူးဗျာ. ကျွန်တော့်ရဲ့ မန်းည ပုံရိပ်လေးများ အကြောင်းကိုပဲ အမှတ်တရအနေနဲ့ ပြန်ပြောပြတော့မယ်နော်..
….
၁၀ တန်းအောင်ပြီးတော့ ကျွန်တော် မန္တလေးကို ပြောင်းလာခဲ့ပါတယ်. တက္ကသိုလ်တွေကလည်း ခဏပဲဖွင့်ပြီး ပြန်ပိတ်ထားတော့ ကျွန်တော်လည်း အလုပ်သစ်တစ်ခုကို မမျှော်လင့်ဘဲ စတင်မိခဲ့ပါတယ်.
အလယ်တန်းနဲ့ အထက်တန်းကျောင်းသားလေးတွေကို စာသင်တာပါပဲ.
ဟုတ်တယ်. ကျွန်တော် စာသင်ခဲ့ဖူးတယ်. စသင်တုန်းကတော့ သူငယ်ချင်းတစ်ယောက် သူ့ရဲ့ တူလေး ၂ ယောက်ကို သင်ပေးဖို့ အပ်ရင်း အသိုင်းအ၀ိုင်းက နည်းနည်းချင်း ကျယ်ပြန့်သွားခဲ့တာပေါ့. နောက် နှစ်နှစ်လောက်နေတော့ ကျွန်တော့်မှာ ကျောင်းသားတွေ တော်တော်များများ ရလာခဲ့တယ်. နေ့ခင်းဆို စာတွေလိုက်သင်၊ အိမ်မှာလည်း ခေါ်သင်၊ နားရက်မှာ ကျုံးဘေးနားက အမျိုးသားစာကြည့်တိုက်မှာ စာအုပ်တွေဝင်မွှေ၊ ညဖက်ဆို ၁၀ တန်းကျောင်းသားလေးတွေ စာလိုက်သင်နဲ့ ကျွန်တော့်ရဲ့ နေ့ရက်ပေါင်းများစွာကို ကျော်လွန်စေခဲ့ပါတယ်.
မန္တလေးမှာ နွေနဲ့မိုးရာသီတွေဆို သိပ်ပြီး ထူးထူးခြားခြား မပြောပလောက်ပေမယ့် ဆောင်းရာသီရောက်ရင်တော့ တကယ်ကို ပျော်စရာကောင်းပါတယ်…
တစ်မျိုးကြီးဖြစ်သွားလား… ခေါင်းတွေ ကုတ်မနေနဲ့ဦး… သူများတွေပျော်မပျော်တော့ မသိဘူး ကျွန်တော်ပျော်တာကိုပဲ ပြောတာပါ.
ဒီဇင်ဘာဆိုရင် မန္တလေးမှာ တော်တော်လေး အေးနေပါပြီ. ကျွန်တော်က ညနေကတည်းက စာတွေလိုက်သင်လိုက်တာ ညဖက် ၁၀ နာရီလောက်ဆိုရင် ပြီးပါပြီ. အဲဒီ့မှာ ကျွန်တော့်ကျောင်းသားလေးတွေနဲ့ ကျုံးဘေး တစ်ပတ်လောက် ဆိုင်ကယ်ပတ်စီးလိုက်ကြပါသေးတယ်. ဆိုင်ကယ်နောက်မှာ ကုပ်ကို ပုနေအောင်ထားပြီး လက်နှစ်ဖက်ကို အနွေးထည်ဘေးအိတ်ထဲကို ထိုးထည့်လို့ ဆိုင်ကယ်ကို ပုံမှန်လေး လှိမ့်ပြီး စီးသွားရတာ အရသာတစ်မျိုးပါပဲ…
ကျုံးဘေးနားက ဖြတ်တိုက်လာတဲ့ လေညှင်းလေးကို ခံစားလို့၊ ပါးစပ်ထဲမှာ ရောက်တတ်ရာရာ သီချင်းအပိုင်းအစလေးတွေကို ဆိုညည်းလို့၊ မျက်နှာချင်းဆိုင်က ရွှေမန်းသူချောချောလေးတွေ ဆိုင်ကယ်စီးလာတာ မြင်ရင် အကြောင်းမဲ့ ကိုယ့်လီဗာကို တဗျင်းဗျင်းနဲ့ ဖိုသံပေးလို့… ဟတ်ဟတ်ဟတ်… (ဘာမှ မချန်ဘူးနော်. အကုန်ပြောပြမှာ…)
လွမ်းတယ်ဗျာ…
……
မှတ်မိသေးတယ်…
ဒီဇင်ဘာ ၃၁ ရက်ညကပေါ့..
စာမေးပွဲတွေနီးလာပြီဆိုတော့ ကျွန်တော့်ကျောင်းသားလေးတွေကို တစ်အိမ်မှာ စုပြီး သင်ပါတယ်.
အဲ… စာသင်တဲ့ ပုံစံနည်းနည်းလောက် ပြောပြထားမှ နောက်ပိုင်း ပြောရတာ နားလည်လိမ့်မယ်ဗျ.
ကျွန်တော့်မှာ ၁၀ တန်းကျောင်းသား ၅ ယောက်လောက်နဲ့ အလယ်တန်းကျောင်းသားလေးတွေ တစ်ချို့ရှိပါတယ်. ၅ တန်း ၆ တန်းကျောင်းသားလေးတွေကိုတော့ ညနေချိန်ယူထားပါတယ်. ၁၀ တန်းကျောင်းသားတွေကျတော့ ညဖက်မှပဲ သင်နိုင်ပါတယ်. သူတို့မှာလည်း ကျောင်းဆင်းရင် ကျူရှင်တွေ လိုက်တက်ရသေးတာကိုး…
၁၀ တန်းကျောင်းသားတစ်ယောက်ကို တစ်ပတ် ၄ ရက်နှုန်းနဲ့ တစ်ရက်ကို ၃ နာရီသင်ပါတယ်. ကျွန်တော်လည်း ကျောင်းသား ၅ ယောက်ကို လိပ်ပတ်လည်အောင် အချိန်ပြည့်ရအောင် သင်ပေးရပါတယ်. စနေ၊ တနင်္ဂနွေတွေမှာဆို တစ်နေကုန် run နေရတာပဲ. ကျွန်တော်တက်တဲ့ speaking class နဲ့ computer course တွေကလည်း ရှိသေးတယ်လေ. နေ့ခင်းဆို ကျောင်းသားတွေတစ်ယောက်မှ မရှိတော့ အမျိုးသားစာကြည့်တိုက်မှာ စာသွားဖတ်တယ်. အပြင်ဖြေတစ်ယောက်ကိုတော့ မနက်ပိုင်းသွားသင်ပေးရသေးတယ်. အဟဲ. ပြီးတော့ ကျွန်တော်က နန်းရှေ့က လင်းရောင်ခြည် စာကြည့်တိုက်မှာ volunteer လည်း ၀င်လုပ်လိုက်သေးတယ်ဗျ.
အဲဒီ့ကတည်းက ကျွန်တော်က အစုံသုပ်သုပ်ဖို့ ကြိုးစားနေခဲ့တာ. ခုတော့ ဘလော့ဂါလည်း ဖြစ်လာရော ဘလော့ဂ်တွေကို အလကားရတိုင်း ယူပြီး ပွစိတတ်အောင် ရေးနေတာလည်း ကျွန်တော့်ရဲ့ အဲဒီ့အကျင့်လေးကြောင့်ပဲပေါ့. (ဟတ်ဟတ်ဟတ်)
ထားပါတော့….
ဒီတော့ ဒီဇင်ဘာ၊ ဇန်န၀ါရီဆိုရင် ၁၀ တန်းစာမေးပွဲတွေက သိပ်နီးလာပြီ. Intensive training တွေ ပေးရတော့မယ်. ကျောင်းတွေမှာလည်း ကျောင်းသားတွေ သိပ်မတက်ကြတော့ဘူးလေ. အဲဒီ့မှာ ကျွန်တော်က ကျောင်းသားတွေကို ညှိပါတယ်. သူတို့တွေကို တစ်ပတ် ၄ ရက်၊ ၃ နာရီပဲ ပေးမယ်ဆိုရင် တစ်ပတ်မှာ ၁၂ နာရီပဲ ရမယ်. စာတွေက သိပ်များတော့ သိပ်အားမရဘူး. အဲလိုလုပ်မယ့်အစား ၃ ယောက်လောက်ကို ၀ိုင်းလိုက်ပြီး ကျယ်တဲ့ အိမ် တစ်အိမ်အိမ်မှာ စုသင်မယ်. စာသင်ချိန်ကို တိုးပေးမယ်. ရက်လည်း တိုးပေးမယ်. အဲလိုပြောပြီး ညှိပါတယ်.
ကျွန်တော့်မှာ ပုံမှန်က ကျောင်းသား ၃ ယောက်ထက် အမြဲပိုပါတယ်. (နာမည်ကြီးကိုး… ဟတ်ဟတ်)
ဒီတော့ ၁၀ တန်းကျောင်းသားတွေချည်းကိုပဲ နှစ်ဝိုင်းဖြစ်သွားပါတယ်. ပထမ၀ိုင်းကို ညနေခင်း အစောပိုင်းလောက်သင်ပြီး နောက်တစ်ဝိုင်းကိုတော့ ညဖက် ၉ ခွဲလောက်ကနေ စသင်ပါတယ်. ကျွန်တော်လည်း သူတို့အိမ်မှာ အတူတူ လိုက်အိပ်ပါတယ်.
ကဲ. ကဲ. ဒီလောက်ဆို ဇာတ်ရည်လည်ပြီနော်. ကျွန်တော့်ရဲ့ ဒီဇင်ဘာ ၃၁ ရက်ညလေးအကြောင်းကို ပြန်ဆက်မှ ဖြစ်တော့မယ်. တော်ကြာ ဆောင်းရာသီနဲ့ စာသင်တာနဲ့ ရောကုန်ပြီး ကျောင်းသားတွေ လာအပ်နေမှ ဒုက္ခ… (မြန်မာပြည် ဗီဇာရရင်တော့ လာသင်မယ်ဗျ.)
ကျောင်းသားလေးတွေကလည်း တရုတ်လေးတွေ များပါတယ်. အမေဒေါ်အမာပြောသလိုပဲပေါ့.
အရင်တုန်းကဆိုရင် ဒါဟာ ကျွန်မတို့ရဲ့ ရွှေမန္တလေးမြို့တော်ကြီးဖြစ်ပါတယ်ပေါ့. အခုတော့ ၀တို့ ရွှီမန်းဒလေး လို့ ပြောရမလိုဖြစ်နေပြီတဲ့..
ဟုတ်ပါတယ်. မန္တလေးမှာ လက်ငါးချောင်းထိုး မလွဲစေရဘူး တရုတ်တစ်ယောက်ယောက်ကိုတော့ ထိုးမိပါတယ်. (လက်နဲ့ပါ)
ဈေးချိုလား. အရှေ့ပြင်လား. မြောက်ပြင်လား. တောင်ပြင်လား… ဘာပြင်ပဲ ဖြစ်ဖြစ် တီလုတ်ပြင်တွေ အများကီး ရှိတတ်ပါတယ်. အဲဒီ့မှာ ကျွန်တော်လည်း တရုတ်စကားလေး နည်းနည်းပါးပါး တတ်လာခဲ့တာပေါ့ဗျာ. တစ်ခါတုန်းကဆိုရင် တတ်သလောက် မှတ်သလောက် တရုတ်စကားလေးနဲ့ ဆိုင်ကယ်စီးလာတဲ့ တရုတ်မလေး တစ်ယောက်ကိုပေါ့ဗျာ.. လိုက်ပြီးတော့ပေါ့… ကျွန်တော်ကလည်း ဟိုပြောဒီပြော. သူကလည်း ပြန်အကြည့်မှာပေါ့…
အဟမ်း.. အဟမ်း.. ဩော်. ဆောရီး… ကျွန်တော်စိတ်စောသွားတယ်. ဒီဇာတ်လမ်းတွေက တစ်ထောင့်တစ်ည ချစ်သူများ ခေါင်းစဉ်အောက်မှာ ရှိရမှာဗျ. ဘွာတေးနော်. ဘွာ. ဘွာ..
ဟာဗျာ. ပြောလို့ပြောတာမဟုတ်ဘူး. မန္တလေးအကြောင်းပြောရင် ကျွန်တော့်မှာ ပို့စ်တွေ အများကြီး ထွက်လာနိုင်တယ်. တော်ပြီ. နောက်နေ့မှပဲ ဆက်ပြောတော့မယ်.
ခုအိပ်ချင်ပြီ.
ဘိုင်ဘိုင်…
….
အဲလိုပြောပြီးအိပ်လိုက်လို့ကတော့ သေချာတယ်. နောက်တစ်နေ့ ကျွန်တော့်ဘလော့ဂ်မှာ ကွန်ပလိန်းတွေ ပွစိတက်နေတော့မှာပဲဗျ. အဟတ်ဟတ်ဟတ်…
ကဲ. ဆက်မယ်နော်.
ညဖက်ဆို စာသင်တယ်. ၁၂ နာရီလောက်ကျရင် မောင်မင်းကြီးသားလေးတွေက နည်းနည်း ဆန္ဒပြလာကြပါတယ်. ဗိုက်ဆာသလေး၊ ခေါင်းနောက်သလေး ဘာသလေး ညာသလေးနဲ့ Break! Break! ဆိုပြီး ကျွန်တော့်ကို လူလည်ကျပါလေရော. ကျွန်တော်နဲ့ ကျွန်တော့်တပည့်လေးတွေကလည်း သိပ်ပြီးတော့ မတိမ်းမယိမ်းပါ. အလွန်ဆုံးကွာလှ ၂ နှစ်ပေါ့. ကျွန်တော်က အရင်အောင်ထားတာပဲ ရှိတာ. အတွေ့အကြုံပိုင်းတွေကျတော့ သူတို့ကတောင် ကျွန်တော့်ကို ပြန်သင်သွားသေးတယ်ဗျ. သိလား. ဒီလိုနဲ့ပေါ့ဗျာ.
၁၂ ခွဲလောက်ကျရင် ကျွန်တော်တို့ အုပ်စု ၇၈ လမ်းမကြီးပေါ်မှာ တဗြဲဗြဲဗျင်းလို့ တဗျင်းဗျင်းဗြဲနေကြပါပြီ… (ဆိုင်ကယ်နော်. ဆိုင်ကယ်.)
ညတိုင်းတော့ မထွက်ဖြစ်ကြပါဘူး. အင်္ဂလိပ်စာသင်တဲ့ည ဆိုရင်တော့ ထွက်ဖြစ်ကြတယ်. အဲလောက်တောင် အလားအလာကောင်းတာနော်.
Grammar လေးကို စာမေးပွဲလေး မစစ်လိုက်နဲ့. အဲဒီ့ည ကျွန်တော်တို့ ကျုံးဘေးမှာ သွားကဲတော့တာပဲ. ခေါင်းဆေးတာတဲ့လေ. ကျွန်တော်လည်း အမှန်ပြောရရင် ကိုယ့်တပည့်တွေကို ကိုယ်မနိုင်ပါဘူး. အလိုလိုက်ရင်း ချော့မော့သင်ခဲ့ရတာပါပဲ. ခေါင်းထဲကို ရသလောက်လေး ဖြည်းဖြည်းချင်း သွင်းပေးနေရင်း သူတို့ကို အလိုလိုက်ရင်း၊ ကျွန်တော်လည်း သူတို့ဆီက တတ်သင့်တတ်အပ်တာလေးတွေကို သင်ယူရင်းပေါ့.
(ဩော်… ဆိုင်ကယ်စီးတာတို့၊ လမ်းကြောသိအောင် လုပ်တာတို့ပါ. ဒါပါပဲ.. နော်.. နော်. ဂယ်ပြောတာ.. )
….
ပုံမှန်တောင် အဲလောက်ကဲနေကြတော့ ဒီဇင်ဘာ ၃၁ ရက်ည ဆိုတော့လား…
ဟင်းဟင်း.. ဘာပြောကောင်းမလဲဗျာ.
၁၁ လောက်ကတည်းက ထွက်ကြတာ. ကျွန်တော်လည်း အဲဒီ့ညကို အပြတ်ကဲမယ်ပေါ့ဗျာ. အ၀တ်အစား လန်လန်လေးတွေ ၀တ်လို့ပေါ့. ဒီညတော့ ကိုယ့်ညပဲပေါ့ဗျာ…
ဂလိုတွေးပြီး သကာလ ကျွန်တော်တို့တွေ ဆိုင်ကယ်ဦးထုပ်တွေကို ဂိုဒေါင်ထဲထားခဲ့ပြီး မန္တလေးတောင်ဖက်ကို ရွေ့ခဲ့ကြပါတော့တယ်.
ဒီနေ့ မန္တလေးသူ မန္တလေးသားတွေ ဘယ်လောက်ထိများ တောင်ပေါ်ကို ဘယ်နှစ်ခေါက်ရောက်တယ်တော့ မသိဘူး. ကျွန်တော်တော့ ခဏခဏ ရောက်ဖြစ်ပါတယ်.
MIT က အပြန် ကျွန်တော့် သူငယ်ချင်း ဖိုးချိုတို့၊ စည်သူတို့၊ ၀ဏ္ဏတို့နဲ့လည်း တောင်ပေါ် တက်ဖြစ်သလို ကျွန်တော့်ကျောင်းသားလေးတွေနဲ့လည်း သွားဖြစ်ပါတယ်. ဘယ်နှစ်ခေါက်တက်တက် မရိုးနိုင်ခဲ့ပါဘူးဗျာ.
၃၁ ရက်ညမှာ လူငယ်တွေတော်တော်များများ လမ်းပေါ်မှာ ရှိနေခဲ့ကြသလို ထင်နေမိခဲ့တယ်. တောင်ပေါ်မှာလည်း လူစည်တယ်ဗျ. ကျွန်တော်တို့က တောင်ပေါ်တက်ရင်တောင် ရိုးရိုးမတက်ဘူး. ဟဲဟဲ. ပြောပြရမှာလား…
တောင်ပေါ်တက်တဲ့ လမ်းအကွေ့နားလေးမှာ အတွဲတွေထိုင်နေတာတွေ့ရင် ဟေးဝါးဆိုပြီး ခြောက်လိုက်သေးတာ. ကားလေးတစ်စီးနှစ်စီးလောက် မှောင်ရိပ်ခိုနေရင် ဆိုင်ကယ်မီးကို တည့်တည့်ထိုးလိုက်သေးတာ. ဒီလောက်ပါပဲ. ကျွန်တော်တို့တွေ ဒီထက်မပိုပါဘူး..
ဟုတ်.. ဒီလောက်ပါပဲဗျာ… ဟဲဟဲ..
၁၂ နာရီထိုးခါနီးလေ စိတ်လှုပ်ရှားစရာကောင်းလေပါပဲ. တောင်ပေါ်ကနေ မီးရောင်စုံထွန်းလင်း တောက်ပ အလှဖြာနေတဲ့ ရွှေမန္တလေးကို ရှုစားရတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရသာတစ်မျိုးပါပဲဗျာ.
ကျုံးကြီးက မီးရောင်အောက်မှာ အရောင်တလဲ့လဲ့ တောက်ပနေလို့၊ နန်းတော်ကြီးကလည်း ကျက်သရေအပေါင်းနဲ့ ပြည့်စုံလို့၊ တောင်ခြေနားက Novotel ဟိုတယ်ကြီးကလည်း တင့်တယ်လို့၊ ဟိုးခပ်လှမ်းလှမ်းက Sedona Hotel ကြီးကလည်း ထည်ဝါလို့၊ ဆည်းလည်းသံလေးတွေက ချိုလွင်စွာ စီးမျောနေလို့၊ လေနုအေးလေးက တိုက်ခတ်နေလို့…
အရှေ့ဖက်ကို လှမ်းကြည့်လိုက်ရင် ပြင်ဦးလွင်မြို့ကို သွားတဲ့ လမ်းဖက်က မီးရောင်လဲ့လဲ့လေးတွေကို တွေ့ရပါတယ်. အဲဒါ ၂၁ မိုင် အနီးစခန်းတဲ့လေ.
အနောက်ဖက်ကိုကြည့်ဦးမလား… စစ်ကိုင်းတောင်တန်းကြီးနဲ့ မင်းကွန်းတောင်ရိုးပေါ်မှာ မီးရောင်လဲ့လဲ့လေးတွေ ပြိုးပြိုးပျက်ပျက်တောက်ပနေလိုက်တာ ကဗျာမြစ်ပေါင်းများစွာ ပြိုဆင်းသွားနိုင်လောက်တယ်.
အိုဗျာ.
လွမ်းလိုက်တာ…
….
အဲဒီ့တုန်းက မှတ်မှတ်ရရ ကျွန်တော်တို့တွေ တောင်ပေါ်ကအဆင်း ပြည်ကြီးမွန်ဖောင်တော်နားအရောက်မှာ ၁၂ နာရီထိုးသွားခဲ့ပါတယ်.
အားလုံး တစ်ပြိုင်တည်း အော်လိုက်ကြတာ.
…..
(ဆက်ရေးပါဦးမည်….)
ခင်မင်လေးစားလျက်
ရန်အောင်
4 comments:
Ko Yan Aung ..one of the fri u means Pho Cho is Thein Min Htun ?
ဟား.....မန်းလေးကိုတအားလွမ်းသွားပြီး.....
လေးမလည်း...ရေးဦးမယ်.....
လွမ်းရိပ်ဝေသော မန္တလေးညများမှာ...ဆိုပြီးတော့
ဖတ်လို့ကောင်းတယ်၊ ဆက်ရေးပါ၊ တစ်ထောင့် တည ချစ်သူများကလဲ တစ်ထောင့် တည ဖြစ်သွား ပြီလား မသိဘူး၊ မျှော်နေပါတယ်
Post a Comment